10 August 2009

“ အချစ်အကြောင်း မပြောနဲ့ ”

အိပ်မက်ကို ဘာသာပြန်ကြည့်ဖို့ ဘယ်တုန်းကမှ ကျွန်မ မကြိုးစားခဲ့ပါဘူး။ဒီလို လူဆန်ဆန် ရှင်သန်လာရင်း တောအုပ်တွေအကြား သူနဲ့ ကျွန်မခွဲခွာခဲ့ပြီးမှ သတို့သားနှင့် မျက်နှာချင်း ဆိုင်မိတာ။ 

သတို့သားက ကျွန်မကို တွေ့တွေ့ချင်းမှာပင် “ မင်းမျက်ဝန်းလေးတွေက နက်နက်ကလေးတွေ ... သိပ်လှတယ်” လို့  စတင်ကာ အချိုသပ်ပြောဆိုတယ်လေ။သူ ရံဖန်ရံခါလေးပင် ကြင်နာစွာ မပြောခဲ့ပါဘူး။ အထူးသဖြင့် ညာမပြောခဲ့ဘူး။ကျွန်မရဲ့ မျက်ဝန်းအိမ်တွေက နက်ရုံအပြင် မလှပမှန်း သိပေမယ့် ရင်နင့်သွားခဲ့ရပါတယ်။ ကြည့်ပျော်ရှူပျော် မရှိတဲ့ မိန်းမ တစ်ယောက်ကို ဘယ်လို ဖြေသိမ့်ရမယ်ဆိုတဲ့ ဗျူဟာ သူ မသုံးခဲ့ဘူး။

ကျွန်မဟာ စွဲမက်ဖွယ် မကောင်းပါဘူး။ ဒါပေမယ့် သတို့သားက ကျွန်မ မရှိရင် မဖြစ်ဘူး ဆိုပြီး ဒူးထောက် နေတတ်တာ။ သူကရော …  သူကတော့ ကျွန်မသေရင် “ ဧရင့်ကျူးဖို့  လူတစ်ယောက်ရှာပေးမယ်” လို့  ဆိုခဲ့လေရဲ့ ။ သက်သေကို ပင်ပင်ပန်းပန်း ရှာဖွေဖို့  မလိုအပ်ပါဘူး။ ကျွန်မဟာ အတိတ်ကြောက်သူသာ ဖြစ်ပါတယ်။ သူ ကျွန်မကို မချစ်ဘူး။ဒါဟာ ကျွန်မရဲ့ သွေးတွေကို အဆိပ်ဖြစ်စေတဲ့ အနက်ရောင် အမှန်တရားတစ်ခု။

သူ ကျွန်မကို အကြည့်နွေးတစ်ပွင့်ကမ်းဖို့  နှောင့်နှေးနေစဉ်မှာ သတို့သားက ကျွန်မအတွက် ကြယ်တွေခူးပြီး လှိုင်လှိုင်ပို့ ပေးခဲ့တယ်။ သူဆီက အစိမ်းခါးခါးတွေ ရရှိတိုင်း ကောင်းကင်ကိုမော့ကြည့်ပြီး ကျွန်မ မျက်ရည်ဝဲတဲ့အခါ သတို့ သားက ကျွန်မ လျှောက်မယ့်လမ်းမှာ ပန်းတွေ ကြွေမကြွေကို ကြည့်ပေးခဲ့ပါတယ်။ 

ဒီလိုနဲ့ ကျွန်မ ဟာ ကြမ်းတမ်းခက်ထန်သူ ဖြစ်လာခဲ့တာ။ ကျွန်မ မချစ်လိုဘူး။အနိစ္စကို လက်မခံနိုင်ဘူး။အနာတရနဲ့  အတူမရှိလိုဘူး။ ဒါပေမယ့် ရှိန်ရှိန်ဆူ နွေပူအောက်မှာ ကျွန်မ သူအရိပ်လေးကို မျှော်ငေးဆဲ။ စူးရှရှ မိုးရိုင်းအောက်မှာ သူ့စကားလေးကို ရပ်စောင့်ဆဲ။တုန်ခိုက်ခိုက် နှင်းခါးအောက်မှာ သူ့အပြုံးလေးကို ကြိုလင့်ဆဲ။ 

ဒီလို ပေတေသူကျွန်မကို လိမ္မာတဲ့ သတို့သားက မျက်လှည့်ဆရာလို မြင်ကွင်းတွေကို ဇဝေဇဝါဖြစ်အောင် ဖန်တီးပေးပြန်တာမို့ ဘယ်တုန်းကမှ လှပတယ် မမြင်ခဲ့တဲ့ ပန်းနုရောင်ဟာ ကြည့်လို့တော့ကောင်းသားပဲ လို့ တွေးခဲ့မိပြန်။ ဒီလိုနဲ့ ကျွန်မဟာ စိတ်ဖောက်ပြန်သူ ဖြစ်လာရ။သူ့ အတွက် ရည်ရွယ်ရေးထားတဲ့ ကဗျာတွေကို သတို့သားကို ပေးဖတ်ပြီး မဲ့ပြုံး ပြုံး တတ်ခဲ့ပြီ။ မှောင်ရိပ်ကွယ်ရင် မျက်ရည်ကျမယ်။ခလုတ်တိုက်မိတာနဲ့ သူ့ကို တ,မယ်။ သတို့သားရှေ့ မှာတော့ ခြေကလေးနာသွားပါပြီ ဆိုကာ အမူပိုဦးမယ်။ 

