01 November 2009

“ ငဲ့မကြည့်သင့်တဲ့ စာမျက်နှာ”



ခေါ်သံ။

အသံလှိုင်းအပုတ်မှာ နှလုံးသားတစ်ခုဟာ လွင့်စင်ထွက်သွား။

ဟင့်အင်း။ မဟုတ်ဘူး။ဒါဟာ လှိုင်းသံ လူသံတွေကြားမှာ နားကြားလွဲတာ။
သေချာပါတယ်။ စွဲလမ်းမှုကြောင့် အကြားအာရုံ ချွတ်ယွင်းလွဲမှားနေခြင်းသာ။

သူက ကမ္ဘာတစ်ဖက်မှာလေ.... ဘယ်လို ဖြစ်နိုင်မှာလဲ။ယိုင်နဲ့သွားတဲ့ ခန္ဓာကိုယ်ကို ပြန်လည်ထူမတ်ဖို့ ကြိုးစားစဉ်မှာပင် ထပ်မံအော်ခေါ်လိုက်သံဟာ ရင်ဘတ်ကို အရှိန်နဲ့တိုးကာ အသက်ရှုရပ်သွားအောင် စွမ်းဆောင်ပြန်ရာ။

သူ။ သူ…. ဘယ်မှာလဲ။
နာမည်တူခေါ်သံလေးကြားရုံနဲ့ ဝိုးတဝါးအရိပ်တွေအကြား အသက်မရှုနိုင်ဘဲ ခပ်တောင့်တောင့် လိုက်ရှာနေမိပြန်။ဒါပေမယ့် တကယ်ပင် အိပ်မက်နဲ့ ရင်ဆိုင်ကြုံတွေ့ခဲ့ရတာ။

ဘုရား…. ဘုရား။
သူပါပဲ။
အရိပ်ကလေး။
မှောင်ရိပ်ကွယ် သဏ္ဍာန်လေးတစ်ခုကို မြင်ရုံနဲ့ မူးမိုက်တုန်ရီလာ။တကယ်ပါ။ သူ ရယ်လေ။ ဝေးကွာခြင်းရဲ့ ကျိန်စာကြားမှာ ရာသီပေါင်းများစွာ ခြားနေပေမယ့် ညအရိပ်မှာ လှည့်စားခံရလောက်အောင် ကျွန်မရဲ့ တွယ်တာစိတ်က မသေးဖွဲခဲ့ပါ။

ပုံရိပ်လေးကို ကြည့်ရင်းနဲ့ပင် ခြေမခိုင်တော့ဘဲ လဲပြိုတော့မလိုဖြစ်နေဆဲမှာ အရိပ်ကလေးက လာခေါ်သူနောက် လိုက့်ဖို့ ပြင်တဲ့အခါ။

နေပါဦး။ခဏလေး။ခဏလေးရယ်။
ဘယ်လို လုပ်ရမလဲ။သူနဲ့ကျွန်မဟာ တစ်မျှော်တစ်ခေါ်လှမ်းနေတာ။ ဒါပေမယ့် သူ့ခြေလှမ်းအစမှာ ဆင်ခြင်တုံတရားဟာ လွင့်စင်ပျောက်ကွယ်သွားကာ ကယောင်ကတမ်းနဲ့ ကျောက်တုံးတွေကနေ ကမျောသောပါး ခုန်ကူးမိခဲ့။

ကံကောင်းလို့ ချောက်ထဲကျပြီး မသေတာလေ။
သူငယ်ချင်းရဲ့ ကြောက်လန့်တကြားအော်သံနဲ့အတူ ဒလိမ့်ခေါက်ကွေး ဒူးထောက်လဲပြိုသွားပါတယ်။ လက်ဖဝါးနဲ့ဒူးအရေပြားတွေ ပွန်းပဲ့သွားပေမယ့် အရေးမထားနိုင်ခဲ့ပါ။ အားယူကာ မတ်မတ်ရပ်ရင်း သူ့အရိပ်ကို လိုက်ရှာမိပြန်တာ။

ဒါပေမယ့် သူက အဝေးရောက်နေပြီ။ ယောင်ယမ်းကာ အော်ခေါ်လိုက်မိပေမယ့် အသံလှိုင်းက လည်ပြွန်တစ်လျှောက်မှာတင် ပြတ်တောက် ရပ်တန့်သွား ...
သူမကြားခဲ့တာ ကံကြီးသီတာရယ်။

