တောင်းပန်စကား မကြားဖူးသူများ

ရှေးသရောအခါ…ဘဝတွေ အညွန့်ခူးကာ ရွှင်မြူးစားသုံး၊ ထင်ရာစိုင်းမင်းမူ ဘုန်းကံမြင့်သူတွေရဲ့ စေတနာက ဝါးရင်းတုတ်၊ကျည်ဆန်တဲ့ရယ်။

မတရားထောင်သွင်း၊ ညှင်းဆဲသတ်ဖြတ်၊ဥပဒေမဲ့အားလုံးကို ရင်စည်းခံတဲ့ စစ်ခုံရုံးမဲ့သူတွေဟာ အမှောင်မှာ ခေါင်းငုံ့လျှောက်ဆဲ… သက်ဦးဆံပိုင်တွေဟာ ဒီမြေကဆင်းရဲမှန်သမျှဟာ လူဖြစ်ရတဲ့ဒုက္ခဆိုကာ အနိုင်ပိုင်းလို့ နတ်ရွာစံကြမှာ။

ပုံပြင်လေးအဆုံးမှာတော့… ကိုယ်ချင်းစာစကား တရံဆစ်မျှကြားခွင့်မရ လူဖြစ်ရှုံးတဲ့ သတ္တဝါတွေဟာ စိတ်မရှိပါနဲ့။သည်းခံပေးပါ။ ဝမ်းနည်းပါတယ်…ဆိုတဲ့ တဆိတ်စာ စာနာမှုလေး ၊ တစ်ဖြုတ်မျှ အသိအမှတ်ပြုရုံလေး၊ တစ်ရွေးသားဝန်ခံမှုလေးကို မွတ်သိပ်ရင်း၊တောက်လောင်ရင်း၊ တောင့်တရင်း လမ်းပေါ်မှာ ဘဝတွေပြုန်းခဲ့ကြသတဲ့ကွယ်။…။ 

မယ်ကိုး

(ပုံပြင်အကြွင်း။ ဇာတ်ပေါင်းသော် … အနင်းခံဘဝပေမယ့် မြင့်မြတ်လှတဲ့ သာကီဝင်မျိုးတွေမို့ ခွင့်လွှတ်နိုင်တယ်ဆိုကာ လက်ခမောင်းခတ်ကြပြန်တာ။)

ဝ နေသူ အပြစ်

ဘဝနှင့်ချီကာ ပြောရလျှင် အရက်စက်ဆုံး ၊ ကြေကွဲဝမ်းနည်းဖွယ်အကောင်းဆုံး၊ ကိုယ်ချင်းစာတရားအနည်းပါးဆုံး စကားမှာ ‘ဝနေတယ်နော်’ ဟူ ၍  ဖြစ်လေသတည်း။

ပြဿနာအစကတော့ ရုံးက နိုင်ငံခြားသူဖြစ်လေတာ။ နင်တို့ မြန်မာတွေက ပိန်တယ်နော်တဲ့။ အင်း ဒါပေမယ့် ငါက ဝ တယ်လေ လို့ ဆိုတော့ သူမက အစမှာ မဝပါဘူးလို့ အားနာပါးနာ ငြင်းပေးသေးတာ။ နောက်တော့ ကိုယ်အလေးချိန်ပြောလိုက်တဲ့အခါ သူမက မျက်လုံးပြူးပြီး မထင်ရဘူးနော်တဲ့။ ထိုအသံအဆုံးမှာ အသည်းက လှပ်ကနဲကွဲအက်သွားပြီ။ မျက်နှာက မှုန်သွားပြီ။ နှုတ်ခမ်းက စူလာပြီ။ ထိုမျှနာကျင်စကားဆိုသူကို ငြှိုးသူရန်ဘက်လို ကြည့်မိလေပြီ။

အား … မုန်းလိုက်တာ။ ဘယ်လိုကံဆိုးနဲ့ ဒီလောက် ဝတုတ်နေရတာလဲ။ ဒါပေမယ့် ပြောသူကိုတော့ အမျက်မာန်မရှရဲ။ ညိုမည်းသွားသောမျက်နှာကို တစ်ဖက်လွှဲကာ အင်းလို့ ဆိုရတာ။ သူမက ပိန်သွယ်လှသူမို့ သူမရဲ့ကိုယ့်အလေးချိန်ကို ပြန်မေးတော့ ‘naughty girl’ တဲ့။ အမျိုးသမီးရဲ့ အလေးချိန်ကို မမေးရဘူးလေတဲ့။ မှားမိပါတယ်။ ဝ နေတာကိုက အမှားဆုံး။