တဖြည်းဖြည်းနဲ့ ကျွန်မဟာ ထိတ်လန့်စရာကောင်းသူ ဖြစ်လာပြီလေ။ သူ့ကို မေ့မယ်လို့ ကိုယ့်ကိုယ်ကိုယ် လှည့်ဖျားတတ်သလို သူတပါးကိုလည်း အနိုင်ကျင့်ချင်ခဲ့။ သူတပါးကို ညှင်းပန်းဖို့လည်း ဝန်မလေးတော့တဲ့အခါ “ရှင့်ကို မချစ်ဘူး ...” လို့ လွယ်လင့်တကူ အေးစက်စက်ပြောရင်း ကိုယ့်ကိုကိုယ်လည်း မုန်းတတ်သွားပြီ။ ဒါပေမယ့် သတို့သားက ကျွန်မကို နားလည်သူပါတဲ့။ ကျွန်မ ကြောက်တတ်တာ၊ခံနိုင်ရည်ချို့လွန်းတာ၊ အကာအကွယ်အောက် ရပ်ချင်တာကို ကျွမ်းကျင်ပိုင်နိုင်စွာ စိတ်ဖြာပြီး ကျွန်မကို ချစ်တယ်လို့ သွေးတိုးစမ်းစကား ပြောနိုင်သူ ဖြစ်ပါတယ်။

ပိယေဟိ ဝိပယောဂေါ ဒုက္ခော၊အပ္ပိယေဟိ သမ္ပယောဂေါ ဒုက္ခော၊ချစ်သောသူနှင့် ကွေကွင်းရခြင်းဆင်းရဲ ။မချစ်မနှစ်သက်သူနှင့် ပေါင်းသင်းရခြင်းဆင်းရဲ ။သွေးကြောင်လွန်းတဲ့ မိန်းမတွေဆီကို ဒီဆင်းရဲနှစ်ခုဟာ အတူတကွ ပျံသန်းလာတတ်ပါတယ်။ကျွန်မ ဘာတတ်နိုင်မှာလဲ။ သူ ကျွန်မကိုချစ်အောင် ဘယ်လိုယတြာမှလည်း မဆောင်ချင်ပါဘူး။
ဆူး။ ဆူးတွေ။ရင်ထဲက ဆူး။ မိုးလိုကြွေတဲ့ဆူး။ ခရောင်းဆူး။ဘာပဲဖြစ်ဖြစ် အေးခဲညထဲ တဇွတ်ထိုး ကျွန်မ သွားခဲ့တာ။ ဧကစာရီလေ။

အမှောင်ဆုံးနေတဲ့နောက် ဘယ်လိုမီးအိမ်မှလည်း မလိုအပ်ဘူး ထင်ခဲ့ပေမယ့် ထောင်ချောက်ထဲ လိမ့်ကျတဲ့အခါ သတို့သား လာကယ်တော့ ကျွန်မ မရှောင်ပုန်းနိုင်ဘူး။ ရွေးစရာလမ်း မရှိတော့တဲ့ မျက်ရည်တွေဟာ ဒေါသနဲ့ ပြွန်းနေခဲ့ ။ 
ကျွန်မဟာ သွေးဆူသူ ဖြစ်ခဲ့ပြီရယ်။ 

သူ့ကို လွမ်းတယ်။ အသိစိတ်ပုံမှန်မရှိဘဲ အရာအားလုံးကို မုန်းချင်လာတယ်။ အခန်းကျဉ်းမှာ ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်တယ်။အသံကျယ်ကျယ်နဲ့ သီချင်းဆိုတယ်။ အိပ်မပျော် စားမဝင် တမ်းတတယ်။ လက်ထဲက ပန်းကန်လေး လွင့်ကျသွားရုံနဲ့ သူ ဘေးရန်ခ မှာ ကြောင့်ကြကာ ဘုရားစင်ရှေ့ ရောက်တယ်။ 

ဒီလို အဖြစ်ဆိုးနေသူမှာ သူဆီက သုံးမိနစ်လောက် လွမ်းပါ့မယ် လို့ ဝန်ခံချက်ရရုံနဲ့ သေပြဖို့ ဝန်မလေးချင်လည်း တစ်ခါတစ်လေတော့ ကြောက်မက်ဖွယ်ကြေကွဲခြင်းရဲ့ တစ်ထောင်ပုံတစ်ပုံမျှ သူ့ကို ခံစားနားလည်စေချင်မိသေးတာ။ ဒါပေမယ့်လည်း ကျွန်မ အရွဲ့မတိုက်လိုပြန်ဘူး။ ရင်ကွဲနာကျနေတဲ့ ဆိုးသွမ်းသူပေမယ့် သူ့ကို အပြစ်တစုံတရာ မခံစားစေချင်ပါဘူး။ ရက်စက်တတ်သူ ကျွန်မဟာ သူ့ကိုတော့ မနာကျင်စေရက်ပြန်ဘူး။

