26 December 2009

ဘာဖြစ်လို့ လွှတ်လိုက်တယ်...

သံသရာတစ်ကွေ့မှာ ကလေးငယ်နဲ့ ငါးဟာ မရည်ရွယ်ဘဲ ကြုံဆုံမိကြတာ။ ကစားစရာအသစ်ရသွားတဲ့ ကလေးငယ်ဟာ အထပ်ထပ်တေးဆိုပြီး ငါးကို မှန်လုံးအိမ်ထဲထည့်တယ်။ ငါးကလေးက ဒီသီချင်းဟာ သူ့အတွက်သာ ရည်စူးဆိုတာလို့ ထင်နေသတဲ့။ ကလေးငယ်လေးက စကားလာပြောတိုင်း သူ့ကို အရေးတယူရှိပါလားလို့ ကြည်နူးနေတတ်တယ်။ တကိုယ်စာကန်ထဲကငါးမို့ ဝန်းကျင်မှာ ငါးလှလှလေးတွေ တခမ်းတနားမွေးထားမှန်းလည်း မသိရှာပါဘူး။

ဒီရယ်စရာဇာတ်လမ်းဟာ ကလေးငယ်လေးက ငါးကို စွန့်အပြီးမှာ ဖြစ်ရပ်မှန်ကြေကွဲခြင်းနဲ့ ထိပ်တိုက်တိုးပြီလေ။ ကလေးငယ်က ပြောသေးတယ်။ “ မင်းကို လွတ်လပ်ခွင့်ပေးလိုက်ပြီ။ ပျော်သလိုနေပေတော့ ... ” တဲ့။ ငါးမှာ နားမရှိပါဘူး။ ဒါပေမယ့် သူကြားခဲ့တယ်။ ပြီးတော့ သူမယုံဘူးတဲ့လေ။ “ သူ့ကို မစွန့်ပစ်ပါနဲ့ ” လို့သွေးရူးသွေးတန်းတောင်းပန်ရှာတယ်။ ချောင်လေးထဲမှာပဲ အေးအေးဆေးဆေး သူနေပါ့မယ်။ ကလေးငယ်လေး တစ်ခြားငါးတွေကို ကြည်နူးခွန်းဆိုနေချိန်မှာလည်း မရွေ့မရှား ငြိမ်ငြိမ်လေးနေကာ မလှုပ်ခတ်ပါဘူးလို့ အခွန်းထပ်ဆိုပေမယ့် ကလေးငယ်က ငြီးငွေ့သွားပြီ။ မမြင်ချင်တော့ဘူးတဲ့လေ။ 

ဒီလိုနဲ့ ရင်ကွဲနာကျကာ ရေအောက်ရောက်သွားတဲ့ ငါးဟာ အသေလို မြစ်ထဲမျောတယ်။ အလွမ်းဒဏ်နဲ့ မလှုပ်မယှက် ရိုရိုသေသေဆုတောင်းတယ်။ ကလေးငယ်ကို မြင်ရနိုးနဲ့ သေဘေးကို မကြောက်ဘဲ မြစ်ဖျားမှာ တိတ်တိတ်လေး စောင့်တယ်။ ဒါပေမယ့် ပျော်ရွှင်ဆော့ကစားစရာတွေ များပိုင်တဲ့ ကလေးငယ်ဟာ မြစ်ကမ်းကို ခြေဦးမလှည့်တော့ဘူးရယ်။ 

နောက်ဆုံးမှာပြင်းဟုန်ရှနေတဲ့အပူတွေ ပျောက်လိမ့်နိုးနဲ့ ငါးလေးဟာမြစ်ဖျားပေါ်တက်လာတယ်။ကြောက်ရွံ့တတ်လွန်းပေမယ့် ကလေးငယ်လေးအရိပ်ကို မြင်ချင်ဇောနဲ့ သေလုအောင် နာလိမ့်မယ်ဆိုတာ သိလည်း အားအင်တွေစုကာ အမြင့်ကြီးပျံတက်လို့ ကုန်းပေါ်ရောက်ဖို့ ကြိုးစားတာပေါ့။ ပထမ သူ့အရေပြားတွေ ပွန်းပေါက်ပြဲတယ်။ နာလွန်းလို့ တစ်ဆတ်ဆတ်တုန်နေတဲ့ ငါးဟာ မြစ်ထဲ ပြန်ပြုတ်ကျသွားတယ်။ဒါပေမယ့် ကလေးငယ်လေး အရိပ်ကြောင့် နောက်တစ်ခေါက် ကြိုးစားမိပြန်တဲ့အခါ သူ့အသားတွေ ပြတ်ကွဲရှကုန်ပြန်တယ်။ 

ဒီလိုနဲ့ မေ့မျောရင်း ရေနက်ထဲ ပြန်ရောက်သွားလေတာ။ ဟုတ်ပါတယ်။ မယုံနိုင်ဖွယ်ပါ။ ကလေးငယ်လေးအပြုံးကလွဲလို့ တခြားအရာကို အမှတ်သည်းခြေနည်းတဲ့ ငါးရယ်။ ဒီလိုနဲ့ နာကျင်ဒဏ်ရာတွေ နိဂုံးချူပ်ပေးမယ့် အခုန်မှာတော့ ကျေက်စွန်းနဲ့ရိုက်ကာ သူ့အရိုးတွေ ကြေလို့ သွေးတွေ အန်ထွက်တယ်။ အဆုံးမှာတော့ ကလေးငယ်ရဲ့အရိပ်ကိုလည်း မမြင်လိုက်ရပါဘဲ သေငင်ဇောမှာ ဘာဆုမှလည်း မတောင်းနိုင်ပါဘဲ ငါးကလေး အသက်ပျောက်ရှာလေတာ။ 

လူတွေမြင်တော့ ရယ်ကြတယ်လေ။ တဆင့်နားနဲ့ ကြားတဲ့ ကလေးငယ်ကလည်း ဘေးလူတွေရယ်သလို လိုက်ရယ်တာပေါ့။ ပြီးတော့ “ဒီလောက်ဥာဏ်နည်းလှတဲ့ ငါး သေတာတောင် နည်းသေး ”လို့ ဆိုလေရဲ့။ နှလုံးသားပဲ ရှိတဲ့ငါးပါ လို့ ချေပပေးမယ့်သူ မရှိဘူး။ ငါးမှာ ကလေးမလေး တစ်ဦးတည်းသာ တွယ်တာခဲ့တာပါ ဆိုကာ ထုချေလွှာ တင်ပေးတဲ့သူ မရှိပါဘူး။ 

အဲဒီလို အားပါးတရဝေဖန်ကဲ့ရဲ့ပြီးတဲ့နောက် လျှောက်လဲချက် မပေးနိုင်ဘဲ မျက်လုံးပွင့်လျက် သေနေတဲ့ငါးကို တံငါသည်တွေက ဝမ်းသာအားရ ရင်ခွဲကြလေရဲ့။ အံ့သြစရာက ငါးရဲ့ရင်ထဲက ရွှေရောင်ဝင်းလက်နေတဲ့ အရာလေးကို သူတို့ တွေ့ရှိသွားခဲ့တာ။ အမြုတေဆိုပဲ။အလုအယက်ယူကြ။လုယက်ကြ။ နောက်ဆုံးမှာ လောဘလူတွေဟာ အမြုတေစစ်မစစ် စမ်းသပ်ကြတယ်လေ။ 

အမြုတေလေးကို ဓားနဲ့ခုတ်တယ်။ မလွဲပါဘူး။နာကျင်သွားတဲ့ အမြုလေးဆီက “ကလေးငယ်လေး” ဆိုတဲ့ ဆို့ဆို့နင့်နင့် တိုးတိုးတိမ်တိမ်အသံငယ်လေးကို ကြားရသတဲ့။ လူတွေဟာ မယုံနိုင်အောင်ဖြစ်ပြီး သေနတ်နဲ့ပစ်ကြပြန်တယ်။ ဗဟိုမှတ်ကို တည့်တည့်ထိပေမယ့် အမြုတေလေးက ပဲ့မထွက်သွားပါဘူး။ “ ကလေးလေးရေ ” ဆိုတဲ့ ကြေကြေကွဲကွဲ ဝမ်းနည်းဖွယ်အသံလေးကိုသာ ထပ်မံ ကြားရလေတာ။ 

ဒီလိုနဲ့ လူတွေက အမြုတေလေးဟာ တန်ခိုးဣဒ္မိပါဒ်ရှိတဲ့ အမြုတေအစစ်မဟုတ်မှန်း သိသွားကြပေမယ့်လည်း လွှင့်မပစ်ပါကြဘူး။ အံ့သြလွန်းလို့တဲ့။ ဓားခုတ်ရာ တစ်ချက်ခံရတိုင်း အမြုတေလေးဆီကထွက်လာတဲ့ အသံကို ထူးထူးဆန်းဆန်းကြားချင်လွန်းလို့ အမြုတေလေးအခါခါထိုးခုတ်ကြရင်း ကြာလာတော့ ပျင်းစရာကောင်းလှတယ်ဆိုကာ အမြုတေလေးကို ပြတိုက်ဆီ ပို့လိုက်ကြပြန်ပါတယ်။ 

ယနေ့ထက်တိုင်လေ။ လာသမျှဧည့်သည်တွေဟာ အမြုတေလေးရဲ့ အသံကို ကြားချင်လွန်းလို့တဲ့ ... ကြာပွတ်တံနဲ့ ရိုက်နှက်နေကြဆဲ။ တကယ်တော့ အမြုတေလေးရဲ့ “ကလေးလေး ... ကလေးလေး ... ” လို့ တမ်းတခေါ်သံကို အဆန်းတကြယ် မရှိသင့်ပါဘူး။ဒီအမြုတေလေးဟာ မငိုတတ်တဲ့ ငါးတစ်ကောင်ရဲ့ သိုသိုဝှက်ဝှက် မျက်ရည်တွေနဲ့ ဖွဲ့တည်ခဲ့တာရယ်။



Title: Goldfish Size: 18x36
credits : www.artbywicks.com



(ကျွန်မနားနေတုန်းက စာရေးဖြစ်အောင် tag ပေးတဲ့ လူကလေး အယ်ကို နဲ့ ညီမလေးငုဇာကို တခြားစာမျက်နှာမှာ “ ငါးပုံပြင်” ဆိုပြီး ပြောပြခဲ့တာပါ။ လာလည်အားပေးရှာတဲ့ ချစ်မလေး လသာည ကလည်း နှစ်သက်လို့ ဆိုပြီး သူ့စာမျက်နှာမှာ ကျွန်မကြိုက်တဲ့ငါးပုံပြင်လေး ဆိုပြီး ဖော်ပြခဲ့ဖူးပါတယ်။ ဆားချက်သလိုဖြစ်သွားရင် အားနာပါတယ်ရှင် =)


မေတ္တာများဖြင့် ...
မယ်ကိုး )

19 December 2009

လူဖြစ်လိုသူရဲ့ ဇာတ်အဆုံး



အဖော်မပါဘဲ။ထီးတည်း။တစ်ကိုယ်တည်းသော။ထီးထီးမားမား။ တစ်ဦးတည်း။

ဘယ်လို စကားလုံးတွေပါလိမ့်။ မျက်ကွယ်ပြုနေလည်း အာရုံကို ဝင်တိုက်နေကြတာ။
မွေးလာတည်းက တစ်ယောက်တည်းဆိုတဲ့ မဲပြာစကားလုံးကိုပဲ ထပ်သုံးရဦးမှာလား။
ဟင့်အင်း။
ခါးလွန်းလှတယ်။
ဒါပေမယ့် လှည့်ကြည့်လိုက်ရင် အနားမှာ ဝက်ဝံရုပ်တစ်ရုပ်ပဲရှိတယ်။

“ ဘာဖြစ်လဲ။ ငါပျော်နေတယ် မဟုတ်လား ” လို့ ကိုယ့်ကိုကိုယ် ခပ်တည်တည်လိမ်ဖို့ ကြိုးစားချင်လည်း...
လွတ်လပ်ခြင်းနှမ်းဖြူးကာ စိတ်ကြီးဝင် ဂုဏ်မောက်ဖို့ မပီမပြင်ဟန်ဆောင်ချင်လည်း …
နင့်နင့်နဲနဲကြေကွဲခြင်းကို မျက်ကွယ်ပြုကာ ဘယ်တော့မှမငိုဘူးလို့ ကျူးရင့်ချင်လည်း...

ဘယ်အချိန်တုန်းက ပြုံးခဲ့ပါလိမ့်။ မမှတ်မိတော့ဘူး။ ညတင် မှောင်တာ မဟုတ်ဘူး။ နေ့တွေကလည်း မည်းနက်နေတယ်။

လူတကာတွေ အတင်းဆိုကြတာ မျက်နှာကြော တင်းမာပြီး မာနထောင်လွှားပါတယ်တဲ့။ အတွင်းစိတ် သိမ်ငယ်လွန်းလို့ အပေါ်ယံခက်ထန်တတ်တာကို သူတို့ မသိချင်ယောင်ဆောင်နေကြတာလား။

အားလုံးရိပ်မိနိုင်တဲ့ ကျွန်မရဲ့ မာနဟာ အခွံသာ။ ဆင်ခြင်မှုဆိုတာ ဗလာ။ အသေအချာပေါ့ ထိန်းချူပ်နိုင်စွမ်းဟာ လွတ်ထွက်နေဆဲ ဖြစ်ပါတယ်။

ငါ့ကို သရော်စော်ကား ထပ်မကြည့်နဲ့တော့။
သည်းမခံတော့ဘူးကွဲ့။

နားလည်ချင်သူမဲ့ ကျွန်မရဲ့ စကားလုံးဟာ အချည်းနှီးသာလေ။ လစ်ဟာနေတဲ့ စာနာမှုတွေကတော့ ကျိုးတိုးကျဲတဲ ရယ်သွေးသွမ်းကုန်ကြ။ ရာသီခွင်တွေဟာ အနှစ်မဲ့လွန်းစွာ ကခုန်နေကြ ။နောက်ကျောက ဓားတွေဟာ ပုခုံးချင်းယှဉ် ထိုးနှက်လာကြ။

ဘာဆက်လုပ်ရမလဲ။ လမ်းတွေဟာ ဖုန်မှုန်တွေအဖြစ်ပြောင်းကာ လွင့်စင်ပျောက်ကွယ်သွားပြီ။ လှေကားထစ်တွေက တွန်းချကာ တံတားတွေက လွှတ်ချခဲ့ပြီ။ နတ်ဆိုးက အသေသတ်ခဲ့ပြီ။

အသေအချာလေ။ ပိုင်ဆိုင်သမျှ အကျိုးအပဲ့တွေကို သင်္ဂြုံလ်ဖို့ ၊ ကောင်းကင်ကို အရည်ဖျော်ပစ်ဖို့၊ အလင်းလှိုင်းကို မီးရှို့ပစ်ဖို့ ခွန်အားစုဆောင်းရတော့မှာ။ အိပ်မက်တွေကို ဘေးဘက်ကို လွှင့်ပစ်လိုက်ရုံပဲပေါ့ ။ ဒီဘဝကို သွန်ချဖို့ မနှောမျောသင့်တော့။


Denis Bowen: Moon Rising, 1989


ဝေဒနာတွေကို လက်သင့်ခံနေတာ ရပ်တန်းက ရပ်သင့်နေပြီ။ တစ်ယောက်တည်းသာ။ အထီးကျန်သော…ဆိုတဲ့ နာမဝိသေသနတွေကို ဆိတ်ငြိမ်စွာ ရှုမှတ်လို့ လွတ်လမ်းရှာသင့်ပြီပဲ။

တစ်ခန်းမရပ်သေးပေမယ့် အရန်လူအဖြစ်တောင် အသုံးမဝင်သူကို အမြန်ဆုံး ရှင်းထုတ်ချိန်ရောက်ပြီလေ။ … ။



( နောက်ဆက်တွဲ... ဘလော့လေး နှစ်နှစ်ပြည့် အမွန်တမြတ်စာရေးချင်ပေမယ့် အမှတ်တရကိုလိုက်ရှာဖို့ ခက်ခဲချိန်မို့ ဒီစာလေးပဲ ရေးဖြစ်ပါတယ်။ စာဟောင်းတွေပဲ တင်ဖို့ ရည်ရွယ်ထားခဲ့တဲ့ ဒီဘလော့မှာ စာသစ်တွေရေးဖို့ နှိုးဆော်ခဲ့သူ၊ လင့်ခချိတ်ပေးထားသူများ၊ အကြံပေးဝေဖန်ခဲ့သူများ၊ စာဖတ်ခဲ့သူများ၊ အားပေးခဲ့သူများအထူးသဖြင့် စာရေး ရပ်နားနေခိုက် အားပေးတိုက်တွန်းခဲ့သူများ နဲ့ မယ်ကိုးကို ချစ်သော မုန်းသော စာလာဖတ်သူများအားလုံးကို အထူးကျေးဇူးတင်ရှိပါတယ်လို့ အနူးအညွတ်လေးလေးစားစား ဆိုပါရစေ။
ကျွန်မ စာတွေ ဆက်ရေးချင်ပါတယ် ။ နေရာမရွေ့ပေမယ့် ကျွန်မ သွားနေပါဦးမယ်။ )


မေတ္တာများဖြင့်
မယ်ကိုး

01 November 2009

“ ငဲ့မကြည့်သင့်တဲ့ စာမျက်နှာ”



ခေါ်သံ။

အသံလှိုင်းအပုတ်မှာ နှလုံးသားတစ်ခုဟာ လွင့်စင်ထွက်သွား။

ဟင့်အင်း။ မဟုတ်ဘူး။ဒါဟာ လှိုင်းသံ လူသံတွေကြားမှာ နားကြားလွဲတာ။
သေချာပါတယ်။ စွဲလမ်းမှုကြောင့် အကြားအာရုံ ချွတ်ယွင်းလွဲမှားနေခြင်းသာ။

သူက ကမ္ဘာတစ်ဖက်မှာလေ.... ဘယ်လို ဖြစ်နိုင်မှာလဲ။ယိုင်နဲ့သွားတဲ့ ခန္ဓာကိုယ်ကို ပြန်လည်ထူမတ်ဖို့ ကြိုးစားစဉ်မှာပင် ထပ်မံအော်ခေါ်လိုက်သံဟာ ရင်ဘတ်ကို အရှိန်နဲ့တိုးကာ အသက်ရှုရပ်သွားအောင် စွမ်းဆောင်ပြန်ရာ။

သူ။ သူ…. ဘယ်မှာလဲ။
နာမည်တူခေါ်သံလေးကြားရုံနဲ့ ဝိုးတဝါးအရိပ်တွေအကြား အသက်မရှုနိုင်ဘဲ ခပ်တောင့်တောင့် လိုက်ရှာနေမိပြန်။ဒါပေမယ့် တကယ်ပင် အိပ်မက်နဲ့ ရင်ဆိုင်ကြုံတွေ့ခဲ့ရတာ။

