30 May 2009

“ကျေးဇူးပြု၍ မပြုံးစေချင်ပါ”

ကိုယ့်အကြောင်းကိုယ်သာ တွေးတတ်ကြတဲ့ လူ့ သဘာဝမှာ တစိမ်းသူရဲ့  နာမည်ပြောင်တွေအကြောင်းကို နောက်ခံအရောင်ရင့်ရင့်နဲ့ ခြယ်သပြရင်တောင် ယောင်ယမ်းပြီးသတိထားကြည့်မယ့်သူ မရှိပါဘူး…လို့ 
ရန်စ,ကာ tag ထားတာလေးကို ကွေ့ ပတ်ပြီး မလျှောက်ရဲပါ။

ထုထည်ရှိတဲ့ လူဖြစ်ပေမယ့်လည်း မြူခိုးမှုန်လို့  ဝိုးတဝါးကိုယ်ရောင်နဲ့ သာမို့  ဘယ်သူကမှ ကိုယ့်ကို နာမည်ပြောင်လည်း အရေးတယူမပေးခဲ့ပါဘူး…လို့ 
မျက်စိစုံမှိတ်ကာ အကြောက်အကန်လည်း မငြင်းရဲ ပါ။

အခုမှတော့ ငိုပြလို့ လည်း မရတော့ဘူး ထင်ရဲ့ နော်။
အဲဒါကြောင့် ရှက်ရှက်နဲ့ သာ အနှစ်နှစ်ကာလက သိမ်းချည်ထားတဲ့ အထုတ်ကြီး အထုတ်ငယ်ကို ဖြေပြရတော့မှာ။

Tag ထားတဲ့ သူငယ်ချင်းလေး ကြည်ဖြူပိုင်နဲ့  ညီမလေး ငှက်ကလေး ရေ… ခင်မင်လေးစားစွာ ပြန်ကြားလိုက်ပြီနော်။

………………………………....................................................................

ဟိုး …ဟိုး… ငယ်ငယ်တုန်းက ဖတ်ဖူးတဲ့ ဝတ္ထုတိုလေး တစ်ပုဒ်ထဲမှာလေ။
ကောင်လေးတစ်ယောက် က ကောင်မလေးတစ်ယောက်ရဲ့  နာမည်ကို လိုက်မေးသတဲ့။
အဲဒီတော့ ကောင်မလေးက မေးတယ်။

“တို့ မှာ နာမည်တွေ အများကြီး ရှိတယ်။ အဖေ အမေက ခေါ်တဲ့ နာမည်။ အစ်ကို အစ်မတွေက ခေါ်တဲ့ နာမည် ။ မောင်လေး ညီမလေးတွေက ခေါ်တဲ့ နာမည်။ဦးဦး ဒေါ်ဒေါ်တွေက ခေါ်တဲ့ နာမည်။ ဆရာ ဆရာမ တွေက ခေါ်တဲ့ နာမည်။သူငယ်ချင်းတွေက ခေါ်တဲ့ နာမည် ။ ဘယ်နာမည် သိချင်လဲ။ သိပြီးရင်တော့ လိုက်မနှောင့်ယှက်နဲ့ တော့” လို့  ပြောတော့။

ကောင်လေးက လက်ခံလိုက်ပြီး “ အဖေ အမေက ခေါ်တဲ့ နာမည် သိချင်ပါတယ်” တဲ့။
ဒါနဲ့  ကောင်မလေးက “တို့  အဖေ အမေက တို့ ကို ခေါ်တာ သမီး ”လို့  အဖြေပေးလိုက်တယ်လေ…

ကျွန်မ မှာ အခုထိ အဲဒီစာလေးကို အမှတ်ရဆဲ။ စူပုတ်ပုတ်နဲ့  ကျန်ခဲ့တဲ့ ကောင်လေးကို မြင်ယောင်ပြီး ရယ်ချင်ဆဲပါ။

