09 September 2009

အသင်ရဲ့ မချစ်မနှစ်သက်သော...


ချစ်ညီမလေးဝက်ဝံပိစိလေးရဲ့ tag post တစ်ခုကို ရှောင်လိုက်တော့ နောက်တစ်ခုနဲ့ မျက်နှာချင်းဆိုင်တိုးပါတယ်။ “ကျွန်မကို အမြင်ကတ်ကြသော အကြောင်းရင်းများ” တဲ့။ အချက်အလက်တွေက စုံလွန်းတာမို့ တစ်စစီ ဆွဲဖြည်ရရင်ဖြင့် တစ်ထောင့်တစ်ညထက် ကြာသွားနိုင်တာကြောင့် လိုရင်းကိုသာ ဆိုခွင့်တောင်းပါရစေလေ....

အနှစ်ချုပ်ကတော့ တစ်ကြောင်းတည်းပါပဲ။ လူတွေရဲ့ အမြင်လွဲ အမြင်မကြည်ခြင်းကို ခံရတဲ့ ကံပါတယ်” လို့ ဇာတာဖွဲ့မှာပင် မှတ်တမ်းပြုခံခဲ့ရတဲ့သူပါ။ မျက်နှာမြင် ရိုက်ချင်လိုက်တာ။ အသံကြား ခါးသီးလိုက်တာ… လို့ လူတကာဆိုရသူဟာ ကျွန်မသာ ဖြစ်ပါတယ်။ မယုံမရှိပါနဲ့။ ငယ်စဉ်ကစလို့ အမုန်းဆိုးတွေနဲ့ ရင်ဆိုင်တွေ့ကြုံခဲ့ရသူပါ။ ဗေဒင်အဟောကို ငယ်စဉ်အခါမှာတော့ မယုံခဲ့ပါဘူး။ ဒါပေမယ့် အသက်ကလေးရလာတော့ တိုက်ဆိုင်လွန်းတိုင်း ထိုစာလေးကို သတိရတတ်လာ။ နေသာသလို နေချင်ပေမယ့် ထိရှပါများတော့ ကျွန်မ ကြောက်တတ်လာတော့တာ။

မယုံဘူးလား။ ကံ၊ကံရဲ့တရားကို မယုံကြည်ဘူး ဆိုရင် ကျွန်မသက်သေလုပ်ပေးပါရစေ။ အတိတ်ကံနဲ့ လက်ရှိကံလွန်ဆွဲတိုင်း အမြဲတစေ လွင့်စင်ပြိုလဲနေသူရယ်။ တကယ်ပါ။ ဒီဘဝကတော့ ဝဋ်ကြွေးတွေနဲ့ ကစားနေခြင်းသာ။
အရူးရင့်သူရယ်လေ။ ဘယ်တုန်းကမှ မနိုင်ဖူးသေးလည်း မိုက်မိုက်မဲမဲ ရှေ့ဆက်တိုးနေသူသာ ဖြစ်ပါတယ်။ ဒါပေမယ့် သိမ်ငယ်ခဲ့ပြီ။

ကံသာသူတွေ သံသယနဲ့ မကြည့်ပါနဲ့။ ကိုယ်တိုင်မကြုံဖူးတိုင်း မဖြစ်နိုင်ဘူးလို့ သဘောထားကျဉ်းကျဉ်းနဲ့ ဇွတ်မှိတ်မငြင်းပါနဲ့ဦး။ တစ်ချို့သောသူတွေရဲ့သမိုင်းဟာ ဖတ်ပျော်တဲ့ ပုံပြင်တစ်ပုဒ် မဟုတ်ပါဘူး။ ဒါပေမယ့် ရှိပါစေလေ။ နားလည်မှုညှိနှိုင်းခြင်းဆိုတဲ့စကားလုံးမှာ ကျရှုံးပေါင်းများခဲ့ပါပြီ။



