01 January 2010

ကျိုးကြောင်းမဲ့ ချစ်ခြင်းများ



အချစ်ဆိုတာ လမ်းမကြုံလည်း လှည့်ဝင်တတ်သလား။ မဖိတ်မံထားလည်း တံခါးလာခေါက်တတ်သလား။

ဟင့်အင်း။
မလာနဲ့။
အတ္တဥခွံလေးမှာ လုံလုံခြုံခြုံကြီးပြင်းလာသူမို့ ထိခိုက်အနာတရကို ကြောက်လွန်းလှရဲ့။

ချစ်မိခြင်းဟာ လွတ်လပ်လိုသူမိန်းမတစ်ယောက်အတွက် အတောင်ပံကျိုးပဲ့ခြင်းပဲ။ အချိန်တွေကို ပေးစွန့်လိုက်ရမှာ တွန့်တိုသူမို့ အချစ်ဆိုတဲ့ စကားကို မကြားဝံ့မနာသာနိုင်ခဲ့။

ဒါပေမဲ့ ဘယ်လိုလုပ်မလဲ။ အပေါ်ယံပန်းရောင်စုံ ဖြန့်ခင်းထားတဲ့ အချစ်ဆိုတဲ့ အနက်ဆုံးချောက်ရဲ့ကမ်းပါးမှာ ကျွန်မရပ်မိနေပြီ။
ဘယ်သူမှ မကယ်နိုင်တော့ဘူးလား။
မျှော်ကြည့်မိတဲ့အခါ မည်းမှောင်စူးရှကာ ကြောက်စရာကောင်းလှချည့်။
ဘဝသေမှာ စိုးရွံ့ကာ တုန်လှုပ်ခြင်းပြင်းစွာနဲ့ ခြေဆုတ်နေရင်း... ရင်အခုန်ကို ထိန်းသိမ်းကာ ပြန်လှည့်နေရင်းမှာပင် နှလုံးသားဟာ ဆင်ခြင်ဥာဏ်ဆီမှ ဖောက်ထွက်ကာ ခုန်ဆင်းပြေးသွားခဲ့ပေါ့။


ကျွန်မ လက်လှမ်းမမီတော့ဘူး။ ဒါပေမယ့် ဘာဖြေဆေးမှလည်း မလိုချင်တော့ဘူး။ ချစ်မိခြင်းဟာ သေကြောင်းကြံစည်မှုလို့ နှလုံးသွင်းလာသူကို အချစ်က သတ်သွားပြီ။သူတစ်ယောက်ကိုဖြင့် ချစ်မိသွားပါပြီ။



သူဟာ ကျွန်မ အသက်ထက်ဆုံးယုယချင်တဲ့ ပန်းတစ်ပင်ရယ်လေ ။ဖူးပွင့်လာသမျှ ခူးပန်ဖို့ မရည်ရွယ်ဘဲ ဘဝနဲ့ရင်းပြီး စောင့်ရှောက်နေချင်တဲ့ သစ်တစ်ပင်သာ ဖြစ်ပါတယ်။ သူ့ကို ချစ်စိတ်နဲ့ တပြိုင်နက် အိပ်မက်တွေ အရောင်လွင့်သွားတာလည်း အရေမထားနိုင်တော့။ အသစ်မွေးဖွားလာတဲ့ ကျွန်မရဲ့ တစ်ခုတည်းသောအမြင်မှာ သူ့ရှုခင်းရယ်သာ။

ချစ်ရသူလေးရယ်... အသက်နဲ့ရင်းပြီး ပေးဆပ်ချင်ပေမယ့် အခမဲ့ကြည်နူးခွင့်ကိုသာ ခူးဆွတ်ချင်သူပါ။

