26 December 2009

ဘာဖြစ်လို့ လွှတ်လိုက်တယ်...

သံသရာတစ်ကွေ့မှာ ကလေးငယ်နဲ့ ငါးဟာ မရည်ရွယ်ဘဲ ကြုံဆုံမိကြတာ။ ကစားစရာအသစ်ရသွားတဲ့ ကလေးငယ်ဟာ အထပ်ထပ်တေးဆိုပြီး ငါးကို မှန်လုံးအိမ်ထဲထည့်တယ်။ ငါးကလေးက ဒီသီချင်းဟာ သူ့အတွက်သာ ရည်စူးဆိုတာလို့ ထင်နေသတဲ့။ ကလေးငယ်လေးက စကားလာပြောတိုင်း သူ့ကို အရေးတယူရှိပါလားလို့ ကြည်နူးနေတတ်တယ်။ တကိုယ်စာကန်ထဲကငါးမို့ ဝန်းကျင်မှာ ငါးလှလှလေးတွေ တခမ်းတနားမွေးထားမှန်းလည်း မသိရှာပါဘူး။

ဒီရယ်စရာဇာတ်လမ်းဟာ ကလေးငယ်လေးက ငါးကို စွန့်အပြီးမှာ ဖြစ်ရပ်မှန်ကြေကွဲခြင်းနဲ့ ထိပ်တိုက်တိုးပြီလေ။ ကလေးငယ်က ပြောသေးတယ်။ “ မင်းကို လွတ်လပ်ခွင့်ပေးလိုက်ပြီ။ ပျော်သလိုနေပေတော့ ... ” တဲ့။ ငါးမှာ နားမရှိပါဘူး။ ဒါပေမယ့် သူကြားခဲ့တယ်။ ပြီးတော့ သူမယုံဘူးတဲ့လေ။ “ သူ့ကို မစွန့်ပစ်ပါနဲ့ ” လို့သွေးရူးသွေးတန်းတောင်းပန်ရှာတယ်။ ချောင်လေးထဲမှာပဲ အေးအေးဆေးဆေး သူနေပါ့မယ်။ ကလေးငယ်လေး တစ်ခြားငါးတွေကို ကြည်နူးခွန်းဆိုနေချိန်မှာလည်း မရွေ့မရှား ငြိမ်ငြိမ်လေးနေကာ မလှုပ်ခတ်ပါဘူးလို့ အခွန်းထပ်ဆိုပေမယ့် ကလေးငယ်က ငြီးငွေ့သွားပြီ။ မမြင်ချင်တော့ဘူးတဲ့လေ။ 

ဒီလိုနဲ့ ရင်ကွဲနာကျကာ ရေအောက်ရောက်သွားတဲ့ ငါးဟာ အသေလို မြစ်ထဲမျောတယ်။ အလွမ်းဒဏ်နဲ့ မလှုပ်မယှက် ရိုရိုသေသေဆုတောင်းတယ်။ ကလေးငယ်ကို မြင်ရနိုးနဲ့ သေဘေးကို မကြောက်ဘဲ မြစ်ဖျားမှာ တိတ်တိတ်လေး စောင့်တယ်။ ဒါပေမယ့် ပျော်ရွှင်ဆော့ကစားစရာတွေ များပိုင်တဲ့ ကလေးငယ်ဟာ မြစ်ကမ်းကို ခြေဦးမလှည့်တော့ဘူးရယ်။ 

နောက်ဆုံးမှာပြင်းဟုန်ရှနေတဲ့အပူတွေ ပျောက်လိမ့်နိုးနဲ့ ငါးလေးဟာမြစ်ဖျားပေါ်တက်လာတယ်။ကြောက်ရွံ့တတ်လွန်းပေမယ့် ကလေးငယ်လေးအရိပ်ကို မြင်ချင်ဇောနဲ့ သေလုအောင် နာလိမ့်မယ်ဆိုတာ သိလည်း အားအင်တွေစုကာ အမြင့်ကြီးပျံတက်လို့ ကုန်းပေါ်ရောက်ဖို့ ကြိုးစားတာပေါ့။ ပထမ သူ့အရေပြားတွေ ပွန်းပေါက်ပြဲတယ်။ နာလွန်းလို့ တစ်ဆတ်ဆတ်တုန်နေတဲ့ ငါးဟာ မြစ်ထဲ ပြန်ပြုတ်ကျသွားတယ်။ဒါပေမယ့် ကလေးငယ်လေး အရိပ်ကြောင့် နောက်တစ်ခေါက် ကြိုးစားမိပြန်တဲ့အခါ သူ့အသားတွေ ပြတ်ကွဲရှကုန်ပြန်တယ်။ 