ဘုရား…. ဘုရား။
သူပါပဲ။
အရိပ်ကလေး။
မှောင်ရိပ်ကွယ် သဏ္ဍာန်လေးတစ်ခုကို မြင်ရုံနဲ့ မူးမိုက်တုန်ရီလာ။တကယ်ပါ။ သူ ရယ်လေ။ ဝေးကွာခြင်းရဲ့ ကျိန်စာကြားမှာ ရာသီပေါင်းများစွာ ခြားနေပေမယ့် ညအရိပ်မှာ လှည့်စားခံရလောက်အောင် ကျွန်မရဲ့ တွယ်တာစိတ်က မသေးဖွဲခဲ့ပါ။

ပုံရိပ်လေးကို ကြည့်ရင်းနဲ့ပင် ခြေမခိုင်တော့ဘဲ လဲပြိုတော့မလိုဖြစ်နေဆဲမှာ အရိပ်ကလေးက လာခေါ်သူနောက် လိုက့်ဖို့ ပြင်တဲ့အခါ။

နေပါဦး။ခဏလေး။ခဏလေးရယ်။
ဘယ်လို လုပ်ရမလဲ။သူနဲ့ကျွန်မဟာ တစ်မျှော်တစ်ခေါ်လှမ်းနေတာ။ ဒါပေမယ့် သူ့ခြေလှမ်းအစမှာ ဆင်ခြင်တုံတရားဟာ လွင့်စင်ပျောက်ကွယ်သွားကာ ကယောင်ကတမ်းနဲ့ ကျောက်တုံးတွေကနေ ကမျောသောပါး ခုန်ကူးမိခဲ့။

ကံကောင်းလို့ ချောက်ထဲကျပြီး မသေတာလေ။
သူငယ်ချင်းရဲ့ ကြောက်လန့်တကြားအော်သံနဲ့အတူ ဒလိမ့်ခေါက်ကွေး ဒူးထောက်လဲပြိုသွားပါတယ်။ လက်ဖဝါးနဲ့ဒူးအရေပြားတွေ ပွန်းပဲ့သွားပေမယ့် အရေးမထားနိုင်ခဲ့ပါ။ အားယူကာ မတ်မတ်ရပ်ရင်း သူ့အရိပ်ကို လိုက်ရှာမိပြန်တာ။

ဒါပေမယ့် သူက အဝေးရောက်နေပြီ။ ယောင်ယမ်းကာ အော်ခေါ်လိုက်မိပေမယ့် အသံလှိုင်းက လည်ပြွန်တစ်လျှောက်မှာတင် ပြတ်တောက် ရပ်တန့်သွား ...
သူမကြားခဲ့တာ ကံကြီးသီတာရယ်။

အနားရောက်လာရင် သူ့ကို ဘယ်လိုနှုတ်ခွန်းဆက်ရမလဲ။မျက်လုံးချင်းဆုံတော့ ဘယ်လိုရင်ဆိုင်ကြည့်ရမလဲ။ အရေးကြီးဆုံးမှာ…သေရေးရှင်ရေးအကြောင်းအရာမှာ သူ့ရဲ့ဆွဲဆောင်မှုကို ကျွန်မဘယ်လိုတွန်းလှန်ရမလဲ။
ကျွန်မသိနေတယ်။
ကျွန်မရဲ့ နှလုံးသားက သူနဲ့ဆုံရင် နည်းနည်းလေးမှ မခိုင်။ခပ်ယိုင်ယိုင်လေ။
ဟင့်အင်း။ဖြစ်နိုင်ခြေအားလုံးကို ကသောမျောပါးမေ့ထားလိုက်ရင်း ရုပ်ပျက်ဆင်းပျက် ခြေလှမ်းကာ သူ့အရိပ်ကလေးနောက်ကို အမှီလိုက်ဖို့ ကြိုးစားမိပြန်တာ။

ဒါပေမယ့် အသိတရားက လက်မခံဘဲ ကျွန်မရဲ့ ခြေလှမ်းတွေကို ဦးတည်ရာပြောင်းစေခဲ့တယ်လေ။ အပင်ရိပ်အကွယ်ကပဲ သူ့အရိပ်လေးကို ငေးတော့တဲ့။

ဟုတ်ပါတယ်။ မဖြိုဖျက်နိုင်သေးတဲ့မာနတွေကြောင့် ဆုံဆည်းဖို့ မဖြစ်နိုင်ပေဘူးပဲ။ ဒီလောက် ရှည်လျားပင်ပန်းတဲ့ခရီးကို နှလုံးခုန်သံဆူညံညံနဲ့ ကျွန်မဘယ်တော့မှ လျှောက်ဖြစ်တော့မယ် မထင်ပေမယ့် အခါခါနှိပ်စက်ခဲ့တဲ့ ကံကြမ္မာအတွက်ပဲ ရယ်ပွဲဖွဲ့ဖို့ ဖြစ်ခဲ့ပြီလေ။

သူ့ဆံနွယ်လေးကို မြင်လိုဇောနဲ့ အလျင်မြန်ဆုံး ခြေလှမ်းပေမယ့် မြေလျှိုးမိုးပျံကာ သူပျောက်ကွယ်သွားခဲ့တာ။ ကြည်ပြာရောင်အရိပ်လေးကို မျက်စိတဆုံးရှာဖွေနေဆဲမှာပင် အမြင်ကြည်လွှာဟာ ဝေမှိုင်းမှုန်ရီလာ။
ဒါပေမယ့်အနားကို သူငယ်ချင်း ရောက်လာချိန်မှာ ကျွန်မမျက်ရည်သုတ်ပြီးခဲ့ပြီ။

ဟက်ကနဲတစ်ချက်ရယ်ကာ ကိုယ့်ကိုကိုယ်ကြိုးစားပန်းစား သရော်လိုက်နိုင်ပေမယ့် သူမကို ဘယ်ကစ ရှင်းပြရမှန်းမသိပါ။

မာနတွေနဲ့ နှစ်ဦးအတူ ပြိုင်ခဲ့ကြတဲ့ နေ့ရက်တွေကိုလား။
ခွဲခွာနီးနောက်ဆုံးအချိန်မှာတောင် နောင်တကို မျက်နှာလွှဲကာ တစ်ယောက်အကြည့်ကို တစ်ယောက် အံတုခဲ့ကြတဲ့ အချိန်တွေကိုလား။

အမှန်တကယ် သူမရှိတောတဲ့အခါ ယနေ့ထက်တိုင် ဒဏ်ရာတွေ ပွင့်ဝေနေတဲ့အခါကိုလား။

ပြောပါဦး။ အနာတရကင်းတဲ့ ခွဲခွာခြင်းဆိုတာရှိသလား။
ဟင့်အင်း။ဘယ်သူက ကိုယ့်အရှုံးကို ဇာတ်ကြောင်းလှန်ချင်ပါ့မလဲ။



ဝေးကွာအခြေအနေမှာ နေသားတကျမပျော်ဝင်နိုင်လောက်အောင် ကြိုးစားနေဆဲမှာပင် လွမ်းဆွတ်ခြင်းဆိုတဲ့ သူသတ်လက်ထဲက အသက်လုပြေးနေခဲ့သူမှာ ကျွန်မဖြစ်ပါတယ်။
ထင်တစ်လုံးနဲ့ ရင်ထဲကခံနိုင်စွမ်းကို ပိုတွက်မိလို့ ချစ်သောသူနဲ့ ကွေကွင်းရခြင်းဆိုတဲ့ ဆင်းရဲမှာ ဒလိမ့်ခေါက်ကွေး လဲပြိုကျဆုံးနေခဲ့သူမှာ ကျွန်မဖြစ်ပါတယ်။
ဆောက်တည်ရာရလိုဇောနဲ့ စာအုပ်တွေကို ဝါးစားတော့မလို ဖတ်ကာ တစ်ရွက်ပြီးတစ်ရွက်သာ လှန်သွား၊ဘာအကြောင်းအရာတွေမှန်းမသိ။ တစ်အုပ်ပြီး တစ်အုပ်သာပြီးသွား ဘာတွေဖတ်မိမှန်း မမှတ်မိ တစ်စစီဖြစ်နေတဲ့ မှတ်ဥာဏ်နဲ့အတူ ထိန်းချုပ်နိုင်စွမ်း ပြိုကွဲနေခဲ့သူမှာ ကျွန်မ ဖြစ်ပါတယ်။

ဒါတွေဟာ ရက်ရက်စက်အလဲထိုးခံလိုက်ရတဲ့ တွေ့ရှိမှုအသစ်တွေလေ။ အံကြိတ်ပြီးပဲ ပြုံးနေလိုက်ရမလား။ နာကျင်ခြင်းကို ငိုယိုပြီးပဲ ဖွင့်ဟရတော့မလား။ ကယောက်ကယက်နဲ့ သွေးပျက်ခြောက်ခြားဆဲ ဆိုးရွားတဲ့ဝေဒနာတွေဟာ လက်စမသတ်နိုင်သေးပါ။

သူဘယ်လို ယုံမလဲ။
ကျွန်မကလည်း ကြိုတင်မသိခဲ့ပါ။
သူ့ဘဝ၊ကိုယ့်ဘဝလွန်ဆွဲပွဲမှာ ချစ်ခြင်းမေတ္တာဟာ တိမ်မြုပ်သွားမယ်ထင်ခဲ့တာ။

အဲဒီတုန်းကတော့ စိတ်ချသေချာနေတဲ့ ခေါင်းမာမှုတွေနဲ့ပေါ့။သူ ထွက်သွားတဲ့နောက်မှာ တမ်းတခြင်းဆိုတဲ့ မနိုင်ဝန်ထမ်းပြီး နွမ်းချိပြိုလဲနေလိမ့်လို့ မထင်ခဲ့ဘူးလေ။ အခုတော့ အားလုံးပြီးသွားပြီလို့ ယုံကြည်ခိုက်မှာ ကံကြမ္မာရဲ့ ရက်စက်တဲ့ ကျီစားမှုနဲ့ ရင်ဆိုင်ကြုံလိုက်ရပြန်တော့...

အံ့သြစရာပဲလေ။နှလုံးသားတွေ မွမွကြေနေပြီမို့ ဒီထက်ပိုပြီး နာကျင်စရာမရှိဘူးထင်ခဲ့ပေမယ့် သူငယ်ချင်းတစ်ယောက်ရဲ့ စကားအဆုံးမှာလည်း ထပ်မံရင်ကွဲခဲ့ပြန်တာ။

“ သူ ပြန်တုန်း တစ်ထောက်နားတာလေ။နင့်ကို ရှာနေတာပဲ။ နင်ပဲ သူ့အကြောင်းမကြားချင်ဘူး။ နင့်ကိုလည်း အဆက်သွယ်မခံနိုင်ဘူးဆို... ”

ဒါဆို ကျွန်မ သူ့ကို အမှန်တကယ် ဆုံတွေ့ခဲ့တယ်ပေါ့။ အမှန်တရားကို ငြင်းပယ်ရှောင်ပုန်းနေဆဲမှာပင် ဝမ်းသာလွန်းလို့ ငိုမိပြန်ရဲ့။ဒါပေမယ့် လျှပ်တပြက်အတွေ့မှာ ပြိုကွဲပြယ်လွင့်တော့မယ့် ဆင်ခြေတုံတရားကို လက်မတင်လေး အချိန်မီကယ်တင်နိုင်ခဲ့ပေမယ့် နောက်ထပ်တွေ့ဆုံဖို့ အင်အားမစုဆောင်းရသေးပါ။

မျက်လုံးတွေကို ထိန်းသိမ်းရတာ အပူရုပ်ကို ဟန်လုပ်ရတာ ခြေကုန်လက်ပန်းကျနေပါပြီ။ အလွမ်းတွေကို မျိုချလွန်းလို့ ကျွန်မရဲ့ထိန်းချုပ်သည်းခံနိုင်စွမ်းကိုလည်း အယုံအကြည်မရှိတော့ပါ။
ဝေးကွာလက်စနဲ့ ဒီလိုပဲ ဆက်လက်ကြေကွဲနေပါရစေ။

ရှင်သန်ရာအရိပ်ကလေးကို တစ်ဖန်ပြန်ပြီးမြင်လိုက်ရရုံနဲ့ လုံလောက်ကျေနပ်ခဲပါ့ပြီ။ သောကဆူးတွေကြားမှာ အကာအကွယ်မဲ့ ပိတ်မိနေလည်း တစ်ဘဝစာ နှစ်သိမ့်နိုင်ခဲ့ပါပြီ။ ကြယ်ကြွေရာသီရဲ့ မိုးကြိုးမုန်တိုင်းတွေအောက်မှာ ပြေးလွှားနေရလည်း တစ်သက်တာ ဆောက်တည်ရာရခဲ့ပါပြီ။

သူ့ကို လွမ်းလွန်းလို့ ရုပ်၊နာမ်အလုံးစုံ ညှိုးနွမ်းဖောက်ပြန်သွားပါစေ... ရင်နဲ့ရင်းပြီးရွေးခဲ့တဲ့ လမ်းပေါ်မှာ နှလုံးသွေးစက်လက်နဲ့ ဆက်လျှောက်ဦးမှာ ဖြစ်ပါတယ်။
မမြင်ကွယ်ရာမှာ မျက်ရည်တွေကို ပင်ပန်းဆင်းရဲကြီးစွာ သိုဝှက်သိမ်းဆည်းနေကျမို့ အရယ်အပြုံးတုကို ပြုပြင်တပ်ဆင်ရလည်း မခက်ခဲတော့ဘူးထင်ပါရဲ့။

တစ်ခါတုန်းက သူမသိခဲ့တဲ့ ကျွန်မရဲ့ ပုံရိပ်သစ်ရယ်လေ။ အသက်ဝင်တဲ့ မျက်နှာဖုံးကို ဒီဘဝမှာ မရနိုင်တော့ဘူး ဆိုလည်း ရှိပါစေ… မာနတွေကို ထမ်းပိုးကာ နောက်ဆုံးတော့ ပြုံးချင်ယောင်ဆောင်နေပါဦးမယ်။
ကျွန်မရဲ့ ကမ္ဘာမှာ ဆည်းဆာကွယ်လည်း နေပါစေ… မီးလောင်ပြင်မှာ မွန်းတည့်နေပူရှိန်ပြင်းပေမယ့် ကျွန်မက အရိပ်ခိုသူမဟုတ်ကြောင်း လူသိရှင်ကြားဖြစ်ပြီလေ။.........။



art : Pablo Picasso. (Spanish, 1881-1973). "Ma Jolie". Paris, winter 1911-12. Oil on canvas, 39 3/8 x 25 3/4" (100 x 64.5 cm). Acquired through the Lillie P. Bliss Bequest.


(ဒီစာလေးဟာ စာဖတ်သူအားလုံးအတွက် ကျွန်မရဲ့ နှုက်ဆက်စာလေးဖြစ်ပါတယ်။ စာရေးသားခြင်းကို အကန့်အသတ်မရှိနားပါဦးမယ်။ ချမ်းမြေ့ပျော်ရွှင်ပါစေ …)

မေတ္တာများဖြင့် ...
မယ်ကိုး



29 October 2009

သံဝေဂနဲ့ ရယ်ရယ်မောမော ...




မျက်တောင်တစ်ခတ်အတွင်း ကျရောက်လာနိုင်တဲ့ သေခြင်းတရားကို ၂၀၁၂ အထိ ဆွဲဆန့်စိတ်ကူးယဉ်နေသူထဲမှာ ကျွန်မလည်း အပါအဝင်ဖြစ်ပါတယ်။
No Doomsday in 2012: The Reason Why Science Will Not Win
ALL ABOUT 2012 ) ဘယ်လိုဆိုကြလည်း
ဒဏ်ရာတွေနဲ့ ရှင်သန်နေရခြင်းလက်က ရှောင်ပြေးချင်သူမို့ ၂၀၁၂ ဂဏန်းကို နှစ်ခြိုက်နေမိတာလည်း ခက်သားရယ်။

ဒါပေမယ့် အတွေးတွေကို စာမစီမိခဲ့ဘူး။ ချစ်မမ အိန္ဒြာ က ကမ္ဘာပျက်ခါနီး တစ်လလောက်အလိုလို့ တဂ်တော့မှ ကိုယ့်နှလုံးသားကို ကမန်းကတန်းငုံ့ကြည့်မိတဲ့အခါ ….




