20 August 2009

“ရက်လွန်အိပ်မက်ရဲ့  အစအနများ”

...
ကျွန်မရဲ့ဝန်းကျင်မှာ လျှပ်ပြက်သလို ကိုယ်ရောင်ပြပြီး လျင်မြန်စောစွာ အနားကို သူရောက်လာခဲ့ပါတယ်။


ကြောင်လေးတစ်ကောင်ရဲ့ နူးညံတိုးဖွတဲ့ ခြေသံမျိုးနဲ့လေ။ သဘာဝက သင်ပေးထားတဲ့အတိုင်း မသိသလိုဟန်ဆောင်နေတဲ့အခါ မာနတကြီးနဲ့ သူလှည့်ပြန် သွားခဲ့တာ။


နာကျည်းနာကျင်စွာ ငေးမောကြည့်နေခိုက်မှာပင် သူ့အရိပ်လေးဟာ တဖြည်းဖြည်းဝေးလို့ သွားပါတယ်။ဒါပေမယ့် တစ်ဦးဦးရဲ့ နှလုံးသားက စီရင်စေခိုင်းမှုနဲ့ သူပြန်လှည့်လာခဲ့တာ။


ပေးကြပါ။
ပုဝါထူထူတစ်စလောက်။
ကျွန်မရဲ့  နှလုံးသားကို ဖုံးကာဖို့။
အချိန်မီ။လက်မတင်လေးရယ်။

ခြေလှမ်းမြန်မြန်ကျဲကျဲနဲ့ သူဟာ ကျွန်မအနားကို ရုတ်ချည်းရောက်လာခဲ့တာ။ဒါပေမယ့် ကျွန်မရဲ့ရှေ့မှာ ခြေစုံရပ်လိုက်တဲ့အခါမှာတော့ ကျွန်မ မျက်နှာဖုံးတစ်ခုကို နေသားတကျတပ်ဆင်ပြီးသွားပြီ။

“ခေါ်သံများ ကြားလိုက်မိလားပဲ”

ကျွန်မရဲ့ ငိုသံကို သူကြားသွားပြီလားရယ်လို့ စိုးထိတ်သိမ်ငယ်လိုက်ရတာ။ဒါပေမယ့် ကျွန်မ ပျော်ပါတယ်။ စကားမစပ် တစ်ခုလောက် မေးပါရစေ။ထာဝစဉ် စွဲတည်တဲ့ သာယာပျော်ရွှင်မှုဆိုတာ ရှိပါသလား။

အမှန်ပါပဲ။ကြည်နူးမှုတွေကို မနိုင်မနင်းထိန်းချုပ်နေဆဲမှာ နတ်သမီးလေးတစ်ပါးဟာ တိမ်တွေစီးပြီး ကျွန်မတို့နှစ်ယောက်ကြား ရောက်လာခဲ့ပါတယ်။ နောက်ခံဂီတက ရန်လိုသံစဉ်မို့ ဆင်ခြင်ဥာဏ်နဲ့ ကျွန်မ မျက်ကွယ်ပြုနေခဲ့လည်း သူက မျှဝေမယူခဲ့ဘူးလေ။

“သွားတော့မယ်”တဲ့။ ဒီတစ်ခါ လှည့်ပြန်ရသူက ကျွန်မဖြစ်ပါတယ်။ ဝမ်းမြောက်ဝမ်းသာဖြစ်နေကြတဲ့ မျက်လုံးတွေအောက်မှာပေါ့။

ဘယ်လိုလုပ်ရမလဲ။မထီမဲ့မြင် ရယ်လိုက်ရမလား။ ဝမ်းပန်းတနည်း ငိုလိုက်ရမှာလား။
ပူလွန်းလို့ တဆတ်ဆတ်ခုန်နေတဲ့ အိပ်မက်များ။
လျှို့ဝှက်ငိုညည်းသံတွေနဲ့ သွက်သွက်ခါနေတဲ့ နံရံများ။
သူစွန့်ခဲ့တဲ့ ပဲ့တင်သံကို ပြန်ရွတ်ရင်း ကျွန်မရဲ့ ကောင်းကင်ဟာ တစ်စထက်တစ်စ ပိန်လှီခြောက်သွေ့လာခဲ့ပါတယ်။

ဒါပေမယ့် မပြယ်တဲ့ ကျိန်စာရယ်လို့ ရှိလို့လားကွယ်။
အသေအချာလေ။တကိုယ်ရည်မီးသင့်မှုဟာ သူအပြုံးနဲ့သာ ငြိမ်းခဲ့တာရယ်။