ဘယ်လိုခွန်းချိုဆိုရမလဲ။ ဘယ်လို ပြုံးရယ်ရမလဲ။ ဘယ်လို တုံ့ပြန်သင့်သလဲ။ ကျွန်မ မသိဘူး။မနေတတ်ဘူး။သရုပ်မဆောင်တတ်ဘူး။ အေးခဲနေတဲ့ မျက်လုံးတွေအောက်မှာ ကျွန်မ မနေရဲဘူး။ အသက်ရှုမဝဘူး။ မျက်နှာမကြည်လင်တော့ဘူး။  ဒီလိုနဲ့ ကိုယ့်မျက်နှာရိပ်ကို ဘယ်လိုထိန်းသိန်းရမှန်းလည်း နားမလည်တော့တဲ့အခါ ကျွန်မရဲ့အရိပ်တမျှင်ကအစ မုန်းချင်စရာဖြစ်လာတယ်။ ယိုင်နဲ့နဲ့ အသံဟာ ကြားနာဖို့ ခက်တယ်။ ကျိုးကြည့်ကြောင်ကြည့် အပြုံးတွေကလည်း စိတ်ပျက်ဖွယ် အတိရယ်။


သိုသိုသိပ်သိပ်နာကျင်မှုတွေဟာ ခါးလွန်းလို့ နောက်ကျိသွားပြီ။ စူးခဲမှုံမိုက်တဲ့ အထီးကျန်မှုကပဲ ကျွန်မရဲ့ အိမ်ယာဖြစ်လာပြီ။ နှလုံးသွေးစိမ်းစိမ်းတွေအန်ပြီး ပျော်ပျော်ရွှင်ရွှင် သေဆုံးဖို့ အိပ်မက်မက်တတ်ပြီ။
ပျော်ရွှင်စရာ ကမ္ဘာ တဲ့လား။  မကြားဝံ့မနာသာ စကားလုံးရယ်သာ။ အဆုံးမှာတော့ ချောက်ထဲတွန်းချခံရတဲ့အခါ ကိုယ်တိုင်က အစွန်းတစ်ဖက်မှာ ရပ်နေမိခြင်းကြောင့်လို့ပဲ ဆိုချင်ပါရဲ့။ လောကဓံနဲ့ ကျွန်မ ဘယ်အချိန် ကြေအေးမှာလဲ ဆိုတာလည်း မသိချင်တော့ပါဘူးလေ။ ရင်ထဲကအသံကို ဘာသာစကားနဲ့ ပုံဖော်နိုင်စွမ်းမရှိသူမို့ ကဗျာမပီဘူးဆိုတဲ့ စာလေးကိုပဲ အကြွင်းမျှခြွေချပါရစေတော့…။


“နားလည်မှူ ကမ်းပါး ”

အငြိုးတလက်လက် ပြာပူမိုးတွေအောက်
ခေါင်းငုံ့ကာ ရပ်နေသူပါ။

ရင်ကွဲနာကျ
အငွေ့ဖြစ်သွားလည်း...
ဟာသ ပဲတဲ့လား။

ရှိပါစေ။

သိမ်ငယ်သူကိုမှု
ပြက်ရယ်ပြုတတ်လည်း
ဝဋ့်ကြွေးတွေ ကြိုးစားဖြေမယ်။


ဒါပေမယ့်လည်း...
အပြန်ကို မျှော်မိတဲ့ ပုထုဇဉ်ရယ်လေ။

နတ်ဒေဝါတွေရေ...
မကြားတော့ဘူးလား။

ဘာကြောင့်အခါခါသတ်ချင်ရတာလဲလို့
ခနဲ့မဆိုရက်လည်း မတော်ဘူးထင်တယ်နော်။


ရက်စက်လွန်းလှရဲ့။
“ နားလည်ပါတယ် ” ဆိုတဲ့ စကား
တစ်ခွန်းလေးကြားဖို့

ဒီလောက်တောင် ခက်သလားကွယ်...။



(
၉ရက်၊ ၉လ၊ ၂၀၀၉ မှာ အမှတ်တရတစ်ခုခု ရေးချင်နေတုန်း ချစ်ညီမလေးဝက်ဝံပိစိလေးကြောင့် ဒီစာလေးရေးဖြစ်သွားတဲ့အတွက် ကျေးဇူးပါ ညီမလေးရေ… )

45 comments:

ကိုရင်နော်ခင်လေးငယ် said...

တစ် လို့ မဖတ်သေးပဲ အရင်ရေးထားလိုက်တယ်..း)

Yu Ya said...

၂ လို့

Yu Ya said...

အတိတ်ကံနဲ့ လက်ရှိကံ လွန်ဆွဲတယ်တဲ့လား မမယ်ကိုးရယ်...

