01 November 2009

“ ငဲ့မကြည့်သင့်တဲ့ စာမျက်နှာ”



ခေါ်သံ။

အသံလှိုင်းအပုတ်မှာ နှလုံးသားတစ်ခုဟာ လွင့်စင်ထွက်သွား။

ဟင့်အင်း။ မဟုတ်ဘူး။ဒါဟာ လှိုင်းသံ လူသံတွေကြားမှာ နားကြားလွဲတာ။
သေချာပါတယ်။ စွဲလမ်းမှုကြောင့် အကြားအာရုံ ချွတ်ယွင်းလွဲမှားနေခြင်းသာ။

သူက ကမ္ဘာတစ်ဖက်မှာလေ.... ဘယ်လို ဖြစ်နိုင်မှာလဲ။ယိုင်နဲ့သွားတဲ့ ခန္ဓာကိုယ်ကို ပြန်လည်ထူမတ်ဖို့ ကြိုးစားစဉ်မှာပင် ထပ်မံအော်ခေါ်လိုက်သံဟာ ရင်ဘတ်ကို အရှိန်နဲ့တိုးကာ အသက်ရှုရပ်သွားအောင် စွမ်းဆောင်ပြန်ရာ။

သူ။ သူ…. ဘယ်မှာလဲ။
နာမည်တူခေါ်သံလေးကြားရုံနဲ့ ဝိုးတဝါးအရိပ်တွေအကြား အသက်မရှုနိုင်ဘဲ ခပ်တောင့်တောင့် လိုက်ရှာနေမိပြန်။ဒါပေမယ့် တကယ်ပင် အိပ်မက်နဲ့ ရင်ဆိုင်ကြုံတွေ့ခဲ့ရတာ။

ဘုရား…. ဘုရား။
သူပါပဲ။
အရိပ်ကလေး။
မှောင်ရိပ်ကွယ် သဏ္ဍာန်လေးတစ်ခုကို မြင်ရုံနဲ့ မူးမိုက်တုန်ရီလာ။တကယ်ပါ။ သူ ရယ်လေ။ ဝေးကွာခြင်းရဲ့ ကျိန်စာကြားမှာ ရာသီပေါင်းများစွာ ခြားနေပေမယ့် ညအရိပ်မှာ လှည့်စားခံရလောက်အောင် ကျွန်မရဲ့ တွယ်တာစိတ်က မသေးဖွဲခဲ့ပါ။

ပုံရိပ်လေးကို ကြည့်ရင်းနဲ့ပင် ခြေမခိုင်တော့ဘဲ လဲပြိုတော့မလိုဖြစ်နေဆဲမှာ အရိပ်ကလေးက လာခေါ်သူနောက် လိုက့်ဖို့ ပြင်တဲ့အခါ။

နေပါဦး။ခဏလေး။ခဏလေးရယ်။
ဘယ်လို လုပ်ရမလဲ။သူနဲ့ကျွန်မဟာ တစ်မျှော်တစ်ခေါ်လှမ်းနေတာ။ ဒါပေမယ့် သူ့ခြေလှမ်းအစမှာ ဆင်ခြင်တုံတရားဟာ လွင့်စင်ပျောက်ကွယ်သွားကာ ကယောင်ကတမ်းနဲ့ ကျောက်တုံးတွေကနေ ကမျောသောပါး ခုန်ကူးမိခဲ့။

ကံကောင်းလို့ ချောက်ထဲကျပြီး မသေတာလေ။
သူငယ်ချင်းရဲ့ ကြောက်လန့်တကြားအော်သံနဲ့အတူ ဒလိမ့်ခေါက်ကွေး ဒူးထောက်လဲပြိုသွားပါတယ်။ လက်ဖဝါးနဲ့ဒူးအရေပြားတွေ ပွန်းပဲ့သွားပေမယ့် အရေးမထားနိုင်ခဲ့ပါ။ အားယူကာ မတ်မတ်ရပ်ရင်း သူ့အရိပ်ကို လိုက်ရှာမိပြန်တာ။

ဒါပေမယ့် သူက အဝေးရောက်နေပြီ။ ယောင်ယမ်းကာ အော်ခေါ်လိုက်မိပေမယ့် အသံလှိုင်းက လည်ပြွန်တစ်လျှောက်မှာတင် ပြတ်တောက် ရပ်တန့်သွား ...
သူမကြားခဲ့တာ ကံကြီးသီတာရယ်။

အနားရောက်လာရင် သူ့ကို ဘယ်လိုနှုတ်ခွန်းဆက်ရမလဲ။မျက်လုံးချင်းဆုံတော့ ဘယ်လိုရင်ဆိုင်ကြည့်ရမလဲ။ အရေးကြီးဆုံးမှာ…သေရေးရှင်ရေးအကြောင်းအရာမှာ သူ့ရဲ့ဆွဲဆောင်မှုကို ကျွန်မဘယ်လိုတွန်းလှန်ရမလဲ။
ကျွန်မသိနေတယ်။
ကျွန်မရဲ့ နှလုံးသားက သူနဲ့ဆုံရင် နည်းနည်းလေးမှ မခိုင်။ခပ်ယိုင်ယိုင်လေ။
ဟင့်အင်း။ဖြစ်နိုင်ခြေအားလုံးကို ကသောမျောပါးမေ့ထားလိုက်ရင်း ရုပ်ပျက်ဆင်းပျက် ခြေလှမ်းကာ သူ့အရိပ်ကလေးနောက်ကို အမှီလိုက်ဖို့ ကြိုးစားမိပြန်တာ။

ဒါပေမယ့် အသိတရားက လက်မခံဘဲ ကျွန်မရဲ့ ခြေလှမ်းတွေကို ဦးတည်ရာပြောင်းစေခဲ့တယ်လေ။ အပင်ရိပ်အကွယ်ကပဲ သူ့အရိပ်လေးကို ငေးတော့တဲ့။

