15 January 2010

“ ကြယ်ရောင်ကြောင့် သေဆုံးသူ”

မိရိုးဖလာဘာသာဗေဒရဲ့ နားမလည်နိုင်တဲ့ အသုံးအနှုန်းတွေထဲမှာ လူစားတယ် ဆိုတဲ့ စကားလည်း ပါဝင်တယ်။ တစ်ချို့သော မြစ်တွေက လူစားတယ်။ တစ်ချို့သော တံတားတွေက လူစားတယ် တဲ့။ နောက်ထပ် လူသိနည်းတဲ့ ဖြစ်ရပ်မှန်လည်း ရှိပါသေးတယ်။ တစ်ချို့သော ကြယ်တွေက လူစားတယ်။ လူဆိုတဲ့ စကားရပ်မှာ မိန်းမဆိုတဲ့ အမျိုးအစားကိုပါ ထည့်သွင်းစဉ်းစားပေးစေချင်ပါတယ်။ ကြယ်ကြည့်သူဟာ လူတစ်ယောက်ဖြစ်တယ်။ မိန်းမတစ်ယောက်ဖြစ်တယ်။ ပြီးတော့ လူစားတဲ့ကြယ်ကို ကြည့်မိသူလည်း ဖြစ်ပါတယ်။

ကံဆိုးသူလို့ အားလုံးက ဆိုကြပေမယ့် ကြယ်ကြည့်သူဟာ မဟာကံထူးရှင်လို့ သူ့ကိုယ်သူ ထင်နေတယ်။ ရောဂါနုစဉ်မှာ ကြယ်ကိုကြည့်ပြီး ကြည်နူးမှုအဟုန်နဲ့ ကောင်းကင်မှာလွင့်နေခဲ့တယ်။ “ကြယ်ကလေး …. ကြယ်ကလေး” လို့ တတွတ်တွတ်ရွတ်ရင်း စားစားသွားသွား ကြယ်ရိပ်ပဲ မြင်ကာ ခြေလှမ်းတွေရပ်၊ အသက်ရှုတန့်လို့ ကြယ်ကိုပဲ ကြည့်နေတယ်လေ။ ပြီးတော့ သူ့ကိုယ်သူလည်း လှည့်ဖျားသေးတာ။ “ ဒါ ခဏပါ ... အပျော်ပါ ... အသေးအဖွဲပါ ..” လို့ ဆိုကာ သေရေးရှင်ရေးမှန်သမျှမေ့လို့ ကြယ်ပဲ ကြည့်နေလေရဲ့ ။ တဖြည်းဖြည်း ရောဂါပြန့်လာတော့ သူဟာ ကြယ်ကြောင့် ရယ်တတ် ငိုတတ်လာတယ်။

ဒီလိုနဲ့ ကြယ်ကြည့်ကာလတိုက်စားကာ အနီးမြင်ကွင်းတွေ ဝေဝါးချိန်မှပဲ မျက်စိအထူးကု ဆရာဝန်ဆီ ရောက်သွားလေရဲ့။ ဆရာဝန်က “ကြယ်ရဲ့ အဆိပ်တွေက မျက်လုံးကတဆင့် သွေးကြောထဲထိ ပြန့်နေပြီ … ဆက်ကြည့်ရင် ရင်ကွဲသေလိမ့်မယ်” လို့ ဆိုကာ ကြယ်ရောင်မမြင်စေတဲ့ဆေးတွေပေးတာပေါ့။ ဒါပေမယ့် တစ်နေ့မကူးခင်မှာတင် လာမယ့်ဘေးထက် လက်ရှိရင်ကွဲနာကို မခံစားနိုင်တဲ့ ကြယ်ကြည့်သူဟာ ဆေးတွေကို လွှင့်ပစ်လိုက်ကာ ကြယ်လေးကို ပြုံးကြည့်ပြီး “ နေကောင်းရဲ့လား ” လို့ နှုတ်ဆက်လေရဲ့။





