10 May 2009

“ ငိုကြွေးနေတဲ့ ရောင်ပြန် ”

လောကကြီးနဲ့ သိသိသာသာ ကျွမ်းဝင်ပြီးတဲ့နောက်မှာ အလီဘာဘာတံခါးတွေအပြင် အလီဘာဘာလမ်းတွေပါ ရှိသေးကြောင်း ကျွန်မ သိလာခဲ့ရပါတယ်။
ကံတရားတဲ့လေ။ကျွန်မ သိပ်မုန်းတယ်။
ဂါထာကို ထောင်ပေး မသင်ယူနိုင်သူအတွက် သူနဲ့ ကျွန်မဟာ ကျောချင်းကပ် ရန်သူတွေပါ။


ဘယ်လို။

ဘဝဟာ ပြ
ာန်းပြီးသား စာအုပ်တဲ့လား။ခါးလွန်းလို့  နားလိုက်ဦးကွယ်။
ခြေအကြွမှာ ဆူးတွေ ကပ်ပါနေပေမယ့် အိပ်မက်တွေ သိပ်သိပ်သည်းသည်း မြုပ်နှံထားရာဆီ ဆက်လှမ်းနေဦးမယ်။

“သမီးမိုက်” တဲ့လား။
ခွင့်လွှတ်ပါ အမေ။
သမီး မသေချင်သေးဘူး။
အမေညွန်တဲ့ လမ်းတွေမှာ သမီးပျော်မွေ့ ချင်ခဲ့လည်း...

အမေခင်းပေးတဲ့ လမ်းတွေမှာ သာတောင့်သာယာနေချင်ခဲ့လည်း...
အိပ်မက်တွေ ခင်းကျင်းဖို့ ပြတိုက်လေးဆီ လှမ်းပါရစေ။

အမေ့ရဲ့  ကိုယ်ပွားမဖြစ်နိုင်တော့တဲ့ သမီးမို့ အပူမီးမှာ နစ်ပါရစေဦး။
အမေ ဆိုသလို သမီး အမှန်တကယ် မိုက်မဲလွန်းရဲ့ နော်။

ဒါပေမယ့် ရခဲလှတဲ့ လူ့ ဘဝမှာ မရချင်တာတွေနဲ့ ပဲ မရှင်သန်နိုင်တဲ့သမီးကို မျက်နှာလွှဲလို့  လွှတ်မချခင်....
အတိတ်ကံနဲ့ သမီးလွန်ဆွဲတဲ့ပွဲမှာ သမီးဘက်က လာအားပေးပါလား အမေရယ်။

ဟုတ်ကဲ့။
ယုံကြည်မှုတွေ ဘယ်လိုပင် စိုက်ပျိုးလည်း နောက်ဆုံးမှာ ခြောက်သွေ့ နေတဲ့ ပန်းတွေပဲ တဲ့လား။
ရှိပါစေလေ။
ရာသီဥတု ဘယ်လောက်ပဲ ညှိုးရော်နေပါစေ နေရောင်ခြည်ကို ကျွန်မ ဖန်တီးယူဦးမယ်။
ဖြောင့်ချက်တွေ မပေးချင်ပေမယ့် ကျွန်မရဲ့ ပန်းခင်းဟာ ကျွန်မ ဖြစ်ပါတယ်။

ဒီလိုနဲ့  အမေ့ရဲ့  သမီးဆိုးလေ…
လှိုင်းကြမ်းမုန်တိုင်းအကြား ဘယ်အကွေ့ မှာ ဘယ်တက်နဲ့ လှော်ရမယ် မသိလည်း
ခေါင်းငုံ့ လို့ ငို

ခေါင်းငဲ့ ရင်း ပြုံး

ခေါင်းမေါ့ ကာ ရယ်ချင်ယောင်ဆောင်နေဦးမှာ။ ။


14 comments:

အိန္ဒြာ said...

လေဒီနိုင်းရေ...

သိပ်လှတဲ့အက်ဆေးလေးပေါ့...

အမေ့ရဲ့ ဒုက္ခအိုးမလေး..အဆင့်တော့ မဟုတ်သေးဘူးမဟုတ်လား....
ဆက်လုပ်....

