07 June 2009

“ မပြောဖြစ်တဲ့ ပုံပြင်”

ကံနိမ့်ခိုက်မို့  မကောင်းဆိုးဝါးကို မြင်သတဲ့လား။
ဒီလို ရက်စက်စကား မဆိုချင်လည်း တကယ်ပင် သူမဟာ ဖြူစင်သူတစ်ဦးရဲ့ နှလုံးသွေးကို သောက်တော့မှာ။
ဘာလဲ… မယုံဘူးလား။အသေအချာရယ်။
တိုးဖွဖွခြေလှမ်းနဲ့ အနားကို ရောက်လာကာ ဝှက်ထားတဲ့ လက်သည်းကို စနစ်တကျ ထုတ်နေတာ။

ဟင့်အင်း။ဟင့်အင်း။
ကျွန်မ ကြောက်ရွံ့ တကြား အော်ဟစ်တားလိုက်လည်း အသံမျှင်ဟာ လည်ပြွန်အဆုံးမှာပင် တိုးတိတ်ပျောက်ကွယ်။

ဘုရားရေ။ ဒီလိုနဲ့ ပွဲပြီးလိုက်ရမှာလား။ သူ့ရဲ့သစ်လွင်ဖြူစင်တဲ့ နေ့ရက်တွေ မျက်စိရှေ့ အောက်မှာတင် စွန်းထင်းညိုမှိုင်းတော့မှာ။
တကယ်တော့ လိုအပ်တာ စကားလေးတစ်ခွန်းရယ်။ ဒါပေမယ့် ဘယ်လိုမှ ပြောလို့မထွက်။
နောက်ဆုံးမှာ သက်ပြင်းကို ရှည်ရှည်ချ…ဒီထောင်ချောက်က သူလွတ်ဖို့သာ ဆုတောင်းနိုင်တော့တာ။

ကျွန်မ မကောင်းဘူးနော်။သူတော်ကောင်း ဖြစ်ချင်စိတ်နဲ့ ကိုယ့်မိတ်ဆွေကိုပင် မစောင့်ရှောက်နိုင်။
တကယ်တော့ 'ဘယ်သူဘာဖြစ်ဖြစ် ကိုယ့်လုပ်ရပ်၊ကိုယ့်စိတ်ဓာတ်ဖြောင့်မတ်ဖို့သာ အဓိက'ဆိုတဲ့ စိတ်ဓာတ်ကို ခါးသီးစိတ်ကုန်မိတာ ကိုယ်တိုင်သာဖြစ်ရဲ့။ ကဲ…အခုတော့ ဘယ်လိုလဲ။လိပ်ပြာသန့်နိုင်သေးရဲ့လား။အဖန်ဖန်စစ်မေးခဲ့လည်း အဖြေမဲ့နေဆဲ။

အိမ်ထောင်လက်ရှိကလေးအမေမိန်းမတစ်ယောက်ရဲ့ သဲကိုးဖြာကို ဘာသိဘာသာ မနေနိုင်လောက်အောင် အစားခံရမယ့်သူဟာ ကိုယ်နဲ့ အကျွမ်းဝင်နေသူ။ အံ့သြစရာကောင်းစွာဖြစ်လာပုံက သူက ကျွန်မနဲ့ တစ်စားပွဲထိုင်ကာ အလုပ်လုပ်သူ၊စာရေးကိရိယာတွေကို အတူတူထားကာ အံဆွဲတစ်ခုကို မျှဝေသုံးစွဲရသူ။

ကျွန်မတို့  ဘယ်လိုပင် နီးကပ်လည်း သူမရဲ့  မျှားချက်တွေကို မသိကျိုးကျွန်ပြုနေခဲ့လည်း အမုန်းတွေ ဟုန်းဟုန်းထနေတဲ့ ဖုန်းဆိုးတောထဲကို ဆွဲခေါ်ခဲ့သူမှာ သူမသာရယ်။ တကယ်တော့ ချစ်ဖွယ်သောစကားကို ဆိုတတ်သူ ထိုတစ်ယောက်ကြောင့်ပါပဲ။ သူက ကျွန်မကို အမြဲ မခံချင်အောင် စတတ်ပြီး ကျွန်မ စိတ်ဆိုးတဲ့အခါ ဘာညာသာရကာ ပြောတတ်လေရာ သူမရင်ကို မီးရှို့သလို ဖြစ်သွားခဲ့လေသလား။

