26 May 2009

“ဒဏ်ရာများ အဆုံး... သညာတစ်ခု အစ”


ပညတ်တစ်ခုကို ရှင်းလင်းမယ် ကြံစည်တော့ အရှင်လတ်လတ်နာကျင်မှုတွေဟာ စီရရီနဲ့  ထိုးထိုးထောင်ထောင်ထွက်လာတာ။

သညာတစ်ခုကို စဖွင့်ဖို့  နောက်ခံတီးလုံးဟာ ကျွန်မရဲ့  နာမည်ရင်းဖြစ်တာမို့  ဘေးဘီငဲ့ကြည့်ပြီးမှသာ ရှေ့ ဆက်သွားနိုင်တော့ မှာ။

ဘယ်သူယုံမလဲ။

အသိနက်နက် ရှက်တတ်တဲ့ အရွယ်ကစလို့  မျက်နှာသစ်တွေနဲ့ မိတ်ဆက်ရတိုင်း အကြည့်မြားစူးတွေအောက်မှာ
ရှက်စိတ်နဲ့  အနေခက်ကာ သေလုမတတ်နာကျင်ခဲ့ရတာတွေ။

ရယ်ချင်ရိပ်ကို ဖုံးကွယ်ထားတဲ့ မျက်နှာဖုံးတွေ။

ခါးလိုက်တာ။

အသားကျနေတဲ့ မချိပြုံးကို ထုံးစံအတိုင်း တပ်ဆင်ရပြန်။


မုန်းတယ်။
လူသုံးခဲတဲ့ စကားလုံးနဲ့  ခြားနားတဲ့ အနက်ကို ဖော်ဆောင်တဲ့ ဒီနာမည်ရှည်ကို။


တခါကြားဖူးတာနဲ့ အမေ့ခက်တဲ့ နာမည်ဟာ လူတွေရဲ့  ဦးနှောက်မှာ တွဲလျက်ဖြစ်နေမှာက နာမည်နဲ့ လူနဲ့  လိုက်လဲမလိုက်ဖူးဆိုတာ။

ဟုတ်ပါတယ်။
ဒီနာမည်နဲ့  ကျွန်မ မအပ်စပ်ပါဘူး။
ရင်ထဲမှာပဲ အော်နိုင်ကာ နှုတ်က ပြောမထွက်။


နာကျင်လွန်းလှချည့်။

မိတ်ဆက်ခံရသူမျက်နှာတွေ ဘယ်လိုပဲ ပြောင်းပြောင်း သွင်ပြင်ကတော့ တစ်ခုတည်း ။

မျက်ခုံးတွန့် မယ်။ မယုံချင်သူ။

ရယ်ချင်ရိပ်ကို ဖုံးထားမယ်။ အားနာတတ်သူပဲ။
မပွင့်တပွင့် ရယ်မယ်။ တပါးသူခံစားရမှုကို လျစ်လျူရှုရက်စက်တတ်သူပေါ့။
နောက်ဆုံး ကိုယ်ချင်းစာတတ် တဲ့ ဟန်ဆောင်ကောင်းသူကတော့ နောက်ကွယ်မှသာ စကားတင်းဆိုကာ ရယ်မောမှာရယ်။

နာမည်ကြားရင် တကူးတက လာကြည့်တတ်ပြီး တိုးကျိတ်ရယ်မောတတ်သူတွေ။ ငယ်စဉ်တောင်ကျေးက စလို့  ရိုက်ခတ်ခံခဲ့ရတဲ့ သရော်လှောင်ပြောင်မှုမို့  အရေထူနေပြီလို့ မထင်လိုက်ပါနဲ့ လေ။

လှိုင်းဒဏ်ကြောင့် တစစီပြုန်းကြွေသွားတဲ့ ကျောက်ဆောင်လို နာကျင်မှုသဲပွင့်တွေဟာ ဟင်းလင်းခွင်တလျှောက်။
ကြေကွဲလွန်းလို့  ခဏသေသွားလည်း ပြန်ရှင်လာတော့ ဒီနာမည်နဲ့ သာ။
စာရွက်ထဲမှာလည်း နာမည်တွေ ချ ရေးဖူးပါတယ်။
ဒါပေမယ့် ပြောင်းလဲခွင့်ဟာ အဝေးဆုံးရဲ့  အစွန်အဖျား၌သာ။


