10 October 2009

“ အိမ်မဲ့သူတေး ”



ခံစားချက်တွေကို သိမ်းမြုပ်ထားခြင်းမှာ အလေ့ဖြစ်နေသူ
အိပ်မက်ကို ရှာမတွေ့နိုင်သူ
စိတ်နောက်နေသူ
နောက်ကွယ်မှာ ပြိုလဲနေသူ
ရပ်တည်ရာ မဲ့နေသူ
ယုံကြည်ရာ ပျောက်ရှနေသူ
တင့်တယ်ကျက်သရေ ဝေးကွာလွန်းသူ….

ဒီနာမဝိသေသနတွေက Avril Lavigne ရဲ့ Nobody's Home သီချင်းစာသားလေးတွေကို ကျွန်မ မလှမပ ဘာသာပြန်ထားတဲ့ ဝေါဟာရ အကျိုးအပဲ့လေးတွေပါ။ ဘာသာစကားချို့တဲ့မှူနဲ့ စကားလုံးတွေ လိုရင်းမရောက်ခဲ့ရင် သည်းခံပေးစေချင်ပါတယ်။

ကျွန်မကို ရည်စူးထားသလို ထပ်တူကျလွန်းတာမို့ ပျောက်ဆုံးနေတဲ့အသံတွေကို ဒီသီချင်းလေးကနေ ညည်းချင်းဖွင့်တာ ခွင့်ပြုပေးပါလေ။ နာပျော်ဖွယ်ကောင်းတဲ့ ဖြစ်ရပ်မှန်တွေသာ တေးလုပ်ဆိုချင်ပေမယ့် ကံနည်းခဲ့သူပါ။
ပကတိအလင်းရောင်မှာပင် နောက်ကျောကို ဓားထိုးခံရတာမို့ ပုံရိပ်ယောင်တွေတောင် ရှောင်ပုန်းချင်ခဲ့တဲ့အခိုက်မို့ ဒီသီချင်းလေးကို စဉ်ဆက်မပြတ်နားထောင်နေခဲ့တာ။


Found at: http://www.filestube.com

ဘယ်သူတွေကြောင့်လို့ မညွှန်းဆိုချင်ပေမယ့် သီချင်းလေးညည်းရခြင်းအကြောင်းရင်းလေးကိုတော့ အမြွက်မျှ ပြောပါရစေလေ။
………………………………………………………………………………………………………………………………………

နိုင်ငံကြီးသားတွေမို့ သမာသမတ်ရှိမယ်ထင်ခဲ့လည်း နောက်ကျောကို ဓားနဲ့ထိုးတဲ့သူတွေ။

ခိုင်းစရာရှိရင် လေသံပျော့ပျော့နဲ့ အောက်ကျို့ပြောတတ်ပြီး တစ်ခုလေးမှားသွားတာနဲ့ မျက်နှာထား တင်းမာသူတွေ။
မာနဆိုတာ ဘာပါလိမ့်လို့ ပြန်မေးရမယ့် အခါလား။
အလုပ်မှာ လေသံမာမာနဲ့ အပြောခံရတဲ့အခါ ထွက်စာပစ်ပေးကာ ခေါင်းမော့ထွက်သွားချင်လည်း မနက်မိုးအလင်းမှာ ဒီအရိပ်အောက်ကိုပဲ မျက်နှာအောက်ချလို့ သွားရပြန်တဲ့အခါ။
…………………………………………………………………………………………………………………………………………

ကျွန်မ ဘာလုပ်သင့်ပါသလဲ။

အထက်လူမျက်နှာကို ရေနဲ့ မပက်နိုင်လို့ ကိုယ့်လက်ကောက်ဝတ်ကိုပဲ ဓားနဲ့လှီးရတော့မှာလား။

ဘယ်လိုသည်းခံရမလဲ။ တံခါးရဲ့ အပြင်ဖက်ကိုပင် မျှော်မကြည့်နိုင်ပေမယ့် အေးခဲမှူတွေ ရနံ့ပြင်းလွန်းတဲ့ ဒီခြံဝင်းထဲက ကျွန်မ ပျံထွက်ချင်လွန်းချင်လည်း ...
ဘယ်အရပ်ကို ဦးတည်ရမှာလဲ။
ပြေးစရာမြေမရှိတဲ့အခါ လဲပြိုသေဆုံးပြီလေ။
ကျွန်မနဲ့ သက်ဆိုင်တဲ့နေရာဟာ ဘယ်ရပ်ဝန်းမှာလဲ။ ဘယ်ရာသီခွင်မှာလဲ။ဘယ်နက္ခတ်အောက်မှာလဲ။
...........................................................................................................................................................................
အိမ်တဲ့လား။
နာကျင်ခါးသီးစွာ ထပ်တူပြုရပါရင် ကျွန်မအတွက်တော့ ရင်ခွဲရုံသာ ဖြစ်ရဲ့။
ကျွန်မ နားမလည်ဘူး။ ကျွန်မရဲ့ အသိဥာဏ်နဲ့ ဝေးကွာလွန်းတယ်။
အတောင်မဲ့သူမှာ အသိုက်လဲမရှိသလို အေးစက်လေထုနဲ့ အချောကိုင်ထားတဲ့ အဲဒီ အထီးကျန်လှောင်အိမ်မှာ ဘယ်သူမှလည်း မရှိဘူး။

.........................................................................................................................................
အိမ်ပြန်ချင်တယ်။
အိမ်မှာ ဘယ်သူရှိမှာလဲ။
ဘယ်သူမှ အိမ်မှာ မရှိဘူး။

အိမ်ရဲ့ အဝေးမှာ ရှင်သန်နေသူပါ။ တစ်မိုးအောက်မှာ နေသူအချင်းချင်း အကြည့်ချင်းပင် မဆုံဖြစ်တဲ့ နာရီတွေရှိတယ်။ နေကုန်နေခန်း စကားတစ်ခွန်း မဟဖြစ်တဲ့ ရက်စွဲတွေ ရှိတယ်။ မျက်နှာပြင်အကြောလျှော့ဖို့ပင် ဟက်ဟက်ပက်ပက်မရီခဲ့တဲ့ ရက်သတ္တပါတ်တွေ ရှိတယ်။

စိုစွတ်ငါ့မျက်ဝန်းတွေ ခြောက်သွေ့စေဖို့။
ဘယ်ကိုသွားရမှာလဲ။

ဘယ်ကိုမှ မရွေ့နိုင်သူပါ။ လမ်းပျောက်နေသူဟာ ညဉ့်နက်သန်းခေါင် ဘယ်သူမျက်နှာမှမငဲ့ဘဲ စာရေးစာဖတ်နဲ့ လွတ်လပ်လှချည့်ဆိုကာ ရွေးချယ်ခဲ့တဲ့ တစ်ယောက်တည်းအခန်းမှာ ကျုံ့ကျူံ့လေးထိုင်ကာ။