‘ပြေးပါလား’လို့ အကြံပေးသူကိုလည်း သိပ်မကြည်လင်ချင်။ အိမ်နဲ့ရုံးလမ်းလျှေက်သွားရတာပင် ပင်ပန်းတယ်လို့ ထင်တတ်သူ။ နောက်တော့ သူမက အကသင်တန်းတက်ပါလားလို့ လာဆွယ်တာ။ ငါ မအားဘူးလို့ ငြင်းလိုက်ပြီးမှ စိတ်ရောလူရောမနားရတော့။ ‘ဝနေပြီ’ ‘ဝနေပြီ’ ဆိုတဲ့ စိတ်ထဲက အသံကို I’m fat, so what? လို့လည်း တစ်ယောက်တည်းရန်ထောင်ကာ။ ဒါပေမယ့် ဝခြင်းကြောင့် ကြောင်တောင်တောင်မဖြစ်သေးခင် ထွက်ပေါက်တစ်ခုရခဲ့တာ။

Digital ပေါင်ချိန်စက်တဲ့။ လက်ဆောင်ပေးတဲ့ သူငယ်ချင်းကတော့ ငါ့ဒုက္ခငါရှာမိလေခြင်းဟု ရင်ထုမနာဖြစ်နိုင်တာ။ မနက်ဆိုပေါင်ချိန်လိုက် သူငယ်ချင်းဆီ ဖုန်းဆက်ပြီး ရစ်လိုက်နဲ့ စိတ်ဆင်းရဲမှုကို မျှဝေတော့တာ။ အဲဒီပေါင်ချိန်စက်ကြောင့် နှလုံးရောဂါရတော့မယ် ဆိုပြီးတော့လည်း လက်ဆောင်ပေးမိတာကို နောင်တရအောင် စေတနာကင်းမဲ့သွားလောက်အောင် ဂျီကျတတ်တာ။

ဟုတ်ပါတယ်။ ဝ တဲ့သူ အပြစ်ချည်းပါပဲ။ ဒါပေမယ့် မုန်းလိုလည်း မုန်းစေတော့။ ဝတယ်လို့ ပြောခြင်းသည်းခံပါ လို့ပဲ ဆိုရတော့မှာ။ကျေးဇူးပြုပြီး မပြောနဲ့တော့နော်။ ဝ တယ်လို့။ လူမျိုးရေး ခွဲခြားခံရ၊ အသားအရောင် ခွဲခြားခံရ၊ လိင်အမျိုးအစား ခွဲခြားခံရ၊  ပြီးတော့ အဆီအသားထုထည်အချိုးအစား ခွဲခြားခံရ။ ဘဝတဲ့။ အရှည်ပြောရရင် ဇာတ်နာစရာတွေ မဆုံးတမ်းဖြစ်တော့မှာ။

ဝသောသူကို ကြင်နာပါ ဘာညာတွေလည်း လေပြေမထိုးချင်။ ရက်စက်စကားဆိုသူတွေကို ဒီကမ္ဘာမှာ ငါပျောက်ကွယ်သွားရင် အားလုံး တရားခံဖြစ်သွားလိမ့်မယ်နော်လို့ မျက်နှာတည်နှင့် ခြိမ်းခြောက်ချင်ပါသော်လည်း ရယ်ကျဲကျဲနဲ့ ပြုံးကြည့်ကြဦးမှာ ထင်ရဲ့။
ဝ မိတဲ့အဖြစ် ရင်နာစရာကောင်းလွန်းလှချည့်။ ။

မယ်ကိုး

အောင်မြေနင်းချိန်

'လူတစ်ယောက်က ရိုင်းစိုင်းထောင်လွှားနေတာ၊ နိမ့်သူကို စော်ကားနေတာ အဲ့ဒီလူရဲ့ ကိစ္စ။ သူ့ကို ရှောင်လိုက်ရင် ကိစ္စက ပြတ်သွားပြီ။ သူ့ကို တော်ရုံသဖြင့်ပဲ ကြည့်မရဖြစ်တာပါ။ ဒါပေမယ့် သူ့ကို လူရာသွင်းတဲ့လူတွေကို ညီမ မုန်းတယ်’ တဲ့။ ညီမလေးတစ်ယောက်က ဆိုလာတယ်။ ကုမ္ပဏီက မိတ်ဆွေတစ်ယောက်ရဲ့ အလုပ်ထွက်နှုတ်ဆက်ပွဲမှာ သူမနဲ့ ကျွန်တော်မျက်နှာချင်းဆိုင် ထိုင်မိတာကအစ နက္ခတ်သင့်တာပဲ။