ဟုတ်ပါတယ်။ မဖြိုဖျက်နိုင်သေးတဲ့မာနတွေကြောင့် ဆုံဆည်းဖို့ မဖြစ်နိုင်ပေဘူးပဲ။ ဒီလောက် ရှည်လျားပင်ပန်းတဲ့ခရီးကို နှလုံးခုန်သံဆူညံညံနဲ့ ကျွန်မဘယ်တော့မှ လျှောက်ဖြစ်တော့မယ် မထင်ပေမယ့် အခါခါနှိပ်စက်ခဲ့တဲ့ ကံကြမ္မာအတွက်ပဲ ရယ်ပွဲဖွဲ့ဖို့ ဖြစ်ခဲ့ပြီလေ။

သူ့ဆံနွယ်လေးကို မြင်လိုဇောနဲ့ အလျင်မြန်ဆုံး ခြေလှမ်းပေမယ့် မြေလျှိုးမိုးပျံကာ သူပျောက်ကွယ်သွားခဲ့တာ။ ကြည်ပြာရောင်အရိပ်လေးကို မျက်စိတဆုံးရှာဖွေနေဆဲမှာပင် အမြင်ကြည်လွှာဟာ ဝေမှိုင်းမှုန်ရီလာ။
ဒါပေမယ့်အနားကို သူငယ်ချင်း ရောက်လာချိန်မှာ ကျွန်မမျက်ရည်သုတ်ပြီးခဲ့ပြီ။

ဟက်ကနဲတစ်ချက်ရယ်ကာ ကိုယ့်ကိုကိုယ်ကြိုးစားပန်းစား သရော်လိုက်နိုင်ပေမယ့် သူမကို ဘယ်ကစ ရှင်းပြရမှန်းမသိပါ။

မာနတွေနဲ့ နှစ်ဦးအတူ ပြိုင်ခဲ့ကြတဲ့ နေ့ရက်တွေကိုလား။
ခွဲခွာနီးနောက်ဆုံးအချိန်မှာတောင် နောင်တကို မျက်နှာလွှဲကာ တစ်ယောက်အကြည့်ကို တစ်ယောက် အံတုခဲ့ကြတဲ့ အချိန်တွေကိုလား။

အမှန်တကယ် သူမရှိတောတဲ့အခါ ယနေ့ထက်တိုင် ဒဏ်ရာတွေ ပွင့်ဝေနေတဲ့အခါကိုလား။

ပြောပါဦး။ အနာတရကင်းတဲ့ ခွဲခွာခြင်းဆိုတာရှိသလား။
ဟင့်အင်း။ဘယ်သူက ကိုယ့်အရှုံးကို ဇာတ်ကြောင်းလှန်ချင်ပါ့မလဲ။



ဝေးကွာအခြေအနေမှာ နေသားတကျမပျော်ဝင်နိုင်လောက်အောင် ကြိုးစားနေဆဲမှာပင် လွမ်းဆွတ်ခြင်းဆိုတဲ့ သူသတ်လက်ထဲက အသက်လုပြေးနေခဲ့သူမှာ ကျွန်မဖြစ်ပါတယ်။
ထင်တစ်လုံးနဲ့ ရင်ထဲကခံနိုင်စွမ်းကို ပိုတွက်မိလို့ ချစ်သောသူနဲ့ ကွေကွင်းရခြင်းဆိုတဲ့ ဆင်းရဲမှာ ဒလိမ့်ခေါက်ကွေး လဲပြိုကျဆုံးနေခဲ့သူမှာ ကျွန်မဖြစ်ပါတယ်။
ဆောက်တည်ရာရလိုဇောနဲ့ စာအုပ်တွေကို ဝါးစားတော့မလို ဖတ်ကာ တစ်ရွက်ပြီးတစ်ရွက်သာ လှန်သွား၊ဘာအကြောင်းအရာတွေမှန်းမသိ။ တစ်အုပ်ပြီး တစ်အုပ်သာပြီးသွား ဘာတွေဖတ်မိမှန်း မမှတ်မိ တစ်စစီဖြစ်နေတဲ့ မှတ်ဥာဏ်နဲ့အတူ ထိန်းချုပ်နိုင်စွမ်း ပြိုကွဲနေခဲ့သူမှာ ကျွန်မ ဖြစ်ပါတယ်။

ဒါတွေဟာ ရက်ရက်စက်အလဲထိုးခံလိုက်ရတဲ့ တွေ့ရှိမှုအသစ်တွေလေ။ အံကြိတ်ပြီးပဲ ပြုံးနေလိုက်ရမလား။ နာကျင်ခြင်းကို ငိုယိုပြီးပဲ ဖွင့်ဟရတော့မလား။ ကယောက်ကယက်နဲ့ သွေးပျက်ခြောက်ခြားဆဲ ဆိုးရွားတဲ့ဝေဒနာတွေဟာ လက်စမသတ်နိုင်သေးပါ။

သူဘယ်လို ယုံမလဲ။
ကျွန်မကလည်း ကြိုတင်မသိခဲ့ပါ။
သူ့ဘဝ၊ကိုယ့်ဘဝလွန်ဆွဲပွဲမှာ ချစ်ခြင်းမေတ္တာဟာ တိမ်မြုပ်သွားမယ်ထင်ခဲ့တာ။

အဲဒီတုန်းကတော့ စိတ်ချသေချာနေတဲ့ ခေါင်းမာမှုတွေနဲ့ပေါ့။သူ ထွက်သွားတဲ့နောက်မှာ တမ်းတခြင်းဆိုတဲ့ မနိုင်ဝန်ထမ်းပြီး နွမ်းချိပြိုလဲနေလိမ့်လို့ မထင်ခဲ့ဘူးလေ။ အခုတော့ အားလုံးပြီးသွားပြီလို့ ယုံကြည်ခိုက်မှာ ကံကြမ္မာရဲ့ ရက်စက်တဲ့ ကျီစားမှုနဲ့ ရင်ဆိုင်ကြုံလိုက်ရပြန်တော့...