အံ့သြစရာ။ ကျွန်မ လှမ်းမခေါ်ခဲ့ပေမယ် သူကြားတယ်တဲ့လေ။ဒီလို အပြုံးချင်း ထပ်တူကျခဲ့ပေမယ့် အကုသိုလ်ကံက ဆက်လက်အကျိုးပေးနေဆဲ။
တကယ်ပါပဲ သူမရယ်။

ကျွန်မတို့  နှစ်ဦးကြား သူမ ရပ်နေခိုက်မှာပင် စေ့စေ့ပိတ်ထားတဲ့ သူ့နှုတ်ခမ်းတွေနဲ့ ဘာသာပြန်ရခက်တဲ့ မေးခွန်းတွေအံရွတ်တဲ့အခါ မာနနဲ့ကျွန်မဖြေတော့ ထုထည်သိပ်သည်းတဲ့ တံခါးတစ်ချပ်ဟာ ကျွန်မတို့နှစ်ဦးကြား ပြိုကျလာတော့တာ။

ဒီတစ်ခါတော့ တကယ်ဝေးပြီ ထင်ပါရဲ့။
ကြေကွဲလွန်းလို့ မငိုနိုင်အောင်ရှိဆဲမှာပင် သူက လှပစိုစွတ်နေတဲ့ နှင်းဆီဖူးသစ်ကို ကျွန်မလက်ထဲ အရောက် ထည့်ပေးနိုင်ချိန်မှာ အပြာရောင်ပိုးကြိုးစလေးကို သူ့ကိုလက်ဆောင် ပြန်ပေးဖို့ ကြိုးစားလိုက်ပါတယ်။

မုန်တိုင်းရဲ့ ရနံ့တွေ ဝေ့ဝေ့ဝဲဝဲရနေချိန်မှာပေါ့။
ဘယ်လိုပင် သူ စွမ်းစွမ်းတမံလှမ်းယူပေမယ့် ကြိုးစလေးဟာ ဝေ့ဝဲကာ ကောင်းကင်ယံကို လွင့်ပျံသွားခဲ့ လေပြီ။ဇာတ်လမ်း မဆုံးသေးဘူးပဲ။ သူ့ကို ကူညီပြီး ကြိုးလေးကို ယူပေးဖို့ကြိုးစားတိုင်းမှာ သူမရောက်လာပြီး ဟန့်တားပြန်တာ။

ရက်စက်တဲ့ အပြုံးနဲ့သူမ။အဲဒီနောက် သူမရဲ့ခန္ဓာကိုယ်ထဲက လက်တွေအများကြီးထွက်လာကာ ကျွန်မရဲ့ပန်းလေးကို လုယူဖို့ ကြိုးစားပါတော့တယ်။

ပန်းကလေးမှာ ကြောက်လွန်းလို့ ရှိုက်ကြီးတငင် ငိုရှာတယ်လေ။ပန်းလေးကို နှစ်သိမ့်အားပေးဖို့ ငုံ့နမ်းလိုက်တော့ ကျွန်မတစ်မျက်နှာလုံး မျက်ရည်တွေနဲ့ ရွှဲရွှဲစိုကုန်ပါတယ်။ တစ်ကိုယ်လုံးလည်း အေးစက်ကာ ခိုက်ခိုက်တုန်လာ။

ဒါပေမယ့် ဆက်ရန်များတဲ့ စာတစ်အုပ်လိုပဲ နွေးထွေးတဲ့ ရောင်ခြည်တွေနဲ့သူပြန်ရောက်လာခဲ့တာ။ စစ်မှန်ခြင်းရဲ့  သင်္ကေတ။
သူမ ထွက်ပြေးသွားတယ်လေ။

အလင်းရောင်ဖြာထွက်စပြုနေပေမယ့် နှင်းမှုန်မှုန်ခြားထားဆဲမှာအပျော်တွေ တနင့်တပိုးနဲ့ ကျွန်မတို့ ခ၇ီး ထွက်ခဲ့ကြပါတယ်။ဒါပေမယ့် ။ ဘာကြောင့်လဲကွယ်။

သူမဟာ ဆယ့်နှစ်ကြိုးတတ်တဲ့ အစွမ်းရှိသူလား။ တစ်ခရီးတည်းသွား ပေမယ့် ကျွန်မကိုချည်း ဆူးတွေက ဒုက္ခပေးနေတာ။
ကံကြမ္မာကို ဘယ်လို ပြန်ပြင်ရမလဲ။
ဆူးတွေကို သူနှုတ်ထွင်ပေးပေမယ့် သွေးထဲကို စိမ့်ဝင်လာတဲ့ အဆိပ်တွေအတွက်တော့ သူလည်း မတတ်နိုင်ခဲ့ဘူး။