ဘယ်သူတွေနဲ့ရှိနေချင်လဲ...ဆိုတော့အထီးကျန်ခြင်းမှာ သိမ်မွေ့လှပစွာပေါ့။ ချစ်သောသူတွေနဲ့ အတူမရှိချင်တာက ကိုယ်က ကံနည်းသူဆိုတော့ စက်ကွင်းမလွတ်မှာစိုးလို့ပါ။


ဘာတွေခံစားနေရမလဲ...ဆိုရင် ကြယ်တစ်စင်းဖြစ်ခွင့်မရခဲ့တဲ့ အတွက် ဝမ်းနည်းချင်သားလေ။ဒါပေမယ့်လည်း ကြယ်အသစ်ဖြစ်ဖို့ အိပ်မက်နိုင်တော့မှာမို့ ဝမ်းသာနေပါလိမ့်မယ်။


ဘာတွေပြင်ဆင်ထားမလဲ...ဆိုရင် ခရီးဆောင်အိတ်ရယ်။ ကမ္ဘာပျက်ခါနီးမှာ လေယာဉ်ခတွေ ကြေးမကြီးဘူးဆိုရင် မသေခင်လေး ရောက်ဖူးချင်သေးတာ။ ဗင်းနစ်မြို့ပေါ်မှာ လှေစီးချင်ကာ ဆာဟာရကန္တာရလည်း လျှောက်ကြည့်ချင်သေးတာ။ အဲဒီအချိန်ဆို လူတွေများလို့ လွမ်းဆွတ်ဖွယ် မလှနေတော့ဘူးဆိုလည်း ပါရီလမ်းမတလျှောက် ငေးရင်း ဗင်းဆင့်ဗန်ဂိုး ရဲ့ ညခင်းကဖေးဆိုင် မျက်နှာစာလေး လိုမျိုး တွေ့လိုတွေငြား ရှာပါဦးမယ်။



ပြီးတော့ နိုင်ဂါရာရေတံခွန်နားမှာ ခဏနားလို့ နောက်ဆုံးတော့ အလှဆုံးဆိုတဲ့ အမေ့အိမ်က ငပလီမှာ ခရီးဆုံးချင်ပါတယ်။ နိဂုံးအဖြေကတော့ အဲဒီအချိန်ဆို လူသူကျဲပါးကာ ဈေးလည်း သက်သာနိုင်တဲ့ ကြယ်ငါးပွင့်ဟိုတယ်မှာ တည်းခိုအပန်းဖြေခွင့်ရဖို့နဲ့ ကမ်းခြေမှာ အေးအေးဆေးဆေးလေး သေဆုံး ဖို့ပေါ့။


ဝမ်းနည်းမိမှာက... ကြေကွဲခြင်းမှာ အကျွမ်းဝင်နေသူဆိုတော့ ဘယ်ဒဏ်ရာက ပိုစူးရှလည်း မစဉ်းစားချင်ပေမယ့် တကယ်သေရမယ်ဆိုရင် ကိုယ်ပုံရိပ်လွင့်ပြယ်သွားလို့လည်း ဝမ်းနည်း သတိရမယ့်သူမရှိတဲ့ ဘဝကို တွေးတိုင်းနာကျင်နေမလား။


ကြောက်လန့်မိတာကတော့ သေခါနီး သတိလေးမှ ဆောင်ထားနိုင်ပါ့မလားလို့ တွေးနေမိပေမယ့် ဆောင်ထားချင်တာလေးက ခရီးဆောင်ကွန်ပျူတာလေးပေါ့။ အဲဒီအချိန်မှာ မမမနော်ဟရီတို့ မမအိန္ဒြာတို့ ကဗျာရေးကြမယ် ဆိုရင် တိုက်ရိုက်ကြည့်နိုင်မလား လို့ရယ်ပါ။


ဘာတွေရေးမိမလဲ ဆိုရင် ပုလင်းလေး ၉၉၉ ခုထဲထည့်ဖို့ ရေစိုခံစာရွက်လေးတွေမှာ .......... ဘာရေးမှာလဲဆိုရင်...ပြောပြဘူး =) ။ တစ်ခုတစ်လေမှာ ရုပ်ပုံလွှာထည့်ရင် ကောင်းမလားလို့လည်း စဉ်းစားနေတယ်။ အသက်ရှင်ကျန်ခဲ့သူတွေကို နှိပ်စက်ချင်လို့။ :P
တွေးမိတွေးရာ အတွေးကတော့ ဒီလောကမှာ ငါမရှိလည်း ဖြစ်တာ ပိုပိုပြီး သေချာလာပါလား။


ဂုဏ်ယူချင်တာက ဆိုရင် တရားတော်ကို နာကြားခဲ့ရတဲ့အတွက် စိုးစဉ်းငယ်လေး ကျင့်ခွင့်ရတဲ့အတွက်။
ရှာကြံဖြေသိမ့်မိတာက ချစ်တဲ့သူတွေတော့ မလွင့်ပါးနိုင်လောက်ပါဘူး။


ကျူးရင့်ချင်တဲ့ ဥဒါန်းက သေမင်းဆိုတာရေ … မြန်မြန်လာကွာ … ကြာတယ်။ ( ကျွန်မရဲ့  g-talk မှာတင်ထားတဲ့ ၂၀၁၂ မှာ ဇာတ်သိမ်းပြီတဲ့လား။ အဲဒီလောက်ကြာစရာမလိုဘူးပဲ အခုချက်ချင်းဆိုလည်း ဖြစ်တယ် ဆိုတာကို အစ်ကိုရင်နော်က ထည့်ရေးဆိုလို့ version ပြောင်းပြီး ကျူးရင့်လိုက်ပါတယ် =)


ခုလို တမင်မျက်နှာလွှဲထားတဲ့ သေခြင်းကို မျက်လုံးချင်းဆုံကြည့်ဖြစ်သွားတဲ့အတွက် အထူးကျေးဇူးပါ ချစ်မမအိန္ဒြာရေ...



20 October 2009

“လူသိရှင်ကြား ဟာသ”



အပြုံးဟာ စိတ္တဇနာမ်လို့ ဘယ်သူပြောလဲ။ဒီအပြုံးဟာ သက်စောင့်ဆေးဖြစ်သလို ခိုလှုံရာလည်းဖြစ်ကာ ဘဝအသစ်ကိုလည်း ဖန်တီးနိုင်တဲ့ တန်ခိုးလည်း ရှိရဲ့။
ဒီလို သေစေနိုင်တဲ့ အပြုံးနဲ့ စတင်ငြိရတာက ဂျပန်ဇာတ်ကောင် “ L ”ကြောင့်သာ။

ဘာ... ရယ်လို့ဆိုကာ မအံ့သြစေချင်ပါ။
တစ်ခုသောနေ့၊ တစ်ခုသောအချိန်၊ တစ်ခုသော လူသူပါးတဲ့ ဘူတာရုံလေးမှာ မောင်နဲ့ ကျွန်မဟာ ကံတရားဆောင်မလို့ ကြုံဆုံခဲ့ကြ။ ကျွန်မနဲ့ အတူတူလှမ်းဝင်ကာ ဘေးချင်းယှဉ်ရပ်နေတဲ့ မောင်က တကိုယ်လုံးရှုပ်ယှက်ခတ်အောင် ဆင်ယင်ထားတာမို့ မြန်မာလို့ပင် မထင်မိပါဘဲ အထူးအဆန်းအနေနဲ့ တစ်ချက်ပင် ငေးမိသေးတာ။

ဇာတ်လမ်းစတင်မိပုံက ရုံးတက်ချိန်လူများတယ်ဆိုပေမယ့် ကျွန်မမှာ မဖွင့်တဲ့တံခါးဘက်ခြမ်းမှာ ကပ်ရပ်နေမိကာ အနားမှာ လူလည်းသိပ်မရှိတာကြောင့် အားနာနာနဲ့ပဲ မီးနစ်၂၀နီးပါး ဖုန်းပြောသမျှမှာ ဂျပန်ဇာတ်လမ်း Death Note အကြောင်းသာ။

မောင် အမြင်မကြည်ခဲ့တာကို အပြစ်မဆိုသာပေမယ့် တကယ့်ကို တိုးတိုးသက်သာ စကားဆိုခဲ့တာရယ်။မောင် နားစွင့်လိုသာ နားစွန်နာဖျားကြားတာလို့ ကျွန်မ စွဲချက်တင်တော့ မောင်က ထုံးစံအတိုင်း ပြုံးလို့သာ နေခဲ့ပါတယ်။

ဆွယ်တရားဟောရတာလေ။
ကိုရီးယားကားသာ ကြည့်တဲ့ သူငယ်ချင်းကို ရတဲ့အချိန်လေးအတွင်းမှာ ဆွဲဆောင်ရတာက အဲဒီတုန်းက ရုံတင်နေတဲ့ “ L :Change the World ” ဂျပန်ကားကို ကြည့်ချင်လွန်းလို့သာ ။ဘယ်သူမှ အဖော်စပ်လို့ မရခဲ့တဲ့ ကျွန်မမှာ နောက်ဆုံးဒီသူငယ်ချင်းတစ်ယောက်ကိုပဲ ရေပက်မဝင်အောင် ဆိုရတော့တာ။


နောက်ဆုံးဘူတာရောက်ဖို့ တစ်မှတ်တိုင်အလို ကျွန်မလိုပဲ လူအားလုံးနီးပါဆင်းကြချိန်အထိ စကားလက်စမသတ်နိုင်သေးခဲ့ကျွန်မကို ကြည့်မရတော့တဲ့မောင်က အနားကပ်ကာ စကားတစ်ခွန်း ဆိုတယ်လေ။အနောက်ကလျှောက်လာတဲ့ မောင်က ဘေးချင်းယှဉ်ရပ်ကာ မထီတရီ ခေါင်းငဲ့လို့ ပြောခဲ့တာရယ်။

“ Thesis ခေါင်းစဉ်က ဘာလဲ “ L ” လား ”
“ အယ် ... ”
အံ့သြမှင်သက်သွားတဲ့ကျွန်မကို မောင်က သဘောတကျပြုံးလေရာ ကြယ်စင်လင်းကို မြင်ရသလို စိတ်နှလုံးကြည်မွေ့သွား။
ဘုရား... ဘုရား။
ဒါ အပြုံးတဲ့လား။
ဟင့်အင်း။မဟုတ်ပါဘူး။ပညာရှင်စီရင်ထားတဲ့ မှော်အတတ်ပါလေ။

အသံပြတ်တောက်သွားတာကြောင့် “ဟယ်လို ...ဟယ်လို ”လုပ်နေတဲ့ သူငယ်ချင်းကို ဥပေက္ခာပြုမိလောက်အောင် ကျွန်မမှာ မူးရီငေးကြောင်။
မောင်က “နောက်တော့ တွေ့ကြတာပေါ့ ” လို့ဆိုကာ အေးဆက်သက်သာနှုတ်ဆက်ထွက်ခွာသွားပေမယ့် ကျွန်မမှာတော့ မောင့်အရိပ်ကလေး လူတွေအကြား ဝေးကွာပျောက်ကွယ်သွားတိုင်အောင် နှလုံးခုန်သံဆူညံညံနဲ့ လှုပ်ခတ်တုန်ရီ ကျန်ရစ်ခဲ့။

နောက်တော့ မောင့်ပညတ်စကားဟာ နမိတ်အသွင်ပြောင်းလို့ ကျွန်မကို နှိပ်စက်ခဲ့တာ။
အသေအချာပေါ့။ကံဆိုးမသွားရာ လိုက်လို့ရွာတဲ့ မိုးတွေလေ။
ဘူတာရုံလေးမှာပေါ့၊ ပထမတော့ ရံဖန်ရံခါ နောက်တော့ နေ့စဉ်ရက်ဆက်။
“ Hi ” တဲ့။
မောင်နှုတ်ဆက်တတ်တာ။
ကျွန်မကို နှုတ်ဆက်တာမဟုတ်သလို မမြင်ချင်ယောင်နေရင် တဆင့်တက်လို့
“ Eru , Ohayo gozaimasu ”တဲ့။
မင်္ဂလာနံနက်ခင်းလေ L လို့ ခပ်တည်တည် နောက်တတ်တော့တဲ့အခါမှာတော့ ခေါင်းငဲ့ကာ မပြုံးဘဲ မနေနိုင်ပြန်။

ခက်တယ်။
အရိပ်မြင်ရုံနဲ့ အရောင်အလုံးစုံကိုနားလည်ခဲ့သူမို့ ကိုယ့်သေတွင်းကိုယ်မတူးမိဖို့ ကြိုးစားလို့ ရှောင်လွှဲခဲ့ပါသေးတယ်။
ဒါပေမယ့် စနစ်တကျပြင်ဆင်ကာ ရက်စက်တတ်တဲ့ ကံကြမ္မာ။
ရုံးက နေ့တစ်ဝက်မှာပြန်လာမိတဲ့ ကျွန်မ အလွန့်အလွန်အံသြစရာတိုက်ဆိုင်စွာ ရထားတစ်တွဲတည်းမှာ မောင်နဲ့ကြုံရပြန်။

မောင်ကလည်း ထိုနေ့က ရုံးမတက်ဘဲ လျှောက်သွားနေတာတဲ့လေ။
မျက်နှာချင်းဆိုင်မှာ ခုံတွေအလွတ် ကျွန်မထိုင်နေရာတစ်လျှောက်မှာလည်း ခုံတွေအလွတ်ပေမယ့် မောင်က အနားဝင်ထိုင်တော့ လာမယ့်ဘေး ဝေးဝေးရှောင်ဆိုကာ နေရာရွှေ့သွားလို့ ဘယ်ကောင်းပါ့မလဲနော်။

ဒီလိုနဲ့ ပေါက်ကွဲတော့မယ် ဗုံးတစ်လုံးဘေးမှာ ရင်တထိတ်ထိတ်နေရသူလို ဖြစ်နေဆဲ ဗျူဟာကျွမ်းကျင်တဲ့ မောင်က လှလှပပဇာတ်ခင်းသွားခဲ့တာ။ L ပုံ သော့ချိတ်လေးကို လှမ်းပေးတယ်လေ။

အယ် ....ချစ်ဖို့ကောင်းလိုက်တာ။ kawaii kawaii လို့ ရင်ထဲမှာ အခွန်းထပ်မြည်နေတာ မောင်ဘယ်လိုကြားသွားလဲ မသိပါ။ အပြုံးချိုချိုနဲ့
“ kawaii desu ne”
ချစ်ဖို့ကောင်းတယ်နော်တဲ့။
ဟုတ်။

မရည်ရွယ်ဘဲ ခေါင်းငြိမ့်မိခဲ့ပေါ့။ နှစ်လိုဖွယ်ကောင်းလွန်းတဲ့ နည်းပညာလေးပဲနော်။ မပြုံးမရယ် တစိမ်းအသွင်ဆောင်ဖို့ ဘယ်လိုတတ်နိုင်မှာလဲကွယ်။
နောက်ဆုံးမှာ မိတ်ဆွေ တွေလေ။
ဒီလိုနဲ့ သေဒဏ်စီရင်ချက်ချသူမှာ ကိုယ်တိုင်သာ ဖြစ်ခဲ့တာ။

အားလုံးက ဝိုင်းဝန်းတားဆီးနေတဲ့ကြားက သုံးလတစ်ခါလောက် ဆံပင်အရောင်ပြောင်းတတ်သော၊ ခြောက်လတစ်ခါလောက် ဖုန်းပြောင်းကိုင်တတ်သောမောင့်ကို ရှုပ်ပွေတာ၊စိတ်အပြောင်းအလဲမြန်လှတာ သိပေမယ့်....

အပြုံး။အပြုံးတွေလေ။
ဒီအပြုံးညှို့ကွင်းက လွတ်အောင် ဘုရားရိပ်ခိုကာ တောကျောင်းမှာပဲ စံပျော်ရတော့မှာလား။
ဟင့်အင်း။လွမ်းလွန်လွန်းလို့လေ .... ကျိန်စာရဲ့ ခြေဆင်းတီးလုံးတွေမှန်း သိလည်း အဲဒီအပြုံးတွေကို တွန်းလှန်နိုင်အောင် ဘယ်သင်တန်းမှလဲ မတက်ချင်ပါ။

ထိုအပြုံးနေခြည်နဲ့မှ မနက်လင်းတယ်ထင်ကာ ဆည်းဆာကွယ်တော့ ချစ်လှစွာသောအပြုံးမီးအိမ်ကို မျက်နှာကျက်မှာ ချိတ်ဆွဲရင်း လရိပ်လို့ထင်ကာ ကိုးကွယ်ရာမှားနေသူမှာ
မောင် အဖြေတောင်းတော့ ဟန်ဆောင်ကာ ငြင်းကောင်းတယ်လို့ပင် မထင်ခဲ့။
ရယ်ချင်လည်း ရယ်လိုက်ပါဦး။ သုံးရက်လောက် ဝေးရင်ပင် ရူးတော့မယ် ထင်နေခဲ့သူတစ်ဦးလည်း ဖြစ်ဖူးခဲ့လေရဲ့။
ဆိုးရွားပြင်းထန်လှတဲ့ ဝဋ်ပါကွယ် ။

ပိုလို့ အကျနာစေတာက ဒီကောင်းကင်ဟာ ကျွန်မ တစ်ဦးတည်းပိုင် မဟုတ်ဘူးလေ။ အမည်ပေါက် ကြယ်ကလေးတွေ မရေတွက်နိုင်လွန်းလို့ နာမည်အစား ID နံပါတ် မှတ်ထားရတယ်လို့ပြောတာ ကျွန်မကတော့ ရယ်စရာလို့ တကယ်မထင်ပါ။
မောင့်ရဲ့အကြောင်းဆို သုံးလသားဘဝမှစလို့ စပ်စုတိုထွာ အမှတ်ရနေတတ်သူ ကျွန်မမှာ မောင့်ချစ်သူဟောင်းတွေရဲ့ နာမည်နဲ့မျက်နှာတွေကို ယနေ့ထက်တိုင် ရောထွေးနေဆဲ။

ပုံပြင်ပမာ အံ့သြဆန်းကြယ်စွာ။ ချစ်ရတဲ့မောင်က သူစွံကြောင်းပြသချင်တာလားလို့ သင်္ကာမကင်းဖြစ်ရအောင်ပင် ထုံးစံမပျက်ဆိုကာ ရည်းစားဟောင်းပေါင်း မြောက်မြားစွာနဲ့ ကျွန်မကို မိတ်ဆက်ပေးတဲ့အခါ။

ဘယ်သူယုံနိုင်မလဲနော်။
မောင့်ချစ်သူဟောင်းတွေဟာ ညီအစ်မအရင်းတွေပမာ ချစ်ခင်ကြည်သာ။ ကျွန်မအပေါ်လည်း လှိုက်လှဲချိုသာ။နှလုံးရည်ချို့တဲ့သူ ကျွန်မမှာသာ မပြုံးနိုင်၊မရယ်နိုင်ဘဲ မောင့်ကို ပွင့်ပွင့်လင်းလင်း စကားဆိုရတော့တာ...

“မောင် နောက်ကောင်မလေးရရင် ကျွန်မနဲ့ လာမိတ်ဆက်မပေးနဲ့နော်။ ကျွန်မက သူတို့လောက် သဘောထားမကြီးဘူး သိလား။”
“ ဟန်ဆောင်မကောင်းရင် မကောင်းဘူးလို့ ပြောပါ ညိုလေးရယ် ”
မောင်က သူ့ထုံးစံအတိုင်း ရယ်မောနေခဲ့တာ။

“ဒီကတိတစ်ခုတော့ ပေးပါမောင်ရယ် ။ ”

အတတ်နိုင်ဆုံးထိန်းသိမ်းထားတဲ့ကြားက အသံဟာ ဆိုးဆိုးရွားရွားနိမ့်ဝင်သွားပါတယ်။
မောင် ကျွန်မကို သနားသွားခဲ့တာများလား။
ယနေ့ထက်တိုင် မောင်က သူ့ကောင်မလေးနဲ့ မိတ်ဆက်မပေးသေးပါ။

ကျေးဇူးတင်ပါတယ် မောင်ရယ်။
ဒါပေမယ့် မောင် ကျွန်မကို အထင်သေးလွန်းပြီ ထင်တယ်။ မောင့်ကောင်မလေးကို ကျွန်မ ကိုယ်ချင်းစာနားလည်ပြီး ချစ်နိုင်ပါတယ်ကွယ်။
ဘယ်လိုပဲ သွင်ပြင်ယုံကြည်ချက်တွေကွဲပြားနေပါစေ .... နှလုံးခုန်သံတူညီကြသူတွေ မဟုတ်လား။ မောင် တစ်ယောက်တည်းကို ချစ်မိသူတွေလေ။

ခက်တာက မိတ်ဆက်ပေးတဲ့အခါမောင့်အပြုံးမှာ ကျွန်မခံနိုင်ရည်ရှိပါ့မလားဆိုတာ သိပ်မသေချာ။
မနှစ်လိုတော့လို့ မဟုတ်ပါဘူး မောင်ရယ်။ ချစ်နေသူဆိုပေမယ့် မစွဲလမ်းသင့်တော့ဘူးပဲလေ။
ကျေးဇူးပြုပြီး မပြုံးပါနဲ့တော့နော်။
တစ်ဘဝစာ ရှင်သန်ရပ်တည်ဖို့ မောင့်အပြုံးတွေကို လုံလုံလောက်လောက် စုဆောင်းခဲ့ပြီးပြီမို့ ငြိမ်းချမ်းစွာပဲ ဆက်လက်ကြေကွဲ နေပါရစေလေ။




10 October 2009

“ အိမ်မဲ့သူတေး ”




ခံစားချက်တွေကို သိမ်းမြုပ်ထားခြင်းမှာ အလေ့ဖြစ်နေသူ
အိပ်မက်ကို ရှာမတွေ့နိုင်သူ
စိတ်နောက်နေသူ
နောက်ကွယ်မှာ ပြိုလဲနေသူ
ရပ်တည်ရာ မဲ့နေသူ
ယုံကြည်ရာ ပျောက်ရှနေသူ
တင့်တယ်ကျက်သရေ ဝေးကွာလွန်းသူ….