အံ့သြစရာပဲလေ။နှလုံးသားတွေ မွမွကြေနေပြီမို့ ဒီထက်ပိုပြီး နာကျင်စရာမရှိဘူးထင်ခဲ့ပေမယ့် သူငယ်ချင်းတစ်ယောက်ရဲ့ စကားအဆုံးမှာလည်း ထပ်မံရင်ကွဲခဲ့ပြန်တာ။

“ သူ ပြန်တုန်း တစ်ထောက်နားတာလေ။နင့်ကို ရှာနေတာပဲ။ နင်ပဲ သူ့အကြောင်းမကြားချင်ဘူး။ နင့်ကိုလည်း အဆက်သွယ်မခံနိုင်ဘူးဆို... ”

ဒါဆို ကျွန်မ သူ့ကို အမှန်တကယ် ဆုံတွေ့ခဲ့တယ်ပေါ့။ အမှန်တရားကို ငြင်းပယ်ရှောင်ပုန်းနေဆဲမှာပင် ဝမ်းသာလွန်းလို့ ငိုမိပြန်ရဲ့။ဒါပေမယ့် လျှပ်တပြက်အတွေ့မှာ ပြိုကွဲပြယ်လွင့်တော့မယ့် ဆင်ခြေတုံတရားကို လက်မတင်လေး အချိန်မီကယ်တင်နိုင်ခဲ့ပေမယ့် နောက်ထပ်တွေ့ဆုံဖို့ အင်အားမစုဆောင်းရသေးပါ။

မျက်လုံးတွေကို ထိန်းသိမ်းရတာ အပူရုပ်ကို ဟန်လုပ်ရတာ ခြေကုန်လက်ပန်းကျနေပါပြီ။ အလွမ်းတွေကို မျိုချလွန်းလို့ ကျွန်မရဲ့ထိန်းချုပ်သည်းခံနိုင်စွမ်းကိုလည်း အယုံအကြည်မရှိတော့ပါ။
ဝေးကွာလက်စနဲ့ ဒီလိုပဲ ဆက်လက်ကြေကွဲနေပါရစေ။

ရှင်သန်ရာအရိပ်ကလေးကို တစ်ဖန်ပြန်ပြီးမြင်လိုက်ရရုံနဲ့ လုံလောက်ကျေနပ်ခဲပါ့ပြီ။ သောကဆူးတွေကြားမှာ အကာအကွယ်မဲ့ ပိတ်မိနေလည်း တစ်ဘဝစာ နှစ်သိမ့်နိုင်ခဲ့ပါပြီ။ ကြယ်ကြွေရာသီရဲ့ မိုးကြိုးမုန်တိုင်းတွေအောက်မှာ ပြေးလွှားနေရလည်း တစ်သက်တာ ဆောက်တည်ရာရခဲ့ပါပြီ။

သူ့ကို လွမ်းလွန်းလို့ ရုပ်၊နာမ်အလုံးစုံ ညှိုးနွမ်းဖောက်ပြန်သွားပါစေ... ရင်နဲ့ရင်းပြီးရွေးခဲ့တဲ့ လမ်းပေါ်မှာ နှလုံးသွေးစက်လက်နဲ့ ဆက်လျှောက်ဦးမှာ ဖြစ်ပါတယ်။
မမြင်ကွယ်ရာမှာ မျက်ရည်တွေကို ပင်ပန်းဆင်းရဲကြီးစွာ သိုဝှက်သိမ်းဆည်းနေကျမို့ အရယ်အပြုံးတုကို ပြုပြင်တပ်ဆင်ရလည်း မခက်ခဲတော့ဘူးထင်ပါရဲ့။

တစ်ခါတုန်းက သူမသိခဲ့တဲ့ ကျွန်မရဲ့ ပုံရိပ်သစ်ရယ်လေ။ အသက်ဝင်တဲ့ မျက်နှာဖုံးကို ဒီဘဝမှာ မရနိုင်တော့ဘူး ဆိုလည်း ရှိပါစေ… မာနတွေကို ထမ်းပိုးကာ နောက်ဆုံးတော့ ပြုံးချင်ယောင်ဆောင်နေပါဦးမယ်။
ကျွန်မရဲ့ ကမ္ဘာမှာ ဆည်းဆာကွယ်လည်း နေပါစေ… မီးလောင်ပြင်မှာ မွန်းတည့်နေပူရှိန်ပြင်းပေမယ့် ကျွန်မက အရိပ်ခိုသူမဟုတ်ကြောင်း လူသိရှင်ကြားဖြစ်ပြီလေ။.........။



art : Pablo Picasso. (Spanish, 1881-1973). "Ma Jolie". Paris, winter 1911-12. Oil on canvas, 39 3/8 x 25 3/4" (100 x 64.5 cm). Acquired through the Lillie P. Bliss Bequest.


(ဒီစာလေးဟာ စာဖတ်သူအားလုံးအတွက် ကျွန်မရဲ့ နှုက်ဆက်စာလေးဖြစ်ပါတယ်။ စာရေးသားခြင်းကို အကန့်အသတ်မရှိနားပါဦးမယ်။ ချမ်းမြေ့ပျော်ရွှင်ပါစေ …)

မေတ္တာများဖြင့် ...
မယ်ကိုး



47 comments:

တေဇာ said...

အကန့်အသတ်မရှိ ရေးလာပြီးမှ ဘာဖြစ်လို့ အကန့်အသတ်မရှိ နားတော့မလဲ မသိဘူးနော်...။
အကြောင်းပြချက်တစ်ခုခု သိချင်တာမဟုတ်ပါဘူး။
စာရေးကောင်းတဲ့လူတစ်ယောက် စာမရေးတော့ရင် ဖတ်တဲ့လူတွေတော့ သတိရနေမယ်ထင်တယ်...။း)

သိင်္ဂါကျော် said...

ငိုချင်စရာလေးပါလား မယ်ကိုး ရေ..
နှုတ်ဆက်သွားတယ် ဆိုလည်း မြန်မြန်ပြန်လာခဲ့နော်...

