28 April 2009

“တောင်ခြေမှာ ရပ်တန့်ခြင်း”




ကိုယ်ခံအားချို့ သူမို့  တောရိပ်မှာ ခိုမိရုံသာ။

ဆက်သွား...ခေါင်းမတ်မတ်ထား
ဘယ်လိုပင် ညွန်ကြားလည်း

ဟင့်အင်း...
ထပ်မတွန်းနဲ့ တော့နော်
အခိုက်အတန့် လေးမှာ ကျွန်မ သေမယ်။

ထိရှလွယ်သူကို တော်သလိုသာ မျက်နှာလွှဲလိုက်ဦး။

မောလွန်းလှမို့ 
ရင်ခုန်သံကို ချိုးနှိမ်လို့  ခဏတော့ ပုန်းမယ်။

ယုံကြည်မှုတဲ့လား…
တုန်ခါလွန်းနေတဲ့ ထိုအရာလေးက
လဲပြိုဖို့  ကူပေးပြန်တော့
အိပ်မက်ကို တီးခေါက်ကြည့်တိုင်း လှိုဏ်ခေါင်းသံပါနေ။

အကိုးအကားတွေနဲ့
လွတ်လမ်းရှာလိုလည်း
မီးခိုးမုန်တိုင်းအောက်ခြေမှာ

အသက်ရှုရပ်နေသူပါ။

ရန်သူ့ လက်ထဲ စင်းစင်းကြီး သေတော့ 
ဆိုကာ ပစ်ထားလိုက်ပါကွယ်။

9 comments:

လင်းဒီပ said...

မယ်ကိုးကဗျာလေးတွေ ဖတ်လိုက်ရင် အပိုင်းအပိုင်းလေးတွေ ပြန်ဆက်ထားသလို..
တစ်ပွင့်စီ ပန်းလေးတွေ စုပြီး သီထား သလိုမျိုး..
သတိထားမိတာကြာပြီ..။
ဒီကဗျာမှာလည်း ဒီလိုပဲ ခံစားမိတယ်..။

အချစ်ကို ထိလိုက် ပြန်နောက်ဆုတ်လိုက်
နီးသွားလိုက် ဝေးသွားလိုက် မျောသွားလိုက်..
ုဖြစ်လာတယ်..။

အချစ်နဲ့တွေ့ရင်တော့ အားလုံးဟာ ကိုယ်ခံအားချို့ကြပါတယ်လေ..။

ဆောင်းယွန်းလ said...

ထိရှလွယ်သူကို တော်သလိုသာ မျက်နှာလွှဲလိုက်ဦး။

ကဗျာကောင်းလေးတပုဒ်ပါပဲညီမရေ
ငါ့ညီမကဗျာရေးဟန်လေးတွေကောင်းတယ်...ဆဏ်းသစ်တယ်

Moe Cho Thinn said...

ပုန်းနေတဲ့ ထိရှလွယ်သူကို လာရှာဖွေသွားတယ်။
ညီမ ကဗျာလေးက ကောင်းလွန်းတယ်။

အမရာ said...

မောလွန်းလှမို့ 
ရင်ခုန်သံကို ချိုးနှိမ်လို့  ခဏတော့ ပုန်းမယ်။
အရမ်းကြိုက်မိတဲ့ စာသားလေးပါ....:P

မင်းအိမ်ဖြူ said...

နောက်ကျသွားတယ် ၊ ခွင့်လွှတ် ...

ထိရှလွယ်သူကို တော်သလိုသာ မျက်နှာလွှဲလိုက်ဦး။

အင်း........

ရွာသားလေးဝိုင်တီယူ said...

တခါတရံ၌ အချစ်သည် ဖျားနာတတ်၏ ဆိုတာကို တွေးမိသွားတယ်

မမယ်ကိုးရေ နေ့လည်ကတည်းကမန့်မလို့ လူမလစ်လို့ဗျ

Mogok Thar said...

မယ်ကိုးရေ.. ထမင်းစား ဆင်းတုန်း ၀င်လာတာ။
ကဗျာလေး ကြိုက်တယ်။
ရန်သူ့ လက်ထဲ စင်းစင်းကြီး သေတော့  ဆိုကာ ပစ်မထားလိုက်ပါနဲ့ကွယ်။
ချစ်ခြင်းကို ပြီးအောင်ရေးပါအုံး။ စောင့်စား ဖတ်ရှုနေကြပါတယ်ခင်ဗျာ။

မဆုမွန် said...

ကိုယ်ခံအားချို့ သူမို့  တောရိပ်မှာ ခိုမိရုံသာ။............
မယ်ကိုးလေးရေ ကဗျာအစကတည်းက ခံစားချက်နဲ့ တည့်တည့်ထိတယ်..ကြိုက်တယ် များများရေး အားပေးနေမယ်နော်

နေညှိ said...

ကဗျာလေးက ကောင်းလိုက်တာ ဗျာ . . .