အလှကြည့်ချင်နေတယ် ဆိုတာကို ငြင်းဆိုလို့ အခက်အလက်တွေနဲ့ တင့်တယ်လှပအောင် ပျိုးထောင်နေရုံသာ ကျူးရင့်ချင်မိသေးတာ။ ဒီလိုချစ်မိသူမို့ ဘယ်အရာနဲ့ နှိုင်းယှဉ်ရမှန်း မသိအောင် ကြီးမြတ်တယ်လို့ ဘဝင်မြင့်လုမတတ် ဖြစ်လာတဲ့အခါ သူ့အမေကို သတိရလာမိခဲ့။


ကျွန်မ အမေတစ်ယောက်လို သူ့ကို ချစ်ဖို့ဖြစ်နိုင်ပါ့မလား။ သူ ကောင်မလေးတစ်ယောက်ကို သဘောတကျငေးကြည့်နေတဲ့အခါ သူ့အမေလို ကြည်ကြည်ဖြူဖြူ ပြုံးကြည့်နိုင်ဖို့ဆိုတာ ရာနှုန်းပြည့်နီးပါး မသေချာဘူး။

ကျွန်မ သိပ်သဝန်တိုတတ်တယ်။ မမြင်ဝံ့လို့ မျက်ရည်ကို သိုဝှက်ရင်း မျက်နှာလွှဲတဲ့အခါ သူအနေကျုံ့နေလိမ့်မယ်။ ခက်တယ်။ ကျွန်မ ရင့်ကျက်ဖို့ ပိုလို့ကြိုးစားရဦးမယ်။


ချစ်မိသူလေးရေ ... တန်ဖိုးဖြတ်တတ်သူတွေ ကျရှုံးစေမယ့် နားလည်ရန်ခက်ခဲတဲ့ အချစ်ဘာသာရပ်ကို ကျွန်မလည်း ဖြေကြည့်ဦးမယ်နော်။

ဘယ်စဉ်အခါကမှ မရဲရင့်သူကျွန်မဟာ သူ့ကို စော်ကားပုတ်ခတ် တိုက်ခိုက်လာသမျှတွေကို ကာကွယ်ပေးချင်သူ ဖြစ်ချင်တယ်။ နမော်နမဲ့ ၊ ပေါ့တီးပေါ့ဆလုပ်ဆောင်ချက်တွေကို ထိရှလွယ်တဲ့ ကျွန်မက သူ့ရဲ့ မှားယွင်းမှုမှန်သမျှကို ကျွန်မရဲ့ ချွတ်ချော်တိမ်းပါးမှုအဖြစ်သာ ပြောင်းယူချင်နေမိတယ်။

ပြင်းထန်ရက်စက်တဲ့ ဥတုရာသီမှာ လည်စင်းခံနေရင်း သူ့ကို ကာကွယ်ပေးနိုင်တဲ့ နားခိုရာလေးအဖြစ် ကျေနပ်နေချင်တယ်။
ရယ်ချင်ရယ်လိုက်ပါ။ ကျွန်မ သိပ်ရူးပါတယ်။

ကျွန်မအတွက် အချစ်ဆိုတာ ထိန်းချုပ်နိုင်စွမ်းရဲ့ မမြင်ကွယ်ရာမှာခနိုးခနဲ့ လက်ပိုက်ကြည့်နေတဲ့ ကျိန်စာတစ်ခုပါပဲ။

သူ့အရိပ်သာ ထင်နေတဲ့ ကျွန်မရဲ့ နှလုံးအိမ်ဟာ ကြောင့်ကြမှုတွေ ရောယှက်လာကာ ဒဏ်ရာတွေ ၊ ကစဥ့်ကလျားဖြစ်မှုတွေ၊ အကြမ်းဖက်မှုတွေနဲ့ ပြည့်နှက်နေတဲ့ ရက်စက်တဲ့ ဒီကမ္ဘာမြင်ကွင်းတွေကို သူ့ကို မမြင်စေချင်ဘူး။သူ ထိခိုက်နာကျင်မှာ စိုးလွန်းကာ ကလေးတစ်ယောက်လို ကာကွယ်စောင့်ရှောက် ပေးချင်တယ်။