အသည်းကွဲတာတဲ့လား။ အဲဒီလို ပဋိပက္ခမြောက်များစွာနဲ့ နှလုံးသားတစ်ခု အပိုင်းပိုင်းအစစပေါက်ကွဲကာ လေထုထဲမှာ လွင့််စင်မျောပါလည်း သူလျစ်လျူရှုခဲ့။ သေချာတာက ဘယ်လိုပင် နေ့ရက်တွေ ဝါရော်နေပါစေ
သူ ငဲ့မကြည့်ဘူး နှစ်ချို့ဝမ်းနည်းမှုကြောင့် မြေစိုင်တွေ ပြတ်ရွေ့ကာ ချော်ရည်ပူတွေ စီးထွက်လာလည်း သူလှည့်မကြည့်ဘူး။ လက်ကျန်အဖြေကတော့ ကိုယ့်ကိုကိုယ် ညှဉ်းပန်းလိုစိတ်နဲ့ တစ်ကိုယ်တော် ရယ်ပွဲဖွဲ့တတ်လာခဲ့ခြင်းရယ်ပေါ့။ ဒီလိုစိတ်ရူးဖောက်ချိန်မှာ သတို့သားက လက်အကမ်းကို မငြင်းနိုင်ခဲ့တဲ့အတွက် ကျွန်မကို စိတ်ကြိုက်ကဲ့ရဲ့နိုင်ပါတယ်။

နောက်ဆုံးမှာ ကျွန်မဟာ ရွံ့ရှာစက်ဆုပ်ဖွယ်ကောင်းသူ ဖြစ်သွားပြီလေ။ လက်ထပ်ဝတ်စုံနဲ့ နံရံပေါ်မှာ သူ့နာမည်ရေးရင်း “ ဒါဟာ နောက်ဆုံး…နောက်ဆုံး...”လို့ ပြောကာ အရိုးကွဲတဲ့အထိ အဖြူရောင်စာလုံးတွေအနားက မခွာဘဲ ရပ်နေမိ…။ ဘယ်သူယုံမှာလဲ ။  နှလုံးခုန်သံရပ်သွားတဲ့ ကျောက်ရုပ်တစ်ခုဟာ ရင်ထဲမှာ စကားတွေ ဆက်ဆိုနေခဲ့။ 

ချစ်တယ်။ဒါဟာ ကျိန်စာပဲ။ပကတိငရဲ ။သူ့ကိုချစ်တယ်။ အသစ်ဖြစ်တည်သမျှ သံသရာအဆုံးထိ ယှဉ်တွဲရှင်သန်နေဦးမယ့် ဝဋ်။ဟင့်အင်း။ ကြောက်တယ်။ ဒီလိုနဲ့ စိတ်လျှော့လိုက်တော့...သတို့သားဟာ ကျွန်မ ရင်ခွင်ထဲမှာ ငိုတယ်။ ကျွန်မ မချော့နိုင်တော့ဘူး။ ကျွန်မ လွတ်မြောက်သွားခဲ့ပြီ။ သူ့ကို နေပြင်းပူပူအောက်က ကာကွယ်ပေးနိုင်လိုပေးနိုင်ငြား တိတ်တိတ်ကလေး ပြေးလွှားနေတဲ့ တိမ်တစ်အုပ်ဟာ ကျွန်မ ဖြစ်ပါတယ်။ သူမသိဘူး။သူမလိုအပ်ဘူး။သူမနှစ်မြို့ဘူး။ 

ဒီလိုနဲ့  ကျွန်မ အသွင်ထပ်ကာပြောင်းဦးမယ်။

မယ်ကိုး

33 comments:

ဇော် said...

ဟုတ်ကဲ့ခင်ဗျ။ ကျနော် ၁ပါခင်ဗျာ။ ဟဲဟဲဟဲ။

Angel Shaper said...

အောင်မာ။။။ ငဇော်တွေ့ ပြန်ပြီ။
တစ်လို့ အော်မလို့  မင်းနော် မင်း တွေ့ မှ သိမယ်။။ ဟင်းးးး လာလာဦးတယ်။
မရေ... ချစ်ရင် ရှုံးတယ်။ အဲဒါ သမီးရဲ့ သီအိုရီ...
သတို့ သားအတွက်ဆိုပြီး
အလွမ်းတွေ တနင့်တပိုး ထုပ်ပိုးထားခဲ့တာ
ပုပ်သိုးသွားခဲ့ပါပြီလေ။။။။။။
ပျော်ပျော်နေနော် မ..ဟဲဟဲ
ပျော်ပျော်နေ သေခဲ
မော်တော်တွေ ရေထဲ...ဟိဟိ

ဖိုးစိန် said...

