02 April 2008

“လျှို့ဝှက်တောင်ပံ ”

ပန်း။
ပန်း.....တဲ့။ 
အဘွားအို တစ်ယောက်ရဲ့ နောက်ဆုံးစကားက ပန်းတဲ့လေ။ 
.........................................................................


အိပ်ရာထဲလဲနေတဲ့ အဘွားကို ကူညီဖို့အတွက် ကျွန်မနဲ့ ကျွန်မရဲ့ သက်ဆိုင်တဲ့အရာအားလုံး အဘွားရဲ့ အခန်းမှာ ပြောင်းရွေ့ အခြေချပြီး နှစ်ရက်အကြာမှာ ပထမဆုံးကြားရတဲ့ ဝေါဟာရကလည်း “ပန်း”ပဲဖြစ်ပါတယ်။ အမေနဲ့ ကျွန်မရဲ့နာမည်ကိုပင် မေ့နေတတ်တဲ့ အဘွားရဲ့ ဒုတိယစကားကတော့ “စံပယ်” ဖြစ်ပါတယ်။ အဘွားနဲ့ အလ္လာပသလ္လာပ ပြောခွင့်ရပြီ ဖြစ်တဲ့အတွက် ကျွန်မ ၀မ်းသာအားရ ပြန်ပြောမိပါတယ်။ “အဲဒါ စံပယ် မဟုတ်ဘူး ဘွားဘွားရဲ့ ... yarrow လို့ခေါ်တယ်။ မြန်မာလိုတော့ ဘယ်လိုခေါ်တယ် သမီးလည်း မသိဘူး။”

Common Yarrow

photo credits: http://ethnobotany09.providence.wikispaces.net 

အဘွားနဲ့ ကျွန်မ ကျွန်ပျူတာကို ကြည့်ပြီး ပြောနေကြတာ ဖြစ်ပါတယ်။ အဲဒီ သေးသေးဖြူဖြူ ပန်းငယ်လေးတွေဟာ အဘွားရဲ့ ရီမှိုင်းတဲ့ အမြင်မှာ စံပယ်ပန်းယောင်ဆောင်နေမှာ ဖြစ်ပါတယ်။ မှတ်မှတ်ရရ အဲဒီအချိန်က ပဉ္စမနှစ်ရဲ့ ဒုတိယနှစ်ဝက် စာတမ်းဖြစ်တဲ့ မြေခင်းဗိသုကာဒီဇိုင်း (Landscape Design) အတွက် Landscape CD တွေ ကြည့်နေတာ ဖြစ်ပါတယ်။

အဘွားက ကျွန်မရဲ့ စကားကို အရေးတယူမရှိပါ။ ကွန်ပျူတာကိုပဲ ကြည့်ကာ “စံပယ်”လို့ ထပ်မံရေရွတ်ခဲ့ပါတယ်။ အဲဒီနောက်တော့ အမေက အဘွားအတွက် စံပယ်ပန်းတွေ တပွေ့တပိုက် ယူဆောင်လာခဲ့ပါတယ်။

“မေမေက ဘုရားကပ်ချင်လို့လား” ဘုရားတရားကို ကြည်ညိုတဲ့ အဘွားရဲ့ မကျေမနပ်ဖြစ်သွားတဲ့ အမူအရာလေးဟာ ဘယ်လောက်အပြစ်ကင်းစင်ပြီး ချစ်စရာ ကောင်းတယ်ဆိုတာ မဖော်ပြတတ်အောင်ပါပဲ။

“ပေး”တဲ့။

အဘွားရဲ့ ကလေးတစ်ယောက်လို ဆိုးနွဲ့ပြီး တောင်းတဲ့ ဟန်လေးကို ကျွန်မမှာ သဘောကျလွန်းလို့ မရယ်ဘဲ မနေနိုင်ခဲ့ဘူးလေ။