ဒီလို ဝဋ်ကြွေးများကို ကျောပိုးထားရသူဟာ ပြီးခဲ့တဲ့လ သင်တန်းမှာ မိတ်ဆက် ရတဲ့အခါ မြန်မာတွေ ပါတာမို့  ခပ်ကျယ်ကျယ်ရယ်သံတွေနဲ့  နားထဲကို ချော်ရည်လောင်းထည့် ခံရပြန်ပါသေးတယ်။

“ ရိုင်းလိုက်ကြတာ” လို့  မနာကျည်းနိုင်ပါဘူး။
အရင်ဘဝက ငါဒီလိုပဲ လုပ်ခဲ့ဖူးလို့  ထင်ရဲ့ လို့  အမြဲဖြေသိမ့် နေကျမို့  လျစ်လျူရှုလည်း သိမ်ငယ်မှုကို မသိမ်းဆည်းနိုင်ခဲ့ပါ။


အားလုံးလည်း သိရဲ့ ။
သတ္ထုတောင်မှ အရည်ပျော်တတ်ပါတယ်။

ဆရာနီကိုရဲ ရဲ့  ဝတ္ထုတို တစ်ပုဒ်ထဲမှာ ပြားကြီးဆိုတဲ့ ဇာတ်ကောင်ဟာ နာမည်မလှလို့  စိတ်ဆင်းရဲခဲ့ရဖူးသလို ကျွန်မလည်း အသက်ကြီးလာလေ လူနဲ့  ကွာဟလေ ဖြစ်လာတဲ့ ဒီနာမည်ဆန်းဆန်းကြောင့် သေသည့်တိုင် နာကျင်နေရတော့မှာပါ။

ဒီလို မအပ်မရာ နာမည်လှလှဆန်းဆန်းကို ပိုင်ဆိုင်နေရသူမို့  ကလောင်နာမည်ရွေးတဲ့အခါ ဘာ အဓိပ္ပါယ်မှ မသက်ရောက်တဲ့ အရိုးဆုံးကိုပဲ စဉ်းစားခဲ့ပါတယ်။

ရှင်ညိမ်းမယ်က အစ အိုင်ချင်းသီတဲ့ မယ်အစချီ ကဗျာဆရာမအပေါင်းကို လေးစားချစ်ခင်သူမို့  မယ်လို့  ရှေ့ စကားလုံးစကာ မွေးရက်က (၁၈)ဆိုတော့ ပေါင်းတော့ကိုးရတာမို့  လွယ်လွယ်ကူကူပဲ ဒီစကားလုံးနှစ်ခု ပေါင်းစပ်လိုက်တော့တာ။

ပြီးတော့ မြန်မာလူမျိုးဆိုတော့ ဘယ်သွားသွား ကိုးက ရှောင်မလွတ်တာမို့  ကိုးဂဏန်း ကို ချစ်ခင်မိတာကလည်း တကြောင်းပေမယ့် ကျွန်မ မွေးရက်က လေး ဖြစ်နေရင် ဆိုရင် မယ်လေး လို့ များ ဖြစ်လာမလားရယ်။
၁ ၂ ၃ တို့  ၅ ၆ ၇ တို့  ဆိုရင်တော့ ...အသေအချာပေါ့။ ဆက်စဉ်းစားရဦးမှာလေ။ :)

အခုတော့ မယ်ကိုးနဲ့ ပဲ ဇာတ်လမ်းဆုံးသွားပါတယ်။ ဒီလောက်လွယ်တဲ့ ကင်ပွန်းတပ်ပုံကို ပြောဖို့ အရေး ခြေဆင်းက ရှည်လွန်းသွားတာမို့  ကျေးဇူးပြုပြီး စိတ်မရှိစေချင်ပါဘူး။