ကျွန်မကတော့ သူဟာ လူမှုရေးရာကျွမ်းကျင်သူလို့ပဲ ထင်သည်လေ.. ဒီလောက် အရုပ်ဆိုးသည့် ကျွန်မကိုပင် “ချစ်ဖို့ကောင်းလိုက်တာ... ” ဘာညာဆိုတတ်သူမို့သာ။ တစ်ခါတစ်လေတော့ သူ့ဦးနှောက်ကို ဓာတ်မှန်ရိုက်ရတော့မလား၊ မျက်လုံးကိုပင် ဆရာဝန်သွားပြရတော့မလားလို့ စဉ်းစားစရာပင်။ ပုံမှန်အတိုင်းဆက်ဆံနေဆဲမှာပင် စိတ်ရူးဖောက်ကာ “angel” လို့ လည်း ခေါ်တတ်တာကြောင့်ရယ်။

ကံအားလျော်စွာပင် ထိုသို့ခေါ်စဉ်က သူမ အနားမှာ ရှိမနေပါ။သူမသာ ကြားပါက သွေးဆူပွက်ကာ ဆေးရုံရောက်သွားလေမလား။ ခုတော့ လာမယ့်ဘေးကို အရိပ်မြင်ရုံနဲ့ ပုန်းရှောင်နေသူ ကျွန်မကိုပင် သူမက ခလုတ်တိုက်ညှဉ်းပန်းလိုက်ပုံက သူက ဒီလို အမြဲဒီလို ပြောရအောင် “အညိုက ဘာတွေ လုပ်ပြလဲမှ မသိတာ ” တဲ့။

ဒေါသတွေ ဆူလျှံဝေကာ သူမရဲ့မျက်နှာကို ရေနဲ့ပက်လိုက်ချင်လည်း မျက်နှာတစ်ချက်မပျက်ဘဲ စကားပြန်ဆိုနိုင်တဲ့အတွက် ကိုယ့်ကိုကိုယ် ကျေးဇူးတင်မိသေးတာ။
“အညိုဘာမှ လုပ်မပြဘူးဆိုတာ အစ်မလည်း မြင်နေရသားပဲ...” ဟုတ်တယ်လေ…ကျွန်မတို့နှစ်ယောက်ကို စက္ကန့်မလပ် အကဲခတ်နေသူမှာ သူမရယ်သာ။

ကျွန်မတို့ရယ်မောပြောဆိုနေတိုင်း မကျေနိုင်၊မချမ်းနိုင်ဖြစ်နေတဲ့ သူမက ဘယ်လောက်ပင် အလုပ်များနေပါစေ-ကျွန်မတို့နှစ်ယောက်ကြားရောက်လာကာ ကျွန်မကို ကျောခိုင်းပိတ်ကာပြီး စကားဝင်ပြောတတ်တာ။

သူမက သူ့ကို လူဘုံအလယ် ခါးတို့ပြီး ကျီစယ်နေတာကို မျက်မြင်ကိုယ်တွေ့ဖြစ်ခဲ့တဲ့ သူငယ်ချင်းကတော့ “တံတွေးနဲ့ ထွေးလိုက်ဖို့ ကောင်းတာ” တဲ့။ ကျွန်မကတော့ ဒီစကားပြောသည့် အချိန်ကိုပင် ရွံရှာစရာ ကောင်းတယ်လို့  မထင်ပါ။