အဲဒီ အချိန်ကစပြီး အဘွားရဲ့ ချစ်ခင်နှစ်လိုဖွယ် အကောင်းဆုံး ပြုမူလုပ်ဆောင်ချက်တွေကို တွေ့ရှိ သတိထားမိလာတာ ဖြစ်ပါတယ်။ ဒါပေမယ့် တစ်ခါတစ်လေတော့လည်း အဘွားနဲ့ ပန်းတွေက ကျွန်မကို အကြီးအကျယ် အနှောက်အယှက်ပေးတဲ့ အချိန်တွေလည်း ရှိခဲ့ပါတယ်။ အခုအခါမှာ လွမ်းမောဖွယ်ဖြစ်နေပေမယ့် အဲဒီ အချိန်တွေတုန်းကတော့ တကယ့်ကို စိတ်ငြိုငြင်ခဲ့ရတာလေ။

ဘယ်လိုပင် ဖြေပေမယ့် အပြစ်မကင်းသလို ခံစားနေရဆဲ။ အဘွားက “သဇင်” “သဇင်” လို့ တောင့်တပြီး အမေက ၀ယ်လာတဲ့ အခါမျိုးမှာပေါ့။

သဇင်ပန်းခက်တွေက စံပယ်လို နှင်းဆီလို အထိအတွေ့မှာ မနူးညံ့တော့ အဘွားက အနားမှာ အထားမခံဘူးလေ။ အဘွားမြင်သာတဲ့ တစ်နေရာရာမှာ ပန်းတွေကို ပြထားပေးရပြီး “သဇင်”ဆိုပြီး တောင်းကာမှ ခဏယူပြီး ပေး၊ ပြီးတော့ ပြန်ထား။ ကျန်တဲ့ အချိန်တွေမှာ မထောင်းသာပေမယ့် ပုံဆွဲတဲ့ အခါမှာတော့ ကျွန်မ မလှမပ ဒုက္ခရောက်ခဲ့တာ ဖြစ်ပါတယ်။ အဘွားက ပြန်ထားခိုင်းလို့ မြင်သာတဲ့ နေရာမှာ ပန်းကို ချထားပေးပြီး Repito ဖောင်တိန် ကိုင်လို့မှ ငါးမိနစ် မကြာသေးခင်မှာတင် အဘွားက “သဇင်”လို့ ထပ်မံ မြည်တမ်းတော့ကာ.....။ 

ခက်တာက အဘွားက ပန်းအတုတွေကို လုံးဝ လက်မခံဘူးလေ။ဒီလိုနဲ့ပဲ အဘွားရဲ့ နှုတ်ဖျားက ပန်းနာမည်မျိုးစုံကို ကြားနာခွင့်ရခဲ့သလို ပန်းအလှပြင် သင်တန်း မတတ်ဘူးတဲ့ ကျွန်မလည်း ပန်းအိုးထိုးနည်းပညာရပ် အနားကို ဒယိမ်းဒယိုင်နဲ့ လွင့်ပါးကျရောက်သွားခဲ့တာ ဖြစ်ပါတယ်။ .................................................................

ဒါပေမယ့် ခဏတာသာ ပြေလည်ခဲ့တာရယ်။ အဘွားက ကျွန်မရဲ့ မဖြစ်ညစ်ကျယ်ပန်းအိုးလေးတွေနဲ့ မရောင့်ရဲတော့ဘဲ တောင်းတမှုတွေကို ပီပီသသ ပြောကြားလာခဲ့တယ်လေ။ “ဒူးလောက်ရှိတဲ့ ပန်းအိုးကြီး ၀ယ်ပေး”တဲ့။

အဘွားရဲ့ ပြောင်မြောက်လှတဲ့ နာမ၀ိသေသနကို သဘောကျပြီး ကျွန်မရယ်ခဲ့ပေမယ့် အမေကတော့ နည်းနည်းလေးမှ မပြုံးခဲ့ပါဘူး။ “အကုန်အကျတွေ များလှတယ် သမီးရယ်။ နောက်တော့လည်း သမီးဘွားဘွား မေ့မေ့ပျောက်ပျောက် ဖြစ်သွားမှာပါ။”

အမေပြောသလိုပါပဲ....အဘွားက သူ့ရဲ့ တရုတ်ပန်းအိုးတွေကို အာရုံထဲကနေ အသာတကြည် ထုတ်ပစ်နိုင်ခဲ့ပါတယ်။ ဒါပေမယ့် အဘွားကို ပန်းအိုးတွေ လက်ဆောင်ပေးချင်တဲ့ ကျွန်မရဲ့ ချင်ခြင်းကတော့ နုလုံးသားထဲမှာ ဆူးစူးနေသလိုပဲ စွဲထင်နေရာယူသွားပြီ ဖြစ်ပါတယ်။