ဝဋ်ကြွေးတွေနဲ့ ကစားလို့ တကယ်လို့များ သရေကျရင် ကစားတာ ရပ်လိုက်ပါတော့ဗျာ။ နိုင်ဖို့ဆိုတာ ဘယ်ဘ၀မှာမှ မဖြစ်နိုင်လို့ပါ။

yu ya

yangonthar said...

အစ်မ မယ်
ဘယ်လို လှည့်လှည့် အံမကျနိုင်တဲ့
ဒီလောကမှာ နေသား မကျနိုင်တာ
သဘာဝပါ ကျနော်ကတော့ အများ စကား
တွေထက် ကိုယ့်နားမှာရှိနေတဲ့ သူတွေရဲ့ 
စကားတွေကို ပိုအလေးထားတယ် ချစ်တဲ့
မျက်စိနဲ့ မမြင်ကြနိုင်သူတွေအတွက်ကတော့
မြင်သမျှ ခါးသက်နေမှာပဲလေ ........ လောက ကြီးကို အရွဲ့ တိုက်ပြစ်လိုက် ချင်တယ် ဟန်ဆောင် အပြုံးတွေနဲ့ မောလှ ပါပြီ
အဲဒီခံစားချက်တွေကို လေ
မြုပ်နှံသဂြိုဟ်ပစ်ချင်နေတာကြာပြီဗျာ
ဒါပေမယ့် ကျွန်တော် ပါအဲဒီမြေတွင်းထဲ
ရောက်သွားမှာမို့  မျက်နှာပြောင်ပဲ တိုက်
တိုက်ပြီး ငိုတဲ့အခါရယ် ရယ်တဲ့အခါ မဲ့ နဲ့ 
နေလိုက်တော့တယ် ကံကောင်းတယ်ပြော
ရမယ်အစ်မရေ ...... ကျွန်တော့အနားမှာ
နားလည်သူ မိတ်ဆွေသူငယ်ချင်းတွေ
မများမစား ရှိနေပေးလို့ 
ကဗျာလေးကို အခေါက်ခေါက်ဖတ်သွားတယ် အစ်မ “အပြန်ကိုမျှော်မိတဲ့ ပုထုဇဉ် ”ဆိုတဲ့အ သုံးကို ရေလယ်ခိုက်တယ် :)
ခင်မင်လေးစားလျှက်
် ရန်ကုန်သား
နွေးထွေးပါစေ

လင်းဒီပ said...

အင်း...
သူကလည်း ရက်စွဲတွေ သိပ်တတ်တာပဲ..:P
ဒီလိုစိတ်မျိုးကတော့ ဖြစ်တတ်ပါတယ်..။
လောကမှာ ကိုယ်တစ်ယောက်တည်းကွက်ပြီး မုန်းစရာကောင်းနေပြီလား ဆိုတာမျိုး..
လောကကို သိပ်ပြီး sensetive မဖြစ်ပါနဲ့လေ..
အဲဒီ allergy က ခံရခက်တယ်..။
နားလည်ပါတယ်..။

အပြုံးပန်း said...

ဝေါဟာရတွေ ကြွယ်လွန်းတဲ့ မယ်ကိုးရဲ့ အတွေးအိမ်ကို အားကျတယ်။
စာလုံးစောင်းစောင်းနဲ့ စကားလုံးတွေနောက် မျောပါမြဲပဲ၊
ဒါပေမယ့် တခေါက်တည်းနဲ့ ဘယ်တော့မှမရဘူး။
အားရင်အားသလို လာချောင်းဖတ်နေတာ။
ဘယ်နေရာမှာ ဘယ်လိုလေး သုံးသွားတာ ဆိုပြီးတော့လေ။

စိမ်း... said...

တကယ်ပြောတာ အားကျတယ်လို့ ... ဒီလိုပို့စ်တောင် ဒီလိုနုရွနေအောင်ရေးတတ်တယ် ခံစားလိုက်ရတယ်...

မိုးခါး said...

ညီမတော့ အဲလိုမထင်ပါဘူး ..း))
ဒါတောင် တခါပဲ တွေ့ဖူးတာနော်
ဒါပေမယ့် မသိခင်မှာ လစ်သွားတယ်
ခရင်မ်သုတ်မှာ ကြောက်လို့ ဆိုလား :P
ပျော်ရွှင်ပါစေရှင်း)

စည်သူ said...

