30 May 2009

“ကျေးဇူးပြု၍ မပြုံးစေချင်ပါ”

ကိုယ့်အကြောင်းကိုယ်သာ တွေးတတ်ကြတဲ့ လူ့ သဘာဝမှာ တစိမ်းသူရဲ့  နာမည်ပြောင်တွေအကြောင်းကို နောက်ခံအရောင်ရင့်ရင့်နဲ့ ခြယ်သပြရင်တောင် ယောင်ယမ်းပြီးသတိထားကြည့်မယ့်သူ မရှိပါဘူး…လို့ 
ရန်စ,ကာ tag ထားတာလေးကို ကွေ့ ပတ်ပြီး မလျှောက်ရဲပါ။

ထုထည်ရှိတဲ့ လူဖြစ်ပေမယ့်လည်း မြူခိုးမှုန်လို့  ဝိုးတဝါးကိုယ်ရောင်နဲ့ သာမို့  ဘယ်သူကမှ ကိုယ့်ကို နာမည်ပြောင်လည်း အရေးတယူမပေးခဲ့ပါဘူး…လို့ 
မျက်စိစုံမှိတ်ကာ အကြောက်အကန်လည်း မငြင်းရဲ ပါ။

အခုမှတော့ ငိုပြလို့ လည်း မရတော့ဘူး ထင်ရဲ့ နော်။
အဲဒါကြောင့် ရှက်ရှက်နဲ့ သာ အနှစ်နှစ်ကာလက သိမ်းချည်ထားတဲ့ အထုတ်ကြီး အထုတ်ငယ်ကို ဖြေပြရတော့မှာ။

Tag ထားတဲ့ သူငယ်ချင်းလေး ကြည်ဖြူပိုင်နဲ့  ညီမလေး ငှက်ကလေး ရေ… ခင်မင်လေးစားစွာ ပြန်ကြားလိုက်ပြီနော်။

………………………………....................................................................

ဟိုး …ဟိုး… ငယ်ငယ်တုန်းက ဖတ်ဖူးတဲ့ ဝတ္ထုတိုလေး တစ်ပုဒ်ထဲမှာလေ။
ကောင်လေးတစ်ယောက် က ကောင်မလေးတစ်ယောက်ရဲ့  နာမည်ကို လိုက်မေးသတဲ့။
အဲဒီတော့ ကောင်မလေးက မေးတယ်။

“တို့ မှာ နာမည်တွေ အများကြီး ရှိတယ်။ အဖေ အမေက ခေါ်တဲ့ နာမည်။ အစ်ကို အစ်မတွေက ခေါ်တဲ့ နာမည် ။ မောင်လေး ညီမလေးတွေက ခေါ်တဲ့ နာမည်။ဦးဦး ဒေါ်ဒေါ်တွေက ခေါ်တဲ့ နာမည်။ ဆရာ ဆရာမ တွေက ခေါ်တဲ့ နာမည်။သူငယ်ချင်းတွေက ခေါ်တဲ့ နာမည် ။ ဘယ်နာမည် သိချင်လဲ။ သိပြီးရင်တော့ လိုက်မနှောင့်ယှက်နဲ့ တော့” လို့  ပြောတော့။

ကောင်လေးက လက်ခံလိုက်ပြီး “ အဖေ အမေက ခေါ်တဲ့ နာမည် သိချင်ပါတယ်” တဲ့။
ဒါနဲ့  ကောင်မလေးက “တို့  အဖေ အမေက တို့ ကို ခေါ်တာ သမီး ”လို့  အဖြေပေးလိုက်တယ်လေ…

ကျွန်မ မှာ အခုထိ အဲဒီစာလေးကို အမှတ်ရဆဲ။ စူပုတ်ပုတ်နဲ့  ကျန်ခဲ့တဲ့ ကောင်လေးကို မြင်ယောင်ပြီး ရယ်ချင်ဆဲပါ။

အခုလည်း ဒီလိုသာ ဆိုလိုက်ချင်တော့တာ။ အမေက ကျွန်မကို သမီးလို့ သာ ခေါ်ပါတယ် ... တစိမ်းသူတွေကပေးတဲ့ နာမည်ပြောင်လည်း မရှိပါဘူး လို့ လေ။ (ကျွန်မ ရှေ့ မှာ ဆိုပါတော့)