ဒီနာမဝိသေသနတွေက Avril Lavigne ရဲ့ Nobody's Home သီချင်းစာသားလေးတွေကို ကျွန်မ မလှမပ ဘာသာပြန်ထားတဲ့ ဝေါဟာရ အကျိုးအပဲ့လေးတွေပါ။ ဘာသာစကားချို့တဲ့မှူနဲ့ စကားလုံးတွေ လိုရင်းမရောက်ခဲ့ရင် သည်းခံပေးစေချင်ပါတယ်။

ကျွန်မကို ရည်စူးထားသလို ထပ်တူကျလွန်းတာမို့ ပျောက်ဆုံးနေတဲ့အသံတွေကို ဒီသီချင်းလေးကနေ ညည်းချင်းဖွင့်တာ ခွင့်ပြုပေးပါလေ။ နာပျော်ဖွယ်ကောင်းတဲ့ ဖြစ်ရပ်မှန်တွေသာ တေးလုပ်ဆိုချင်ပေမယ့် ကံနည်းခဲ့သူပါ။
ပကတိအလင်းရောင်မှာပင် နောက်ကျောကို ဓားထိုးခံရတာမို့ ပုံရိပ်ယောင်တွေတောင် ရှောင်ပုန်းချင်ခဲ့တဲ့အခိုက်မို့ ဒီသီချင်းလေးကို စဉ်ဆက်မပြတ်နားထောင်နေခဲ့တာ။


Found at: http://www.filestube.com

ဘယ်သူတွေကြောင့်လို့ မညွှန်းဆိုချင်ပေမယ့် သီချင်းလေးညည်းရခြင်းအကြောင်းရင်းလေးကိုတော့ အမြွက်မျှ ပြောပါရစေလေ။
…………………………………………………………………………………………………………

နိုင်ငံကြီးသားတွေမို့ သမာသမတ်ရှိမယ်ထင်ခဲ့လည်း နောက်ကျောကို ဓားနဲ့ထိုးတဲ့သူတွေ။

ခိုင်းစရာရှိရင် လေသံပျော့ပျော့နဲ့ အောက်ကျို့ပြောတတ်ပြီး တစ်ခုလေးမှားသွားတာနဲ့ မျက်နှာထား တင်းမာသူတွေ။
မာနဆိုတာ ဘာပါလိမ့်လို့ ပြန်မေးရမယ့် အခါလား။
အလုပ်မှာ လေသံမာမာနဲ့ အပြောခံရတဲ့အခါ ထွက်စာပစ်ပေးကာ ခေါင်းမော့ထွက်သွားချင်လည်း မနက်မိုးအလင်းမှာ ဒီအရိပ်အောက်ကိုပဲ မျက်နှာအောက်ချလို့ သွားရပြန်တဲ့အခါ။
…………………………………………………………………………………………………………

ကျွန်မ ဘာလုပ်သင့်ပါသလဲ။

အထက်လူမျက်နှာကို ရေနဲ့ မပက်နိုင်လို့ ကိုယ့်လက်ကောက်ဝတ်ကိုပဲ ဓားနဲ့လှီးရတော့မှာလား။

ဘယ်လိုသည်းခံရမလဲ။ တံခါးရဲ့ အပြင်ဖက်ကိုပင် မျှော်မကြည့်နိုင်ပေမယ့် အေးခဲမှူတွေ ရနံ့ပြင်းလွန်းတဲ့ ဒီခြံဝင်းထဲက ကျွန်မ ပျံထွက်ချင်လွန်းချင်လည်း ...
ဘယ်အရပ်ကို ဦးတည်ရမှာလဲ။
ပြေးစရာမြေမရှိတဲ့အခါ လဲပြိုသေဆုံးပြီလေ။
ကျွန်မနဲ့ သက်ဆိုင်တဲ့နေရာဟာ ဘယ်ရပ်ဝန်းမှာလဲ။ ဘယ်ရာသီခွင်မှာလဲ။ဘယ်နက္ခတ်အောက်မှာလဲ။
...................................................................................................................................................................
အိမ်တဲ့လား။
နာကျင်ခါးသီးစွာ ထပ်တူပြုရပါရင် ကျွန်မအတွက်တော့ ရင်ခွဲရုံသာ ဖြစ်ရဲ့။
ကျွန်မ နားမလည်ဘူး။ ကျွန်မရဲ့ အသိဥာဏ်နဲ့ ဝေးကွာလွန်းတယ်။
အတောင်မဲ့သူမှာ အသိုက်လဲမရှိသလို အေးစက်လေထုနဲ့ အချောကိုင်ထားတဲ့ အဲဒီ အထီးကျန်လှောင်အိမ်မှာ ဘယ်သူမှလည်း မရှိဘူး။

.........................................................................................................................................

အိမ်ပြန်ချင်တယ်။
အိမ်မှာ ဘယ်သူရှိမှာလဲ။
ဘယ်သူမှ အိမ်မှာ မရှိဘူး။

အိမ်ရဲ့ အဝေးမှာ ရှင်သန်နေသူပါ။ တစ်မိုးအောက်မှာ နေသူအချင်းချင်း အကြည့်ချင်းပင် မဆုံဖြစ်တဲ့ နာရီတွေရှိတယ်။ နေကုန်နေခန်း စကားတစ်ခွန်း မဟဖြစ်တဲ့ ရက်စွဲတွေ ရှိတယ်။ မျက်နှာပြင်အကြောလျှော့ဖို့ပင် ဟက်ဟက်ပက်ပက်မရီခဲ့တဲ့ ရက်သတ္တပါတ်တွေ ရှိတယ်။

စိုစွတ်ငါ့မျက်ဝန်းတွေ ခြောက်သွေ့စေဖို့။
ဘယ်ကိုသွားရမှာလဲ။

ဘယ်ကိုမှ မရွေ့နိုင်သူပါ။ လမ်းပျောက်နေသူဟာ ညဉ့်နက်သန်းခေါင် ဘယ်သူမျက်နှာမှမငဲ့ဘဲ စာရေးစာဖတ်နဲ့ လွတ်လပ်လှချည့်ဆိုကာ ရွေးချယ်ခဲ့တဲ့ တစ်ယောက်တည်းအခန်းမှာ ကျုံ့ကျူံ့လေးထိုင်ကာ။

အထီးကျန်ခြင်းဟာ ဆေးဖက်ဝင်တယ်တဲ့။
ကြေကွဲခြင်းတွေ မွှန်းထားတဲ့ အကျဉ်းခန်းလို သေတ္တာဗုံးခွံငယ်ထဲမှာ ဧကစာကျင့်လိုသူပါတဲ့။
ဒါတွေဟာ ကိုယ့်စိတ်ကလေး ပြိုကွဲမသွားအောင် လှည့်ဖြားချက်တွေသာ။

အခုတော့ အလုံပိတ်အခန်းငယ်မှာ ကိုယ့်အရိပ်က ကိုယ့်ကို သွေးလှန့်ချောက်ခြားစေတာ။
ဟိုဒီမလှည့်သာတဲ့ ဒီအခန်လေးဟာ မွန်းကျပ်မှုတွေ အပြည့်အသိပ်နဲ့ နှိပ်စက်ထောင်ပဲရယ်။
တစ်ယောက်တည်းနေ တစ်စိတ်တည်းထား အစရှိတဲ့ တရားစကားလုံးတွေကို မန္တာန်လိုရွတ်နေရင်းကပင် ရက်စက်မှူတွေ ဖိနှိပ်မှုအောက်မှာ မူမမှန်ချင်သလိုဖြစ်လာ။

ကြံခိုင်ရမယ် တဲ့။
အမြင်ဖွင့်ပြီး အကြောင်းရင်းရှာရမယ် တဲ့။

တေးသီချင်းနဲ့လိုက်ညည်းပြီး ကိုယ့်ကိုကိုယ်ဆုံးမပြန်ပေမယ့် အကျွတ်တရားနဲ့ ဝေးကွာလွန်းသူပါ။
ကျွန်မကိုယ် ကျွန်မပဲ လူ့လောကထဲ ရောက်ရှိလာမှုနဲ့ တရားစွဲရမှာလား။
နာကျည်းရလွန်းလို့ ဒဏ်ရာတွေဟာ ပျင်းစရာကောင်းလာတယ်။

…............................
အိမ်ပြန်ချင်တယ်။
အိမ်မှာ ဘယ်သူရှိမှာလဲ။
ဘယ်သူမှ အိမ်မှာ မရှိဘူး။
...............................................

တော်သင့်ပြီ။
အသက်ဓာတ်လေးကို စောင့်ရှောက်ရမှာ ဖြစ်တဲ့အတွက် ဒီသီချင်းကို ဆက်လက် နားမထောင်သင့်၊ မညည်းသင့်တော့မှန်းသိလည်း ဒီသီချင်းဟာ ကျွန်မရဲ့ သွေးကြောမျှင်တစ်လျှောက် အနည်ကျခဲ့ပြီ။

ဒါပေမယ့် ကျွန်မ မငိုဘူးပဲ။ အပိုင်းအစစ နှလုံးသားအကွဲအကြေတွေနဲ့ ရင်ဘတ်ထဲမှာ အနက်ရောင်ဟင်းလင်းခွင်။ရိုက်ချက်တွေဟာ စူးနက်လွန်းလို့ မျက်ရည်ကို ခမ်းစေတယ်။ ဝဋ်ကြီးသူပါ။ ဘယ်လိုပင် မိုးကြိုးခြွှေလည်း မသေသေးဘူးကွယ့်။

ခရောင်းထက်ကြမ်းတဲ့လမ်းမှာ တမျှော်တခေါ်က အိမ်အရိပ်လေးဆီ မျှော်လင့်လို့ ကျွန်မ ရှေ့ဆက် လျှောက်ပါဦးမယ်။
လမ်းရဲ့ တံခါးဝှက်ကိုပင် မတွေ့မြင်နိုင်သူဟာ ရိုးရာမပျက် ရင်ကွဲတေးလေးကိုညဉ်းရင်းနဲ့ ......


ကြိုဆိုသူမဲ့ ရက်စက်တဲ့မြေပေါ်မှာ တည်ထားပေမယ့်လည်း ကျွန်မ အိမ်ပြန်ချင်ပါတယ်။...။



ဒီသီချင်းလေးကို ရင်ဖွင့်ညည်းခွင့်ပေးတဲ့ အစ်ကို ဆောင်းယွန်းလ နဲ့ အစ်မ အိန္ဒြာ တို့ကို ကျေးဇူးအထူးတင်ရင်း ကျွန်မရဲ့ “ ချစ်သောသူသို့  အကြောင်းကြားပါသည်... ” စာလေးမှာ “ နေစရာထိုင်စရာအဆင်မပြေဘူးလား ” လို့ စေတနာထားမေးသွားတဲ့ အစ်မမေ အတွက်ပါ ရည်စူးဖြေကြားလိုက်ပါတယ်။

09 September 2009

အသင်ရဲ့ မချစ်မနှစ်သက်သော...


ချစ်ညီမလေးဝက်ဝံပိစိလေးရဲ့ tag post တစ်ခုကို ရှောင်လိုက်တော့ နောက်တစ်ခုနဲ့ မျက်နှာချင်းဆိုင်တိုးပါတယ်။ “ကျွန်မကို အမြင်ကတ်ကြသော အကြောင်းရင်းများ” တဲ့။ အချက်အလက်တွေက စုံလွန်းတာမို့ တစ်စစီ ဆွဲဖြည်ရရင်ဖြင့် တစ်ထောင့်တစ်ညထက် ကြာသွားနိုင်တာကြောင့် လိုရင်းကိုသာ ဆိုခွင့်တောင်းပါရစေလေ....

အနှစ်ချုပ်ကတော့ တစ်ကြောင်းတည်းပါပဲ။ လူတွေရဲ့ အမြင်လွဲ အမြင်မကြည်ခြင်းကို ခံရတဲ့ ကံပါတယ်” လို့ ဇာတာဖွဲ့မှာပင် မှတ်တမ်းပြုခံခဲ့ရတဲ့သူပါ။ မျက်နှာမြင် ရိုက်ချင်လိုက်တာ။ အသံကြား ခါးသီးလိုက်တာ… လို့ လူတကာဆိုရသူဟာ ကျွန်မသာ ဖြစ်ပါတယ်။ မယုံမရှိပါနဲ့။ ငယ်စဉ်ကစလို့ အမုန်းဆိုးတွေနဲ့ ရင်ဆိုင်တွေ့ကြုံခဲ့ရသူပါ။ ဗေဒင်အဟောကို ငယ်စဉ်အခါမှာတော့ မယုံခဲ့ပါဘူး။ ဒါပေမယ့် အသက်ကလေးရလာတော့ တိုက်ဆိုင်လွန်းတိုင်း ထိုစာလေးကို သတိရတတ်လာ။ နေသာသလို နေချင်ပေမယ့် ထိရှပါများတော့ ကျွန်မ ကြောက်တတ်လာတော့တာ။

မယုံဘူးလား။ ကံ၊ကံရဲ့တရားကို မယုံကြည်ဘူး ဆိုရင် ကျွန်မသက်သေလုပ်ပေးပါရစေ။ အတိတ်ကံနဲ့ လက်ရှိကံလွန်ဆွဲတိုင်း အမြဲတစေ လွင့်စင်ပြိုလဲနေသူရယ်။ တကယ်ပါ။ ဒီဘဝကတော့ ဝဋ်ကြွေးတွေနဲ့ ကစားနေခြင်းသာ။
အရူးရင့်သူရယ်လေ။ ဘယ်တုန်းကမှ မနိုင်ဖူးသေးလည်း မိုက်မိုက်မဲမဲ ရှေ့ဆက်တိုးနေသူသာ ဖြစ်ပါတယ်။ ဒါပေမယ့် သိမ်ငယ်ခဲ့ပြီ။

ကံသာသူတွေ သံသယနဲ့ မကြည့်ပါနဲ့။ ကိုယ်တိုင်မကြုံဖူးတိုင်း မဖြစ်နိုင်ဘူးလို့ သဘောထားကျဉ်းကျဉ်းနဲ့ ဇွတ်မှိတ်မငြင်းပါနဲ့ဦး။ တစ်ချို့သောသူတွေရဲ့သမိုင်းဟာ ဖတ်ပျော်တဲ့ ပုံပြင်တစ်ပုဒ် မဟုတ်ပါဘူး။ ဒါပေမယ့် ရှိပါစေလေ။ နားလည်မှုညှိနှိုင်းခြင်းဆိုတဲ့စကားလုံးမှာ ကျရှုံးပေါင်းများခဲ့ပါပြီ။



ဘယ်လိုခွန်းချိုဆိုရမလဲ။ ဘယ်လို ပြုံးရယ်ရမလဲ။ ဘယ်လို တုံ့ပြန်သင့်သလဲ။ ကျွန်မ မသိဘူး။မနေတတ်ဘူး။သရုပ်မဆောင်တတ်ဘူး။ အေးခဲနေတဲ့ မျက်လုံးတွေအောက်မှာ ကျွန်မ မနေရဲဘူး။ အသက်ရှုမဝဘူး။ မျက်နှာမကြည်လင်တော့ဘူး။  ဒီလိုနဲ့ ကိုယ့်မျက်နှာရိပ်ကို ဘယ်လိုထိန်းသိန်းရမှန်းလည်း နားမလည်တော့တဲ့အခါ ကျွန်မရဲ့အရိပ်တမျှင်ကအစ မုန်းချင်စရာဖြစ်လာတယ်။ ယိုင်နဲ့နဲ့ အသံဟာ ကြားနာဖို့ ခက်တယ်။ ကျိုးကြည့်ကြောင်ကြည့် အပြုံးတွေကလည်း စိတ်ပျက်ဖွယ် အတိရယ်။


သိုသိုသိပ်သိပ်နာကျင်မှုတွေဟာ ခါးလွန်းလို့ နောက်ကျိသွားပြီ။ စူးခဲမှုံမိုက်တဲ့ အထီးကျန်မှုကပဲ ကျွန်မရဲ့ အိမ်ယာဖြစ်လာပြီ။ နှလုံးသွေးစိမ်းစိမ်းတွေအန်ပြီး ပျော်ပျော်ရွှင်ရွှင် သေဆုံးဖို့ အိပ်မက်မက်တတ်ပြီ။
ပျော်ရွှင်စရာ ကမ္ဘာ တဲ့လား။  မကြားဝံ့မနာသာ စကားလုံးရယ်သာ။ အဆုံးမှာတော့ ချောက်ထဲတွန်းချခံရတဲ့အခါ ကိုယ်တိုင်က အစွန်းတစ်ဖက်မှာ ရပ်နေမိခြင်းကြောင့်လို့ပဲ ဆိုချင်ပါရဲ့။ လောကဓံနဲ့ ကျွန်မ ဘယ်အချိန် ကြေအေးမှာလဲ ဆိုတာလည်း မသိချင်တော့ပါဘူးလေ။ ရင်ထဲကအသံကို ဘာသာစကားနဲ့ ပုံဖော်နိုင်စွမ်းမရှိသူမို့ ကဗျာမပီဘူးဆိုတဲ့ စာလေးကိုပဲ အကြွင်းမျှခြွေချပါရစေတော့…။


“နားလည်မှူ ကမ်းပါး ”

အငြိုးတလက်လက် ပြာပူမိုးတွေအောက်
ခေါင်းငုံ့ကာ ရပ်နေသူပါ။

ရင်ကွဲနာကျ
အငွေ့ဖြစ်သွားလည်း...
ဟာသ ပဲတဲ့လား။

ရှိပါစေ။

သိမ်ငယ်သူကိုမှု
ပြက်ရယ်ပြုတတ်လည်း
ဝဋ့်ကြွေးတွေ ကြိုးစားဖြေမယ်။


ဒါပေမယ့်လည်း...
အပြန်ကို မျှော်မိတဲ့ ပုထုဇဉ်ရယ်လေ။

နတ်ဒေဝါတွေရေ...
မကြားတော့ဘူးလား။

ဘာကြောင့်အခါခါသတ်ချင်ရတာလဲလို့
ခနဲ့မဆိုရက်လည်း မတော်ဘူးထင်တယ်နော်။


ရက်စက်လွန်းလှရဲ့။
“ နားလည်ပါတယ် ” ဆိုတဲ့ စကား
တစ်ခွန်းလေးကြားဖို့

ဒီလောက်တောင် ခက်သလားကွယ်...။



(
၉ရက်၊ ၉လ၊ ၂၀၀၉ မှာ အမှတ်တရတစ်ခုခု ရေးချင်နေတုန်း ချစ်ညီမလေးဝက်ဝံပိစိလေးကြောင့် ဒီစာလေးရေးဖြစ်သွားတဲ့အတွက် ကျေးဇူးပါ ညီမလေးရေ… )