အသေအချာပေါ့။ နောက်ဆုံးမှာ ကိုယ်ခံအားချို့တဲ့ကာဖြူရော်အားနည်းနေတဲ့ ကြယ်ကြည့်သူဟာ စိတ်ရောဂါအထူးကုဆရာဝန်ဆီ ရောက်သွားတော့တာ။ သူ့ရောဂါအဆင့်ကို သိဖို့ ဆရာဝန်က ကြယ်ရာဇဝင်ကို မေးတဲ့အခါ ကြယ်ကြည့်သူရဲ့နှစ်ချို့တေးဟာ ရင်ပွင့်ထွက်လာပြီလေ။“အဲဒီကြယ်ကလား ….တစ်ကိုယ်ကောင်းဆန်တယ်။ နှလုံးသားမဲ့တယ်။ ဘဝင်မြင့်တယ်။ တယူသန်တယ်။ လှည့်ဖျားတတ်တယ်။ အပြောင်းအလဲမြန်တယ်။ မျက်နှာများတယ် ဒါပေမယ့် အဲဒီကြယ်က တော်တယ်။ လိုချင်တာ ရအောင်ကြိုးစားတယ်။ ဥာဏ်ကောင်းတယ်။ ထက်မြက်တယ်….” ဒီလို ကြယ်ရဲ့ ဘုန်းတော်ဘွဲ့ကို မမောနိုင်အောင် ရွတ်နေဆဲမှာတင် ကြယ်ကြည့်သူဟာ ငိုတော့မလို ဖြစ်လာကာ စကားဆက်ပြန်တယ်။ 

“သူ့ပတ်လမ်းကို စောင့်မကြည့်လို့ မဖြစ်ဘူး။ အန္တရာယ်တွေ များလှတယ် ။ စိတ်မချဘူး ... ”  လို့ တောင်းပန်သလို ဆိုပေမယ့် ဆရာဝန်က ဆေးရုံမှာ အနားယူဖို့ စာရွက်စာတမ်းတွေ ပြင်ဆင်ပြီးနေပြီ။ကြယ်က သူ့ဦးနှောက်လည်း စားသွားပုံပဲ။ ကြယ်ကြည့်သူဟာ ဆင်ခြင်ဥာဏ် မရှိတော့ဘူး။ ကြယ်ကိုသာ နေ့စဉ်မမြင်ရရင် သူသေမှာပဲ လို့ယုံကြည်နေတယ်။ ကြယ်ကို သူမစောင့်ရှောက်ရရင် ကြယ်ကလေးဟာ တွင်းမည်းအဖြစ် ပျောက်ကွယ်သွားတော့မှာလို့လည်း အထင်မှားနေတယ်။

ပြီးတော့ ကြယ်ရောင်ပျောက်အောင် တိမ်ညိုဖုံးတဲ့ညတွေမှာ သူ့ရင်ထဲ ချော်ရည်ပူမြစ်တွေ စီးဆင်းခဲ့တာကို မမေ့နိင်သေးသလို ထပ်မံသည်းခံနိုင်စွမ်းလည်း မရှိသူမို့ ထွက်ပြေးဖို့ ကြိုးစားတော့တာ။ ဒါပေမယ့် ဆရာဝန်ရဲ့ အတွေ့အကြုံရင့်တဲ့ အစောင့်တွေက သူ့ကို ဖမ်းချုပ်ပြီး ဆေးရုံတင်လိုက်ကြတယ်လေ။