အခုတော့ ဆိုလက်စနဲ့  ဆက်လက်ပြောခွင့်လေး တောင်းချင်ပါတယ်။

ဒီနာမည်နဲ့ ပဲ ကျောင်း တုန်းက ကဗျာစာအုပ်တွေ။စာစုပေါင်းစာ အုပ်တွေမှာ ရေးခဲ့ပြီး ၂၀၀၅-၆ တဝိုက်မှာ faces မဂ္ဂဇင်း မယ့်လက်ရေး ကဏ္ဍမှာ ဝတ္ထုတိုလေး လေးခု၊ ရွက်နုဝေ မဂ္ဂဇင်းနဲ့  violet ဂျာနယ်မှာ အက်ဆေး၊ဆောင်းပါး တစ်ချို့ နဲ့  နာမည်ထင်ဖူးပေမယ့် မြုပ်နေတာအတော်ကြာပြီမို့  ကလောင်တူသူများ ပေါ်လာမလားလို့  စိုးရိမ်ခဲ့ဖူးပါတယ်။

ဒါပေမယ့် ဒီလောက်စင်းတဲ့ နာမည်ကို နှစ်သက်ရွေးချယ်သူမရှိတဲ့အတွက်လည်း ဘယ်သူ့ ကိုမှန်းမသိ ကျေးဇူးတင်ရပါတယ်။

ဒီပညတ်လေးနဲ့  ပက်သက်ပြီး ပြောခွင့်ရအောင် လှုံ့ ဆော်ပေးတဲ့
မနိုင်းနိုင်းစနေ နဲ့  နာမည်ရဲ့  ခက်ဆစ်အဖွင့် စိတ်ဝင်တစားမေးတဲ့ ကိုကြယ်သောကြာ တို့ ကို အထူးကျေးဇူးတင်ပါတယ်။

ကျွန်မရဲ့  အမည်ပြောင် (nick name) တွေကို တခုတ်တရမေးတဲ့ သူငယ်ချင်းလေး
ကြည်ဖြူပိုင် နဲ့  ကလောင်နာမည်နဲ့  နာမည်ပြောင်စုရုံးကာ တဂ်တဲ့ ညီမလေး ငှက်ကလေး ကို ခင်မင်ကျေးဇူးတင်စွာ နောက်စာတစ်ပုဒ်မှ ရှင်းလင်းရေး လုပ်ပါရစေလို့  မေတ္တာရပ်ခံပါရစေဦးကွယ်။

ကျွန်မလည်း တဂ်ချင်သူတွေ များပါတယ်။ ဒါပေမယ့် မရင်းနှီးသူတွေမို့  အဖြေပြန်မလာမှာ စိုးတာကြောင့်
ကိုမင်းအိမ်ဖြူ ကိုပဲ ခင်မင်သမှုနဲ့  ဒုက္ခပေးပါရစေတော့နော်။:)


မေတ္တာများဖြင့်...
မယ်ကိုး

21 comments:

ကြည်ဖြူပိုင် said...

မမကိုးရေ....အပြည့်အစုံကိုနောက်မှဆက်ရေးမယ်ဆိုလို့ အနော်ကတော့ စောင့်ဖတ်နေမှာနော်။ အရေးတကြီးမဟုတ်ပါဘူးမမရယ်။ အားမှရေးပါ။ အနော်ဆိုအပျင်းထူပြီးမအားတာနဲ့ရောချတော့ ခုတလော ဘာစာမှကို မရေးဖြစ်တာ

မင်းအိမ်ဖြူ said...

