09 September 2009

အသင်ရဲ့ မချစ်မနှစ်သက်သော...


ချစ်ညီမလေးဝက်ဝံပိစိလေးရဲ့ tag post တစ်ခုကို ရှောင်လိုက်တော့ နောက်တစ်ခုနဲ့ မျက်နှာချင်းဆိုင်တိုးပါတယ်။ “ကျွန်မကို အမြင်ကတ်ကြသော အကြောင်းရင်းများ” တဲ့။ အချက်အလက်တွေက စုံလွန်းတာမို့ တစ်စစီ ဆွဲဖြည်ရရင်ဖြင့် တစ်ထောင့်တစ်ညထက် ကြာသွားနိုင်တာကြောင့် လိုရင်းကိုသာ ဆိုခွင့်တောင်းပါရစေလေ....

အနှစ်ချုပ်ကတော့ တစ်ကြောင်းတည်းပါပဲ။ လူတွေရဲ့ အမြင်လွဲ အမြင်မကြည်ခြင်းကို ခံရတဲ့ ကံပါတယ်” လို့ ဇာတာဖွဲ့မှာပင် မှတ်တမ်းပြုခံခဲ့ရတဲ့သူပါ။ မျက်နှာမြင် ရိုက်ချင်လိုက်တာ။ အသံကြား ခါးသီးလိုက်တာ… လို့ လူတကာဆိုရသူဟာ ကျွန်မသာ ဖြစ်ပါတယ်။ မယုံမရှိပါနဲ့။ ငယ်စဉ်ကစလို့ အမုန်းဆိုးတွေနဲ့ ရင်ဆိုင်တွေ့ကြုံခဲ့ရသူပါ။ ဗေဒင်အဟောကို ငယ်စဉ်အခါမှာတော့ မယုံခဲ့ပါဘူး။ ဒါပေမယ့် အသက်ကလေးရလာတော့ တိုက်ဆိုင်လွန်းတိုင်း ထိုစာလေးကို သတိရတတ်လာ။ နေသာသလို နေချင်ပေမယ့် ထိရှပါများတော့ ကျွန်မ ကြောက်တတ်လာတော့တာ။

မယုံဘူးလား။ ကံ၊ကံရဲ့တရားကို မယုံကြည်ဘူး ဆိုရင် ကျွန်မသက်သေလုပ်ပေးပါရစေ။ အတိတ်ကံနဲ့ လက်ရှိကံလွန်ဆွဲတိုင်း အမြဲတစေ လွင့်စင်ပြိုလဲနေသူရယ်။ တကယ်ပါ။ ဒီဘဝကတော့ ဝဋ်ကြွေးတွေနဲ့ ကစားနေခြင်းသာ။
အရူးရင့်သူရယ်လေ။ ဘယ်တုန်းကမှ မနိုင်ဖူးသေးလည်း မိုက်မိုက်မဲမဲ ရှေ့ဆက်တိုးနေသူသာ ဖြစ်ပါတယ်။ ဒါပေမယ့် သိမ်ငယ်ခဲ့ပြီ။

ကံသာသူတွေ သံသယနဲ့ မကြည့်ပါနဲ့။ ကိုယ်တိုင်မကြုံဖူးတိုင်း မဖြစ်နိုင်ဘူးလို့ သဘောထားကျဉ်းကျဉ်းနဲ့ ဇွတ်မှိတ်မငြင်းပါနဲ့ဦး။ တစ်ချို့သောသူတွေရဲ့သမိုင်းဟာ ဖတ်ပျော်တဲ့ ပုံပြင်တစ်ပုဒ် မဟုတ်ပါဘူး။ ဒါပေမယ့် ရှိပါစေလေ။ နားလည်မှုညှိနှိုင်းခြင်းဆိုတဲ့စကားလုံးမှာ ကျရှုံးပေါင်းများခဲ့ပါပြီ။