နာမည်ရင်းကို ခေါ်လိုက်ရင်ပဲ လှောင်ပြောင်သရော်ရိပ်က ပါပြီးသားမို့ ရယ်။
ထားလိုက်ပါလေ။ ဒဏ်ရာတွေ ခဏနားလို့  ပေါ့ပါးတဲ့စကားကိုပဲ ဆိုပါတော့မယ်။

ငါးပေ ငါးလက်မလောက် အရပ်မြင့်တဲ့ တစ်ဦးတည်းသောအစ်မက ငါးပေ တစ်လက်မခွဲကျော်ကျော်သာ အရပ်ရှိတဲ့  ကျွန်မကို “အပု” လို့  ခေါ်ပါတယ်။

အရင်တုန်းက ကိုယ်အလေးချိန် ပေါင် ၁၁၅ …၁၂၀ လောက်လဲ ရောက်ဖူးတာမို့  အဒေါ်အငယ်ဆုံးခေါ်တာက
“ဟေ့ကောင် ဝက်ပု” တဲ့လေ ။သူမ ခေါ်ပုံလေးက ချစ်စရာကောင်းပေမယ့် ကျွန်မမှာ အခံရခက်ခက် နာရတာရယ်။

ကျွန်မ ပိန်သွားတာ အတော်ကြာပြီဖြစ်ပေမယ့် သူမက ဒီတစ်သက်ပြန်ပြင်ခေါ်ဖို့  စိတ်ကူးလည်း ရှိပုံမပေါ်ပါလေ။

နောက် ကျွန်မရဲ့  အစ်မလို ချစ်တဲ့ အစ်မရဲ့  သူငယ်ချင်းက စနောက်ချင်ရင် “ သုံးဆယ့်ငါးပြားလေး” လို့  ကျီစယ်ပြောတတ်ပါတယ်။

ဖြစ်ရပုံကို ပိုပိုသာသာလေး ဆိုရရင်တော့ ကျွန်မရဲ့  စည်းအပြင်ရောက်တတ်တဲ့ စိတ်ကြောင့်ပါပဲ။ကျွန်မက သူတို့ သူငယ်ချင်းတွေ ကိုယ့်ရှေ့ မှာ ဘာတွေပဲပြောပြော စိတ်မဝင်စားရင် ဘယ်တော့မှ အမှတ်အသားမထားတတ်ပါဘူး။

အဲဒါကြောင့် သူတို့ ရဲ့  အဖွင့်အပိတ်နဲ့  လုပ်ထားတဲ့ကိစ္စလေးတွေဟာ နှစ်ခါမအစ်ရဘဲ အမှန်အတိုင်းဖြေတတ်တဲ့ ကျွန်မကြောင့် ပွင့်အံကုန်သလို…
အသေးအဖွဲလို့  ထင်တဲ့အရာမှန်သမျှ လျစ်လျူရှုတတ်တဲ့ ကျွန်မက တစ်ခုခုဆို “မသိဘူးလေ ….မရဲ့  ” လို့  ဆိုတတ်တာမို့  “ခြောက်ဆယ့်ငါးပြားလေး”လို့  စခေါ်ပါတယ်။

အဲဒါကို ကျွန်မ အစ်မက များသေးတယ်ဆိုတာမို့  နောက်ဆုံး သူမက “သုံးဆယ်ငါးပြားလေး”လို့  လျှော့ချလိုက်ကာ ကျွန်မကို စိတ်ဆိုးအောင် စတတ်လေတာ။

သူငယ်ချင်းတွေထဲမှာတော့ ချစ်စွာသော စလုံးအမျိုးသမီးလေး တစ်ယောက်က ကျွန်မကို “ကလေး”လို့  မြန်မာလို နောက်ပြောင်ခေါ်တတ်လေရဲ့ ။ဒီလို ခေါ်လို့  ကျွန်မရုပ်က နုနယ်အပြစ်ကင်းနေတယ်ထင်ရင် အမှားကြီးမှားသွားပါပြီ။

