20 October 2009

“လူသိရှင်ကြား ဟာသ”




အပြုံးဟာ စိတ္တဇနာမ်လို့ ဘယ်သူပြောလဲ။ဒီအပြုံးဟာ သက်စောင့်ဆေးဖြစ်သလို ခိုလှုံရာလည်းဖြစ်ကာ ဘဝအသစ်ကိုလည်း ဖန်တီးနိုင်တဲ့ တန်ခိုးလည်း ရှိရဲ့။
ဒီလို သေစေနိုင်တဲ့ အပြုံးနဲ့ စတင်ငြိရတာက ဂျပန်ဇာတ်ကောင် “ L ”ကြောင့်သာ။

ဘာ... ရယ်လို့ဆိုကာ မအံ့သြစေချင်ပါ။
တစ်ခုသောနေ့၊ တစ်ခုသောအချိန်၊ တစ်ခုသော လူသူပါးတဲ့ ဘူတာရုံလေးမှာ မောင်နဲ့ ကျွန်မဟာ ကံတရားဆောင်မလို့ ကြုံဆုံခဲ့ကြ။ ကျွန်မနဲ့ အတူတူလှမ်းဝင်ကာ ဘေးချင်းယှဉ်ရပ်နေတဲ့ မောင်က တကိုယ်လုံးရှုပ်ယှက်ခတ်အောင် ဆင်ယင်ထားတာမို့ မြန်မာလို့ပင် မထင်မိပါဘဲ အထူးအဆန်းအနေနဲ့ တစ်ချက်ပင် ငေးမိသေးတာ။

ဇာတ်လမ်းစတင်မိပုံက ရုံးတက်ချိန်လူများတယ်ဆိုပေမယ့် ကျွန်မမှာ မဖွင့်တဲ့တံခါးဘက်ခြမ်းမှာ ကပ်ရပ်နေမိကာ အနားမှာ လူလည်းသိပ်မရှိတာကြောင့် အားနာနာနဲ့ပဲ မီးနစ်၂၀နီးပါး ဖုန်းပြောသမျှမှာ ဂျပန်ဇာတ်လမ်း Death Note အကြောင်းသာ။

မောင် အမြင်မကြည်ခဲ့တာကို အပြစ်မဆိုသာပေမယ့် တကယ့်ကို တိုးတိုးသက်သာ စကားဆိုခဲ့တာရယ်။မောင် နားစွင့်လိုသာ နားစွန်နာဖျားကြားတာလို့ ကျွန်မ စွဲချက်တင်တော့ မောင်က ထုံးစံအတိုင်း ပြုံးလို့သာ နေခဲ့ပါတယ်။

ဆွယ်တရားဟောရတာလေ။
ကိုရီးယားကားသာ ကြည့်တဲ့ သူငယ်ချင်းကို ရတဲ့အချိန်လေးအတွင်းမှာ ဆွဲဆောင်ရတာက အဲဒီတုန်းက ရုံတင်နေတဲ့ “ L :Change the World ” ဂျပန်ကားကို ကြည့်ချင်လွန်းလို့သာ ။ဘယ်သူမှ အဖော်စပ်လို့ မရခဲ့တဲ့ ကျွန်မမှာ နောက်ဆုံးဒီသူငယ်ချင်းတစ်ယောက်ကိုပဲ ရေပက်မဝင်အောင် ဆိုရတော့တာ။


နောက်ဆုံးဘူတာရောက်ဖို့ တစ်မှတ်တိုင်အလို ကျွန်မလိုပဲ လူအားလုံးနီးပါဆင်းကြချိန်အထိ စကားလက်စမသတ်နိုင်သေးခဲ့ကျွန်မကို ကြည့်မရတော့တဲ့မောင်က အနားကပ်ကာ စကားတစ်ခွန်း ဆိုတယ်လေ။အနောက်ကလျှောက်လာတဲ့ မောင်က ဘေးချင်းယှဉ်ရပ်ကာ မထီတရီ ခေါင်းငဲ့လို့ ပြောခဲ့တာရယ်။

“ Thesis ခေါင်းစဉ်က ဘာလဲ “ L ” လား ”
“ အယ် ... ”
အံ့သြမှင်သက်သွားတဲ့ကျွန်မကို မောင်က သဘောတကျပြုံးလေရာ ကြယ်စင်လင်းကို မြင်ရသလို စိတ်နှလုံးကြည်မွေ့သွား။
ဘုရား... ဘုရား။
ဒါ အပြုံးတဲ့လား။
ဟင့်အင်း။မဟုတ်ပါဘူး။ပညာရှင်စီရင်ထားတဲ့ မှော်အတတ်ပါလေ။

အသံပြတ်တောက်သွားတာကြောင့် “ဟယ်လို ...ဟယ်လို ”လုပ်နေတဲ့ သူငယ်ချင်းကို ဥပေက္ခာပြုမိလောက်အောင် ကျွန်မမှာ မူးရီငေးကြောင်။
မောင်က “နောက်တော့ တွေ့ကြတာပေါ့ ” လို့ဆိုကာ အေးဆက်သက်သာနှုတ်ဆက်ထွက်ခွာသွားပေမယ့် ကျွန်မမှာတော့ မောင့်အရိပ်ကလေး လူတွေအကြား ဝေးကွာပျောက်ကွယ်သွားတိုင်အောင် နှလုံးခုန်သံဆူညံညံနဲ့ လှုပ်ခတ်တုန်ရီ ကျန်ရစ်ခဲ့။

