28 April 2009

“တောင်ခြေမှာ ရပ်တန့်ခြင်း”




ကိုယ်ခံအားချို့ သူမို့  တောရိပ်မှာ ခိုမိရုံသာ။

ဆက်သွား...ခေါင်းမတ်မတ်ထား
ဘယ်လိုပင် ညွန်ကြားလည်း

ဟင့်အင်း...
ထပ်မတွန်းနဲ့ တော့နော်
အခိုက်အတန့် လေးမှာ ကျွန်မ သေမယ်။

ထိရှလွယ်သူကို တော်သလိုသာ မျက်နှာလွှဲလိုက်ဦး။

မောလွန်းလှမို့ 
ရင်ခုန်သံကို ချိုးနှိမ်လို့  ခဏတော့ ပုန်းမယ်။

ယုံကြည်မှုတဲ့လား…
တုန်ခါလွန်းနေတဲ့ ထိုအရာလေးက
လဲပြိုဖို့  ကူပေးပြန်တော့
အိပ်မက်ကို တီးခေါက်ကြည့်တိုင်း လှိုဏ်ခေါင်းသံပါနေ။

အကိုးအကားတွေနဲ့
လွတ်လမ်းရှာလိုလည်း
မီးခိုးမုန်တိုင်းအောက်ခြေမှာ

အသက်ရှုရပ်နေသူပါ။

ရန်သူ့ လက်ထဲ စင်းစင်းကြီး သေတော့ 
ဆိုကာ ပစ်ထားလိုက်ပါကွယ်။

18 April 2009

“မေတ္တာစာ”

ရင်ခုန်သံကို ပုံတူကူးလည်း အရိပ်ကို ဖျောက်လို့ မရဘူး။
ဦးနှောက်ကို အသင့်နှိုက်စားနေလည်း အမြင်ကန်းတာကို မဖုံးနိုင်ဘူး။

နှလုံးသွေးကို ခိုးစုပ်ထားလည်း သွေးညှီနံ့ မပယ်နိုင်ဘူး။

ကျေးဇူးပြုပြီး နားလိုက်ဦး။
မြေလျှိုးသွားလည်း ခြေရာတော့ ကျန်ခဲ့တယ်။

နှလုံးဖြူနဲ့  တောင်းပန်ချင်ရဲ့ ...
ချစ်တဲ့သူဝေနေယျတွေ  စိတ်တော့မရှိနဲ့ ရယ်။

ကျွန်မလိုပဲ  ရှင်တို့ လည်း ထိရှခဲ့ဖူးမယ်။ ။

08 April 2009

“ အရွေ့ ”

တော်ပြီလေ။

ကျိုးကြောင်းဆီလျော်တဲ့  သရုပ်ဆောင်မှုတွေရဲ့ အဝေးမှာ မျက်တစ်ခတ်မျှ ငြိမ်းအေးပါရစေ...

ကောင်းကင်ရဲ့  သိပ်သည်းဆမှာ မစိုက်ပျိုးနိုင်သူမို့   ဆင့်ကဲပြောင်းလဲမှုဖြစ်စဉ်ထဲ အိပ်မက်တွေ ထည့်သိပ်ရင်း.....။