အထီးကျန်ခြင်းဟာ ဆေးဖက်ဝင်တယ်တဲ့။
ကြေကွဲခြင်းတွေ မွှန်းထားတဲ့ အကျဉ်းခန်းလို သေတ္တာဗုံးခွံငယ်ထဲမှာ ဧကစာကျင့်လိုသူပါတဲ့။
ဒါတွေဟာ ကိုယ့်စိတ်ကလေး ပြိုကွဲမသွားအောင် လှည့်ဖြားချက်တွေသာ။

အခုတော့ အလုံပိတ်အခန်းငယ်မှာ ကိုယ့်အရိပ်က ကိုယ့်ကို သွေးလှန့်ချောက်ခြားစေတာ။
ဟိုဒီမလှည့်သာတဲ့ ဒီအခန်လေးဟာ မွန်းကျပ်မှုတွေ အပြည့်အသိပ်နဲ့ နှိပ်စက်ထောင်ပဲရယ်။
တစ်ယောက်တည်းနေ တစ်စိတ်တည်းထား အစရှိတဲ့ တရားစကားလုံးတွေကို မန္တာန်လိုရွတ်နေရင်းကပင် ရက်စက်မှူတွေ ဖိနှိပ်မှုအောက်မှာ မူမမှန်ချင်သလိုဖြစ်လာ။

ကြံခိုင်ရမယ် တဲ့။
အမြင်ဖွင့်ပြီး အကြောင်းရင်းရှာရမယ် တဲ့။

တေးသီချင်းနဲ့လိုက်ညည်းပြီး ကိုယ့်ကိုကိုယ်ဆုံးမပြန်ပေမယ့် အကျွတ်တရားနဲ့ ဝေးကွာလွန်းသူပါ။
ကျွန်မကိုယ် ကျွန်မပဲ လူ့လောကထဲ ရောက်ရှိလာမှုနဲ့ တရားစွဲရမှာလား။
နာကျည်းရလွန်းလို့ ဒဏ်ရာတွေဟာ ပျင်းစရာကောင်းလာတယ်။

…............................
အိမ်ပြန်ချင်တယ်။
အိမ်မှာ ဘယ်သူရှိမှာလဲ။
ဘယ်သူမှ အိမ်မှာ မရှိဘူး။
...............................................

တော်သင့်ပြီ။
အသက်ဓာတ်လေးကို စောင့်ရှောက်ရမှာ ဖြစ်တဲ့အတွက် ဒီသီချင်းကို ဆက်လက် နားမထောင်သင့်၊ မညည်းသင့်တော့မှန်းသိလည်း ဒီသီချင်းဟာ ကျွန်မရဲ့ သွေးကြောမျှင်တစ်လျှောက် အနည်ကျခဲ့ပြီ။

ဒါပေမယ့် ကျွန်မ မငိုဘူးပဲ။ အပိုင်းအစစ နှလုံးသားအကွဲအကြေတွေနဲ့ ရင်ဘတ်ထဲမှာ အနက်ရောင်ဟင်းလင်းခွင်။ရိုက်ချက်တွေဟာ စူးနက်လွန်းလို့ မျက်ရည်ကို ခမ်းစေတယ်။ ဝဋ်ကြီးသူပါ။ ဘယ်လိုပင် မိုးကြိုးခြွှေလည်း မသေသေးဘူးကွယ့်။

ခရောင်းထက်ကြမ်းတဲ့လမ်းမှာ တမျှော်တခေါ်က အိမ်အရိပ်လေးဆီ မျှော်လင့်လို့ ကျွန်မ ရှေ့ဆက် လျှောက်ပါဦးမယ်။
လမ်းရဲ့ တံခါးဝှက်ကိုပင် မတွေ့မြင်နိုင်သူဟာ ရိုးရာမပျက် ရင်ကွဲတေးလေးကိုညဉ်းရင်းနဲ့ ......


ကြိုဆိုသူမဲ့ ရက်စက်တဲ့မြေပေါ်မှာ တည်ထားပေမယ့်လည်း ကျွန်မ အိမ်ပြန်ချင်ပါတယ်။...။



ဒီသီချင်းလေးကို ရင်ဖွင့်ညည်းခွင့်ပေးတဲ့ အစ်ကို ဆောင်းယွန်းလ နဲ့ အစ်မ အိန္ဒြာ တို့ကို ကျေးဇူးအထူးတင်ရင်း ကျွန်မရဲ့ “ ချစ်သောသူသို့  အကြောင်းကြားပါသည်... ” စာလေးမှာ “ နေစရာထိုင်စရာအဆင်မပြေဘူးလား ” လို့ စေတနာထားမေးသွားတဲ့ အစ်မမေ အတွက်ပါ ရည်စူးဖြေကြားလိုက်ပါတယ်။

50 comments:

Nai ရဲ့  ရွှေရတုမှတ်တမ်း said...

မယ်ကိုး..အိမ်လေး ထဲမှာ..သတ္တိ တွေ ကျန်နေသေးတာ..လေးလေး..မြင်ပါတယ်....

ကြည်ဖြူပိုင် said...

သူငယ်ချင်းရေ...မရောက်ဖြစ်တာကြာပီ
ပထမဆုံးမန့်ခွင့်ရခဲ့ပီမို့ပျော်ရွှင်မိပါတယ်။
ဒီတက်ဂ်ပို့လေးကိုဒီလိုပုံစံနဲ့ရေးထားတာ..
စိတ်ဝင်စားစရာပဲ
ပျော်ရွှင်ပါစေကိုယ့်သူငယ်ချင်းရေ။
မယ်ကိုးသူငယ်ချင်းကသံယောဇဉ်သာဖြတ်တယ်
မပြတ်တာသေချာတယ်နော်
ခုပဲကြည့်...
အိမ်တွေလျှောက်လည်
ကွန့်မန့်တွေပေး
အဟား..စာတွေရေးတာရှည်နေတာနဲ့
ဒုတိယဖြစ်သွားပြီလားမသိ
:)

ကြည်ဖြူပိုင် said...

လမ်းရဲ့တံခါးဝှက်ကိုပင်မတွေ့နိုင်သူဟာ
ဆိုတဲ့အသုံးနှုန်းလေးကိုကြိုက်တယ်

mae said...

မယ်ကိုးရေ.. ခုမှပဲ စာပြန်ရေးတော့တယ်၊ မျှော်နေတာ

အသေအချာနားမလည်ပေမယ့် ခံစားသွားပါတယ်

hugs!

ဝက်ဝံလေး said...

မမကိုးရေ တော်တော်စိတ်ညစ်နေပုံရတယ် စာကိုဖတ်လိုက်ရတာ စိတ်မကောင်းပါဘူး မမရယ် ဘာ အားပေးစကားပြောရမှန်းတောင် မသိတော့ဘူးရယ် ကိုရီးယားကားထဲကလို အာဂျား အားဂျား ဖိုက်တင်းနော် ဟီးးးးးး(ကာရံဆူးမလာခင်ပြောထားမှ) အားတင်းထား မမရေ

ဝက်ဝံလေး said...