အင်း မယ်ကိုးရေ ဘုရားစူးဒီလိုခံစားချက်ရှိမယ်လို. ထင်မထားခဲ့ဘူး
အမှန်တိုင်းဝန်ခံရရင် နာမည်ကြားရုံနဲ့ တကယ်ကို စိတ် ၀င်တစား သွားကြည့်မိတယ် .....
မှတ်မှတ်ယယ အဲဒီနာမည်နဲ. ဆင်တူ နာမည်ကို တတိယနှစ် အောင်စာရင်းထွက်တဲ့ အချိန်မှာ သတိထားမိသွားတယ် ...
နောက်မထင်မှတ်ပဲ သူငယ်ချင်းတွေ ဖြစ်ခွင့်ရခဲ့တယ် ...
ကျွန်တော်ကတော့ နာမည်လှလှလေးတွေဆို တကယ် စိတ်ဝင်စားတယ် ကိုယ့်နာမည်ကမလှလို. ဟာဟ....
တကယ်ပါ
စိတ်မညစ်နဲ့တော့နော် နာမည်ဆိုတာ ပညတ်သပ်သပ်ရယ်ပါ .......

ငှက်ကလေး said...

ကျွန်မလည်း အသက်ကြီးလာလေ လူနဲ့  ကွာဟလေ ဖြစ်လာတဲ့ ဒီနာမည်ဆန်းဆန်းကြောင့် သေသည့်တိုင် နာကျင်နေရတော့မှာပါ။

ဒီ နံမည်ဆန်းလေးကြောင့်ပဲ မမ စာတွေကို ဖတ်ဖြစ်တာ မမရာ ဘာလို့ သေသည်တိုင်အောင် နာကျင်ရမှာလဲ
ဂရေဟမ်သီချင်းလို သေသည်တိုင်အောာင် ချစ်နေမယ် ဆိုလဲ ဟုတ်သေးးး ဟိဟိ

မျှော်နေတယ် ဆက်ရန်ကို အားမှပါ နားလည်ပါတယ် ညီမလဲ ဒီလိုပဲ ပို့စ် အသစ် က တင်ချင်တာ မအားလို့

မအားဆို မမ ရယ် သိတဲ့အတိုင်း ရှုတင် တွေ သွားနေရတာကိုးးး
ခစ်ခစ် ပြန်ဦးမယ် တာ့တာ

ကြယ်သောကြာ said...

"ဒီလို မအပ်မရာ နာမည်လှလှဆန်းဆန်းကို ပိုင်ဆိုင်နေရသူမို့  ကလောင်နာမည်ရွေးတဲ့ ဘာအဓ္ဓိပါယ်မှ မသက်ရောက်တဲ့ အရိုးဆုံးကိုပဲ စဉ်းစားခဲ့ပါတယ်။" တဲ့လား...
ကျွန်တော် ကတော့ မယ်ကိုး ဆိုတဲ့ အမည်လေး ကို ရိုးတယ် လို့ မထင်ဘူး။ "မယ်" ဆိုတဲ့ စာလုံးလေးတစ်လုံးမှာ နုနယ်ခြင်း ပျိုမြစ်ခြင်း မိန်းမသားပီသခြင်း အစရှိတဲ့ အနက်တွေ သက်ဝင်နေ သလို "ကိုး" ဆိုတဲ့ စကားလုံးတစ်ခုနောက်မှာ ယုံကြည်ကိုးစားခြင်း နက်နဲသိမ်မွေ့ခြင်း လျှိုဝှက်ဆန်းကြယ်ခြင်း စသော များစွာသော အဓိပ္ပါယ် တွေ ပေါင်းစပ်ထားတာကြောင့် "မယ်ကိုး" .... ဆိုတဲ့ ပညက်လေးကို ကြားသိလိုက်တာနဲ့ ခန့်မှန်းရ ခက်ခဲသော နက်ရိုင်းမှု တစ်ခုကို ခံစားမိလိုက်လို့ပါ။

မယ်ကိုး ရေ ...
မအားတဲ့ကြားက ချက်ချင်းရေးပေးတဲ့ အတွက် ကျေးဇူးအထူးတင်ပါတယ်။

ခင်မင်လေးစားမှုများဖြင့်

မြူးသျှရီ said...

