05 September 2009

' ကြယ်လွဲမိုး '

ငွေကလွဲပြီး ကျွန်တော် ဘာကိုမှ စိတ်မဝင်စားဘဲ ငြီးငွေ့စိတ်တိုနေတဲ့ အချိန်ပေါ့။ မနက်ကျရင် စာဖတ်မယ်။တစ်ခါတစ်လေ ကျောင်းသွားမယ်။ညနေဆို ဆေးခန်းသွားတယ်။ အဲဒီလို ကေသရာဇာပုံရိပ်တွေသာ အာရုံမှာ ထင်နေချိန် သူတို့က ကျွန်တော့်မျက်စိ ရှေ့အောက် ရောက်လာခဲ့တယ်။

 မျက်နှာချင်းဆိုင်တိုက်ခန်းကို ပြောင်းလာတာပါ။ ရှေ့သွားနောက်လိုက် ဘယ်လိုမှ မညီတဲ့ စုံတွဲဗျ။ ယောက်ျားက အရပ်မြင့်မြင့် အသားဖြူဖြူ၊မိန်းမက အရပ်နိမ့်နိမ့် အသားမဲမဲ။ပိုဆိုးတာက အမျိုးသမီးက ပိုပြီး တော်တော်လေး အသက်ကြီးနေတာပဲ။ ကိုယ့်ထက်အသက်ငယ်တဲ့သူကို ယူထားတဲ့ မိန်းမတွေဆို ပတ်ဝန်းကျင်က အလိုလိုအထင်သေးတတ်သလို ကျွန်တော်လည်း ကြည့်မရတတ်ဘူး။ ဒါပေမယ့် သူမနဲ့ဆုံပြီး သိပ်မကြာခင်မှာပဲ အဲဒီဓာတ်ခံက မှေးမှိန်ပျောက်ကွယ်သွားတယ်ဗျ။ ခင်မင်နှစ်လိုဖွယ်ကောင်းတဲ့ အမျိုးသမီးမို့လို့ ထင်ပါရဲ့။

 ရောက်ရောက်ချင်း မိတ်ဖွဲ့ခဲ့ပေမယ့် ယောက်ျားက ကွန်ပျူတာကျွမ်းကျင်သူ ဆိုတာရယ်လောက်ပဲ သိပြီး ဒီထက်ပိုပြီး မကျွမ်းဝင်ခဲ့ပါဘူး။သူတို့နဲ့ကျွန်တော်ခင်မင်လာပုံကတော့ ရိုးလွန်းပါတယ်။ အတော်လေးဂဂျီဂဂျောင်ကျတဲ့ ကျွန်တော့်ကွန်ပျူတာကြောင့်ပါပဲ။ အဲဒီနောက်ပိုင်းတော့ ကျွန်တော့်ကွန်ပျူတာရော၊ ဘွဲ့လွန်စာတမ်းစီဖို့ရော အဲဒီလူလက်ထဲပဲ အပ်ထားလိုက်တော့တယ်။ သူ့ရဲ့မျက်နှာက ခပ်ထန်ထန်ကြွပ်ဆပ်ဆပ်ပေမယ့် ခင်မင်ကူညီတတ်တဲ့ သူပါပဲ။

 ပြောချင်တာတစ်ခုက သူ့မျက်နှာမာမာက သူ့မိန်းမနဲ့ဆုံတဲ့အခါ အေးဆေးတဲ့ ကလေးတစ်ယောက်လို ပျော့ပြောင်းညင်သာသွားတတ်တာဟာ တစ်ချို့လူတွေအတွက် ဟားစရာအကြောင်းအရာဖြစ်နေမလားဘဲ။ ဒါပေမယ့် အဲဒါဟာ ဖြစ်သင့်ဖြစ်ထိုက်တဲ့ ကိစ္စဖြစ်နေတယ်။ ကျွန်တော်မြင်တဲ့ အကြောင်းရင်းကတော့ အဲဒီအမျိုးသမီးရဲ့ သူ့ယောက်ျားပေါ် ဆက်ဆံပုံက သိပ်ကိုထူးခြားနေတယ်။ ကိုယ့်ထက်ငယ်တဲ့သူမို့လို့ အလျော့ပေးချော့မော့ဆက်ဆံတာမျိုးလည်း မဟုတ်ဘူး။

 ဘယ်လိုပြောရမလဲ ဆိုတော့ကာ သူမရဲ့ အမူအရာတိုင်းမှာ အဲဒီလူအပေါ်ထားတဲ့ မေတ္တာ၊စေတနာတွေဟာ အလိုက်သင့်ကို ပျော်ဝင်နေတာဗျ။ခေါ်သံကိုကအစ တခြားလူနဲ့ မတူဘူး။ခေါ်တာကတော့ ရိုးရိုးပါပဲ။အဲဒီလူရဲ့ အီမ်နာမည်“ ခေးခေး” တဲ့။