ဒါပေမယ့် ကျွန်မရဲ့ အလေးထားမှုတွေ၊ ဂရုစိုက်မှုတွေဟာ ခေါင်းတစ်လုံးမြင့်တဲ့ သူ့အတွက် အကျိုးမဲ့ ဖြစ်နေနိုင်တယ်။ စေတနာအပြည့်နဲ့ ကာကွယ်ပေးလိုမှုတွေဟာ စိတ်ရှုပ်စရာတွေ ဖြစ်လာနိုင်တယ်။ ဒီလိုကြောင့် “ပျော်သလို နေနော် ” လို့ ဆိုရကာ မုန်တိုင်းအကြားမှာ သွားလာနေတဲ့သူ့ကို ထီးမိုးပေးရင်း နှုတ်ဆိတ်နေရတယ်။

ချစ်သူကလေးရယ်... တစ်ခါတစ်လေတော့လည်း အချစ်ကို ရက်စက်မှုမှတ်ကျောက် တင်ကြည့်ကာ ရနံ့ချိုများ သောက်သုံးရမလားလို့ ပြတ်သားကြည့်ချင်သေးတယ်။

သူ ယုတ်မာကောက်ကျစ်တဲ့အခါ ကျွန်မ ခွင့်လွှတ်မှာ ဖြစ်ပေမယ့် ကျွန်မ သူ့ကို ကြောက်သွားနိုင်တယ်။ ကျွန်မ ရှောင်ပုန်းချင် ရှောင်ပုန်းကာ ငိုနေမိလိမ့်မယ်။ ကျွန်မဟာ ချို့ယွင်းချက်အပြည့်နဲ့ သာမန်မိန်းမသာ ဖြစ်ပါတယ်။
ဒါပေမယ့် ရက်စက်ကောက်ကျစ်တဲ့ လူတစ်ယောက်အနားမှာ အမြဲယှဉ်တွဲရပ်နိုင်တဲ့ အမေတစ်ယောက်ကို အားကျစိတ်နဲ့ ကျွန်မ ကြိုးစားကြည့်ချင်သေးတယ်။

သူမှန်ရင် လက်ခုပ်တီးလို့ သူမှားတဲ့အခါ ဘယ်သူမှ မမြင်အောင် ဖုံးကွယ်ပေးချင်သေးတယ်။ လူတစ်ယောက်ဟာ ကြာကြားမမှားနိုင်ပါဘူးလို့ မျှော်လင့်ချက်လေးထားရင်း အားလုံးက လက်ညှိုးထိုးတဲ့အခါ သူ့ဖက်မှာ ရပ်ဦးမယ်။


…ဆက်ရန် :)


( နှစ်ဦးခွန်းဆက် …



New Year


အချစ်အကြောင်း သိပ်မရေးချင်တော့ပေမယ့် အချစ်အကြောင်း မရေးနိုင်တော့ဘူးလို့ ပြောတဲ့ ဆရာမဂျူးရဲ့ စကားကြားပြီးသကာလ အသက်ငယ်တုန်း ရေးမှ တော်ကြာ အသက်ကြီးလာရင် မချစ်နိုင်မှာ စိုးရတယ် :P ဆိုကာ ကြီးမိုက်လုပ်လို့ ဆက်ရေးချင်ပါသေးတယ်။
(အသက်ကြီးပေမယ့် ရသစာပေအလှဆုံးရေးနိုင်ခဲ့တဲ့ ဆရာမကြည်အေးလို ပါရမီရှင်မဟုတ်ဘူးလေ…ဆင်ခြေ :D )