ဒီလိုနဲ့ မေ့မျောရင်း ရေနက်ထဲ ပြန်ရောက်သွားလေတာ။ ဟုတ်ပါတယ်။ မယုံနိုင်ဖွယ်ပါ။ ကလေးငယ်လေးအပြုံးကလွဲလို့ တခြားအရာကို အမှတ်သည်းခြေနည်းတဲ့ ငါးရယ်။ ဒီလိုနဲ့ နာကျင်ဒဏ်ရာတွေ နိဂုံးချူပ်ပေးမယ့် အခုန်မှာတော့ ကျေက်စွန်းနဲ့ရိုက်ကာ သူ့အရိုးတွေ ကြေလို့ သွေးတွေ အန်ထွက်တယ်။ အဆုံးမှာတော့ ကလေးငယ်ရဲ့အရိပ်ကိုလည်း မမြင်လိုက်ရပါဘဲ သေငင်ဇောမှာ ဘာဆုမှလည်း မတောင်းနိုင်ပါဘဲ ငါးကလေး အသက်ပျောက်ရှာလေတာ။ 

လူတွေမြင်တော့ ရယ်ကြတယ်လေ။ တဆင့်နားနဲ့ ကြားတဲ့ ကလေးငယ်ကလည်း ဘေးလူတွေရယ်သလို လိုက်ရယ်တာပေါ့။ ပြီးတော့ “ဒီလောက်ဥာဏ်နည်းလှတဲ့ ငါး သေတာတောင် နည်းသေး ”လို့ ဆိုလေရဲ့။ နှလုံးသားပဲ ရှိတဲ့ငါးပါ လို့ ချေပပေးမယ့်သူ မရှိဘူး။ ငါးမှာ ကလေးမလေး တစ်ဦးတည်းသာ တွယ်တာခဲ့တာပါ ဆိုကာ ထုချေလွှာ တင်ပေးတဲ့သူ မရှိပါဘူး။ 

အဲဒီလို အားပါးတရဝေဖန်ကဲ့ရဲ့ပြီးတဲ့နောက် လျှောက်လဲချက် မပေးနိုင်ဘဲ မျက်လုံးပွင့်လျက် သေနေတဲ့ငါးကို တံငါသည်တွေက ဝမ်းသာအားရ ရင်ခွဲကြလေရဲ့။ အံ့သြစရာက ငါးရဲ့ရင်ထဲက ရွှေရောင်ဝင်းလက်နေတဲ့ အရာလေးကို သူတို့ တွေ့ရှိသွားခဲ့တာ။ အမြုတေဆိုပဲ။အလုအယက်ယူကြ။လုယက်ကြ။ နောက်ဆုံးမှာ လောဘလူတွေဟာ အမြုတေစစ်မစစ် စမ်းသပ်ကြတယ်လေ။ 

အမြုတေလေးကို ဓားနဲ့ခုတ်တယ်။ မလွဲပါဘူး။နာကျင်သွားတဲ့ အမြုလေးဆီက “ကလေးငယ်လေး” ဆိုတဲ့ ဆို့ဆို့နင့်နင့် တိုးတိုးတိမ်တိမ်အသံငယ်လေးကို ကြားရသတဲ့။ လူတွေဟာ မယုံနိုင်အောင်ဖြစ်ပြီး သေနတ်နဲ့ပစ်ကြပြန်တယ်။ ဗဟိုမှတ်ကို တည့်တည့်ထိပေမယ့် အမြုတေလေးက ပဲ့မထွက်သွားပါဘူး။ “ ကလေးလေးရေ ” ဆိုတဲ့ ကြေကြေကွဲကွဲ ဝမ်းနည်းဖွယ်အသံလေးကိုသာ ထပ်မံ ကြားရလေတာ။ 

ဒီလိုနဲ့ လူတွေက အမြုတေလေးဟာ တန်ခိုးဣဒ္မိပါဒ်ရှိတဲ့ အမြုတေအစစ်မဟုတ်မှန်း သိသွားကြပေမယ့်လည်း လွှင့်မပစ်ပါကြဘူး။ အံ့သြလွန်းလို့တဲ့။ ဓားခုတ်ရာ တစ်ချက်ခံရတိုင်း အမြုတေလေးဆီကထွက်လာတဲ့ အသံကို ထူးထူးဆန်းဆန်းကြားချင်လွန်းလို့ အမြုတေလေးအခါခါထိုးခုတ်ကြရင်း ကြာလာတော့ ပျင်းစရာကောင်းလှတယ်ဆိုကာ အမြုတေလေးကို ပြတိုက်ဆီ ပို့လိုက်ကြပြန်ပါတယ်။ 