မမကိုးရေ စာလေးပြန်ရေးလို့လဲ ဝမ်းသာတယ်နော် မစနေတောင် မမ ကိုမေးနေတယ် မယ်ကိုး စာမရေးဘူးလားနဲ့ ဟီဟိ ညီမ နဲ့လောင်းမလား ဒီပို့စ်ကို သူ comment ပေးလိမ့်မယ် ကြည့်နေ ဟိဟိ

တာ့တာ ဘတ်လဘိုင် ဘတ်လဘိုင် ပြန်တော့မယ် စိတ်မကောင်းဘူး မမ လဲ စိတ်မကောင်းတော့ ညီမလဲ စိတ်မကောင်းဘူးပေါ့နော် ဟင့် ရွှတ် ဖတ် (ပိုထှာ ဒီဝက်မကလဲလို့တော့ တွေးတော်မမူကြပါကုန်)

ဝက်ဝံလေး said...

မမကိုးရေ အိပ်တော့မယ်နော် သိလား တာ့တာ ပို့စ်လေး အသစ်တင်တယ်ဆိုလို့ ပြေးလာတာ ၁ လဲအရဘူး ဟီးးးးး ဒါပေမယ့် ၁ ကနေ ၁၀ အတွင်းတော့ ဝင်တယ် ထင်တယ်နော် မမရေ သောင်းကျန်းသွားသလို ဖြစ်ရင် ခွင့်လွှတ်ပါ နော် ဂယ်လဲ သောင်းကျန်းသွားပါတယ် ချင့် ဟက် ခွီးးးးခွီးးးးး(တက်တာဟုတ်ဘူးနော် အဲဒါ ရီတာ ရီတာ) ဘိုင် တာ့တာ (ဘယ်နှကြိမ်ရှိပြီလဲ မသိဘူး နှုတ်ဆက်နေတာ ဟဲဟဲ)

အိုင်လွယ်ပန် said...

နင့် နဲ စွာ ခံစားလိုက်ရပါတယ် .။။
ဒါပေမယ့် ထရပ်နေတဲ့ အားတစ်စမှာ
မာကျောတဲ့ တစ်ခုခု တွေ့နေရတယ် .။။
အဲဒီ့ မျှင်မျှင်လေးကပဲ အရောင်လက်နေတယ် ..။
ငြိမ်းချမ်းနိုင်ပါစေသား ဗျာ ...။
ကောင်းသောညပါ ...။

Angel Shaper said...

မမယ်ကိုးရေ....
ဒီသီချင်းကို သမီးလဲ အရမ်းကို ခံစားပြီး ကြိုက်ခဲ့တာလေ။
ဘာမှ မလုပ်ပေးနိုင်သလို၊ ပျော်ရွှင်အောင်လဲ ပြောမပြတတ်ပါဘူး။ မမြင်ဖူး မဆုံဖူးကြပေမယ့် ရင်ထဲက ညီအမ သံယောဇဉ်လေးကြောင့် ကိုယ့်အမ တစ်ခုခု ခံစားနေရတယ်ဆိုတာ ရင်ထဲအလိုလိုဖြစ်လာတယ်။ မကို ဆုတောင်းပေးလိုက်ပါတယ်။ အစစအရာရာ အဆင်ပြေပျော်ရွှင်ပါစေနော်။

Moe Cho Thinn said...

ညီမလေးရေ
ဒီလိုမျိုးခံစားမှုတွေ လူတိုင်း တကြိမ်မဟုတ် တကြိမ် ခံစားဖူးကြမှာပါပဲ။ အမ နားလည်တယ်။ ခံစားလို့ရတယ်။ ဒီကွန်မန့်ရေးတာ ညီမလေး လက်ကို နွေးနွေးထွေးထွေး လာဆုပ်ကိုင်လိုက်တယ်လို့ သဘောထားပေးပါနော်။
အားတင်းထား ညီမရေ့..အဖော်ရှိတယ်။

အိန္ဒြာ said...

မယ်ရေ..ညီမလေးရေ....

စာလေးဖတ်ပြီး..ရင်ထဲမှာ..လှောင်ပိတ်နေအောင်ခံစားလိုက်ရတယ်..။

ဘာလို့အဲလိုတွေတွေးနေရတာလဲ..မယ်..။

တကယ်ဆို..သူများနိုင်ငံမှာ.အလုပ်လာလုပ်ကြတာကို..
မ တို့က အလွမ်းအပါအ၀င်အရာရာအမြတ်ထွက်တယ်..
လို့တွက်လိုက်ပါ..။

အဓိက စိတ်တွေ အကြောင်းပိုသိလာတယ်..
ကိုယ့် စိတ်
သူများတွေရဲ့ စိတ်...။
(ဘယ်လောက်အထိကြောက်စရာကောင်းစလဲဆိုတာ.)

ဖြစ်လာသမျှ အခက်အခဲ အားလုံးကို သင်ခန်းစာပဲမှတ်ထားလိုက်တော့..ညီမ..

ငါ တစ်ယောက်တည်းမဟုတ်..အားလုံး..ဒီလိုဆိုတာကို
အထပ်ထပ်ထည့်တွက်ပါ..။ရွတ်နေလိုက်ပါ..။

အမတို့က..ဒီကိုလာချင်လွန်းလို့ ဒီလိုလုပ်ချင်လွန်းလို့..
ဘယ်လောက်စိတ်ပင်ပမ်းလူပင်ပမ်းတွေခံ..
ငွေကြေးအကုန်အကျတွေခံ..စွန့်စားခန်းတစ်ခုလို
ထွက်လာခဲ့ကြပြီးပြီပဲ...
(ဒီလိုပဲဖြစ်အောင် ခေတ်ကဖန်တီးပေးခဲ့တာ။ ဒီလိုလာနိုင်အောင်ကြိုးစားနေကြတဲ့ လူတွေဟာ..လည်း..လက်ရှိလူငယ်ဦးရေရဲ့တစ်ဝက်တောင် ကပါ့မလားပဲ ကျန်နေသေးတယ်..။)

အလွမ်းကို အရောတ၀င်မနေနဲ့ညီမလေးရေ..
အိပ်မက်ကိုတောင်ဇိမ်ပြေနပြေမမက်လေနဲ့...
ရနေသလား..ဆုံးရှုံးနေသလားမသိလို့..
သိပ်စိတ်တွေလေလာရင်
အမ ခဏခဏပြောဖူးတယ်..။

ရောက်တဲ့အရပ်မှာ တို့တွေ ဘယ်လိုမှပျော်အောင်မနေနိုင်ကြပေမယ့်
ကိုယ့်စိတ်ကိုယ် သက်သာအောင်တော့ကြံမွေးပါညီမရယ်...။

(လက်ကောက်ဝတ်ဓါးနဲ့လှီးမည်ပါသဖြင့် နားချနေရခြင်း)

ညီမရေ..
ဗမာပြည်ကြီးက အိမ်ပေါ့ကွယ့်..
ဗမာပြည်သူပြည်သားတွေက အိမ်ရှင်တွေပေါ့....

အစ်မ အရင်ပြန်နှင့်ရင်..ငါ့ညီမလေးကို..
လာကြိုပေးနေမယ်..။

လသာည said...

သီချင်းလေးကို နားထောင်။ စာသားလေးကိုဖတ်။ သီချင်းကို နောက်တစ်ခေါက် ထပ်နားထောင်ပြီး ကွန်မန့်ရေးဖြစ်တယ်။

အစ်မလည်း အိမ်ပြန်ချင်တယ်လို့...