သူမပြောတဲ့ အဲဒီလူဆိုတာ ရုံးမှာ အထက်လူကို ဖားလိုက်၊ အောက်လူကို ဆဲလိုက်၊ အဆင့်တူကို ချော့လိုက် လုပ်နေတဲ့သူပါ။ အခုလည်း စားပွဲရှည်ထိပ်မှာ ထိုင်ပြီး သူဘယ်လောက်တော်ကြောင်း၊ ရုံးအတွက် ဘယ်လိုကြိုးစားကြောင်း အာပေါင်းအာရင်းသန်သန် တရားဟောနေပါတယ်။ ခက်တာက ကျွန်တော်က ဘယ်သူ့ကိုမှ မမုန်းလိုတဲ့ မေတ္တာထားချင်သူပါ။  ‘ဘုရားဟောထားတယ်လေ ညီမလေးရ။ အကုသိုလ်လုပ်တဲ့သူကို မမုန်းရဘူး။ အကုသိုလ်ကိုပဲ မုန်းရမယ် ဆိုတာလေ။ လူဖြစ်လာမှာတော့ အားလုံးနဲ့ အဆင်ပြေအောင် နေရတော့မှာပေါ့’ လို့ ဆိုလိုက်ပေမယ့် သူမရဲ့ မျက်လုံးတောက်တောက်တွေက ကြောက်စရာကောင်းအောင် လက်နေတယ်။ ‘သူ့ကို အစ်ကိုက အစ လူတွေ မပတ်သက်ဘဲ မနေနိုင်ကြတာကိုလဲ ညီမ အံ့သြလို့ မဆုံးဘူး။’ လို့ ဆိုပြန်တယ်။

 လူလုပ်ရတာ ခက်ပါတယ်ဗျာ။ စိတ်ပုတီးမကိုင်ပေမယ့် ငြိမ်းငြိမ်းအေးအေးနေချင်တာကိုပဲ လာရောက်တိုက်ခိုက်သူတွေက ရှိသေးတယ်။ အခုလည်း ဘယ်မှာရှိနေမှန်းမသိတဲ့ ပြဿဒါးဟာ ရုတ်တရက်ဝင်တိုက်လိုက်သလိုပဲ။ ဒါပေမယ့် ကျွန်တော် နောက်ပြန်လဲမသွားပါဘူး။ 'အဲဒီလို ဝိုင်းကြဉ်လိုက်ရင် ပိုဆိုးသွားမှာပေါ့ ညီမလေးရ' လို့ ပြေရာပြေကြောင်းပြောတော့မှ သူမက လဲ့လဲ့လေးပြုံးတယ်။ လှောင်သလို ရီချင်သလိုလို။ ဒါပေမယ့် သူမ ဘယ်လိုပြုံးပြုံး ကျွန်တော်ရင်ခုန်တယ်။ တကယ်ပြူစားနိုင်တဲ့ ကောင်မလေးပါ။ အဲဒါကြောင့်လည်း သူမ ဂျီကျသမျှ ကျွန်တော်သည်းခံနေတာ။ ချစ်သူက သက်သက်၊ ညီမလေးက သက်သက်လေဗျာ မဟုတ်ဘူးလား။ယောက်ျားတစ်ယောက်ရဲ့ နှလုံးသားထဲမှာ အကန့်တွေ အရမ်းများပါလား ဆိုလာရင်တော့ ပုခုံးတွန့်နေရမှာပေါ့။