အချစ်အကြောင်း မပြောတော့ဘူး

ဖတ်ပြီး ဆွံအ သွားရလို့လေ...

အသွင်တွေ ခဏခဏ ပြောင်းနေမှာလား ကိုးကိုးရေ....


ချစ်ခင်စွာဖြင့်

ဖိုးစိန်

ဆောင်းယွန်းလ said...

သူ ကျွန်မကို အပြုံးတပွင့်ကမ်းဖို့  နှောင့်နှေးနေစဉ်မှာ သတို့ သားက ကျွန်မအတွက် ကြယ်တွေခူးပြီး လှိုင်လှိုင် ပို့ ပေးခဲ့တယ်။သူက အစိမ်းခါးခါးတွေ ပေးတိုင်း ကောင်းကင်ကိုမော့ကြည့်ပြီး ကျွန်မ မျက်ရည်ဝဲတဲ့အခါ သတို့ သားက ကျွန်မ လျှောက်မယ့်လမ်းမှာ ပန်းတွေ ကြွေမကြွေကို ကြည့်ပေးခဲ့ပါတယ်။

တင်စားချက်တွေက ပီပြင်လိုက်တာ..
ဒါနဲ့..ဘယ်လိုအသွင်ပြောင်းဦးမှာလဲ ညီမရေ

Yu Ya said...

ငယ်ငယ်တုန်းက ဖတ်ခဲ့ဖူးတဲ့ သိပ်ကြိုက်ခဲ့ဖူးတဲ့ ရှင်မိုးရဲ့ ၀တ္ထုတိုလေးတစ်ခုကို သွားသတိရမိတယ်။

yu ya

မယ်ကိုး said...

ကိုယုယရေ...ဘယ်လို သတိရသွားတာပါလိမ့်...ဘယ်လိုစာလေးပါလိမ့်...
ဆင်တော့ မဆင်ပါဘူးနော်။

မျက်မှန်လေး said...

ကျွန်မရဲ့  မျက်ဝန်းအိမ်တွေက နက်ရုံအပြင် မလှပမှန်း သိပေမယ့် ရင်နင့်သွားခဲ့ရပါတယ်။ ကြည့်ပျော်ရှူပျော် မရှိတဲ့ မိန်းမ တစ်ယောက်ကို ဘယ်လို ဖြေသိမ့်ရမယ်ဆိုတဲ့ ဗျူဟာ သူ မသုံးခဲ့ဘူး။

ကျွန်မဟာ စွဲမက်ဖွယ် မကောင်းပါဘူး။ ဒါပေမယ့် သတို့ သားက ကျွန်မ မရှိရင် မဖြစ်ဘူး ဆိုပြီး ဒူးထောက် နေတတ်ပေမယ့် သူကတော့ ကျွန်မသေရင် “ ဧရင့်ကျူးဖို့  လူတစ်ယောက်ရှာပေးမယ်” လို့  ဆိုခဲ့လေရဲ့ ။

မယ်ကိုးရေ...ဒို့ကတော့ အဲဒီစာသားလေးကို အကြိုက်ဆုံးဘဲ ..

ကိုရင်နော်ခင်လေးငယ် said...

သူ ကျွန်မကို မချစ်ဘူး။
ဒါဟာ ကျွန်မရဲ့ သွေးတွေကို အဆိပ်ဖြစ်စေတဲ့ အနက်ရောင် အမှန်တရားတစ်ခု။

သူက အစိမ်းခါးခါးတွေ ပေးတိုင်း ကောင်းကင်ကိုမော့ကြည့်ပြီး ကျွန်မ မျက်ရည်ဝဲတဲ့အခါ..

သူ့ အတွက် ရည်ရွယ်ရေးထားတဲ့ ကဗျာတွေကို သတို့ သားကို ပေးဖတ်ပြီး မဲ့ပြုံး ပြုံး တတ်ခဲ့ပေါ့။

မှောင်ရိပ်ကွယ်ရင် မျက်ရည်ကျမယ်။
ခလုတ်တိုက်မိတာနဲ့  သူ့ ကို တ,မယ်။

ကျွန်မ ဘာတတ်နိုင်မှာလဲ။ သူ ကျွန်မကို ချစ်အောင် ဘယ်လို ယတြာမှလည်း မဆောင်ချင်ပါဘူး။

ဘာပဲဖြစ်ဖြစ် မှောင်မိုက်မိုက်ညထဲ တဇွတ်ထိုး ကျွန်မ သွားခဲ့တာ..