ဘယ်လိုခွန်းချိုဆိုရမလဲ။ ဘယ်လို ပြုံးရယ်ရမလဲ။ ဘယ်လို တုံ့ပြန်သင့်သလဲ။ ကျွန်မ မသိဘူး။မနေတတ်ဘူး။သရုပ်မဆောင်တတ်ဘူး။ အေးခဲနေတဲ့ မျက်လုံးတွေအောက်မှာ ကျွန်မ မနေရဲဘူး။ အသက်ရှုမဝဘူး။ မျက်နှာမကြည်လင်တော့ဘူး။  ဒီလိုနဲ့ ကိုယ့်မျက်နှာရိပ်ကို ဘယ်လိုထိန်းသိန်းရမှန်းလည်း နားမလည်တော့တဲ့အခါ ကျွန်မရဲ့အရိပ်တမျှင်ကအစ မုန်းချင်စရာဖြစ်လာတယ်။ ယိုင်နဲ့နဲ့ အသံဟာ ကြားနာဖို့ ခက်တယ်။ ကျိုးကြည့်ကြောင်ကြည့် အပြုံးတွေကလည်း စိတ်ပျက်ဖွယ် အတိရယ်။


သိုသိုသိပ်သိပ်နာကျင်မှုတွေဟာ ခါးလွန်းလို့ နောက်ကျိသွားပြီ။ စူးခဲမှုံမိုက်တဲ့ အထီးကျန်မှုကပဲ ကျွန်မရဲ့ အိမ်ယာဖြစ်လာပြီ။ နှလုံးသွေးစိမ်းစိမ်းတွေအန်ပြီး ပျော်ပျော်ရွှင်ရွှင် သေဆုံးဖို့ အိပ်မက်မက်တတ်ပြီ။
ပျော်ရွှင်စရာ ကမ္ဘာ တဲ့လား။  မကြားဝံ့မနာသာ စကားလုံးရယ်သာ။ အဆုံးမှာတော့ ချောက်ထဲတွန်းချခံရတဲ့အခါ ကိုယ်တိုင်က အစွန်းတစ်ဖက်မှာ ရပ်နေမိခြင်းကြောင့်လို့ပဲ ဆိုချင်ပါရဲ့။ လောကဓံနဲ့ ကျွန်မ ဘယ်အချိန် ကြေအေးမှာလဲ ဆိုတာလည်း မသိချင်တော့ပါဘူးလေ။ ရင်ထဲကအသံကို ဘာသာစကားနဲ့ ပုံဖော်နိုင်စွမ်းမရှိသူမို့ ကဗျာမပီဘူးဆိုတဲ့ စာလေးကိုပဲ အကြွင်းမျှခြွေချပါရစေတော့…။


“နားလည်မှူ ကမ်းပါး ”

အငြိုးတလက်လက် ပြာပူမိုးတွေအောက်
ခေါင်းငုံ့ကာ ရပ်နေသူပါ။

ရင်ကွဲနာကျ
အငွေ့ဖြစ်သွားလည်း...
ဟာသ ပဲတဲ့လား။

ရှိပါစေ။

သိမ်ငယ်သူကိုမှု
ပြက်ရယ်ပြုတတ်လည်း
ဝဋ့်ကြွေးတွေ ကြိုးစားဖြေမယ်။


ဒါပေမယ့်လည်း...
အပြန်ကို မျှော်မိတဲ့ ပုထုဇဉ်ရယ်လေ။

နတ်ဒေဝါတွေရေ...
မကြားတော့ဘူးလား။

ဘာကြောင့်အခါခါသတ်ချင်ရတာလဲလို့
ခနဲ့မဆိုရက်လည်း မတော်ဘူးထင်တယ်နော်။


ရက်စက်လွန်းလှရဲ့။
“ နားလည်ပါတယ် ” ဆိုတဲ့ စကား
တစ်ခွန်းလေးကြားဖို့

ဒီလောက်တောင် ခက်သလားကွယ်...။



(
၉ရက်၊ ၉လ၊ ၂၀၀၉ မှာ အမှတ်တရတစ်ခုခု ရေးချင်နေတုန်း ချစ်ညီမလေးဝက်ဝံပိစိလေးကြောင့် ဒီစာလေးရေးဖြစ်သွားတဲ့အတွက် ကျေးဇူးပါ ညီမလေးရေ… )

05 September 2009

' ကြယ်လွဲမိုး '