ယနေ့ထက်တိုင်လေ။ လာသမျှဧည့်သည်တွေဟာ အမြုတေလေးရဲ့ အသံကို ကြားချင်လွန်းလို့တဲ့ ... ကြာပွတ်တံနဲ့ ရိုက်နှက်နေကြဆဲ။ တကယ်တော့ အမြုတေလေးရဲ့ “ကလေးလေး ... ကလေးလေး ... ” လို့ တမ်းတခေါ်သံကို အဆန်းတကြယ် မရှိသင့်ပါဘူး။ဒီအမြုတေလေးဟာ မငိုတတ်တဲ့ ငါးတစ်ကောင်ရဲ့ သိုသိုဝှက်ဝှက် မျက်ရည်တွေနဲ့ ဖွဲ့တည်ခဲ့တာရယ်။



Title: Goldfish Size: 18x36
credits : www.artbywicks.com



(ကျွန်မနားနေတုန်းက စာရေးဖြစ်အောင် tag ပေးတဲ့ လူကလေး အယ်ကို နဲ့ ညီမလေးငုဇာကို တခြားစာမျက်နှာမှာ “ ငါးပုံပြင်” ဆိုပြီး ပြောပြခဲ့တာပါ။ လာလည်အားပေးရှာတဲ့ ချစ်မလေး လသာည ကလည်း နှစ်သက်လို့ ဆိုပြီး သူ့စာမျက်နှာမှာ ကျွန်မကြိုက်တဲ့ငါးပုံပြင်လေး ဆိုပြီး ဖော်ပြခဲ့ဖူးပါတယ်။ ဆားချက်သလိုဖြစ်သွားရင် အားနာပါတယ်ရှင် =)


မေတ္တာများဖြင့် ...
မယ်ကိုး )

19 December 2009

လူဖြစ်လိုသူရဲ့ ဇာတ်အဆုံး



အဖော်မပါဘဲ။ထီးတည်း။တစ်ကိုယ်တည်းသော။ထီးထီးမားမား။ တစ်ဦးတည်း။

ဘယ်လို စကားလုံးတွေပါလိမ့်။ မျက်ကွယ်ပြုနေလည်း အာရုံကို ဝင်တိုက်နေကြတာ။
မွေးလာတည်းက တစ်ယောက်တည်းဆိုတဲ့ မဲပြာစကားလုံးကိုပဲ ထပ်သုံးရဦးမှာလား။
ဟင့်အင်း။
ခါးလွန်းလှတယ်။
ဒါပေမယ့် လှည့်ကြည့်လိုက်ရင် အနားမှာ ဝက်ဝံရုပ်တစ်ရုပ်ပဲရှိတယ်။

“ ဘာဖြစ်လဲ။ ငါပျော်နေတယ် မဟုတ်လား ” လို့ ကိုယ့်ကိုကိုယ် ခပ်တည်တည်လိမ်ဖို့ ကြိုးစားချင်လည်း...
လွတ်လပ်ခြင်းနှမ်းဖြူးကာ စိတ်ကြီးဝင် ဂုဏ်မောက်ဖို့ မပီမပြင်ဟန်ဆောင်ချင်လည်း …
နင့်နင့်နဲနဲကြေကွဲခြင်းကို မျက်ကွယ်ပြုကာ ဘယ်တော့မှမငိုဘူးလို့ ကျူးရင့်ချင်လည်း...