သူ့ ကို လွမ်းတယ်။

လက်ထဲကပန်းကန်လေး လွင့်ကျသွားရုံနဲ့  သူနေကောင်းရဲ့ လားလို့  ကြောင့်ကြကာ ဘုရားစင်ရှေ့ ရောက်တယ်။

သူက သုံးမိနစ်လောက် လွမ်းပါ့မယ် လို့ ဝန်ခံချက်ရရုံနဲ့ ကျွန်မ သေပြဖို့  ဝန်မလေးချင်ပါဘူး တကယ်။

ကျွန်မ အရွဲ့ မတိုက်လိုပြန်ဘူး။သူ့ ကို မနာကျင်စေရက်ပြန်ဘူး။

ချစ်တယ်။
ဒါဟာ ကျိန်စာပဲ။
ပကတိငရဲ ။
သူ့ ကိုချစ်တယ်။
သံသရာအဆုံးထိ ပါနေဦးမယ့် ဝဋ်။
...

ဒီထဲက ဇတ်ကောင်က တော်တော်ချစ်တတ်နေပါလား..
သူ့ရဲ့ ရတာ မလို.. လိုတာ မရလေးက ပေါ်လွင်လိုက်တာ..

မယ်ကိုးလေးရေ..
ရှားပါးတဲ့ စိတ်ဝင်စားဖွယ် အရေးအသားမျိုးပါပဲ.. ဖတ်ရတာ ကြည်နူးမှု.. ခံစားမှု.. သနားမှု.. ဝမ်းနည်းမှု.. အကုန်တွေ့ရတယ်..
ကြိုက်တယ်..

ခင်ခင်မင်မင်လေးလေးစားစားချစ်ခင်ခြင်းများများစားစားဖြင့်

အိန္ဒြာ said...

မယ်....

သိပ်အရေးအသားကောင်းနေရင်..
သိပ်ပြီးခံစားချက်တွေဟာ..ခုန်ထွက်ကျမတတ်ကြွရွနေရင်..
စကားလုံးတွေဟာ..စာမျက်နှာပေါ်ကနေ..
မှော်ဆန်ဆန်အသွင်ကူးပြောင်းပြီး..
ဖတ်သူနှလုံးသားပေါ် တိုက်ရိုက်စိုက်လိုက်ရင်...
ဒါ တကယ်များလား..ဆိုတာမျိုးထင်ကြတော့တယ်..

ဒါအောင်မြင်မှုညီမလေး...
ဒါ့ကိုယ့်အနုပညာရဲ့ ပဉ္စလက်တစ်မျိုး..

ဂုဏ်ယူရမှာ...၊ အင်းအားအသစ်တွေထပ်ဖြစ်လာရမှာ..
စိတ်ညစ်ရမှာ....မဟုတ်
ရေးစရာ၇ှိတာတွေရေးပါ..
ရေးချင်တာတွေရေးပါ..
ရေးချင်သလောက်ရေးပါ..

ရသစာပေ..အတွက်
မယ်ကိုးဟာ..
မရှိမဖြစ်လိုအပ်လာတဲ့ အထိ

အမြဲတမ်း တက်တက်ကြွကြွ စိတ်ပါလက်ပါ အားပေးနေမယ်

yangonthar said...

အစ်မ အစ်မကို နာမည်တစ်ခု ထပ်ပေးရတော့ မယ်နော် :D အစ်မရေးတဲ့ စာလုံးတွေနောက် ကို ခံစားမှုတွေကပ် မထည့်ပေးလိုက်နဲ့ လေ ... :D ထိတယ်ဗျို့  ....... အစ်မစကား တွေ က အားပြင်းတယ် ..... မြူးကြွနေတယ် ........ ဟူး ဖတ်ရတာတော့ လှိုက်ပြီးမောတယ် ...... အတုယူစရာတွေများလို့  မနိုင့်တစ်နိုင် နဲ့ ပြန် သွားတယ် ...... အေးမြသာယာပါစေ ...

လေးစားအတုယူလျှက် .........

Lucifer said...

"ကျွန်မ မချစ်လိုဘူး။
အနိစ္စကို လက်မခံနိုင်ဘူး။
အနာတရနဲ့  အတူမရှိလိုဘူး။"

ဟုတ်တယ် မမီးလည်းအဲ့လိုပဲ

"ချစ်တယ်။
ဒါဟာ ကျိန်စာပဲ။
ပကတိငရဲ ။
သူ့ ကိုချစ်တယ်။
သံသရာအဆုံးထိ ပါနေဦးမယ့် ဝဋ်။"

မှန်တယ်...ဝဋ် တော့ မခံချင်ဘူး

"ပိယေဟိ ဝိပယောဂေါ ဒုက္ခော၊
အပ္ပိယေဟိ သမ္ပယောဂေါ ဒုက္ခော၊
ချစ်သောသူနှင့် ကွေကွင်းရခြင်းဆင်းရဲ ။
မချစ်မနှစ်သက်သူနှင့် ပေါင်းသင်းရခြင်းဆင်းရဲ ။"

မမီးကတော့မကြိုမချစ်ပဲ မေမေ ပေးစားတာလည်းယူဘူး.....

မေဇင် said...