နောက်တော့ မောင့်ပညတ်စကားဟာ နမိတ်အသွင်ပြောင်းလို့ ကျွန်မကို နှိပ်စက်ခဲ့တာ။
အသေအချာပေါ့။ကံဆိုးမသွားရာ လိုက်လို့ရွာတဲ့ မိုးတွေလေ။
ဘူတာရုံလေးမှာပေါ့၊ ပထမတော့ ရံဖန်ရံခါ နောက်တော့ နေ့စဉ်ရက်ဆက်။
“ Hi ” တဲ့။
မောင်နှုတ်ဆက်တတ်တာ။
ကျွန်မကို နှုတ်ဆက်တာမဟုတ်သလို မမြင်ချင်ယောင်နေရင် တဆင့်တက်လို့
“ Eru , Ohayo gozaimasu ”တဲ့။
မင်္ဂလာနံနက်ခင်းလေ L လို့ ခပ်တည်တည် နောက်တတ်တော့တဲ့အခါမှာတော့ ခေါင်းငဲ့ကာ မပြုံးဘဲ မနေနိုင်ပြန်။

ခက်တယ်။
အရိပ်မြင်ရုံနဲ့ အရောင်အလုံးစုံကိုနားလည်ခဲ့သူမို့ ကိုယ့်သေတွင်းကိုယ်မတူးမိဖို့ ကြိုးစားလို့ ရှောင်လွှဲခဲ့ပါသေးတယ်။
ဒါပေမယ့် စနစ်တကျပြင်ဆင်ကာ ရက်စက်တတ်တဲ့ ကံကြမ္မာ။
ရုံးက နေ့တစ်ဝက်မှာပြန်လာမိတဲ့ ကျွန်မ အလွန့်အလွန်အံသြစရာတိုက်ဆိုင်စွာ ရထားတစ်တွဲတည်းမှာ မောင်နဲ့ကြုံရပြန်။

မောင်ကလည်း ထိုနေ့က ရုံးမတက်ဘဲ လျှောက်သွားနေတာတဲ့လေ။
မျက်နှာချင်းဆိုင်မှာ ခုံတွေအလွတ် ကျွန်မထိုင်နေရာတစ်လျှောက်မှာလည်း ခုံတွေအလွတ်ပေမယ့် မောင်က အနားဝင်ထိုင်တော့ လာမယ့်ဘေး ဝေးဝေးရှောင်ဆိုကာ နေရာရွှေ့သွားလို့ ဘယ်ကောင်းပါ့မလဲနော်။

ဒီလိုနဲ့ ပေါက်ကွဲတော့မယ် ဗုံးတစ်လုံးဘေးမှာ ရင်တထိတ်ထိတ်နေရသူလို ဖြစ်နေဆဲ ဗျူဟာကျွမ်းကျင်တဲ့ မောင်က လှလှပပဇာတ်ခင်းသွားခဲ့တာ။ L ပုံ သော့ချိတ်လေးကို လှမ်းပေးတယ်လေ။


အယ် ....ချစ်ဖို့ကောင်းလိုက်တာ။ kawaii kawaii လို့ ရင်ထဲမှာ အခွန်းထပ်မြည်နေတာ
မောင်ဘယ်လိုကြားသွားလဲ မသိပါ။ အပြုံးချိုချိုနဲ့
“ kawaii desu ne”
ချစ်ဖို့ကောင်းတယ်နော်တဲ့။
ဟုတ်။

မရည်ရွယ်ဘဲ ခေါင်းငြိမ့်မိခဲ့ပေါ့။ နှစ်လိုဖွယ်ကောင်းလွန်းတဲ့ နည်းပညာလေးပဲနော်။ မပြုံးမရယ် တစိမ်းအသွင်ဆောင်ဖို့ ဘယ်လိုတတ်နိုင်မှာလဲကွယ်။
နောက်ဆုံးမှာ မိတ်ဆွေ တွေလေ။
ဒီလိုနဲ့ သေဒဏ်စီရင်ချက်ချသူမှာ ကိုယ်တိုင်သာ ဖြစ်ခဲ့တာ။

အားလုံးက ဝိုင်းဝန်းတားဆီးနေတဲ့ကြားက သုံးလတစ်ခါလောက် ဆံပင်အရောင်ပြောင်းတတ်သော၊ ခြောက်လတစ်ခါလောက် ဖုန်းပြောင်းကိုင်တတ်သောမောင့်ကို ရှုပ်ပွေတာ၊စိတ်အပြောင်းအလဲမြန်လှတာ သိပေမယ့်....