ငွေကလွဲပြီး ကျွန်တော် ဘာကိုမှ စိတ်မဝင်စားဘဲ ငြီးငွေ့စိတ်တိုနေတဲ့ အချိန်ပေါ့။ မနက်ကျရင် စာဖတ်မယ်။တစ်ခါတစ်လေ ကျောင်းသွားမယ်။ညနေဆို ဆေးခန်းသွားတယ်။ အဲဒီလို ကေသရာဇာပုံရိပ်တွေသာ အာရုံမှာ ထင်နေချိန် သူတို့က ကျွန်တော့်မျက်စိ ရှေ့အောက် ရောက်လာခဲ့တယ်။

 မျက်နှာချင်းဆိုင်တိုက်ခန်းကို ပြောင်းလာတာပါ။ ရှေ့သွားနောက်လိုက် ဘယ်လိုမှ မညီတဲ့ စုံတွဲဗျ။ ယောက်ျားက အရပ်မြင့်မြင့် အသားဖြူဖြူ၊မိန်းမက အရပ်နိမ့်နိမ့် အသားမဲမဲ။ပိုဆိုးတာက အမျိုးသမီးက ပိုပြီး တော်တော်လေး အသက်ကြီးနေတာပဲ။ ကိုယ့်ထက်အသက်ငယ်တဲ့သူကို ယူထားတဲ့ မိန်းမတွေဆို ပတ်ဝန်းကျင်က အလိုလိုအထင်သေးတတ်သလို ကျွန်တော်လည်း ကြည့်မရတတ်ဘူး။ ဒါပေမယ့် သူမနဲ့ဆုံပြီး သိပ်မကြာခင်မှာပဲ အဲဒီဓာတ်ခံက မှေးမှိန်ပျောက်ကွယ်သွားတယ်ဗျ။ ခင်မင်နှစ်လိုဖွယ်ကောင်းတဲ့ အမျိုးသမီးမို့လို့ ထင်ပါရဲ့။

 ရောက်ရောက်ချင်း မိတ်ဖွဲ့ခဲ့ပေမယ့် ယောက်ျားက ကွန်ပျူတာကျွမ်းကျင်သူ ဆိုတာရယ်လောက်ပဲ သိပြီး ဒီထက်ပိုပြီး မကျွမ်းဝင်ခဲ့ပါဘူး။သူတို့နဲ့ကျွန်တော်ခင်မင်လာပုံကတော့ ရိုးလွန်းပါတယ်။ အတော်လေးဂဂျီဂဂျောင်ကျတဲ့ ကျွန်တော့်ကွန်ပျူတာကြောင့်ပါပဲ။ အဲဒီနောက်ပိုင်းတော့ ကျွန်တော့်ကွန်ပျူတာရော၊ ဘွဲ့လွန်စာတမ်းစီဖို့ရော အဲဒီလူလက်ထဲပဲ အပ်ထားလိုက်တော့တယ်။ သူ့ရဲ့မျက်နှာက ခပ်ထန်ထန်ကြွပ်ဆပ်ဆပ်ပေမယ့် ခင်မင်ကူညီတတ်တဲ့ သူပါပဲ။

 ပြောချင်တာတစ်ခုက သူ့မျက်နှာမာမာက သူ့မိန်းမနဲ့ဆုံတဲ့အခါ အေးဆေးတဲ့ ကလေးတစ်ယောက်လို ပျော့ပြောင်းညင်သာသွားတတ်တာဟာ တစ်ချို့လူတွေအတွက် ဟားစရာအကြောင်းအရာဖြစ်နေမလားဘဲ။ ဒါပေမယ့် အဲဒါဟာ ဖြစ်သင့်ဖြစ်ထိုက်တဲ့ ကိစ္စဖြစ်နေတယ်။ ကျွန်တော်မြင်တဲ့ အကြောင်းရင်းကတော့ အဲဒီအမျိုးသမီးရဲ့ သူ့ယောက်ျားပေါ် ဆက်ဆံပုံက သိပ်ကိုထူးခြားနေတယ်။ ကိုယ့်ထက်ငယ်တဲ့သူမို့လို့ အလျော့ပေးချော့မော့ဆက်ဆံတာမျိုးလည်း မဟုတ်ဘူး။

 ဘယ်လိုပြောရမလဲ ဆိုတော့ကာ သူမရဲ့ အမူအရာတိုင်းမှာ အဲဒီလူအပေါ်ထားတဲ့ မေတ္တာ၊စေတနာတွေဟာ အလိုက်သင့်ကို ပျော်ဝင်နေတာဗျ။ခေါ်သံကိုကအစ တခြားလူနဲ့ မတူဘူး။ခေါ်တာကတော့ ရိုးရိုးပါပဲ။အဲဒီလူရဲ့ အီမ်နာမည်“ ခေးခေး” တဲ့။