 အဲ့ဒီခေါ်သံကြားတိုင်း ဘာဖြစ်လို့မှန်းမသိဘူး။ အမေ့ကို ပြေးပြီး သတိရမိတယ်။တစ်ခါတော့ မနေနိုင်လွန်းလို့ စသလို နောက်သလိုနဲ့ စပ်စုဖြစ်သွားတယ်။ “ကလေးလို့ ခေါ်ရင်း မြန်လွန်းလို့ ခေးဖြစ်သွားတာ ထင်တယ်။” သူကအလိုက်သင့်ရယ်ရင်း “ကျွန့်တော့်အိမ်နာမည်ကိုက ခေးခေးပါ။ပြီးတော့ နီလေးက ကျွန်တော့်ထက် လေးနှစ်ပဲကြီးတာ” လို့ ပြန်ဖြေတော့ ကျွန်တော် တကယ်ပဲ အားနာသွားပါတယ်။ သူမကိုလည်း သနားသွားမိတယ်။တကယ်ပါ။ ကျွန်တော်က ဆယ်နှစ်လောက် ကွာတယ်လို့ ထင်ခဲ့တာ။အားလုံးလည်း ဒီလိုပဲ ထင်ကြမှာပဲ။ ပြောရမယ်ဆို သူ နောက်နေတာတွေကို ကျွန်တော့်နားထဲမှာ စွဲနေတာလည်း ပါတယ်ဗျ။ သူက သူမကိုဆို “လှလည်း မလှဘူး။ဝနေပြီ။အသက်ကလည်း ကြီးသေး။အရပ်ကလည်း ပုလိုက်တာ။”ဆိုပြီး အမြဲတမ်း စနေတာကိုး။ ကျွန်တော်ကတော့ ဘေးက ထိုင်ရယ်တဲ့ သူပေါ့။

သူမက ဒေါသထွက်ရင် ကလေးလေးနဲ့ တကယ်တူတယ်ဗျာ။ပါးစပ်ကတော့ ဘာမှမပြောဘူး။ ပါးကသာ ပိုလို့ဖောင်းလာပြီး ရယ်စရာအရမ်းကောင်းတယ်ဗျ။ တစ်ခါတစ်လေဆို ကျွန်တော်ပါဝင်ပြီး စလိုက်မိသေးတာ။ သူနဲ့ကျွန်တော်က အားလပ်ရက်နေလည်ခင်းမှာ စစ်တုရင်ကစားဖော်ကစားဖက်၊ညနေခင်းတွေမှာ ဘီယာသောက်ဖော်သောက်ဖက် ဖြစ်နေပြီလေ။အဲဒီလို အတူတွဲရှိပါများတော့ တစ်ခါတစ်လေကိုယ့်နေရာ ကိုယ်မေ့သလို ဖြစ်လာတယ်။ ပြောရရင် မယုံချင်စရာကောင်းတာတော့ အမှန်ပဲ။ဒါပေမယ့် တကယ်ခံစားရတဲ့သူအဖို့တော့ တော်တော်အောင့်သက်သက်နိုင်တဲ့ ကိစ္စဖြစ်နေတယ်။

 သူမရဲ့ အပြုအမူ၊အပြောအဆိုတွေက နည်းနည်းတော့ လွန်တယ်လို့တောင် ထင်လာမိတယ်။ လူနှစ်ယောက် ယှဉ်ထိုင်နေတာချင်းအတူတူ တစ်ယောက်ကိုကျ မေတ္တာကရုဏာတွေနဲ့။နောက်တစ်ယောက်ကျတော့ ခံစားချက်မဲ့တဲ့ ဗလာနဲ့။ ဒီလို ကြုံရတိုင်း မြင်ရတိုင်း ကျွန်တော့်မှာ ဘာမှန်းမသိ ဒေါသထွက်ရ။ ရည်းစားဆီသွားတော့လည်း ကြားချင်တဲ့ အသံမျိုးမကြားရတော့ စိတ်တိုရ။

တကယ်တော့ ကျွန်တော့်ရည်းစားကလည်း ကျွန်တော့်အကြိုက် တကယ့်လက်ရွေးစင်ပါပဲ။ မိန်းကလေးပီပီသသ၊ဆံပင်ရှည်ရှည်၊လှလှပပ၊ထက်ထက်မြက်မြက်၊ပြီးတော့ ဖြူဖြူစင်စင်ကလေး။ ကျွန်တော့်ကိုလည်း သိပ်ဂရုစိုက်ပါတယ်။အပြစ်ပြောစရာဆိုလို့ ရင်ဘတ်ထဲကအသံ မကြားရတာဘဲ ရှိတယ်။ဒါကလည်း အပြစ်မဆိုသာပါဘူး။ နှစ်ယောက်စလုံးက စပါးလုံးတစ်ထောက်စာ အရေခွံတွေကို ကြည့်ပြီး ယုံထင်ကြောင်ထင်ခံစားမှူကို ရွေးချယ်ခဲ့ကြတာလေ။