အပြုံး။အပြုံးတွေလေ။

ဒီအပြုံးညှို့ကွင်းက လွတ်အောင် ဘုရားရိပ်ခိုကာ တောကျောင်းမှာပဲ စံပျော်ရတော့မှာလား။
ဟင့်အင်း။လွမ်းလွန်လွန်းလို့လေ .... ကျိန်စာရဲ့ ခြေဆင်းတီးလုံးတွေမှန်း သိလည်း အဲဒီအပြုံးတွေကို တွန်းလှန်နိုင်အောင် ဘယ်သင်တန်းမှလဲ မတက်ချင်ပါ။

ထိုအပြုံးနေခြည်နဲ့မှ မနက်လင်းတယ်ထင်ကာ ဆည်းဆာကွယ်တော့ ချစ်လှစွာသောအပြုံးမီးအိမ်ကို မျက်နှာကျက်မှာ ချိတ်ဆွဲရင်း လရိပ်လို့ထင်ကာ ကိုးကွယ်ရာမှားနေသူမှာ
မောင် အဖြေတောင်းတော့ ဟန်ဆောင်ကာ ငြင်းကောင်းတယ်လို့ပင် မထင်ခဲ့။

ယ်ချင်လည်း ရယ်လိုက်ပါဦး။ သုံးရက်လောက် ဝေးရင်ပင် ရူးတော့မယ် ထင်နေခဲ့သူတစ်ဦးလည်း ဖြစ်ဖူးခဲ့လေရဲ့။
ဆိုးရွားပြင်းထန်လှတဲ့ ဝဋ်ပါကွယ် ။

ပိုလို့ အကျနာစေတာက ဒီကောင်းကင်ဟာ ကျွန်မ တစ်ဦးတည်းပိုင် မဟုတ်ဘူးလေ။ အမည်ပေါက် ကြယ်ကလေးတွေ မရေတွက်နိုင်လွန်းလို့ နာမည်အစား ID နံပါတ် မှတ်ထားရတယ်လို့ပြောတာ ကျွန်မကတော့ ရယ်စရာလို့ တကယ်မထင်ပါ။
မောင့်ရဲ့အကြောင်းဆို သုံးလသားဘဝမှစလို့ စပ်စုတိုထွာ အမှတ်ရနေတတ်သူ ကျွန်မမှာ မောင့်ချစ်သူဟောင်းတွေရဲ့ နာမည်နဲ့မျက်နှာတွေကို ယနေ့ထက်တိုင် ရောထွေးနေဆဲ။

ပုံပြင်ပမာ အံ့သြဆန်းကြယ်စွာ။ ချစ်ရတဲ့မောင်က သူစွံကြောင်းပြသချင်တာလားလို့ သင်္ကာမကင်းဖြစ်ရအောင်ပင် ထုံးစံမပျက်ဆိုကာ ရည်းစားဟောင်းပေါင်း မြောက်မြားစွာနဲ့ ကျွန်မကို မိတ်ဆက်ပေးတဲ့အခါ။

ဘယ်သူယုံနိုင်မလဲနော်။
မောင့်ချစ်သူဟောင်းတွေဟာ ညီအစ်မအရင်းတွေပမာ ချစ်ခင်ကြည်သာ။ ကျွန်မအပေါ်လည်း လှိုက်လှဲချိုသာ။နှလုံးရည်ချို့တဲ့သူ ကျွန်မမှာသာ မပြုံးနိုင်၊မရယ်နိုင်ဘဲ မောင့်ကို ပွင့်ပွင့်လင်းလင်း စကားဆိုရတော့တာ...

“မောင် နောက်ကောင်မလေးရရင် ကျွန်မနဲ့ လာမိတ်ဆက်မပေးနဲ့နော်။ ကျွန်မက သူတို့လောက် သဘောထားမကြီးဘူး သိလား။”
“ ဟန်ဆောင်မကောင်းရင် မကောင်းဘူးလို့ ပြောပါ ညိုလေးရယ် ”
မောင်က သူ့ထုံးစံအတိုင်း ရယ်မောနေခဲ့တာ။

“ဒီကတိတစ်ခုတော့ ပေးပါမောင်ရယ် ။ ”

အတတ်နိုင်ဆုံးထိန်းသိမ်းထားတဲ့ကြားက အသံဟာ ဆိုးဆိုးရွားရွားနိမ့်ဝင်သွားပါတယ်။
မောင် ကျွန်မကို သနားသွားခဲ့တာများလား။
ယနေ့ထက်တိုင် မောင်က သူ့ကောင်မလေးနဲ့ မိတ်ဆက်မပေးသေးပါ။

ကျေးဇူးတင်ပါတယ် မောင်ရယ်။
ဒါပေမယ့် မောင် ကျွန်မကို အထင်သေးလွန်းပြီ ထင်တယ်။ မောင့်ကောင်မလေးကို ကျွန်မ ကိုယ်ချင်းစာနားလည်ပြီး ချစ်နိုင်ပါတယ်ကွယ်။
ဘယ်လိုပဲ သွင်ပြင်ယုံကြည်ချက်တွေကွဲပြားနေပါစေ .... နှလုံးခုန်သံတူညီကြသူတွေ မဟုတ်လား။ မောင် တစ်ယောက်တည်းကို ချစ်မိသူတွေလေ။

ခက်တာက မိတ်ဆက်ပေးတဲ့အခါမောင့်အပြုံးမှာ ကျွန်မခံနိုင်ရည်ရှိပါ့မလားဆိုတာ သိပ်မသေချာ။
မနှစ်လိုတော့လို့ မဟုတ်ပါဘူး မောင်ရယ်။ ချစ်နေသူဆိုပေမယ့် မစွဲလမ်းသင့်တော့ဘူးပဲလေ။
ကျေးဇူးပြုပြီး မပြုံးပါနဲ့တော့နော်။
တစ်ဘဝစာ ရှင်သန်ရပ်တည်ဖို့ မောင့်အပြုံးတွေကို လုံလုံလောက်လောက် စုဆောင်းခဲ့ပြီးပြီမို့ ငြိမ်းချမ်းစွာပဲ ဆက်လက်ကြေကွဲ နေပါရစေလေ။



( ရိုးရာလေးမပျက်ရအောင် တိုလွန်းတယ်ထင်ကာ ပြန်သိမ်းထားခဲ့တဲ့ မနှစ်က စာလေးကို အနည်းငယ်မွန်းမံကာ ပြန်တင်လိုက်ပါတယ် :P။ ဒီစာလေးဖတ်ပြီးသူများ စိတ်မရှိပါနဲ့ လို့  ဆန္ဒပြုရင်း...=)

မေတ္တာများဖြင့်
မယ်ကိုး


51 comments:

F@LL3N said...