ကျွန်မလေ စာအုပ်တွေ မ၀ယ်တော့ဘဲ ပိုက်ဆံစုခဲ့တယ်။ CD တွေ မ၀ယ်တော့ဘဲ ပိုက်ဆံစုခဲ့တယ်။ မိန်းကလေး အသုံးအဆောင်တွေကို မျက်နှာလွဲပြီးတော့လည်း ပိုက်ဆံစုခဲ့တယ်။ ဒါပေမယ့် အမေက ကျွန်မရဲ့ ဆန္ဒကို ပယ်ချခဲ့ပါတယ်။ “ဒီလောက် နေရာ ကျဉ်းကျဉ်းလေးထဲ.....သမီးရယ်”

ဘယ်တော့မှ မေ့ဖျောက်နိုင်မှာ မဟုတ်။အချိုးတကျ လိုက်လျောညီထွေ မရှိဘဲ ထိုးစိုက်ထားတဲ့ ကျွန်မရဲ့ ပန်းအိုးလေးတွေကို အဘွားက မြတ်မြတ်နိုးနိုးနဲ့ လှည့်ပတ်ကြည့်တဲ့ အခါတိုင်း ထိန်းထားတဲ့ကြားက အရည်ကြည်ကြည်လေးတွေဟာ မျက်ဝန်းတစ်လျှောက်မှာ စုစည်းလာတတ်တာ။

ယနေ့ထက်တိုင်ယုံကြည်နေဆဲ။ ပန်းတွေ အပြည့်နဲ့ ပန်းအိုးကြီးကိုသာ ရရင် အဘွားထူးထူးကဲကဲ ပျော်ရွှင်သွားမှာပဲဆိုတာ။

မယုံနိုင်လောက်အောင် ကျွန်မ ကြေကွဲနေခဲ့ပေမယ့် လောကဓံရဲ့ အထုအထောင်းကို ခံနိုင်ရည်ရှိနေပြီဖြစ်တဲ့ အဘွားကတော့ ကျွန်မရဲ့ ပန်းအိုးလေးတွေနဲ့ ကျွန်မပြတဲ့ Landscape CD တွေနဲ့ပဲ ရောင့်ရဲ ပျော်ရွှင်နေခဲ့တယ်လေ။

နောက်ဆုံးတော့လည်း ပန်းတွေနဲ့ အဘွားကို ခွဲခြားမယ့် အချိန်တစ်စဟာ ရက်ရက်စက်စက်ကို ကျရောက်လာခဲ့တာ။ ဘယ်အရာနဲ့မှ တားဆီးကာကွယ်လို့ မရခဲ့။ ............................................................

ထွက်ပြေးလွတ်မြောက်ဖို့ ခက်ခက်ခဲခဲ ကြိုးစားနေတဲ့ အဘွားကို ကြည့်ကာ အမေက အံကြိတ်ရင်း အသံတိတ်ငိုနိုင်ပေမယ့် ကျွန်မကတော့ အဲဒီလောက် ဣနြေ္ဒဆည်မဆည်နိုင်ခဲ့ပါဘူး။

ဒါပေမယ့် ဒီဒဏ်ရာတွေ ထက်ပြင်းကာ နုလုံးအိမ်ကို အမှန်တကယ် ထိခိုက်ရှတစေခဲ့တာကတော့ အဘွားကို ရိုးရာ အစဉ်အလာအတိုင်း နေရာချထားတဲ့ အခါမှာ ဖြစ်ပါတယ်။ အဘွားက သူ့အနားမှာ ပန်းတွေကို ရှိစေချင်မှာ အမှန်တကယ်ပဲ သေချနေပါရဲ့ အဘွားကို ပန်းတွေအကြားမှာ လဲလျောင်းစေဖို့တော့ ဘယ်သူကမှ ခွင့်မပြုကြဘူးလေ။ သည်းခံနိုင်စွမ်း ပါးလျလာပြီဖြစ်တဲ့ ကျွန်မ ပန်းခွေတွေ၊ ပန်းခြင်းတွေကိုပဲ လက်ခံ လာရတဲ့အခါမှာတော့ ထိန်းချုပ်နိုင်စွမ်း ပြိုကွဲပြီ ဖြစ်ပါတယ်။