 ဒီလိုနဲ့ ကျွန်တော်ရောဂါအခြေအနေ တစ်နေ့တခြားဆိုးလာတော့တာပါ။ ဒါပေမယ့် အဆိုးဆုံးအခြေအနေရောက်လာတာကတော့ ကျွန်တော့်ကြောင့် မဟုတ်ဘူး။ ဟိုလူ့ကြောင့်ဗျ။ အူရောင်ငန်းဖျားဖြစ်ပြီး သူ အိပ်ရာထဲ လဲတယ်လေ။ ပြောဖို့တောင် မလိုဘူးထင်ပါရဲ့ဗျာ။သူမရဲ့ ယုယကြင်နာမှုတွေက အတိုင်းထက် အလွန်ဖြစ်နေပြီပေါ့။ ကျွန်တော် မနာလို ဖြစ်နေတာ မဟုတ်ပါဘူး။မုဒိတာ မပွားနိုင်တာလို့ပဲ ကိုယ့်ကိုကိုယ် သုံးသပ်တယ်။ အဲဒီမှတ်ချက်က ခင်ဗျားတို့အတွက် ဟားစရာဖြစ်မှာပဲ။ဒါပေမယ့် မတတ်နိုင်ဘူး။လူဆိုတာ ကိုယ့်ကိုကိုယ် အတတ်နိုင်ဆုံး ကာကွယ်ရမယ် မဟုတ်လား။

 အဓိကတရားခံကတော့ သူမပေါ့ဗျာ။လူနာကို မမြင်ဘဲ သူမကိုပဲတွေ့ရင် လူနာဟာ မလွဲမသွေ သေလုမျောပါးဖြစ်နေတယ်လို့ ထင်မှာပဲ။အသံကတင် ကိုယ်ချင်းစာပြီး လှိုက်ခါတုန်ရီနေတဲ့ ကရုဏာသံ။ သြပြီး ချိုလည်း မချို ဖွဲ့ဖွဲနွဲ့နွဲ့လည်း မရှိတဲ့ အဲဒီအသံကြောင့်ပဲ ကျွန်တော့်မှာ ထိထိခိုက်ခိုက် ကြေကွဲနာကျင်ရတယ်။ နောက်ဆုံးတော့ မတတ်နိုင်တော့ဘူးဗျ။တံတွေးကို မျိုချပြီး ခပ်တည်တည်ပဲ လိမ်ပစ်လိုက်တယ်။ “ကျွန်တော်လည်း နေမကောင်းဖြစ်နေတာ။” 

နှစ်ယောက်စလုံး အံ့သြသွားပုံပဲ။အားနာစကားကို ပြိုင်တူဆိုကြတယ်။သူမက ထပ်ဆင့်ပြီး ကျွန်တော် ဘာစားချင်လဲ။သူဘာလုပ်ပေးရမလဲ လို့ ပြောတော့ ပျော်လွန်းလို့ မထိန်းနိုင်မသိမ်းနိုင် ပြုံးမိသွားတယ်။ ပြီးတော့လည်း “ ရပါတယ်။အထွေအထူးမဟုတ်ပါဘူး။ကိုနိုင်လို့ပဲ လုပ်ပေးပါ” လို့ အာသွက်လျှာသွက် ပြောမိပြန်တယ်။ နောက်တော့ ထုံးစံအတိုင်းပဲ စိတ်ပျက်လက်ပျက်ရှက်ရွံရပြန်ရော။ မဖြစ်ဘူး။ဒီအခန်းက မြန်မြန်ခွာမှ ဖြစ်တော့မယ်။ ပုန်ကန်ထကြွနေတဲ့ ရင်ဘတ်ထဲက အကောင်ကို အနိုင်နိုင်ထိန်းပြီး လမ်းပေါ်လိမ့်မယ် ကြံမိသေးတယ်။