05 September 2009

' ကြယ်လွဲမိုး '

ငွေကလွဲပြီး ကျွန်တော် ဘာကိုမှ စိတ်မဝင်စားဘဲ ငြီးငွေ့စိတ်တိုနေတဲ့ အချိန်ပေါ့။ မနက်ကျရင် စာဖတ်မယ်။တစ်ခါတစ်လေ ကျောင်းသွားမယ်။ညနေဆို ဆေးခန်းသွားတယ်။ အဲဒီလို ကေသရာဇာပုံရိပ်တွေသာ အာရုံမှာ ထင်နေချိန် သူတို့က ကျွန်တော့်မျက်စိ ရှေ့အောက် ရောက်လာခဲ့တယ်။

 မျက်နှာချင်းဆိုင်တိုက်ခန်းကို ပြောင်းလာတာပါ။ ရှေ့သွားနောက်လိုက် ဘယ်လိုမှ မညီတဲ့ စုံတွဲဗျ။ ယောက်ျားက အရပ်မြင့်မြင့် အသားဖြူဖြူ၊မိန်းမက အရပ်နိမ့်နိမ့် အသားမဲမဲ။ပိုဆိုးတာက အမျိုးသမီးက ပိုပြီး တော်တော်လေး အသက်ကြီးနေတာပဲ။ ကိုယ့်ထက်အသက်ငယ်တဲ့သူကို ယူထားတဲ့ မိန်းမတွေဆို ပတ်ဝန်းကျင်က အလိုလိုအထင်သေးတတ်သလို ကျွန်တော်လည်း ကြည့်မရတတ်ဘူး။ ဒါပေမယ့် သူမနဲ့ဆုံပြီး သိပ်မကြာခင်မှာပဲ အဲဒီဓာတ်ခံက မှေးမှိန်ပျောက်ကွယ်သွားတယ်ဗျ။ ခင်မင်နှစ်လိုဖွယ်ကောင်းတဲ့ အမျိုးသမီးမို့လို့ ထင်ပါရဲ့။

 ရောက်ရောက်ချင်း မိတ်ဖွဲ့ခဲ့ပေမယ့် ယောက်ျားက ကွန်ပျူတာကျွမ်းကျင်သူ ဆိုတာရယ်လောက်ပဲ သိပြီး ဒီထက်ပိုပြီး မကျွမ်းဝင်ခဲ့ပါဘူး။သူတို့နဲ့ကျွန်တော်ခင်မင်လာပုံကတော့ ရိုးလွန်းပါတယ်။ အတော်လေးဂဂျီဂဂျောင်ကျတဲ့ ကျွန်တော့်ကွန်ပျူတာကြောင့်ပါပဲ။ အဲဒီနောက်ပိုင်းတော့ ကျွန်တော့်ကွန်ပျူတာရော၊ ဘွဲ့လွန်စာတမ်းစီဖို့ရော အဲဒီလူလက်ထဲပဲ အပ်ထားလိုက်တော့တယ်။ သူ့ရဲ့မျက်နှာက ခပ်ထန်ထန်ကြွပ်ဆပ်ဆပ်ပေမယ့် ခင်မင်ကူညီတတ်တဲ့ သူပါပဲ။

 ပြောချင်တာတစ်ခုက သူ့မျက်နှာမာမာက သူ့မိန်းမနဲ့ဆုံတဲ့အခါ အေးဆေးတဲ့ ကလေးတစ်ယောက်လို ပျော့ပြောင်းညင်သာသွားတတ်တာဟာ တစ်ချို့လူတွေအတွက် ဟားစရာအကြောင်းအရာဖြစ်နေမလားဘဲ။ ဒါပေမယ့် အဲဒါဟာ ဖြစ်သင့်ဖြစ်ထိုက်တဲ့ ကိစ္စဖြစ်နေတယ်။ ကျွန်တော်မြင်တဲ့ အကြောင်းရင်းကတော့ အဲဒီအမျိုးသမီးရဲ့ သူ့ယောက်ျားပေါ် ဆက်ဆံပုံက သိပ်ကိုထူးခြားနေတယ်။ ကိုယ့်ထက်ငယ်တဲ့သူမို့လို့ အလျော့ပေးချော့မော့ဆက်ဆံတာမျိုးလည်း မဟုတ်ဘူး။

 ဘယ်လိုပြောရမလဲ ဆိုတော့ကာ သူမရဲ့ အမူအရာတိုင်းမှာ အဲဒီလူအပေါ်ထားတဲ့ မေတ္တာ၊စေတနာတွေဟာ အလိုက်သင့်ကို ပျော်ဝင်နေတာဗျ။ခေါ်သံကိုကအစ တခြားလူနဲ့ မတူဘူး။ခေါ်တာကတော့ ရိုးရိုးပါပဲ။အဲဒီလူရဲ့ အီမ်နာမည်“ ခေးခေး” တဲ့။

 အဲ့ဒီခေါ်သံကြားတိုင်း ဘာဖြစ်လို့မှန်းမသိဘူး။ အမေ့ကို ပြေးပြီး သတိရမိတယ်။တစ်ခါတော့ မနေနိုင်လွန်းလို့ စသလို နောက်သလိုနဲ့ စပ်စုဖြစ်သွားတယ်။ “ကလေးလို့ ခေါ်ရင်း မြန်လွန်းလို့ ခေးဖြစ်သွားတာ ထင်တယ်။” သူကအလိုက်သင့်ရယ်ရင်း “ကျွန့်တော့်အိမ်နာမည်ကိုက ခေးခေးပါ။ပြီးတော့ နီလေးက ကျွန်တော့်ထက် လေးနှစ်ပဲကြီးတာ” လို့ ပြန်ဖြေတော့ ကျွန်တော် တကယ်ပဲ အားနာသွားပါတယ်။ သူမကိုလည်း သနားသွားမိတယ်။တကယ်ပါ။ ကျွန်တော်က ဆယ်နှစ်လောက် ကွာတယ်လို့ ထင်ခဲ့တာ။အားလုံးလည်း ဒီလိုပဲ ထင်ကြမှာပဲ။ ပြောရမယ်ဆို သူ နောက်နေတာတွေကို ကျွန်တော့်နားထဲမှာ စွဲနေတာလည်း ပါတယ်ဗျ။ သူက သူမကိုဆို “လှလည်း မလှဘူး။ဝနေပြီ။အသက်ကလည်း ကြီးသေး။အရပ်ကလည်း ပုလိုက်တာ။”ဆိုပြီး အမြဲတမ်း စနေတာကိုး။ ကျွန်တော်ကတော့ ဘေးက ထိုင်ရယ်တဲ့ သူပေါ့။

သူမက ဒေါသထွက်ရင် ကလေးလေးနဲ့ တကယ်တူတယ်ဗျာ။ပါးစပ်ကတော့ ဘာမှမပြောဘူး။ ပါးကသာ ပိုလို့ဖောင်းလာပြီး ရယ်စရာအရမ်းကောင်းတယ်ဗျ။ တစ်ခါတစ်လေဆို ကျွန်တော်ပါဝင်ပြီး စလိုက်မိသေးတာ။ သူနဲ့ကျွန်တော်က အားလပ်ရက်နေလည်ခင်းမှာ စစ်တုရင်ကစားဖော်ကစားဖက်၊ညနေခင်းတွေမှာ ဘီယာသောက်ဖော်သောက်ဖက် ဖြစ်နေပြီလေ။အဲဒီလို အတူတွဲရှိပါများတော့ တစ်ခါတစ်လေကိုယ့်နေရာ ကိုယ်မေ့သလို ဖြစ်လာတယ်။ ပြောရရင် မယုံချင်စရာကောင်းတာတော့ အမှန်ပဲ။ဒါပေမယ့် တကယ်ခံစားရတဲ့သူအဖို့တော့ တော်တော်အောင့်သက်သက်နိုင်တဲ့ ကိစ္စဖြစ်နေတယ်။

 သူမရဲ့ အပြုအမူ၊အပြောအဆိုတွေက နည်းနည်းတော့ လွန်တယ်လို့တောင် ထင်လာမိတယ်။ လူနှစ်ယောက် ယှဉ်ထိုင်နေတာချင်းအတူတူ တစ်ယောက်ကိုကျ မေတ္တာကရုဏာတွေနဲ့။နောက်တစ်ယောက်ကျတော့ ခံစားချက်မဲ့တဲ့ ဗလာနဲ့။ ဒီလို ကြုံရတိုင်း မြင်ရတိုင်း ကျွန်တော့်မှာ ဘာမှန်းမသိ ဒေါသထွက်ရ။ ရည်းစားဆီသွားတော့လည်း ကြားချင်တဲ့ အသံမျိုးမကြားရတော့ စိတ်တိုရ။

တကယ်တော့ ကျွန်တော့်ရည်းစားကလည်း ကျွန်တော့်အကြိုက် တကယ့်လက်ရွေးစင်ပါပဲ။ မိန်းကလေးပီပီသသ၊ဆံပင်ရှည်ရှည်၊လှလှပပ၊ထက်ထက်မြက်မြက်၊ပြီးတော့ ဖြူဖြူစင်စင်ကလေး။ ကျွန်တော့်ကိုလည်း သိပ်ဂရုစိုက်ပါတယ်။အပြစ်ပြောစရာဆိုလို့ ရင်ဘတ်ထဲကအသံ မကြားရတာဘဲ ရှိတယ်။ဒါကလည်း အပြစ်မဆိုသာပါဘူး။ နှစ်ယောက်စလုံးက စပါးလုံးတစ်ထောက်စာ အရေခွံတွေကို ကြည့်ပြီး ယုံထင်ကြောင်ထင်ခံစားမှူကို ရွေးချယ်ခဲ့ကြတာလေ။

 ဒီလိုနဲ့ ကျွန်တော်ရောဂါအခြေအနေ တစ်နေ့တခြားဆိုးလာတော့တာပါ။ ဒါပေမယ့် အဆိုးဆုံးအခြေအနေရောက်လာတာကတော့ ကျွန်တော့်ကြောင့် မဟုတ်ဘူး။ ဟိုလူ့ကြောင့်ဗျ။ အူရောင်ငန်းဖျားဖြစ်ပြီး သူ အိပ်ရာထဲ လဲတယ်လေ။ ပြောဖို့တောင် မလိုဘူးထင်ပါရဲ့ဗျာ။သူမရဲ့ ယုယကြင်နာမှုတွေက အတိုင်းထက် အလွန်ဖြစ်နေပြီပေါ့။ ကျွန်တော် မနာလို ဖြစ်နေတာ မဟုတ်ပါဘူး။မုဒိတာ မပွားနိုင်တာလို့ပဲ ကိုယ့်ကိုကိုယ် သုံးသပ်တယ်။ အဲဒီမှတ်ချက်က ခင်ဗျားတို့အတွက် ဟားစရာဖြစ်မှာပဲ။ဒါပေမယ့် မတတ်နိုင်ဘူး။လူဆိုတာ ကိုယ့်ကိုကိုယ် အတတ်နိုင်ဆုံး ကာကွယ်ရမယ် မဟုတ်လား။

 အဓိကတရားခံကတော့ သူမပေါ့ဗျာ။လူနာကို မမြင်ဘဲ သူမကိုပဲတွေ့ရင် လူနာဟာ မလွဲမသွေ သေလုမျောပါးဖြစ်နေတယ်လို့ ထင်မှာပဲ။အသံကတင် ကိုယ်ချင်းစာပြီး လှိုက်ခါတုန်ရီနေတဲ့ ကရုဏာသံ။ သြပြီး ချိုလည်း မချို ဖွဲ့ဖွဲနွဲ့နွဲ့လည်း မရှိတဲ့ အဲဒီအသံကြောင့်ပဲ ကျွန်တော့်မှာ ထိထိခိုက်ခိုက် ကြေကွဲနာကျင်ရတယ်။ နောက်ဆုံးတော့ မတတ်နိုင်တော့ဘူးဗျ။တံတွေးကို မျိုချပြီး ခပ်တည်တည်ပဲ လိမ်ပစ်လိုက်တယ်။ “ကျွန်တော်လည်း နေမကောင်းဖြစ်နေတာ။” 

နှစ်ယောက်စလုံး အံ့သြသွားပုံပဲ။အားနာစကားကို ပြိုင်တူဆိုကြတယ်။သူမက ထပ်ဆင့်ပြီး ကျွန်တော် ဘာစားချင်လဲ။သူဘာလုပ်ပေးရမလဲ လို့ ပြောတော့ ပျော်လွန်းလို့ မထိန်းနိုင်မသိမ်းနိုင် ပြုံးမိသွားတယ်။ ပြီးတော့လည်း “ ရပါတယ်။အထွေအထူးမဟုတ်ပါဘူး။ကိုနိုင်လို့ပဲ လုပ်ပေးပါ” လို့ အာသွက်လျှာသွက် ပြောမိပြန်တယ်။ နောက်တော့ ထုံးစံအတိုင်းပဲ စိတ်ပျက်လက်ပျက်ရှက်ရွံရပြန်ရော။ မဖြစ်ဘူး။ဒီအခန်းက မြန်မြန်ခွာမှ ဖြစ်တော့မယ်။ ပုန်ကန်ထကြွနေတဲ့ ရင်ဘတ်ထဲက အကောင်ကို အနိုင်နိုင်ထိန်းပြီး လမ်းပေါ်လိမ့်မယ် ကြံမိသေးတယ်။

အမှန်ပဲ ကျွန်တော့်မှာ ကိုယ်ခံအားအတော်နည်းနေပြီ။သူမနဲ့ မျက်နှာချင်း မဆိုင်နိုင်တော့ဘူး။ ရင်ခုန်ရမှာကို သေရမလောက် ကြောက်နေပြီ။ ဒီလိုနဲ့ ကယောင်ကတမ်း အိတ်ထဆွဲမိသေးတယ်။ မဟုတ်သေးပါဘူး။နေမကောင်းဘူးလို့ ပြောထားတယ်မဟုတ်လား။ အခန်းကျဉ်းထဲမှာ ခြောက်ခြားသွေးပျက်ပြီး ထပ်ပြီး မြင်ကြားရမှာ ထိတ်လန့်နေပေမယ့် တံခါးခေါက်သံကြား ရတော့လည်း အလျင်ဆုံးထမိပြန်ရော။ သူမနဲ့တွေ့ရတော့မယ်။ တဝုန်းဝုန်းရိုက်နေတဲ့ ရင်ဘတ်ထဲက လှိုင်းသံနဲ့ ပျော်မိသွားတာကို စိတ်မချမ်းသာဆုံးလူတစ်ယောက်ဟာ ကမ္ဘာပေါ်မှာ ရုပ်အဆိုးဆုံးအပြုံးနဲ့ တံခါးဖွင့်ပြီး ရပ်မိပြန်ရော။ 

ဘာမှ မသိရှာတဲ့ သူမကတော့ ကြင်ကြင်နာနာပြုံးပြရှာတယ်။ ကျွန်တော်ကလည်း အဲဒီအပြုံးမှာ ဖျတ်ဖျတ်လူးရပြန်တယ်။ ဒါပေမယ့် ခင်ဗျားတို့ မျှော်လင့်သလိုပဲ ကိုယ့်သေတွင်း ကိုယ်တူးနေမိတဲ့အဖြစ်ကို ကျွန်တော် ရပ်တန့်ပစ်နိုင်ခဲ့ပါတယ်။ ယုံပါဗျာ။နာရီယိုင်နဲ့နဲ့ပေါ်မှာ ဝေဝါးရပ်နေမိတဲ့လူလည်း တစ်ခါတစ်လေတော့ ဆုံးဖြတ်ချက်မှန် ချနိုင်ပါသေးတယ်။ကျွန်တော်ပြန်တော့မယ်။ကျွန်တော် တာဝန်ကျတဲ့ နယ်မြို့လေးဆီကို။ အချိန်ဆွဲထားတဲ့ ဘွဲ့လွန်စာတမ်းကို မြန်မြန်ဖြတ်ပြီး ပြေးတော့မယ်။ 

အဝေးဆုံး။
 ပုံရိပ်များဆီက လွတ်မြောက်ရာ။
ဒါပေမယ့် ကျွန်တော့်မှာ သမီးလေးရခဲ့ရင်တော့ နီလေးလို့ နာမည်ပေးမယ်။ကျွန်တော့်နာမည်လည်း ပါရမှာပေါ့ဗျာ။ ဒီလိုနဲ့ နောက်ဆုံးတော့ ခင်ဗျားတို့ ရဲ့ရယ်စရာပုံပြင်လေးဟာ ပြီးသွားပါပြီ။ ကျွန်တော်လည်း နောင်တစ်ချိန်မှာ ပေါ့ပေါ့ပါးပါးရယ်နိုင်လိမ့်မယ်။ အခုတော့ ကိုယ့်အဖြစ်ကိုကိုယ် လှောင်ပြောင်သရော်ဖို့ ကြိုးစားလိုက်တာနဲ့ ရင်ဘတ်ထဲက အောင့်လာတာ ဆိုးတယ်။...........။

မယ့်ကိုး

23 August 2009

“ အပြင်လူ”



စေတနာထက်ထက် အပေးအယူတွေ
မငှားရမ်းနိုင်သေးလို့
နှုတ်ထွက်ခွင့်နဲ့သာ ထိုက်တန်
ပရိဝုဏ်အစွန်ဆုံးမှာ ရပ်နေမိသူသာ…

ထောင်လိုက်မျဉ်းတွေအကြား
အချိုးတကျ မနေတတ်တဲ့အခါ
သဘောရိုးကို ဆင်ခြင်ရင် နောက်ကျိနေခဲ့သလား။

ဆက်ဆံရေးစစ်ပွဲမှာ
ဘယ်အခါမှ နလံမထူနိုင်သူလေ
နားလည်မှုတစလည်း မတောင်းဆိုဝံ့ဘူး။

“နေကောင်းလား”....
နှုတ်ခွန်းဆက်သ
မှုန်မှိုင်းစကားစပင် ထုံထိုင်းစည်းကွယ်နေမို့
အသင်တို့ ရှုခင်းမှာ ဆူးဖြစ်ခဲ့ရင် တောင်းပန်ချင်လည်း …

အဆုံးမှာ
အေးခဲခြင်းဆီသာ ပျံပြေးတတ်သူမို့
လူမဆန်ဘူးဆိုလည်း ရှိစေ။ ။

(၂၂.၈.၂၀၀၉ အမှတ်တရ)


20 August 2009

“ရက်လွန်အိပ်မက်ရဲ့  အစအနများ”