သူမ စကားပြောရင် ထိုင်နေတဲ့သူက သူမရင်ခွင်ထဲ ရောက်လုမတတ် မှီနွဲ့နီးကပ်ပြီး ချိုချိုမြမြနဲ့ တိုးသာသော စကားကို ဆိုတတ်တာ။ ဘာကိစ္စပဲ ဆိုဆို သူ့လက်မောင်းကို ကိုယ်တွယ်ပြီးမှ ပြောတတ်တာ။ ယောက်ျားတွေရဲ့ နှလုံးသားကို သွားရာလမ်းကြောင်းဟာ အစာအိမ်ကို ဖြတ်သွားတယ်ဆိုတဲ့ စကားပုံကို လက်တွေ့ကျင့်သုံးပုံရတဲ့ သူမဟာ မုန့်အစ ဟင်းလျာအဆုံး ဖွယ်ဖွယ်ရာရာ ကျွေးမွေးတတ်တာ။

ခြောက်နှစ်လောက် သူ့ထက်အသက်ပိုကြီးတဲ့ သူမက သုံးနှစ်ပဲ ပိုကြီးတာပါလို့ လှည့်ဖျားစကားဆိုတဲ့အခါ ရင်ထဲမှာ အော်ဂလီဆန်နေလည်း ကျွန်မ ဘာကြောင့် ပြုံးနေနိုင်ရတာလဲ။
ကျွန်မ တကယ်ပင် နားမလည်တော့။
ဘာလဲ။
လူတစ်ယောက်ရဲ့ ရပ်တည်မှု။
သေစေနိုင်တဲ့ မေးခွန်းဆိုတာ ဒါပဲထင်ရဲ့ကွယ်။

ဘာသိဘာသာနေချင်သူကိုမှ ဆိုးရွားတဲ့အခြေအနေတွေ ထပ်မံကြုံကြိုက်လာပြန်။
ဓာတ်လှေကားမှာ သူတို့ နဲ့ တိုက်တိုက်ဆိုင်ဆိုင် ဆုံမိတဲ့အခိုက်မှာပေါ့။သူမက သူ့ ဘောင်းဘီအိတ်ရဲ့  ရှေ့ ရော နောက်ရောနှိုက်ကာ ဘာတွေရှာနေလည်း မသိပါ။ ကျွန်မမှာ မကြည့်ရဲ တော့ဘဲ မျက်နှာလွှဲလိုက်ရပေမယ့် သူမက အရယ်မပျက်။

ကျွန်မ စိတ်ထဲ “အလို… ဘယ်လိုမိန်းမပါလိမ့်” လို့  တွေးရင်း ဓာတ်လှေကားရဲ့  မှန်တွေကတဆင့် သူမကို ခိုးအကြည့် တိုက်တိုက်ဆိုင်ဆိုင် သူကလည်း ထိုမှန်ကတဆင့် ကျွန်မကို ကြည့်နေတာ။ ကဲ…သေလိုက်တော့။ ရှက်စိတ်မွှန်ကာ နံရံကိုသာ ဖောက်ထွင်းထွက်ပြေးလိုက်ချင်။ နောက်နောင် ဘယ်တော့မှ သူတပါးအရေး စွေစောင်းလို့ ပင် မျက်နှာမမူမိစေနဲ့ ။

မိတ်ဆွေကောင်းဖြစ်ချင်ပေမယ့် ယောက်ျားလေးပဲလေ အရှုံးမရှိပါဘူးဆိုတဲ့ ဝဲဂယက်ထဲ နစ်မြုပ်ကာ နောက်ဆုံးမှာ ရေတိမ်နစ်တော့မယ့်သူ့ ကို လွှတ်ချလိုက်မိတော့တာ။ တစ်ခါတစ်လေတော့လည်း အဖြူထည်လေးကို စွန်းပေမသွားစေလို။ ဒွိဟတွေများကာ တကယ်ပဲ ပင်ပန်းလွန်းလှတယ်။