အနားရောက်လာရင် သူ့ကို ဘယ်လိုနှုတ်ခွန်းဆက်ရမလဲ။မျက်လုံးချင်းဆုံတော့ ဘယ်လိုရင်ဆိုင်ကြည့်ရမလဲ။ အရေးကြီးဆုံးမှာ…သေရေးရှင်ရေးအကြောင်းအရာမှာ သူ့ရဲ့ဆွဲဆောင်မှုကို ကျွန်မဘယ်လိုတွန်းလှန်ရမလဲ။
ကျွန်မသိနေတယ်။
ကျွန်မရဲ့ နှလုံးသားက သူနဲ့ဆုံရင် နည်းနည်းလေးမှ မခိုင်။ခပ်ယိုင်ယိုင်လေ။
ဟင့်အင်း။ဖြစ်နိုင်ခြေအားလုံးကို ကသောမျောပါးမေ့ထားလိုက်ရင်း ရုပ်ပျက်ဆင်းပျက် ခြေလှမ်းကာ သူ့အရိပ်ကလေးနောက်ကို အမှီလိုက်ဖို့ ကြိုးစားမိပြန်တာ။

ဒါပေမယ့် အသိတရားက လက်မခံဘဲ ကျွန်မရဲ့ ခြေလှမ်းတွေကို ဦးတည်ရာပြောင်းစေခဲ့တယ်လေ။ အပင်ရိပ်အကွယ်ကပဲ သူ့အရိပ်လေးကို ငေးတော့တဲ့။

ဟုတ်ပါတယ်။ မဖြိုဖျက်နိုင်သေးတဲ့မာနတွေကြောင့် ဆုံဆည်းဖို့ မဖြစ်နိုင်ပေဘူးပဲ။ ဒီလောက် ရှည်လျားပင်ပန်းတဲ့ခရီးကို နှလုံးခုန်သံဆူညံညံနဲ့ ကျွန်မဘယ်တော့မှ လျှောက်ဖြစ်တော့မယ် မထင်ပေမယ့် အခါခါနှိပ်စက်ခဲ့တဲ့ ကံကြမ္မာအတွက်ပဲ ရယ်ပွဲဖွဲ့ဖို့ ဖြစ်ခဲ့ပြီလေ။

သူ့ဆံနွယ်လေးကို မြင်လိုဇောနဲ့ အလျင်မြန်ဆုံး ခြေလှမ်းပေမယ့် မြေလျှိုးမိုးပျံကာ သူပျောက်ကွယ်သွားခဲ့တာ။ ကြည်ပြာရောင်အရိပ်လေးကို မျက်စိတဆုံးရှာဖွေနေဆဲမှာပင် အမြင်ကြည်လွှာဟာ ဝေမှိုင်းမှုန်ရီလာ။
ဒါပေမယ့်အနားကို သူငယ်ချင်း ရောက်လာချိန်မှာ ကျွန်မမျက်ရည်သုတ်ပြီးခဲ့ပြီ။

ဟက်ကနဲတစ်ချက်ရယ်ကာ ကိုယ့်ကိုကိုယ်ကြိုးစားပန်းစား သရော်လိုက်နိုင်ပေမယ့် သူမကို ဘယ်ကစ ရှင်းပြရမှန်းမသိပါ။

မာနတွေနဲ့ နှစ်ဦးအတူ ပြိုင်ခဲ့ကြတဲ့ နေ့ရက်တွေကိုလား။
ခွဲခွာနီးနောက်ဆုံးအချိန်မှာတောင် နောင်တကို မျက်နှာလွှဲကာ တစ်ယောက်အကြည့်ကို တစ်ယောက် အံတုခဲ့ကြတဲ့ အချိန်တွေကိုလား။

အမှန်တကယ် သူမရှိတောတဲ့အခါ ယနေ့ထက်တိုင် ဒဏ်ရာတွေ ပွင့်ဝေနေတဲ့အခါကိုလား။

ပြောပါဦး။ အနာတရကင်းတဲ့ ခွဲခွာခြင်းဆိုတာရှိသလား။
ဟင့်အင်း။ဘယ်သူက ကိုယ့်အရှုံးကို ဇာတ်ကြောင်းလှန်ချင်ပါ့မလဲ။