အော် ဟားဟား အားပေးအောင်လာပါတယ်ဆို အတူတူငိုစရာပြောမိတယ်..

ပြန်စရာအိမ်မရှိရင် လာခဲ့ပါ.. အစ်မတို့ အိမ်က အမြဲကြိုနေတယ်။

အပြုံးပန်း said...

ကြည်အေးရဲ့ နွမ်းလျအိမ်ပြန်ကို မနေ့တနေ့ကပဲ ဖတ်ထားတာ။
ဝတ္ထုထဲက အတွေးတွေ၊ အရေးတွေက ကြည်အေးရဲ့ အတွေးလား၊ တင်မေရဲ့အတွေးလားလို့
တွေးနေမိသလိုပဲ
ဒီပိုစ့်ဟာ မယ်ကိုးရဲ့အတွေးလား၊ သီချင်းကို ခံစားတာလား (သီချင်းနားထောင်လိုက်ပါအုံးမယ်)၊ အဖြေရှာကြည့်ပါအုံးမယ်။

(မရေးတာကြာပြီမို့ အလုပ်များနေမယ်လို့ တွေးနေတာ)

ကာရံဆူး said...

မမမယ်ကိုးရေ...လူဆိုတာ တစ်ယောက်တည်းနေရတာ ပိုပြီးငြိမ်းချမ်းမှုရှိတယ်...သို့ သော် နှလုံးသားမှာ ဘုရားတည်ထားရင် အရာရာ ပြည့်စုံကုံလုံ အေးငြိမ်းမှုကို ရမှာပါ...မမမှာ စိတ်ညစ်စရာတွေ အထီးကျန်တာတွေ သူများလက်အောက်မှာနေရတဲ့ စိတ်ကျပ်တည်းမှုတွေဟာ ဘုရားရှင်ကိုသာ တိုင်တည်လိုက်ရင် ခဏလေးနဲ့ ပေါ့ပါး လန်းဆန်းသွားမှာပါ...ကာရံလည်း အလုပ်မှာဆို အတိုက်အခံအရမ်းများတာ...သူများတွေစကားနားယောင်ပြီး ကိုယ့်ကို ညစ်တဲ့ သူဌေးကိုတောင် ကာရံက တိတ်ဆိတ်စွာ နေပေးခဲ့တယ်...ဘာမှ မဖြေရှင်းခဲ့ဘူး..အချိန်တန်တော့လည်း အလိုလို ပြန်နားလည်မှု ရသွားတာပါပဲ... လက်ကောက်ဝတ်ကို ဓါးနဲ့ လှီးမယ်ဆိုတဲ့ မကောင်းသော အတွေး မကောင်းသော အကြံဟာ ငရဲကြီးပါတယ် မမရယ်...အစ်မ ဘယ်လို စိတ်ကျဉ်းကြပ်မှုတွေပဲ ကြုံကြုံ အစ်မ အနားမှာ ဘယ်သူမှ မရှိပါစေ..ဘုရား အမြဲရှိပါတယ်...ယုံကြည်ထားပါနော်...အမြဲအားပေးနေမယ်...အစ်မမယ်ကိုး တစ်ယောက် သောကတွေပျောက် အေးငြိမ်းရောက်ပါစေ...

ကာရံဆူး said...

အော်..၀က်ကလေးက ကာရံဦးမှာ ကြောက်တယ်လား..ဟားဟား..မကြောက်ပါနဲ့ ကွယ်..ကာရံဖျားနေတယ်..မနေ့ က သူများအိမ်မှာ မရစဖူး တစ်ရလို့ အပျော်ကျူးလို့ ထင်ပါရဲ့ ...ဒီနေ့ အစ်မမယ်ကိုးရဲ့ အိမ်ကို ပထမဆုံးလာလည်တာလေ...အစ်မရဲ့ မွန်းကျပ်မှုတွေကို မျှဝေယူသွားပါတယ်... အစ်မရယ် ကာရံတို့ ဟာ ဘ၀တူတွေပါ... ငါတစ်ယောက်တည်း မဟုတ်ဘူး ဆိုတဲ့ အချိန်မှာ စဉ်းစားလိုက်ပါ..ကိုယ်ရဲ့ ကံက ဆိုးတယ်လို့ ယူဆရင် ကိုယ့်ထက် ဆိုးတဲ့သူတွေကို ငုံ့ ကြည့်လိုက်ပါ...ဒါပေမဲ့ အစ်မမယ်ကိုးကို ကာရံ အပြည့်အ၀ယုံကြည်ပါတယ်...ဒီလောက် မပျော့ညံ့ပါဘူးလို့ ...နော်...

Minn said...

ညီမရေ အဆင်ပြေတယ်ဟုတ်

အင်း အဆင်မပြေတာကတော့ လူတိုင်းပါပဲ ညီမရေ

ဒါပေမယ့်ပျော်အောင်နေတယ် ၊ မပျော်ပျော်အအောင် နေတယ်

အစ်ကို ခုတလော သဘောကျနေတဲ့ forward mail လေးရှိတယ် ညီမဖတ်ပြီးသားဖြစ်မှာပါ EGG , Carrot and OngLong Tea ဆိုတာလေးလေ

ဒီလိုပါပဲ ညီမရယ် ညီမစာလေးကို အစ်ကို နားလည် ခံစား နိုင်ပါတယ်

ညီမစာထဲက အိမ်လေးအကြောင်းတော့ အကြံမပေးတက် ပေမယ့်

တစ်မိုးအောက်မှာ နေသူချင်းချင်း အကြည့်ချင်းပင် မဆံဖြစ် ဆိုတာလေးလေ
ကိုတော့ အစ်ကိုပြောချင်တယ်

ဒီမှာ အတူနေကြတာက သူငယ်ချင်းတွေ ညီအစ်ကိုမောင်နှမတွေ မဟုတ်ကြဘူးလေ သူ့အလို လိုက်မှ ကိုယ့်အလိုလိုက်လိမ့်မယ် ကိုယ်ပြုံးမှ သူပြုံးလိမ့် မယ် ၊ အသွားရှိမှ အပြန်ရှိလိမ့်မယ် ဒါလေးကတော့ ဒီမှာ အစ်ကို ခံစားရတာလေးပေါ့

ညီမမှာ သူငယ်ချင်းတွေ အများကြီးရှိတာပဲ ဟုတ်တယ်ဟုတ် ဘာအတွက် အထိးကျန်မှာလဲ
ညီမဘလော့မှာ ဆိုလူတွေ ကိုစည်နေတာပဲ သူငယ်ချင်း တွေ အများကြီး ဒါဘာလို့လဲ အဲဒါလေးကို Online ကနေ Offline ကိုပြောင်းလိုက် ပြောင်းပြီး ကျင့်သုံးလိုက် ညီမဘေးမှာ သူငယ်ချင်းတွေ ပေါမှပေါ ပါ

ဟာဟ ပြောချင်တာတွေ ပြောသွားတယ် စိတ်မဆိုးနဲ့နော် စိတ်ညစ်နေတယ်ဆိုလို့ ဆရာလာလုပ် တာ P;

ပျော်ရွှင်ပါစေ
မင်းအိမ်ဖြူ

Minn said...