 ဒီလိုရင်ထဲငြိမ့်ငြိမ့်လှုပ်ခတ်နေတုန်းမှာပဲ သူမက နှုတ်ခမ်းလေး စုထော်လို့ ချစ်စဖွယ်ဆိုပြန်တယ်။ ‘အစ်ကို့ကို ညီမက လေးစားတယ်လေ။ အဲလိုလူကို အစ်ကိုက တလေးတစားပေါင်းသင်းနေတာတွေ့တော့ စိတ်ထဲခိုးလိုးခိုးလုဖြစ်နေလို့ပါ’ တဲ့။ ‘ညီမလေးကလည်း အဲဒါက ပေါင်းသင်းဆက်ဆံရေးပညာလေ။ လူမိုက်ကိုလည်း တည့်အောင်ပေါင်း၊ လူကောင်းကိုလည်း တည့်အောင်ပေါင်းနိုင်မှ လိမ္မာပါးနပ်တာ မဟုတ်လား’ လို့ ပြောလိုက်တယ်။ တစစ စိတ်ပျက်လာပြီ။ ဘာတွေ ပြောနေရမှန်းမသိဘူး။လေသင့်ရင် သင်းသင်းလေးမွှေးတဲ့ သူမရဲ့ ခေါင်းလျှော်ရည်နံ့ကသာ မမြူဆွယ်နေဘူးဆိုရင် ကျွန်တော်စကားစဖြတ်ပြီး ထထွက်သွားတာကြာပြီ။

တစ်ချို့လူတွေလည်း အိမ်က ကလေး နေမကောင်းလို့ ဘာညာဆိုကာ ပြန်ကုန်ကြပြီ ။ ဒါပေမယ့် သူမကတော့ မမူးဘဲနဲ့ ရစ်နေပါပြီ။ လူယုတ်မာနဲ့လည်း အဆင်ပြေအောင် နေတယ်ပေါ့ ဟုတ်လား အစ်ကို။ ညီမတော့ အစ်ကို့ဆီက အများကြီးသင်ရဦးမှာ တဲ့။ ကျွန်တော်လည်း ဒေါသထွက်စပြုလာပြီ။ ‘ညီမလေး ဘာဖြစ်နေတာလဲ၊ ဥပေက္ခာစိတ်ထားမှပေါ့။ လူ့ဘဝက တိုတိုလေး မဟုတ်လား’ လား ခပ်ဆတ်ဆတ်ပြောမိတယ်။ သူမ မပြုံးနိုင်တော့ဘူး။ စိတ်မရှိပါနဲ့ အစ်ကို။ ညီမက သူရိုင်းစိုင်းစော်ကားတာ ခံခဲ့ရသူဆိုတော့ လွယ်လွယ်နဲ့ မမေ့နိုင်သေးဘူးပေါ့ အစ်ကိုရယ် လို့ ခပ်တိုးတိုးခေါင်းငုံ့ပြောတယ်။ကျွန်တော့်ရင်ထဲတုန်လှုပ်သွားတာ သူမရဲ့ မျက်တောင်ကော့ကော့တွေကြောင့် မဟုတ်ဘူး။

ရှက်စိတ်ဟာ သွေးကြောအနှံ့စီးသွားတယ်။ ရှက်စိတ်ဟာ သွေးကြောအနှံ့စီးသွားတယ်။ အဲဒီတုန်းက ကျွန်တော့်မှာ မုန်းသူမရှိ ချစ်သူသာရှိတယ် ဆိုတဲ့ အဆိုကို အာဂုံရွတ်ပြီး သူမကို ဟိုလူ အနိုင်ကျင့်စော်ကားနေတာ မြင်လျှက် ခပ်တည်တည်ပဲ လက်ပိုက်ကြည့်နေခဲ့မိတယ်။သိပ်ပြင်းထန်တဲ့ တိုက်ခိုက်မှုမဟုတ်လို့လည်း လွယ်လွယ်ပဲ မျက်ကွယ်ပြုကျောခိုင်းထားလိုက်တယ်။ စော်ကားမှုကို မြင်လျှက်နဲ့ မသိကျွိုးကျွံလက်ပိုက်ကြည့်နေတာ မှန်ကန်တဲ့ကြားနေမှုလား ဘာလားလို့ ကိုယ့်ကိုယ်ကိုယ်စစ်ဆေးချိန်လည်း မရပါဘူး။ ခဏလေးနေရတဲ့ ဒီဘဝမှာ စိတ်ရှုပ်စရာတွေထဲ ဝင်မနှောင့်ချင်ဘူး။ ပြီးတော့ သူမက အဲဒီအချိန်တွေတုန်းက ဒီလောက်ချစ်စရာမကောင်းသေးဘူး။ အဲဒီလူက လည်ပင်းဖက်ပေါင်းတာကိုပဲ ဒီလိုလူက ငါ့ကိုတော့ favour ပေးသားပဲ ဆိုပြီး ဂုဏ်ယူနေခဲ့တာ။ဒါဆို အခုရော ဆိုရင်တော့ … အင်း။ ကျွန်တော်က တွေဝေတတ်တာ အကျင့်ပါနေပြီ။ 