“အဆင်ပြေတဲ့အခါ...”
ကျွန်မကို ထားရက်ခဲ့ပြန်တာ။
“ဟင့်အင်း။ဘာပဲဖြစ်ဖြစ် …”
ကျွန်မတို့ မျက်နှာချင်းဆိုင် ငြင်းခုန်ကြတဲ့အခါ မရွေ့လျားပေမယ့် တဖြည်းဖြည်းဝေးလို့သွားပါတယ်။ အသံတွေ မကြားရတော့ပေမယ့်လည်း ဆက်လက်ငြင်းခုန်နေမိကြပါတယ်။ကျွန်မတို့ နားလည်ဖို့ ကြိုးစားရင်း နားမလည်နိုင်သေး။နားမလည်နိုင်ခဲ့။နားမလည်နိုင်တော့။

နှင်းထုပိတ်ကာနေလို့ပါ။သူချန်ထားခဲ့တာ မဟုတ်ပါဘူး။
စမ်းငယ်လေးပဲ ခြားနေတာပါ။သူခြေရာဖျောက်သွားတာ မဟုတ်ပါဘူး။
တောင်စဉ်တွေ ရပ်တည်နေလို့ပါ။သူ ကျောခိုင်းသွားတာ မဟုတ်ပါဘူး။
ဘယ်လိုပဲ ဖြေသိမ်ဖြေသိမ့် ဖြေဆည်ရာ မရခဲ့။ရက်စက်စိမ်းကားတဲ့ ကြောက်ရွံ့ထိတ်လန့်စရာ အရိပ်တွေအောက်မှာ ကူုရာမဲ့အားငယ်စွာ လှမ်းဖို့ပင် မြေမရှိခဲ့ဘူးလေ။

မျက်နှာကျက်တစ်လျှောက်မှာ အလွမ်းငွေ့ တွေ။
နံရံတကြောမှာ နောင်တရှိုက်သံတွေ။ ဒါပေမယ့် နာယူလက်ခံမယ့်သူ မရှိတော့။နောက်ဆုံးတော့ ယူုကျုံးမရခြင်းတွေဟာ မျက်ဝန်းအိမ်ထဲက ထိုးထွက်လာခဲ့ပါတယ်။
ပင်လယ်။
ဘယ်သူယုံမှာလဲ။ ကျွန်မရဲ့ ကြေကွဲခြင်းနဲ့ ဖြစ်တည်တဲ့ ပင်လယ်။
နေ့ညစဉ်ဆက် တရိပ်ရိပ်နဲ့ အလွမ်းတွေ ဇာချဲ့တဲ့အခါ။

“ဟယ် ငိုနေလိုက်တာ…”သူမရဲ့  ကျေနပ်အားရတဲ့  ရယ်မောသံလေ။
ဒီလိုနဲ့ အသိတရားဝင်လာကာ သူ့ကို ရှာတဲ့အခါ …အလျော်အစားကြေးကြီးတဲ့ ကံကြမ္မာရဲ့  ထောက်ပံ့မှုနဲ့ မီးလျှံတွေ တရှိန်ရှိန်တောက်နေတဲ့ ကွင်းပြင်ကြီးရဲ့  အလယ်မှာ သူ့ကို တွေ့ လိုက်ရပါတယ်။

မောပန်းနွမ်းနယ်နေပေမယ့် အားကုန်ပြေးလွှားနေတဲ့ သူ့ကိုမြင်ရတဲ့အခါ စိတ်ဆင်းရဲလွန်းလို့
ငိုရပြန်။
“ချစ်တဲ့သူရေ...”
အပူတပြင်းနားစွင့်ကာ လည်ပြွန်ကွဲမတတ် အော်ခေါ်လိုက်လည်း ပဲ့တင်သံပင် မကြားရပါလေ။
ဟိုမှာ။လှည့်ကြည့်လိုက်ပါဦး။ရှစ်ခွင်ပတ်လည်မှာ အဆိပ်ရနံ့တွေ...