ကျွန်မကဗျာတွေကို မနှစ်သက်ပါဘူးလို့ ခင်မင်ပွင့်လင်းစွာပြောတဲ့သူအားလုံးကိုလည်း ကျေးဇူးတင်ပါတယ် :) ကျွန်မအတွက် ကဗျာဆိုတာ အရိုးသားဆုံးနှလုံးသွေးနဲ့သာ ပွင့်တဲ့ပန်းတွေမို့ ဘယ်လိုခေါင်းစဉ်အောက်မှာ အမျိုးအစားဘယ်လိုခွဲထားလည်း ရင်ဘတ်နဲ့ ကဗျာတွေ ဆက်ရေးနေပါဦးမယ်။ ဖတ်မယ့်သူကတော့ ကျွန်မပေါ့နော် :P

မြန်မာနှစ်ကူးပြီးရင် ကျွန်မလည်း အချိန်အားတွေ ရရှိလာမယ်လို့ ယုံကြည်ကာ တခြားစာပေ အမျိုးအစားတွေလည်း ရေးကြည့်ချင်ပါသေးတယ်။

ကျွန်မကို tag ထားသူများ ( ဦးလူထွင်း ကိုမြစ်ကျိုးအင်းလူကလေး အယ်ကို ညီမလေး ငုဇာ၊နဲ့ညီမလေး
နေ့အိပ်မက် ) ရဲ့ အကြွေးတွေကို နှစ်သစ်အထိ ယူသွားရတာလည်း စိတ်မကောင်းပါဘူး။

ကျွန်မရဲ့ စာများကို ဖတ်ရှုဝေဖန်ပေးခဲ့သူများ၊ ခံစားအားပေးခဲ့သူများကို အထူးကျေးဇူးတင်ချစ်ခင်ပါကြောင်း ထပ်မံပြောကြားလိုပါတယ်။
နှစ်ကူးမှာ ပျော်ရွှင်ချမ်းမြေ့ပါစေလို့ ဆုမွန်ကောင်းတောင်းရင်း … )

မေတ္တာများဖြင့်
...
မယ်ကိုး

26 comments:

နေ့အိပ်မက် said...

နှစ်သစ်ကိုအကြွေးဟောင်းသယ်သွားတာ အတိုးပေးချင်လို့မဟုတ်လား :) မပူနဲ့မမ ဘယ်သူဖတ်ဖတ် မဖတ်ဖတ် တမီးလာဖတ်မယ် :D


ခုလောက် နုနုရွရွဖွဲ့ထားတဲ့ အချစ်ဘွဲ့ကိုဖတ်ရတော့ စိတ်ထဲမှာတစ်မျိုးပဲ ဘယ်လိုလဲတော့ မပြောပြတတ်ဘူး

ငြိမ်းဝေ said...

ဒေါ်မယ်ကိုး
စီဘောက်ရှာမတွေ့ လို့ ဒီမှာပဲ နှုတ်ဆက်လိုက်ပါတယ်။
နှစ်သစ်ကူးပြောင်း အောင်မြင်မှုအပေါင်း ခညောင်းပါစေဗျား...

လူကလေး said...

ပေးဆပ်ခြင်းတွေနဲ့ ... အဲဒီရည်ရွယ်တဲ့အချစ် တည်မြဲနိုင်ပါစေ။ ....
နှစ်သစ်မှာ လူသစ်၊စိတ်သစ်၊စာသစ်၊စိတ်ကူးသစ်တွေနဲ့ ရောက်လာမယ့် ဘွားဘွား ကိုမျှော်နေပါ့မယ်။

လေးစားလျက်

ကိုရင်နော်ခင်လေးငယ် said...

အချစ်များနှင့်ထုံမွှေးသောနှစ်သစ်ဖြစ်ပါစေ..

ကာရံဆူး said...

မမမယ်ကိုးရေ...နှစ်သစ်မှာ အစစအရာရာ သစ်လွင်တောက်ပလို့ လှပတဲ့ အနာဂတ်များစွာ ပိုင်ဆိုင်နိုင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းပါတယ်...မမရဲ့ အချစ်တွေကို လှစ်ဟ ဖတ်ရှုရင်း ဆက်ရန်ကို မျှော်နေပါတယ်...အချစ်ကို ကြောက်ကြောက်နဲ့ ချစ်နေရတာကို ဆက်လက်အားပေးသွားပါ့မယ်...စာသားတွေကတော့ အရင်ကလို လှမြဲ လှဆဲပါပဲ...