အခုလည်း ဒီလိုသာ ဆိုလိုက်ချင်တော့တာ။ အမေက ကျွန်မကို သမီးလို့ သာ ခေါ်ပါတယ် ... တစိမ်းသူတွေကပေးတဲ့ နာမည်ပြောင်လည်း မရှိပါဘူး လို့ လေ။ (ကျွန်မ ရှေ့ မှာ ဆိုပါတော့)

နာမည်ရင်းကို ခေါ်လိုက်ရင်ပဲ လှောင်ပြောင်သရော်ရိပ်က ပါပြီးသားမို့ ရယ်။
ထားလိုက်ပါလေ။ ဒဏ်ရာတွေ ခဏနားလို့  ပေါ့ပါးတဲ့စကားကိုပဲ ဆိုပါတော့မယ်။

ငါးပေ ငါးလက်မလောက် အရပ်မြင့်တဲ့ တစ်ဦးတည်းသောအစ်မက ငါးပေ တစ်လက်မခွဲကျော်ကျော်သာ အရပ်ရှိတဲ့  ကျွန်မကို “အပု” လို့  ခေါ်ပါတယ်။

အရင်တုန်းက ကိုယ်အလေးချိန် ပေါင် ၁၁၅ …၁၂၀ လောက်လဲ ရောက်ဖူးတာမို့  အဒေါ်အငယ်ဆုံးခေါ်တာက
“ဟေ့ကောင် ဝက်ပု” တဲ့လေ ။သူမ ခေါ်ပုံလေးက ချစ်စရာကောင်းပေမယ့် ကျွန်မမှာ အခံရခက်ခက် နာရတာရယ်။

ကျွန်မ ပိန်သွားတာ အတော်ကြာပြီဖြစ်ပေမယ့် သူမက ဒီတစ်သက်ပြန်ပြင်ခေါ်ဖို့  စိတ်ကူးလည်း ရှိပုံမပေါ်ပါလေ။

နောက် ကျွန်မရဲ့  အစ်မလို ချစ်တဲ့ အစ်မရဲ့  သူငယ်ချင်းက စနောက်ချင်ရင် “ သုံးဆယ့်ငါးပြားလေး” လို့  ကျီစယ်ပြောတတ်ပါတယ်။

ဖြစ်ရပုံကို ပိုပိုသာသာလေး ဆိုရရင်တော့ ကျွန်မရဲ့  စည်းအပြင်ရောက်တတ်တဲ့ စိတ်ကြောင့်ပါပဲ။ကျွန်မက သူတို့ သူငယ်ချင်းတွေ ကိုယ့်ရှေ့ မှာ ဘာတွေပဲပြောပြော စိတ်မဝင်စားရင် ဘယ်တော့မှ အမှတ်အသားမထားတတ်ပါဘူး။

အဲဒါကြောင့် သူတို့ ရဲ့  အဖွင့်အပိတ်နဲ့  လုပ်ထားတဲ့ကိစ္စလေးတွေဟာ နှစ်ခါမအစ်ရဘဲ အမှန်အတိုင်းဖြေတတ်တဲ့ ကျွန်မကြောင့် ပွင့်အံကုန်သလို…
အသေးအဖွဲလို့  ထင်တဲ့အရာမှန်သမျှ လျစ်လျူရှုတတ်တဲ့ ကျွန်မက တစ်ခုခုဆို “မသိဘူးလေ ….မရဲ့  ” လို့  ဆိုတတ်တာမို့  “ခြောက်ဆယ့်ငါးပြားလေး”လို့  စခေါ်ပါတယ်။

အဲဒါကို ကျွန်မ အစ်မက များသေးတယ်ဆိုတာမို့  နောက်ဆုံး သူမက “သုံးဆယ်ငါးပြားလေး”လို့  လျှော့ချလိုက်ကာ ကျွန်မကို စိတ်ဆိုးအောင် စတတ်လေတာ။