မာကျောခက်ထန်ကာ လူသတ်မယ့် ရုပ်လို ခပ်ကြမ်းကြမ်းပေမယ့် အူတိအူကြောင်နဲ့ မို့  ဒီနာမည်အခေါ်ခံရတာ ဖြစ်ပါတယ်။ စခေါ်ဖြစ်ပုံကတော့ သူမ က ဈေးသက်သာတယ်ဆိုကာ ခေါ်သွားတဲ့ ဆိုင်လေးတစ်ဆိုင်မှာ ဈေးဝယ်ရာက စပါတယ်။
အမျိုးသမီးတွေအတွက် ထုတ်ထားတဲ့ ပစ္စည်း အဆင်တန်ဆာတွေကို ဒါက သက်သာတယ် ...ဟိုကကောင်းတယ်...ဆိုကာ သူမပဲ ခြင်းတောင်းထဲ ရွေးထည့်အပြီး ငွေရှင်းဖို့ အသွားမှာ ကောင်တာက တစ်ခုတည်း ...ငွေရှင်းရမယ့်သူက အမျိုးသားဆိုတော့ မျက်နှာပူပူနဲ့  ခြင်းတောင်းကြီးဆွဲကာ ပြန်ထွက်လာဖြစ်ပါတယ်။


သူမက အကင်းပါးသူပီပီ ကျွန်မရဲ့ မျက်နှာရိပ်ကိုမြင်တာနဲ့ သိနေပြီ။“ ဒါ ဘာမှ ရှက်စရာမလိုဘူး... ဒီမှာ ယောက်ျားတွေတောင် ဝယ်တယ်” လို့  ပြောပေမယ့် ကျွန်မက မျက်လုံးကလယ်ကလယ်နဲ့ အင်းမလုပ် အဲမလုပ် နေတော့ “မင်းက ငါ့ ကလေးပဲ” ဆိုကာ ခြင်းတောင်းယူပြီး သူမပိုက်ဆံနဲ့ ငွေရှင်းပေးခဲ့ရဖူးရာက အစ။ နောက်ဒီလို မရင့်မကျက်လုပ်မိတိုင်း “ကလေး”လို့  စနောက်ခေါ်တတ်ပါတယ်။

အခုတော့ ကျွန်မရဲ့  အဝေးမှာ မတွေ့ ရတောင် ကြာပြီဖြစ်တဲ့ သူမရဲ့  အစ်မကြီးဟန်နဲ့ “ကလေး” လို့  နောက်ပြောင်ခေါ်သံလေးကို လွမ်းတမိပါရဲ့ ။

သူမလိုပဲ ကျွန်မကို မြန်မာလို ကလေးလို့ အဓိပ္ပါယ်သက်ရောက်တဲ့ ဂျပန်လို “kodomo” လို့  ခေါ်ဖို့  ကြိုးစားတဲ့ ရွယ်တူ စလုံးမလေး နောက်တစ်ယောက်ရှိပါသေးတယ်။

ဒီတစ်ခါဖြစ်ပုံကတော့ ကျွန်မ နည်းနည်းလွန်ပါတယ်။ သိပ်မကြာသေးခင်ကပဲ NAFA(Nanyang Academy of Fine Arts) ကျောင်းဆင်းသူတွေရဲ့  လက်ရာတွေ ပြခန်းကို သွားကြည့်ရာက အစပေါ့လေ။

တခြားဒီဇိုင်းတွေ အကုန်ကြည့်ပြီးလို့  ပရိဘောဂ ဒီဇိုင်းတွေဆီအရောက် ပစ္စည်းချိတ်ဖို့  လုပ်ထားတဲ့ ဒီဇိုင်းနံရံလေးတစ်ခုကို သွားတွေ့ ပါတယ်။ မှန်နံရံလေးမှာ အပေါက်တွေ ဖောက်ထားပြီး အသုံးအဆောင်လေးတွေ ချိတ်ဖို့  မှန်တုတ်ချောင်းတိုလေးတွေကို ဟိုတစဒီတစထိုးထည့်ထားကာ မီးရောင်စုံလေးပါ ထည့်သုံးထားတာမို့  တော်တော်လှပါတယ်။

ကျွန်မကလည်း ပြန်ခါနီးပြီမို့  ဘာရယ်မဟုတ် စိတ်လက်ကြည်သာစွာ အပေါက်ကလေးတစ်ခုထဲ လက်ညှိုးထိုးကြည့်မိပါတယ်။