သားကြီး said...

ဟောဗျာ
နှုတ်ဆက်စာဆိုပါလား
မလုပ်နဲ့လေ
မလုပ်လိုက်နဲ့
နေပါဦး
တားပါရစေဦးဗျာ

သားကြီး said...

ကံကြီးပေလို့ချောက်ထဲမကျတာ
ဒလိမ့်ခေါက်ကွေးဒူးထောက်လဲပြိုသွားတာကို
အရိပ်ကလေးမမြင်စမ်းဘူးလားကွယ်
အနောက်ကိုတစ်ကောက်ကောက်လိုက်မိတယ်ဆိုပေမယ့် ဆုံတွေ့ဖို့လည်းအားအင်မရှိသေးပြန်ဘူးကိုး
ခက်လေစွ..။
တကယ်ချစ်ခဲ့တယ်ဆိုရင်မာနကိုရှေ့တန်းတင်
ပြီးမပြိုင်သင့်ပါဘူးလေ
ပြီးခဲ့တာတွေလည်းသင်ပုန်းချေသင့်ပါတယ်
ကျနော့အထင်ပြောရရင် အနာတရကင်းတဲ့
ဒဏ်ရာမပါတဲ့ခွဲခွါခြင်းဆိုတာ မမြင်ဖူး မကြားဖူးသေးပါ
ကျန်သူဖြစ်ဖြစ် ချန်သူဖြစ်ဖြစ် ရင်ထဲမှာ အနာတရကိုယ်စီနဲ့ပါ။

မိုးစက်အိမ် said...

မကြီးမယ်ကိုး တစ်ခုတော့ပြောပရစေ အမရာ
ကျွန်တော့် ဘလော့အိမ်လေးတွေ စလည်စထားတဲ့ 
အချိန်ကနေ ခုချိန် ခွဲခြားသွားကြတဲ့ ဘလော့က
မောင်နှမတွေ တော်တော်များသွားပါပြီ သူ့ အကြောင်းနဲ့ 
သူပေါ့နော် တွေ့ ကြုံ ဆုံကွဲ ဆိုတဲ့ စကားရှိပေမဲ့ လည်း
ခင်မင်မှုဆိုတာတွေက တော့ပြောင်းလည်းမသွားပါဘူး
အမဘာဘဲဖြစ်ဖြစ် စာရေးစာဖတ်တယ်ဆိုတာ ကောင်း
ပါတယ် . . . စာပြန်ရေးမဲ့ အချိန်လေး မျှောနေပါတယ်
တခုတော့ပြောချင်ပါတယ် အမ ဘလော့တော့မဖျက်ပါနဲ့ 
တကယ်လို့ စာမရေးတော့ရင်တောင် မယ်ကိုးဆိုတာ
ရှိနေသေးစေချင်လို့ ပါ . . . ခင်မင်မှုများစွားဖြင့်

ကိုချစ်ဖေ said...

နားဦးမယ်ဆိုလည်း နားပါဦးဗျာ..အကန့်အသတ်မရှိတော့ မလုပ်ပါနဲ့ နားလို့ပြီးရင်တော့ပြန်လာဦးပေါ့ဗျာ.
အားပေးနေသူများအဖွဲ့က ဆူညံပူညံဖြစ်မယ်.

တေဇာပြောသလိုလေဗျာ.မယ်ကိုးရဲ့
အကန့်အသတ်မရှိရေးလာခဲ့ပြီးမှ...ဟုတ်သားပဲ.

နှင်းဟေမာ said...

မမကိုးရေ...
ဖတ်ရတာ ထိခိုက်မိသလို ကြားရတာလဲ အားမရှိတော့ဘူးး(
ခဏတော့နားပါ... အကန့်အသတ်မရှိတော့ မလုပ်ပါနဲ့
မမကိုး ပျော်ရွှင်ချမ်းမြေ့ပါစေ...
ညီမလေး နှင်း

Nai ရဲ့  ရွှေရတုမှတ်တမ်း said...

ဟဲ့ ငါ့တူမရဲ့...
အားတုန်းလေးတော့..ရလောက်ရေးပါဦး
လေးလေးတောင် Nov ကစပြီး နားရက်မရှိ ၄လ လောက်
အလုပ်လုပ်ရမှာမို့ စာတောင်ရေးနိုင်ပါ့မလားမသိဘူး..
အိမ်လည်ကတော့မထွက်နိုင်တာသေချာတယ်

အိန္ဒြာ said...

မယ်...

မပြောတော့ဘူးးးးးးး
ပြောကို မပြောတော့ဘူးးးးးးလို့
ဒေါ်မြလေးလေသံနဲ့ပြောပြီးပြန်သွားတယ်..အေ

ကိုလူထွေး said...

ကိုယ်ချင်းစာမိတဲ့အတွက်ကြောင့် ဘာမှမပြောလိုတော့ပါဘူး မယ်ကိုးရေ...

်ပစ်ရမှာလည်း ဆီတဝင်းဝင်းဆိုတော့ ကိုလူထွေးလည်း ချီရကောင်းနိုးနိုး ချရကောင်းနိုးနိုး ဖြစ်နေလျှက်ပါ...

အဆက်အသွယ်တော့ ဖြတ်မသွားပါနဲ့နော်...

လေးစားခင်မင်မှုများစွာနဲ့
းဝ)

အိုင်လွယ်ပန် said...

အခါ အခွင့် သင့်ရင်တော့
အရေးအသား ဆန်းဆန်းလေးတွေနဲ့
ပြန်လည် ဆုံချင်ပါသေးတယ် ..။
ကောင်းသောနေ့ပါဗျာ ..။

စည်သူ said...

