21 June 2009

“အရောင်လက် ကြိုးစများ”



“သူတော်ကောင်းတွေ ဘယ်လိုတရားရချလည်း

မရင့်ကျက်နိုင်သေးဘူး။
သူနဲ့  ဝေးရမယ်ဆို ဘယ်တရားမှလည်း မနာရဲဘူး။”

ချစ်ခြင်းတစ်ခု ၀တ္ထုရှည် သုံးထားတဲ့ ကဗျာစလေးပါ။ဒီမှာ ညွန်းလိုတဲ့ “သူ”ကတော့ ၀ါသနာပဲ ဖြစ်ပါတယ်။ဒီဝါသနာကြောင့်ပဲ အေးချမ်းမှုတွေ သိုမှီးထားတဲ့ တံခါးတစ်ချပ်ကို မျက်ကွယ်ပြုလို့  ခယောင်းလမ်းမှာ ခြေဖွဖွနဲ့  လျှောက်သွားနေမိတာ။

ဒါဟာ ထူးခြားတဲ့ ဖြစ်စဉ်မဟုတ်ပါဘူး။ စာဖတ်သူအားလုံးနဲ့  ကျွန်မ တရောင်တည်းပါ။ တကယ်ပါ။ မယုံဘူးလား။ဝါသနာတူသူတွေလေ။
ဘာဝါသနာတဲ့လား။
အနုပညာရယ်လေ။

ဒီလိုဆို စကားတစ်ခွန်းတည်းနဲ့  ပုဒ်မချကာ ပြီးလိုက်ရတော့မလား။
ဟင့်အင်း မဖြစ်သေးဘူးထင်ရဲ့ နော်။ tag ထားတဲ့ အစ်မ မနော်ဟရီ စိတ်ညိုသွားမှာလည်း စိုးပါတယ်။
ဒါကြောင့် နည်းနည်း ထပ်ပြောခွင့်ပြုပါလေ....

ဟုတ်ကဲ့ … အနုပညာဆိုတာ ခေါင်းစဉ်အောက်မှာ အကျုံးဝင်တဲ့ အရာမှန်သမျှ ကျွန်မ ၀ါသနာပါ ပါတယ်။
မဖန်တီးတတ်ပါဘူး။း) ခံစားဖို့ ပဲ ဝါသနာထုံတာပါ။

အားလုံးအသိ ကျွန်မရဲ့ ဝါသနာတစ်ခု စာရေးခြင်းအပြင် ဖန်တီးလိုစိတ်နဲ့  စွဲမြဲနေတဲ့ နောက်ဝါသနာကတော့ ပုံဆွဲတာပဲ ဖြစ်ပါတယ်။ ကျွန်မ က ငယ်ငယ်တည်းက သိပ်မဆော့ပါဘဲ စာကြည့်စားပွဲရှေ့ မှာ အချိန်ကြာကြာထိုင်တတ်တယ်ဆိုရင် အထင်မကြီးလိုက်ပါနဲ့ ဦး ။
စာမကြည့်ဘဲ ပုံဆွဲနေခြင်းသာ ဖြစ်ပါတယ်။း)

ဘာပုံလဲဆိုတော့ ကောင်မလေးပုံတွေချည်း။ ခုလည်း စိတ်ညစ်ရင် ပုံဆွဲပါတယ်။ လူက သုန်မှုန်နေပေမယ့် ဆွဲလိုက်တဲ့ ကောင်မလေးတွေက မျက်နှာကြည်ကြည်လေးတွေ။
ဒီတော့ ပုံလေး ကြည့်ပြီး စိတ်ချမ်းသာသွားပါတယ်။ ဒီထက်လည်း ရှေ့ ဆက်မတက်ပါဘူး။

စာဖတ်သူထဲက သုံးနှစ်ကနေ ၈နှစ် အရွယ်သမီးလေးတွေရှိရင် ကောင်မလေးကာတွန်းပုံလေးတွေလိုချင်ရင် ကျွန်မကို လှမ်းခေါ်လို့  ရပါတယ်လို့ ...း)
ကျောင်းတက်တော့လည်း ဒီပုံဆွဲတာနဲ့ ဆိုင်တဲ့ ဘာသာရပ်ကို… ဒီဘာသာရပ်ရှိတဲ့ အသက်မွေးမှုကို …ချစ်ခင်သူတွေ အတန်တန်တားတဲ့ကြားက ရွေးယူခဲ့ပါတယ်။