ဒီတစ်ခါတော့ ၁ပါပဲ
ဟဲဟဲဟဲ

သားကြီး said...

မောင်ဆိုတဲ့လူကရည်းစားဟောင်းတွေကိုမိတ်ဆက်ပေးတတ်သတဲ့လား
ဆိုးပါ့ဗျာ
ဒါတော့တစ်ဆိတ်လွန်တယ်ထင်တယ်

သားကြီး said...

ကျနော်လည်းdeath noteအသည်းစွဲပဲအစ်မရ
အဓိကစွဲလမ်းတာနှစ်ခုရှိတယ်
တစ်ခုက Lရဲ့ဆံပင်ပုံစံရယ်
နောက်တစ်ခုက သေစေချင်တဲ့လူနာမည်ကို
ရေးလို့ရတယ်ဆိုတဲ့စာအုပ်ရယ်ပဲ
အဲဒီစာအုပ်ရရင်မိုက်မယ်

သားကြီး said...

မောင့်အကြောင်းကိုသုံးလသားဘဝကနေ အမှတ်ရနေတတ်တယ်တဲ့လား
တော်တော်ချစ်နိုင်တာပဲ
ကျနော့ကောင်မလေးဆို တခါခါ ကျနော့်နာမည်တောင်မေ့ချင်ချင်ဖြစ်နေတယ်
အီးး :( စိတ်မကောင်းလိုက်တာ အားကျလိုက်တာ:)
“မောင်”ဆိုတဲ့လူကိုလည်းသားကြီးအခေါက်နှစ်ဆယ်ဆလံပေးသွားပါတယ်

ဝက်ဝံလေး said...

အယ် ငါ ၁ ကွ

ဝက်ဝံလေး said...

အင် ၁ မဖြစ်နိုင်တော့ဘူး visible after blog owner approval. ဟင့် ဟင့် ဂလိုဆိုလဲ သောင်းကျန်းလိုက်ဦးမယ် အဲလေ စာဖတ်လိုက်ပါဦးမယ် ဟိဟိ

Anonymous said...

ပထမ

းဝ)

Anonymous said...

ဟိုက်... ရှက်စရာတွေ ဖြစ်ကုန်ပြီထင်တယ်...းP

းဝ)

ကိုလူထွေး said...

ဟင်းးးးးးးးးးးးး
ဟာသက ရယ်လည်း မရယ်ရ...
စိတ်မကောင်းစွာနဲ့ပဲ ပြန်လှည့်ရတော့မယ်...
လွမ်းတော်မူလို့ ဒီစာကို သီခဲ့တာလား မယ်ကိုးရယ်...

ဝက်ဝံလေး said...

အဲဒီ L ထဲက မင်းသားကိုမြင်တော့ ကိုသားကြီး သတိရတယ် သိလား မမကိုး ကိုသားကြီးက အဲပုံကို သူ့ပုံဆိုပြီး တင်တင်ထားတာ ညီမက အလဲ့ မိုက်လှချည်လားဆိုပြီး မေးကြည့်တော့မှ သူ့ပုံဟုတ်ဘူးတဲ့ ဟားဟားးး ရီလိုက်ရတာ သိလား မမကိုးရေ

ဖိုးစိန် said...

ငြိမ်းချမ်းစွာနဲ့ ဆက်လက်ကြွေကွဲပါကွယ်...

မောင်ကလဲလွန်လွန်းပါတယ်...

ဖိုးစိန်နဲ့များကွာပ....

ဖိုးစိန်က မောင်ထက်တောင်ပိုအုံးမလားပဲ...ဟဟ

ကိုးကိုးရေးးးးးး

ဟတ်ထိသွားတယ်...


တိုက်ဆိုင်တဲ့အလွမ်းလို့ များပြောမလားပဲ...

ကြိုက်တယ်...


ချစ်ခင်စွာဖြင့်

ဖိုးဖိုး

ဝက်ဝံလေး said...

အဟီးးး ၂ ခေါက်ဖတ်တယ်နော် အော် ရတနာ ၃ ပါးဖြစ်ပါစေ ဆိုပြီး ၃ ခေါက်ဖတ်ပလိုက်တယ် သိလား ဟက်
အဲဒီမောင်က သိပ်ပွေတာပဲနော် ဟီးးးးး အဲဒီကျွန်မကိုပြောလိုက်အဲဒီလောက် ပွေတာ ကြိုက်မနေနဲ့လို့ ဟားဟားးးး
အယ် ရီစရာလဲမပါပဲနဲ့ရီသွားတယ် ခွင့်လွှတ် ဘိုင် တာ့တာ

Angel Shaper said...