အဟင့်.. အဟင့်..

တားတားလည်း ကျောချင်တယ်..
ဘာကျောရမှန်း တိဘူး..

မမမမမမမယ်၉ရေ.. ဂယ်ပဲလားဟင်..
ကျိတ်ကောင်းဘူး..

ကဗျာဖတ်ရတာ တစ်မျိုးပဲဗျာ..
အားလုံးက ကိုယ်ပဲလား..

ဟုတ်ပါတယ်
တစ်ပါးသူကို အပြစ်တင်နေမယ့်အစား
ကိုယ့်ကိုယ်ကို ပြေဆိုပြစ်တင်ခြင်းဟာ..

မိမိကိုယ်ကိုယ်မိမိ ဆုံးမရာရောက်ပါသတဲ့ဗျာ..
ထင်သလိုရေးသွားတာနော်..

ဟီးဟီး.. ပျော်ရွှင်ပါစေ
ခင်မင်စွာဖြင့်
စည်သူ။

အမရာ said...

မယ်ကိုးလေးရေ....
ကျိန်ပြောမှာယုံမယ်..
ဆိုသလိုဘဲ.........
မယုံဘူးတော်ရေ....

နေညှိ said...

၉ရက် ၉လပိုင်း ၂၀၀၉ မှာတင်တဲ့ ပို့စ်လေးကို

လာရောက်ဖတ်ရှုခံစားသွားပါတယ်ခင်ဗျာ . .

ဖတ်ရတာစိတ်ထဲ တမျိုးပဲ ဗျာ. . .

တခုခုကို မကျေနပ်သလိုခံစားသွားရတယ်

ဘာပဲဖြစ်ဖြစ် . .. . အရာရာကို ပျော်ရွှင် စွာနဲ့ အမြဲတမ်း ရင်ဆိုင်အောင်မြင်ပါစေ လို့ ဆုတောင်း
ပေးးလိုက်ပါတယ်ဗျာ :)

ခင်မင်လျက်

ကိုရင်နော်ခင်လေးငယ် said...

မယ်ရေ..
စာတစ်ပုဒ်၊ ကဗျာတစ်ပုဒ် အဖြစ်နဲ့ပဲ နှစ်သက်စွာ ဖတ်သွားပါတယ်...

ခင်မင်လေးစားချစ်ခင်ခြင်းများစွာဖြင့်

သားကြီး said...

အမြင်လွဲမကြည်လင်တာ ခံရမယ့်ကံဇာတာပါတယ်ဆိုရင် ကျနော်နဲ့တူသွားပြီ ပျော်ပျော်ရွှင်ရွှင်သေဆုံးဖို့
ကျနော်လည်း အိပ်မက်မက်ရတော့မယ်
လောကဓံနဲ့ကြေအေးဖို့ ဆုမတောင်းတော့ဘူး
မွေးကတည်းက မျက်နှာဖုံးတစ်ခုစီပါလာခဲ့တယ်
အဲဒီမျက်နှာဖုံးကိုပဲ ချပ်ချပ်ရပ်ရပ်တပ်ဆင်နိုင်ဖို့
ကျနော်ကြိုးစားတော့မယ်
.....
ကျနော့အစ်မ သာယာအေးချမ်းပါစေ ။

mae said...

နှုတ်လဲချိုပါတယ်၊ ပြုံးလဲ ပြုံးတတ်ပါတယ်၊ ယဉ်ယဉ်ကျေးကျေးလဲ တုန့်ပြန်တတ်တာပဲ

မ တော့ အမြင်မကပ်ပါဘူးနော်

ချစ်တဲ့
မမေ

အိန္ဒြာ said...

ဘယ်သူတွေပြောလဲ...
ငါ့ညီမလေးကို..

ကဗျာလေးကောင်းလိုက်တာ မယ်ရေ...

အိုင်လွယ်ပန် said...