လေ့လာမှုအားနည်းခဲ့တာတွေ။ ပထမအမြင်မလှခဲ့တာတွေ။ အမှား အယွင်းတွေ နဲ့  စာသင်ချိန်မှာ နာကျင်လွန်းခဲ့ရလည်း အနုပညာနဲ့  နည်းပညာပေါင်းစပ်ထားတဲ့ ဗိသုကာပညာကို ကျွန်မ ဝါသနာသိပ်ကြီးပါတယ်။အခုလည်း ဒီပညာရပ်ထဲက အစိတ်အပိုင်းနှစ်ခုကို ထပ်မံလေ့လာသင်ယူနေဆဲပါ။နောက်ဘဝမှာလည်း ဒီအတတ်နဲ့  အသက်မွေးတဲ့ ပညာရှင်ပဲ ဖြစ်ချင်နေဆဲရယ်။

ဒီနောက်ကော။ တခြားထပ်မံ၍…. လို့ ဆိုရင်
ကျွန်မမှာ နောက်ထပ်ထူးခြားတဲ့ ဝါသနာတွေ မရှိတော့ပါဘူး။ တခြားဝါသနာပါတာတွေဟာ အကောင်အထည် မဖော်ဖြစ်တော့ဘဲ စိတ်ကူးထဲမှာပဲ အနည်ကျသွားတာ များပါတယ်။

ဒါပေမယ့် အရှိန်အဟုန်ပြင်းစွာ ဆွဲငင်နေတဲ့ အနုပညာနဲ့  ဗိသုကာဝါသနာကြောင့် ပဲ အသက်ရှင်ရကျိုးနပ်ခဲ့ပါပြီ။ဒီလောက်ဆို ဝါသနာစာစီစာကုံးလေး အနားသပ်လို့  ရပြီထင်ပါရဲ့ နော်။

စကားမစပ်ပြောရရင် tag စာတွေရေးတော့ ကျွန်မကို ဒီဘလော့လေးစမတည်ခင် အိပ်မက်များမှာ ကဗျာအတိုလေးတွေ စရေးစဉ်တည်းက အားပေးခဲ့တဲ့ စာဖတ်သူတစ်ဦးက သြဘာကောင်းချီးပေးပါတယ်။
“မယ်ကိုးတော့ ပေါက်ကရတွေ ရေးဖြစ်နေပြီ” တဲ့။ :D
တကယ်တော့ အဲဒီစာဖတ်သူက စေတနာလွန်ကဲပြောတာပါ။ ကျွန်မက စာကောင်းပေကောင်းလည်း မရေးရသေးပါဘူးနော်။း)

ဘာပဲဆိုဆို ၀ါသနာလည်း သိသွားပြီဆိုတော့ အပြောခံရတာနဲ့  ကာမိအောင် ကြုံတုန်းလေး ပေါက်ကရ ကြော်ငြာခွင့်ပြုပါနော်။
“မယ်ကိုး ဗိသုကာပုံအပ် လက်ခံသည်။ မယ်ကိုးရဲ့  စာကို သုံးကြောင်း အမှားအယွင်းမရှိ ရွတ်ပြနိုင်ရင် ၃၀ % ။ ကိုးကြောင်း ရွတ်ပြနိုင်ရင် ၇၀ % လျှော့ပေးမည် ” လို့ ။
ရေရင်းနဲ့  ဒီစာဖတ်မိကာ မျက်လုံးပြူး စိတ်တိုသွားမယ့် ဗိသုကာ ဆရာမ အပြုံးပန်းနဲ့  အစ်ကို မိုးကုတ်သား ကို မြင်ယောင်ပြီး ရယ်ချင်နေမိရဲ့ ။