ဝေးကွာအခြေအနေမှာ နေသားတကျမပျော်ဝင်နိုင်လောက်အောင် ကြိုးစားနေဆဲမှာပင် လွမ်းဆွတ်ခြင်းဆိုတဲ့ သူသတ်လက်ထဲက အသက်လုပြေးနေခဲ့သူမှာ ကျွန်မဖြစ်ပါတယ်။
ထင်တစ်လုံးနဲ့ ရင်ထဲကခံနိုင်စွမ်းကို ပိုတွက်မိလို့ ချစ်သောသူနဲ့ ကွေကွင်းရခြင်းဆိုတဲ့ ဆင်းရဲမှာ ဒလိမ့်ခေါက်ကွေး လဲပြိုကျဆုံးနေခဲ့သူမှာ ကျွန်မဖြစ်ပါတယ်။
ဆောက်တည်ရာရလိုဇောနဲ့ စာအုပ်တွေကို ဝါးစားတော့မလို ဖတ်ကာ တစ်ရွက်ပြီးတစ်ရွက်သာ လှန်သွား၊ဘာအကြောင်းအရာတွေမှန်းမသိ။ တစ်အုပ်ပြီး တစ်အုပ်သာပြီးသွား ဘာတွေဖတ်မိမှန်း မမှတ်မိ တစ်စစီဖြစ်နေတဲ့ မှတ်ဥာဏ်နဲ့အတူ ထိန်းချုပ်နိုင်စွမ်း ပြိုကွဲနေခဲ့သူမှာ ကျွန်မ ဖြစ်ပါတယ်။

ဒါတွေဟာ ရက်ရက်စက်အလဲထိုးခံလိုက်ရတဲ့ တွေ့ရှိမှုအသစ်တွေလေ။ အံကြိတ်ပြီးပဲ ပြုံးနေလိုက်ရမလား။ နာကျင်ခြင်းကို ငိုယိုပြီးပဲ ဖွင့်ဟရတော့မလား။ ကယောက်ကယက်နဲ့ သွေးပျက်ခြောက်ခြားဆဲ ဆိုးရွားတဲ့ဝေဒနာတွေဟာ လက်စမသတ်နိုင်သေးပါ။

သူဘယ်လို ယုံမလဲ။
ကျွန်မကလည်း ကြိုတင်မသိခဲ့ပါ။
သူ့ဘဝ၊ကိုယ့်ဘဝလွန်ဆွဲပွဲမှာ ချစ်ခြင်းမေတ္တာဟာ တိမ်မြုပ်သွားမယ်ထင်ခဲ့တာ။

အဲဒီတုန်းကတော့ စိတ်ချသေချာနေတဲ့ ခေါင်းမာမှုတွေနဲ့ပေါ့။သူ ထွက်သွားတဲ့နောက်မှာ တမ်းတခြင်းဆိုတဲ့ မနိုင်ဝန်ထမ်းပြီး နွမ်းချိပြိုလဲနေလိမ့်လို့ မထင်ခဲ့ဘူးလေ။ အခုတော့ အားလုံးပြီးသွားပြီလို့ ယုံကြည်ခိုက်မှာ ကံကြမ္မာရဲ့ ရက်စက်တဲ့ ကျီစားမှုနဲ့ ရင်ဆိုင်ကြုံလိုက်ရပြန်တော့...

အံ့သြစရာပဲလေ။နှလုံးသားတွေ မွမွကြေနေပြီမို့ ဒီထက်ပိုပြီး နာကျင်စရာမရှိဘူးထင်ခဲ့ပေမယ့် သူငယ်ချင်းတစ်ယောက်ရဲ့ စကားအဆုံးမှာလည်း ထပ်မံရင်ကွဲခဲ့ပြန်တာ။

“ သူ ပြန်တုန်း တစ်ထောက်နားတာလေ။နင့်ကို ရှာနေတာပဲ။ နင်ပဲ သူ့အကြောင်းမကြားချင်ဘူး။ နင့်ကိုလည်း အဆက်သွယ်မခံနိုင်ဘူးဆို... ”