I'm The First!

Angel Shaper said...

No!!!!!!!!!!!!!!!
I'm not The First!!!!!

အမရာ said...

အဲဒီလိုတကယ်ပဲနေသွားနိုင်
မှာလား....ဟင့်အင်း....

Nai ရဲ့  ရွှေရတုမှတ်တမ်း said...

ဇွတ်တော့မလုပ်နံဲ့လေ..မယ်ကိုးရယ်..ငရဲကြီးတတ်တယ်

အပြုံးပန်း said...

အပြုံးဆိုတဲ့စကားနဲ့စထားလို့ ကိုယ့်ကိုခေါ်တာလားလို့။
စတာပါ၊
ဟာသက မရီရပါဘူး။
နူးညံ့သိမ်မွေ့လွန်းတဲ့ ငယ်ရွယ်သူ နှလုံးသားတွေကို ဖွဲ့နွဲ့တတ်လွန်းတယ်ကွယ်၊
တကယ်..။
ဒါလည်း ချစ်ခြင်းရဲ့ အနုပညာပဲလေ။

ဆောင်းယွန်းလ said...

ရေးချက်နဲ့တွေးချက်တွေက ငေးထွက်ရလောက်အောင်ကို လန်းနေတယ် ကိုယ့်ညီမရေ...မိုက်.မိုက်.မိုက်

ရွာသားလေးဝိုင်တီယူ said...

ညိုလေးကို အံ့သြငေးမောမိသွားတယ်.
ချစ်လျက်နဲ့အဝေးမှာဆိုတာ အတွေးနဲ့တင် ခါးသီးတုန်လှုပ်မိလို့ပါ.
ချစ်သူဟောင်းတွေကိုပြုံးပြနှုတ်ဆက်နိုင်ပေမယ့် လက်တွဲထားတာ မြင်ရရင်တော့ နှလုံးသားကနာကျင်မိမှာပဲ...

မိုးခါး said...

L ကို ညီမလည်း ကြိုက်တယ်
အမရေးထားတာလည်း ကြိုက်တယ်
အပြင်မှာဆို သည်းခံနိုင်မှာ မဟုတ်ဘူး အဟီး .. :D

လသာည said...

နေဦး..ဒီဝတ္တုကို ၃ ခေါက်ဖတ်ပြီးတော့ ဇာတ်လမ်းကို သိသွားပြီ။
၁)မောင်နဲ့ ဝေးသွားတယ်လို့ ပြောမသွားဘူး
၂)ယနေ့ထက်တိုင် မောင်က သူ့ကောင်မလေးတွေနဲ့ မိတ်ဆက်မပေးဘူး
၃)မောင့်ချစ်သူဟောင်းတွေက ညီမအရင်းတွေပမာ ချစ်ခင်ကြသည်သာ..

ဒါဆို ဇာတ်လမ်းကို ပြန်ရိုက်မယ်။ ဒါရိုက်တာပြောတဲ့အတိုင်း လုပ်ပါ..
မင်းသားဒီလိုပြောပါ.
“ညိုလေး.. ကိုယ်ပြောတာတွေကို တကယ်ယုံသွားတာလား။ ညိုလေးကို ချစ်လို့စတာပါကွာ။ မောင့်ညိုလေးက စကားနည်းပြီး အေးအေးလေးနေတတ်တော့ ညိုလေးက မောင့်ကိုချစ်တာကို ဘယ်လိုလုပ်သိပါ့မလဲ။ မေးလည်း ဖြေမှမဖြေတာ။ ဒီတော့ ညိုလေးရဲ့အချစ်တွေလှုပ်ခပ်လာအောင် မောင့်သူငယ်ချင်းတွေကို ချစ်သူဟောင်းအဖြစ် မိတ်ဆက်ပေးတာပါ။ တကယ့်ချစ်သူဟောင်းဆို အဲလိုပြုံးနေနိုင်ပါ့မလား..။ ဟားဟား မသိပဲအငိုက်မိသွားတယ်ပေါ့။ အခုမှပဲ မင်းလေးအချစ်ကို သိခွင့်ရတော့တယ်။

တကယ်မငိုနဲ့တော့နော်။ မင်းပြောသလို မောင့်ကောင်မလေးနဲ့ အခုထိမိတ်ဆက်မပေးတာက မောင့်ကောင်မလေးက ညိုလေးကိုယ်တိုင်ပဲ ဖြစ်နေလို့ပေါ့။ နောက်တစ်ယောက်လည်း မရှိဘူး။ တိတ်တော့တိတ်တော့ မင်းကတော့ တကယ်ကလေးပါပဲကွာ..”
“ကဒ်”

ဟူး...တော်သေးတယ်ကွာ။ မယ်ကိုးရယ် အချစ်ဇာတ်လမ်းလေးကို အတင်းလွမ်းဇာတ်ရေးနေတာကို။ မယ်ကိုးအတွက် ဒါရိုက်တာလသာညက ပြင်ရေးခဲ့ပါတယ်။ :P

ကာရံဆူး said...