ဒီလိုနှုတ်ဆိတ်နေမိတုန်းမှာပဲ သူမက ‘ပြန်တော့မယ် အစ်ကို’ လို့ ပြောပြီး ကျန်တဲ့သူတွေကို လိုက်နှုတ်ဆက်တယ်။ ရုတ်တရက်ချည်းဆိုတော့ သူမနဲ့ အတူတူပြန်လိုက်မယ်လို့ မရည်ရွယ်ဘဲပြောမိသွားပြီး သူမကလည်း အေးအေးဆေးဆေးပဲ ခေါင်းငြိမ့်တယ်။ ဒါပေမယ့် လမ်းမှာ စကားကို ဘယ်ကစရမှန်း မသိဘူး။ ခေါင်းရွက်ဗျက်ထိုးသည်တွေရဲ့ အော်သံများပဲ ကျွန်တော်တို့အနားကနေ ဖျတ်ပျံသွားကြတယ်။ သူမကပဲ စကားပြန်စပါတယ်။ ‘ညီမလေ အစ်ကိုပြောရင် ဘာပဲဖြစ်ဖြစ် လက်ခံပါတယ်။ စစ်ဖြစ်ပြီး အပြန်အလှန်သတ်နေကြတဲ့ နှစ်ဖက်စလုံးကို လက်နက်ရောင်းနေတဲ့သူက ကြားနေရေးဝါဒီပါ ။ အပြစ်ကင်းပါတယ်လို့ အစ်ကိုပြောရင်တောင် ညီမ မငြင်းချင်ပါဘူး။’ လို့ ခပ်တိုးတိုးပြောတယ်။

 ကျွန်တော် မီးရောင်တစ်ဝက်တစ်ပျက်မှာ သူမ မျက်နှာကို လှမ်းကြည့်မိပေမယ့် စဉ်းစားမရနိုင်ဘူး။ ‘ဘာဖြစ်နေတာလဲ ညီမလေး’ လို့ ပွင့်ပွင့်လင်းလင်းမေးလိုက်ပေမယ့်လည်း သူမက မပွင့်တပွင့်ပဲ ပြုံးပြန်တယ်။ ‘ညီမ စိတ်ဓာတ်ကျနေတယ်ထင်တယ် အစ်ကို။ လူတွေနဲ့ အဆင်ပြေအောင် နေလို့ မရတော့ဘူး ။ ညီမ ဒီညနေပဲ အလုပ်ထွက်စာ တင်လိုက်ပြီ…’ လို့ သူမပြောနေတုန်း စကားမဆုံးစဉ်မှာပဲ ဘတ်စ်ကားရောက်လာတော့ သွားတော့မယ်နော် အစ်ကိုလို့ နှုတ်ဆက်ပြီး ကသုတ်ကရုတ်နဲ့ ကားပေါ်တိုးတက်သွားတယ်။ အဲဒီတော့မှ သူမကို ပြောခွင့်မသာတဲ့ စကားတွေက ထိုးထိုးထောင်ထောင်နဲ့ ရင်ထဲက ကန့်လန့်ထွက်လာတော့တာ။ 

ရိုးတိုးရိပ်တိတ်စကားလုံးတွေနဲ့ ကျွန်တော့်ကို ဘယ်သူသေသ ငတေမာ ပြီးရောလိုလို သူမစွပ်စွဲချင်တာတော့ သိပ်လွန်လွန်းတယ်။ သူမ ငယ်ပါသေးတယ်။ လူ့ပတ်ဝန်းကျင်ဆိုတာ ကိုယ့်ကို သူအသုံးချ၊ သူ့ကိုကိုယ်အသုံးချပြီး ဒီလိုပဲ တစ်ယောက်လည်ပင်း တစ်ယောက်နင်းပြီး ရှင်သန်လည်ပတ်နေတာ မဟုတ်လားဗျာ။ သူမ လူလုပ်ဖို့ အချိန် အများကြီးလိုသေးတယ်။ တစ်နေ့တော့လည်း သူမလည်း နေတတ်သွားမှာပါ။ ဟုတ်တယ်။ လူဆိုတာ ဘယ်သူမဆို ကိုယ့်ကို ဦးကျိုးလာရင် ဘဝင်ခိုက်တာချည်းပဲ မဟုတ်လား။