ဒါဆို ကျွန်မ သူ့ကို အမှန်တကယ် ဆုံတွေ့ခဲ့တယ်ပေါ့။ အမှန်တရားကို ငြင်းပယ်ရှောင်ပုန်းနေဆဲမှာပင် ဝမ်းသာလွန်းလို့ ငိုမိပြန်ရဲ့။ဒါပေမယ့် လျှပ်တပြက်အတွေ့မှာ ပြိုကွဲပြယ်လွင့်တော့မယ့် ဆင်ခြေတုံတရားကို လက်မတင်လေး အချိန်မီကယ်တင်နိုင်ခဲ့ပေမယ့် နောက်ထပ်တွေ့ဆုံဖို့ အင်အားမစုဆောင်းရသေးပါ။

မျက်လုံးတွေကို ထိန်းသိမ်းရတာ အပူရုပ်ကို ဟန်လုပ်ရတာ ခြေကုန်လက်ပန်းကျနေပါပြီ။ အလွမ်းတွေကို မျိုချလွန်းလို့ ကျွန်မရဲ့ထိန်းချုပ်သည်းခံနိုင်စွမ်းကိုလည်း အယုံအကြည်မရှိတော့ပါ။
ဝေးကွာလက်စနဲ့ ဒီလိုပဲ ဆက်လက်ကြေကွဲနေပါရစေ။

ရှင်သန်ရာအရိပ်ကလေးကို တစ်ဖန်ပြန်ပြီးမြင်လိုက်ရရုံနဲ့ လုံလောက်ကျေနပ်ခဲပါ့ပြီ။ သောကဆူးတွေကြားမှာ အကာအကွယ်မဲ့ ပိတ်မိနေလည်း တစ်ဘဝစာ နှစ်သိမ့်နိုင်ခဲ့ပါပြီ။ ကြယ်ကြွေရာသီရဲ့ မိုးကြိုးမုန်တိုင်းတွေအောက်မှာ ပြေးလွှားနေရလည်း တစ်သက်တာ ဆောက်တည်ရာရခဲ့ပါပြီ။

သူ့ကို လွမ်းလွန်းလို့ ရုပ်၊နာမ်အလုံးစုံ ညှိုးနွမ်းဖောက်ပြန်သွားပါစေ... ရင်နဲ့ရင်းပြီးရွေးခဲ့တဲ့ လမ်းပေါ်မှာ နှလုံးသွေးစက်လက်နဲ့ ဆက်လျှောက်ဦးမှာ ဖြစ်ပါတယ်။
မမြင်ကွယ်ရာမှာ မျက်ရည်တွေကို ပင်ပန်းဆင်းရဲကြီးစွာ သိုဝှက်သိမ်းဆည်းနေကျမို့ အရယ်အပြုံးတုကို ပြုပြင်တပ်ဆင်ရလည်း မခက်ခဲတော့ဘူးထင်ပါရဲ့။

တစ်ခါတုန်းက သူမသိခဲ့တဲ့ ကျွန်မရဲ့ ပုံရိပ်သစ်ရယ်လေ။ အသက်ဝင်တဲ့ မျက်နှာဖုံးကို ဒီဘဝမှာ မရနိုင်တော့ဘူး ဆိုလည်း ရှိပါစေ… မာနတွေကို ထမ်းပိုးကာ နောက်ဆုံးတော့ ပြုံးချင်ယောင်ဆောင်နေပါဦးမယ်။
ကျွန်မရဲ့ ကမ္ဘာမှာ ဆည်းဆာကွယ်လည်း နေပါစေ… မီးလောင်ပြင်မှာ မွန်းတည့်နေပူရှိန်ပြင်းပေမယ့် ကျွန်မက အရိပ်ခိုသူမဟုတ်ကြောင်း လူသိရှင်ကြားဖြစ်ပြီလေ။.........။



art : Pablo Picasso. (Spanish, 1881-1973). "Ma Jolie". Paris, winter 1911-12. Oil on canvas, 39 3/8 x 25 3/4" (100 x 64.5 cm). Acquired through the Lillie P. Bliss Bequest.


(ဒီစာလေးဟာ စာဖတ်သူအားလုံးအတွက် ကျွန်မရဲ့ နှုက်ဆက်စာလေးဖြစ်ပါတယ်။ စာရေးသားခြင်းကို အကန့်အသတ်မရှိနားပါဦးမယ်။ ချမ်းမြေ့ပျော်ရွှင်ပါစေ …)

မေတ္တာများဖြင့် ...
မယ်ကိုး