 အဲ့ဒီခေါ်သံကြားတိုင်း ဘာဖြစ်လို့မှန်းမသိဘူး။ အမေ့ကို ပြေးပြီး သတိရမိတယ်။တစ်ခါတော့ မနေနိုင်လွန်းလို့ စသလို နောက်သလိုနဲ့ စပ်စုဖြစ်သွားတယ်။ “ကလေးလို့ ခေါ်ရင်း မြန်လွန်းလို့ ခေးဖြစ်သွားတာ ထင်တယ်။” သူကအလိုက်သင့်ရယ်ရင်း “ကျွန့်တော့်အိမ်နာမည်ကိုက ခေးခေးပါ။ပြီးတော့ နီလေးက ကျွန်တော့်ထက် လေးနှစ်ပဲကြီးတာ” လို့ ပြန်ဖြေတော့ ကျွန်တော် တကယ်ပဲ အားနာသွားပါတယ်။ သူမကိုလည်း သနားသွားမိတယ်။တကယ်ပါ။ ကျွန်တော်က ဆယ်နှစ်လောက် ကွာတယ်လို့ ထင်ခဲ့တာ။အားလုံးလည်း ဒီလိုပဲ ထင်ကြမှာပဲ။ ပြောရမယ်ဆို သူ နောက်နေတာတွေကို ကျွန်တော့်နားထဲမှာ စွဲနေတာလည်း ပါတယ်ဗျ။ သူက သူမကိုဆို “လှလည်း မလှဘူး။ဝနေပြီ။အသက်ကလည်း ကြီးသေး။အရပ်ကလည်း ပုလိုက်တာ။”ဆိုပြီး အမြဲတမ်း စနေတာကိုး။ ကျွန်တော်ကတော့ ဘေးက ထိုင်ရယ်တဲ့ သူပေါ့။

သူမက ဒေါသထွက်ရင် ကလေးလေးနဲ့ တကယ်တူတယ်ဗျာ။ပါးစပ်ကတော့ ဘာမှမပြောဘူး။ ပါးကသာ ပိုလို့ဖောင်းလာပြီး ရယ်စရာအရမ်းကောင်းတယ်ဗျ။ တစ်ခါတစ်လေဆို ကျွန်တော်ပါဝင်ပြီး စလိုက်မိသေးတာ။ သူနဲ့ကျွန်တော်က အားလပ်ရက်နေလည်ခင်းမှာ စစ်တုရင်ကစားဖော်ကစားဖက်၊ညနေခင်းတွေမှာ ဘီယာသောက်ဖော်သောက်ဖက် ဖြစ်နေပြီလေ။အဲဒီလို အတူတွဲရှိပါများတော့ တစ်ခါတစ်လေကိုယ့်နေရာ ကိုယ်မေ့သလို ဖြစ်လာတယ်။ ပြောရရင် မယုံချင်စရာကောင်းတာတော့ အမှန်ပဲ။ဒါပေမယ့် တကယ်ခံစားရတဲ့သူအဖို့တော့ တော်တော်အောင့်သက်သက်နိုင်တဲ့ ကိစ္စဖြစ်နေတယ်။

 သူမရဲ့ အပြုအမူ၊အပြောအဆိုတွေက နည်းနည်းတော့ လွန်တယ်လို့တောင် ထင်လာမိတယ်။ လူနှစ်ယောက် ယှဉ်ထိုင်နေတာချင်းအတူတူ တစ်ယောက်ကိုကျ မေတ္တာကရုဏာတွေနဲ့။နောက်တစ်ယောက်ကျတော့ ခံစားချက်မဲ့တဲ့ ဗလာနဲ့။ ဒီလို ကြုံရတိုင်း မြင်ရတိုင်း ကျွန်တော့်မှာ ဘာမှန်းမသိ ဒေါသထွက်ရ။ ရည်းစားဆီသွားတော့လည်း ကြားချင်တဲ့ အသံမျိုးမကြားရတော့ စိတ်တိုရ။