မမမမမမမမမမမမမမမမမမမမမမမမမမမမမမမမမမမမမမမမမမမမမမမမမမမမမမမမမမမမမမမမမမမမမမမမမမမမမမမမမမမမမမမမမမမမမမမမမမမမမမမမမမမမမမမမမမမမမမမမမမမမမမမမမမမမမမမမမမမမမမမမမမမမမမမမမမမမမမမမမမမမမမမမမမမမမမမမမမမမမမမမမ မယ်မယ်မယ်မယ်မယ်မယ်မယ်ယမယ်မယ်မယ်မယ်မယ်မယ်မယ်မယ်မယ်မယ်ယမယ်မယ်မယ်မယ်မယ်မယ်မယ်မယ်မယ်မယ်မယ်မယ်မယ်မယ်မယ်မယ်မယ်မယ်မယ်မယ်မယ်မယ်မယ်မယ်မယ်မယ်မယ်မယ်မယ်မယ်မယ်မယ်မယ်မယ်မယ်မယ်မယ်မယ်မယ်မယ် ၉၉၉၉၉၉၉၉၉၉၉၉၉၉၉၉၉၉၉၉၉၉၉၉၉၉၉၉၉၉၉၉၉၉၉၉၉၉၉၉၉၉၉၉၉၉၉၉၉၉၉၉၉၉၉၉၉၉၉၉၉၉၉၉၉၉၉၉၉၉၉၉၉၉၉၉၉၉၉၉၉၉၉၉၉၉၉၉၉၉၉၉၉၉၉၉၉၉၉၉၉၉၉၉၉၉၉၉၉၉၉၉၉၉၉၉၉၉၉၉၉၉၉၉၉၉၉၉၉၉၉၉၉၉၉၉၉၉၉၉၉၉၉၉၉၉၉၉၉၉၉၉၉၉၉၉၉၉၉၉၉၉၉၉း

အားရပါးရကို အော်ခေါ်ပလိုက်တယ်..
တစ်ယောက်သေူသူ ကြားနိုင်ပါစေ..

ခင်မင်ခြင်းနှင့်
စည်သူ

မောင်ဘကြိုင် said...

ကျွန်တော်လည်နေကျအိမ်လေးတလုံး
ကျွန်တော်လာနေကျနေရာလေးတခု
ပိုင်ရှင်မရှိပဲခြောက်သွေ့တိတ်ဆိတ်နေ
တော့မှာပါလားဗျာ အစစအရာရာ
အဆင်ပြေပါစေဗျာ ပြန်လာခဲ့ပါ
ပျော်ရွင်ပါစေ..............

လသာည said...

မယ်ကိုးရေ.. ခရီးပြန်ရောက်ရောက်ချင်း ပြေးလာလိုက်တာ။ တာ့တာလို့ လုပ်ပြတာနဲ့တိုးနေတယ်။ စိတ်မကောင်းဘူး။

အစ်မတုန်းက ညီမလေးပြောသလိုလေးပေါ့။ မယ်ကိုးဆိုတာရှိနေတာလေးတင် ရပါပြီ။ စာမရေးပဲ နားနေလည်းဖြစ်ပါတယ်။

ဒါပေမဲ့ အစ်မစိတ်ပူတာက စာရေးနေတော့ ခံစားချက်တစ်စုံတစ်ရာကို မိတ်ဆွေတွေကို ရင်ဖွင့်လို့ရသေးတယ်၊ မရေးပဲ တကိုယ်တည်း ကြိုက်ခံစားနေမယ်ဆိုရင် ညီမလေးပိုခံစားနေရမှာလို့...။

စာနာပါတယ် ညီမလေးရယ်။ တကယ့်ကို စာနာမိပါတယ်။ တကယ်လို့ စာဆက်မရေးလို့ မယ်ကိုးအတွက် နည်းနည်းလေးစိတ်အနားရမယ်ဆိုရင်တော့ မတားပါဘူး။ ခဏနားလိုက်ပေါ့နော်..။

ဒါပေမဲ့ တကယ်လို့များ မယ်ကိုးတအားငိုချင်လာတဲ့အခါ ပခုံးဌားလို့ မျက်ရည်သုတ်ပေးမဲ့ မယ်ကိုးစာဖတ်ပရိတ်သတ်တွေရှိတယ်ဆိုတာ မမေ့နဲ့နော်လို့..။
မယ်ကိုးရဲ့အစ်မလေး

MANORHARY said...

အမှန်တကယ်တော့ အရာအားလုံးကို
အရိပ်အယောင်တွေအဖြစ် ဖန်တီးပစ်လိုက်ချင်တာ
ဒါပေမယ့် .. အရိပ်အယောင်အားလုံးက
ကိုယ့်ကိုပြန်ပြီးပြုစားတာကိုခံနေကြရ...
ဒီဘဝမှာတော့.............

မယ်ရေ
နားနားပြီးရေး...
နားနားပြီးတွေး..
နားပြီးရင်ပြန်လာမယ်
ယုံတယ်

အပြုံးပန်း said...

ဒီပေါ်မှာမတင်လည်း တနေရာရာမှာ ရေးနေမှာကို ယုံကြည်နေတယ်။
စာမရေးပဲ နေနိုင်မှာ မဟုတ်ဘူးဆိုတာ သိနေသားပဲ။

ဆောင်းယွန်းလ said...

သီချင်းတပုဒ်လိုပြောရရင် “နှုတ်မဆက်နဲ့ ငိုချင်တယ်”လို့
ဆိုရမှာလား ညီမလေး...
အကန့်အသတ်မရှိတော့မလုပ်နဲ့လေ...တပတ်လောက်နားရင်တော်ရောပေါ့...

အရေးအသားတွေကတော့ တမျိုးဆန်းသစ်လျှက်ပါပဲ

ကိုရင်နော်ခင်လေးငယ် said...

မယ်ရေ...
စာရေးဟန် စတိုင်ကတော့ ကျနော် အမြဲ ပြောတတ်တဲ့ “မယ်ကိုး” ရဲ့ ဟန်အပြည့်ပါပဲ..

အကန့်အသတ်မရှိနားပါဦးမယ် ဆိုတာကတော့ ဘာမှ မပြောလိုပါဘူး.. ကျနော် ကိုယ်တိုင်ကလည်း “အကန့်အသတ်မရှိ နားမယ့်သူ” ဖြစ်နေလို့ပါပဲ..