အော် တို့ အစ်မ အလွမ်းတွေ နင့်နေပါလား...ကာရံတို့ မိန်းမသားတွေဟာ တစ်ခါတစ်ခါလည်း အဲ့လိုမျိုးတွေကိုမှ ချစ်တတ်တယ်နော်...မိုက်မဲရူးသွပ်မှုလို့ မသိခင်အထိပေါ့...ရုန်းထွက်နိုင်သွားတဲ့ အတွက်တော့ ၀မ်းသာပါတယ်..မမရယ်...ဇာတ်လမ်းလေးက တိုပေမဲ့ ကောင်းပါတယ်...ကာရံလျှောက်လည်နေလို့ အရောက် နောက်ကျသွားပါတယ်...ခွင့်လွှတ်ပါနော်..

သိင်္ဂါကျော် said...

မယ်ကိုးက အလွမ်းဇာတ် အရမ်း အရေးကောင်းတာပဲနော်.. ခံစားချက်များ ရှိလားမသိ ....

နှင်းဆီပန်းချစ်တဲ့ကောင်မလေး said...

တော်တော်ချစ်တတ်တာဘဲနော် မမမယ်ကိုးး
ကိုယ်သာဆို အဲလောက် သည်းခံနိုင်မယ်မထင်ဘူး။

ဒဏ္ဍာရီ said...

အပြုံးတွေနဲ့ လွမ်းဆွတ်ဖွယ် ဇတ်လမ်းလေးကို ဖတ်ရှုခံစားသွားပါတယ် မမ။ ခံနိုင်ရည် မရှိသော်လည်း လေ့ကျင့်ယူရတာပေါ့နော်။ တဘ၀စာ ပျော်ရွှင်နိုင်ပါစေ မမ။

ခင်မင်လေးစားလျှက်

mae said...

ဂျပန်စကားတွေ ရုပ်ရှင်တွေနဲ့ ဆိုင်တဲ့ ရင်နင့်စရာ ဇာတ်လမ်းတွေချည်းရေးနေသလိုပဲ၊ တိုက်ဆိုင်တာလား မယ်ကိုးလေး?

ဒါမှ မဟုတ်..
:P

ထုံးစံအတိုင်း.. ဖတ်ပြီးတော့ ရင်ဘတ်အောင့်သွားတယ်

စိမ်း... said...

ချစ်တတ်လွန်းသူကြီးရေ....
သြချလောက်ပါရဲ့....
:)

Vista said...

ဂလိုဂျီးလား

Vista said...

ဟာသတဲ့ ဟုတ်လည်းဟုတ်ဝူး ရယ်ရဝူး နိုခြင်စရာကြီး

တလနွန် said...

ဇာတ်လမ်းလေး ဖတ်ကောင်းတယ်။ ဆုံဆည်းပုံလေးကို သဘောကျတယ်။

နှင်းဟေမာ said...

မမကိုး နှစ်ကိုယ်ကြားတိုးတိုးတိတ်တိတ်ပဲ မေးရင်ကောင်းမလား ဟီး
ဇာတ်လမ်းလေးက ခံစားတင်ပြသွားသူရဲ့နက်ရှိုင်းလွန်းမှုကို မမှီခဲ့ပြန်ဘူး..
အရေးအသားတွေက အရမ်းကောင်းတယ် မမကိုးရေ..း)
ညကအိပ်ရေးတော့ ပျက်သွားမယ်ထင်တယ်နော် ... ခစ်ခစ်းp
ချစ်တဲ့ ညလေး နှင်း

ကိုမျိုး said...

မင်္ဂလာပါ မယ်ကိုး ရေ..

မောင့်အပြုံးမှာ ကျွန်မခံနိုင်ရည် ရှိပါ့မလားတဲ့။

ကျေးဇူးပြုပြီး မပြုံးပါနဲ့တော့ တဲ့။

အရမ်းကို ချစ်တာပဲနော်.. ဖတ်တိုင်းလဲ ခံစားမှု တမျိုးကို ရစေတယ် မယ်ကိုးရေ...


ခင်မင်စွာဖြင့်

့hnin said...

မမကိုးရေ...ကြေကွဲစရာကောင်းတဲ့ ဇာတ်လမ်းဟောင်းလေးတစ်ပုဒ်ကို အသေအချာ ဖတ်သွားတယ်...
ရေးသားမှုတွေကတော့ ဘယ်သူနဲ့မှကို မတူတဲ့ တစ်ကယ့် စံပြပဲ...မမ ဒီပို့စ်လေးက အချိန်အတိအကျ တင်ဖို့တောင် အစီအစဉ်ချထားခဲ့တာ ဟီး ... ပြီးမှ နှစ်ကိုယ်ကြားပဲ မေးတော့မယ်နော်
လူစုံတုန်း ဖွသွားပြီ ....ခစ် ခစ်
ချစ်လို့ကျီစယ် ပေသွားတယ် .... ;p
ချစ်တဲ့ညလေး
နှင်းဟေမာ

MANORHARY said...

မယ်ရေ..
လာဖတ်ပါတယ်။

မယ်ကိုး said...

လေးစားရပါသော မလွမ်းချင်သော စာဖတ်သူများ ...

မမလသာညရဲ့ ဇာတ်လမ်းလေးကို ယူလိုက်ပါလို့ ဆိုပါရစေ။ =)

ညီမလေးနှင်းဟေမာရေ....