နိုင်းနိုင်းစနေ said...

အချစ်သည် လူကိုနုပျိုစေ၏တဲ့...
မယ်ကိုးမှာ ချစ်ခြင်းများစွာရှိပါတယ်
နှစ်သစ်မှာ
အချစ်အကြောင်း ဆက်လက်ရေးသားရင်း အမြဲနုပျိုပါစေလို့

နှစ်သစ်မှာ ပျော်ရွှင်ပါစေ မယ်ကိုး..း)

ဝေလင်း said...

အမေတစ်ယောက်လိုချစ်ချင်တယ်တဲ့လား..
မိန်းမတစ်ယောက်ရဲ့ အဆုံးစွန်သော ချစ်ခြင်းပေါ့..
အဆက်လာဖတ်မယ်..

ကိုလူထွေး said...

နှစ်သစ်မှာ ကြည်နူးပျော်ရွှင်ပါစေ မယ်ကိုး..း)

တခြားစာပေ အမျိုးအစားတွေ ရေးမယ်ဆိုရင် ရယ်စရာတွေ ဟာသတွေ ရေးပါလား...

အားပေးလျှက်

းဝ)

ကြည်ဖြူပိုင် said...

ဘာစာပေပဲေ၇းရေးစောင့်ဖတ်မယ်သယ်ချင်း
နှစ်သစ်မှာပျော်ပါစေနော်

yangonthar said...

အစ်မမယ်ရဲ့  အချစ်ကို ဖွဲ့ တဲ့ ဟန်ကို သဘောကျ တယ် စကားလုံးတွေ အတွေးတွေ ကို သဘောကျတယ် ကျနော် အမြဲပြောနေတဲ့ စကားဖြစ်မယ်ထင်ပါရဲ့ .... ဒီတစ်ပုဒ်မှာတော့ “လူတစ်ယောက် အနားမှာ အမြဲ ယှဉ်တွဲ ရပ်နိုင်တဲ့ အမေတစ်ယောက် ကို အားကျစိတ် နဲ့  ကျွန်မ ကြိုးစားကြည့်ချင်သေးတယ် ” ဆိုတဲ့ စကားကို အနှစ်ခြိုက်ဆုံးပဲဗျို့  အစ်မရဲ့  အချစ်ကို ဖွဲ့ နွဲ့ ခြင်းကိုယ်ပိုင် ဟန်လေးတွေ ကို စာတိုင်း စာတိုင်းမှာ တွေ့ နေရစဲ တွေ့ နေရမြဲ ဖြစ်လို့ အစ်မစာတွေ ဖတ်ရတာ အမြဲ ကျေနပ် ပီတိဖြစ်ရပါတယ်
ခင်တဲ့
ရန်ကုန်သား :))

ဝက်ဝံလေး said...

မမ ရေ နှစ်သစ်မှာ စိတ်သစ်လူသစ်နဲ့ အချစ်များကို ဆက်လက်၍ ရေးသားနိုင်ပါစေနော်


ခင်တဲ့ ညီမငယ်

မိုးစက်အိမ် said...

ပို့ စ်ထဲမှာ ဖတ်ရတဲ့  အမေတစ်ယောက်လို
ချစ်ခြင်းဆိုတဲ့  နေရာမှာ ကောင်လေးနဲ့  အသက်
ကွာတာ ကိုပြောချင်တာ လို့ ထင်ပါတယ် ဘာဖြစ်ဖြစ်
အချစ်ဆိုတာ အသက်နဲ့ တော့ ဆိုင်တယ်မထင်ပါဘူး
တကယ်သာ ချစ်တယ် မြတ်နိုးတယ် ဆိုရင် အရာ
အားလုံးဟာ အဆင်ပြေ ချောမွေ့ မှာအသေ အချာ
ပါဘဲ အမရေ . . . ပျော်ရွှင်ပါစေဗျာ . . .