အလုပ်တွေ ပြီးချိန်.. အမောပြေလောက်ချိန်.. စိတ်ထဲက မွန်းကျပ်မှုတွေ ထားစရာ နေရာ မရှိတော့ချိန်.. ပြန်လာ ရေးကြတာပေါ့..

ချစ်ခင်စွာဖြင့်..
ကိုရင်နော်

အမရာ said...

မယ်ရေ..နောက်ဆုံးပိုဒ်လေးကို
အကြိုက်ဆုံးပဲ...
စကားမစပ်..မယ်ရေ..
မြန်မြန်တော့ပြန်လာခဲ့နော်..
အကြာကြီးပစ်မထားနဲ့...
မယ့်ရဲ့စကားလုံးတွေနဲ့မနိုးထရရင်
မနက်ခင်းတွေအသက်မဝင်နိုင်ဘူး..

ချစ်တဲ့

~ဏီလင်းညို~ said...

အခုမှ စလာဖတ်မိတာပါဗျာ...။
အောက်ဆုံးလည်းရောက်ရော...ခဏတာ နှုတ်ဆက်တာတွေ့ရတာပဲဗျာ...။
နားပြီးရင်...
ပြန်လာရေးပါနော်ဗျ....။

rose of sharon said...

ဖတ်လို့ကောင်းတဲ့ စာတွေ ခဏခဏလာဖတ်ချင်ပါသေးတယ်...

Lucifer said...

နေကလည်းကောင်းနေတယ်..စိတ်လေးလည်ကြည်နေတုန်း မို့ စာတွေလိုက်ဖတ်နေတာ.. မမမယ်ကိုးစာလေးဖတ်ရတာ သိပ်ကောင်းတယ်လို့ တွေးနေတုန်း ဖတ်ရင်းဖတ်ရင်း အောက်ရောက်မှ အကန့်အသတ်မရှိ ရပ်နားထားမယ် ဆိုတာကြီးတွေ့ရတယ်...
သူများကိုယ်ရေးကိုယ်တာမို့ ဘာကြောင့်လဲးမမေးပေမယ့် စာပြန်ရေးတဲ့ချိန်ထိတော့ စောင့်ဖတ်မယ်နော်...

Vista said...

အကန့် အသတ်မရှိနားမယ်ဆိုရင်လည်း....
အကန့် အသတ်မရှိစောင့်နေပါ့မယ်....
ြ့ပန်မရေးခြင်သေးလည်းအိမ်ကိုလာလည်ပီး
ပုံလေးတွေကြည့်ပါအုံးနော် ...ခြေရာလေးချန်ခဲ့တယ်ဆိုစိတ်ချမ်းသာပါတယ်..
စာပြန်ရေးမယ်နေ့ ကိုလက်ချိုး လက်အရေအတွက်ကုန်ရင်ခြေချိုးစောင့်နေပါ့မယ်..

မိုးခါး said...

အမောပြေရင် ပြန်ရေးပါ အစ်မ .. စာတွေဖတ်ဖို့ မျှော်နေတယ်နော် ..း))
ဒီစာပိုဒ်ကိုလည်း ဖတ်ရင်း မောလာတာ အောက်ဆုံးလည်း ရောက်ရော အမောဆို့ရောပဲ ..း((

ဒဏ္ဍာရီ said...

နှုတ်မဆက်ပါနဲ့ မမမယ်ကိုးရယ် ... မမရဲ့ အရေးအသားနဲ့ တွေးစရာတွေကို မျှော်နေပါတယ်။

ခင်မင်လေးစားလျှက်

အယ်ကို said...

ကိုယ်ချင်းစာမိပါတယ်မမယ်ကိုး။... နူတ်ဆက်ထွက်ခွာသွားလို့  မွန်းကျပ်မူ့တွေ ပြေပျောက်သွားလိမ့်မယ်ဆိုရင် ..... မတားဝံ့တော့ပါ။ ပြန်လို့လာရေးမယ့် နောင်တစ်နေ့ ကို မမယ်ကိုးရဲ့ပရိတ်သတ်တွေစောင့်နေကြတယ်ဆိုတာ မမေ့လိုက်ပါနဲ့နော်။
လေးစားစွာဖြင့်....

mae said...

ဟိုတနေ့က လာဖတ်ပါတယ်၊ ခံစားပြီး စကားရှာမရလို့ ဘာမှ မရေးခဲ့ဘူး

ခုမှ အောက်ဆုံးစာကြောင်းလေးကို တွေ့တယ်

ပျော်ရွှင်ပါစေ၊ ပြန်ရေးတဲ့အခါ ဆက်ဖတ်ရတာပေါ့

ချစ်တဲ့
မမေ

Anonymous said...

အနုပညာသမားတွေ ရက်စက်တတ်တယ်ဆိုတာ ယုံရမလိုဖြစ်နေပြီ။

JeuJue

မယ်ကိုး said...

ချစ်မလေးJeuJue နဲ့ လာရောက်အားပေးသူများအာလုံးကို ဒီကဗျာနဲ့ နားလည်ပေးပါလို့ ခွင့်ပန်ပါရစေ။

“တောင်ခြေမှာ ရပ်တန့်ခြင်း”

ကိုယ်ခံအားချို့ သူမို့  တောရိပ်မှာ ခိုမိရုံသာ။

ဆက်သွား...ခေါင်းမတ်မတ်ထား
ဘယ်လိုပင် ညွန်ကြားလည်း

ဟင့်အင်း...
ထပ်မတွန်းနဲ့ တော့နော်
အခိုက်အတန့် လေးမှာ ကျွန်မ သေမယ်။

ထိရှလွယ်သူကို တော်သလိုသာ မျက်နှာလွှဲလိုက်ဦး။

မောလွန်းလှမို့ 
ရင်ခုန်သံကို ချိုးနှိမ်လို့  ခဏတော့ ပုန်းမယ်။

ယုံကြည်မှတဲ့လား…
တုန်ခါလွန်းနေတဲ့ ထိုအရာလေးက
လဲပြိုဖို့  ကူပေးပြန်တော့
အိပ်မက်ကို တီးခေါက်ကြည့်တိုင်း လှိုဏ်ခေါင်းသံပါနေ။

အကိုးအကားတွေနဲ့
လွတ်လမ်းရှာလိုလည်း
မီးခိုးမုန်တိုင်းရဲ့  အောက်ခြေမှာ
အသက်ရှုရပ်နေသူပါ။

ရန်သူ့ လက်ထဲ စင်းစင်းကြီး သေတော့  ဆိုကာ ပစ်ထားလိုက်ပါကွယ်။

မယ်ကိုး

Vista said...