ဘယ်အချိန်တုန်းက ပြုံးခဲ့ပါလိမ့်။ မမှတ်မိတော့ဘူး။ ညတင် မှောင်တာ မဟုတ်ဘူး။ နေ့တွေကလည်း မည်းနက်နေတယ်။

လူတကာတွေ အတင်းဆိုကြတာ မျက်နှာကြော တင်းမာပြီး မာနထောင်လွှားပါတယ်တဲ့။ အတွင်းစိတ် သိမ်ငယ်လွန်းလို့ အပေါ်ယံခက်ထန်တတ်တာကို သူတို့ မသိချင်ယောင်ဆောင်နေကြတာလား။

အားလုံးရိပ်မိနိုင်တဲ့ ကျွန်မရဲ့ မာနဟာ အခွံသာ။ ဆင်ခြင်မှုဆိုတာ ဗလာ။ အသေအချာပေါ့ ထိန်းချူပ်နိုင်စွမ်းဟာ လွတ်ထွက်နေဆဲ ဖြစ်ပါတယ်။

ငါ့ကို သရော်စော်ကား ထပ်မကြည့်နဲ့တော့။
သည်းမခံတော့ဘူးကွဲ့။

နားလည်ချင်သူမဲ့ ကျွန်မရဲ့ စကားလုံးဟာ အချည်းနှီးသာလေ။ လစ်ဟာနေတဲ့ စာနာမှုတွေကတော့ ကျိုးတိုးကျဲတဲ ရယ်သွေးသွမ်းကုန်ကြ။ ရာသီခွင်တွေဟာ အနှစ်မဲ့လွန်းစွာ ကခုန်နေကြ ။နောက်ကျောက ဓားတွေဟာ ပုခုံးချင်းယှဉ် ထိုးနှက်လာကြ။

ဘာဆက်လုပ်ရမလဲ။ လမ်းတွေဟာ ဖုန်မှုန်တွေအဖြစ်ပြောင်းကာ လွင့်စင်ပျောက်ကွယ်သွားပြီ။ လှေကားထစ်တွေက တွန်းချကာ တံတားတွေက လွှတ်ချခဲ့ပြီ။ နတ်ဆိုးက အသေသတ်ခဲ့ပြီ။

အသေအချာလေ။ ပိုင်ဆိုင်သမျှ အကျိုးအပဲ့တွေကို သင်္ဂြုံလ်ဖို့ ၊ ကောင်းကင်ကို အရည်ဖျော်ပစ်ဖို့၊ အလင်းလှိုင်းကို မီးရှို့ပစ်ဖို့ ခွန်အားစုဆောင်းရတော့မှာ။ အိပ်မက်တွေကို ဘေးဘက်ကို လွှင့်ပစ်လိုက်ရုံပဲပေါ့ ။ ဒီဘဝကို သွန်ချဖို့ မနှောမျောသင့်တော့။


Denis Bowen: Moon Rising, 1989


ဝေဒနာတွေကို လက်သင့်ခံနေတာ ရပ်တန်းက ရပ်သင့်နေပြီ။ တစ်ယောက်တည်းသာ။ အထီးကျန်သော…ဆိုတဲ့ နာမဝိသေသနတွေကို ဆိတ်ငြိမ်စွာ ရှုမှတ်လို့ လွတ်လမ်းရှာသင့်ပြီပဲ။

တစ်ခန်းမရပ်သေးပေမယ့် အရန်လူအဖြစ်တောင် အသုံးမဝင်သူကို အမြန်ဆုံး ရှင်းထုတ်ချိန်ရောက်ပြီလေ။ … ။



( နောက်ဆက်တွဲ... ဘလော့လေး နှစ်နှစ်ပြည့် အမွန်တမြတ်စာရေးချင်ပေမယ့် အမှတ်တရကိုလိုက်ရှာဖို့ ခက်ခဲချိန်မို့ ဒီစာလေးပဲ ရေးဖြစ်ပါတယ်။ စာဟောင်းတွေပဲ တင်ဖို့ ရည်ရွယ်ထားခဲ့တဲ့ ဒီဘလော့မှာ စာသစ်တွေရေးဖို့ နှိုးဆော်ခဲ့သူ၊ လင့်ခချိတ်ပေးထားသူများ၊ အကြံပေးဝေဖန်ခဲ့သူများ၊ စာဖတ်ခဲ့သူများ၊ အားပေးခဲ့သူများအထူးသဖြင့် စာရေး ရပ်နားနေခိုက် အားပေးတိုက်တွန်းခဲ့သူများ နဲ့ မယ်ကိုးကို ချစ်သော မုန်းသော စာလာဖတ်သူများအားလုံးကို အထူးကျေးဇူးတင်ရှိပါတယ်လို့ အနူးအညွတ်လေးလေးစားစား ဆိုပါရစေ။
ကျွန်မ စာတွေ ဆက်ရေးချင်ပါတယ် ။ နေရာမရွေ့ပေမယ့် ကျွန်မ သွားနေပါဦးမယ်။ )


မေတ္တာများဖြင့်
မယ်ကိုး