အင်းးး
ဖတ်ရတာ တစ်မျိုးပဲ ...
ကွန် မန့်လည်း မရေးတတ်ဘူး
ဆိုတော့ကာ ..
ကဗျာ နှစ်ပုဒ် ( အရင်ရေးခဲ့ဖူးတာပါ )
ပြန်ရေးပေးလိုက်တယ်ဗျ ..
ပထမ ကဗျာ နဲ့ ဒုတိယကဗျာ ကြားကာလမှာ
ကျွန်တော် ကတော့
တစ်ခုခုကို သဘောပေါက်ခဲ့တယ် ...
ပြောရရင်တော့
နှစ်သိမ့်မှု ဆိုတာက နှစ်သိမ့်မှု သက်သက်ပါပဲ
အခုက ကျွန်တော် ကဗျာရွတ်ပြတယ်ပဲ သဘောထားလိုက်ပေါ့ဗျာ ...ကောင်းသောနေ့ပါ :)


“အပယ်ခံ”

အိပ်မပျော်သူတစ်ယောက်ရဲ့
ညဉ့်တာကအမြဲလိုလိုရှည်လျား
နာကျင်မှုတွေများခဲ့တယ် ။

ကစားပွဲတိုင်းမှာ
ထမင်းမစားဟင်းမစားဖြစ်ခဲ့ရတဲ့ကောင်
ကျောက်တုံးမှာပေါက်တဲ့
အမြစ်မခိုင်သစ်ပင်လို
စပျိုးလိုက်ကတည်းကယိုင်နဲ့နဲ့ ။

အထုအထောင်း အဖြတ်အတောက်
ထည်လဲခံခဲ့ပြီးကာမှ
လှမလာတဲ့ကျောက်ဆစ်တရုပ်
လောကဓံပန်းပုဆရာကို
ငြိုးမာန်မဖွဲ့ခဲ့ပါဘူး
သမရိုးကျထက်နည်းနည်းပိုဖယ်ကျဉ်တဲ့
ပတ်ဝန်းကျင်မှာ
သမရိုးကျလေးပဲနေထိုင်ခဲ့ ။

တစ်ခုထဲသောစိတ်ကူးခွက်လေးတစ်လုံးက
ထာဝရမှီတည်ရာအဖော်
အဲဒီခွက်လေးနဲ့ပဲကော်ဖီသောက်
အဲဒီခွက်လေးနဲ့ပဲအရက်သောက်
အဲဒီခွက်လေးကိုပဲရောင့်ရဲမှုတွေလိမ်းကျံ
အဲဒီခွက်လေးနဲ့ပဲကဗျာတွေအပြည့်ထည့်ပြီး
ရနံ့တွေရှိုက်နမ်း
ဖြတ်သန်းလာလိုက်တာ ။

ဒီနေ့…
ခွက်ကလေးကကျွန်တော့်ကို
စကားပြောတယ်
အံ့သြမှုတွေနဲ့ကျွန်တော်
စကားပြန်ပြောဖို့ကြိုးစားလိုက်တော့
စကားမပြောတာကြာမြင့်ခဲ့လို့ထင်ရဲ့
အလိုလို
ဆွံ့…..အ…..နေ…….ခဲ့…
ကျွန်တော်စကားမပြောတတ်တော့ပါဘူး ။။

အိုင်လွယ်ပန်

“လျှပ်စီးလက်ခြင်း”

လွတ်လပ်ငြိမ်းချမ်းပြီး
အပြစ်ကင်းကင်း
ရယ်မောချင်တယ် ။

မျောနေတဲ့သံသရာ
ဒုက္ခကိုဒုက္ခလို့မြင်
ဒုက္ခဖြစ်တယ်
သုခကိုသုခလို့မြင်
သုခဖြစ်တယ်
ပြီးတော့တဖန်
ူဒုက္ခဖြစ်တယ် ။

ဒု က္ခ တွေ ဖြစ် ကြ တယ် ။

လိုအပ်လို့ရွေ့လျား
ရွေ့လျားမှုကိုလိုအပ်
စက်ဝိုင်းကြီးတစ်ခုပါ ။

တကယ်ပါ
တစ်ခါလောက်တော့
လွတ်လပ်ငြိမ်းချမ်းပြီး
အပြစ်ကင်းကင်း
ရယ်မောချင်တယ် ။

ရယ် မော မယ် ... ။


အိုင်လွယ်ပန်

အိုင်လွယ်ပန် said...