“ထွက်ခဲ့။ထွက်လာခဲ့ပါ။အဖာအထေးများလှတဲ့ ဒီတောထဲမှာ ဓားစာခံအဖြစ်မခံနိုင်ဘူး.. ”
မျက်ရည်နဲ့ ကျွန်မဆိုတော့ သူ့ပတ်လည်မှာ အော်ဟစ်ဆူညံကာ အားပေးနေတဲ့ လူတွေက စူးစူးဝါးဝါးထရယ်ကြပါတယ်။

“ဒါ ယောက်ျားတစ်ယောက်ရဲ့ ဂုဏ်သိက္ခာပဲ”
ဟင့်အင်း။မပြောနဲ့။မပြောပါနဲ့။မကြားနိုင်ပါ။ဆင်ရိုင်းတစ်ကောင်ကို ကျုံးသွင်းဖို့ ကြိုးစားနေတဲ့ အသံတွေ။ တစ်ချို့ ကလည်း နှစ်သိမ့်သလိုလိုနဲ့ …

“သူ့ ရဲ့ရှင်သန်ခြင်းကို နားလည် မပေးနိုင်ဘူးလား” တဲ့။
ဒီလိုနဲ့ ကျွန်မ သေတော့မယ်။ တော်ပါပြီ။ သူ့ကို ကြိုးစင်တင်နေတဲ့ အဲဒီအသံတွေကို ကျွန်မ အော့နှလုံး နာလှပါတယ်။

“အလျော်အစားများတဲ့ ဒီလောကကြီးမှာ တစ်ယောက်ကို တစ်ယောက် နင်းခြေကျားကန်ထားမှ အသက်ရှုလို့ရတယ်ဆိုတာ မသိဘူးလား…”
ပြောလိုက်ချင်ရဲ့။အောင်မြင်မှုဆိုတာ ဘာလဲကွယ်။ ဥစ္စာဓနကို ခေါင်းအုံးလုပ်ရမှ ချစ်သူလေး အိပ်ပျော်မယ်တဲ့လား။

ကျွန်မ တားတယ်။
သူ မကြားပါ။
ကျွန်မ ပြောတယ်။
သူ ကျောခိုင်းနေဆဲ။
ကျွန်မ ခေါ်ပေမယ့် သူ့အကြည့်က အဝေးကို မျှော်နေ။

“ပြန်လာခဲ့” “ပြန်လာခဲ့ပါ” “ပြန်လာခဲ့တော့လေ”

နှလုံးကွဲမတတ် ဘယ်လိုပင် အော်ခေါ်လည်း ကျွန်မရဲ့စကားစုကို မိုးခြိမ်းသံက ရက်ရက်စက်စက် ခြေမွပစ်လိုက်ပါတယ်။ အဆုံးမှာတော့ သူ့နှလုံးသွေးတွေသိပ်ထားတဲ့ မြေမှာ ခြေမချနိုင်တော့တဲ့ ကျွန်မပဲ ခေါင်းငုံ့ကာ ပြန်လာခဲ့ရတာ။

တစ်ယောက်တည်းလေ။ မိုးတွေကလည်း သည်းသည်းမည်းမည်း။ဒါပေမယ့် မယုံနိုင်ဖွယ်။
ကျွန်မကို သူမ စောင့်နေတယ်။အလှမ်းဝေးပေမယ့် သူမရဲ့အပြုံးကို ပြက်ပြက်ထင်ထင် မြင်နေရ။

မဟုတ်ဘူး။
ရှင်တို့ထင်သလို မဟုတ်ဘူးရယ်။
စာနာတဲ့ အပြုံးနဲ့သူမ။

သူမရဲ့ပုခုံးစွန်းမှာ ဖွင့်ထုတ်ငိုညည်းလို့အပြီးမှာတော့ ကျွန်မရဲ့ဆိုးရွားလှတဲ့ ဝေဒနာထုထည်ဟာ သိသိသာသာပဲ လျော့ကျသွားခဲ့ပါတယ်။ ................ ။


မယ်ကိုး


ချစ်ခြင်းတစ်ခုရဲ့ စစ်တမ်းမှာ အားပေးအဖြေပေးသွားကြသူများကို အထူးကျေးဇူးတင်ပါကြောင်း ပြောပါရစေ။ ကျွန်မ ဆက်ရေးမှာ ဖြစ်ပေမယ့် ပြောချင်တာတွေက အစွန်းရောက်နေတဲ့အတွက် ဘလော့ပေါ်တင်ဖို့ ကြောက်နေမိတာပါ။ ချစ်ခြင်းတစ်ခုကို ခဏလောက်နားခွင့် တောင်းပါရစေ။


အားပေးမှုအတွက် အမြဲကျေးဇူးတင်နေတဲ့....