(လန့် မသွားပါနဲ့  ဆရာမနဲ့  အစ်ကိုမိုးကုတ်သားရေ...
ဒီမှာ အနေကြာတော့ လျှော့ဈေးတွေနဲ့  အသားကျနေတာမို့  ရယ်ရွှင်ဖွယ် နောက်ပြောင်လိုက်မိတာပါ။)

ဟုတ်ကဲ့ ။
ကျွန်မတို့  ဗိသုကာတွေအတွက် ကျင့်ဝတ်များစွာထဲက တစ်ခုက မကြော်ငြာရပါဘူးတဲ့။


ဒီလို ဥာဏ်စွမ်းနဲ့ ဝိရိယကိုသာမက ကံတရားအခွင့်အခါ ကိုပါ မှီခိုနေရတဲ့ ဒီဝါသနာတွေနဲ့ ပဲ ကျွန်မ ရှင်သန်နေပါဦးမယ်။
တစ်ခါက “ငိုကြွေးနေတဲ့ ရောင်ပြန် ” အက်ဆေး လေးမှာ ရေးခဲ့ဖူးသလိုလေ...

ယုံကြည်မှုတွေ ဘယ်လိုပင် စိုက်ပျိုးလည်း နောက်ဆုံးမှာ ခြောက်သွေ့ နေတဲ့ ပန်းတွေပဲ တဲ့လား။
ရှိပါစေလေ။
ရာသီဥတု ဘယ်လောက်ပဲ ညှိုးရော်နေပါစေ နေရောင်ခြည်ကို ကျွန်မ ဖန်တီးယူဦးမယ်။
ဖြောင့်ချက်တွေ မပေးချင်ပေမယ့် ကျွန်မရဲ့ ပန်းခင်းဟာ ကျွန်မ ဖြစ်ပါတယ်။
ဒီလိုနဲ့  အမေ့ရဲ့  သမီးဆိုးလေ…
လှိုင်းကြမ်းမုန်တိုင်းအကြား ဘယ်အကွေ့ မှာ ဘယ်တက်နဲ့ လှော်ရမယ် မသိလည်း
ခေါင်းငုံ့ လို့ ငို…

ခေါင်းငဲ့ ရင်း ပြုံး…

ခေါင်းမေါ့ ကာ ရယ်ချင်ယောင်ဆောင်နေဦးမှာ။...။



မေတ္တာများဖြင့်
မယ်ကိုး

စာကြွင်း ။ ဝါသနာလေးကို ပြောခွင့်ပေးတဲ့ အစ်မ မနော်ဟရီ ကို အထူးကျေးဇူးတင်ရင်း ကျွန်မနဲ့  အနုပညာကော ဗိသုကာပါ ဝါသနာတူမယ်ထင်တဲ့ ဆရာမ အပြုံးပန်း နဲ့  အစ်ကို မိုးကုတ်သား ကို ဝေဒနာလေး လက်ဆင့်ကမ်းပါရစေနော်။

ပုံလေးက လေးစားရပါသော အမျိုးသမီး ဗိသုကာ Zara Hadid ရဲ့ လက်ရာ Cagliari Contemporary Arts Centre ဒီဇိုင်းပါ။

22 comments:

MANORHARY said...

ညီမရေ
ဝါသနာတူသူချင်းတွေပဲ
တစ်လမ်းတည်းလျှောက်ဖြစ်ကြဦးမှာပါ
လမ်းကတော့ ရှည်လျားတယ်
နာမည်နဲ့မလိုက်အောင်လည်း ကြမ်းတမ်းနိုင်တယ်
အဆုံးမရှိတဲ့လမ်းကို တူနိုင်တဲ့ထိ ဆက်လျှောက်ကြ
တာပေါ့နော်...

အပြုံးပန်း said...

တက်ဂ်ထားတယ်ဆိုလို့ ကမန်းကတန်းလာဖတ်ဖြစ်တယ်၊ စိတ်မတိုတတ်ပါဘူးကွယ်၊ သဘောတကျ ပြုံးမိရတချည်းပဲ။
မယ်ကိုးရဲ့ စာကို သုံးခါလောက်ဖတ်မှ သဘောပေါက်တာ၊ စကားလုံးလှလှတွေကို မှတ်ချင်တာလည်းပါတာပေါ့လေ။
ကိုယ့်ရဲ့ ၀ါသနာကို ပန်းတပွင့်အလား လှပအောင်ရေးချင်လို့ စိတ်ကူးလေးနဲ့သီကုံးချင်သေးလို့ စောင့်ပေးပါအုံးနော်။

မိုးစက်အိမ် said...