ပြောဖို့ကျန်သွားတယ်ဗျ ...
ထွက်ကျလာတဲ့ “နားလည်မှုကမ်းပါး”
ကဗျာလေး
တော်တော်ကောင်းတယ် ...
အနာ မရှိ ရင် နှလုံးသားရဲ့ အသံထွက်က
မလှ တတ်ဘူးဗျ :)

ဝက်ဝံလေး said...

အောင်မာ နာ့အစ်မကို အဒူအမြင်ကတ်တာလဲ ဟွင်းးး ပြောစမ်းဘာာာာာာ ရန်သွားတွေ့မယ် နော်

ဝက်ဝံလေး said...

မမကိုးရေ ရောက်ရောက် ဖတ်သွားတယ်သိလား အမှတ်တရလေး တင်ပေးလို့လဲ ကျေးဇူးးးတင်ပါတယ်နော်

ဝက်ဝံလေး said...

ဘယ်သူတွေ အမြင်ကတ်ကတ် ညီမ မကတ်ဘူးနော် အမြဲတမ်းးး မမရဲ့ ညီမလေးပဲ လုပ်မယ်နော် သိလား လို့ ဟိဟိ (ချွဲတာဟုတ်ဘူးနော် အဲလိုထင်လဲ တတ်နိုင်ဘူးရယ် ဟဟဟ)

မြစ်ကျိုးအင်း said...

အဲလိုတော့ မထင်မိပါဘူး
စာတကြောင်းတိုင်းစီမှာ နုညံ့မှုတွေ ရှိတဲ့ သူငယ်ချင်းရဲ့
စိတ်နှလုံးသားကလည်း နုညံ့မှာပါ။
ကိုယ်ကောင်းအောင်နေရဲ့နဲ့ အမြင်ကပ်တာမျိုးတော့ ရှိမှာပေါ့...။ဒါက စိတ်ထဲထည့်တွေးရမယ့် အရာမဟုတ်ပါဘူးလေ။

Mogok Thar said...

စာလေးရော၊ ကဗျာလေးရော လှတယ် ညိမလေးရေ
အကို ခုမှ စက်ကောင်း (ပြန်ကောင်းပြီထင်တာပဲ) လို့ ပြန်မအိပ်ခင်လေး ပြေးလာ ဖတ်တယ်။ ပြန်လာမယ်။

ပျော်ရွှင်ပါစေဗျာ။

ဆောင်းယွန်းလ said...

အငြိုးတလက်လက် ပြာပူမိုးတွေအောက်
ခေါင်းငုံ့ကာ ရပ်နေသူပါ။
ရင်ကွဲနာကျ
အငွေ့ဖြစ်သွားလည်း...
ဟာသ ပဲတဲ့လား။

ကဗျာလေးကကောင်းလိုက်တာညီမလေးရေ
အကိုကတော့အစွန်းရဲ့အပြင် စည်းအပြင်ကိုတောင်ရောက်နေခဲ့ပေါ့...
ဘာကိုဂရုစိုက်သလဲ...ဘာကိုမှဂရုမစိုက်နဲ့ညီမလေးရေ

နှင်းဟေမာ said...

မမကိုးရေ...........
နောက်ကျသွားလို့ အပေါက်ဝကဗြဲ ကနဲ ငိုပြီး ပြန်သွားပီ....းp
သူများတွေကလဲ တစ်ခုမှကို အလွတ်မပေးဘူး ရေးသွားလိုက်ကြတာများ တစ်ယောက်တစ်မျိုး
ဒွတ်ခ ..... ဘာပြောရမှန်းတောင် အတိတော့ဘူး....။
မမကိုးရေ....... မချစ်မနှစ်သက်သော သူများနဲ့ ဆုံဆည်းရခြင်း ဒုက္ခကနေ အမြန်ကင်းဝေးနိုင်ပါစေလို့..ဆုတောင်းပေးနေမယ်နော်....။
နောက်ဆုံးကနေ တစ်ယူသွားပြီနော်....မမ
ချစ်တဲ့ ညလေး ... နှင်း

sweety said...

အစ်မရေ..စာပြန်ရေးပြီနော်..၀မ်းသာလိုက်တာ..အစ်မချစ်ခြင်းတစ်ခုကိုလည်းဆက်ပါဦး..စောင့်နေတယ်..ပြီးတော့အစ်မရေ..အရာတိုင်းကိုလိုက်ပြီးမခံစားစေချင်ဘူး..ကျွန်တော့်ယူဆချက်ကတော့ လောကကြီးမှာနေတတ်ရင်ကျေနပ်စရာကြီးပဲ..နေ တတ်အောင်နေဖို့ပဲအရေးကြီးတယ်လေ..အစ်မ အစစအရာရာအဆင်ပြေပျော်ရွှင်ပါစေနော်..