တကယ်တော့ ကျွန်တော့်ရည်းစားကလည်း ကျွန်တော့်အကြိုက် တကယ့်လက်ရွေးစင်ပါပဲ။ မိန်းကလေးပီပီသသ၊ဆံပင်ရှည်ရှည်၊လှလှပပ၊ထက်ထက်မြက်မြက်၊ပြီးတော့ ဖြူဖြူစင်စင်ကလေး။ ကျွန်တော့်ကိုလည်း သိပ်ဂရုစိုက်ပါတယ်။အပြစ်ပြောစရာဆိုလို့ ရင်ဘတ်ထဲကအသံ မကြားရတာဘဲ ရှိတယ်။ဒါကလည်း အပြစ်မဆိုသာပါဘူး။ နှစ်ယောက်စလုံးက စပါးလုံးတစ်ထောက်စာ အရေခွံတွေကို ကြည့်ပြီး ယုံထင်ကြောင်ထင်ခံစားမှူကို ရွေးချယ်ခဲ့ကြတာလေ။

 ဒီလိုနဲ့ ကျွန်တော်ရောဂါအခြေအနေ တစ်နေ့တခြားဆိုးလာတော့တာပါ။ ဒါပေမယ့် အဆိုးဆုံးအခြေအနေရောက်လာတာကတော့ ကျွန်တော့်ကြောင့် မဟုတ်ဘူး။ ဟိုလူ့ကြောင့်ဗျ။ အူရောင်ငန်းဖျားဖြစ်ပြီး သူ အိပ်ရာထဲ လဲတယ်လေ။ ပြောဖို့တောင် မလိုဘူးထင်ပါရဲ့ဗျာ။သူမရဲ့ ယုယကြင်နာမှုတွေက အတိုင်းထက် အလွန်ဖြစ်နေပြီပေါ့။ ကျွန်တော် မနာလို ဖြစ်နေတာ မဟုတ်ပါဘူး။မုဒိတာ မပွားနိုင်တာလို့ပဲ ကိုယ့်ကိုကိုယ် သုံးသပ်တယ်။ အဲဒီမှတ်ချက်က ခင်ဗျားတို့အတွက် ဟားစရာဖြစ်မှာပဲ။ဒါပေမယ့် မတတ်နိုင်ဘူး။လူဆိုတာ ကိုယ့်ကိုကိုယ် အတတ်နိုင်ဆုံး ကာကွယ်ရမယ် မဟုတ်လား။

 အဓိကတရားခံကတော့ သူမပေါ့ဗျာ။လူနာကို မမြင်ဘဲ သူမကိုပဲတွေ့ရင် လူနာဟာ မလွဲမသွေ သေလုမျောပါးဖြစ်နေတယ်လို့ ထင်မှာပဲ။အသံကတင် ကိုယ်ချင်းစာပြီး လှိုက်ခါတုန်ရီနေတဲ့ ကရုဏာသံ။ သြပြီး ချိုလည်း မချို ဖွဲ့ဖွဲနွဲ့နွဲ့လည်း မရှိတဲ့ အဲဒီအသံကြောင့်ပဲ ကျွန်တော့်မှာ ထိထိခိုက်ခိုက် ကြေကွဲနာကျင်ရတယ်။ နောက်ဆုံးတော့ မတတ်နိုင်တော့ဘူးဗျ။တံတွေးကို မျိုချပြီး ခပ်တည်တည်ပဲ လိမ်ပစ်လိုက်တယ်။ “ကျွန်တော်လည်း နေမကောင်းဖြစ်နေတာ။” 

နှစ်ယောက်စလုံး အံ့သြသွားပုံပဲ။အားနာစကားကို ပြိုင်တူဆိုကြတယ်။သူမက ထပ်ဆင့်ပြီး ကျွန်တော် ဘာစားချင်လဲ။သူဘာလုပ်ပေးရမလဲ လို့ ပြောတော့ ပျော်လွန်းလို့ မထိန်းနိုင်မသိမ်းနိုင် ပြုံးမိသွားတယ်။ ပြီးတော့လည်း “ ရပါတယ်။အထွေအထူးမဟုတ်ပါဘူး။ကိုနိုင်လို့ပဲ လုပ်ပေးပါ” လို့ အာသွက်လျှာသွက် ပြောမိပြန်တယ်။ နောက်တော့ ထုံးစံအတိုင်းပဲ စိတ်ပျက်လက်ပျက်ရှက်ရွံရပြန်ရော။ မဖြစ်ဘူး။ဒီအခန်းက မြန်မြန်ခွာမှ ဖြစ်တော့မယ်။ ပုန်ကန်ထကြွနေတဲ့ ရင်ဘတ်ထဲက အကောင်ကို အနိုင်နိုင်ထိန်းပြီး လမ်းပေါ်လိမ့်မယ် ကြံမိသေးတယ်။