အမှန်ပဲ ကျွန်တော့်မှာ ကိုယ်ခံအားအတော်နည်းနေပြီ။သူမနဲ့ မျက်နှာချင်း မဆိုင်နိုင်တော့ဘူး။ ရင်ခုန်ရမှာကို သေရမလောက် ကြောက်နေပြီ။ ဒီလိုနဲ့ ကယောင်ကတမ်း အိတ်ထဆွဲမိသေးတယ်။ မဟုတ်သေးပါဘူး။နေမကောင်းဘူးလို့ ပြောထားတယ်မဟုတ်လား။ အခန်းကျဉ်းထဲမှာ ခြောက်ခြားသွေးပျက်ပြီး ထပ်ပြီး မြင်ကြားရမှာ ထိတ်လန့်နေပေမယ့် တံခါးခေါက်သံကြား ရတော့လည်း အလျင်ဆုံးထမိပြန်ရော။ သူမနဲ့တွေ့ရတော့မယ်။ တဝုန်းဝုန်းရိုက်နေတဲ့ ရင်ဘတ်ထဲက လှိုင်းသံနဲ့ ပျော်မိသွားတာကို စိတ်မချမ်းသာဆုံးလူတစ်ယောက်ဟာ ကမ္ဘာပေါ်မှာ ရုပ်အဆိုးဆုံးအပြုံးနဲ့ တံခါးဖွင့်ပြီး ရပ်မိပြန်ရော။ 

ဘာမှ မသိရှာတဲ့ သူမကတော့ ကြင်ကြင်နာနာပြုံးပြရှာတယ်။ ကျွန်တော်ကလည်း အဲဒီအပြုံးမှာ ဖျတ်ဖျတ်လူးရပြန်တယ်။ ဒါပေမယ့် ခင်ဗျားတို့ မျှော်လင့်သလိုပဲ ကိုယ့်သေတွင်း ကိုယ်တူးနေမိတဲ့အဖြစ်ကို ကျွန်တော် ရပ်တန့်ပစ်နိုင်ခဲ့ပါတယ်။ ယုံပါဗျာ။နာရီယိုင်နဲ့နဲ့ပေါ်မှာ ဝေဝါးရပ်နေမိတဲ့လူလည်း တစ်ခါတစ်လေတော့ ဆုံးဖြတ်ချက်မှန် ချနိုင်ပါသေးတယ်။ကျွန်တော်ပြန်တော့မယ်။ကျွန်တော် တာဝန်ကျတဲ့ နယ်မြို့လေးဆီကို။ အချိန်ဆွဲထားတဲ့ ဘွဲ့လွန်စာတမ်းကို မြန်မြန်ဖြတ်ပြီး ပြေးတော့မယ်။ 

အဝေးဆုံး။
 ပုံရိပ်များဆီက လွတ်မြောက်ရာ။
ဒါပေမယ့် ကျွန်တော့်မှာ သမီးလေးရခဲ့ရင်တော့ နီလေးလို့ နာမည်ပေးမယ်။ကျွန်တော့်နာမည်လည်း ပါရမှာပေါ့ဗျာ။ ဒီလိုနဲ့ နောက်ဆုံးတော့ ခင်ဗျားတို့ ရဲ့ရယ်စရာပုံပြင်လေးဟာ ပြီးသွားပါပြီ။ ကျွန်တော်လည်း နောင်တစ်ချိန်မှာ ပေါ့ပေါ့ပါးပါးရယ်နိုင်လိမ့်မယ်။ အခုတော့ ကိုယ့်အဖြစ်ကိုကိုယ် လှောင်ပြောင်သရော်ဖို့ ကြိုးစားလိုက်တာနဲ့ ရင်ဘတ်ထဲက အောင့်လာတာ ဆိုးတယ်။...........။

မယ့်ကိုး

37 comments:

yangonthar said...

ကျနော်တော့ အသစ်ပဲမို့ ဆားချက်တယ် ထင်ပါဘူး အစ်မရာ ကောင်းချက်ကယ်
စာတစ်ပုဒ်လုံး စိတ်ခံစားချက်လေးတွေကို ဖွဲ့ ထားတာ အရမ်းသဘောကျတယ်အစ်မ
အရေးကတော့ ကောင်းပြီးသားကြိုက်ပြီးသား
မို့ ပြောဖို့ တောင်မလိုတော့ပါဘူးဗျာ
ခင်တဲ့
ရန်ကုန်သား
အဆင်ပြေပါစေ
:D

ဝက်ဝံလေး said...

ဝေးးး အစ်မ စာပြန်ရေးပြီကွ ဒါပေမယ့် ငါမကျေနပ်ဘူး ရန်ကုန်သား ဘယ်ကတည်း က ချောင်းနေလဲ မသိဘူး ဟွင်းးးးးး

မမရေ ဖတ်သွားတယ်သိလား ဆားချက်တယ် မထင်ပါဘူး နော် ညီမလဲ မဖတ်ရသေးတော့ ဖတ်သွားတယ်သိလား

ဝက်ဝံလေး said...

ရန်ကုန်သား ၁ ယူမှုနဲ့ ဘလော့ဂ်ဂါ ကောင်စီရုံးမှာ လက်မှတ်လာထိုးပါ ဒါဗြဲ ဟွင်းးးးးးး

မမကိုးရေ စာပြန်ရေးလို့ရော စီဘောက် ပြန်တင်ပေးလို့ရော ကျေးဇူးးးအကြီးကြီးတင်တယ် သိလား ဟဲဟဲ

ဝက်ဝံလေး said...