မရေးးးးးးးး
မြူးလဲအစက နာမည်လေး
တွေ့ ပြီးစိတ်ဝင်စားခဲ့တယ်
တဂ့်မလို့ တောင်စိတ်ကူးသေးတယ်လေ
အင်းးးးးးးးကျေးဇူးပဲနော်...မ
နာမည်လေးကချစ်စရာ
မမ ကလဲ ချစ်စ၇ာလေးဆိုတာသိနေတယ်နော်

ဆောင်းယွန်းလ said...

Nick Name နဲ့ပတ်သတ်ပြီးရေးထားပုံလေးက တော်တော်ဖတ်လို့ကောင်းပါတယ်ညီမရေ...

”မယ်ကိုး”ဆိုတဲ့အမည်လေးနဲ့ စာတွေအများကြီးဆက်ရေးနိုင်ပါစေ...လို့

ရွာသားလေးဝိုင်တီယူ said...

စိတ်မရှိပါနဲ့ဗျာ စာလုံးပေါင်းတွေကြောင့် စာကောင်းလေး ပျက်သွားမှာစိုးလို့ပါခင်ဗျာ၊

နောက်ကွယ်မှသာ စကားတင်ဆိုကာ (စကားတင်းဆိုကာလို့ ရည်ရွယ်တယ်ထင်ပါတယ်)

နောက်တစ်လုံးက အဓိပ္ပါယ်ပါ။

သညာတစ်ခုအတွက် နာကျင်မှုတွေ လူတွေရဲ့ ခပ်တိမ်တိမ်အတွေးတွေ။ မိမိရဲ့ပျော်ရွှင်မှုကို သူတပါးရဲ့ နှလုံးသားကို ထိခိုက်နာကျင်စေတတ်တဲ့သူမျိုးတွေက အများသား။ နောက်တာပါလို့ပြောလိုပြော အတည်လို့မှတ်ခိုင်းလိုမှတ်ခိုင်း။ ဘ၀ဆက်တိုင်း
ဒီလိုလူမျိုးတွေ မဆုံရပါစေနဲ့လို့ကျနော်တော့ ဆုတောင်းမိပါတယ်။

ရွှင်လန်းချမ်းမြေ့ပါစေခင်ဗျာ

မယ်ကိုး said...

ကျေးဇူးအထူးပါ ကိုရွာသားလေးရေ...
စာကို ကရောသောပါး အမြန်ဆုံးရေးမိတာမို့  စာလုံးအမှားတွေ အများကြီးဖြစ်သွားပါတယ်။

Mogok Thar said...

သေသည့်တိုင် နာကျင်စရာ လိုပါဘူး ညီမလေး ရ။ လူတွေ ရယ်တာလဲ စိတ်ထဲ မထားပါနဲ့တော့။ ကိုယ်ဆို ကျောင်းမှာ ဆရာတွေ ရေသောက်ချင်တိုင်း နာမည် ခေါ်ခံရတယ်။ ပြီးရင် “မင်းနာမည် ခေါ်ရတာ မောလိုက်တာ။ ရေလေး ခပ်ပေးပါအုံး” တဲ့။
အဖိုးနဲ့ အဖွားကတော့ “ငါသေရင် နင် အမွေရမှာမဟုတ်ဘူး။ နာမည်ခေါ်တုန်း အသက်က အရင် ထွက်မှာ” တဲ့။
ချစ်လို့ စတယ် မှတ်ပါတယ်။
ညီမလေး နာမည်ရင်း ခုထိ မသိသေးတာ အကို ညံ့လို့ပါ။

မျက်မှန်လေး said...

ခုမှဘဲသိချင်တာသိလိုက်ရတော့တယ်။

ကိုရင်နော်ခင်လေးငယ် said...

မယ်ကိုးဆိုတာ ဂလိုကိုး...း)

လင်းဒီပ said...

ဘာပဲဖြစ်ဖြစ် နာမည်လေးက ဆန်းကြယ်တယ်လို့ခံစားမိတယ်...။

Upasaka said...