ရန်သူ့ လက်ထဲ စင်းစင်းကြီး သေတော့  ဆိုကာ
ပစ်မထားလိုက်နိုင်ပါကွယ် ....
ပစ်ထားနိုင်ဖို့ စိတ်အင်အားမရှိပါကွယ်..
ချစ်ညီမခြင်းပေမို့ အတင်းလက်ဆွဲကူထုတ်ပမယ်..
အားလေးနည်းနည်းထဲ့ပီးသာလိုက်လာခဲ့ပါ
လိုက်လာနိုင်အားမရှိဘူးဆိုလည်း ထမ်းခေါ်ပမယ်..

Anonymous said...

"တောင်ခြေမှာ ရပ်တန့် ခြင်း"
(တနေ့ တလံ ပုဂံ မရွေ့ ပါဘူးမယ်ကလေးရယ်)

ကိုယ်ခံအားချို့ သူမို့  တောရိပ်မှာ ခိုမိရုံသာ။
(....)

ဆက်သွား...ခေါင်းမတ်မတ်ထား
ဘယ်လိုပင်ညွန်ကြားလည်း
(မညွန်ကြားရက်ပါဘူးကွယ်၊ တောင်းဆိုရုံလေးပါ။ လုပ်နိုင်မယ်ဆိုတာလည်း သိနေလို့ ။)

ဟင့်အင်း...
ထပ်မတွန်းနဲ့ တော့နော်
အခိုက်အတန့် လေးမှာ ကျွန်မ သေမယ်။
(ရရိုးလား၊ ဒါပေမယ့် တွန်းတော့မတွန်းပါဘူး၊ ဖေးမရုံလေးပါ...နော်.)

ထိရှလွယ်သူကို တော်သလိုသာ မျက်နှာလွှဲလိုက်ဦး။
(တော်သလိုသာ ??? ဘယ်ဖြစ်လိမ့်မတုန်း)

မောလွန်းလှမို့ 
ရင်ခုန်သံကို ချိုးနှိမ်လို့  ခဏတော့ ပုန်းမယ်။
(မောလာရင် အနားယူရမယ်ဆိုတာကို အပြည့်အဝ ထောက်ခံပါတယ်။ ဒါပေမယ့် ကိုယ့်စကားနဲ့ ကိုယ်...ခဏပဲနော်)

ယုံကြည်မှတဲ့လား...
တုန်ခါလွန်းနေတဲ့ ထိုအရာလေးက
လဲပြိုဖို့  ကူပေးပြန်တော့
အိပ်မက်ကို တီးခေါက်ကြည့်တိုင်း လှိုဏ်ခေါင်းသံပါနေ။
(အနည်းဆုံးတော့ လှိုဏ်ခေါင်းက ဝန်းရံပေးထားပါသေးတယ်၊ လဟာပြင်ကြီးမှမဟုတ်ဘဲလေ။)

အကိုးအကားတွေနဲ့ 
လွတ်လမ်းရှာလိုလည်း
မီးခိုးမုန်တိုင်းရဲ့ အောက်ခြေမှာ
အသက်ရှုရပ်နေသူပါ။
(Mask တွေအရှိသားပဲ မယ်ရယ်၊ လှောင်ပြောင်ခြင်းလုံးဝမဟုတ်ပါ။ မုန်တိုင်းပြီးရင် လေပြေလာမှာပေါ့)

ရန်သူ့ လက်ထဲ စင်းစင်းကြီးသေတော့ ဆိုကာ ပစ်ထားလိုက်ပါကွယ်။
(မယ်က စောလူးမဟုတ်သလို စာဖတ်သူတွေကလဲ ကျန်စစ်မဟုတ်။) စကားမစပ်၊ ဒီတစ်ကြောင်းကို စိတ်အထိခိုက်ဆုံးပဲ။ မယ်က နောက်ဆုံးစာကြောင်းတွေနဲ့  တော်တော် နှိပ်စက်တတ်တယ်။

JeuJue

မယ်ကိုး said...

မJeuJue လေး

ခုလို တမှတ်တရ လာအားပေးတဲ့အတွက် ဝမ်းသာလိုက်တာ။
တောင်ပြန်တက်ဖို့ စိတ်အင်အားရိက္ခာစုလိုက်ပါဦးမယ်။=)
အထူးကျေးဇူးပါနော်။

Angel Shaper said...

မမရေ......
သမီးတော့ ဘာမှ မပြောတော့ဘူးနော်။
ဒီညဆို ပြန်ပြီနော်။ မကြာခင်ပြန်လာပါ့မယ်။ မမရဲ့စာစုလေးတွေကို တ၀ကြီး လာဖတ်ရဦးမယ်လေ။ သမီးကို မမေ့နဲ့နော်။ ချစ်စရာအရေးလေးတွေရေးတတ်တဲ့ ချစ်စရာညီမလေးရေ လို့ ချစ်ပြတတ်တဲ့ ချစ်မမကို သတိရနေမယ်နော်။ မကြာခင်ပြန်ဆုံကြမယ်။ မမရေ အဆင်ပြေပျော်ရွှင်ပါစေနော်။

မျက်မှန်လေး said...