ပြန်ဆွဲထုတ်တော့ လက်ဆစ်နဲ့  ခံနေပြီး ပြန်ထုတ်လို့  မရတော့ပါဘူး။ကျွန်မလည်း လန့် သွားပြီး
“ အာ…အာ လုပ်ပါဦး လက်ညှိုးပြန်ထုတ်လို့  မရတော့ဘူး” လို့  ပြောလိုက်မိပါတယ်။
သူငယ်ချင်းက ဘာလုပ်တယ် ထင်ပါသလဲ။ တဟားဟားနဲ့ သဘောတကျရယ်ပြီး ကျွန်မရဲ့  လက်ညှိုးထုတ်မရ အခက်တွေ့ နေပုံကို ဓာတ်ပုံရိုက်ဖို့  ကြိုးစားတော့တာ။

ကံအားလျော်စွာပဲ သူမ ဓာတ်ပုံမရိုက်နိုင်ခင် ကျွန်မ လက်ညှိုးပြန်ထုတ်နိုင်ခဲ့ပါတယ်။
ဒါပေမယ့် ဒါဟာ “ ချစ်လို့  ပြောတာပါ ” လို့  စကားအစထားကာ ပြောမပြီးနိုင်တဲ့ ရယ်စရာ ဇာတ်လမ်းဖြစ်သွားပြီလေ။

ကျွန်မကို အပေါက်မြင်တိုင်း လက်ညှိုးထိုးကြည့်တတ်တဲ့ သုံးနှစ်သားကလေးသူငယ်လို့ မြင်ကာ “kodomo ” လို့  စခေါ်ဖို့ ကြိုးစားတာမို့  မနည်းတောင်းပန်ထားရပါတယ်။

နောက်ဆုံးအနေနဲ့  ပြောချင်တာက ကျွန်မကို “ အချစ်ကလေး” လို့  ခေါ်သူတစ်ယောက်လည်း ရှိသေးတယ်ဆိုတာပါ။
ကျေးဇူးပြုပြီး မျက်လုံးပြူးမကြည့်ပါနဲ့ ကွယ်။ လူရော စိတ်ရောလှလို့  ကျွန်မက “နတ်သမီးလေး”လို့  ခေါ်တဲ့  သူငယ်ချင်းမလေး တစ်ယောက်က ခေါ်တာဖြစ်ပါတယ်။

မော်ကွန်းမဝင်တဲ့ မှတ်တမ်းတွေကို မျက်နှာပူပူနဲ့  ဖွင့်ပြလို့ ပြီးသွားပေမယ့် မငြိမ်းသေးတဲ့ အကြွေးတစ်ခုလည်း ကျန်သေးတာ။ လူရိုင်းလေး က တွေ့ ချင်သူ ဆယ်ယောက်တဲ့လေ။

ခက်တာက တွေ့ ချင်သူတွေက ဆယ်ယောက်မက ပိုများနေပါတယ်။

လေးစားရတဲ့ စာရေးသူတွေကော၊ ကျွန်မကို နောက်တလှမ်းဆက်လှမ်းချင်အောင် “အားပေးပါတယ် ” လို့  (လူမှုရေးအရပဲ ဖြစ်ဖြစ်) အမောပြေစကားဆိုတတ်တဲ့ ကျေးဇူးတင်လေးစားရတဲ့ စာဖတ်သူတွေကော၊ တိတ်တိတ်လေး ခြေရာမပေးဘဲ စာဖတ်တတ်သူတွေကော အထူးပဲ ခင်မင်စွာ တွေ့ လို လှပါတယ်။

ကျဉ်းတယ်ဆိုတဲ့ ကမ္ဘာမှာ ကံစီမံလို့  မထင်မှတ်ဘဲ ဆုံဖြစ်ကြမယ်ဆိုရင် တစ်ခုလေးတော့ ကြိုတင်မေတ္တာရပ်ခံပါရစေ....