“ဆေးရုံဟာ နိဗ္ဗာန်ပဲ ” လို့ လူနာရှင်တွေက ဆိုကြတာ။ ဆေးရုံက သန့်ရှင်းကျယ်ဝန်းတယ်။ ပန်းရောင်စုံပွင့်နေတယ်။ နေရောင်ခြည် ရွှင်လန်းတယ်။ ဒါပေမယ့် လူနာအတွက်တော့ ငရဲခန်းပဲ။ ကြယ်ကို သတိရမိတိုင်း အနားက လျှပ်စီးစက်ကွင်းက နားထင်ကြောကို လာထောက်တယ်။ ဒါပေမယ့် ဘယ်လိုပဲ ညှဉ်းပန်းနှိပ်စက်ပေမယ့် ကြယ်ကြည့်သူက မဖြုံဘူးဘဲ။သူ့ရဲ့ စွဲလမ်းခြင်းတွေက ရိုးတွင်းခြင်ဆီထိ တိုင်ခဲ့ပြီမို့ လွမ်းဆွတ်မှုကို မသတ်နိုင်ဘူး။  ဒီလိုနဲ့ ခွဲစိတ်မကုသနိုင်လောက်အောင် ရောဂါကျွမ်းကာ ကိုယ်ခံအားချို့တဲ့နေသူကို လက်လွှတ်မယ့်ရမယ့် အချိန် ရောက်လာတော့ မတတ်သာတဲ့အဆုံး ဆရာဝန်တွေက အတိတ်မေ့ဆေး ပေးရကြလေတာ။

ဘဝသစ်ရသွားတဲ့ ကြယ်ကြည့်သူဟာ ငူငိုင်ကာ ကြောင်နေတယ်။ အမိုးအကာအောက်မှာ စိတ်လုံခြုံမှုမဲ့နေတယ်။ ဘာဖြစ်လို့ နှလုံးသားက စူးရှနာကျင်နေမှန်း မသိရှာဘူး။ အကြောင်းရင်းရှာမတွေ့ပါဘဲ ငိုလို့ချည်း နေရဲ့။ အမည်တပ်မရတဲ့ ခံစားမှုနဲ့ ကောင်းကင်ဗလာကိုကြည့်လေ အသက်ရှုမဝလေ ဖြစ်နေခဲ့တာပေါ့။ ဒီလိုနဲ့ သူဟာ အားပြတ်ပြိုလဲကာ ရောဂါပိုးမဝင်ပါဘဲ အသက်ငင်လေတာ။ ကံအားလျော်စွာပဲ သေခါနီးလူမမာကို သတင်းမေးသူတွေထဲမှာ ကလေးလေးတစ်ဦးက ရောင်စုံစက္ကူကြယ်လေးတွေ ယူလာပေးတယ်လေ။ “ ဒီကြယ်တွေကိုပဲ ကြည့်ပါ ... ဘေးဥပါဒ်မရှိဘူး” လို့ ဆိုရင်းပေါ့။

ဒီစကားအဆုံးမှာပဲ ကြယ်ကြည့်သူဟာ သတိပြန်လည်လာခဲ့။ “ကြယ်ကလေး…. ကြယ်ကလေး” တစ်ဖွဖွတမ်းတလို့ ခဏချင်းအတွင်း နိုးကြားရှင်သန်လာပြီရယ်။ ညှင်းပန်းနှိပ်စက်မှုလက်က လွတ်မြောက်ထွက်ပြေးဖို့ ခွန်အားတွေလည်း ရှိလာခဲ့ပြီလေ။ ဒါပေမယ့် သူ့ရဲ့အားထုတ်မှုမှန်သမျှဟာ စောင့်ကြည့်နေသူတွေလက်က မလွတ်နိုင်ဘူးဖြစ်နေတယ်။ ရက်စက်သူတွေကတော့ ပွဲကြီးပွဲကောင်းတွေ့ပြီ ဆိုကာ သဘောကျနေကြတယ်။


ခက်တာက ဇာတ်နာခန်းက သိမ်မကြာလိုက်ပါဘူး။ တစ်နေ့သော အခိုက်မှာတော့ ပြေးတမ်း လိုက်တမ်း ကစားရလွန်းလို့ မောပန်းလာတဲ့ အစောင့်တွေက အရွဲ့တိုက်ကာ လမ်းပြကြတော့တာ။ “ ဒီလမ်းက သွားရင် သေမှာပဲ ။ ပြီးတော့ ဒီတံခါးကိုလည်း မင်းဖွင့်နိုင်မှာ မဟုတ်ဘူး” လို့ အခိုင်အမာပြောလေရဲ့။