လူသိရှင်ကြားဖွပြီဆိုတော့ လူသိရှင်ကြားရှင်းရပြီပေါ့နော် =)

မမက ဒီဇာတ်လမ်းလေးကို ပိုလို့ စူးရှစေချင်စိတ်နဲ့ သိမ်းဆည်းထားခဲ့မိတာပါ။

ဒါပေမယ့် စာဖတ်သူတစ်ယောက်က ပြောလို့ စာပြန်တင်မလို့ဖြစ်။ နောက်တော့ စာတင်မယ့်အချိန်နဲ့ပဲ ကတောက်ကဆဖြစ်။

ဒါကြောင့် ပထမဆုံးစာဖတ်သူတစ်ဦးနဲ့ သဘောမညီခဲ့တဲ့ အဲဒီအချိန်နာရီနာရီမှာ အမှတ်တရအနေနဲ့ စာတင်လိုက်ပါကြောင်း အရိုးသားဆုံး ရှင်းပြပါရစေနော် =)

စိုင်းစိုင်းသီချင်းလေးလည်း ဖွင့်ပြဦးမယ်နော် ညီမလေး...
မဟုတ်ပါဘူး။မလုပ်ပါဘူး။ မင်းထင်သလို... =)

အိန္ဒြာ said...

မယ်ရေ....

ကိုယ်သာဆို...မိတ်ဆက်အပေးကို မခံဘူးးးးးး
ကိုယ်ကမိတ်ဆက်ပေးပစ်မှာ........းP

မယ်ရေ..အရေးအသားလေးက ကောင်းမှကောင်း

လင်းဒီပ said...

မယ်ကိုးရဲ့အရေးအသားတွေက သူများနဲ့မတူဘူး...။
စကားပြေ ဖွဲ့စည်းပုံက တမျိုးလေးတွေ...။
လွင့်လွင့်မျောမျောလေး ဖြစ်သွားအောင် ခေါ်ခေါ်သွားတယ်..။

yangonthar said...

အဲလိုကြီးတော့ မရက်စက်ချင်ဘူး .... အကြောင်း ကြောင်းကြောင့်ဝေးရတယ် ဆိုရင် တောင် ထွက်သွားခဲ့တယ်ဆိုရင်တောင် အဲဒီ အပြုံးမျိုး ပြုံးပြဖို့ တော့ ..... မပြောတတ်ဘူး အစ်မမယ်ရေ ... လိပ်ပြာလုံတဲ့ အပြုံးမျိုးကို ပိုနှစ် သက်သလိုပဲ ... ဂျပန်ကားလေးတော့မ ကြည့်ဖူးပါ ..... ဝတ္တုလေးဖတ် ရတာ အချစ်နဲ့ မျက်နှာချင်းဆိုင်စကားပြောရ သလိုပဲ ..... အရေးကောင်းတယ်အစ်မရေ .... အပြုံးဟာ စိတ္တဇနာမ်လို့ ဘယ်သူ ပြောလဲ ... ဒီစကားလေးကို ကျွန်တော်ဒုတိယအကြိမ်မှတ်ထားတယ် ပထမတုန်းက “အို နာ သေ ပြဿနာ ထဲ အချစ်က သေးဖွဲသတဲ့လား သံသရာ ဆင်းရဲ ကို မင်းအပြုံး တစ်ခု နဲ့ ပဲ ပေတေ အာခံမယ်” စကားလုံးတွေက လှလွန်းထိလွန်းလို့  မှတ်မိနေတယ် .... အစ်မမယ်ရေ
ပျော်ရွှင်ပါစေ အစ်မမယ်ရေ
ခင်တဲ့
ရန်ကုန်သား :)

Angel Shaper said...

မရေ.... တစ် တစ် တွေ
I'm The First တွေ ရှုပ်ကုန်ပြီ။ ဟိဟိ
မောင်နှမသုံးယောက်လုတာ။ သားကြီးရယ်။ သမီးကြီးရယ်။ ၀က်စုတ်လေးရယ်။ တစ်လုတာ။
အကျင့်ပုပ်တဲ့ သားကြီးက တစ်၇တယ်နော်။ သိပ်ကျေနပ်ဘူး။ မမက တယ်နောက်တာကိုးးးးးးးး
မနေ့က ဖျားနေလို့ဆေးသောက်ပြီး အိပ်မယ်လုပ်တော့ မမယ်ကိုး အသစ်တင်တာတွေ့ တာနဲ့ တန်းပြေးလာတာ။
Comment မတွေ့ သေးတာနဲ့ အပြေးလာတာ ဟိဟိ။
ရှက်ထှာ မမရေ.......

Angel Shaper said...

မရေ.. မောင့်ဆိုတဲ့လူကို အမြင်ကတ်လိုက်တာနော်။
တော်တော်ပွေလီတာပဲ။
ကျွန်မကလဲ အဲလိုလူကိုမှ ချစ်နေတယ်။
တယ်ခက်တာပဲ။
ဘာပဲပြောပြော ဇာတ်လမ်းလေး အရမ်းကောင်းတယ်။
ဇာတ်သိမ်းလေးတော့ သဘောကျသွားတယ်။

နန်းညီ said...

သိမ်းသွားမယ် အစ်မရာ .. နော်

နေ့အိပ်မက် said...

kono kotoga kirai..... nesanno kakikata ga taihan iidesukara,
motomo nakitai.. :(

စည်သူ said...

မမမမမမမမမမမမမမမမမယ်၉ မိက်ဘူးကွာ
ရယ်လည်းရယ်ရဝူး..း)

အော်.. မောင်.. မောင်...