အနည်းငယ်လေး။ မဖြစ်စလောက်လေးပါ။

ကျွန်မရဲ့  နာမည်ရင်းနဲ့  နှုတ်ဆက်တဲ့အခါ ရယ်ချင်သွားတဲ့ မျက်နှာရိပ်ကို ကြိုးစားကာ သိုဝှက်ပေးဖို့ ရယ်။ ။



မေတ္တာများဖြင့်...
မယ်ကိုး

26 May 2009

“ဒဏ်ရာများ အဆုံး... သညာတစ်ခု အစ”


ပညတ်တစ်ခုကို ရှင်းလင်းမယ် ကြံစည်တော့ အရှင်လတ်လတ်နာကျင်မှုတွေဟာ စီရရီနဲ့  ထိုးထိုးထောင်ထောင်ထွက်လာတာ။

သညာတစ်ခုကို စဖွင့်ဖို့  နောက်ခံတီးလုံးဟာ ကျွန်မရဲ့  နာမည်ရင်းဖြစ်တာမို့  ဘေးဘီငဲ့ကြည့်ပြီးမှသာ ရှေ့ ဆက်သွားနိုင်တော့ မှာ။

ဘယ်သူယုံမလဲ။

အသိနက်နက် ရှက်တတ်တဲ့ အရွယ်ကစလို့  မျက်နှာသစ်တွေနဲ့ မိတ်ဆက်ရတိုင်း အကြည့်မြားစူးတွေအောက်မှာ
ရှက်စိတ်နဲ့  အနေခက်ကာ သေလုမတတ်နာကျင်ခဲ့ရတာတွေ။

ရယ်ချင်ရိပ်ကို ဖုံးကွယ်ထားတဲ့ မျက်နှာဖုံးတွေ။

ခါးလိုက်တာ။

အသားကျနေတဲ့ မချိပြုံးကို ထုံးစံအတိုင်း တပ်ဆင်ရပြန်။


မုန်းတယ်။
လူသုံးခဲတဲ့ စကားလုံးနဲ့  ခြားနားတဲ့ အနက်ကို ဖော်ဆောင်တဲ့ ဒီနာမည်ရှည်ကို။


တခါကြားဖူးတာနဲ့ အမေ့ခက်တဲ့ နာမည်ဟာ လူတွေရဲ့  ဦးနှောက်မှာ တွဲလျက်ဖြစ်နေမှာက နာမည်နဲ့ လူနဲ့  လိုက်လဲမလိုက်ဖူးဆိုတာ။

ဟုတ်ပါတယ်။
ဒီနာမည်နဲ့  ကျွန်မ မအပ်စပ်ပါဘူး။
ရင်ထဲမှာပဲ အော်နိုင်ကာ နှုတ်က ပြောမထွက်။


နာကျင်လွန်းလှချည့်။

မိတ်ဆက်ခံရသူမျက်နှာတွေ ဘယ်လိုပဲ ပြောင်းပြောင်း သွင်ပြင်ကတော့ တစ်ခုတည်း ။

မျက်ခုံးတွန့် မယ်။ မယုံချင်သူ။

ရယ်ချင်ရိပ်ကို ဖုံးထားမယ်။ အားနာတတ်သူပဲ။
မပွင့်တပွင့် ရယ်မယ်။ တပါးသူခံစားရမှုကို လျစ်လျူရှုရက်စက်တတ်သူပေါ့။
နောက်ဆုံး ကိုယ်ချင်းစာတတ် တဲ့ ဟန်ဆောင်ကောင်းသူကတော့ နောက်ကွယ်မှသာ စကားတင်းဆိုကာ ရယ်မောမှာရယ်။

နာမည်ကြားရင် တကူးတက လာကြည့်တတ်ပြီး တိုးကျိတ်ရယ်မောတတ်သူတွေ။ ငယ်စဉ်တောင်ကျေးက စလို့  ရိုက်ခတ်ခံခဲ့ရတဲ့ သရော်လှောင်ပြောင်မှုမို့  အရေထူနေပြီလို့ မထင်လိုက်ပါနဲ့ လေ။

လှိုင်းဒဏ်ကြောင့် တစစီပြုန်းကြွေသွားတဲ့ ကျောက်ဆောင်လို နာကျင်မှုသဲပွင့်တွေဟာ ဟင်းလင်းခွင်တလျှောက်။
ကြေကွဲလွန်းလို့  ခဏသေသွားလည်း ပြန်ရှင်လာတော့ ဒီနာမည်နဲ့ သာ။
စာရွက်ထဲမှာလည်း နာမည်တွေ ချ ရေးဖူးပါတယ်။
ဒါပေမယ့် ပြောင်းလဲခွင့်ဟာ အဝေးဆုံးရဲ့  အစွန်အဖျား၌သာ။