...
ကျွန်မရဲ့ဝန်းကျင်မှာ လျှပ်ပြက်သလို ကိုယ်ရောင်ပြပြီး လျင်မြန်စောစွာ အနားကို သူရောက်လာခဲ့ပါတယ်။


ကြောင်လေးတစ်ကောင်ရဲ့ နူးညံတိုးဖွတဲ့ ခြေသံမျိုးနဲ့လေ။ သဘာဝက သင်ပေးထားတဲ့အတိုင်း မသိသလိုဟန်ဆောင်နေတဲ့အခါ မာနတကြီးနဲ့ သူလှည့်ပြန် သွားခဲ့တာ။


နာကျည်းနာကျင်စွာ ငေးမောကြည့်နေခိုက်မှာပင် သူ့အရိပ်လေးဟာ တဖြည်းဖြည်းဝေးလို့ သွားပါတယ်။ဒါပေမယ့် တစ်ဦးဦးရဲ့ နှလုံးသားက စီရင်စေခိုင်းမှုနဲ့ သူပြန်လှည့်လာခဲ့တာ။


ပေးကြပါ။
ပုဝါထူထူတစ်စလောက်။
ကျွန်မရဲ့  နှလုံးသားကို ဖုံးကာဖို့။
အချိန်မီ။လက်မတင်လေးရယ်။

ခြေလှမ်းမြန်မြန်ကျဲကျဲနဲ့ သူဟာ ကျွန်မအနားကို ရုတ်ချည်းရောက်လာခဲ့တာ။ဒါပေမယ့် ကျွန်မရဲ့ရှေ့မှာ ခြေစုံရပ်လိုက်တဲ့အခါမှာတော့ ကျွန်မ မျက်နှာဖုံးတစ်ခုကို နေသားတကျတပ်ဆင်ပြီးသွားပြီ။

“ခေါ်သံများ ကြားလိုက်မိလားပဲ”

ကျွန်မရဲ့ ငိုသံကို သူကြားသွားပြီလားရယ်လို့ စိုးထိတ်သိမ်ငယ်လိုက်ရတာ။ဒါပေမယ့် ကျွန်မ ပျော်ပါတယ်။ စကားမစပ် တစ်ခုလောက် မေးပါရစေ။ထာဝစဉ် စွဲတည်တဲ့ သာယာပျော်ရွှင်မှုဆိုတာ ရှိပါသလား။

အမှန်ပါပဲ။ကြည်နူးမှုတွေကို မနိုင်မနင်းထိန်းချုပ်နေဆဲမှာ နတ်သမီးလေးတစ်ပါးဟာ တိမ်တွေစီးပြီး ကျွန်မတို့နှစ်ယောက်ကြား ရောက်လာခဲ့ပါတယ်။ နောက်ခံဂီတက ရန်လိုသံစဉ်မို့ ဆင်ခြင်ဥာဏ်နဲ့ ကျွန်မ မျက်ကွယ်ပြုနေခဲ့လည်း သူက မျှဝေမယူခဲ့ဘူးလေ။

“သွားတော့မယ်”တဲ့။ ဒီတစ်ခါ လှည့်ပြန်ရသူက ကျွန်မဖြစ်ပါတယ်။ ဝမ်းမြောက်ဝမ်းသာဖြစ်နေကြတဲ့ မျက်လုံးတွေအောက်မှာပေါ့။

ဘယ်လိုလုပ်ရမလဲ။မထီမဲ့မြင် ရယ်လိုက်ရမလား။ ဝမ်းပန်းတနည်း ငိုလိုက်ရမှာလား။
ပူလွန်းလို့ တဆတ်ဆတ်ခုန်နေတဲ့ အိပ်မက်များ။
လျှို့ဝှက်ငိုညည်းသံတွေနဲ့ သွက်သွက်ခါနေတဲ့ နံရံများ။
သူစွန့်ခဲ့တဲ့ ပဲ့တင်သံကို ပြန်ရွတ်ရင်း ကျွန်မရဲ့ ကောင်းကင်ဟာ တစ်စထက်တစ်စ ပိန်လှီခြောက်သွေ့လာခဲ့ပါတယ်။

ဒါပေမယ့် မပြယ်တဲ့ ကျိန်စာရယ်လို့ ရှိလို့လားကွယ်။
အသေအချာလေ။တကိုယ်ရည်မီးသင့်မှုဟာ သူအပြုံးနဲ့သာ ငြိမ်းခဲ့တာရယ်။

အံ့သြစရာ။ ကျွန်မ လှမ်းမခေါ်ခဲ့ပေမယ် သူကြားတယ်တဲ့လေ။ဒီလို အပြုံးချင်း ထပ်တူကျခဲ့ပေမယ့် အကုသိုလ်ကံက ဆက်လက်အကျိုးပေးနေဆဲ။
တကယ်ပါပဲ သူမရယ်။

ကျွန်မတို့  နှစ်ဦးကြား သူမ ရပ်နေခိုက်မှာပင် စေ့စေ့ပိတ်ထားတဲ့ သူ့နှုတ်ခမ်းတွေနဲ့ ဘာသာပြန်ရခက်တဲ့ မေးခွန်းတွေအံရွတ်တဲ့အခါ မာနနဲ့ကျွန်မဖြေတော့ ထုထည်သိပ်သည်းတဲ့ တံခါးတစ်ချပ်ဟာ ကျွန်မတို့နှစ်ဦးကြား ပြိုကျလာတော့တာ။

ဒီတစ်ခါတော့ တကယ်ဝေးပြီ ထင်ပါရဲ့။
ကြေကွဲလွန်းလို့ မငိုနိုင်အောင်ရှိဆဲမှာပင် သူက လှပစိုစွတ်နေတဲ့ နှင်းဆီဖူးသစ်ကို ကျွန်မလက်ထဲ အရောက် ထည့်ပေးနိုင်ချိန်မှာ အပြာရောင်ပိုးကြိုးစလေးကို သူ့ကိုလက်ဆောင် ပြန်ပေးဖို့ ကြိုးစားလိုက်ပါတယ်။

မုန်တိုင်းရဲ့ ရနံ့တွေ ဝေ့ဝေ့ဝဲဝဲရနေချိန်မှာပေါ့။
ဘယ်လိုပင် သူ စွမ်းစွမ်းတမံလှမ်းယူပေမယ့် ကြိုးစလေးဟာ ဝေ့ဝဲကာ ကောင်းကင်ယံကို လွင့်ပျံသွားခဲ့ လေပြီ။ဇာတ်လမ်း မဆုံးသေးဘူးပဲ။ သူ့ကို ကူညီပြီး ကြိုးလေးကို ယူပေးဖို့ကြိုးစားတိုင်းမှာ သူမရောက်လာပြီး ဟန့်တားပြန်တာ။

ရက်စက်တဲ့ အပြုံးနဲ့သူမ။အဲဒီနောက် သူမရဲ့ခန္ဓာကိုယ်ထဲက လက်တွေအများကြီးထွက်လာကာ ကျွန်မရဲ့ပန်းလေးကို လုယူဖို့ ကြိုးစားပါတော့တယ်။

ပန်းကလေးမှာ ကြောက်လွန်းလို့ ရှိုက်ကြီးတငင် ငိုရှာတယ်လေ။ပန်းလေးကို နှစ်သိမ့်အားပေးဖို့ ငုံ့နမ်းလိုက်တော့ ကျွန်မတစ်မျက်နှာလုံး မျက်ရည်တွေနဲ့ ရွှဲရွှဲစိုကုန်ပါတယ်။ တစ်ကိုယ်လုံးလည်း အေးစက်ကာ ခိုက်ခိုက်တုန်လာ။

ဒါပေမယ့် ဆက်ရန်များတဲ့ စာတစ်အုပ်လိုပဲ နွေးထွေးတဲ့ ရောင်ခြည်တွေနဲ့သူပြန်ရောက်လာခဲ့တာ။ စစ်မှန်ခြင်းရဲ့  သင်္ကေတ။
သူမ ထွက်ပြေးသွားတယ်လေ။

အလင်းရောင်ဖြာထွက်စပြုနေပေမယ့် နှင်းမှုန်မှုန်ခြားထားဆဲမှာအပျော်တွေ တနင့်တပိုးနဲ့ ကျွန်မတို့ ခ၇ီး ထွက်ခဲ့ကြပါတယ်။ဒါပေမယ့် ။ ဘာကြောင့်လဲကွယ်။

သူမဟာ ဆယ့်နှစ်ကြိုးတတ်တဲ့ အစွမ်းရှိသူလား။ တစ်ခရီးတည်းသွား ပေမယ့် ကျွန်မကိုချည်း ဆူးတွေက ဒုက္ခပေးနေတာ။
ကံကြမ္မာကို ဘယ်လို ပြန်ပြင်ရမလဲ။
ဆူးတွေကို သူနှုတ်ထွင်ပေးပေမယ့် သွေးထဲကို စိမ့်ဝင်လာတဲ့ အဆိပ်တွေအတွက်တော့ သူလည်း မတတ်နိုင်ခဲ့ဘူး။

“အဆင်ပြေတဲ့အခါ...”
ကျွန်မကို ထားရက်ခဲ့ပြန်တာ။
“ဟင့်အင်း။ဘာပဲဖြစ်ဖြစ် …”
ကျွန်မတို့ မျက်နှာချင်းဆိုင် ငြင်းခုန်ကြတဲ့အခါ မရွေ့လျားပေမယ့် တဖြည်းဖြည်းဝေးလို့သွားပါတယ်။ အသံတွေ မကြားရတော့ပေမယ့်လည်း ဆက်လက်ငြင်းခုန်နေမိကြပါတယ်။ကျွန်မတို့ နားလည်ဖို့ ကြိုးစားရင်း နားမလည်နိုင်သေး။နားမလည်နိုင်ခဲ့။နားမလည်နိုင်တော့။

နှင်းထုပိတ်ကာနေလို့ပါ။သူချန်ထားခဲ့တာ မဟုတ်ပါဘူး။
စမ်းငယ်လေးပဲ ခြားနေတာပါ။သူခြေရာဖျောက်သွားတာ မဟုတ်ပါဘူး။
တောင်စဉ်တွေ ရပ်တည်နေလို့ပါ။သူ ကျောခိုင်းသွားတာ မဟုတ်ပါဘူး။
ဘယ်လိုပဲ ဖြေသိမ်ဖြေသိမ့် ဖြေဆည်ရာ မရခဲ့။ရက်စက်စိမ်းကားတဲ့ ကြောက်ရွံ့ထိတ်လန့်စရာ အရိပ်တွေအောက်မှာ ကူုရာမဲ့အားငယ်စွာ လှမ်းဖို့ပင် မြေမရှိခဲ့ဘူးလေ။

မျက်နှာကျက်တစ်လျှောက်မှာ အလွမ်းငွေ့ တွေ။
နံရံတကြောမှာ နောင်တရှိုက်သံတွေ။ ဒါပေမယ့် နာယူလက်ခံမယ့်သူ မရှိတော့။နောက်ဆုံးတော့ ယူုကျုံးမရခြင်းတွေဟာ မျက်ဝန်းအိမ်ထဲက ထိုးထွက်လာခဲ့ပါတယ်။
ပင်လယ်။
ဘယ်သူယုံမှာလဲ။ ကျွန်မရဲ့ ကြေကွဲခြင်းနဲ့ ဖြစ်တည်တဲ့ ပင်လယ်။
နေ့ညစဉ်ဆက် တရိပ်ရိပ်နဲ့ အလွမ်းတွေ ဇာချဲ့တဲ့အခါ။

“ဟယ် ငိုနေလိုက်တာ…”သူမရဲ့  ကျေနပ်အားရတဲ့  ရယ်မောသံလေ။
ဒီလိုနဲ့ အသိတရားဝင်လာကာ သူ့ကို ရှာတဲ့အခါ …အလျော်အစားကြေးကြီးတဲ့ ကံကြမ္မာရဲ့  ထောက်ပံ့မှုနဲ့ မီးလျှံတွေ တရှိန်ရှိန်တောက်နေတဲ့ ကွင်းပြင်ကြီးရဲ့  အလယ်မှာ သူ့ကို တွေ့ လိုက်ရပါတယ်။

မောပန်းနွမ်းနယ်နေပေမယ့် အားကုန်ပြေးလွှားနေတဲ့ သူ့ကိုမြင်ရတဲ့အခါ စိတ်ဆင်းရဲလွန်းလို့
ငိုရပြန်။
“ချစ်တဲ့သူရေ...”
အပူတပြင်းနားစွင့်ကာ လည်ပြွန်ကွဲမတတ် အော်ခေါ်လိုက်လည်း ပဲ့တင်သံပင် မကြားရပါလေ။
ဟိုမှာ။လှည့်ကြည့်လိုက်ပါဦး။ရှစ်ခွင်ပတ်လည်မှာ အဆိပ်ရနံ့တွေ...

“ထွက်ခဲ့။ထွက်လာခဲ့ပါ။အဖာအထေးများလှတဲ့ ဒီတောထဲမှာ ဓားစာခံအဖြစ်မခံနိုင်ဘူး.. ”
မျက်ရည်နဲ့ ကျွန်မဆိုတော့ သူ့ပတ်လည်မှာ အော်ဟစ်ဆူညံကာ အားပေးနေတဲ့ လူတွေက စူးစူးဝါးဝါးထရယ်ကြပါတယ်။

“ဒါ ယောက်ျားတစ်ယောက်ရဲ့ ဂုဏ်သိက္ခာပဲ”
ဟင့်အင်း။မပြောနဲ့။မပြောပါနဲ့။မကြားနိုင်ပါ။ဆင်ရိုင်းတစ်ကောင်ကို ကျုံးသွင်းဖို့ ကြိုးစားနေတဲ့ အသံတွေ။ တစ်ချို့ ကလည်း နှစ်သိမ့်သလိုလိုနဲ့ …

“သူ့ ရဲ့ရှင်သန်ခြင်းကို နားလည် မပေးနိုင်ဘူးလား” တဲ့။
ဒီလိုနဲ့ ကျွန်မ သေတော့မယ်။ တော်ပါပြီ။ သူ့ကို ကြိုးစင်တင်နေတဲ့ အဲဒီအသံတွေကို ကျွန်မ အော့နှလုံး နာလှပါတယ်။

“အလျော်အစားများတဲ့ ဒီလောကကြီးမှာ တစ်ယောက်ကို တစ်ယောက် နင်းခြေကျားကန်ထားမှ အသက်ရှုလို့ရတယ်ဆိုတာ မသိဘူးလား…”
ပြောလိုက်ချင်ရဲ့။အောင်မြင်မှုဆိုတာ ဘာလဲကွယ်။ ဥစ္စာဓနကို ခေါင်းအုံးလုပ်ရမှ ချစ်သူလေး အိပ်ပျော်မယ်တဲ့လား။

ကျွန်မ တားတယ်။
သူ မကြားပါ။
ကျွန်မ ပြောတယ်။
သူ ကျောခိုင်းနေဆဲ။
ကျွန်မ ခေါ်ပေမယ့် သူ့အကြည့်က အဝေးကို မျှော်နေ။

“ပြန်လာခဲ့” “ပြန်လာခဲ့ပါ” “ပြန်လာခဲ့တော့လေ”

နှလုံးကွဲမတတ် ဘယ်လိုပင် အော်ခေါ်လည်း ကျွန်မရဲ့စကားစုကို မိုးခြိမ်းသံက ရက်ရက်စက်စက် ခြေမွပစ်လိုက်ပါတယ်။ အဆုံးမှာတော့ သူ့နှလုံးသွေးတွေသိပ်ထားတဲ့ မြေမှာ ခြေမချနိုင်တော့တဲ့ ကျွန်မပဲ ခေါင်းငုံ့ကာ ပြန်လာခဲ့ရတာ။

တစ်ယောက်တည်းလေ။ မိုးတွေကလည်း သည်းသည်းမည်းမည်း။ဒါပေမယ့် မယုံနိုင်ဖွယ်။
ကျွန်မကို သူမ စောင့်နေတယ်။အလှမ်းဝေးပေမယ့် သူမရဲ့အပြုံးကို ပြက်ပြက်ထင်ထင် မြင်နေရ။

မဟုတ်ဘူး။
ရှင်တို့ထင်သလို မဟုတ်ဘူးရယ်။
စာနာတဲ့ အပြုံးနဲ့သူမ။

သူမရဲ့ပုခုံးစွန်းမှာ ဖွင့်ထုတ်ငိုညည်းလို့အပြီးမှာတော့ ကျွန်မရဲ့ဆိုးရွားလှတဲ့ ဝေဒနာထုထည်ဟာ သိသိသာသာပဲ လျော့ကျသွားခဲ့ပါတယ်။ ................ ။


မယ်ကိုး


ချစ်ခြင်းတစ်ခုရဲ့ စစ်တမ်းမှာ အားပေးအဖြေပေးသွားကြသူများကို အထူးကျေးဇူးတင်ပါကြောင်း ပြောပါရစေ။ ကျွန်မ ဆက်ရေးမှာ ဖြစ်ပေမယ့် ပြောချင်တာတွေက အစွန်းရောက်နေတဲ့အတွက် ဘလော့ပေါ်တင်ဖို့ ကြောက်နေမိတာပါ။ ချစ်ခြင်းတစ်ခုကို ခဏလောက်နားခွင့် တောင်းပါရစေ။


အားပေးမှုအတွက် အမြဲကျေးဇူးတင်နေတဲ့....