မြစ်ကျိုးအင်း said...

ဒီရေးဟန်လေးက နောက်ထပ် ရှိလာမယ် မထင်ပါဘူး မယ်ကိုးရဲ့စာတွေဖတ် ရတာ စာဖတ်နေရင်း ဟိုတစ ဒီတစ ရလာတဲ့ အတွေးလေးတွေကို ထပ်ဖတ်နေရင်း စုနေရ သလိုပါပဲ ။ အားလုံးဆက်လိုက်တော့ လှပတဲ့ ပုံစံလေး ထွက်လာတယ်လို့ ကျွန်တော်တော့ ထင်မိတယ် ၊။
နှစ်သစ်မှာပျော်ရွှင်အဆင်ပြေပါစေ

ရွာသားလေးဝိုင်တီယူ said...

နှစ်သစ်မှာ ကဗျာအသစ် စာအသစ်တွေကို မျှော်နေပါတယ်ခင်ဗျာ

ပျော်ရွှင်ချမ်းမြေ့ပါစေ

ချစ်ကြည်အေး said...

Happy New Year Nyi-Ma-Lay .....
Nice stuff and writing.....
will come again and read more ...:D

Vista said...

အမေတစ်ယောက်လို ချစ်ခြင်တယ် ညီမတစ်ယောက်လိုလည်းချစ်ခြင်တယ် ဒါပေမယ့်အဲလိုပြောလို့ ဆဲခံရဘူးတယ် ဟိ ..
အဲလိုကြီးလုံးလုံးမဟုတ်တောင် စိတ်လေးအဲလိုထားပေးရင်ပိုပြီးစိတ်သက်သာတာပေါ့ ချစ်သူလိုဝန်တိုလွန်းရင်ပင်ပန်းပါလိမ့်မယ် ..
မင်္ဂလာနှစ်သစ်နော် မမယ်ကိုး ရသစာပေတွေဆထက်တန်ပိုးတိုးရေးနိုင်ပါစေ။စိတ်ချမ်းသာကိုယ်ကျန်းမာပါစေ...အမြဲပျော်ရွင်နှိင်ပါစေ..

အိန္ဒြာ said...

မယ်...

ချစ်တာလေးက လှပြန်ပြီ...
မယ်ချစ်တာကြည့်ပြီး
နည်းနည်းတောင် ချစ်ကြည့်ချင်လာတယ်..
အချစ်ဝတ္တုရေးပါပြောပြောနေတဲ့ မယ့်အတွက်လေ.း)

ရေးပါ စောင့်ဖတ်မယ်..
ကဗျာတွေလည်းတစ်ယောက်တည်းဖတ်ဖို့ မသိမ်းနဲ့
ရေးပါ တင်ပါ
ရေးရင်း ရေးရင်း ပိုပိုကောင်းလာလိမ့်မယ်

တကယ်က ကဗျာက သိပ်ညံ့နေလို့ မဟုတ်ဘူး
စကားပြေကောင်းတာကို
လိုက်မမှီတာ
မယ့်စကားပြေက ကောင်းလွန်းနေတယ်လေ.

ချစ်တဲ့

မယ်ခေါ်တဲ့
ချစ်မလေး

ကိုမျိုး (အညာမြေ) said...

မင်္ဂလာပါ ..

မင်္ဂလာနှစ်သစ်ပါလို့ နှုတ်ခွန်းဆက်သပါတယ်။ အချစ်အကြောင်းလေးတွေကို အနုအလှလေးနဲ့ ရေးဖွဲ့တတ်သူအတွက် အသက်ကြီးကြီး..ငယ်ငယ်... ခံစားရေးဖွဲ့တတ်နေမှာ သေချာပါတယ် မယ်ကိုးရေ။
အမြဲတမ်းအားပေးနေပါ့မယ်။

ခင်မင်စွာဖြင့်
ကိုမျိုး

ဒဏ္ဍာရီ said...