သူငယ်ချင်းတွေထဲမှာတော့ ချစ်စွာသော စလုံးအမျိုးသမီးလေး တစ်ယောက်က ကျွန်မကို “ကလေး”လို့  မြန်မာလို နောက်ပြောင်ခေါ်တတ်လေရဲ့ ။ဒီလို ခေါ်လို့  ကျွန်မရုပ်က နုနယ်အပြစ်ကင်းနေတယ်ထင်ရင် အမှားကြီးမှားသွားပါပြီ။

မာကျောခက်ထန်ကာ လူသတ်မယ့် ရုပ်လို ခပ်ကြမ်းကြမ်းပေမယ့် အူတိအူကြောင်နဲ့ မို့  ဒီနာမည်အခေါ်ခံရတာ ဖြစ်ပါတယ်။ စခေါ်ဖြစ်ပုံကတော့ သူမ က ဈေးသက်သာတယ်ဆိုကာ ခေါ်သွားတဲ့ ဆိုင်လေးတစ်ဆိုင်မှာ ဈေးဝယ်ရာက စပါတယ်။
အမျိုးသမီးတွေအတွက် ထုတ်ထားတဲ့ ပစ္စည်း အဆင်တန်ဆာတွေကို ဒါက သက်သာတယ် ...ဟိုကကောင်းတယ်...ဆိုကာ သူမပဲ ခြင်းတောင်းထဲ ရွေးထည့်အပြီး ငွေရှင်းဖို့ အသွားမှာ ကောင်တာက တစ်ခုတည်း ...ငွေရှင်းရမယ့်သူက အမျိုးသားဆိုတော့ မျက်နှာပူပူနဲ့  ခြင်းတောင်းကြီးဆွဲကာ ပြန်ထွက်လာဖြစ်ပါတယ်။


သူမက အကင်းပါးသူပီပီ ကျွန်မရဲ့ မျက်နှာရိပ်ကိုမြင်တာနဲ့ သိနေပြီ။“ ဒါ ဘာမှ ရှက်စရာမလိုဘူး... ဒီမှာ ယောက်ျားတွေတောင် ဝယ်တယ်” လို့  ပြောပေမယ့် ကျွန်မက မျက်လုံးကလယ်ကလယ်နဲ့ အင်းမလုပ် အဲမလုပ် နေတော့ “မင်းက ငါ့ ကလေးပဲ” ဆိုကာ ခြင်းတောင်းယူပြီး သူမပိုက်ဆံနဲ့ ငွေရှင်းပေးခဲ့ရဖူးရာက အစ။ နောက်ဒီလို မရင့်မကျက်လုပ်မိတိုင်း “ကလေး”လို့  စနောက်ခေါ်တတ်ပါတယ်။

အခုတော့ ကျွန်မရဲ့  အဝေးမှာ မတွေ့ ရတောင် ကြာပြီဖြစ်တဲ့ သူမရဲ့  အစ်မကြီးဟန်နဲ့ “ကလေး” လို့  နောက်ပြောင်ခေါ်သံလေးကို လွမ်းတမိပါရဲ့ ။

သူမလိုပဲ ကျွန်မကို မြန်မာလို ကလေးလို့ အဓိပ္ပါယ်သက်ရောက်တဲ့ ဂျပန်လို “kodomo” လို့  ခေါ်ဖို့  ကြိုးစားတဲ့ ရွယ်တူ စလုံးမလေး နောက်တစ်ယောက်ရှိပါသေးတယ်။

ဒီတစ်ခါဖြစ်ပုံကတော့ ကျွန်မ နည်းနည်းလွန်ပါတယ်။ သိပ်မကြာသေးခင်ကပဲ NAFA(Nanyang Academy of Fine Arts) ကျောင်းဆင်းသူတွေရဲ့  လက်ရာတွေ ပြခန်းကို သွားကြည့်ရာက အစပေါ့လေ။