တကယ်ပဲ လျှို့ဝှက်တံခါးကို ဘယ်သူမှ မဖွင့်နိုင်ခဲ့ကြပါဘူး။ ဘာမှ မသိရှာတဲ့ ကြယ်ကြည့်သူကတော့ ကြောက်စရာတံခါးပေါက်ကို ကြည့်ကာ ပြုံးလို့ပင် နေတယ်လေ။ ပြီးတော့ သူက “ ကြယ်မမြင်ရရင် သေမယ့်သူမို့ ကြယ်ကြည့်ပြီး သေမယ့်လမ်းကိုပဲ ရွေးမယ်”လို့ ပြောလိုက်လေတာ။ အစောင့်တွေ မသိခဲ့ပါဘူး။ အံ့သြစရာကောင်းတာက  သူ့နှလုံးသားကလာတဲ့စကားလုံးတွေက တံခါးရဲ့ စကားဝှက်ဖြစ်နေခဲ့တာ။ တံခါးက ရုတ်ချည်းပွင့်သွားခဲ့။ ဘယ်သူမှ မတားဆီးနိုင်ခင် လျင်မြန်စောစွာ သူ ပျောက်ကွယ်သွားပြီလေ။ အဲဒီနောက်မှာတော့ ကောလဟာလတွေ ပေါ်ပေါက်လာပါတော့တယ်။

တစ်ချို့သော အစောင့်တွေက “ကြယ်ကြည့်သူဟာ ချောက်နက်ထဲ လွင့်ကျသွားတယ်” လို့ အယုံသွင်းကြတယ်။ မျက်မြင်သက်သေပါဆိုသူတွေက “ကောင်းကင်ထက်မှာ မီးလောင်ပြာကျသွားတယ်” လို့ စကားကားကြတယ်။ ဖြတ်သွားဖြတ်လာ ကြုံခဲ့တယ်ဆိုသူတွေက “ နှင်းရိုင်းတွေ အောက်မှာ မျက်ရည်တလည်လည်နဲ့ ကြယ်ကြည့်နေတဲ့ ကျောက်ရုပ်ဖြစ်နေတယ်” လို့ သတင်းလွှင့်ကြတယ်။

ဒီလိုနဲ့ ဆွမ်းမသွတ် တရားမနာနိုင်တဲ့ ကြယ်ကြည့်သူရဲ့ပုံပြင်ဟာ ပြယ်လွင့်သွားခဲ့ပါပြီ။ လူတွေကလည်း ကြယ်ကြည့်သူကို အမှတ်မရတော့ပါဘူး။ သူတို့ဟာ ဘယ်ကြယ်က မီးတစ်စမှန်းလည်း မသိကြပါဘူး။ ပြီးတော့ သတိမေ့နေကြသေးတာက ကြယ်တွေဟာ နေရာလည်း ရွေ့တတ်တယ်ဆိုတာပါပဲ။

စာကြွင်း ။ကျေးဇူးပြုပြီး ယုံကြည်ပါ... တစ်ချို့သော ကြယ်တွေက လူစားတယ်ဆိုတာ...။ အမှန်ကန်ဆုံးသက်သေကတော့ သေဆုံးခဲ့တဲ့ ကြယ်ကြည့်သူဟာ ကျွန်မ ဖြစ်ပါတယ်။

မယ့်ကိုး


Mandalay icon magazine, Oct: 2010

41 comments:

ဖိုးစိန် said...

ကြယ်စား ခံရတယ်လား

ကြယ်ကြွေ တွေကို ကောက်ပေးရင်း ချစ်သူ အတွက် ကြယ်တခင်းနဲ့ လမင်းတစင်းဖန်းဆင်းပေးခဲ့တာလဲ ရှိပါတယ်..

ချစ်သူက ပြုံးလို့ပေါ့...

ကြယ် အစားခံရမှာကို သိရက်နဲ့ ဘာကြောင့်များ နှင်းရိုင်းတွေ အောက်မှာ တဝဲလည်လည်နဲ့ ကြယ်ကြည့်ဖို့ ကြိုးစားခဲ့ပါလိမ့်...