ဝါသနာလေးတွေ ဖတ်ခွင်.ရလို.ကျေးဇူး
ပါမကြီးရေ...အနော် စာအုပ်ထုတ်ဖြစ်ရင်
မကြီးက ပုံဆွဲတတ်တယ်ဆိုတော. သရုတ်
ဖော်ပုံလေးတွေ ဆွဲပေးနော်...ကြို ပြီး
စရံ သတ်ထားတာ အဟတ်...ခင်မင်လျက်

သားကြီး said...

ထုံးစံအတိုင်းစကားလုံးတွေက သိပ်သစ်တော့
ပိန်းတိမ်းတိမ်းကောင်ကျနော့အဖို့တခါဖတ်ရုံနဲ့
မရပြန်ဘူး :)

ငှက်ကလေး said...

“မယ်ကိုး ဗိသုကာပုံအပ် လက်ခံသည်။ မယ်ကိုးရဲ့  စာကို သုံးကြောင်း အမှားအယွင်းမရှိ ရွတ်ပြနိုင်ရင် ၃၀ % ။ ကိုးကြောင်း ရွတ်ပြနိုင်ရင် ၇၀ % လျှော့ပေးမည် ”

မမရေ ဖတ်လိုက်တော့ မမပြောသလို မျက်လုံးပြူးစိတ်မတိုပါဘူး မမရယ် ပြုံးသွားတယ်သိလားးး ဟဟဟ
ညီမလဲ ပန်းချီဆွဲ တာ ဝါသနာပါတယ် ငယ်ငယ်က ဆွဲတယ် သင်တန်းတက်တယ် သင်တန်းက အခြေခံက စ ပြီးသင်ပေးတာလေ အလင်းအမှောင်တွေပေါ့ ဒါနဲ့လူက တင်းလာတယ် ငါက ဆွဲချင်တာ လူပုံ ငါ့ကို ဘာတွေ သင်ပေးနေတာလဲ ဆိုပြီးသွားမတက်တော့ဘူး ဟဟဟ အေးတာပဲ မမရေ ခိခိ လိုချင်တယ် ဆိုရင်ပေးမှာလား မမပုံတွေ ညီမ နောက် ဝတ္ထုရေးတော့ ထည့်သုံးချင်တယ် အခုမဟုတ်သေးဘူး မမရေ ပြောမယ်နော် သိလား

မေတ္တာများဖြင့်
ငှက်မလေး
ဟဟ မမရေးသလို ရေးကြည့်တာ ချိတ်ချိုးနဲ့နော် ခစ်ခစ်

ကိုရင်နော်ခင်လေးငယ် said...

မယ်ကိုးရဲ့ ဝါသနာလေးတွေကို ဖတ်သွားတယ်..

ငှက်ကလေး said...

အင်းးးးး အမှီတော့ လာတာပဲ ၁ မပြောနဲ့ နံပါတ် ၃ တောင် မရပါလားနော် ငါလဲ ငါပဲ အမြဲပဲ ဘိတ်ချီးပဲ ရတယ် အဟင့် နိုချင်တယ် ဒီကြားထဲ အစ ကကြည့်တာ ကိုသားကြီး မရှိသေးပါဘူး နောက်မန့်ပြီး ပြန်ကြည့်တော့ ကိုသားကြီးက နေရာယူထားလိုက်ပြန်ပြီ ဟွင်းးးးး ငှက် စိတ်တိုလာပြီ ပြန်ပြီ တာ့တာ ဒါဗြဲ

ငှက်ကလေး said...

အယ်လုပ်ပြီ မန့်ရင်းတန်းလန်းနဲ့ အပေါ်က ဦးသွားပြန်ပြီ ဝါးးး အီးးး ဟီးးးး

မယ်ကိုး said...