မမမယ်ရေ....ရတာမလို လိုတာ မရတဲ့....အကြောင်းလေး ထိမိတယ်...။ သူ့ ကိုချစ်တဲ့ သူမ အတွက် သတိုးသားက အမြဲရှိနေခဲ့တယ်နော်...။

မြစ်ကျိုးအင်း said...

ပေါပေါများများပေးတဲ့အရာကို လူတွေတန်ဖိုးမထား
တတ်ကြပါဘူး...။ငြင်းပယ်မှုတွေက ပိုပြီးတန်ဖိုးရှိနေ စေတယ်...။

သတို့သမီးက တယောက်သောသူကို ချစ်တဲ့ အချစ်မျိုး သတို့သားက သတို့သမီးကို ချစ်မှာပါပဲ...။

သတို့သားက သနားစရာ အကောင်းဆုံးပါပဲ...။
တယောက်သောသူက သူ့စိတ်ခံစားမှုအတိုင်းနေတယ်.။
သတို့သမီးကတော့ “အမှန်ကိုမမြင်နိင်ဘူး..မြင်ရင်လည်း လက်မခံနိင်ဘူး ..လက်ခံနိင်ရင်လည်း စိတ်မပြတ်ဘူး..”လက်ခံပေးလို့တော့ရပါတယ် အချစ်ဆိုတာ လူကြိုက်များတဲ့ အဆိပ်တမျိုးမဟုတ်လား

ငှက်ကလေး said...

အော် များ ဂါတွေများ မြန်လိုက်ထှာ ရောက်နှင့်ပြီး မန့်ပြီးနေကြပီ ညီမက တော့ စားနောက် သွားနောက် သေတော့ ရှေ့ကလို ဖြစ်နေပါပီ ဘာဖြစ်ဖြစ်ဘိတ်ပဲ ဟွန်းးးးးးးးးးးးး သွပ်ပြားတွေ မန့်ထားတာကြည့်ပြီး ကိုယ်ဘာမန့်ရမလဲ စကားလုံး ရှာမတွေ့ဘူး မ ရေ ဖတ်ပြီးတော့လေ အော် အဲဒီကျွန်မကလဲ ချစ်ပဲ ချစ်တတ်လိုက်တာ လွန်ရော လို့ပဲ ပြောရမလား ဘယ်လိုပြောရမလဲ မသိဘူး ဒါပေမယ့် မ ကို လေးစားပါတယ် ရေးထားတဲ့ စာလေးတွေက အလန်းလေးတွေ ဒါလေး ကြိုက်တယ်

ချစ်တယ်။
ဒါဟာ ကျိန်စာပဲ။
ပကတိငရဲ ။
သူ့ ကိုချစ်တယ်။
သံသရာအဆုံးထိ ပါနေဦးမယ့် ဝဋ်။

ဟီးးး ဘာလို့လဲ အသိ အဲနေရာလေး ကျတော့ စိတ်ထဲ တမျိုးလေးပဲ နော် ဖတ်လိုက်ရတာ ဟဲဟဲ တာ့တာ ပျံပြီနော် ဘိုင်

ကြည်ဖြူပိုင် said...

အချစ်ဆိုတာ လူကြိုက်များတဲ့ အဆိပ်တစ်မျိုးတဲ့ ကိုးရေ..တို့သူငယ်ချင်းကြီး ကိုကျိုးကပြောလေရဲ့။ သတို့သားက မင်းသမီးကို ချစ်တယ် ။မင်းသမီးက တစ်ပါးသူကို ချစ်တယ်။ ဒါလေးပေါ်လွင်နေတယ်။ကောင်းပ

ကာရံဆူး said...

မမကိုးရေ...အခုမှ ရောက်ပေမဲ့ တစ်ခုလောက်တော့ ပြောပါရစေ...ဘယ်လို အဆိုးမျိုးပဲ ဖြစ်ဖြစ် ရိုးရိုးလေးပဲ ခံစားလိုက်ပါ...ချစ်တတ်လွန်းလို့  ကိုယ်ချင်းစာမိပါတယ်...သံသရာ မကုန်သေးရင် ချစ်သူရဲ့ ချစ်ခြင်းကို အပြည့်အ၀ ခံစားနိုင်ပါစေလို့ ..

သားကြီး said...

လုံးဝမချစ်တတ်ပါဘူးဆိုတဲ့သူရဲ့ ခံစားချက်တွေက မှော်ရောင်လိုတိမ်းပါးလွှင့်စင်
ဝေ့သီပြန့်ကျဲလို့ပါလား အနက်ရောင်အမှန်တရားတဲ့
စကားလုံးအသစ်ပဲ မှတ်ထားရဦးမယ်
အချစ်ကိုအစားထိုးလိုက်ရတာလား?
ချစ်သူနှင့်ကွေကွင်းရခြင်း
မချစ်သူနှင့်ပေါင်းဖေါ်ရခြင်း
ဒီဒုက္ခကတော့ ကျနော်တို့ယောင်္ကျားလေးတွေဆီ
ကိုလည်း အော်သံမပေးဘဲ ပျံသန်းတတ်ပါသေးတယ်
အမှောင်ညထဲတဇွတ်ထိုးသွားဖို့ မီးအိမ်မလိုဘူး ထင်ရင်တောင် ကောင်းကင်က လမင်းကိုတော့ မီးညှိလိုက်ပါ
( တတ်နိုင်သလောက် စကားလုံးအပျံစားတွေကို ရွေးမန့်ထားတယ်
ဖတ်ဖူးတာတွေရယ် စိတ်ကူးထဲက ဟာတွေရယ်ကို ရောသမမွေပြီးတော့ပေါ့ )

အိုင်လွယ်ပန် said...