ဒီလို ဝဋ်ကြွေးများကို ကျောပိုးထားရသူဟာ ပြီးခဲ့တဲ့လ သင်တန်းမှာ မိတ်ဆက် ရတဲ့အခါ မြန်မာတွေ ပါတာမို့  ခပ်ကျယ်ကျယ်ရယ်သံတွေနဲ့  နားထဲကို ချော်ရည်လောင်းထည့် ခံရပြန်ပါသေးတယ်။

“ ရိုင်းလိုက်ကြတာ” လို့  မနာကျည်းနိုင်ပါဘူး။
အရင်ဘဝက ငါဒီလိုပဲ လုပ်ခဲ့ဖူးလို့  ထင်ရဲ့ လို့  အမြဲဖြေသိမ့် နေကျမို့  လျစ်လျူရှုလည်း သိမ်ငယ်မှုကို မသိမ်းဆည်းနိုင်ခဲ့ပါ။


အားလုံးလည်း သိရဲ့ ။
သတ္ထုတောင်မှ အရည်ပျော်တတ်ပါတယ်။

ဆရာနီကိုရဲ ရဲ့  ဝတ္ထုတို တစ်ပုဒ်ထဲမှာ ပြားကြီးဆိုတဲ့ ဇာတ်ကောင်ဟာ နာမည်မလှလို့  စိတ်ဆင်းရဲခဲ့ရဖူးသလို ကျွန်မလည်း အသက်ကြီးလာလေ လူနဲ့  ကွာဟလေ ဖြစ်လာတဲ့ ဒီနာမည်ဆန်းဆန်းကြောင့် သေသည့်တိုင် နာကျင်နေရတော့မှာပါ။

ဒီလို မအပ်မရာ နာမည်လှလှဆန်းဆန်းကို ပိုင်ဆိုင်နေရသူမို့  ကလောင်နာမည်ရွေးတဲ့အခါ ဘာ အဓိပ္ပါယ်မှ မသက်ရောက်တဲ့ အရိုးဆုံးကိုပဲ စဉ်းစားခဲ့ပါတယ်။

ရှင်ညိမ်းမယ်က အစ အိုင်ချင်းသီတဲ့ မယ်အစချီ ကဗျာဆရာမအပေါင်းကို လေးစားချစ်ခင်သူမို့  မယ်လို့  ရှေ့ စကားလုံးစကာ မွေးရက်က (၁၈)ဆိုတော့ ပေါင်းတော့ကိုးရတာမို့  လွယ်လွယ်ကူကူပဲ ဒီစကားလုံးနှစ်ခု ပေါင်းစပ်လိုက်တော့တာ။

ပြီးတော့ မြန်မာလူမျိုးဆိုတော့ ဘယ်သွားသွား ကိုးက ရှောင်မလွတ်တာမို့  ကိုးဂဏန်း ကို ချစ်ခင်မိတာကလည်း တကြောင်းပေမယ့် ကျွန်မ မွေးရက်က လေး ဖြစ်နေရင် ဆိုရင် မယ်လေး လို့ များ ဖြစ်လာမလားရယ်။
၁ ၂ ၃ တို့  ၅ ၆ ၇ တို့  ဆိုရင်တော့ ...အသေအချာပေါ့။ ဆက်စဉ်းစားရဦးမှာလေ။ :)

အခုတော့ မယ်ကိုးနဲ့ ပဲ ဇာတ်လမ်းဆုံးသွားပါတယ်။ ဒီလောက်လွယ်တဲ့ ကင်ပွန်းတပ်ပုံကို ပြောဖို့ အရေး ခြေဆင်းက ရှည်လွန်းသွားတာမို့  ကျေးဇူးပြုပြီး စိတ်မရှိစေချင်ပါဘူး။

အခုတော့ ဆိုလက်စနဲ့  ဆက်လက်ပြောခွင့်လေး တောင်းချင်ပါတယ်။

ဒီနာမည်နဲ့ ပဲ ကျောင်း တုန်းက ကဗျာစာအုပ်တွေ။စာစုပေါင်းစာ အုပ်တွေမှာ ရေးခဲ့ပြီး ၂၀၀၅-၆ တဝိုက်မှာ faces မဂ္ဂဇင်း မယ့်လက်ရေး ကဏ္ဍမှာ ဝတ္ထုတိုလေး လေးခု၊ ရွက်နုဝေ မဂ္ဂဇင်းနဲ့  violet ဂျာနယ်မှာ အက်ဆေး၊ဆောင်းပါး တစ်ချို့ နဲ့  နာမည်ထင်ဖူးပေမယ့် မြုပ်နေတာအတော်ကြာပြီမို့  ကလောင်တူသူများ ပေါ်လာမလားလို့  စိုးရိမ်ခဲ့ဖူးပါတယ်။