အဆုံးစွန်ပြောရမယ်ဆို ပမွှားတွေကြောက်ရတဲ့ လူယုတ်မာတွေက ကိုယ့်ကို တလေးတစားပေါင်းသင်းနေတာ ပိုတောင်ဂုဏ်ယူရဦးမယ်။ ဒါကို သူမ မနာလိုနေတာလည်း ဖြစ်နိုင်တယ်။လို့ ကောက်ချက်ချလိုက်မှပဲ နေသာထိုင်သာရှိသွားတော့တယ်။ပြီးတော့ ဒါဟာ အောင်မြင်ရေးနည်းတစ်ခုလို့ တက်ကျမ်းတွေက ညွှန်းလေ့ရှိတဲ့ ပေါင်းသင်းဆက်ဆံရေးအနုပညာ မဟုတ်ဘူးလားဗျာ။


မယ်ကိုး

(ညီမလေး မကြေးမုံ  နဲ့ စကားတွေ ပြောဖြစ်ရာက ခေါင်းမငုံ့ချင်တော့ဘဲ စတင်ရေးဖြစ်သော စာလေးမို့ ညီမလေးကို ကျေးဇူးတင်ကြောင်းလေး အထူးရည်ညွှန်းပြောပါရစေ ။း)

ညှင်းပန်းခံရသော အပ်များ

ကျွန်မရေးခဲ့တဲ့ ဆောင်းပါး 'အမေ့သမီး၊အမေ့သားများသို့ မရည်ရွယ်သော…'စာကိုဖတ်ပြီး ချစ်ခင်လေးစားရသောမိတ်ဆွေ မမသန်းသန်းက Constance Briscoe ရဲ့ Ugly ဆိုတဲ့ စာအုပ်ကို ကျွန်မဆီ လက်ဆောင်ပို့ပေးခဲ့ပါတယ်။ မမသန်းသန်းပို့ပေးတဲ့ စာအုပ်က အကြောင်းကြောင်းကြောင့်၂၀၁၂ မတ်လကျော်မှ ကျွန်မလက်ထဲရောက်ခဲ့ပါတယ်။ ဖြစ်ရပ်မှန်လို့ ပြောထားတဲ့ ဒီစာအုပ်မှာ ငြင်းခုန်ဖွယ်အကြောင်းခြင်းရာတွေ ပြည့်နှက်နေပါတယ်။ 
စာရေးသူကလေးမလေးဘဝက အိပ်ရာထဲမှာ အပေါ့သွားလို့ ပြစ်ဒဏ်ပေးတာကစပြီး အမေနဲ့ (တရားမဝင်) ပထွေးရဲ့ လျစ်လျူရှုနှိပ်စက်နည်း မျိုးစုံကို ခံရတာကို ရေးထားတဲ့ ဖြစ်ရပ်မှန်စာအုပ်ဖြစ်ပါတယ်။ တခြားသားသမီးတွေအပေါ် ကိုယ်ထိလက်ရောက်မရက်စက်တဲ့ အမေဟာ သူတစ်ဦးတည်းကိုပဲ မယုံနိုင်စရာနည်းများနဲ့ ဘာကြောင့်နှိပ်စက်ရပါသလဲ။ နားလည်ရန်ခက်ခဲတဲ့ ပုစ္ဆာပါ။ စာရေးသူအမေကလည်း စာရေးသူကို အသားရေဖျက်မှုနဲ့ တရားစွဲတဲ့အခါ စာရေးသူရဲ့ သက်သေထားစရာမောင်နှစ်မတွေ အားလုံးက စာရေးသူအမေအတွက် လိမ်လည်ထွက်ဆိုကြပေမယ့် နောက်ဆုံးတော့ စာရေးသူပဲ အမှုကို အနိုင်ရသွားပါတယ်။

မျှတမှန်ကန်တဲ့ တရားဥပဒေရှိတဲ့ နိုင်ငံမှာ ဖြစ်တဲ့အတွက် မှန်ကန်တဲ့အမှုလို့ အားလုံးက ကောက်ချက်ချကြပါတယ်။ စိတ်ဆင်းရဲစရာကောင်းလွန်းတဲ့ ဖြစ်ရပ်မှန်တွေ ဖြစ်တဲ့အတွက် စာအုပ်အမြည်းကို ကျွန်မရေးတော့မှာ မဟုတ်ပါဘူး။ အရာအားလုံးကို သိနားလည်ပါတယ်ဆိုတဲ့လူယဉ်ကျေးတွေက ဒီလိုကိစ္စတွေကို မဖြစ်နိုင်ဘူးဆိုကာ ငြင်းပယ်ကြဦးမှာမို့ ကျွန်မလည်း အထူးတလည် မရှင်းလင်းနိုင်တဲ့အတွက် ဖြစ်ပါတယ်။