လက်စွပ်။ လက်စွပ်။ အခါခါလည်း အသံမဲ့ ရေရွတ်နေမိ။ လက်ထပ်ပြီးပြီးချင်း ဝတ်ဆင်ထားရမယ့် လက်စွပ်က သူမရဲ့လက်သူကြွယ်မှာ ရှိမနေပါ။

ဝန်တိုကြောင့်ကြစိုက်နေတယ်ရယ်လို့ တစ်မျိုးမထင်လိုက်ပါနဲ့ လေ။ သူနဲ့ လက်ပွန်းတတီးနေသူ၊ ဘာသာစကားတူသူ၊ လူမျိုးချင်းတူသူ မိန်းမလှလေးများ မြောက်များစွာကို ဘာရယ်လို့ပင် မသက်ဝင်မိပါဘဲ သူမကိုပဲ ကိုယ်မှာ တာဝန်ရှိတယ်လို့ ခံစားနေမိတာက... လူမျိုးတူသူ မဟုတ်လား။

အခုတော့ ကံကောင်းထောက်မစွာ တစ်ခန်းရပ်တော့မယ်လေ။ တရုံးတည်းဆိုပေမယ့် မီတာပေါင်းများစွာ ဝေးကွာတဲ့ အထပ်ကို ကျွန်မပြောင်းသွားဖြစ်တဲ့အခါ။ လွတ်မြောက်ခြင်းရယ်လေ။ ထိုမိန်းမရဲ့ရန်မီးတွေအကြား၊ သူ့ရဲ့အဖြူရောင်ကြိုးမျှင်စုအကြား အစွန်းနှစ်ပါးလွတ်အောင် ကျင့်ကြံရတာ ဘယ်လောက်များ အသက်ရှုကျပ်လိုက်ပါသလဲ။

ဒါပေမယ့် မရယ်နိုင်ဘူး... တကယ်။ သူက ထုံးစံအတိုင်း “ကျွန်တော် လွမ်းနေတော့မှာ ”… ဘာညာနဲ့  ပြောတဲ့အခါ အရင်လို သူမ သွေးတက်နေမလား လို့ မစဉ်းစားနိုင်ဘဲ စိတ်မကောင်းဖြစ်နေမိ။
မင်းကို မစောင့်ရှောက်နိုင်တော့ဘူးရယ်။

အရင်ဆို သူမက စိုးရိမ်ရေမှတ်ကို လှမ်းဖို့ ကြိုးစားလာတဲ့အခါ ကျွန်မက အူသလို၊အသလို ဒီဇိုင်းနဲ့အကဲခတ်သလို ကြည့်ပေးလိုက်ပြီး အရှိန်တန့် သွားအောင် လုပ်ဆောင်ပေးနိုင်ခဲ့။
အခုတော့ ကိုယ့်ကိုကိုယ် စောင့်ရှောက်ပြီး နေရစ်တော့လေ။
မင်း ချော်လဲသွားတဲ့အခါ၊ နာကျင်ဒဏ်ရာရတဲ့အခါ တစ်ဆင့်ရင့်ကျက်သွားပြီလို့  သဘောထားပါကွယ်။

ရင်ဘတ်ထဲမှာ အက်ကြောင်းထနေတဲ့ ဒီစကားတစ်ခွန်းကိုပဲ သူဘယ်တော့မှ မကြားနိုင်ပေမယ့် ထပ်ပြောချင်သေးတာ။
သူမနဲ့ ပက်သက်ပြီး သိမ်းဝှက်မြုပ်နှံထားတဲ့ အချက်အလက်တွေအတွက် မနာကျည်းပါနဲ့လေ။
ရုပ်ဖျက်ဟန်ဆောင်ထားတဲ့ ယုတ်မာသူ့သမိုင်းကို ဘာအကြောင်းကြောင့်မှ ဖွင့်ထုတ်မဆိုချင်ပါကွယ်။
ဟုတ်ပါတယ်။
ကျွန်မမှာ ဖြောင့်မတ်လိုတဲ့အတ္တတွေ များနေပါတယ်။
ဒါပေမယ့် မမှားသေးဘူး ထင်ရဲ့နော်။
ဒီလိုနဲ့ အမှန်တရားကို မျက်ကွယ်ပြုကာ ဂုဏ်သိက္ခာကို ဖက်တွယ်ထားရသူရဲ့ ပင်ပန်းဆင်းရဲကို ဘယ်သူမှလည်း နားမလည်နိုင်။
မင်းလည်း ယုံမှာ မဟုတ်ဘူးနော်။
လမ်းလျှောက်တတ်စ ကလေးငယ်တစ်ယောက် ပြေးဖို့ကြိုးစားအခါ မြင်ရတဲ့ အမေတစ်ယောက်ရဲ့ စိုးရိမ်သောကမျိုးနဲ့  သူ့ ခြေလှမ်းတိုင်းကို စောင့်ကြည့်နေမိဆဲရယ်။ ။