စကားလုံးတွေ
လာငေး သွားပါတယ်ဗျ:)

Yu Ya said...

မမယ်ကိုးရေ...လုံးဝလုံးဝ မတူပါဘူးဗျာ။ ကျွန်တော် သတိရတယ်ဆိုတာ အဲဒီအချိန်တုန်းက လွန်းထားထားတို့၊ ရှင်မိုးတို့ လို အရေးအသားတွေကို သိပ်ကြိုက်ခဲ့မိတာကို ပြောတာပါ။ အဲဒီလို အရေးအသားလေးတွေကို မဖတ်ဖြစ်တာ ကြာလို့၊ အခုလည်း မမျှော်လင့်ပဲ ခပ်ဆင်ဆင် အရေးအသားကောင်းကောင်း၊ စကားလုံး အားကောင်းကောင်းလေးတွေကို ဖတ်မိလိုက်လို့ ကျွန်တော် ပြန်တောင့်တနေတဲ့ ငယ်ရွယ်နုပျိုမှုဆိုတာကို သွားသတိရတယ်လို့ ဆိုလိုချင်တာပါ။

ကျေးဇူးတင်စွာဖြင့်
yu ya

မခ said...

စကားလုံးတွေက အရမ်းကောင်းနေတယ်မရေ လိုက်မမီနိုင်တော့ဘူး

ကိုလူထွေး said...

တော်တော်လည်း ပြောင်းလဲနိုင်ပါလား...

သတို့သားကအတော်လေးကို သီးခံရမယ်ပုံ...

သူ့ခမျာ တငင်ငင်င်င် ဖြစ်နေရရှာတယ်လေ...

Mogok Thar said...

မရနိုင်တဲ့ အချစ်ကိုမှ မျှော်လင့်ရတဲ့ ဒုက္ခ ကို လှလှ ပပ ချပြ သွားလိုက်တာ။
တဒင်္ဂအတွင်းမှာမှ ဖတ်နေသူ ကျနော့်နှလုံးသားလဲ အသွင်အမျိုးမျိုး ပြောင်းသွားတော့တယ်။
ဒီ ဇာတ်ကောင် ကျွန်မလေးကတော့နော်၊ ဂျစ်ကန်ကန် ညီမလေး တစ်ယောက်ကို သတိရမိစေပေါ့။

ချစ်ချစ်ခင်ခင် ကြင်ကြင်နာနာ...

(ဦးနော်တို့ကို အားကျလို့ အသွင်ပြောင်းရေးကြည့်တာ)

နှင်းဟေမာ said...

မမ မယ်ကိုးရေ .... စကားလုံးသုံးထားတာလေးတွေရော အတွေးအမြင်လေးတွေပါ လေးနက်မှုနဲ့ ဘယ်သူနဲ့မှမတူတဲ့ ဆန်းသစ်မှုတွေပါနေတယ်...။
အစ်မ ရဲ့ အနုပညာကို လေးစားပါတယ်...။
ထာဝရအားပေးနေတဲ့......။
နှင်း

လင်းဒီပ said...

“သွေးတွေကို အဆိပ်ဖြစ်စေတဲ့ အနက်ရောင် အမှန်တရားတစ်ခု”
“အကြည့်နွေးတစ်ပွင့်”
“အစိမ်းခါးခါး”
“ရှိန်ရှိန်ဆူ”
“စူးရှရှ”
“တုန်ခိုက်ခိုက်”
“ပကတိငရဲ”
“သံသရာအဆုံးထိ ပါနေဦးမယ့် ဝဋ်”

အချစ်အကြောင်း မပြောနဲ့ ဆိုတော့ ဘာမှတော့ မပြောရဲဘူး။
ဒါပေမယ့် စာလုံးလေးတွေက မိုက်နေတော့ ကောက်နုတ်ပြီး အလွတ်ကျက်သွားတယ်..။

mae said...

ဘယ်လို လွတ်သွားလဲ မသိဘူး.. မတွေ့လိုက်ပြန်ဘူး

မယ်ရေ.. ရေးတာတွေက ပီပြင်လိုက်တာ၊ ဖတ်ပြီး ရင်ထဲဆို့နေတယ်

မင်းအိမ်ဖြူ said...