မေတ္တာများဖြင့်
မယ်ကိုး


29 comments:

အပြုံးပန်း said...

ဒီနေ့အိမ်မှာ ရှိနေခဲ့တဲ့အတွက် မယ်ကိုးရဲ့စာကို ပထမဦးဆုံးဖတ်သူ ဖြစ်ချင်ဖြစ်နေလိမ့်မယ်။

Leslie Mills ရဲ့ The Keeper ကို နားထောင်ရင်း မယ်ကိုးရဲ့ဒီစာလေးကို ဖတ်ရတော့ ပြောပြဖို့တော်တော်ခက်တဲ့ အရသာလေးကို ရလိုက်တယ်။

ပေးကြပါ။
ပုဝါထူထူတစ်စလောက်။
ကျွန်မရဲ့  နှလုံးသားကို ဖုံးကာဖို့။
အချိန်မီ။လက်မတင်လေးရယ်။

အဲဒီလိုစာသားလေးတွေက သိပ်ကို ဖမ်းစားတယ်။

yangonthar said...

အစ်မ စကားလုံးတွေက ထိရှကျန်နေခဲ့တယ် ငိုလိုက်ရင် ရင်ထဲမှာ ပေါ့သွားသလား ဟင် အစ်မ တစ်ပုဒ်လုံး ကိုဖတ်ရင်းတွေးရင်းနဲ့  အသေ အချာ ဖတ်သွားတယ်ဗျို့ အစ်မရေ ..... စာတွေအများကြီးရေးနိုင်ပါစေ :D

Yu Ya said...

ဖတ်ပြီး ဘာပြောရမှန်းကို မသိဘဲ ဖြစ်သွားပါတယ်။

မမယ်ကိုးရေ.. အရေးအသားကတော့ ဂွတ်ရှယ်လို့များ ပြောရင် မောင်မင်း yu ya လွန်မယ်ထင်သလားဗျာ။

ချစ်ခြင်းတစ်ခုရဲ့ ဇာတ်သိမ်းကို ဖတ်ချင်နေတဲ့သူတွေထဲမှာ ပါနေပါတယ်ဗျို့ ။ အမြန်ရေးပေးပါလို့မတောင်းဆိုချင်ပါဘူး။ တော်ကြာ ကိုယ့်ဖက် လှည့်လာမှာဆိုးလို့..အဟီး။

yu ya

ထင်းထင်း said...

မမမယ်ကိုး
ရေးတတ်လိုက်တာ မမရယ်။ မချစ်တတ်ဘူး ဆိုတာ မယုံချင်တော့ဘူးနော်။ အဟဲ စတာနော်။ စိတ်မဆိုးနဲ့။

“အလျော်အစားများတဲ့ ဒီလောကကြီးမှာ တစ်ယောက်ကို တစ်ယောက် နင်းခြေကျားကန်ထားမှ အသက်ရှုလို့ရတယ်ဆိုတာ မသိဘူးလား…”
ပြောလိုက်ချင်ရဲ့။အောင်မြင်မှုဆိုတာ ဘာလဲကွယ်။ ဥစ္စာဓနကို ခေါင်းအုံးလုပ်ရမှ ချစ်သူလေး အိပ်ပျော်မယ်တဲ့လား။

မမရေ အဲဒီစာသားလေး အရမ်းကြိုက်တယ်ကွယ်။
တကယ်ပါဘဲ အောင်မြင်မှုဆိုတာ ဘာလဲသိချင်ပါတယ်။

Lucifer said...

ဟင်..မမီးကျောင်းရောက်နေလို့ သူတို့ အရင်စာဖတ်သွားတာ

မိုးစက်အိမ် said...

အမရေ ရေးသားတဲ. ပို.စ်ထက်
စာကားလုံးသုံးတာ ပိုကောင်းတယ်ဗျာ...
ဒါပေမဲ. အမလည်း မောင်လှမျိုး ဖြစ်နေတယ်ဗျာ :P

ဝက်ဝံလေး said...

မမကိုးရေ အရမ်းပင်ပန်းနေရင်လဲ ခဏလောက် နားပြီး မှ စာရေးပါလို့ ပြောပါရစေ သိပ်စိတ်ရှုပ်ထွေးနေလား ဟင် ဒီလိုပါပဲနောက်တော့လဲ ကောင်းသွားမှာပါ

ဆက်ရေးပါနော် အားပေးနေတယ် သိလား ညီမ သိပ်တော့ အားပေးစကား များများ စားစား မပြောတတ်ဘူးရယ်

သားကြီး said...