မန့်ထားတာ ဘယ်ရောက်သွားလဲ

သွားပါပြီ ဟီးးးးး

Minn said...

အော် သိပြီ ဟီဟိ

ပျေက်သွားပြီလားလို့ လန့်သွားတာ

ဘလော့ပိုင်ရှင် ဆီက ခွင့်ပြုမိန့်သွားယူတာကိုး

မင်းအိမ်ဖြူ

ဗညားရှိန် said...

ထပ်တူခံစားမိပါတယ်ဗျာ အားတင်းထားပါ ဒုက္ခဆိုတာ လိပ်စာမမူပဲ ကိုယ့်ဆီရောက်လာနေကြပါ . . . အားမလျှော့နဲ့

ဗညားရှိန် said...

အားမလျှော့နဲ့ . . . . . ဒုခ ဆိုတာလိပ်စာမမူပဲ ကိုယ့်ဆီရောက်လာနေကြပါ အားတင်းထားပါ ဇွဲမလျှော့ လိုက်နဲ့

ဗညားရှိန် said...

အားတင်းထားပါ . . . . ဇွဲမလျှော့လိုက်ပါနဲ့

MANORHARY said...

အိမ်ပြန်ချင်တယ်
အိမ်မှာဘယ်သူရှိမလဲ
ဘယ်သူမှအိမ်မှာမရှိဘူး......
...........
အမှန်ပဲ မယ်ရေ
တစ်ခါတစ်ခါကျ စံလွဲသတ်မှတ်ချက်တွေနဲ့
လောက ဟာ ပိုပြီး နာကျင်စရာကောင်းလာတယ်
ကိုယ်လည်း အိမ်ပြန်ချင်တယ်
ဒါပေမယ့် ကိုယ့်အိမ်မှာ ဘယ်သူမှမရှိဘူး
.............
ဘယ်လိုသီချင်းမျိုးကိုမှတောင် ခံစားဆိုညည်းနိုင်စွမ်း တကယ်မရှိတော့လို့ တက်ဂ်ပို့စ်တောင် မရေးနိုင်ခဲ့ဘူး

နှလုံးသားတွေနွေးထွေးရင် ဒါဟာလည်း အိမ် တဲ့
မောင်နှမတွေနဲ့ချစ်ခင်စွာနွေးထွေးနေတဲ့ နေရာလေး ကလည်း အိမ်ပါပဲ ...
လေ ထဲမှာတည်ဆောက်ထားပေမယ့်
ခိုင်မြဲတည်တံ့နေမယ့်အိမ် ဆိုတာ ဒီတစ်ခုပဲရှိပါလိမ့်မယ် ........

နှင်းဟေမာ said...

မမကိုးရေ....
အထက်က ကိုယ့်ထက်နွေးထွေးစွာ အားပေးတက်ကြတဲ့ မောင်နှမ တွေရဲ့ စကားနဲ့တင်
တော်တော် အားတွေရှိနေပြီ ... ဟီး
မမကိုး ခံစားနေရတဲ့အတိုင်း နှင်းလဲ ခံစားရတယ်
ထပ်တူထပ်မျှ နားလည်မိပါတယ် မမရေ...
အရာအားလုံးကို ဥပေက္ခာပြုနိုင်ပါစေလို့ နှင်း ဆုတောင်းပါတယ် .... မမကိုး အဆင်ပြေပျော်ရွှင်ပါစေနော်
ချစ်တဲ့ ညလေး နှင်း

ThuHninSee said...

အဆင်မပြေရင်...အစ်မအိမ်မှာ လာနေလှည့်။း)
(ကြောင်တော့ ခေါ်မလာနဲ့နော် )

စိမ်း... said...

အိမ်လွမ်းသူချင်းအတူတူ မမမယ်ကိုးက ရေးလိုက်မှ ကိုယ့်ကိုယ်ကိုယ်ထက်ကို ပိုသနားမိသွားတယ်....
စိတ်မကောင်းဘူး ဒါပေမယ့်လည်း ဘယ်တတ်နိုင်ပါ့မလဲလေ... နော့...
ဆုံးအောင်တော့လျှောက်ရမှာပေါ့...

ဆောင်းယွန်းလ said...

စောင့်ရကျိုးနပ်ပါတယ်ညီမလေးရေ..
အမှတ်တရပို့စ်လေးကို သတိတရနဲ့ရေးပေးတဲ့အတွက်
ကျေးဇူးလည်းတင်မိပါတယ် ညီမလေး....

အရေးအသားတွေကောင်းသလောက် ပိတ်လှောင်ဆို့ကြပ်နေတဲ့ မွန်းကြပ်မှုတွေကို ထင်ထင်ရှားရှားတွေ့မြင်လိုက်ရလို့ စိတ်မကောင်းဘူးညီမလေးရေ...
အကိုတို့အားလုံးနီးပါးဟာ မွန်းကြပ်ပိတ်လှောင်နေကြရတဲ့သူချည့်ပါ ညီမလေး
အသက်တွေကြီးလာလေ လူ့ဘဝရဲ့ဒုက္ခပေါင်းစုံကိုပိုပြီးတွေ့ရ ခံစားရလေပါပဲ ညီမလေးရယ်..
တကယ်တော့ အကိုတို့ညီမလေးတို့တတွေက
ကိုယ်ချစ်တဲ့ မြတ်နိုးတဲ့ ကိုယ့်ရဲ့ကိုယ်ပိုင်အချိန်တွေကို
ကိုယ်မချစ်တဲ့သူတွေရဲ့ လက်ထဲအရောက် ရောင်းချနေကြရသူတွေချည့်ပါပဲ..ကိုယ်ပိုင်တဲ့အချိန်တွေဆိုတာ တကယ်တော့ ကိုယ်မပိုင်ဖို့ဖြစ်လာရတဲ့ အချိန်တွေပါပဲ...
ဘဝဆိုတာ ဒီလိုပဲပေါ့..
ဆန္ဒနဲ့ဘဝတထပ်တည်းမကျနိုင်မှုတွေထဲမှာပဲ အကိုတို့ခပ်ရဲရဲဖြတ်သန်းကြတာပေါ့..
ကံမကောင်းခြင်းအကြိမ်ကြိမ်အခါခါထဲမှာပဲ ကံကောင်းခြင်းတကြိမ်တခါကို မဲဖောက်သလိုဖောက်နေကြရတဲ့ လူ့ဘဝမှာ မွန်းကြပ်မှုဆိုတာက ဘယ်သူမှရှောင်လွှဲလို့မရနိုင်တဲ့ ထိပ်တိုက်ရန်သူတပါးပဲလေ.
ဒီတော့ ထိပ်တိုက်တွေ့လာတဲ့ရန်သူကို ထိပ်တိုက်ရင်ဆိုင်ပစ်လိုက်ကြရုံပေါ့..
သီချင်းတွေနဲ့ ဖောက်ခွဲပစ်လိုက်
ကဗျာတွေနဲ့ ပေါက်ကွဲပစ်လိုက်ပါညီမလေးရေ

အဆင်ပြေလာမှာပါ.
အားမလျှော့ကြေးပေါ့ ဟုတ်လား....