ဘာဖြစ်ဖြစ် ကြယ်တွေ လူစားတာကို ယုံကြည်ပါတယ်..

အဖွဲ့က လှလွန်းတယ်..

ချစ်ခင်လေးစားစွာဖြင့်

ဖိုးဖိုး

(စိတ်ထဲ ပေါ်သလို မန့် ပါတယ်)

Anonymous said...

ဒါပေမယ့်ဘယ်လိုပဲညုဉ်းပန်းနှိပ်စက်ပေမယ့် ကြည်ကြည့်သူက မဖြုံဘူးပဲ။ မှာ ကြည်ကြည့် က ကြယ်ကြည့် ထင်တယ်

အယ်ကို said...

ကြယ်ကြည့်သူရဲ့ဒဏ္ဍာရီကဒီလိုနဲ့ဇာတ်သိမ်းသွားခဲ့ ရတယ်တဲ့လား ။ မဟုတ်ဘူး မဟုတ်ဘူး သေဆုံးခဲ့တဲ့ ကြယ်ကြည့်သူဟာ မယ်ကိုး မဟုတ်ဘူးလေ။ စာတွေဆက်ရေးရအုံးမှာ ။ မယ်ကိုးမရှိလို့မှမဖြစ်တာဘဲ။ သွားမယ်ဆိုရင်လဲစောင့်ပါအုံး၊ ကြယ်တွေကူကြည့်ပေးမလို့ပါ မယ်ကိုး ။ :lol:
ဆက်မရေးရသေးတဲ့ အကျွေးတွေရှိသေးတယ်နော် :)

လေးစားလျက်
သားသား

မယ်ကိုး said...

စေတနာထား စာပြင်ပေးတဲ့ အမည်မသိကို ကျေးဇူးအထူးတင်ပါတယ်။ပြင်လိုက်ပါပြီရှင် ...

လူကလေး အယ်ကိုရေ...စာထဲမှာ ကျွန်မလို့ပဲ သုံးနှုန်းပါတယ်။ မယ်ကိုးလို့လဲ မဆိုပါဘူး =)

kaungkinpyar said...

ကြယ်ကြည့်သူဟာ ကျွန်မ ဖြစ်ပါတယ်...

Vista said...

စာဖွဲ့ ထားတာလှလိုက်တာနော်
တစ်ကြောင်းချင်းကို အလွတ်ကျက်သလို အခါခါဖတ်မိတယ်... ချောမွေ့ နေတာပဲ..မမယ်ကတော့စံပဲ

ကိုရင်နော်ခင်လေးငယ် said...

ညီမလေး...

အတွေးလေး သိပ်လှသလို
အဖွဲ့အနွဲ့လေးကလည်း ချောမွေ့နေလို့...
ကိုယ်တိုင်လည်း ကြယ်ကြည့်သူ ဖြစ်သွားခဲ့တယ်

ချစ်တဲ့...

sonata-cantata said...

မယ်ကိုးရေ အချို့သော ကြယ်တွေက တကယ်မရှိတော့ပါဘူး၊ လောင်ကျွမ်း ကြေမွသွားခဲ့ကြပါပြီ တဲ့
ဒါပေမဲ့ သူတို့က ကမ္ဘာနဲ့ ဝေးလွန်းတော့ သူတို့ တည်ရှိနေသေးတဲ့ အချိန်က လောင်ကျွမ်းမှုတွေကနေ ထွက်ပေါ်လာတဲ့ အလင်းရောင်ကို ကမ္ဘာကနေ လှမ်းမြင်နေရသေးတာပါ တဲ့
ကြယ်တွေနဲ့တို့တွေ သက်တမ်းချင်းမတူကြသလို...အလှမ်းလည်း ဝေးလှတယ်နော်

ဗညားရှိန် said...

ကြယ်ကြည့်သူရဲ့ ရင်တွင်းပုံပြင်းလေး ဖတ်သွားတယ် စိတ်ကို စွဲဆောင်သွားအောင်ရေးနိုင်တယ်ဗျာ

လသာည said...