အစ်မရေ
ထုံးစံအတိုင်း စကားလုံးတွေရဲ့ ရသက
ဖတ်မိတဲ့ကျနော့်ကို အလဲလဲအပြိုပြိုဖြစ်စေလို့ပေါ့
နေသားတစ်ကျတပ်ဆင်ပြီးသွားတဲ့
မျက်နှာဖုံးလေး ချပ်ချပ်ရပ်ရပ် ရှိပါစေဗျာ
ဥစ္စာဓနကိုခေါင်းအုံးလုပ်ရမှ အိပ်ပျော်မယ်ဆိုရင်
အဲချစ်သူကိုအဖာအထေးများတဲ့ တောထဲမှာ
ဓားစာခံအဖြစ်သာ ထားလိုက်ပါတော့
အစွန်းရောက်နေတယ်ဆိုတဲ့ ပြောချင်တာတွေကိုလည်း
ဆက်လက်စောင့်မျှော်ပါမယ်
တင်ဖို့ဘာမှမကြောက်ပါနဲ့
ရင်ဘတ်တူရင် ယူကြစတမ်းပဲ

ကိုလူထွေး said...

သုံးပွင့်ဆိုင် ဇာတ်လမ်းတိုင်းမှာ တယောက်ကတော့ အမြဲတမ်း ရှုံးနိမ့်ရတာပါပဲလေ...

း'(

အိုင်လွယ်ပန် said...

ခံစားသွားကြောင်းပါ :)

mae said...

စာကြောင်းတိုင်းကို နှစ်ခါ ဖတ်သွားတယ်၊ အမြဲ စာအမြန်ဖတ်တဲ့သူဆိုတော့ စကားလုံးလှလှတွေကို အမြန်တခါဖတ်.. ပြီးတော့ မနေနိုင်တော့ စာလုံးပေါင်းတခါဖတ်ပေါ့၊

အရမ်းဖွဲ့တတ်တာပဲ..

ကာရံဆူး said...

မမကိုးရေ...အရမ်းကောင်းတယ်လို့ ပြောစရာမလို အောင် ကောင်းပါတယ်...ဆက်လက်ပြီးလည်း များများ ရေးနိုင်ပါစေ..အားပေးရင်း အားကျရင်း မျှော်နေပါ့မယ်နော်...

နှင်းဟေမာ said...

ဝမ်းမြောက်ဝမ်းသာဖြစ်နေကြတဲ့ မျက်လုံးတွေအောက်မှာပေါ့။

ဘယ်လိုလုပ်ရမလဲ။မထီမဲ့မြင် ရယ်လိုက်ရမလား။ ဝမ်းပန်းတနည်း ငိုလိုက်ရမှာလား။
ပူလွန်းလို့ တဆတ်ဆတ်ခုန်နေတဲ့ အိပ်မက်များ။
လျှို့ဝှက်ငိုညည်းသံတွေနဲ့ သွက်သွက်ခါနေတဲ့ နံရံများ။
သူစွန့်ခဲ့တဲ့ ပဲ့တင်သံကို ပြန်ရွတ်ရင်း ကျွန်မရဲ့  ကောင်းကင်ဟာ တစ်စထက်တစ်စ ပိန်လှီခြောက်သွေ့  လာခဲ့ပါတယ်။

မမကိုး ရေ... နှစ်ကျော့ပြန်ပြီး ဖတ်မိတယ် ... ဘယ်လိုပဲဖြစ်ဖြစ် ရင်ထဲက ခံစားလိုက်ရတာတော့ နင့် ကနဲပါပဲ....။ခံစား ဖွဲ့နွဲ့မှုတွေရဲ့နောက်မှာ စာရေးသူရဲ့ နုညံ့သိမ်မွေ့မှုတွေကလည်း အထင်းသား ....။

လေးစားလျှက်....
ညီမလေး နှင်း

ရွာသားလေးဝိုင်တီယူ said...

ကျစ်လစ်လှပတဲ့အဖွဲ့
စကားလုံးတွေတိုင်းရဲ့ အားထုတ်မှုနောက်မှာ
ကျနော်ကိုယ်တိုင်ပါလိုက်ပါ နာကျင်မိတယ်။
ငိုစရာပုခုံးစွန်းကို ရှာလိုက်ဦးမယ်ဗျာ

ဆောင်းယွန်းလ said...