တိုလွန်းတယ်ထင်ကာ ပြန်သိမ်းထားခဲ့တဲ့
မနှစ်က စာလေးကို အနည်းငယ်မွန်းမံကာ ပြန်တင်လိုက်ပါတယ်။ စာဟောင်းပြန်တင်လိုက် ကဗျာဟောင်းကို နေရာရွှေ့ လိုက် လုပ်နေတဲ့ ကျွန်မကို ဒီစာလေးဖတ်ပြီးသူများ စိတ်မရှိပါနဲ့ လို့  ဆန္ဒပြုရင်း...မေတ္တာများဖြင့်
မယ်ကိုး

21 comments:

Mogok Thar said...

ညီမလေးရေ.. ပြန်လည် ဆန်းသစ်ထားတာလား။
စာ အရေးတွေ တယ် ပြောင်မြောက်ပါလားဗျာ။
ဆန်းသစ်တယ်။
ဘိုင်သယ်ဝေး.... မျှော်နေတာလေး အချိန်ရရင် ဆက်ရေးပေးပါ။ မျှော်မောနေပေါ့။
ချမ်းမြေ့ပျော်ရွှင်ပါစေ

ကြယ်သောကြာ said...

"ယောက်ျားလေးပဲလေ အရှုံးမရှိပါဘူး...." ဟင့်အင်း မယ်ကိုးရေ ကျနော်တော့ အဲဒါကို ငြင်းချင်တယ် ဒါမျိုးက ရှုံးမိရင် ကျနော်တို့လည်း တစ်ဘဝစာဘဲဗျိုး။ ခင်လို့ ငြင်းခုန်သွားတာနော်

သားကြီး said...

ရှုံးတဲ့အခါလည်းရှုံးပါတယ်ဗျ
ဟီးဟီး စတာပါဗျာ
နှစ်ခေါက်တောင်ဖတ်လိုက်ရတယ် အရေးအသားတွေကကျနော့်အတွက်နည်းနည်းသစ်နေလို့

အိုင်လွယ်ပန် said...

ပြောဖြစ်သွားပြီပေါ့ :)
သေချာနားထောင်သွားပါတယ် .......

ရွာသားလေးဝိုင်တီယူ said...

ဓါတ်ပုံလေးလှတယ်။

ပြီးတော့ ကျနော်သိပ်မုန်းတဲ့ မြနှင်းဆီဆိုတဲ့ မိန်းမကို သတိရမိတယ်

မင်းအိမ်ဖြူ said...

နောက်ကျစွာ ဖတ်မိခြင်း အတွက် ခွင့်လွှတ်ဖို. အရင် ပြောမယ် (မနေ.က လက်မှတ် အလကားရလို. Bird Park သွားတယ်လေ ဟဲဟဲ )