ဒီလိုဆိုတော့ ဘယ်ကောင်းမလဲဗျာ
မောင့်ချစ်သူနေရာမှ ဝင်ခံစားပြီးဖတ်သွားတယ်

မောလိုက်တာ မမမမမမမမမယ်၉ရာ..

ပျော်ရွှင်ပါစေ
ခင်မင်စွာဖြင့်
စည်သူ

အိုင်လွယ်ပန် said...

ခံစားသွားပါတယ် ..
ဇာတ်လမ်းတစ်ပုဒ်ကို
ပြန်ရစ်ကြည့်နေရသလိုမျိုး ...။

မင်းအိမ်ဖြူ said...

မလသာညကို ထောက်ခံတယ် ... ပျော်စရာလေးဖြစ် အောင်ပြောင်းပေးသွားတယ်

အင်း ရှိတက်ပါတယ်နော်

မင်းအိမ်ဖြူ

မြစ်ကျိုးအင်း said...

ဒီတပုဒ်က ဖတ်ရတာ ပိုပြီး လင်းတယ်....။
ရည်စားများတာတွေ ရှိပေမယ့် ဒီလိုမိတ်ဆက်ပေးတဲ့
အထိကတော့ ယောကျာင်္းလေးဘက်က လျော့တွက်လွန်း တာလား....။
ဘာပဲဖြစ်ဖြစ် မဖြစ်သင့်ဘူးလေ.....။

ဇာတ်လမ်းလေး တခုအနေနဲ့ ဖတ်ရတာ ကျေနပ်မှု ရှိတယ်။

sonata-cantata said...

မယ်ကိုးရေ အမလည်း ဂျပန်ကားလေးတွေ ဟိုးငယ်ငယ်ကတည်းကကြိုက်တယ်...TVတွေ ဇတ်လမ်းတွဲတွေ ခေတ်မစားခင် ရုပ်ရှင်ရုံမှာသွားကြည့်ရတာ.. ဂျပန်ကားရုံတင်ရင် မလွတ်တမ်း ဆိုတာမျိုး...။

မိုးစက်အိမ် said...

သူပြုံးလည်းအစ်မက မကြည့်နဲ့ တော့ပေါ့  အမှန်ဘဲအမ
မစွဲလမ်းသင့်တာကိုမေ့ ပစ်ရမယ် သူအပြုံးတွေကို တစ်ချိန်
တစ်ခါက အစွမ်းကုန်အမ မြင်ခွင့်ခဲ့ ရခဲ့ ပြီဘဲလေ . . .ဟုတ်
တယ် ဟုတ် :)

ကိုချစ်ဖေ said...

မယ်ကိုးရေ
လသာညစိတ်ကူးသလိုလေးလဲ ကောင်းတာပဲ.
ခုလိုလဲကောင်းတာပါပဲ.ဇာတ်လမ်းလေးဖွဲစည်းထားတာလေးကသဘောကျစရာ
မယ်ကိုးလိုရေးတတ်ချင်ပါတယ်.နောက်ပြီး
“မောင်နဲ့ အခြားကောင်မလေး
ပေါင်းမြောက်များစွာ တွဲနေတာမြင်ရပေမဲ့ မောင်ကကျမ
ကို မိတ်ဆက်ပေးခဲ့ခြင်းမရှိတော့တာလေးကိုပဲ ကျေးဇူး
တင်ရပါတယ် မောင်.မောင်ကျမရှေ့မှာတော့ မောင့်အပြုံး
လေးတွေကိုကျေးဇူးပြုပြီးသိမ်းဆည်းထားပေးပါနော်”
လို့ ကျနော်ဖြည့်ရေးချင်နေမိတယ်..

ဇော် said...

ဖတ်ရင်းဖတ်ရင်းနဲ့ ၀တ္တုတိုလို့ မမြင်တော့ဘူး .. ကဗျာတစ်ပုဒ်လို့ မြင်လာမိတယ် ..
စကားပြောစာကြောင်းတွေပါလို့သာ .. ဟင့်အင်း .. ၀တ္တုပါဟ ..လို့ ကိုယ့်ကိုယ်ကိုယ် ပြန်သတိပေးနေရတယ် ..
မဟုတ်ပါဘူး .. အမှန်က ကဗျာပါ .. ဟုတ်တယ်ဟုတ် ..
လှလိုက်တာဗျာ ..

Law Shay said...

L Change the World ကို မကြည့်ရသေးဘူး။ ကြည့်တော့ ကြည့်ချင်တယ်။

Death Note - the Movie နဲ့ Death Note - the Last Name ကတော့ ပထမ တစ်ခေါက်ကြည့်တုန်းက anime နဲ့ သိပ်ကပ်နေလို့ မကြိုက်ဘူး။ ပေါ့ရွှတ်ရွှတ်နိုင်လွန်းတယ် ထင်မိတယ်။

မနေ့တနေ့က ပြန်ကြည့်တော့ ကြိုက်တယ်။

ဇာတ်အိမ်ကြီးတာတွေကြိုက်ရင် FMA Series ကို စမ်းကြည့်ပါ။ (အခု အသစ်ထွက်တဲ့ FMA - the Brotherhood က reboot တဲ့။ အဲဒါလဲ မကြည့်ရသေးဘူး)