တခြားဒီဇိုင်းတွေ အကုန်ကြည့်ပြီးလို့  ပရိဘောဂ ဒီဇိုင်းတွေဆီအရောက် ပစ္စည်းချိတ်ဖို့  လုပ်ထားတဲ့ ဒီဇိုင်းနံရံလေးတစ်ခုကို သွားတွေ့ ပါတယ်။ မှန်နံရံလေးမှာ အပေါက်တွေ ဖောက်ထားပြီး အသုံးအဆောင်လေးတွေ ချိတ်ဖို့  မှန်တုတ်ချောင်းတိုလေးတွေကို ဟိုတစဒီတစထိုးထည့်ထားကာ မီးရောင်စုံလေးပါ ထည့်သုံးထားတာမို့  တော်တော်လှပါတယ်။

ကျွန်မကလည်း ပြန်ခါနီးပြီမို့  ဘာရယ်မဟုတ် စိတ်လက်ကြည်သာစွာ အပေါက်ကလေးတစ်ခုထဲ လက်ညှိုးထိုးကြည့်မိပါတယ်။

ပြန်ဆွဲထုတ်တော့ လက်ဆစ်နဲ့  ခံနေပြီး ပြန်ထုတ်လို့  မရတော့ပါဘူး။ကျွန်မလည်း လန့် သွားပြီး
“ အာ…အာ လုပ်ပါဦး လက်ညှိုးပြန်ထုတ်လို့  မရတော့ဘူး” လို့  ပြောလိုက်မိပါတယ်။
သူငယ်ချင်းက ဘာလုပ်တယ် ထင်ပါသလဲ။ တဟားဟားနဲ့ သဘောတကျရယ်ပြီး ကျွန်မရဲ့  လက်ညှိုးထုတ်မရ အခက်တွေ့ နေပုံကို ဓာတ်ပုံရိုက်ဖို့  ကြိုးစားတော့တာ။

ကံအားလျော်စွာပဲ သူမ ဓာတ်ပုံမရိုက်နိုင်ခင် ကျွန်မ လက်ညှိုးပြန်ထုတ်နိုင်ခဲ့ပါတယ်။
ဒါပေမယ့် ဒါဟာ “ ချစ်လို့  ပြောတာပါ ” လို့  စကားအစထားကာ ပြောမပြီးနိုင်တဲ့ ရယ်စရာ ဇာတ်လမ်းဖြစ်သွားပြီလေ။

ကျွန်မကို အပေါက်မြင်တိုင်း လက်ညှိုးထိုးကြည့်တတ်တဲ့ သုံးနှစ်သားကလေးသူငယ်လို့ မြင်ကာ “kodomo ” လို့  စခေါ်ဖို့ ကြိုးစားတာမို့  မနည်းတောင်းပန်ထားရပါတယ်။

နောက်ဆုံးအနေနဲ့  ပြောချင်တာက ကျွန်မကို “ အချစ်ကလေး” လို့  ခေါ်သူတစ်ယောက်လည်း ရှိသေးတယ်ဆိုတာပါ။
ကျေးဇူးပြုပြီး မျက်လုံးပြူးမကြည့်ပါနဲ့ ကွယ်။ လူရော စိတ်ရောလှလို့  ကျွန်မက “နတ်သမီးလေး”လို့  ခေါ်တဲ့  သူငယ်ချင်းမလေး တစ်ယောက်က ခေါ်တာဖြစ်ပါတယ်။

မော်ကွန်းမဝင်တဲ့ မှတ်တမ်းတွေကို မျက်နှာပူပူနဲ့  ဖွင့်ပြလို့ ပြီးသွားပေမယ့် မငြိမ်းသေးတဲ့ အကြွေးတစ်ခုလည်း ကျန်သေးတာ။ လူရိုင်းလေး က တွေ့ ချင်သူ ဆယ်ယောက်တဲ့လေ။