အော် ပြန်တော့မယ် ဆိုတာ လာပြောတာနော် အဟက် တော်နေ များဂါတွေ အနှောင့်အယှက်ဖြစ်မှာစိုးလို့ သိလားဟားဟားးးးးးးးးးး ပြန်ပြီ ဒုန်းးးးးးဒုန်းးးးးးးးးးးး ထော်နဲ့တော့နော် ချိတော့ဘူး သိရား ဟိဟိ

ဖိုးစိန် said...

အင်း

ဘာပြောရမှန်းတောင်မသိ

မျောသွားတာတော့အမှန်ပဲ ကိုးကိုးရေ....


ချစ်ခင်စွာဖြင့်


ဆက်ရန်လေးလုပ်ပါလား ဗျ

ကောင်းတယ်


ဖိုးဖိုး

. said...

လာရောက် ခံစားသွားပါတယ်ခင်ဗျာ . . .

ဖတ်ရင်းးနဲ့ မျောသွားတယ် အပဲာ . . . .

ပီားးး အရင်တခါလာတုန်းက cbox လိုက်ရှာနေတာ . .. .

ကြည်ဖြူပိုင် said...

ကောင်းလိုက်တဲ့ဇာတ်အိမ်လေးကိုးရေ.
အပြင်မှာအဲလိုဇာတ်လမ်းမျိုးရှိပေမယ့်
လူတွေကမရေးကြတော့ သယ်ချင်းဇာတ်လမ်းလေးဖတ်ရတာ
တကယ့်ကိုအဆန်းလေး
တကယ်ကိုကောင်းတဲ့ဇာတ်အိမ်ဖွဲ့စည်းမှုလေး
စကားမစပ်..မနေ့ကလာလည်တော့ သယ်ချင်းကပဲစီဘောက်စ်နဲ့ကွန့်မန့်ဖြုတ်ထားလား
တို့ကပဲညံ့တုံးတာလားမသိ..ဘာမှမန့်မရ..ခြေရာချန်မရနဲ့
ဒီတိုင်းကြီးပြန်သွားခဲ့ရတယ်

မင်းအိမ်ဖြူ said...

မှတ်မှတ်ရရ ဒီပိုစ့်လေးက ကျွန်တော် စိတ်စဉ်ရာ ဆိုတဲ အမျိုးသမီးတစ်ယောက် စိတ်ကိုတင်ပြသွားတဲ့ ပိုစ့်လေး ရေးတုန်းက မယ်ကိုးကိုယ်တိုင် ညွှန်းဖူးတဲ့ပိုစ့်လေးပေါ့
အခုလည်းထပ်ဖတ်သွားတယ်နော်.....

ပျော်ရွှင်ပါစေ
မင်းအိမ်ဖြူ

အိန္ဒြာ said...

ဆားချက်တာလေးက ရိုးရိုးလေးနဲ့လှလို့..

အဲ...

ဒီခေါင်းစဉ်လေးပဲသုံးပြီး တစ်ပုဒ်လောက်ထပ်ရေးပါလား...မယ်

သားကြီး said...

စာဟောင်းလေးနဲ့ ဆားအကြီးအကျယ်ချက်လိုက်တယ်လား?
မကြီးမကျယ် ချက်လို့မရဘူးလား?
ဟီးးး စတာ
နားမယ်လို့ဝက်ဝံကလေးဆီကနေသိရတာ
ခုလိုစာပြန်ရေး အဲ...ဆားပြန်ချက်ဖြစ်တာပဲ
ကျေးကျေးပါ
ကျနော့အတွက်တော့အသစ်ပဲဖြစ်လိမ့်မယ်
ဖတ်လိုက်ဦးမယ်ဗျာ......
ခဏလေး :P

သားကြီး said...