သိင်္ဂါကျော် said...

အပေါ်က စာတွေ ယုံဘူး...
ကဗျာလေးတော့ ကြိုက်တယ်...

မယ်ကိုး said...

ဒီတစ်ခါလည်း ဗေဒင်မှန်ပြီထင်တယ်နော်။ ကျွန်မ အပိုတွေဆိုတယ်ဆိုကာ အမြင်လွဲပြန်ပေါ့လေ....={

မိုးစက်အိမ် said...

ဟုတ်တယ်ဗျို. မကြီး အမရာ ပြောသလိုဘဲ ယုံဘူး
ဘယ်နှယ် အနော်အမ ဒီလောက်သဘော ကောင်းတာ
ဘာလို. အမြင်က ကပ်မှာတုန်း ... ကဗျာလေးကတော.
ဖတ်ရတာ တမျိုးဘဲ ...

Lucifer said...

ဟူး... မမီးကို အမြင်ကပ်ကြတာရေးရရင်တော့ မလွယ်ဘူး..ဟီးတော်တော်များလို့ပါ

ဖိုးစိန် said...

နားလည်ပါတယ် ဆိုတဲ့ စကားလေး လက်ဆောင်လာပါးပါတယ်...

ကိုးကိုး ကဗျာလေး လှတယ်...


ချစ်ခင်စွာဖြင့်

ဖိုးစိန်

TnT said...

အစ်မ စာရေး အရမ်း ကောင်းတယ်။

သာတယ် နာတယ် မှန်တယ် မှားတယ် မတွက်၊ လိင်တူ လိင်ကွဲ ဘာသတ်မှတ်ချက်မှ မထားဘဲ ဆက်ဆံစရာ ရှိလာရင် ဆက်ဆံလိုက်ပါ လို့ အကြံပြုပါတယ်။ နားလည်ပါတယ်။ ဘာလို့ဆို အစ်မနဲ့ ကျွန်တော်နဲ့ အရမ်း တူနေခဲ့လို့ပါ။

Orange Chit Thu said...

မယ်ကိုးရေ.....ရေးတတ်လိုက်တာ။
ဖတ်ရတာနုသွားတာပဲ။
ဒီကဗျာလေးကိုအရမ်းခိုက်သွားတယ်။
"ဒါပေမယ့်လည်း...
အပြန်ကို မျှော်မိတဲ့ ပုထုဇဉ်ရယ်လေ။"
စကားလုံးလေးကြိုက်လွန်းလို့။

ကိုလူထွေး said...

ချစ်ခြင်းနှင့် စောင့်မျှော်ခြင်း
.................................

ချစ်ခြင်းတွေ နောက်ထပ်မဆက်သေးသရွေ့
အလိုမတူခြင်းတွေနဲ့ပဲ ငါ့ကိုငါ ပြန်နှစ်သိမ့်နေရ...

ဘယ်လိုလဲကွယ်...

ကြီးမှာလား သေးမှာလား...
နီးမှာလား ဝေးမှာလား...

ငယ်မှာလား အိုမှာလား...
ရယ်မှာလား ငိုမှာလား...

နာမှာလား သာမှာလား...
လာမှာလား ကြာမှာလား...

းဝ)

(ချစ်ခြင်းတွေ ဘယ်တော့ဆက်မှာလဲ...
ဆက်မရေးဘူးဆိုရင်တော့ "ချစ်ခြင်းနဲ့ ရှူရှူးပေါက်ခြင်း" ဆိုပြီး ဟာသလုပ်ရေးပစ်လိုက်မှာနော်...)

ကာရံဆူး said...