ခက်တာက တွေ့ ချင်သူတွေက ဆယ်ယောက်မက ပိုများနေပါတယ်။

လေးစားရတဲ့ စာရေးသူတွေကော၊ ကျွန်မကို နောက်တလှမ်းဆက်လှမ်းချင်အောင် “အားပေးပါတယ် ” လို့  (လူမှုရေးအရပဲ ဖြစ်ဖြစ်) အမောပြေစကားဆိုတတ်တဲ့ ကျေးဇူးတင်လေးစားရတဲ့ စာဖတ်သူတွေကော၊ တိတ်တိတ်လေး ခြေရာမပေးဘဲ စာဖတ်တတ်သူတွေကော အထူးပဲ ခင်မင်စွာ တွေ့ လို လှပါတယ်။

ကျဉ်းတယ်ဆိုတဲ့ ကမ္ဘာမှာ ကံစီမံလို့  မထင်မှတ်ဘဲ ဆုံဖြစ်ကြမယ်ဆိုရင် တစ်ခုလေးတော့ ကြိုတင်မေတ္တာရပ်ခံပါရစေ....

အနည်းငယ်လေး။ မဖြစ်စလောက်လေးပါ။

ကျွန်မရဲ့  နာမည်ရင်းနဲ့  နှုတ်ဆက်တဲ့အခါ ရယ်ချင်သွားတဲ့ မျက်နှာရိပ်ကို ကြိုးစားကာ သိုဝှက်ပေးဖို့ ရယ်။ ။



မေတ္တာများဖြင့်...
မယ်ကိုး

18 comments:

ကြည်ဖြူပိုင် said...

ကိုး.....ဒါဆိုရင် တို့တွေ သီချင်းဆိုကြမယ်လေ။ သူငယ်ချင်းလေးပါပဲ သူငယ်ချင်းလေးပဲတဲ့ကွယ် ဒီလို အကြိမ်ကြိမ်အခါခါပြောပါတယ်။ ချစ်ရသူရယ်လို့

“ဟဲ ဟဲ ဓာတ်ပုံပြဦးလေဟာသယ်ချင်းရ စလုံးမှာပဲဟုတ်
တွေ့ဖူးရအောင်လေ

eversmile02@gmail.com ကိုပို့ပေးနော်
သူများတွေမြင်မှာစိုးရင် တောစီးကရက်ပေါ့နော်
အဟား

ငှက်ကလေး said...

မမရေ ဒီတခါသေသေချာချာ ဖတ်သွားတယ် နော် နံမည်ကလဲ စုံနေတာပဲ မမရာ
မမက ညီမထက် အရပ်ရှည်ပါသေးတယ်
ဦးလေး က ညီမ ကိုလုံးတုတ်တဲ့ ခိခိ
လူရိုင်းလေးကိုမေးကြည့် အမ ညီမကိုဘယ်လိုခေါ်လဲလို့ သူပြောလိမ့်မယ် ညီမကို သူတို့သူငယ်ချင်းတွေက ၂ ပိုင်း ၁ ပိုင်းတဲ့ အဟိ သူတို့နဲ့ အပြိုင်ပေါလို့တဲ့

အယ်ဒါနဲ့ တခုမေးဦးမယ် ၃၅ ပြား ၆၅ ပြားက ဘာတုံး ဘယ်လိုပုံစံမို့လို့လဲ အဝိုင်းလား လေးထောင့်လား ညီက ပြားစေ့ သိပ်မမှီလိုက်ဘူး မမရ

တာ့တာနော် မအားရတဲ့ ကြားက ရေးပေးတဲ့ မမရေ ကျေးဇူးလဲတင်တယ်နော် ခင်လဲ ခင်တေယ်နော်
ဘိုင်
ခင်လို့ အများကြီးမန့်သွားတယ် စိတ်မဆိုးနဲ့ ဟိဟိ

ကိုရင်နော်ခင်လေးငယ် said...

“အပု...” စာရေးအရမ်းကောင်းတယ်..း) (ငယ်တယ်ထင်လို့.. နောက်.. ရင်းနှီးစွာ ခေါ်ကြည့်ချင်လို့)

လက်ရေးစောင်းစောင်းလေးတွေက ဘလော့ဂါတွေထဲမှာ တစ်မူထူးနေတာ သတိထားမိလာတယ်..