အမှန်ပဲ ကျွန်တော့်မှာ ကိုယ်ခံအားအတော်နည်းနေပြီ။သူမနဲ့ မျက်နှာချင်း မဆိုင်နိုင်တော့ဘူး။ ရင်ခုန်ရမှာကို သေရမလောက် ကြောက်နေပြီ။ ဒီလိုနဲ့ ကယောင်ကတမ်း အိတ်ထဆွဲမိသေးတယ်။ မဟုတ်သေးပါဘူး။နေမကောင်းဘူးလို့ ပြောထားတယ်မဟုတ်လား။ အခန်းကျဉ်းထဲမှာ ခြောက်ခြားသွေးပျက်ပြီး ထပ်ပြီး မြင်ကြားရမှာ ထိတ်လန့်နေပေမယ့် တံခါးခေါက်သံကြား ရတော့လည်း အလျင်ဆုံးထမိပြန်ရော။ သူမနဲ့တွေ့ရတော့မယ်။ တဝုန်းဝုန်းရိုက်နေတဲ့ ရင်ဘတ်ထဲက လှိုင်းသံနဲ့ ပျော်မိသွားတာကို စိတ်မချမ်းသာဆုံးလူတစ်ယောက်ဟာ ကမ္ဘာပေါ်မှာ ရုပ်အဆိုးဆုံးအပြုံးနဲ့ တံခါးဖွင့်ပြီး ရပ်မိပြန်ရော။ 

ဘာမှ မသိရှာတဲ့ သူမကတော့ ကြင်ကြင်နာနာပြုံးပြရှာတယ်။ ကျွန်တော်ကလည်း အဲဒီအပြုံးမှာ ဖျတ်ဖျတ်လူးရပြန်တယ်။ ဒါပေမယ့် ခင်ဗျားတို့ မျှော်လင့်သလိုပဲ ကိုယ့်သေတွင်း ကိုယ်တူးနေမိတဲ့အဖြစ်ကို ကျွန်တော် ရပ်တန့်ပစ်နိုင်ခဲ့ပါတယ်။ ယုံပါဗျာ။နာရီယိုင်နဲ့နဲ့ပေါ်မှာ ဝေဝါးရပ်နေမိတဲ့လူလည်း တစ်ခါတစ်လေတော့ ဆုံးဖြတ်ချက်မှန် ချနိုင်ပါသေးတယ်။ကျွန်တော်ပြန်တော့မယ်။ကျွန်တော် တာဝန်ကျတဲ့ နယ်မြို့လေးဆီကို။ အချိန်ဆွဲထားတဲ့ ဘွဲ့လွန်စာတမ်းကို မြန်မြန်ဖြတ်ပြီး ပြေးတော့မယ်။ 

အဝေးဆုံး။
 ပုံရိပ်များဆီက လွတ်မြောက်ရာ။
ဒါပေမယ့် ကျွန်တော့်မှာ သမီးလေးရခဲ့ရင်တော့ နီလေးလို့ နာမည်ပေးမယ်။ကျွန်တော့်နာမည်လည်း ပါရမှာပေါ့ဗျာ။ ဒီလိုနဲ့ နောက်ဆုံးတော့ ခင်ဗျားတို့ ရဲ့ရယ်စရာပုံပြင်လေးဟာ ပြီးသွားပါပြီ။ ကျွန်တော်လည်း နောင်တစ်ချိန်မှာ ပေါ့ပေါ့ပါးပါးရယ်နိုင်လိမ့်မယ်။ အခုတော့ ကိုယ့်အဖြစ်ကိုကိုယ် လှောင်ပြောင်သရော်ဖို့ ကြိုးစားလိုက်တာနဲ့ ရင်ဘတ်ထဲက အောင့်လာတာ ဆိုးတယ်။...........။

မယ့်ကိုး