ကြီးရင်မှီ ငယ်ရင်ချီဆိုတဲ့စကားကြားဖူးတယ်ဗျ
ကျနော့ထက် ၇နှစ်လောက်ကြီးတဲ့ မမတစ်ယောက်နဲ့ကျနော်ကြိုက်ခဲ့ဖူးတယ်
ကိုယ့်ထက်အသက်ကြီးတဲ့မိန်းမတစ်ယောက်ကို ပထမဆုံးချစ်ဖူးခြင်းပါပဲ
အဲဒီမှာ ကျနော်ဘာကိုသိရလဲဆိုတော့
သူက အဖက်ဖက်က အနွံတာခံတာပဲ
ကျနော်ကလည်းခပ်ဆိုးဆိုးကောင်လေ
ခုတော့လည်းပြီးသွားပါပြီ
ဒါပေမယ့် ကျနော်ကြားချင်နေခဲ့တဲ့ သူ့ရင်ဘတ်
က အသံလေးတွေ ကြားခွင့်ရခဲ့တယ်ထင်တယ်
ကျနော့ကို သူဘာခံစားချက်နဲ့ရွေးချယ်ခဲ့တယ် မသိရပေမယ့် ကျနော်ကတော့ ထုံးစံအတိုင်း
စပါးလုံးတစ်ထောက်စာ သူ့အရေခွံတွေကို
ကြည့်ပြီး ချစ်မက်မြတ်နိုးခဲ့တာပေါ့
ရည်းစားတော်တော်များများကိုလည်း အဲလိုပဲ လွယ်လွယ်ချစ်ခဲ့တာပါပဲ
တကယ်ပြောတာ နေမကောင်းရင် တခုတ်တရ ဂရုစိုက်ဖေါ်ရတဲ့ သူလေးနဲ့ပဲ
ကမ္ဘာတစ်ခုတည်ဆောက်တော့မယ်
အဲဒါမှ နည်းလမ်းမှန်မယ်ထင်တယ်
ခုတော့လည်းလှတာကို သိပ်မမက်ချင်တော့ဘူးဗျာ

သားကြီး said...

အစ်မရေ
ဆိုင်သလားတော့မသိ
ဘလော့မှာရေးချင်ရာလျှောက်ရေးတဲ့သားကြီး
ကွန်မန့်မှာလည်း ပေးချင်ရာ လျှောက်ပေးလိုက်ပြီ ဟဲဟဲ
စာသဘောအရဆိုရင် အဲဒီအတိုင်းပဲ နားလည်လို့ အဲဒီအတိုင်းပဲ ပေးလိုက်တာပါ
ပျော်ရွှင်ပါစေနော်

ကိုလူထွေး said...

အပေါ်ပိုင်းတွေ တောက်လျှောက်ကောင်းခဲ့ပြီး အပြီးသတ်နားမှာ သိပ်နားမလည်လိုက်ဘူး...

နေမကောင်းလို့ ပြုစုမယ်ပြောတာ ဘယ်တယောက်လဲ...

(အတွေးအခေါ်ရော ရေးပုံသားပုံရောကတော့ ရှယ်ပဲ)

းဝ)

ThuHninSee said...

အဲဒါကိုဖတ်ဖူးတယ်။ ဂျူးရေးတာလို့ထင်နေတာ။
ဘယ်မှာဖတ်ဖူးမှန်းမသိဘူး။ ဘလော့ဂ်မှာမဟုတ်တာ သေချာတယ်
စာတွေအများကြီး ပြန်ရေးနော်။
း)

မယ်ကိုး said...

ချစ်မမအိန္ဒြာရေ...

မယ် ကြယ်လွဲမိုးခေါင်းစဉ်နဲ့ စာရေးပြီးတော့မှ ဒီစကားလုံးကို ကဗျာတစ်ခုမှာလည်း တွေ့ခဲ့ပါတယ်။ ဒါပေမယ့် ဒီစကားလုံးဟာ ခြောက်အုပ်တွဲ မြန်မာ-မြန်မာ အဘိဓာန်မှာ အဓိပါယ်ဖွင့်ပြီးသားမို့ လူတိုင်းသုံးလို့ရတယ်လို့ ယူဆလိုက်ပြီး မပြင်တော့တာပါ။
နောက်ထပ်သုံးဖို့တော့ စဉ်းစားပါရစေနော် မ....

ချစ်မမမွန်ရေ...

မယ် ဒီစာလေးက မဂဇင်းမှာ ပါခဲ့ပါတယ်။ဂျူးလို့ ထင်ခဲ့တဲ့အတွက် ဝမ်းသာရမှာလား ဝမ်းနည်းရမှာလားမသိတော့ဘူး... :D
စာရေးဖို့အားပေးတဲ့အတွက် ကျေးဇူးပါနော် မ....စာတွေ ရေးနေပါတယ်။ =)

ကိုရင်နော်ခင်လေးငယ် said...

ဖြစ်တတ်တဲ့ အဖြစ်အပျက်လေးတစ်ခုကို ဇာတ်လမ်းဆင်ထားတာလေး လှတယ်..

အရေးအသားကတော့ “မယ်ကိုး” ပဲလေ.. ကောင်းပြီးသား..

“ဂျူးလို့ ထင်ခဲ့တဲ့အတွက် ဝမ်းသာရမှာလား ဝမ်းနည်းရမှာလားမသိတော့ဘူး... :D ” လို့ ရေးထားတာလေးက ချစ်စရာလေး..း)

ခင်မင်လေးစားချစ်ခြင်းအားဖြင့်..

မင်းနေဝေး said...