ကျနော့်လို ပြုံးပြုံးကြီးနေတတ်သူအဖို့ “ကျေးဇူးပြ၍ မပြုံးစေချင်ပါ” လို့ တားနေတဲ့ ကြားက ပြုံးနေမိတယ်.. ခွင့်လွတ်ပါ..း)

ဘာပဲ ဖြစ်ဖြစ် နာမည်ရင်းလေးကို သိချင်နေတယ်ဆိုတာ မငြင်းတော့ဘူး..း) (ပြုံးပြန်ပြီ)

ကိုရင်နော်

သားကြီး said...

နာမည်တိုင်းမှာကိုယ်ပိုင်ရာဇဝင်ရှိကြတယ်လို့ဆိုရမှာပဲ :)
မမယ်ကိုးရဲ့အရေးအသားကိုတော့ကြိုက်ပြီးသားပဲဗျ

ငှက်ကလေး said...

မသိဘူး မမရ ညီမထင်တာက ၃၅ ပြား ၆၅ ပြားက ဝိုင်းတော့ မမကို အဲလိုခေါ်တယ် ထင်နေတာ ပိန်းတာနော် ညီမကလဲ အဟိ မမ ရှင်းပြလိုက်တော့လဲ သိသွားပါပြီ
ညီမက ပြားခေတ်သိပ်မမှီလိုက်ဘူးလေ ဟိဟိ ဂလိုဆိုရင် ညီမလဲ အဲဒီပြားစေ့ တွေပဲ မမရေ ဘာမှကို သိပ်မသိတာ ခိခိ

ဇော် said...

ဒေါ်လေးမိုးကယ်
ပုလို့ ခေါ်ဝူးနော်။
အနော်ကတော့ ဒေါ်လေး မိုးကယ်ပဲ။
ဒါ အနော့်မူပိုင်။ ငှဲငှဲ။

JulyDream said...

ဟိတ်... သရက်သီး
မယ်ကိုး ကိစ္စ ရှင်းအုံးလေ...
သိသလိုလို မသိသလိုလို ဖြစ်နေတဲ့သူတွေ အတွက်ပေါ့။ သိပြီးသားသူတွေကတော့ နောက်တစ်ခါ ထပ်သိရတာပေါ့။

အဲဒီပို့စ်ကို ၉၉စနေလည်း Tag ထားတယ်လေ။ သူက မယ်ကိုးနစ်ခ် အကြောင်း သိချင်တယ် ဆိုပဲ။

JulyDream said...

သွေ့ပုချီ...
အောက်ကပို့စ်ကို မတွေ့လိုက်ဘူး။ အဟား...

အသက်တွေလည်း ကြီးပြီလေ။ မျက်စိတွေလည်း မွဲလှပြီ။ အဟက်...

Mogok Thar said...

ညီမလေးမယ်ကိုး။ အဟား စနေချင်း တူရုံမက အဲလို ကပေါက်တိ ကပေါက်ချာတွေ ဖြစ်တတ်တာက နီကိုရဲောတင် ဖြစ်တတ်ပါပေ့ ရာ် ပြောရမဲ့ အဖြစ်တွေပါ လာတူ နေတော့မယ် ထင်ရဲ့။ ညျွမလေး နာမည် အရင်း ကလဲ ချစ်ဖို့ ကောင်းပါတယ်ဗျာ။ ဘာလို့ အဲဒီ နာမည် လှလှလေးကို မကြိုက်တာလဲဗျာ။ အကိုကတော့ လုခင်းသာ မသိတာ။ ညီမနာမည်ကို ကြားဖူးပီး သိနေတာ ကြာပေါ့။
ပျောရွှင်ချမ်းမြေ့ပါစေ။
အလုပ်မှာရော၊ ကျောင်းစာတွေနဲ့ရော မအားလပ်တဲ့ကြားက ငါ့ညီမ စာကောင်းလေးတွေ ရေးနိုင်တာ ချီးကျူးပါတယ်ဗျာ။ရေး

Moe Cho Thinn said...