ခင်မင်တဲ့
အကိုဆောင်းယွန်းလ

Anonymous said...

ခံစားနေရတာတွေကို မညှာမတာပြောတာမဟုတ်ပါဘူးနော်။ အပြင်လူတွေအနေနဲ့က ဘာကိုလုပ်ပါ၊ ဘယ်လိုနေကြည့်ပါဆိုတဲ့ အကြံညာဏ်တွေသာပေးနိုင်တာလေ။ တကယ်ခံစားရတော့ကိုယ်တစ်ယောက်ထဲပဲလေ နော်။ ဒါပေမယ့် တခါတလေဘာကိုမှ ကိုယ်မမြင်နိုင်တော့လောက်အောင် ခံစားနေရတဲ့အခါ သူတို့ရဲ့စကားတွေကပဲ စိတ်ဖြေရာဖြစ်လာနိုင်တာပဲလေ နော်။ ကိုယ့်ထက်အများကြီး ဆိုးဆိုးရွားရွားခံစားခဲ့ရ၊ ခံစားနေရကြတဲ့သူတွေကို တွေးမျှော်ကြည့်ပါ။ သူတို့ကို ကိုယ်ခံစားရတာသက်သာအောင်လို့ ဓားစာခံလုပ်ခိုင်းတာတော့မဟုတ်ပါဘူး။ ဒါပေမယ့်လည်း တခါတလေကျရင် သင်းဘောမြုပ်လို့လူတွေအများကြီးသေသွားတာကို ကိုယ်ခေါင်းအရမ်းကိုက်နေချိန်မှာလာပြောရင် ခံစားပေးနိုင်စွမ်း၊ သနားနေနိုင်စွမ်းမရှိနိုင်ဘူးလေနော်။ ဒါလည်းကိုယ့်အပြစ်မှမဟုတ်တာ။ မယ့်ကို ချစ်တဲ့သူတွေရှိပါတယ်ကွယ်။ ပျော်အောင်နေနော်။
JJ

yangonthar said...

အစ်မမယ်
သီချင်းလေး အရင်နားထောင်လိုက်တယ်
ဘယ်လို အားပေးရမှန်းမသိတော့ဘူးဗျာ
စိတ်ကို တအားကြီးငယ်မပစ်လိုက်ပါနဲ့ 
ပြီးတော့ သိပ်မခံစားပါနဲ့ အစ်မရာ တအား ပင်ပန်းပါတယ် ..... ကျွန်တော်တော့ ဒီလို ခံစား မိတဲ့အခါတိုင်း ဖြစ်နေတာတွေ ရလာတာတွေကို လက်ခံနိုင်ဖို့ ပဲ လုပ်ယူလိုက် တယ် ... ဘာလို့ လဲဆိုတော့ မခံစားနိုင်ဘူးဗျာ .... နောက်မုန်တိုင်းတွေရပ်တန့် သွားတဲ့အခါ နေရောင်လေး ကို ကြည့်ဖို့ အားတွေကျန်နေ ဖို့ လိုသေးတယ်မလား
အိပ်မက်တွေရှာဖွေတွေ့ ပါစေ
မျှော်လင့်ချက်တွေ မွေးဖွားလာပါစေ .....
ခင်တဲ့
ရန်ကုန်သား :)

အမရာ said...

မယ်ရေ.....
ပို့စ်လေးကိုဖတ်ရင်း..
ထပ်တူထပ်မျှခံစားရတယ်...
ဘာဘဲဖြစ်ဖြစ်..တို့တွေမှာတူညီတဲ့
အိပ်မက်တွေကို...ရင်နဲ့ရင်းထားကြတာပဲ...
တနေ့တော့အိပ်မက်တွေသက်ဝင်လာမှာပေါ့......

ကိုလူထွေး said...

စာမေးပွဲနီးလို့မို့ ခေါင်းထဲကို အတွေးတွေက ဟိုရောက်ဒီရောက် ရောက်လာနေတာပါ...

ခေါင်းအေးအေးထား...

စာမေးပွဲကြီးပြီးသွားရင် အားလုံးကောင်းသွားလိမ့်မယ်...

းဝ)

အပြုံးပန်း said...

သီချင်းစာသားကတော့ အတော်ခံစားရစေတယ်၊
ဒါပေမယ့် အဲဒီအထဲမှာ ပါနေတာပဲလေ၊
မယ်ကိုးရေ
Be Strong be strong တဲ့။

နေ့အိပ်မက် said...

မမတော့မသိဘူး. နေ့အိပ်မက်တောင် စာဖတ်ရင်း မျက်ရည်ကျချင်လာတယ်.... ကိုယ်ပိုင်အိမ်ရယ်လို့ဖန်တီးပြီး ပိုင်ဆိုင်ခွင့်ရှိလာတဲ့အချိန်ကျရင် အပြုံးတွေဝေနေတဲ့ အိမ်တစ်လုံးပိုင်နိုင်အောင်... မမအခုအားတင်းထားလိုက်ပါနော်..

Yu Ya said...

Wow!!! Sis!I love this song. It's one of her best. Its definitely about a friend just watching her friends life go down the drain. Not being able to do very much since obviously this person doesn't want help or the friend just isn't trying very hard.

"She's lost inside, lost inside...oh oh.
She's lost inside, lost inside...oh oh..yeah."

When I hear this part, I simply feel that this girl has fallen so deeply in her own self that she has lost the connections with those that could love her.

You should hear the live acoustic version that has some good shizit.
http://www.youtube.com/watch?v=8MILiHWCpZ8

Best wishes,
yu ya

မယ်ကိုး said...

လာရောက်အားပေးသူများကို အထူးကျေးဇူးတင်ကြောင်း အရင်ပြောပါရစေရှင် ...

စာဖတ်သူများ<< စာက လုံးဝမချောတာ သိပေမယ့် ဒီရက်လေးအတွင်းမှာ တင်ချင်လွန်းလို့ တင်ဖြစ်သွားတဲ့ အတွက် စာဖတ်သူတွေကို အထူးတောင်းပန်ပါတယ်။

jeujue <<< အခုလိုအားပေးတာ အထူးကျေးဇူးတင်ပါတယ်။ သူတပါးကို မမြင်ကြည့်နိုင်ဘဲ ကိုယ့်အနာပဲကိုယ်သိတဲ့ အတ္တကြီးသူမျိုး မဖြစ်အောင် ကျွန်မ ကြိုးစားနေနေပါတယ်။ =)

လာရောက်အားပေးတဲ့ လေးလေးနိုင်။
ကိုလူထွေး။ ချစ်မလေး မမေ
ကိုအိုင်လွယ်ပန်။ချစ်မလေး အမရာ
။သူငယ်ချင်းလေး ကြည်ဖြူပိုင်။ညီမလေးဝက်ဝံလေး။ ညီမလေး angle shaper။ ညီမလေး စိမ်း။
ညီမလေးနှင်း။ ညီမလေး ကာရံဆူး။
ညီမလေး နေ့အိမ်မက်။ ကိုရန်ကုန်သားတို့ကို အထူးကျေးဇူးတင်ပါတယ်။