လှပတဲ့ ချစ်ခြင်းတွေနဲ့ ဖွဲ့သီထားတဲ့ မမယ်ကိုးရဲ့ စာစုလေးတွေကို ဆက်ဖတ်ရင်း မျှောနေပါမယ်။ အေးချမ်းတဲ့ ချစ်ခြင်းတွေကို နှစ်သစ်နဲ့ အတူ ငြိမ်းချမ်းစွာ ပိုင်ဆိုင်နိုင်ပါစေ...။

ခင်မင်လေးစားလျှက်

Orange Chit Thu said...

Happy New Year par Mae Coe yay...

ရွှေရတုမှတ်တမ်း said...

လေးလေးကတော့ လမ်းမကြုံ ကြုံကြုံ ဝင်လာပါတယ်ခင်ဗျာ..(အချစ်မဟုတ်တာတော့သေချာတယ်...း))

ချစ်ကြည်အေး said...

ညီမ မယ်ကိုးရေ...ချစ်တတ်လိုက်တာဟယ်...ခုနေတုန်းရေးထား၊ အမကတော့ အချစ်အကြောင်း ရေးမယ် ဆိုပြီး ရေးတိုင်း တောင့်တောင့်ကြီး ဖြစ်နေ တတ်လို့...။
ဟိုးနေ့က စာတွေလာဖတ်တယ် ငါးပုံပြင်လေး ရေးဖွဲ့ပုံ ဆန်းတယ်၊ ဒီနေ့တော့ လင့်ခ် လာယူရင်းနဲ့ မှတ်မှတ်ယယ လေးရေးခဲ့တယ်...အသစ်မျှော်ရင်း အဟောင်းတွေလာလာဖတ်မယ်နော်.....

ချစ်ခင်စွာ
အမ ချစ်ကြည်အေး

မောင်ဘကြိုင် said...

း) မင်္ဂလာပါဗျာ
ကျွန်တော်လေ အရမ်းပျော်တယ်း)
အရင်က လှုပ်ရှားမှု့မရှိတဲ့ ဒီအိမ်လေး
အခု အသက်ဝင်လာတာ တွေ့တော့ ပျော်တယ်ဗျာ
မင်္ဂလာနှစ်သစ်ပါဗျား)

အမရာ said...

မယ်ကိုးလေးရေ...
အချစ်အကြောင်းပြောရင်
ရူးချင်တယ်..ဒါပေမယ့်..ကျေနပ်စွာ
ရူးချင်တာလေ...ဒီတော့လည်း...
"ကွန်မအတွက် အချစ်ဆိုတာ ထိန်းချုပ်
နိုင်စွမ်းရဲ့ မမြင်ကွယ်ရာမှာ ခနိုးခနဲ့နဲ့
လက်ပိုက်ကြည့်နေတဲ့ ကျိန်စာတခုပါပဲ"
မယ်ကိုးလေးနှစ်သစ်မှာ..အချစ်အသစ်နဲ့
ပျော်ရွှင်ပါစေကွယ်.....

ချစ်တဲ့
အမရာ

အယ်ကို said...

ဆပွားချစ်ခင် ကြင်နာစဉ်က
ပန်ကြားသစ္စာ သံသာကမ်းတိုင်
တူပြိုင်ကူးမယ် ။
ညွှန်းရွယ်ဝသုန် – အသကုန်
ချစ်လျက်ပါ ။
မြင့်မိုရ်ရွှေတောင်လုံးသို့ လေ၊
လေးဆူဒီပါ ရေသီတာမြေ ဆုံးစေတော့။
......
ကဗျာအသိ
ဥာဏ်အသိ
သညာအသိ
စာအသိ နဲ့
ချစ်ကြည့်ပါတယ်။

ချစ်လျှက်ပါ။

kaungkinpyar said...

ရေးပါ ရေးပါ အချစ်အကြောင်းတွေ ဖတ်ချင်ပါတယ်..