“မေမေ သမီးတို့ မိသားစုက ဘွားဘွားကို ပန်းစည်းပဲ ပေးမယ်နော်။ ဘွားဘွားက ပန်းစည်းကိုပဲ ပိုကြိုက်မှာ” ရလဒ်ကတော့ အမေရဲ့ ဒေါသ မျက်စောင်းပဲ ဖြစ်ပါတယ်။ အံ့သြ၀မ်းနည်းစရာရယ်။ အစဉ်အလာ စည်းမျဉ်းတွေက အဘွားထက်ပိုပြီး အရေးပါသတဲ့လေ။ တကယ်ဆို အမေက အရာရာမှာ နားလည်မှုရှိသူပါ။ “ဘွားဘွား အဝေးကြီးကို အပြီးအပိုင် ထွက်သွားတော့မယ့် အချိန်ကလေးမှာတောင် တမ်းတခဲ့တာ “ပန်း”ဆိုတာ မေမေ မေ့နေပြီလား။ ” ဒါပေမယ့် ကျွန်မတတ်နိုင်တာ နှုတ်ခမ်းကိုပိတ် ခပ်ဆိတ်ဆိတ်လေ....တိတ်တိတ်လေးနေရုံသာ။ အတွေးအိမ်ထဲမှာတော့ မေးခွန်းတွေ ပွက်ပွက်ထလို့ ညံဆူဟစ်အော်ကာ။

ဝေးလွင့်သွားပြီဖြစ်တဲ့ ပုံရိပ်လှိုင်းတွေက ၀ိုးတ၀ါးမှေးမှိန်ဖို့ အချိန်လုံလုံလောက်လောက် ရရှိနေပြီ ဖြစ်ပေမယ့် အနီးဝန်းကျင်မှာ လတ်လတ်ဆတ်ဆတ် ပြေးလွှားနေဆဲရယ်။

“မေမေ ဝေဒနာတွေကို “ငါ”စွဲပြီး ဒေါသတွေ မဖြစ်နဲ့နော်။ ဝေဒနာက သူ့သဘောနဲ့သူ ဖြစ်ပျက်နေတာ။ သတိလေးနဲ့ မြင်အောင် မေမေ ကြည့်နော်။” အမေ့ ပြောစကားတွေကို အဘွား နားမ၀င်ခဲ့တာ သေချာပါတယ်။ ဒါကြောင့်သာ “ပန်း”လို့ ထပ်မံရေရွတ်ခဲ့တာပေါ့။

“ဟုတ်တယ် မေမေ....မေမေကြိုက်တဲ့ နှင်းဆီပန်းတွေလေ သမီး ဘုရားကို လှူထားတယ်။ မေမေ သာဓုခေါ်ပြီး ဘုရားကို အာရုံပြုပေးနော်။” ဒါဟာ ဆွတ်ပျံ့ဖွယ် ဇာတ်သိမ်းလား။ ကြေကွဲဖွယ် နိဂုံးလား။ အဘွားရဲ့ စိတ်ကို အမေ မဆွဲဆောင်နိုင်ခဲ့ဘူး။ အဘွားရဲ့ နောက်ဆုံးစကားက “ပန်း”တဲ့လေ။ ဟုတ်ကဲ့။ “ပန်း”ပဲ ဖြစ်ပါတယ်။

အခုတော့ အဘွားရဲ့ ကျေးဇူးကြောင့်လေ...သစ်ပင်လေးတွေနဲ့ ပျော်မွေ့ဖို့အတွက် ငှက်ကလေးတွေရဲ့ တေးသံမှာ နှစ်မျောဖို့အတွက် ကောင်းကင်အထွေထွေရဲ့ ခြယ်လှယ်မှုမှာ ကြည်နူးရင်ခုန်ဖို့အတွက် ကျွန်မ ဘယ်တော့မှ မမေ့လျော့တော့ပါ။