တစ်ခုပဲ သတိရပါတယ်။ ဆရာကြီးသာဓုရဲ့ အတာ ဝတ္တုပါ။ 

 "မသိန်းမေ သည် ဆိုခဲ့သည့်အတိုင်း သူစိမ်းတစ်ရံဆံများအပေါ်တွင် စေတနာဗလဝနှင့် ကျကျနန ကျွေး တတ်သလောက် အတာကလေးဆိုလျှင် သူတို့စားနေရာသို့ အနားပင်မသီရ။ အောက်ထပ်တွင် စားနေ ကြသည် ဖြစ်က အတာသည် အပေါ်ထပ်ခိုးတွင် ကုပ်၍ မလှုပ်ဝံ့အောင် ငြိမ်နေရ၏။ "အတာရေ လာဟေ့" စား၍ မျိုမကျနိုင်သော မခင်သက်တို့က လှမ်းခေါ်လိုက်သည်ကိုပင် "မခေါ်နဲ့ သူ့ဖို့ အပေါ် မှာ ခွဲပေးခဲ့ပြီးပြီ" မသိန်းမေ က ထိုစကားမျိုးဖြင့် ဟန့်တားတတ်၏။ 

သို့သော် ခွဲပေးခဲ့ပြီးပြီဆိုသော စကားမှာ မုသာဝါဒမျှ သာဖြစ်၏။ သူတို့တစ်တွေ ပျော်တပြုံးပြုံးနှင့် မြိုးမြိုးမြက်မြက် စားနေကြခိုက် အတာမှ လျှာတပြင်ပြင် နှင့် အပေါ်ထပ်တွင် ကုပ်နေရ၏။ သူတို့ မစားနိုင်၍ ပိုလျှံမှ အတာစားရ၏။ တစ်ခါတစ်ရံ မနပ်၍ဖယ် ထားသော ပလာတာအလယ်သား နှင့် အရိုးအရင်း ဟင်းကပ်ကလေးသာစားရလျက် များသောအားဖြင့် မူ ဝယ် လာသမျှ တက်တက်စင် ပြောင်သွားတတ်သောကြောင့် အတာတွင် အာခေါင်အခြောက်သားနှင့် ပင် စားကြွင်း စားကျန် ပန်းကန်ခွက်ယောက်များဆေးရင်း"ငါ့ကိုတော့ ဘာလို့မကျွေးပါလိမ့်"ဟူသော အတွေး ဖြင့်သာ နိဂုံးချုပ်ခဲ့ရ၏။ ဤသည်ကို အတာ တွေးမိ လာ၏။

နားရင်းတွင် ထူပူသွားသည်အထိ ဘယ်ပြန်ညာပြန် အရိုက်အနှက်ခံရဖူးသည်ကို အတာ မမေ့နိုင်။ ထို့ ကြောင့် စနေနေ့ဆိုလျှင် အထူး သတိထားရ၏။ မသိန်းမေသည် လူတစ်မျိုးလိုဖြစ်နေသည့်အတိုင်း တစ်ခါ တစ်ရံ သောကြာနေ့၌ပင်ဖြစ်စေ ပင်းမင်းဆိုင်က အကြွေးတောင်းခြင်း ပြောမိလျှင်ပင် "နက်ဖြန် မြင်းပွဲသွားမဲ့နေ့ဆိုတာ နင် မသိဘူးလား ဟင်၊ အမျိုးယုတ်ကလေး" ဤသို့လည်း မေးမေးပြောပြောနှင့် အတာ့ ကျောနုနုကို တအုန်းအုန်းထုတတ်သေး၏။
....
အတာ့အဖို့တွင်သော်ကား မသိန်းမေ၏စီးပွားရေးတိုးတက်မှု၊ ဆုတ်ယုတ်မှုနှင့် ပတ်သက်၍ အကျိုးခံစား ခွင့်သည် ဘာမျှမရှိ။ မသိန်းမေ၌ဝင်ငွေကလေးဖြောင့်လာလျှင် အဆူအရိုက်ခံရမှုသက်သာ၍ မသိန်းမေ မြင်းရှုံးလာက အကြောင်းမဲ့ အကန်ကျောက် အကြိမ်းအမောင်း ခံရသည်သာ ခြားနား၏။  