ငှက်ကလေး said...

မမ ရေ လည်လည်ရောက်ခဲ့တယ် ရှင့်
တာ့တာနော်
အားပေးလျက်ပါရှင်

ကိုရင်နော်ခင်လေးငယ် said...

မယ်ကိုးရေ...

ဒီစာစုလေးတွေ ဖတ်အပြီး ခေါင်းမာတတ်တဲ့
တို့ ကိုယ်တိုင် မေမေ့ကို အရမ်း တမ်းတမိသွားတယ်..

သိပ်ကို ဖတ်လို့ကောင်းပါတယ်..

ရင်းနှီးချစ်ခင်စွာဖြင့်..
.......

မဆုမွန် said...

မယ်ကိုးလေးရေ အားမလျော့နဲ့လေ..
အမေဆိုတာ လောကမှာ ကိုယ့်ကို နားအလည်ပေးနိုင်ဆုံး ကိုယ့်ကို အခွင့်လွှတ်နိုင်ဆုံး ကိုယ့်အတွက် အချိန်အများကြီးပေးဆပ်ခဲ့တဲ့ သူ့ရင်ထဲက သွေးစက်လေးကနေ လူဖြစ်လာတဲ့ သမီးလေးကို အမေက မေတ္တာတွေ ပေးနေမှာ သေချာတယ် အမေ့မေတ္တာနဲ့ မယ်ကိုးလေး ငြိမ်းချမ်းမှာပါနော်..

ကြည်ဖြူပိုင် said...

မမနိုင်းရာ... မမက လိမ္မာပါတယ်။ ဘာလို့သမီးဆိုးလေး လို့ ပြောရတာတုန်း။ ဟုတ်ရပါဘူး။
ဒါပေမယ့် အရမ်းကောင်းတယ်မမနိုင်းရ။
ပြောတော့ပြောရဦးမယ်။ သမီးဆိုးလေးဟုတ်ဘူးနော်။ လိမ္မာတဲ့ သမီးလေးနော်။

ကြည်ဖြူပိုင် said...

ဟဲဟဲ...ဆောရီး ကဗျာဖတ်ရင်း ဈာန်ဝင်သွားလို့ မမနိုင်း ဖြစ်သွားတာ။ မမကိုး။။ မမကိုး။ အမလဲ မေ လို့ခေါ်တယ်လား။ အနော်ကတော့ မေ လို့ခေါ်လိုက် မေမေ လို့ခေါ်လိုက်ပဲ။ မေမေလို့ ခေါ်တာတော့များတယ်။ ချွဲချင်လို့ရှိရင် မေ ပေါ့။ ဟဲဟဲ

ကြယ်သောကြာ said...

မယ်ကိုးရေ.. ကောင်းတယ်ဗျာ ကျွန်တော်လည်း အဲလိုပြောတတ်ချင်တယ် မပြောတတ်တော့ ရင်ဘတ်တွေတောင် အက်ကွဲလာတယ် မြိုသိပ်ထားရလွန်းလို့။ ကျွန်တော် တစ်ကယ်ခံစားမိလိုက်ရတယ်။ မယ်ကိုးရေ ခင်မင်မိသူဆိုပေမယ့် ကျွန်တော်လေးစားရတဲ့ အရေးအသားထဲ မယ်ကိုးလည်း တစ်ယောက်အပါအဝင်ပါ။ ခံစားမှု့တွေကို စကားလုံးတွေအဖြစ် သေသပ်လှပ ကျစ်လစ်စွာ ဖော်ပြနိုင်မှုတွေကိုလေ။

ကိုလူထွေး said...

ဒီတစ်ယောက်ရေးပြပုံကလဲ တမျိုးတဘာသာ တမူထူးတာပဲ...

ဘာတဲ့..
ခေါင်းငုံ့ လို့ ငို
ခေါင်းငဲ့ရင်းပြုံး
ခေါင်းမော့ကာ ရယ်ချင်ယောင်တောင် ဆောင်ဦးမတဲ့...