မယ်တိုါ်တဲ့ နာမယ်လေးက ဆန်းတော့ ရောက်ဖြစ်တယ်၊ စာကို လည်း တကယ်ကောင်းအောင်ရေးတတ်တယ်ဗျာ။

အိုင်လွယ်ပန် said...

ဇာတ်လမ်းတစ်ပုဒ်လိုနားထောင်သွားပါတယ်ဗျာ ...

မြစ်ကျိုးအင်း said...

နာမည်လေးကြားမိသူတိုင်း စိတ်ဝင်တစားကြည့် မိစေတဲ့ အမည်လေးပါပဲ...။ တကယ်ခေါ်လို့ကောင်းသလို နားထောင်းလို့လဲ ကောင်း တဲ့ အမည်လို့ ကျွန်တော်တော့ ထင်ပါတယ်...။

ဇော် said...

မယ်ကိုး
မိုးကယ်
အဟိ။
ချစ်လို့ စတာ။

အောင်သာငယ် said...

ကိုး-ဆိုတာ န၀င်းကြေတယ် မဟုတ်ဘူးလား...

JulyDream said...

မယ်ကိုး မယ်ကိုး...

yangonthar said...

အစ်မ ပြောရင်ယုံမယ်မထင်ဘူး အစ်မ နာ မည် ကို blog list တွေထဲမှာတွေ့ တွေ့ ချင်း မြန်မာ့ သမိုင်းက ထင်ရှားတဲ့  အမျိုးသမီး စာပေ ပညာ ရှင်တွေကို သွားသတိရမိတယ် blog list က နေ ဆက်လိုက်လာမိတော့ ထင်တဲ့ အတိုင်းပဲ။ ကျွန်တော့် အထင်တော့ ခံစားချက် ပြင်းတဲ့ လူ တွေရဲ့ ရင်ထဲက ထွက် လာတဲ့ စကားလုံး တွေက သူတို့ ဘဝက ပေး တဲ့  ခွန်အားတွေနဲ့  ကြွယ်ဝနေ ကြတယ် နော် အစ်မ .... ကျွန်တော် ပြောနေကျ စကားထပ်ပြောပါရစေ အစ်မစာတွေ သိပ်အား ကောင်းတာပဲ ............... စာပေလော ကရဲ့  အမျိုးသမီးစာပေ သူရဲကောင်း ဖြစ်ပါစေ ........ အေးမြသာယာပစေ .....

ချစ်ကြည်အေး said...

ညီမမယ်ရေ...မရင့်ကျက်သေးတဲ့လူတွေဟာ အရေပြားတထောက်လောက်ပဲ မြင်တတ် ကြတယ်။ အဲဒီ့အတွက်တော့ နာကျင်ခံစားမနေပါနဲ့ ညီမလေးရေ။ အဓိကက အတွင်းစိတ်ပါ...စိတ်ဖြူရင် လူပါကြည်လင်ပြီးသား ညီမရဲ့.....

ညီမလေး said...

မမချစ်ကြည်အေး ပြောတာကို ထောက်ခံတယ် မယ် ... ။ ပညတ်တခုအတွက် အများကြီး တွေးနေဖို့တော့ မလိုပါဘူးလေ ။
ဒါပေမဲ့ မယ့်ရဲ့ နာမည်ရွေးပုံလေးက ရိုးစင်းပြီး ချစ်စရာကောင်းလိုက်တာ ။ နောက်ပြီး တွေးမိသေးတယ် ။ မယ် ဆိုတာကို တခြားဂဏန်းတွေနဲ့ တွဲကြည့်ပါအုန်း မယ် ။ ဥပမာ ညီမလေးက ပေးမယ်ဆိုရင်တောင် ၁၆ မို့ ခွန် ..မယ်ခွန် ဟဟဟားး ဘယ်လိုမှ ခေါ်လို့မကောင်းဘူး ။ အဲ့တော့ မယ်ကိုး ဆိုတာကိုက မယ့် အတွက် ဖြစ်လာတဲ့ နာမည်ပဲ ဖြစ်မယ်လို့း)