မမမွန်နဲ့ မမလသာည<<
အိမ်လာလည်ဖို့ ခေါ်တဲ့ အတွက် အထူးကျေးဇူးတင်ပါတယ်။ နောက်မှ ဧည့်သည်က အစားပုတ်တယ်ဆိုပြီး ကန်မချဘူး ထင်ပါတယ် :P

အစ်မမိုးချိုသင်း။အစ်ကို ဆောင်းယွန်းလ။ အစ်မ မနော်ဟရီ။ အစ်မအိန္ဒြာ>>
မယ်က ချော်လဲတော့ မငိုဘဲ အမေ လာထူချော့မှ ရင်ဖွင့်ငိုတဲ့ ကလေးလို ကွန်မန့်လေးတွေ ဖတ်ပြီး တော်တော်ကြေကွဲနေတဲ့ ကလေးဆိုးကြီးဖြစ်ပါတယ်။ ဒီလိုသဘောထားကြီးတဲံ့ အစ်ကို အစ်မတွေက သည်းခံပြီး ချစ်ခင်ပေးတဲ့ အတွက် အထူးကျေးဇူးတင်ပါတယ်။

ဆရာမ အပြုံးပန်း >> သီချင်းလေးကို ပိုခံစားပြီး နောက်တစ်ခေါက်လာအားပေးတဲ့ အတွက် အထူးကျေးဇူးတင်ပါတယ်။ တဂ်တာလေးကို အခြေခံပြီး ရင်ထဲရှိတာတွေ ကပေါက်တိကပေါက်ချာ ကရောကပါး ရေးမိတာမို့ သီချင်းလေးကို သေသေချာချာ မဖွင့်ဆိုနိုင်ခဲ့အတွက် အထူးတောင်းပန်ပါတယ် ။

ကိုမင်းအိမ်ဖြူ<< တစ်ခါတစ်လေ ဘာသာဗေဒမတူတဲ့အခါ လေထုအစ အရောင်ကွဲနေတတ်ပါတယ်။ ရေလိုက်ငါးလိုက်နေချင်ပေမယ့် အသက်ရှုကြပ်တတ်မိတာမို့ ဒီလိုပဲ ပုန်းရှောင်နေမိဆဲမို့ ဒိလိုပဲ ကိုယ့်အဆိပ်နဲ့ပဲ ကိုယ်သတ်နေမိတာ ဖြစ်ပါလိမ့်မယ်။

ကိုဗညားရှိန်<< comment မတက်ဘူးဆိုပြီး အပင်ပန်းခံပြီး အထပ်ထပ်ရေးအားပေးတဲ့အတွက် အထူးအားနာကျေးဇူးတင်ပါတယ်။

ကိုယုယ<< ဒီသီချင်းရဲ့ live acoustic version တော်တော်များများက တော်တော်ကောင်းပါတယ်။ ဒါပေမယ့် ကျွန်မက vocal ထက် သီချင်းသံစဉ်ဖွဲ့စည်းမှုကို ပိုနှစ်သက်တတ်သူမို့ မူရင်းကိုပဲ ရွေးချယ်လိုက်တာပါ။

အားလုံးကို အထူးအားနာကျေးဇူးတင် ချစ်ခင်ပါတယ် =)

စည်သူ said...

သြော်... မမမမမမမမမမမမမယ်၉ရယ်

ဖြစ်တတ်တဲ့ လူ့သဘောသဘာဝလို့ပဲပြောရမှပေါ့လေ
ဘာပဲဖြစ်ဖြစ်.. ဘာပဲဖြစ်နေဖြစ်နေ.. အားတင်းထားဗျ

လူဆိုတဲ့အမျိုးကလည်း မသွားမချင်း ဒါမျိုးတွေက ကြုံနေကြရမှာလေ..

ပျော်ရွှင်တစ်လှည့် ဝမ်းနည်းတစ်လှည့်ပေါ့ဗျာ..

ပျော်ရွှင်ခဲ့တဲ့ အချိန်တွေမှာရော
ဝမ်းနည်းမှုကို သတိရဖူးပါသလား..

ဝမ်းနည်းတဲ့ချိန်မှာသာ
ပျော်ရွှင်မှုတွေကို သတိရမိမှာပါ..

ပျော်ရွှင်နေတဲ့ချိန်မှာ.....
ပျော်ရွှင်နေသလို ဝမ်းနည်းမှုတွေလည်းပါပါတယ်

ဒါတွေကို မြင်နိုင်မယ်ဆိုရင်
ပျော်ရွှင်ခြင်းနဲ့ ဝမ်းနည်းခြင်းဟာ
ဘယ်အရာမှ အားမသာပဲ
ငါးဆယ် ငါးဆယ် ဖြစ်မယ်လို့ ထင်ပါတယ်..

တစ်ခုခုဖြစ်လာပြီးဆိုရင်
မိမိကိုယ်မိမိ အပစ်ပုံချတတ်တာ လူ့သဘာဝပဲလေ
ကျွန်တော်လည်း အခုလိုမျိုးဖြစ်နေလို့ပါ .. နေတတ်အောင် ကြိုးစား နေပါတယ်..

အခက်ခဲ မကြုံဖူးသူတစ်ယောက်ဟာ အခက်ခဲ နည်းနည်းလေးတွေ့လိုက်တာနဲ့ လောကမှာ သူကပဲ ဒီလိုဖြစ်နေရတယ်လို့ ခံယူတတ်ပါတယ်..

အခက်ခဲပေါင်း မြောက်များစွားကို ကျော်ဖြတ်လာသူတစ်ယောက်အဖို့ကတော့ သူ့မှာ ဘယ်လိုဖြေရှင်းရမလဲ ဆိုတာကို တွေးနေမှာပါ..

အဖြေမှန်ရမယ်လို့ မျှော်လင့်ပါတယ်..
ရင်ထဲက စေတနာအမှန်ပါ..

ခင်မင်စွာဖြင့်
စည်သူ။

Anonymous said...

မယ်ကလေးရေ...မယ့်ကို အတ္တကြီးသူလို့ ဆိုလိုလိုက်တာမဟုတ်ရပါဘူး။ စာရှည်သွားမှာစိုးတဲ့အတွက် ရေးလိုက်တာမပြည့်စုံသွားလို့ ပေးတဲ့ဥပမာက အဓိပယ်တစ်မျိုးပေါက်သွားတယ်။ ခေါင်းကိုက်နေတဲ့သူလည်း သူ့လျောက်တော့ သေလုအောင်ခံစားနေရမှာပဲလို့ ဆိုလိုချင်တာပါ။ ပေါ့စေလိုလို့ကြောင်ရုပ်ထိုးကာမှဆေးကြောင့်လေးသွားတာမျိုးဖြစ်စေခဲ့လို မယ်စိတ်ရှုပ်သွားရရင် ကိုယ့်ကို ခွင့်လွှတ်ပါလို့။
JJ

မိုးစက်အိမ် said...