ကောင်းပါ့အမရေ ....
အသစ်မတင်ဘူးနဲ့ တင်တော့လည်း ကြိုက်ရပြန်တာပါပဲလား ... :D

စည်သူ said...

ဟုတ်တယ်ဗျို့...

ဘယ်လိုတွေရေးကြတာလဲလို့တောင် မေးချင်တယ်..
အရေးအသားကောင်းတယ် မမ မယ်၉ ရေ..

မျောသွားတယ်..
မှတ်တိုင်တောင်လွန်သွားမလို့..

ဘယ်တွေပျောက်..
အိမ်ကိုလာတော့လည်း.. ဘာမှမရှိ. ဘာတွေဖြစ်..

သူများတကာတွေကတော့ ပြောနိုင်ပါတယ်..
ကျွန်တော်ကတော့ အခုမှခံစားဖူးတာ..

မမမမမမမမမမမမမမမယ် ၉ အရေးအသားကိုပေါ့..

ပျော်ရွှင်ပါစေ
ခင်မင်စွာဖြင့်
စည်သူ။

ဆောင်းယွန်းလ said...

ကိုယ့်ညီမရဲ့အရေးအသားတွေက အမြဲထာဝရဆန်းသစ်နေတော့တာပါလား...

နှစ်ယောက်စလုံးက စပါးလုံးတစ်ထောက်စာ အရေခွံတွေကို ကြည့်ပြီး ယုံထောင်ကြောင်ထင်ခံစားမှူကို ရွေးချယ်ခဲ့ကြတာလေ။

သုံးထားတဲ့စကားလုံးတွေက ပီပြင်လိုက်တာ

နှင်းဟေမာ said...

မမကိုးရေ.........
ဇာတ်လမ်းလေးက ဖတ်လို့ကောင်းလိုက်တာ ... အရမ်း အရမ်း အရမ်း ပဲ.....။
အားတောင် မရဘူး မြန်မြန် ပြီးသွားလို့...။
(( ယုံပါဗျာ....နာရီယိုင်နဲ့နဲ့ပေါ်မှာ ဝေဝါးရပ်နေမိတဲ့လူလည်း တစ်ခါတစ်လေတော့ ဆုံးဖြတ်ချက်မှန် ချနိုင်ပါသေးတယ်။))
သုံးထားတဲ့ စကားလုံးလေးတွေက ဇာတ်လမ်းနဲ့ အရမ်း လိုက်ဖက်နေတယ်....။
အမြဲအားပေးလျှက်ပါ မမရေ....။
ဆားများများ ချက်နိုင်လေ နှင်းတို့က ကြိုက်လေပဲ ...အဟိးp
ချစ်ခင်လေးစားတဲ့ ညလေး နှင်း

အမရာ said...

စိတ်ကူးလေးကောင်းလိုက်တာ...မယ်ကိုးလေးရယ်...
အမရာ..ကဖတ်ရင်းဖတ်ရင်းနဲ့ကိုယ့်အကြောင်းကို
ပြန်ဖတ်ရသလိုခံစားရတယ်....တချို့သောအချက်တွေ
ကတော်တော်လေးတူနေလို့လေ....အသက်လေးနှစ်ကြီးတာတို့...ရုပ်ဆိုးတာတို့....
အရပ်ပုတာတို့လေ...အဟိ...ဒါပေမယ့်..သူမလိုတော့
မဝဘူး...သေးသေးကွေးကွေးပဲ...
အဟဲ...ဇာတ်လမ်းလေးကြိုကကြောင်းပြောရင်း
နဲ့ကြော်ငြာဝင်သွားတယ်......


ချစ်သော
အမရာ

မယ်ကိုး said...

ချစ်မလေးရေ...

ချစ်မလေးက ဒီလောက်နုနယ်ချစ်စဖွယ်ကောင်းတာ... သူမလို မဟုတ်ဘူးလေ...လေးနှစ်လောက်ငယ်သူနဲ့ မဟုတ်လည်း ငါးနှစ်လောက်ငယ်သူနဲ့ အတူယှဉ်ရပ်လည်း ချစ်မလေးကပဲ လေးနှစ်လောက်ငယ်တယ် ထင်ရတာပါ ...တကယ်။=)

ချစ်တဲ့

မယ်ကိုး

Lucifer said...

မမမယ်ကိုးရေ... မမက စာအရေး အသားကောင်းတယ်နော်.. ရိုးရိုးလေးနဲ့ ဆွဲးဆောင်မှုကောင်းအောင်ရေးတတ်တယ်...
မမီး ကတော့ အရေးအသားတွေကို ကြိုက်တယ်..
ဘာ ချက်ချက် ချက်ချင်ရာသာ ချက်..

မိုးစက်အိမ် said...