မေတ္တာများဖြင့်
မယ်ကိုး


10 August 2009

“ အချစ်အကြောင်း မပြောနဲ့ ”

အိပ်မက်ကို ဘာသာပြန်ကြည့်ဖို့ ဘယ်တုန်းကမှ ကျွန်မ မကြိုးစားခဲ့ပါဘူး။ဒီလို လူဆန်ဆန် ရှင်သန်လာရင်း တောအုပ်တွေအကြား သူနဲ့ ကျွန်မခွဲခွာခဲ့ပြီးမှ သတို့သားနှင့် မျက်နှာချင်း ဆိုင်မိတာ။ 

သတို့သားက ကျွန်မကို တွေ့တွေ့ချင်းမှာပင် “ မင်းမျက်ဝန်းလေးတွေက နက်နက်ကလေးတွေ ... သိပ်လှတယ်” လို့  စတင်ကာ အချိုသပ်ပြောဆိုတယ်လေ။သူ ရံဖန်ရံခါလေးပင် ကြင်နာစွာ မပြောခဲ့ပါဘူး။ အထူးသဖြင့် ညာမပြောခဲ့ဘူး။ကျွန်မရဲ့ မျက်ဝန်းအိမ်တွေက နက်ရုံအပြင် မလှပမှန်း သိပေမယ့် ရင်နင့်သွားခဲ့ရပါတယ်။ ကြည့်ပျော်ရှူပျော် မရှိတဲ့ မိန်းမ တစ်ယောက်ကို ဘယ်လို ဖြေသိမ့်ရမယ်ဆိုတဲ့ ဗျူဟာ သူ မသုံးခဲ့ဘူး။

ကျွန်မဟာ စွဲမက်ဖွယ် မကောင်းပါဘူး။ ဒါပေမယ့် သတို့သားက ကျွန်မ မရှိရင် မဖြစ်ဘူး ဆိုပြီး ဒူးထောက် နေတတ်တာ။ သူကရော …  သူကတော့ ကျွန်မသေရင် “ ဧရင့်ကျူးဖို့  လူတစ်ယောက်ရှာပေးမယ်” လို့  ဆိုခဲ့လေရဲ့ ။ သက်သေကို ပင်ပင်ပန်းပန်း ရှာဖွေဖို့  မလိုအပ်ပါဘူး။ ကျွန်မဟာ အတိတ်ကြောက်သူသာ ဖြစ်ပါတယ်။ သူ ကျွန်မကို မချစ်ဘူး။ဒါဟာ ကျွန်မရဲ့ သွေးတွေကို အဆိပ်ဖြစ်စေတဲ့ အနက်ရောင် အမှန်တရားတစ်ခု။

သူ ကျွန်မကို အကြည့်နွေးတစ်ပွင့်ကမ်းဖို့  နှောင့်နှေးနေစဉ်မှာ သတို့သားက ကျွန်မအတွက် ကြယ်တွေခူးပြီး လှိုင်လှိုင်ပို့ ပေးခဲ့တယ်။ သူဆီက အစိမ်းခါးခါးတွေ ရရှိတိုင်း ကောင်းကင်ကိုမော့ကြည့်ပြီး ကျွန်မ မျက်ရည်ဝဲတဲ့အခါ သတို့ သားက ကျွန်မ လျှောက်မယ့်လမ်းမှာ ပန်းတွေ ကြွေမကြွေကို ကြည့်ပေးခဲ့ပါတယ်။ 

ဒီလိုနဲ့ ကျွန်မ ဟာ ကြမ်းတမ်းခက်ထန်သူ ဖြစ်လာခဲ့တာ။ ကျွန်မ မချစ်လိုဘူး။အနိစ္စကို လက်မခံနိုင်ဘူး။အနာတရနဲ့  အတူမရှိလိုဘူး။ ဒါပေမယ့် ရှိန်ရှိန်ဆူ နွေပူအောက်မှာ ကျွန်မ သူအရိပ်လေးကို မျှော်ငေးဆဲ။ စူးရှရှ မိုးရိုင်းအောက်မှာ သူ့စကားလေးကို ရပ်စောင့်ဆဲ။တုန်ခိုက်ခိုက် နှင်းခါးအောက်မှာ သူ့အပြုံးလေးကို ကြိုလင့်ဆဲ။ 

ဒီလို ပေတေသူကျွန်မကို လိမ္မာတဲ့ သတို့သားက မျက်လှည့်ဆရာလို မြင်ကွင်းတွေကို ဇဝေဇဝါဖြစ်အောင် ဖန်တီးပေးပြန်တာမို့ ဘယ်တုန်းကမှ လှပတယ် မမြင်ခဲ့တဲ့ ပန်းနုရောင်ဟာ ကြည့်လို့တော့ကောင်းသားပဲ လို့ တွေးခဲ့မိပြန်။ ဒီလိုနဲ့ ကျွန်မဟာ စိတ်ဖောက်ပြန်သူ ဖြစ်လာရ။သူ့ အတွက် ရည်ရွယ်ရေးထားတဲ့ ကဗျာတွေကို သတို့သားကို ပေးဖတ်ပြီး မဲ့ပြုံး ပြုံး တတ်ခဲ့ပြီ။ မှောင်ရိပ်ကွယ်ရင် မျက်ရည်ကျမယ်။ခလုတ်တိုက်မိတာနဲ့ သူ့ကို တ,မယ်။ သတို့သားရှေ့ မှာတော့ ခြေကလေးနာသွားပါပြီ ဆိုကာ အမူပိုဦးမယ်။ 

တဖြည်းဖြည်းနဲ့ ကျွန်မဟာ ထိတ်လန့်စရာကောင်းသူ ဖြစ်လာပြီလေ။ သူ့ကို မေ့မယ်လို့ ကိုယ့်ကိုယ်ကိုယ် လှည့်ဖျားတတ်သလို သူတပါးကိုလည်း အနိုင်ကျင့်ချင်ခဲ့။ သူတပါးကို ညှင်းပန်းဖို့လည်း ဝန်မလေးတော့တဲ့အခါ “ရှင့်ကို မချစ်ဘူး ...” လို့ လွယ်လင့်တကူ အေးစက်စက်ပြောရင်း ကိုယ့်ကိုကိုယ်လည်း မုန်းတတ်သွားပြီ။ ဒါပေမယ့် သတို့သားက ကျွန်မကို နားလည်သူပါတဲ့။ ကျွန်မ ကြောက်တတ်တာ၊ခံနိုင်ရည်ချို့လွန်းတာ၊ အကာအကွယ်အောက် ရပ်ချင်တာကို ကျွမ်းကျင်ပိုင်နိုင်စွာ စိတ်ဖြာပြီး ကျွန်မကို ချစ်တယ်လို့ သွေးတိုးစမ်းစကား ပြောနိုင်သူ ဖြစ်ပါတယ်။

ပိယေဟိ ဝိပယောဂေါ ဒုက္ခော၊အပ္ပိယေဟိ သမ္ပယောဂေါ ဒုက္ခော၊ချစ်သောသူနှင့် ကွေကွင်းရခြင်းဆင်းရဲ ။မချစ်မနှစ်သက်သူနှင့် ပေါင်းသင်းရခြင်းဆင်းရဲ ။သွေးကြောင်လွန်းတဲ့ မိန်းမတွေဆီကို ဒီဆင်းရဲနှစ်ခုဟာ အတူတကွ ပျံသန်းလာတတ်ပါတယ်။ကျွန်မ ဘာတတ်နိုင်မှာလဲ။ သူ ကျွန်မကိုချစ်အောင် ဘယ်လိုယတြာမှလည်း မဆောင်ချင်ပါဘူး။
ဆူး။ ဆူးတွေ။ရင်ထဲက ဆူး။ မိုးလိုကြွေတဲ့ဆူး။ ခရောင်းဆူး။ဘာပဲဖြစ်ဖြစ် အေးခဲညထဲ တဇွတ်ထိုး ကျွန်မ သွားခဲ့တာ။ ဧကစာရီလေ။

အမှောင်ဆုံးနေတဲ့နောက် ဘယ်လိုမီးအိမ်မှလည်း မလိုအပ်ဘူး ထင်ခဲ့ပေမယ့် ထောင်ချောက်ထဲ လိမ့်ကျတဲ့အခါ သတို့သား လာကယ်တော့ ကျွန်မ မရှောင်ပုန်းနိုင်ဘူး။ ရွေးစရာလမ်း မရှိတော့တဲ့ မျက်ရည်တွေဟာ ဒေါသနဲ့ ပြွန်းနေခဲ့ ။ 
ကျွန်မဟာ သွေးဆူသူ ဖြစ်ခဲ့ပြီရယ်။ 

သူ့ကို လွမ်းတယ်။ အသိစိတ်ပုံမှန်မရှိဘဲ အရာအားလုံးကို မုန်းချင်လာတယ်။ အခန်းကျဉ်းမှာ ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်တယ်။အသံကျယ်ကျယ်နဲ့ သီချင်းဆိုတယ်။ အိပ်မပျော် စားမဝင် တမ်းတတယ်။ လက်ထဲက ပန်းကန်လေး လွင့်ကျသွားရုံနဲ့ သူ ဘေးရန်ခ မှာ ကြောင့်ကြကာ ဘုရားစင်ရှေ့ ရောက်တယ်။ 

ဒီလို အဖြစ်ဆိုးနေသူမှာ သူဆီက သုံးမိနစ်လောက် လွမ်းပါ့မယ် လို့ ဝန်ခံချက်ရရုံနဲ့ သေပြဖို့ ဝန်မလေးချင်လည်း တစ်ခါတစ်လေတော့ ကြောက်မက်ဖွယ်ကြေကွဲခြင်းရဲ့ တစ်ထောင်ပုံတစ်ပုံမျှ သူ့ကို ခံစားနားလည်စေချင်မိသေးတာ။ ဒါပေမယ့်လည်း ကျွန်မ အရွဲ့မတိုက်လိုပြန်ဘူး။ ရင်ကွဲနာကျနေတဲ့ ဆိုးသွမ်းသူပေမယ့် သူ့ကို အပြစ်တစုံတရာ မခံစားစေချင်ပါဘူး။ ရက်စက်တတ်သူ ကျွန်မဟာ သူ့ကိုတော့ မနာကျင်စေရက်ပြန်ဘူး။

အသည်းကွဲတာတဲ့လား။ အဲဒီလို ပဋိပက္ခမြောက်များစွာနဲ့ နှလုံးသားတစ်ခု အပိုင်းပိုင်းအစစပေါက်ကွဲကာ လေထုထဲမှာ လွင့််စင်မျောပါလည်း သူလျစ်လျူရှုခဲ့။ သေချာတာက ဘယ်လိုပင် နေ့ရက်တွေ ဝါရော်နေပါစေ
သူ ငဲ့မကြည့်ဘူး နှစ်ချို့ဝမ်းနည်းမှုကြောင့် မြေစိုင်တွေ ပြတ်ရွေ့ကာ ချော်ရည်ပူတွေ စီးထွက်လာလည်း သူလှည့်မကြည့်ဘူး။ လက်ကျန်အဖြေကတော့ ကိုယ့်ကိုကိုယ် ညှဉ်းပန်းလိုစိတ်နဲ့ တစ်ကိုယ်တော် ရယ်ပွဲဖွဲ့တတ်လာခဲ့ခြင်းရယ်ပေါ့။ ဒီလိုစိတ်ရူးဖောက်ချိန်မှာ သတို့သားက လက်အကမ်းကို မငြင်းနိုင်ခဲ့တဲ့အတွက် ကျွန်မကို စိတ်ကြိုက်ကဲ့ရဲ့နိုင်ပါတယ်။

နောက်ဆုံးမှာ ကျွန်မဟာ ရွံ့ရှာစက်ဆုပ်ဖွယ်ကောင်းသူ ဖြစ်သွားပြီလေ။ လက်ထပ်ဝတ်စုံနဲ့ နံရံပေါ်မှာ သူ့နာမည်ရေးရင်း “ ဒါဟာ နောက်ဆုံး…နောက်ဆုံး...”လို့ ပြောကာ အရိုးကွဲတဲ့အထိ အဖြူရောင်စာလုံးတွေအနားက မခွာဘဲ ရပ်နေမိ…။ ဘယ်သူယုံမှာလဲ ။  နှလုံးခုန်သံရပ်သွားတဲ့ ကျောက်ရုပ်တစ်ခုဟာ ရင်ထဲမှာ စကားတွေ ဆက်ဆိုနေခဲ့။ 

ချစ်တယ်။ဒါဟာ ကျိန်စာပဲ။ပကတိငရဲ ။သူ့ကိုချစ်တယ်။ အသစ်ဖြစ်တည်သမျှ သံသရာအဆုံးထိ ယှဉ်တွဲရှင်သန်နေဦးမယ့် ဝဋ်။ဟင့်အင်း။ ကြောက်တယ်။ ဒီလိုနဲ့ စိတ်လျှော့လိုက်တော့...သတို့သားဟာ ကျွန်မ ရင်ခွင်ထဲမှာ ငိုတယ်။ ကျွန်မ မချော့နိုင်တော့ဘူး။ ကျွန်မ လွတ်မြောက်သွားခဲ့ပြီ။ သူ့ကို နေပြင်းပူပူအောက်က ကာကွယ်ပေးနိုင်လိုပေးနိုင်ငြား တိတ်တိတ်ကလေး ပြေးလွှားနေတဲ့ တိမ်တစ်အုပ်ဟာ ကျွန်မ ဖြစ်ပါတယ်။ သူမသိဘူး။သူမလိုအပ်ဘူး။သူမနှစ်မြို့ဘူး။ 

ဒီလိုနဲ့  ကျွန်မ အသွင်ထပ်ကာပြောင်းဦးမယ်။

မယ်ကိုး

08 August 2009

“ ချစ်သောသူသို့  အကြောင်းကြားပါသည်... ”



ခုတလော

ဆိုရင်...

တွေးနေမိတာက - ဟင်းလင်းခွင်တွေ၊အရောင်တွေ၊အရိပ်တွေ...

ကိုယ့်ကိုယ်ကို ပြန်ဆင်ခြင်မိတာက - စည်းအပြင်ဘက် ထွက်မရပ်နိုင်သေးဘူး။

ကျန်းမာရေး - ရုပ်ကထူထူထောင်ထောင်ပေမယ့် နာမ်ကတော့ ခနော်ခနဲ့ ...

ဖတ်ဖြစ်တဲ့စာအုပ်တွေက - စာကိုကျော်ပြီး အရုပ်ပဲကြည့်မိတဲ့ E-books တွေ... ဗိသုကာစာအုပ်တွေပါ :)

ရောက်နေဖြစ်တာက - တိမ်အိမ်လေး...

နားထောင်ဖြစ်နေတာက - Rihana-Cry, စိုင်းစိုင်းခမ်းလှိုင် -ပျော်တော်ဆက် ....အစရှိသည်ဖြင့်.( mood music တွေ- ချစ်ခြင်းတစ်ခု-၂၄ ကို စိတ်ထဲရေးကာ )

ရွတ်နေမိတဲ့ကဗျာက -

ဘယ်လောက်ချစ်ကြောင်းများ မပြောပြမီ...

ဘယ်လောက်ကြေကွဲရကြောင်းများ
ထပ်ကြပ်မကွာလိုက်လာကြ....

ဆရာသုခမိန်လှိုင်ရဲ့  နှစ်သစ်ကဗျာထဲက တစ်ပိုင်းတစ်စ ...ဒါလဲအသံမဲ့ရွတ်နေဖြစ်တာ ကြာလွန်းခဲ့.... ချစ်ခြင်းတစ်ခုမှာ ထည့်ချင်နေမိလို့ ....

ဖြစ်ချင်နေတာက - အာဇာနည်မဖြစ်နိုင်မှန်းသိလည်း သူရဲကောင်းအဖြစ် စိတ်ကူးယဉ်ချင်သေး....

စားဖြစ်နေတတ်တာက - အေးစက်စက် ဧကစာရီ...

သနားနေမိတာက - ကိုယ်နဲ့ အဖြစ်ချင်းတူတဲ့ စလုံးက အိမ်မဲ့ ယာမဲ့ ကြောင်လေးတွေ...

လွမ်းနေမိတာက - နာရီလက်တံတွေ...

မေ့လျော့ပစ်နေမိတာက - မုန်တိုင်းများ...

ခါးသက်နေမိတာက - မှန်စများ...

တမ်းတနေမိတာက - နေခြည်နုသစ်...

ကြိတ်ပြီးချီးကျူးနေမိတာက - ငှက်တစ်သောင်းနားရတဲ့ သစ်တစ်ပင်ကောင်း...

ကြိတ်ပြီးအထင်သေးနေမိတာက - မိုးမိုးမတ်မတ် အနက်ရောင် စပါးနှံတွေ- ( အနှစ်မဲ့လွန်းလည်း တရားဟောဖို့  ကြိုးစားသေး)

ဆန္ဒမရှိတဲ့နေရာ - ဘီလူးတွေ ကြီးစိုးတဲ့မြို့ တော်။ သွေးညှီန့ံတွေ ပြွန်းနေတဲ့မြေ။

ဆန္ဒရှိနေတဲ့ကိစ္စ - အသွင်ပြောင်းခြင်း...

မုန်းတီးနေမိတာက - နောက်ကျောက အသွားတမြမြ ဓားတွေ...

ချစ်နေတာက - အခုစာဖတ်သူကိုပေါ့ :P - မေတ္တာလို့  ဆိုလိုပါတယ် :)

စိတ်ပျက်နေမိတာက - ပြေရာပြေကြောင်း...

စွဲလမ်းနေမိတာက - မျဉ်းကွေးတွေ၊ထောင့်တွေ...

သဘောကျနေမိတာက - ပုံပြင်လေးတွေ...

လိုအပ်နေတာက - ရဲရင့်မှု...

တောင်းနေမိတဲ့ဆု - နိဗ္ဗာန် မရောက်မီစပ်ကြား ဖြစ်လေရာဘဝတိုင်း အမိကောင်း၊အဖကောင်း၊ ဆရာကောင်း၊ သမားကောင်း၊ဆွေကောင်း၊မျိုးကောင်း၊မိတ်ကောင်းတို့ နှင့်သာ တွေ့ ဆုံပေါင်းသင်းရ၍ ထိုသူတော်ကောင်းတို့ ၏ ဆိုဆုံးမမှုကို နာခံလိုက်နာမှတ်သား ကျင့်ကြံနိုင်သော ပညာရှိသူတော်ကောင်း ဖြစ်ရပါလို၏။ (ချမ်းမြေ့ဆရာတော်ရဲ့  ဆုတောင်းလေးပါ...)

ထပ်ပြန်တလဲလဲအော်ဟစ်နေမိတာက - မသေချင်သေးဘူး။

ဝန်ခံချင်တာက - ချစ်ခြင်းတစ်ခုကို ဖတ်ပြီး ကျွန်မကို သိပ်ချစ်တတ်တယ်လို့  မထင်ပါနဲ့ ။ ကျွန်မ နည်းနည်းလေးမှ မချစ်တတ်ဘူး။


(စိတ်ထဲရှိတာလေးတွေ ပြောခွင့်ပေးတဲ့ အစ်မ မနော်ဟရီ နဲ့  ထပ်ဆင့်ဖိတ်မံတဲ့ ဆရာမ အပြုံးပန်း ကို အထူးကျေးဇူးတင်ရင်း အကြောင်းကြားလိုက်ပါတယ်။)


12 July 2009

“ ပုန်းသူ”


ဗာဂျီးနီးယားဝုဖ် *

မြစ်ကမ်းမှာ ခြေမချခင်
ရင်ခွင်အိမ်မှာ ဘာတွေပွင့်ဝေခဲ့လဲ။

ဆီလ်ဗီယာပလာသ့် **
ဓာတ်ငွေ့ ခလုတ်ကို မဖွင့်လှည့်ခင်
နှလုံးသားနံရံမှာ ဘာတွေ ချိတ်ဆွဲခဲ့လဲ။

အမှန်တရားတဲ့လား။

ခေါင်းခါ မျက်နှာလွှဲ
ဘယ်လို အသွင်ပြောင်းကာ အိပ်မွေ့ ချ
ရှင်တို့ လို ပဲ ကျွန်မလည်း ပကတိမြင်တယ်။

သို့ ပေမယ့် လည်း
မပြင်ဆင်ရသေးဘူးကွဲ့ ။

နက်မှောင်စူးခါး ကြောက်လွန်းလှချည့်...