ဝမ်းသာပျော်ရွှင်ဖွယ်။ သဘာဝနဲ့ အလိုက်သင့် အလျားသင့် နှစ်ခြိုက်ပျော်ဝင်တယ်ဆိုတာ အထူးတလည် ကြိုးစားယူရတဲ့ ဖြစ်စဉ် မဟုတ်ဘူးလေ။

ဘယ်လောက်ပဲ ၀မ်းနည်းနာကျင်နေပါစေ။ ဘယ်လောက်ပဲ ကြေကွဲပြိုလဲနေပါစေ။ ဘယ်လောက်ပဲ ထိုးနှက် ဖိအားပေးနေပါစေ။ သဘာဝရဲ့ အလှတရားတွေကို လျစ်လျူရှုပြီး အလုပ်တွေကို ကသုတ်ကရုတ် မပြုမူမိအောင် သတိဆောင်ကာ ဖန်တီးနေထိုင်ဆဲ ဖြစ်ပါတယ်။

အခုတော့ ကျွန်မရဲ့ လသာဆောင် ကျဉ်းကျဉ်းလေးထဲမှာ ပန်းအိုးသေးသေးလေးတွေနဲ့ စီရရီ စိုက်ပျိုးထားတဲ့ ပန်းပင်လေးတွေ ရှိနေပြီ။ ကျွန်မအတွက်။ အမေ့ အတွက်။ ပြီးတော့....ကျွန်မသိတတ်တဲ့ အချိန်ကစပြီး နာမကျန်းမဖြစ်ခင် အထိ ပန်းတွေကို အရေးတယူ မရှိခဲ့တဲ့ အဘွားအတွက်.....။

မယ့်ကိုး


(၂၀၀၅၊ Faces မုခမဂ္ဂဇင်း)

6 comments:

Sha Rull said...

Where did you learn the power of magic? This is also good one.All the time,I also don't want to say good things in your stories as well as(bad things).But you did really well.
Unfortunately, I couldn't read your reply at all because I haven't got this burmese font. I would like to read that. How can I get that burmese font?

ပန်းနွယ် said...

I love this one. The last sentence made the point.

လင်းဒီပ said...

အသိစိတ်တွေ ပုံမှန်မရှိတော့တဲ့ အဘွားတစ်ယောက်က
ပန်းလေးတွေပဲတောင်းတာ ထူးထူးဆန်းဆန်းလေး ခံစားမိတယ်..။စိတ်က သိမ်မွေ့နူးညံ့မှုဆီပြန်ရောက်သွားတာ ။
လောကဓမ္မလေးတွေကို ရိုးရိုးလေးတင်ပြသွားတယ်လို့ ခံစားမိပါတယ်..။

မင်းအိမ်ဖြူ said...

ဒီနေ.မှ ဒါလေးကို ဖတ်ဖြစ်တယ် ၊၊ ကျွန်တော် ကတော့ သဘောကျတယ် ၊၊ မယ်ကိုးရဲ့ စာလေးတွေကို ဖတ်ရတဲ့ အခါတိုင်း အားလုံးက ဘယ်လိုပြောမလဲ ငြိမ်သက်သွား သလို ခံစားရတယ် ၊၊
မျောပါသွားတယ်လို. မသုံးချင်ဘူး ၊၊ ပတ်ဝန်းကျင် အားလုံးက ငြိမ်သွားတာ ...........

ငှက်ကလေး said...

အမ စာကို ဘယ်လိုမန့်ပေးရမှန်းတောင်မသိ ဘူး စကားလုံးရှာမတွေ့ဘူး နောက်ရှာတွေ့ရင်ထပ်လာခဲ့မယ် အခုကျန်တာတွေလိုက်ဖတ်လိုက်ဦးမယ် တာ့တာ

ဆူး said...

ဖွားဖွားကိုချစ်တယ်။ ဖွားဖွားကိုအရမ်းချစ်တယ်။ ဒီကမ္ဘာမြေကြီးတစ်ခုလုံးနဲ့ လဲပြီးတော့ချစ်တယ်။
သမီးရဲ့ အချစ်ကို ပန်းအိုးလေးတစ်လုံးနဲ့ ဖော်ပြလို့ ရနိုင်ရင် ကောင်းမယ်။ ရင်ထဲကအသံကို ဘယ်လိုကြားအောင်လုပ်ရင်ကောင်းမလဲမသိဘူး....