ဒီလို အရေးကောင်းကောင်းလေးနဲ. အကြောင်းအရာ လေးတစ်ခုကို ဖေါ်ပြတာ အရမ်းကြိုက်တယ်....
မယ်ကိုးရဲ့ စာလေးတွေမှာ တခါတလေ မထင်မှတ်တဲ့ ရဲ့ရင်တဲ့ အသုံးလေးတွေ ကိုတွေ.ရတာ အရမ်း အံအား သင့်တယ် ၊၊ ကောင်းပါတယ်လို.ပဲ ဆိုချင်တယ် ....
လူအမျိုးမျိုး စိတ်အထွေထွေ မို. ဘာဖြစ်ဖြစ် မျှမျှတတ တင်ပြတာကောင်းပါတယ်...
ဘယ်ကိစမဆို ကျွန်တော်မြင်တာတော့ နှစ်ဘက်စလုံး မှာ အင်း တာဝန်ရှိတယ် ...

ပျော်ရွှင်ပါစေ...

မျက်မှန်လေး said...

မယ်ကိုးရေ..စာအရေးအသားတွေကမိုက်တယ်.
ကြိုက်လွန်းလို့သုံးခေါက်တောင်ဖတ်လိုက်တယ်။

ဟဟ.သားကြီးထက်တခေါက်ပိုတယ်။ဟီး၂

ခမ်းကီး said...

အရေးအသား ကောင်းတယ်ဗျာ။
အနော်လည်း ဖွဲ့တတ်ချင်လိုက်တာ။

(ကြော်ငြာ... အရောင်မခြယ်ခဲ့ရသော ပန်းချီကားကို အဆုံးသတ်ထားပါပြီ.. ^___^ )

လင်းဒီပ said...

တခါတလေ ပြောရခက်တဲ့စကားတွေ နေရခက်တဲ့အနေအထားတွေမှာ ကျင်လည်ရတာ လောကဓံတစ်မျိုးပဲ ထင်ပါတယ်။

ငှက်ကလေး said...

မမရေ အရင်ဆုံးအလာနောက်ကျတဲ့ အတွက် တောင်းပန်ပါရစေ ပြီးရင် ဇကောပန်မယ်လေ
အခုရော သူနဲ့ တွေ့သေးလား တရုံးတည်းလို့ပြောထားတယ်ဟုတ် ပြောင်းသာ ပြောင်းသွားတာ တရုံးတည်းပဲမလား အဲဒီ သူမ နဲ့ကော တွေ့သေးလား
တော်တော် ကဲတယ်နော် အဲဒီမိန်းမ ဘယ်လောက်ပဲ ယောက်ျားလေးကိုခင်ပါစေ အဲဒီလောက်ဘောင်းဘီ အိတ်ကပ်ထဲ နှိုက်ပြီးတော့ ဟိုရှာ ဒီရှာ မသင့်ပါဘူး လေ အမလေး ဖတ်ရင်း ရေးရင်းနဲ့တောင် ကြက်သီးကော ဝက်သီးကော ထ တယ်မမရေ ဆလန် ပဲ အဲဒီမိန်းမ ကတော့ ဟင်းးးးးးး

တာ့တာ မမရေ ဘိုင် ပျော်ရွှင်ပါစေ နော်

မယ်ကိုး said...

ညီမလေး ငှက်ကလေးရေ...

ဝတ္ထုကို ဝတ္ထုလို့ ပဲ သတ်မှတ်ပေးကြရအောင်နော်။

ဖြစ်ရပ်မှန် ဟုတ်သော်ရှိ မဟုတ်သော်ရှိ ...စကားလုံးအရောင်တွေက ရင့်လွန်းလှတာမို့  ဒီစာလေးရေးပြီး တင်ဖြစ်သွားတာကိုပဲ စိတ်ထဲ မကောင်းချင်ဘူး။

ဒါပေမယ့် တစ်ခါတစ်လေတော့လည်း ဒေါသအခံနဲ့  ရေးတဲ့စာကို အရောင်တစ်မျိုးအနေနဲ့ သုံးကြည့်လိုက်တာ။

ညီမလေး အစ်မစာဖတ်ပြီး အကုသိုလ်များသွားရတာ တကယ်ပဲ စိတ်မကောင်းပါဘူး။

Moe Cho Thinn said...