“ ဒီကမ္ဘာမှာ မင်းမရှိလည်း ဖြစ်တယ်” လို့ 
ကျေးဇူးပြုပြီး ထပ်မပြောနဲ့ ။.........


* Virginia Woolf
** Sylvia Plath



04 July 2009

“ ကိုယ့်ကိုကိုယ်ပေးတဲ့ လက်ပြန်ကြိုးတစ်မျှင်”


ကျွန်မ သေသွားတဲ့အခါ ဆရာဇော်ဂျီရဲ့  “သင်သေသွားသော်” ကဗျာလေးကို လိုက်နာရင်း

“သြော် လူ့ပြည်လောက၊
လူ့ဘဝကား အိုရနာရ၊
သေရဦးမည် မှန်ပေသည်တည့်။

သို့ တပြီးသား၊
သင်သေသွားသော်
သင် ဖွားသောမြေ၊ သင်တို့မြေသည်
အခြေတိုးမြင့်၊ ကျန်ကောင်းသင့်၏။

သင်၏မျိုးသား၊
စာစကားလည်း
ကြီးပွားတတ်မြင့်၊
ကျန်ကောင်းသင့်၏

သင်ဦးချ၍၊
အမျှဝေရာ စေတီသာနှင့်
သစ္စာအရောင် ဥာဏ်တန်ဆောင်လည်း
ပြောင်လျက် ဝင်းလျက် ကျန်စေသတည်း။

လူတိုင်းလိုလိုမှာ ရှိကြတဲ့ ဒီဆန္ဒမျိုးနဲ့ကျွန်မလည်း ရှစ်တန်း ကိုးတန်းလောက်က စာကြည့်စားပွဲရှေ့မှာ ဒီကဗျာလေး ကပ်ထားဖူးပါတယ်။ယနေ့ထက်တိုင်လည်း ကတိတစ်ခုလို မပျက်မကွက် သတိရနေဆဲ။

ဒါပေမယ့် ချစ်မွေး ပါတဲ့ ညီမလေး ငှက်ကလေး က “အဖြစ်ချင်ဆုံးဆန္ဒ ” လို့  မေးလာတဲ့အခါ ဘာပြောရမှန်း မသိတော့ပါဘူး။ ရေတို...ရေရှည်တွေ။ မျက်တမွေးတွေ လက်တကမ်းတွေ ။  လျှောက်ကြည့်ကာ ဝေ၀ါးသွားတော့တာ... မဖြစ်နိုင်တာတွေလည်း မပြောချင်ဘူး။

ဥပမာ အာလာဒင်မီးခွက်ရရင် သန်းပေါင်းများစွာ ပွားလိုက်ပြီး လူတွေကို လက်ဆောင်ပေးချင်တယ် ဆိုတာမျိုးလေ။ ဖြစ်နိုင်မယ့် အရာလေးကိုပဲ ပြောပါတော့မယ်။ လူ့လောကမှာ ခိုင်ခိုင်မာမာရပ်တည်နိုင်ပြီလို့ သေချာတဲ့အခါ … မိဘမဲ့မိန်းကလေး အယောက်နှစ်ဆယ်လောက် မွေးစားချင်ပါတယ်။


အချည်းနှီး ကျွန်မ မသေချင်ပါဘူး။ ရှင်နေတုန်း ခဏလေး မာသာထရီဆာနဲ့  မနှိုင်းနိုင်ပေမယ့် သောင်စပ်မှာ တင်နေတဲ့ ကြယ်ငါးလေးနှစ်ဆယ်လောက် ကောက်ယူခဲ့ချင်ပါသေးတယ်။

မိဘမဲ့ကျောင်းဖွင့်ဖို့ ရည်ရွယ်တာ မဟုတ်ပါဘူး။ရင်မှဖြစ်တဲ့ သမီးလေးတွေလို ကြိုးစားပျိုးထောင်ကြည့်ချင်လို့ ပါ။ တစ်ချို့ မိဘမဲ့ကျောင်းတွေမှာ ကလေးတွေ အလှူရှင်ကို ထမင်းစားခါနီး လက်အုပ်ချီ ဆုတောင်းရတာ မြင်တိုင်း မကြည့်ရက်ခဲ့တာက အစလေ ။

ကျေးဇူးတင်တတ်တာ ကောင်းပေမယ့် သိမ်ငယ်မှုတွေကို မြင်ရတော့ ရင်နာလို့ မဆုံးပါဘူး။ ဒါကြောင့် တစ်နေ့ထက် တစ်နေ့ခိုင်မာလာတဲ့ အဖြစ်ချင်ဆုံးဆန္ဒ ။ ကျွန်မ ဒီစကားကို ခင်မင်သူတွေကို ပြောပြဖူးပေမယ့် အားလုံးက ကျွန်မ ပုံပြောတယ်ပဲ ထင်နေတာ ခက်ပါတယ်။ တစ်ချို့ကလည်း “ဘာဖြစ်လို့  နှစ်ဆယ်လို့  သက်မှတ်ထားရတာလဲ ”တဲ့။

ဒီလောက်ပဲ ရွေးချယ်သတ်မှတ်ရတာ ဒီအရေအတွက်ကိုပဲ ကောင်းကောင်းမွန်မွန် စောင့်ရှောက်နိုင်မယ် ထင်လို့ပါ။ ဒါတောင် ကျွန်မ တတ်နိုင်ပါ့မလားလို့ မုန့်ဆီကြော် ဘယ်နေမှန်းမသိပါဘဲ တွေးပူနေမိဆဲ။ ဘာပဲဖြစ်ဖြစ် တောက်ပတဲ့မျက်လုံးလေးတွေနဲ့ ဦးမကျို့တတ်တဲ့ ထက်မြက်လိမ္မာတဲ့ သမီးလေးအယောက် နှစ်ဆယ်လောက်နဲ့ အေးချမ်းတဲ့ ဥတုရပ်ဝန်းလေးမှာ အပင်လေးတွေစိုက်ရင်း ဘုရားသွားကျောင်းတက် နေချင်တာက မြဲတည်နေတဲ့ နေ့လည်အိပ်မက်ရယ်...

တစ်နေ့နေ့မှာပေါ့ ။ တချိန်ချိန်....ကျွန်မ မသေခင်လေး....။ အသေအချာပေါ့။ စကားကိုကုန်အောင် မပြောနဲ့ ဆိုတဲ့ ဆိုရိုးကို မျက်နှာလွှဲကာ နှုတ်တရာစာတစ်လုံး အဖြစ် တွင်းနက်နက်စတူးလိုက်ပါပြီ။း)

တော်ကြာ ကလေးအယောက်နှစ်ဆယ်မျက်နှာလေးတွေ ကို မျက်ကွယ်ပြုကာ ကိုယ် ချွဲနွဲ့လို့ရတဲ့ ကလေးကြီး တစ်ယောက်ယောက်ကိုပဲ ထိန်းချင်တဲ့ အဖြစ်မျိုး ကယောက်ချောက်ချား ယောင်ယောင်မှားမှားတွေ ကြုံလာမှာ စိုးတာကြောင့် ဒီစာလေးနဲ့  ကိုယ့်ကိုကိုယ် ပြန်ချည်လိုက်ပါကြောင်း...........။

မေတ္တာများဖြင့်
မယ့်ကိုး


27 June 2009

“ချစ်တဲ့သူငယ်လေ…”

ကျေးဇူးတင်တယ်...
ခွင့်ပြုဦး…
ဒီလိုနဲ့  ရှင်သန်ခြင်းကို ချိုးဖဲ့ယူ…

နောက်ကျောမှာ ဓါးဒဏ်ရာ မကြွယ်ဝပေမယ့်
တွင်းနက်ထဲ လိမ့်ကျတော့ ...
ပဲ့တင်သံပင် လှိုင်းမထ။


ဟင့်အင်း။
စိတ်မရှိပါဘူး တကယ်။

“တစ်ယောက်ကို တစ်ယောက် မကယ်နိုင်တဲ့ လောက” ဆိုကာ
ကျွန်မကို တရားဟောပါဦး။...။



21 June 2009

“အရောင်လက် ကြိုးစများ”



“သူတော်ကောင်းတွေ ဘယ်လိုတရားရချလည်း

မရင့်ကျက်နိုင်သေးဘူး။
သူနဲ့  ဝေးရမယ်ဆို ဘယ်တရားမှလည်း မနာရဲဘူး။”

ချစ်ခြင်းတစ်ခု ၀တ္ထုရှည် သုံးထားတဲ့ ကဗျာစလေးပါ။ဒီမှာ ညွန်းလိုတဲ့ “သူ”ကတော့ ၀ါသနာပဲ ဖြစ်ပါတယ်။ဒီဝါသနာကြောင့်ပဲ အေးချမ်းမှုတွေ သိုမှီးထားတဲ့ တံခါးတစ်ချပ်ကို မျက်ကွယ်ပြုလို့  ခယောင်းလမ်းမှာ ခြေဖွဖွနဲ့  လျှောက်သွားနေမိတာ။

ဒါဟာ ထူးခြားတဲ့ ဖြစ်စဉ်မဟုတ်ပါဘူး။ စာဖတ်သူအားလုံးနဲ့  ကျွန်မ တရောင်တည်းပါ။ တကယ်ပါ။ မယုံဘူးလား။ဝါသနာတူသူတွေလေ။
ဘာဝါသနာတဲ့လား။
အနုပညာရယ်လေ။

ဒီလိုဆို စကားတစ်ခွန်းတည်းနဲ့  ပုဒ်မချကာ ပြီးလိုက်ရတော့မလား။
ဟင့်အင်း မဖြစ်သေးဘူးထင်ရဲ့ နော်။ tag ထားတဲ့ အစ်မ မနော်ဟရီ စိတ်ညိုသွားမှာလည်း စိုးပါတယ်။
ဒါကြောင့် နည်းနည်း ထပ်ပြောခွင့်ပြုပါလေ....

ဟုတ်ကဲ့ … အနုပညာဆိုတာ ခေါင်းစဉ်အောက်မှာ အကျုံးဝင်တဲ့ အရာမှန်သမျှ ကျွန်မ ၀ါသနာပါ ပါတယ်။
မဖန်တီးတတ်ပါဘူး။း) ခံစားဖို့ ပဲ ဝါသနာထုံတာပါ။

အားလုံးအသိ ကျွန်မရဲ့ ဝါသနာတစ်ခု စာရေးခြင်းအပြင် ဖန်တီးလိုစိတ်နဲ့  စွဲမြဲနေတဲ့ နောက်ဝါသနာကတော့ ပုံဆွဲတာပဲ ဖြစ်ပါတယ်။ ကျွန်မ က ငယ်ငယ်တည်းက သိပ်မဆော့ပါဘဲ စာကြည့်စားပွဲရှေ့ မှာ အချိန်ကြာကြာထိုင်တတ်တယ်ဆိုရင် အထင်မကြီးလိုက်ပါနဲ့ ဦး ။
စာမကြည့်ဘဲ ပုံဆွဲနေခြင်းသာ ဖြစ်ပါတယ်။း)

ဘာပုံလဲဆိုတော့ ကောင်မလေးပုံတွေချည်း။ ခုလည်း စိတ်ညစ်ရင် ပုံဆွဲပါတယ်။ လူက သုန်မှုန်နေပေမယ့် ဆွဲလိုက်တဲ့ ကောင်မလေးတွေက မျက်နှာကြည်ကြည်လေးတွေ။
ဒီတော့ ပုံလေး ကြည့်ပြီး စိတ်ချမ်းသာသွားပါတယ်။ ဒီထက်လည်း ရှေ့ ဆက်မတက်ပါဘူး။

စာဖတ်သူထဲက သုံးနှစ်ကနေ ၈နှစ် အရွယ်သမီးလေးတွေရှိရင် ကောင်မလေးကာတွန်းပုံလေးတွေလိုချင်ရင် ကျွန်မကို လှမ်းခေါ်လို့  ရပါတယ်လို့ ...း)
ကျောင်းတက်တော့လည်း ဒီပုံဆွဲတာနဲ့ ဆိုင်တဲ့ ဘာသာရပ်ကို… ဒီဘာသာရပ်ရှိတဲ့ အသက်မွေးမှုကို …ချစ်ခင်သူတွေ အတန်တန်တားတဲ့ကြားက ရွေးယူခဲ့ပါတယ်။

လေ့လာမှုအားနည်းခဲ့တာတွေ။ ပထမအမြင်မလှခဲ့တာတွေ။ အမှား အယွင်းတွေ နဲ့  စာသင်ချိန်မှာ နာကျင်လွန်းခဲ့ရလည်း အနုပညာနဲ့  နည်းပညာပေါင်းစပ်ထားတဲ့ ဗိသုကာပညာကို ကျွန်မ ဝါသနာသိပ်ကြီးပါတယ်။အခုလည်း ဒီပညာရပ်ထဲက အစိတ်အပိုင်းနှစ်ခုကို ထပ်မံလေ့လာသင်ယူနေဆဲပါ။နောက်ဘဝမှာလည်း ဒီအတတ်နဲ့  အသက်မွေးတဲ့ ပညာရှင်ပဲ ဖြစ်ချင်နေဆဲရယ်။

ဒီနောက်ကော။ တခြားထပ်မံ၍…. လို့ ဆိုရင်
ကျွန်မမှာ နောက်ထပ်ထူးခြားတဲ့ ဝါသနာတွေ မရှိတော့ပါဘူး။ တခြားဝါသနာပါတာတွေဟာ အကောင်အထည် မဖော်ဖြစ်တော့ဘဲ စိတ်ကူးထဲမှာပဲ အနည်ကျသွားတာ များပါတယ်။

ဒါပေမယ့် အရှိန်အဟုန်ပြင်းစွာ ဆွဲငင်နေတဲ့ အနုပညာနဲ့  ဗိသုကာဝါသနာကြောင့် ပဲ အသက်ရှင်ရကျိုးနပ်ခဲ့ပါပြီ။ဒီလောက်ဆို ဝါသနာစာစီစာကုံးလေး အနားသပ်လို့  ရပြီထင်ပါရဲ့ နော်။

စကားမစပ်ပြောရရင် tag စာတွေရေးတော့ ကျွန်မကို ဒီဘလော့လေးစမတည်ခင် အိပ်မက်များမှာ ကဗျာအတိုလေးတွေ စရေးစဉ်တည်းက အားပေးခဲ့တဲ့ စာဖတ်သူတစ်ဦးက သြဘာကောင်းချီးပေးပါတယ်။
“မယ်ကိုးတော့ ပေါက်ကရတွေ ရေးဖြစ်နေပြီ” တဲ့။ :D
တကယ်တော့ အဲဒီစာဖတ်သူက စေတနာလွန်ကဲပြောတာပါ။ ကျွန်မက စာကောင်းပေကောင်းလည်း မရေးရသေးပါဘူးနော်။း)

ဘာပဲဆိုဆို ၀ါသနာလည်း သိသွားပြီဆိုတော့ အပြောခံရတာနဲ့  ကာမိအောင် ကြုံတုန်းလေး ပေါက်ကရ ကြော်ငြာခွင့်ပြုပါနော်။
“မယ်ကိုး ဗိသုကာပုံအပ် လက်ခံသည်။ မယ်ကိုးရဲ့  စာကို သုံးကြောင်း အမှားအယွင်းမရှိ ရွတ်ပြနိုင်ရင် ၃၀ % ။ ကိုးကြောင်း ရွတ်ပြနိုင်ရင် ၇၀ % လျှော့ပေးမည် ” လို့ ။
ရေရင်းနဲ့  ဒီစာဖတ်မိကာ မျက်လုံးပြူး စိတ်တိုသွားမယ့် ဗိသုကာ ဆရာမ အပြုံးပန်းနဲ့  အစ်ကို မိုးကုတ်သား ကို မြင်ယောင်ပြီး ရယ်ချင်နေမိရဲ့ ။

(လန့် မသွားပါနဲ့  ဆရာမနဲ့  အစ်ကိုမိုးကုတ်သားရေ...
ဒီမှာ အနေကြာတော့ လျှော့ဈေးတွေနဲ့  အသားကျနေတာမို့  ရယ်ရွှင်ဖွယ် နောက်ပြောင်လိုက်မိတာပါ။)

ဟုတ်ကဲ့ ။
ကျွန်မတို့  ဗိသုကာတွေအတွက် ကျင့်ဝတ်များစွာထဲက တစ်ခုက မကြော်ငြာရပါဘူးတဲ့။


ဒီလို ဥာဏ်စွမ်းနဲ့ ဝိရိယကိုသာမက ကံတရားအခွင့်အခါ ကိုပါ မှီခိုနေရတဲ့ ဒီဝါသနာတွေနဲ့ ပဲ ကျွန်မ ရှင်သန်နေပါဦးမယ်။
တစ်ခါက “ငိုကြွေးနေတဲ့ ရောင်ပြန် ” အက်ဆေး လေးမှာ ရေးခဲ့ဖူးသလိုလေ...

ယုံကြည်မှုတွေ ဘယ်လိုပင် စိုက်ပျိုးလည်း နောက်ဆုံးမှာ ခြောက်သွေ့ နေတဲ့ ပန်းတွေပဲ တဲ့လား။
ရှိပါစေလေ။
ရာသီဥတု ဘယ်လောက်ပဲ ညှိုးရော်နေပါစေ နေရောင်ခြည်ကို ကျွန်မ ဖန်တီးယူဦးမယ်။
ဖြောင့်ချက်တွေ မပေးချင်ပေမယ့် ကျွန်မရဲ့ ပန်းခင်းဟာ ကျွန်မ ဖြစ်ပါတယ်။
ဒီလိုနဲ့  အမေ့ရဲ့  သမီးဆိုးလေ…
လှိုင်းကြမ်းမုန်တိုင်းအကြား ဘယ်အကွေ့ မှာ ဘယ်တက်နဲ့ လှော်ရမယ် မသိလည်း
ခေါင်းငုံ့ လို့ ငို…

ခေါင်းငဲ့ ရင်း ပြုံး…

ခေါင်းမေါ့ ကာ ရယ်ချင်ယောင်ဆောင်နေဦးမှာ။...။



မေတ္တာများဖြင့်
မယ်ကိုး

စာကြွင်း ။ ဝါသနာလေးကို ပြောခွင့်ပေးတဲ့ အစ်မ မနော်ဟရီ ကို အထူးကျေးဇူးတင်ရင်း ကျွန်မနဲ့  အနုပညာကော ဗိသုကာပါ ဝါသနာတူမယ်ထင်တဲ့ ဆရာမ အပြုံးပန်း နဲ့  အစ်ကို မိုးကုတ်သား ကို ဝေဒနာလေး လက်ဆင့်ကမ်းပါရစေနော်။

ပုံလေးက လေးစားရပါသော အမျိုးသမီး ဗိသုကာ Zara Hadid ရဲ့ လက်ရာ Cagliari Contemporary Arts Centre ဒီဇိုင်းပါ။