ပြုံးမိတာ အပြစ်လားးးးး

မြစ်ကျိုးအင်း said...

တွေ့ဖြစ်ခဲ့ရင် ပြုံးပြီးနှုတ်ဆက်ပါ့မယ်ဗျာ..ဒါဟာခင်မင် နှစ်လိုဖွယ် အပြုံးဖြစ်မှာတော့သေချာပါတယ်..။

မယ်ကိုး said...

ချစ်ခင်လေးစားရတဲ့ အစ်မ မိုးချိုသင်း နဲ့  ကိုမြစ်ကျိုးအင်းရေ...

ကျွန်မ စာရေးမတတ်လို စိတ်သဘောဖြူဖြူနဲ့  ပြုံးတတ်သူတွေကို ထိခိုက်သလို ဖြစ်သွားတာ စိတ်မရှိပါနဲ့ နော်။
ဒဏ်ရာများတဲ့ ငှက်ဆိုတော့ မြေစာခဲအရိပ်မြင်ရုံနဲ့ ရှောင်တိမ်းမိတဲ့ သဘောပါ။

မင်းအိမ်ဖြူ said...

အပုရေ (ဟာဟကျွန်တော့်သူငယ်ချင်းကိုတောင်သတိယ
သွားရဲ့ , သူခေါ်သံ ကြားကြားနေရတာလေ ၊ သူရော နေရာသစ်မှာ အဆင်ပြေရဲ့လား )
မနေ.က ကျွန်တော်လည်း အိမ်ပြောင်းလို.ဖတ်ဖြစ်ဘူး
အခုရုံးကျမှ ဖတ်ရတယ်
ပျော်ပါစေ
စာတွေ သိပ်လုပ်မနေနဲ.အုံး

Take Care your health!

အိန္ဒြာ said...

အင်း...

ဒီလိုအကြောင်းအရာလေးကိုတောင် ရသမြောက်အောင်ရေးသွားလိုက်တာ..။

မယ်ကိုးရေ...
ဒီလက်မျိုးရှားနေပြီကွယ့်....။

အိမ်ပြောင်းရလို့
အလုပ်တွေရှုပ်နေတာ..
သိတယ်မလား..
စင်ကာပူလေ..
တစ်နှစ် နှစ်ခါနှုန်းလောက်ပြောင်းရမှ ခေတ်မှီတာ...
ဟူးးးးးးးးး
မောလိုက်တာ..
ဒီလိုမှန်းသိ မနေ့ကခေါ်ပါတယ်...

Craton said...

မမမယ်တိုး.... ဂျဒါးမပီဒါနော်..

ဆောင်းယွန်းလ said...

တော်တော်ဖတ်လို့ကောင်းတာပဲညီမရေ..

ခင်မင်လျက်

လင်းဒီပ said...

နာမည်ပြောင်တွေများလိုက်တာ ဒေါ်ကိုးရယ်..
လမ်းမှာတွေ့ရင်တော့ နောက်တစ်ခုလောက် ထပ်ပေးပါဦးမယ်..။

မောင်ဘကြိုင် said...

တိတ်တိတ်လေးခြေရာမပေးတဲ့စာဖတ်သူ ဆိုပြီးဒီပို့စ်
ရောက်မှး) ဖတ်လိုက်ရတယ်း) ကြည်နှုးမိတယ်
ဒီလိုပါသတိရပေးတယ်လို့
း) ကျွန်တော့အကျင့်တခုက ပို့စ်တခုဖတ်ပြီး ကွန်မင့်
တွေကြည့်လိုက်လို့ အရမ်းများနေပြီဆိုရင် ကိုယ့်မန့်ချင်
စိတ်ကလေး ညိုးငယ်သွားတတ်တယ်း)
အဲလိုပဲ တိတ်တိတ်ကလေးပြန်ပြေးခဲ့တဲ့ အကြိမ်ပေါင်း
ဘလော့ပေါင်မနည်းဖူးး)