ဒီပို.စ်လေး ဖတ်ပြီး စိတ်မကောင်းဖြစ်တာတော့
အမှန်ဘဲ အမရာ . . . အားပေးစကားလေးတွေက
လွယ်ကူနေပေမဲ့ ခံစားနေရတဲ့ ကာယကံရှင်အမ
အတွက်တော့ တကယ့်ကို ဧရာမ ကြီးဖြစ်နေမှာပါ
ဗျာ . . . တိုင်းတပါးမှာ အခက်အခဲများစွား ပင်ပန်း
ဆင်းရဲမှု များစွာ ဒီကြားထဲ စိတ်ဒုက္ခခံစားရတာတွေက
ပိုလို့  ဆိုးတယ်ဆိုတာ ကိုယ်ချင်းစာပါတယ် အမရေ . . .

မယ်ကိုး said...

မjeujue << မရဲ့ စေတနာစကားကို မယ် တကယ့်ကို နားလည် အထူးကျေးဇူးတင်ပါတယ်။နောက်ဆို စိတ်ကလေးကို ဆင်ခြင်ပါ့မယ်လို့ ဆိုလိုချင်တာကို မယ်ကိုယ်တိုင် အပြောမတတ်တဲ့အတွက် မ စိတ်အနှောင့်အယှက်ဖြစ်သွားရင်လည်း အထူးတောင်းပန်ပါတယ်။

သုဏော်စိုင်း said...

မျှင်မျှင်လေးနဲ့ လင်းတဲ့တစ်ချင်မှာတင်
အရာအားလုံးကို ပြီးပြက်အောင်
မြင်နိုင်ပါတယ်...

Lucifer said...

အိမ်ပြန်ချင်တယ်..
အိမ်မှာ ဘယ်သူရှိမလဲး..
အိမ်မှာဘယ်သူမှမရှိဘူး....
ဟင့်
မမီးအဖြစ်က အဲ့လိုပဲ..
အိမ်ပြန်ချင်တယ်..
အိမ်မှာဘယ်သူမှမရှိဘူး..
သော့ပိတ်ထားတဲ့ ခြံတခါးနဲ့ ဖွင့်ပေးမယ့်သူမရှိတဲ့ အိမ်တံခါးပဲးရှိတယ်..
ငိုချင်တယ်

Lucifer said...

အိမ်ပြန်ချင်တယ်
အိမ်မှာဘယ်သူရှိမှာလည်း
အိမ်မှဘယ်သူမှမရှိဘူး...
မမီးလည်းအဲ့လိုပါပဲ..
အိမ်ပြန်ရင် သော့ပိတ်ထားတဲ့ ခြံတခါးနဲ့ ဖွင့်ပေးမယ့်သူမရှိတဲ့ အိမ်တခါးပဲးရှိတယ်

း) said...

မယ်ရေ..
အားပေးစကားတွေ ရင်ထဲကနေ ပြောနေမိပါတယ်..

း) အဲ့ဒီအပြုံးကို အားပေးတဲ့ အပြုံးအဖြစ် မြင်ပေးပါ..

မြစ်ကျိုးအင်း said...

အကောင်းဆုံးကို မျှော်လင့်ကြတာပေါ့ အဆင်ပြေသွားမှာပါ။
သူငယ်ချင်း အဆင်ပါစေလို့ပဲ ဆုတောင်းပေးခဲ့ တော့မယ်။
သူငယ်ချင်းမှာ ကိုယ့်ကိုကိုယ် ထူမတ်နိင်တဲ့ စွမ်းအင်တွေ ရှိမှန်းယုံကြည်ပါတယ်။

နှင်းဆီပန်းချစ်တဲ့ကောင်မလေး said...

မမရေ စာပြန်ရေးနေတာ သိလို့ ဝမ်းသာမိပါတယ်။
လာတာနောက်ကျသွားတယ်မမရေ
အိမ်ဝေးနေတဲ့ သူချင်းမို့ ကိုယ်ချင်းစာမိပါတယ်မမရေ
ဘာဘဲဖြစ်ဖြစ် အားတင်းထားနော်
ဒီတစ်ကွေ့ကျော်ရင် မမလိုရာ ပန်းတိုင်ရောက်ပါပြီ မမရေ

စိတ်ညစ်ရင် အိမ်မှာလာနေမမ
ပျော်သွားစေရမယ်
အာမခံတယ်.။

တစ်ခါထဲတွေ့ပြီးထပ်မတွေ့ဘူးနော်
ထပ်တွေ့ချင်သေးတယ် မမရေ။

ပျော်ရွှင်ပါစေ။

Vista said...

ဖတ်ရတော စိတ်မကောင်းဖြစ်သွားတယ်
အားတင်းပါလို့ ပြောရမလား ...
မိကျောင်းမင်းရေခင်းပြသလိုနေမှာစိုးတယ်
မမယ်ကိုးကိုလင့်ထားပါတယ် ခွင့်ပြုနော် ..

ဒဏ္ဍာရီ said...

မမရေ ...... စာလေးတွေ ဖတ်ရင် သီချင်းလေးကိုလည်း နားထောင်သွားပါတယ်။

ရှေ့ဆက်ရမယ့် အနာဂတ်တွေ အတွက် ခွန်အားတွေ ပြည့်ဝအောင် ကြိုးစားပါနော်။ အားမပေးတတ်ပေမယ့် အားပေးခဲ့ပါတယ် မမ။

ခင်မင်လေးစားလျှက်

သားကြီး said...

မိန်းကလေးအဆိုတော်တွေထဲမှာavril lavigneကိုတော်တော်ကြိုက်ပါတယ်
nobody's homeနဲ့ဂရမ်မီဆုရခဲ့တယ်ထင်တယ်နော်
ကြိုက်ဖူးပြီးသားသီချင်းကိုအစ်မရဲ့စာသားအလှတွေနဲ့ပြန်ဆင်လိုက်တော့ပိုလို့တောင်ခံစားလို့
ကောင်းသေးတော့ဗျာ

သားကြီး said...

sidebarမှာတင်ထားတဲ့“ညီမလေးရေ”ဆိုတဲ့
ကဗျာကောင်းချက်တော့ဗျာ

တလနွန် said...

အိမ်နှင့်ပတ်သက်ပြီး ထပ်တူထပ်မျှခံစားသွားပါတယ်။
အရာအားလုံးဖြတ်ကျော်နိုင်ပါစေလို့  ဆုတောင်းသွားပါတယ်။

ဇော် said...

အကြိုက်ဆုံးစာကြောင်းရယ်လို့ ချပြစရာမရှိတာ စိတ်မကောင်းစရာပဲ .. အကုန်လုံးက သူ့ထက်သူ လှနေတာကြီးရယ်ကို .. စိတ္တဇနာမ်တွေနဲ့ ဖွဲ့သီထားပြီး သီချင်းလှလှလေးတွေနဲ့ တွဲစပ်လိုက်တော့ .. ကဗျာလို့ပဲ ပြောရမှာလား .. စာလို့ပဲ ပြောရမှာလား .. ခံစားချက်လို့ပဲ ပြောရမှာလား ..
အာ .. ရှုပ်ပါတယ် ..
အကုန်လှတယ်ဗျာ .. အကုန်ကြိုက်တယ် .. =)