မမကိုးရေ...ကဗျာလေးက ကောင်းလိုက်တာ...အတုယူ အားကျပါတယ်မမ.. မမကိုးပြောသလို အသံနဲ့ အရုပ်ကိုတော့ သိပ်မယုံချင်ဘူး...တကယ်လို့ များ အဲ့လို ဆိုးနေရင်လည်း စိတ်ကသာ အဓိကပါ...မမကိုးရဲ့ အကြင်နာ စကားလေးတွေ ကြားရတိုင်း မမကိုးဟာ သိပ်လှတဲ့ နှလုံးသား ပိုင်ရှင် တစ်ယောက် ဖြစ်မှာ သေချာပါတယ်...အားပေးနေမြဲလို့ ပြောလို့ အတိုင်းမသိ ၀မ်းသာမိပါတယ်...မမကိုးရေ..

နှင်းဆီချစ်သူ said...

မမမယ်ကိုးရေ ကဗျာလေးကကောင်းလိုက်တာနော်
အသံရော လူရော ချစ်စရာကောင်းတာ မီးသေချာသိပါ၏

မင်းအိမ်ဖြူ said...

နောက်ကျတဲ့ အစ်ကို့ကို ခွင့်လွှတ်ပါဗျာ

လာဖတ်တယ်

မင်းအိမ်ဖြူ

Angel Shaper said...

အင်းးးးးးး မမရေ.....
အမြင်လွဲခံရမဲ့ ဇာတာ မဟုတ်ပါဘူး။
တလွဲ မြင်ကြတာပါ။
မကြည့်တတ်တာ ခေါ်မှာပေါ့။ ဟိဟိ

လင်းငယ် said...

ရောက်၏။ အစ်မဘလော့လေးကို လင့်လိုက်မယ်နော်.. လာလည်ဖို့ အဲဗားလေ

Julian said...

ဟေးညီမလေး

ကိုယ့်ကိုယ်ကိုယ်နားမလည်နိုင်သူတွေက ဘယ်လိုလုပ်သူများကိုနားလည်ပေးနိုင်ပါ့မလဲ

ပြီးတော့ အမဆီက နားလည်ပါတယ် ဆိုတာကို မယ်ကိုးကလိုချင်တာမှမဟုတ်တား)

အမ မပြောတော့ဘူးနော်......

ညီမလေးစာအရေးအသားလှပညက်ညောလိုက်တာ။ အားပေးနေဆဲပါနော်။

ဇော် said...

အာ .. မဖြစ်နိုင်တာ ..
ဘာ့ကြောင့်အဲ့လို ပြောနိုင်ရတာလဲ ..
မဖြစ်နိုင်ဘူး ..
ဒါပေမယ့် ကဗျာလေးကို ကြိုက်တယ် ..

Nai ရဲ့  ရွှေရတုမှတ်တမ်း said...

ကဗျာလေးကိုအသံထွက်ဖတ်ကြည့်တော့...
အသံသာလိုက်တာ

ဆောင်းယွန်းလ said...

တဂ်ထားတယ်ညီမလေးရေ...ရေးပေးပါဦး
အားတဲ့အချိန်ရေးပေးဖို့ပါ

http://saungyunela.blogspot.com

luminnkhaung said...

စာရေးတာပိုကောင်း လာတယ်၊ ကျော်ရ ခွရနဲ့ မရောက်နိုင် ဖြစ် နေ လို့ အချိန် ယူပြီး ဖတ်သွား ပါတယ် ဗျာ။


ငြိမ်းချမ်းပါစေ

ဥပသကာ

နှင်းဆီပန်းချစ်တဲ့ကောင်မလေး said...

မမရေ 10 ရက်နေ့ ရောက်ဖို့ 3 ရက်ဘဲလိုတော့တယ် နော်။
ဒန့် တန့် တန့်
(ပျော်တယ်ဝေးးးးးး နာ့အမ ပြန်လာတော့မယ်)

mabaydar said...

အစ်မရေ.. တူတူပါပဲ.. ဟန်ဆောင်မျက်နှာဖုံးနဲ့ သရုပ်ဆောင်ကောင်းတဲ့လူတွေကြားမှာ ညီမလဲ အံချော်နေဆဲပါပဲ... တစ်ခါတစ်လေကျတော့လဲ ကိုယ်ပဲ လူမှုရေးအတော်ညံ့နေသလား... ကိုယ့်ပြဿနာပဲလားလို့ခံစားရတယ်... ဒါပေမဲ့ ကိုယ်မကြိုက်တဲ့သူကိုတော့ ဟန်မဆောင်နိုင်သေးတာ အမှန်ပဲ...