မယ်ကိုးလ်ရေ....
ဘာလို့နားမှာလည်းကွာ...
မယ်ကိုးစာတွေဖတ်ချင်နေတဲ့သူတွေအများကြိးနော်
တို့လည်းတစ်ယောက်အပါအ၀င်ဘဲ
မြန်မြန်တော့ပြန်လာခဲ့နော်

မြစ်ကျိုးအင်း said...

ပြန်မလာသေးဘူးလား သူငယ်ချင်း
နှုတ်ဆက်စာမို့လို့ လာမရေးသေးဘဲ စောင့်နေတာ

ထူးခြားတဲ့စာရေးဟန်တခုရှိတဲ့ ဘလော့က အများကြီး မရှိဘူးလေ။

အချိန်အားရတာနဲ့ ပြန်လာပါလေ

နိုင်းနိုင်းစနေ said...

တစ်နေ့နေ့တော့ ပြန်လာခဲ့ပါ နေရာဟောင်းဆီ...

Anonymous said...

နိုဝင်ဘာမှာ လာမလား၊ ဒီဇင်ဘာမှာ လာမလား၊ စောင့်ရသူမှာ ရင်မောတယ်။ သီချင်းဆိုသွားတာပါ။ ပျော်ရွှင်ပါစေ မယ်ကလေးရေ။ မြန်မြန်ပြန်လာတော့နော်။

JJ

ကြည်ဖြူပိုင် said...

ကိုးကိုးရေ
စာပြန်ရေးနော်
မျှော်လင့်နေမယ်
ငါ့သူငယ်ချင်းလေးစာေ၇းကောင်းတာ
မရေးဘဲမနေပါနဲ့နော်
မရောက်တာကြာလို့ ဒီပို့စ်ကိုမဖတ်ဖြစ်ဘူး
နှုတ်ဆက်စာတော့မလုပ်ပါနဲ့နော်
နားပြီးပြန်ရေးမယ်လို့မျှော်လင့်နေမယ်
လာလည်တာအတွက်လဲကျေးဇူးပါနော်

မယ်ကိုး said...

ချစ်မလေးJeuJue ...

မယ် ဒီဖက်စာမျက်နှာမှာ ( http://maecoe.blogspot.com/ ) စာလေးတွေ ဆက်ရေးဖြစ်ပါတယ် :D ... လာလည်ပါဦးနော်။

နေ့အိပ်မက် said...

ညညရေ တမီးတစ်နှစ်ပြည့်ကြောင်း လာပြောတာ နောက်ပြီး အိမ်အသစ်ပြောင်းပေမဲ့လည်း ရစရာ အကြွေးဟောင်းတွေကို မမေ့ပါဘူးလို့ :P

ဇော် said...

အာ .. လုပ်ပြန်ပြီ .. စာရေးကောင်းတဲ့သူတွေကချည်း နားနေကြတော့ ဘာသွားဖတ်ရတော့မှာတုန်းဗျ .. အီး ဟီး ဟီး ..
ငိုချင်တယ် .. ဒီလိုမှန်းသိ အောက်ဆုံးက စာကြောင်းကို အရင်ဖတ်ပြီးမှ အဲ့နောက်ဆုံးစာကို ကျနော်မဖတ်လို့ အတည်မဖြစ်ဘူးလို့ ကွန်းမန့်ပေးပါတယ် .. ခုတော့ ဖတ်ပြီးသွားပြီရယ်ဗျ .. =(

Upasaka said...

ဝေးကွာလက်စနဲ့ ဒီလိုပဲ ဆက်လက်ကြေကွဲနေပါရစေ။

စာပြန်ရေးမဲ့ ရက် ကို မျှော်မိပါကြောင်း

ငြိမ်း ချမ်း ပါစေ

ဝက်ဝံလေး said...

မမ သာမီး ရောက်တယ်နော် သိရားးးးးးးးးးးးးးး စီဘုံးကြီး ဘယ်ပျောက်တွားတာတုံး တွေ့တော့ဘူးရယ် မမ custom message မှာ စာပြန်ရေးမည် လို့ရေးထားတာ တွေ့တယ် ဝမ်းသာတယ်နော် မမ ပြန်ရေး နော် သိရား

ပြန်ဒေါ့မယ်နော် ခစ်ခစ် ဘိုင် တာ့တာ
ဒုန်းးးးးးးးးးဒုန်းးးးးးးးးးးးးဒုန်းးးးးးးးးးးးး ချစ်လို့ ဒုန်းးးးးးး ၃ ဒုန်းးးးးးးထားခဲ့တယ် ဟက်

ဝက်ဝံလေး said...

မမ အိမ်လေး ပြောင်းထားတယ်လား ဖြူဖြူလေး လှတယ် အရင်ဟာလဲ လှပါတယ် ဘာလဲ နှစ်သစ်မှာ အိမ်သစ်လေးနဲ့ စာပြန်ရေးမယ်ပေါ့ ဂလိုလား ဟိဟိ ကောင်းပါ့နော် အာဂျား အာဂျား ဖိုက်တိုင်းးးးးးးးးးးးးးးးးးးး မမ ရေ ဘိုင် တာ့တာ ပျော်ရွှင်ပါစေနော်

ရွာသားလေးဝိုင်တီယူ said...

ကျနော့အတွက်တော့ မမယ်ကိုးက အပြင်လူတစ်ယောက်မဟုတ်ပါဘူးခင်ဗျ...

ဆီပုံးမတွေ့တော့လို ဒီမှာလာအော်သွားတယ်ဗျာ

အခန်းဆက်ကို စောင့်မျှော်နေသူတစ်ယောက်ပါ

Anonymous said...

လာသွားပါသည်

အရှင်ဝရသာမိ said...

ငဲ့မကြည့်သင့်တဲ့ စာမျက်နှာကို ငဲ့ကြည့်ပြီးတော့ကို
သေချာဖတ်သွားပါတယ်
အကန်သတ်မရှိ ရပ်တန့်ထားတော့မယ်ဆိုတော့
ဘာမှ မပြောတော့ပါဘူးလေ