ခေါင်းစဉ်လေး တွေ့တော့ ပြေးလာတာ
ဘာများပြောရပါ့မလဲလို့ အင်း

အသုံးအနှုန်းတွေ တကယ်ကို ပြောင်မြောက်တယ်

အားလည်းကျတယ် အဲဒီလိုလေးတွေလည်း ရေးတက်ချင်မိပါရဲ့

ထိတယ် ရှတယ် ..............

အမရာ said...

သူ ကျွန်မကို မချစ်ဘူး။
ဒါဟာ ကျွန်မရဲ့ သွေးတွေကို အဆိပ်ဖြစ်စေတဲ့ အနက်ရောင် အမှန်တရားတစ်ခု။

မှောင်ရိပ်ကွယ်ရင် မျက်ရည်ကျမယ်။
ခလုတ်တိုက်မိတာနဲ့  သူ့ ကို တ,မယ်။


ချစ်တယ်။
ဒါဟာ ကျိန်စာပဲ။
ပကတိငရဲ ။
သူ့ ကိုချစ်တယ်။
သံသရာအဆုံးထိ ပါနေဦးမယ့် ဝဋ်။

အရမ်းကိုတိကျနေတဲ့စကားလုံးလေးတွေ
တိုက်တိုက်ဆိုင်ဆိုင်ပါပဲ....
ခံစားချက်တွေ........
အချစ်အကြောင်းမပြောချင်ဘူး
ကြောက်တယ်....မစွန့်လွှတ်ဘဲလဲ
မနေနိုင်ပြန်ဘူးကွယ်......
ခက်တယ်..မယ်ကိုးရယ်...........

pandora said...

ပြောချင်တာတွေရော မပြောချင်တာတွေကို ပြောသွားတာတွေရော.. စုပြုံခံစားသွားတယ်..
အားကောင်းလှပပြီး ဖမ်းစားနိုင်တဲ့ အရေးအသားပဲ၊

Anonymous said...

ကိုယ့်ကိုယ်ကို ပြန်မြင်လိုက်ရသလိုပါပဲလား မယ်ရယ်။ ရေးတတ်ပ။ ပုံဖော်တတ်ပ။ ကိုယ်ကတော့ တစ်ယောက်ထဲရှင်သန်နေရဆဲပါပဲ။
JJ

တေဇာ said...

ပုံစံကျ အချစ်အကြောင်းတစ်ရပ်ကို ပုံစံကျ အရေးအသားနဲ့ အထက်တန်းကျကျတစ်နေရာမှာ ရေးသားနိုင်စွမ်းရှိတယ်။ အကြောင်းအရာမထူးခြားပေမဲ့ အရေးအဖွဲ့က အတော်လေးဆွဲဆောင်နိုင်တယ်။ အရမ်းသဘောကျမိတဲ့ ၀ါကျတွေ ထုတ်ပြချင်ပေမယ့် ဖတ်လို့ပြီးတော့ တော်တော်များများကို ကြိုက်နေတာတွေ့ရလို့ ပြန်မညွှန်းတော့ပါဘူး။ တစ်ပုဒ်လုံးခြုံငုံပြီးကြိုက်တယ်လို့ပဲ ပြောပါရစေ။ တချို့သော စာမျက်နှာထက်က စာသားတွေထက် အများကြီးသာပါတယ်။ “ချစ်ခြင်း” အကြောင်းကို Research လုပ်ထားသလားမှတ်ရတယ်။ အတော်များများရေးထားတာပဲ။း)

နေ့အိပ်မက် said...

မမ... သမီးဖတ်ရသမျှထဲမှာ ဒီဟာ မာစတာပီစ်ပဲ.. :) အဟုတ်.. ဘာပြောရမှန်းမသိတော့ဘူး.. တစ်လုံးချင်းစီရော၊ တစ်ကြောင်းချင်းစီရော၊ တစ်ပိုဒ်လိုက်စီရော၊ တစ်ပုဒ်လုံးရော. အကုန် တအားကြိုက်တယ်။ ဖွဲ့ထားတာ တော်တော်ကြီးလှတယ်။

နေ့အိပ်မက် said...

မမ... သမီးဖတ်ရသမျှထဲမှာ ဒီဟာ မာစတာပီစ်ပဲ.. :) အဟုတ်.. ဘာပြောရမှန်းမသိတော့ဘူး.. တစ်လုံးချင်းစီရော၊ တစ်ကြောင်းချင်းစီရော၊ တစ်ပိုဒ်လိုက်စီရော၊ တစ်ပုဒ်လုံးရော. အကုန် တအားကြိုက်တယ်။ ဖွဲ့ထားတာ တော်တော်ကြီးလှတယ်။

သိင်္ဂါကျော် said...

မယ် ရေးရင် ဘာပဲဖြစ်ဖြစ် ဖတ်လို့ ကောင်းပြီးသားပဲ..

ကိုယ်ကတော့ သတို့သမီးဟာ သူချစ် ထဲမှာ အလိုက်သင့် စီးမျောသင့်တယ် လို့ မြင်တယ်..