ညီမလေး ငှက်ကလေးနဲ့  မိုးစက်အိမ်ရေ...
အစ်မက ပန်းချီမဆွဲတတ်ဘူးကွဲ့ ...ကာတွန်းတစ်ကြောင်းပဲ တောင်ခြစ်မြောက်ဖြစ်လုပ်တတ်တာပါ....
တော်ချက်နော် :)

ကိုလူထွေး said...

ဥာဏ်ပူဇော်ခကို ၇၀% တွေ ၃၀% တွေ လျှော့ပြီး ယူရင်တောင်...

ဗိသုကာတယောက်ရဲ့ အနုပညာလက်နဲ့ ကမ္ဘာကြီးကို ၁၀၀% အလှဆင်နိုင်ပါစေကွယ်...

းဝ)

လင်းဒီပ said...

Civil နဲ့ Arch: ကို အမြဲတမ်းစိတ်ဝင်စားတဲ့ မကြာခဏ Civil အင်ဂျင်နီယာတွေနဲ့ ရန်ဖြစ်တတ်တဲ့ ဆောက်လုပ်ရေးလိုင်းထဲက တခြားအင်ဂျင်နီယာ တစ်ယောက်ပါ ။ ဝါသနာတူတဲ့သူတွေတွေ့လို့ ပျော်မိပါရဲ့...။

ရွာသားလေးဝိုင်တီယူ said...

Buy one get one free မဟုတ်သေးဘူးပေါ့။ အခုက အထူးလျှော့ဈေးချိန်လေ။ အာခီကို ယူမယ်လို့ စိတ်ကူးယဉ်ခဲ့ဖူးတယ်။ မျဉ်းတစ်ကြောင်းတောင် ဖြောင့်အောင်မဆွဲနိုင်တဲ့နောက် အနုပညာဝါသနာပါတယ်ဆိုတာကို မပြောရဲသလောက်ပါပဲ။

မင်းအိမ်ဖြူ said...

နောက်ဘဝမှာလည်း ဒီအတတ်နဲ့  အသက်မွေးတဲ့ ပညာရှင်ပဲ ဖြစ်ချင်နေဆဲရယ်။

ဒီလောက်တောင်ပဲလားရယ် လို. အံ့အံ့သြသြ မှတ်တမ်း တင် လေးစားမိလေရဲ့ ၊၊

မယ်ကိုးရေ တနားပါတယ် ကိုဒီပကြီးရယ် ဟာဟ Civil Engineer ကြီးသိပ်ဖြစ်ချင်ပါသတဲ့ .. D:
ခုတော့ Civil Engineer ကြီးကို အားကျတဲ့မျက်လုံးတွေနဲ. ကြည့်လို. P:
ခွီခွီ...

လူရိုင်းလေး said...

မမမယ်ကိုးက ဗိသုကာ ပညာရှင်တစ်ယောက်ပဲ လက်စသတ်တော့။ လူရိုင်းလေး အခုမှ သိတော်မူပါတယ်။

Mogok Thar said...

ညီမလေး မယ်ကိုးရေ.....
*ဥာဏ်စွမ်းနဲ့ ဝိရိယကိုသာမက ကံတရားအခွင့်အခါ ကိုပါ မှီခိုနေရတဲ့ ဒီဝါသနာတွေနဲ့ ပဲ*
အဲဒီ စာကြောင်းလေး စိတ်ထဲ စွဲနေပြီဗျ။
စာတွေ ပိနေတဲ့ကြားက ညီမလေးတောင် ရအောင် ရေးနိုင်သေးရင် အကိုလဲ ကြိုးစား ရေးပါ့မယ်ဗျာ။
ပထမဆုံး tag ခံရတာ ဆိုတော့ ညီမလေး စိတ်ကျေနပ်အောင် ရေးနိုင်၊ မရေးနိုင် တိဝူး။
ညီမလေးရေ.... အိပ်မက်တွေ အမြန်ဆုံး အကောင်အထည် ပေါ်ပါစေ။ ၀ါသနာပါရာ လမ်းခရီးမှာ အောင်မြင်စွာ လှမ်းနိုင်ပါစေလို့ ဆန္ဒပြုပါတယ်။
(တခု စကားမစပ် ပြောမလို့.. သယ်ရင်းတွေက အကို့ကို ကောက်ရိုးမီးတဲ့။
ဟိုစပ်စပ် ဒီစပ်စပ်.. ပီး ဘာမှ မတတ် ဆိုတာကတော့ ကိုယ့်ကိုယ်ကို အမြဲ ဝေဖန်ဖြစ်တဲ့စကား၊ ဟားဟား)

အိုင်လွယ်ပန် said...