ဒါပေမယ့် ဒီလောက်စင်းတဲ့ နာမည်ကို နှစ်သက်ရွေးချယ်သူမရှိတဲ့အတွက်လည်း ဘယ်သူ့ ကိုမှန်းမသိ ကျေးဇူးတင်ရပါတယ်။

ဒီပညတ်လေးနဲ့  ပက်သက်ပြီး ပြောခွင့်ရအောင် လှုံ့ ဆော်ပေးတဲ့
မနိုင်းနိုင်းစနေ နဲ့  နာမည်ရဲ့  ခက်ဆစ်အဖွင့် စိတ်ဝင်တစားမေးတဲ့ ကိုကြယ်သောကြာ တို့ ကို အထူးကျေးဇူးတင်ပါတယ်။

ကျွန်မရဲ့  အမည်ပြောင် (nick name) တွေကို တခုတ်တရမေးတဲ့ သူငယ်ချင်းလေး
ကြည်ဖြူပိုင် နဲ့  ကလောင်နာမည်နဲ့  နာမည်ပြောင်စုရုံးကာ တဂ်တဲ့ ညီမလေး ငှက်ကလေး ကို ခင်မင်ကျေးဇူးတင်စွာ နောက်စာတစ်ပုဒ်မှ ရှင်းလင်းရေး လုပ်ပါရစေလို့  မေတ္တာရပ်ခံပါရစေဦးကွယ်။

ကျွန်မလည်း တဂ်ချင်သူတွေ များပါတယ်။ ဒါပေမယ့် မရင်းနှီးသူတွေမို့  အဖြေပြန်မလာမှာ စိုးတာကြောင့်
ကိုမင်းအိမ်ဖြူ ကိုပဲ ခင်မင်သမှုနဲ့  ဒုက္ခပေးပါရစေတော့နော်။:)


မေတ္တာများဖြင့်...
မယ်ကိုး

19 May 2009

“ အတွင်းလူ”



ဘယ်လိုလဲ…
ရာသီဥတုအကြောင်း
ခေါင်းမရှောင်တမ်း သံစဉ်ညှိမလား…

မျက်ဝန်းချင်း ဆုံမိတော့
ဒါက ဒီလိုပါ….
ဟိုက ဟိုလိုပါ ….တဲ့လေ။

အလင်္ကာတွေ မလိုဘူးကွယ်။
အမှန်တရားဆိုတာ ဥာဏ်ကောင်းသူပဲ ရယ်။


အသေအချာပေါ့...
ရယ်ရလွန်းလို့  မျက်ရည်ကျဦးမယ်။ ။


10 May 2009

“ ငိုကြွေးနေတဲ့ ရောင်ပြန် ”

လောကကြီးနဲ့ သိသိသာသာ ကျွမ်းဝင်ပြီးတဲ့နောက်မှာ အလီဘာဘာတံခါးတွေအပြင် အလီဘာဘာလမ်းတွေပါ ရှိသေးကြောင်း ကျွန်မ သိလာခဲ့ရပါတယ်။
ကံတရားတဲ့လေ။ကျွန်မ သိပ်မုန်းတယ်။
ဂါထာကို ထောင်ပေး မသင်ယူနိုင်သူအတွက် သူနဲ့ ကျွန်မဟာ ကျောချင်းကပ် ရန်သူတွေပါ။


ဘယ်လို။

ဘဝဟာ ပြ
ာန်းပြီးသား စာအုပ်တဲ့လား။ခါးလွန်းလို့  နားလိုက်ဦးကွယ်။
ခြေအကြွမှာ ဆူးတွေ ကပ်ပါနေပေမယ့် အိပ်မက်တွေ သိပ်သိပ်သည်းသည်း မြုပ်နှံထားရာဆီ ဆက်လှမ်းနေဦးမယ်။

“သမီးမိုက်” တဲ့လား။
ခွင့်လွှတ်ပါ အမေ။
သမီး မသေချင်သေးဘူး။
အမေညွန်တဲ့ လမ်းတွေမှာ သမီးပျော်မွေ့ ချင်ခဲ့လည်း...