ကမ္ဘာပေါ်မှာ ရုပ်အဆိုးဆုံးအပြုံးနဲ့ တံခါးဖွင့်ပြီး ရပ်မိပြန်ရော
ကဗျာဆရာ တောင် ဆွံ.အ သွားတယ်ဗျို. :D

သုဏော်စိုင်း said...

ကျွန်တော် ကဗျာ ဆက်ရေးဖို့  တစ်ခုခုတော့ရလိုက်ပါတယ်...
ကျွန်တော် ကဗျာတွေရေးလို့ မရ ဖြစ်နေလို့  လျှောက်သွားနေတာဗျ..
ကျွန်တော့်စိတ်ကို အစာတစ်ခု ကျွေးတဲ့အတွက် ကျေးဇူး
နောက်နောင် ထပ်ပြီး လှပတဲ့ စကားလုံး ခိုင်မာတဲ့ အတွေးတွေ နဲ့ ရေးဖွဲ့ နိုင်ပါစေ...

သိင်္ဂါကျော် said...

ဖတ်ဖူးသလိုပဲလို့ ထင်နေတာ... အဟောင်းကိုး..
အရင်က လာဖတ်ဖူး ထားတာ ထင်တယ်...
ဇာတ်လမ်းလေးက ထူးလို့ မှတ်မိနေတာ...
:)

ခရေညို said...

ဆားချက်ချက် ဘာချက်ချက် မဖတ်ရသေးတော့အသစ်ပဲ

ခရေညို said...

ဆားချက်ချက် ဘာချက်ချက် မဖတ်ရသေးတော့အသစ်ပဲ

အိုင်လွယ်ပန် said...

ဆွဲဆောင်မှုရှိတဲ့ ဇာတ်လမ်းလေး
တစ်ပုဒ်ပါပဲ ...
ကောင်းသောနေ့ဗျ :)

စိမ်း... said...

သြော် လူ့စိတ် လူ့သဘောကို ကွက်ကွက်ကွင်းကွင်းကြီးမြင်အောင်ရေးသွားတာပဲ လေးစားတယ် အစ်မရေ...

အပြုံးပန်း said...

မယ်ကိုးရေ၊
ကိုယ်လည်း ဒီတစ်ပုဒ်ကို ဖတ်ဖူးပြီး ကောင်းကောင်းမှတ်မိနေတယ်၊
ဘယ်တုန်းကမှန်းမသိတော့ဘူး။
အစချီလေးဖတ်တော့ ဖတ်ဖူးတယ်လို့ တွေးနေခဲ့တာ။

မြစ်ကျိုးအင်း said...

အမှန်ပြောရရင် ဒီတပုဒ်က တခေါက်ထဲ ဖတ်တာနဲ့ နားလည်သွားတယ်။
(အောက်ဆုံးအပိုဒ်တော့ ပြန်ဖတ်ရတယ်။)
ထူးဆန်းတဲ့ခံစားချက်တွေ နဲ့ ဇာတ်လမ်း ဆန်းဆန်း လေးပါပဲ။
အချိန်အခက်အခဲကြောင့် နောက်ဆုံးတင်တဲ့ ပို့စ်တွေပဲ ဖတ်နိင်တာ ၀န်ခံပါတယ်။
စိတ်ခံစားချက်တခုခုကြောင့် အသစ်ရေးဘို့ အချိန်မရ တိုင်း အဟောင်းလေးတွေ ပြန်တင်ပေးဘို့ တဂ် ပါတယ်။

မျက်မှန်လေး said...

မယ်ကိုး ရေ...
အရမ်းကောင်းတယ်
ကြိုက်တယ်ခိုက်တယ်

လသာည said...

မယ်ကိုးရေ..ကောင်းလိုက်တဲ့စာသားလေး။ ဖတ်ရင်းဖတ်ရင်း ဈာဉ်ဝင်ပြီး ကာယကံရှင်ကိုယ်စား သက်ပြင်းတောင်ချမိတယ်။ တကယ်ကောင်းတာ။ ကြိုက်တယ်။

း) said...

အသံထွက်ဖတ်ကြည့်မိတဲ့ အထိပါပဲး)

မဟေ said...

နာရီယိုင်နဲ့နဲ့ပေါ်မှာ ဝေဝါးရပ်နေမိတဲ့လူလည်း တစ်ခါတစ်လေတော့ ဆုံးဖြတ်ချက်မှန် ချနိုင်ပါသေးတယ်။
မကိုးရဲ့ အရေးအသားတွေကို အရမ်းသဘောကျတယ်..

ရိုးမြေကျ said...

အဲဒီလိုခံစားချက်မျိုးဖြစ်ဖူးသလိုပဲ မယ့်ရေ။ ဘာရယ်မဟုတ်ဖူး စွဲလန်းသွားတဲ့ စိတ်ပဲထင်ပါရဲ့။