နှင်းထုပိတ်ကာနေလို့ပါ။သူချန်ထားခဲ့တာ မဟုတ်ပါဘူး။
စမ်းငယ်လေးပဲ ခြားနေတာပါ။သူခြေရာဖျောက်သွားတာ မဟုတ်ပါဘူး။
တောင်စဉ်တွေ ရပ်တည်နေလို့ပါ။သူ ကျောခိုင်းသွားတာ မဟုတ်ပါဘူး။
ပီပြင်တယ်ညီမလေးရေ...
ဒီလိုဖြေသိမ့်တတ်သူကိုမှ.....

ဝက်ဝံလေး said...

မမကိုးရေ ဒုတိယ တခေါက် လာပြန်ဖတ်ပါတယ် ရှင့်

အမရာ said...

ကောင်းလွန်းတဲ့စာသား
တွေကြားမှာတရှိန်ထိုးမျောပါရင်းးးးးးးးး

ကိုရင်နော်ခင်လေးငယ် said...

မယ်ရေ...
တင်ပြပုံက ခဏခဏပြောခဲ့သလို ရှားပါးအရေးအသားမျိုးပါပဲ..
စကားလုံး ချိုလွင်လွင်တွေရဲ့ ဆန်းသစ်မှုက စကားပြေပေါ်မှာ ကဗျာရည်တွေ ဖြန်းပက်ထားသလိုပဲ..
ဖန်တီးထားပုံလေးက ရင်တထိတ်ထိတ်နဲ့ ဖတ်နေရတယ်.. ဘာရယ်မသိ တစ်မျိုးလေး ခံစားရပြန်တယ်..

ကျွန်မတို့ နှစ်ဦးကြား သူမ ရပ်နေခိုက်မှာပင် စေ့စေ့ပိတ်ထားတဲ့ သူ့နှုတ်ခမ်းတွေနဲ့ ဘာသာပြန်ရခက်တဲ့ မေးခွန်းတွေအံရွတ်တဲ့အခါ မာနနဲ့ကျွန်မဖြေတော့ ထုထည်သိပ်သည်းတဲ့ တံခါးတစ်ချပ်ဟာ ကျွန်မတို့နှစ်ဦးကြား ပြိုကျလာတော့တာ။

ဒီနေရာလေက “ထိတ်” ကနဲ ပုံပေါ်လာတယ်...

အားပေးနေတယ်.. အတွေးဆန်းတွေနဲ့ ခပ်လန်းလန်းလေးတွေ များများရေးနိုင်ပါစေနော်..

ခင်မင်လေးစားချစ်ခြင်းများစွာဖြင့်..

Minn said...

ညီမရေ ညီမစာတွေကိုသာမက ကော့မန့်လေးတွေ ပါ အားပေးသွားတယ်
တခါတခါ ကိုယ့်အမြင်ရယ် စာရေးသူ တင်ပြလိုတာလေး ရယ် အခြားသူတွေ အမြင်ရယ် ကို ပေါင်းစပ် ခံစားရတာ စိတ်လှုပ်ရှားစရာကောင်းတယ် တခါ တခါ လည်း ပျော်စရာကောင်းတယ်

စာလေးနဲ့ပတ်သပ်လို့တော့ ဘာမှ ပြောတော့ဘူးနော်

ပျော်ရွှင်ပါစေ
မင်းအိမ်ဖြူ

ဖိုးစိန် said...

“အလျော်အစားများတဲ့ ဒီလောကကြီးမှာ တစ်ယောက်ကို တစ်ယောက် နင်းခြေကျားကန်ထားမှ အသက်ရှုလို့ရတယ်ဆိုတာ မသိဘူးလား…”
ပြောလိုက်ချင်ရဲ့။အောင်မြင်မှုဆိုတာ ဘာလဲကွယ်။ ဥစ္စာဓနကို ခေါင်းအုံးလုပ်ရမှ ချစ်သူလေး အိပ်ပျော်မယ်တဲ့လား။

အဲဒီစာသားလေးကိုသိပ်ကြိုက်တယ်...

နူးညံ့အားပြင်းတဲ့အဖွဲ့လေးတွေ...

စာရေးကောင်းတယ် ကိုးကိုး....

နောက်ထပ် အချစ်တွေ သီကုံးနိုင်ပါစေဗျာ

ချစ်ခင်စွာဖြင့်

ဖိုးဖိုး

မေဇင် said...

မမရေ..... စာလာဖတ်တာ နောက်ကျသွားတယ်... မအားဘူးဖြစ်နေလို့လေ...။ မမ ရဲ့ စာလေးတွေ ဖတ်ကောင်းလိုက်တာ.............။

Mogok Thar said...