အမေခင်းပေးတဲ့ လမ်းတွေမှာ သာတောင့်သာယာနေချင်ခဲ့လည်း...
အိပ်မက်တွေ ခင်းကျင်းဖို့ ပြတိုက်လေးဆီ လှမ်းပါရစေ။

အမေ့ရဲ့  ကိုယ်ပွားမဖြစ်နိုင်တော့တဲ့ သမီးမို့ အပူမီးမှာ နစ်ပါရစေဦး။
အမေ ဆိုသလို သမီး အမှန်တကယ် မိုက်မဲလွန်းရဲ့ နော်။

ဒါပေမယ့် ရခဲလှတဲ့ လူ့ ဘဝမှာ မရချင်တာတွေနဲ့ ပဲ မရှင်သန်နိုင်တဲ့သမီးကို မျက်နှာလွှဲလို့  လွှတ်မချခင်....
အတိတ်ကံနဲ့ သမီးလွန်ဆွဲတဲ့ပွဲမှာ သမီးဘက်က လာအားပေးပါလား အမေရယ်။

ဟုတ်ကဲ့။
ယုံကြည်မှုတွေ ဘယ်လိုပင် စိုက်ပျိုးလည်း နောက်ဆုံးမှာ ခြောက်သွေ့ နေတဲ့ ပန်းတွေပဲ တဲ့လား။
ရှိပါစေလေ။
ရာသီဥတု ဘယ်လောက်ပဲ ညှိုးရော်နေပါစေ နေရောင်ခြည်ကို ကျွန်မ ဖန်တီးယူဦးမယ်။
ဖြောင့်ချက်တွေ မပေးချင်ပေမယ့် ကျွန်မရဲ့ ပန်းခင်းဟာ ကျွန်မ ဖြစ်ပါတယ်။

ဒီလိုနဲ့  အမေ့ရဲ့  သမီးဆိုးလေ…
လှိုင်းကြမ်းမုန်တိုင်းအကြား ဘယ်အကွေ့ မှာ ဘယ်တက်နဲ့ လှော်ရမယ် မသိလည်း
ခေါင်းငုံ့ လို့ ငို

ခေါင်းငဲ့ ရင်း ပြုံး

ခေါင်းမေါ့ ကာ ရယ်ချင်ယောင်ဆောင်နေဦးမှာ။ ။


05 May 2009

“မျဉ်းကျဉ်းများ အကြား”

ရွှေတံစိုးနဲ့  လာဘ်မထိုးတတ်တာကြောင့်
ကောင်းကင်ကြိုးပြတ်ခဲ့ရသူပါ။


နှင်းထုကို ဓားစာခံပြီး
မြို့ တော်ဟာ
ခြေရာဖျောက်ဖို့  ကြံဆောင်ချိန် ...
အိပ်မက်ဟာ စိတ္တဇနာမ်လို့ 

ရွတ်ဆိုတော့
ကျွန်မရဲ့ ပြာတွေ တဟားဟားရယ်ကြတယ်။

အဖတ်မဆည်နိုင်တဲ့ ပရမတ်တွေနဲ့ 
လိုက်လျောညီထွေ လရောင်ရေ...
ကွက်ကျားအလင်းဝှက်တွေကို
ဘယ်အတွက် မျက်လှည့်ပြ

သိပ်ရက်စက်လွန်းလှရဲ့။ ... ။


01 May 2009

“လျှောစောက်တစ်ခုမှာ”


ရယ်စရာ...
ပသာဒဆိုတာ ကြည်နူးစရာတဲ့လား...  
အလင်းကွယ်နေခဲ့တာ အသင်္ချာ။
ငြင်းပယ်ခံအာရုံနဲ့   သတိထားနားထောင်ကြည့်တဲ့အခါ...
ချော်ရည်ပြာပူ အောက်က  သေလုမျောပါး နှလုံးခုန်သံတွေ။

အဝေးက တောင်တန်းတွေမှာ အခွံပျက်တေးသွားနဲ့  “ငါ ”ဆိုတာကို လိုက်ရှာလည်း...

ကျွန်မအရိပ်က ခနိုးခနဲ့  ရယ်တော့ ကြေကွဲလို့ မဆုံးတယ် ။ ။