နားထောင်သွားပါတယ်ဗျာ ...
အနုပညာဆိုတာ သံသရာအထိအလံပါမယ် ...
(စိုင်းဝင်းမြင့်)

မျက်မှန်လေး said...

မယ်ကိုးကအရေးအသားအရမ်းကောင်းပါသည်။

ကြယ်သောကြာ said...

သူငယ်ချင်းရေ ရွှေမင်းဝံ လမ်းမှာ လေကြမ်းလာတာ သဘာဝပေမို့ ယုံကြည်ရာ အရောက် လျောက်ကြရတဲ့ ခရီးတစ်ခုမှာ နောက်မဆုတ်တမ်း လျှောက်လှမ်းလိုက်စမ်းပါ။ ရင်ခုန်သံခြင်း တူညီကြတဲ့ ယုံကြည်သူတွေနဲ့ပေါ့...

အိန္ဒြာ said...

ဗိသုကာတွေ စိတ်ကူးဥာဏ်ကွန်းမြူးသမျှ..
civil တွေ စိတ်လေရတာပေါ့...
နောက်အစည်းဝေးမှာငြင်းကြခုန်ကြ....
မယ်ကိုးရေ.အလုပ်ထဲမှာ ရန်ဖြစ်ရင်ဖြစ်ကြမယ်...

အနုပညာထဲမှာတော့တစ်သက်လုံးချစ်ကြမယ်..နော်

အော်...မေ့တော့မလို့...
အိမ်ပုံလေးတစ်ပုံအပ်ချင်လို့
အက်ဆေးတစ်ပုဒ်လုံးအာဂုံဆောင်ရင်...အလကားဆွဲပေးမလား..ဟင်...

မြစ်ကျိုးအင်း said...

ဝါသနာပါတဲ့အလုပ်နဲ့ အသက်မွေးရတာဟာ အလှူအိမ်မှာ ကိုယ်ကြိုက်တဲ့ဟင်းနဲ့စားလိုက်ရသလိုပါပဲ
သူငယ်ချင်း အောင်မြင်မှာပါ...။

မယ်ကိုး said...

ချစ်ရတဲ့ မအိန္ဒြာသို့ ...

မရေ ကျွန်မက မြန်မာပြည်မှာတည်းက civil ပညာရှင်တွေနဲ့  ရန်မဖြစ်တတ်ဘူး။ သူတို့ က ကိုယ်လုပ်သမျှ လိုက်ရှင်းပေးလို့  ကျေးဇူးပဲတင်ရတာ။
မရေ... မ သာ ပုံအပ်ချင်ရင် အာဂုံဆောင်စရာ မလိုပါဘူးနော် :)

Mae said...

'ကျွန်မတို့  ဗိသုကာတွေအတွက် ကျင့်ဝတ်များစွာထဲက တစ်ခုက မကြော်ငြာရပါဘူးတဲ့။'

အဲ့ဒါလေးကို ကြိုက်တယ်၊ (ကျန်တာရေးတာလဲ ကြိုက်ပါတယ်၊ အဲ့ဒါက စွဲသွားလို့ပါ) ဗိသုကာ ဆိုတဲ့ အသုံးအနှုန်းလေးကိုလဲ ပြန်သတိရသွားပါတယ်၊ အင်္ဂလိပ်လိုပဲ မြင်ရတာ များလို့ မေ့သလိုပါပဲ

ဝါသနာနဲ့ အသက်မွေးခွင့်ရှိတာ ကံကောင်းပါတယ်၊း)