ပြဠာန်းတာ ဒီလို ဌာန်းသလားလို့ x နဲ့ v နဲ့ ပဲ ကွာပါတယ်...
(ဆရာလုပ်တယ်ထင်ရင် ခွင့်လွှတ်ပါရန် ကြိုတင်တောင်းပန်အပ်ပါသည်)

မင်းအိမ် said...

အင်း ဘာတဲ့ ၊

''ဘဝဟာ ပြဌာန်းပြီးသား စာအုပ်တဲ့လား။ခါးလွန်းလို့ .....''
ဒီလိုပဲ လက်ခံ လိုက်ရတာပဲလေ .. ဒါဟာ လည်း ဘ၀ ဖြေနည်းတစ်မျိုးပေါ့..

''အလီဘာဘာတံခါးတွေအပြင် အလီဘာဘာလမ်းတွေပါ ရှိသေးကြောင်း ကျွန်မ သိလာခဲ့ရပါတယ်။
ကံတရားတဲ့လေ..........''
ဒီအသုံးလေး အရမ်းသဘောကျတယ် ..ရောပြီးသုံးသွားတာလေး

'အတိတ်ကံနဲ့ သမီးလွန်ဆွဲတဲ့ပွဲမှာ သမီးဘက်က လာအားပေးပါလား အမေရယ်။ ''

ဟုတ်တယ် . ဒီလိုတွေးတာ ကျွန်တော်တို. အလွန်လား
လွန်ပါဘူးနော် .. အနားမှာ တခါတလေ ၊ ခုချိန်ထိ အနီးကနေ အားပေးနေစေချင်တုန်း ......
ကျွန်တော်လည်း မိဘ ရင်ခွင်ကနေ အဝေးမှာ ကိုယ် ပွဲကိုယ် အားပေးရင် ရှုင်သန်နေရတာ .. ၁၅ နှစ်ကျော်ပြီ ....

Craton said...

အမေဆိုတာ ကိုယ့်ဘက်မှာရှိပါတယ်..

ဆောင်းယွန်းလ said...

ကျွန်မရဲ့ ပန်းခင်းဟာ ကျွန်မ ဖြစ်ပါတယ်။
ဒီလိုနဲ့  အမေ့ရဲ့  သမီးဆိုးလေ…
လှိုင်းကြမ်းမုန်တိုင်းအကြား ဘယ်အကွေ့ မှာ ဘယ်တက်နဲ့ လှော်ရမယ် မသိလည်း
ခေါင်းငုံ့ လို့ ငို
ခေါင်းငဲ့ ရင်း ပြုံး
ခေါင်းမေါ့ ကာ ရယ်ချင်ယောင်ဆောင်နေဦးမှာ။ ။
ကိုယ့်ပန်းခင်းကို ကိုယ်တိုင်ရှင်သန်အောင် စိုက်ပျိုးနိုင်ပါစေ ညီမရေ...

ရွာသားလေးဝိုင်တီယူ said...

ရီချင်လျက်နဲ့ ဇာတ်ကွက်အလိုချ ငိုလိုက်ရတယ် ဆိုတဲ့ ဘ၀ဇာတ်မင်းသမီးပေါ့ မမယ်ကိုးရာ

Mogok Thar said...

ယုံကြည်မှုတွေ ဘယ်လိုပင် စိုက်ပျိုးလည်း နောက်ဆုံးမှာ ခြောက်သွေ့ နေတဲ့ ပန်းတွေပဲ တဲ့လား။
ရှိပါစေလေ။
နေရောင်ခြည်ကို ဖန်တီးယူနိုင်မှာပါ ညီမလေးရေ။
ခေါင်းမေါ့ ကာ လှိုက်လှိုက်လှဲလှဲ (ထာဝရ) ပြုံးရယ်ပျော်ရွှင် နိုင်ပါစေ။

အပြုံးပန်း said...

ရေးတတ်လိုက်တာ မယ်ကိုးရေ။
ဒါပဲ ပြောတတ်တယ်။
စကားလုံးတွေသုံးပုံကို
ခဏခဏပြန်ဖတ်ယူရတယ်၊
ကိုယ့်ဆီမှာ အဲဒါတွေ တကယ်မရှိဘူး။