ဒီလို နှိပ်စက်ခံရမှုအမျိုးမျိုးကြောင့် ဆရာကြီးဦးသာဓုနားလေးခဲ့ရပြီး ဒီထက်ဆိုးသောအကြောင်းအရာများကို ပရိသတ်လက်မခံမှာစိုးလို့ ထည့်မရေးခဲ့ဟု ဆရာသုမောင်က တရားဝင်ပြောခဲ့ဖူးပါတယ်။ ဒါပေမယ့် ဘယ်သူမှ ဆရာကြီးကို တစ်ခွန်းတစ်စ မဝေဖန်ဘဲ ဖြစ်ရပ်မှန်လို့ ကျွန်မ ဝန်မခံထားတဲ့ ‘အမေ့သမီး’ ဇာတ်လမ်းရှည်ကြောင့် ကျွန်မကို ပုဂ္ဂိုလ်ရေးသက်သက်စော်ကားနှိမ့်ချမှုတွေ ပြုကြတိုင်း ဘာကြောင့်လဲလို့ အဖြေရှာနေမိဆဲဖြစ်ပါတယ်။

ဘာပဲဖြစ်ဖြစ် ကျွန်မကတော့ အမေတွေရဲ့ ညှင်းပန်းခံရတဲ့ ကလေးတွေ ရှိနေတယ်လို့ ထပ်မံဆိုနေဦးမှာဖြစ်ပါတယ်။ ဒီလိုအဖြစ်မျိုးကြုံတွေနေရတဲ့ ကလေးတွေကို ‘မဖြစ်နိုင်ဘူး’ လို့ ရက်စက်စကားဆိုကြသူများက အနည်းငယ်နားလည်နိုင်ပါစေလို့လည်း မဝံ့မရဲဆုတောင်းနေဦးမှာ ဖြစ်ပါတယ်။


စာကြွင်း ။ ။ ဆရာကြီးသာဓုရဲ့ အတာ ဝတ္တုကို အစ်မရွှေစင်ဦးရဲ့ စာမျက်နှာ  ဖတ်နိုင်ပါတယ်။ Constance Briscoe ရဲ့ Ugly ဆိုတဲ့ စာအုပ်ကိုဖတ်ချင်တယ်ဆိုရင်လည်း ကျွန်မ scan ဖတ်ပြီး တင်ပေးပါ့မယ်။

ချစ်ခင်လေးစားစွာဖြင့်

မယ်ကိုး

အိုးများနှင့် ကစားခြင်း

ဒီအိုးလေးတွေလုပ်ဆွဲတဲ့ ကစားနည်း app ကို ပြခဲ့တာ သားလေးကိုကိုနဲ့ မမနော်တို့ သားအမိပါ။အခုမှ ဆော့ဖြစ်ပြီး ကလေးတွေဆော့တဲ့ app တွေနဲ့ ပေါင်းဆွဲထားပါတယ်။ (လက်ရေးညံ့တယ်လို့ ပြောခြင်းသည်းခံပါ  ။ ပြောချောသော မျက်နှာပြင်မှာ လက်နှင့်ရေးရခြင်းကြောင့်လို့ ဆင်ခြေပေးပါ့မယ်။:P ) 

အလကားရတဲ့ appမို့ အိုးဒီဇိုင်းတွေက မလှလို့ အစ်မကို upgrade ဝယ်ခိုင်းပေမယ့် ဝယ်မပေးဘူးဆိုတဲ့အတွက်  ဒီမျှနဲ့သာ ရပ်တန့်သွားပါပြီ ။း)


Until


The world we live in
Happy Myanmar New Year :)

တစ်နှစ်လုံးစာဖတ်ခဲ့ကြသူများ၊ အချိန်ပေးဝေဖန်ပေးခဲ့ကြသူများ၊ အားပေးနှုတ်ဆက်ခဲ့ကြသူများအားလုံးကို အထူးကျေးဇူးပါတယ်။ လှပစိမ်းလန်းတဲ့နေ့ရက်များ အမြဲပိုင်ဆိုင်ပါစေ....း)

ချစ်ခင်လေးစားစွာဖြင့်
မယ်ကိုး