တခါတလေကျတော့လဲ မမကြီးတွေက ကလေးလုပ်နေပြန်ရော..
နာနာကျင်ကျင် ပြုံးမိတယ်။

မြစ်ကျိုးအင်း said...

ဘ၀ တွေက ၀တ္ထုတွေထက် ဆန်းကျယ်တာ လက်ခံပါတယ်...။
အရှုံးအမြတ်ကိုတော့ ရင်ခွင်ရဲ့ နာကျင်မှုနဲ့ပဲ တိုင်းတာပါတယ်

အိန္ဒြာ said...

မယ်ကိုး..ရေ..

အမြင်မတော်တာတွေ သိပ်များသကွယ့်

အရေးအသားက
အကြောင်းအရာထက် ပိုလှနေတယ်...

နောက်ကျရတဲ့အကြောင်းပြောရမလား..
အိမ်သစ်မှာ အင်တာနက် အဆင်မပြေလို့

ငှက်ကလေး said...

မသိပါဘူး မမ၇ယ် မမ ဝတ္တုေ၇းတာ သိပ်ကောင်းတော့တကယ်များလားလို့ အဟိ
တာ့တာ ဘိုင်

မိုးစက်အိမ် said...

အမ မယ်ကိုး ရေးတာလေး တစ်မျိုးဘဲဗျ
ကျွန်တော် ဖတ်ရတာက ၀တ္ထု လိုလဲမထင်
ကဗျာလိုလဲမမည် ဒါပေမဲ. ဖတ်ရတာ
ကောင်းတယ်ဗျ...ရေးအားလည်းကောင်းတယ်
အားပေးနေပါတယ် ခင်ဗျာ

ဆောင်းယွန်းလ said...

ကျွန်မမှာ ဖြောင့်မတ်လိုတဲ့ အတ္တတွေ များနေပါတယ်။
ဒါပေမယ့် မမှားသေးဘူး ထင်ရဲ့ နော်။

မမှားပါဘူး....အရေးအသားကတော့ မိုက်တယ်ညီမရေ

နွယ်ရိုး said...

အင်း ကျွန်တော်လည်း မပြောဖြစ်ခဲ့တာတွေ များပါတယ်။

a...ma said...

ူ့မယ်ကိုးရေ
ဖတ်လို့ ကောင်းလိုက်တာ။
အမြဲ ၀င်မဖတ်ဖြစ်ပေမယ့် ဖတ်ရင်လည်း အကုန်ဖတ်ဖြစ်ပါတယ်။ ကျေနပ်တယ် ဟုတ်?

အပြုံးပန်း said...

မယ်ကိုးရေ၊
အရေးအသားကောင်းလွန်းလို့
သုံးလေးခါမက အပြန်ပြန်ဖတ်မိတယ်။
မယ်ကိုးရဲ့ ကိုယ်ပိုင်ဟန်တွေ အများကြီးတွေ့ရတယ်။
အဟောင်းဆိုပေမယ့်လည်း ကောင်းတယ်။
ယောက်ျားတွေရဲ့  နှလုံးသားကို သွားရာလမ်းကြောင်းဟာ အစာအိမ်ကို ဖြတ်သွားတယ်ဆိုတဲ့ စကားပုံကို
အခုမှသိတော့ သဘောကျမိတယ်။

း) said...

ကျနော် တိတ်တဆိတ် လာလာဖတ်နေတယ်..
စကားလုံးတွေ၊ အရေးအသားတွေက စာတစ်ပုဒ်ကို အသက်သွင်းတတ်တယ်ဆိုတာ ပိုပိုသေချာလာတယ်.. ငှက်ကလေးက သက်သေပြသွားတာ လက်တွေ့မြင်လိုက်ရတာပါပဲ.. တကယ့်ကို ကြည်နူးစရာပါ..း)

ဒီပုံပြင်ကို အသံထွက်ဝတ္ထုတိုလေးအဖြစ် ကြားချင်မိတယ်..