မယ်ရေ
ဒုထိယအကြိမ် ပြန်လာဖတ်ပီးမှ မန့်ဖြစ်တော့တယ်။

စာ အရေးကတော့ ဦူးနော် ပြောသလိုပါပဲ။

လန်းဆတ်လှပတယ်။ သစ်လွင်တယ်။

ချစ်ခြင်းကိုလဲ စောင့်ဖတ် အားပေးနေပါတယ်။

ချစ်ခင်စွာဖြင့်

အိန္ဒြာ said...

ဒါပေမယ့် မပြယ်တဲ့ ကျိန်စာရယ်လို့ ရှိလို့လားကွယ်။
အသေအချာလေ။တကိုယ်ရည်မီးသင့်မှုဟာ သူအပြုံးနဲ့သာ ငြိမ်းခဲ့တာရယ်။

သိပ်လှတဲ့ အရေးအဖွဲ့လေးတွေပဲ မယ်..ရေ..
အတုခိုးသွားပါတယ်..

မြစ်ကျိုးအင်း said...

သူငယ်ချင်းရေ စာလာဖတ်ပါတယ်။နုညံ့သိမ်မွေ့တဲ့ ခံစားချက် တမျိုးကို တမြေ့မြေ့နဲ့ တိုးဝင်လာအောင် ရေးထားတာပဲ....။
ရေးဟန်လေး နှစ်သက်မိပါရဲ့။

စည်သူ said...

ဟုတ်တယ်.. ဟုတ်တယ်...

ပြောချင်ပေမယ့် ပြောရအုံးမယ်..
ပြောတော့.. ဘာတဲ့.. မချစ်တတ်ဘူးတဲ့

ရေးထားတာများ.. ပြောကိုပြောချင်ပါဘူး
ဒီကလည်းမျက်ရည်လွယ်တာနဲ့ ..

ပေးပေး....

တစ်ရှူးရောင်းခဲ့တာ အခုတော့ ကိုယ့်ရှူးကိုပတ်ပြီး

ဆက်မယ်နော်အမ..
စောင့်နေမယ်
ခင်မင်စွာဖြင့်
စည်သူ။

Angel Shaper said...

မမရေ... ရင်ထဲထိရောက်တယ်။
ဘာမှတောင်မပြောတတ်တော့ပါဘူးရယ်။
ခံစားရတာ သက်သာအောင်တော့ နားနားနေနေ အော်ဟစ်လိုက်ကြတာပေါ့နော်။
ဘာမှ မကြောက်နဲ့ မရေ... တင်သာတင်ပါ။
သမီးတို့ မောင်နှမတွေ နောက်မှာ အားလုံးတန်းစီနေတယ်လေ။ ပျော်ရွှင်ပါစေနော်။

ဇော် said...

ကျွန်မ တားတယ်။
သူ မကြားပါ။
ကျွန်မ ပြောတယ်။
သူ ကျောခိုင်းနေဆဲ။
ကျွန်မ ခေါ်ပေမယ့် သူ့အကြည့်က အဝေးကို မျှော်နေ။



ဖတ်ရင်းဖတ်ရင်းနဲ့ စိတ်ထဲမှာ ရွစိရွစိ ဖြစ်လာတယ်။ ဒေါ်လေးမိုးကယ်ရဲ့ ရင်ထဲကို ခနလောက် ၀င်ကြည့်လို့ရရင် ကောင်းမှာလို့လေ။ စကားလုံးတွေ၊ အတွေးတွေ အားလုံးက သိပ်ကိုနုရွလွန်းပြီး ခံစားချက်တွေ ထိရှလွန်းတယ် ဒေါ်လေးရာ။ ကျနော့်ရင်ထဲမှာ နင့်ခနဲနေအောင်ကို ခံစားရတယ်။ သိပ်လှတာပဲနော်။ =]

Yu Ya said...

ကဲ..မမယ်ကိုးရေ..ရောက်လာကြောင်းရေးဖို့ နေရာလေးမရှိလို့ ဒီမှာပဲ သတင်းပို့သွားပါတယ်ခင်ဗျာ။

ကျွန်တော် yu ya အလည်ရောက်ကြောင်းပါနော်။

yu ya

ကာရံဆူး said...

မမကိုးရေ...စီဗုံးကြီးပျောက်နေတာလား...လည်လည်ရောက်တယ်နော်...မမကိုး နေကောင်းရဲ့ လား..ကျန်းမာရေး ဂရုစိုက်ပါ...မမကိုးကို မျှော်နေတဲ့ သူတွေ အများကြီးပဲနော်...