ပုံပြောင်းတဲ့ညီမလေးရယ်..
ဖတ်ပြီး အတူတူ ကြယ်ကြည့်သွားပါတယ်

ကြည်ဖြူပိုင် said...

အဖွဲ့လေးအရမ်းလှတယ်
နစ်မြောသွားရင်းနဲ့
လူစားတယ်ဆိုတဲ့ကြယ်အကြောင်းကိုတောင်
မယ်ကိုးရဲ့စာသားတွေကြောင့်ယုံကြည်လိုက်တော့မယ်
ခင်သော
ကြည်ဖြူပိုင်

နေ့အိပ်မက် said...

အရေးအသားက နူးနူးညံ့ညံ့လေးဖြစ်နေလွန်းလို့ ဖတ်ရတာ မထိရက်မကိုင်ရက်ဘဲ ဖတ်ရသလိုဖြစ်နေတယ်။

နန်းညီ said...

အာကွာ.. မမယ်ကိုးဗျာ..

လုံးဝ မချင့်မရဲပဲ.. ညီရေးလက်စတစ်ခုရှိတယ်.. “ကြယ်ကိုးသူ”ဆိုတာ.. ဒါမျိုးပဲ.. ကြယ်ဘက်ကရေးတာ.. အဟင့်...

အစ်မရဲ့ ဂျီမေးလ်သိချင်လိုက်တာ

Mogok Thar said...

မယ့် စာထဲ မျောပါသွားပြန်ပြီ...

ကြယ်ကြည့်သူ “ကျွန်မ” ကတော့ ဘယ်ပျောက်သွားလဲမသိပေမဲ့.....

လူစားတဲ့ ကြယ်.. တစ်စင်းကတော့..

မှိတ်တုတ် မှိတ်တုတ်နဲ့ ကလူကျီစယ် ပြုံးရယ်လို့....

( ကြယ်တွေကို ငေးကြည့်နေရတာ ကြိုက်ပေမဲ့ ပုံပြင်ထဲက.. လူ... လိုတော့ ကြယ်တွေကို မစွဲလန်းတတ်ဘူး။ )

ချစ်ခင်လျက်

ချစ်ကြည်အေး said...

အဲဒီကြယ်ဟာ လူတယောက်၊ နှလုံးသားမပါတဲ့ လူ၊ လူ ဆိုတဲ့နေရာမှာ အမျိုးသား တယောက်ဖြစ်နိုင်ကြောင်း ထည့်သွင်း စဉ်းစားပေးစေချင်တယ်။ အချစ်တွေ၊ ခံစားမှုတွေကို စွဲလန်းမှုမဲ့ မြိန်ယှက်စွာ မော့သောက်တတ်သူလည်း ဖြစ်တယ်...

အမရာ said...

မယ်ကိုးလေးရေ..
တကယ့်ကိုစိတ်ကူးကောင်းကောင်း
နဲ့ပို့စ်တခုပါပဲ..ဒီပို့စ်ကိုအရမ်းကြိုက်တယ်..
နောက်တခါကြယ်ရောင့်ကြောင်သေဆုံး
သူဖြစ်ပါရစေ...


ချစ်တဲ့
အမရာ

ကြည်ဖြူပိုင် said...

ဟုတ်ပါ့
တို့လဲ ခုကျောင်းပြန်တက်နေရပြီ
မယ်ကိုးပြောသလိုပဲ
ငရဲနားပြန်ရောက်ပြန်ပြီပေါ့
:'(

အယ်ကို said...

စာထဲကဇာတ်ကောင်(ကြယ်ကြည့်သူ) ရယ် ၊ စာကြွင်းထဲက (သက်သေကတော့ သေဆုံးခဲ့တဲ့ကြယ်ကြည့်သူဟာကျွန်မဖြစ်တယ် )ကျွန်မ ရယ် ၊ လက်ရှိရေးသားသွားခဲ့တဲ့ ( မယ်ကိုး ) ရယ် အားလုံးကိုရောနှောပြီးတော့ တထပ်ထဲ ၊ တယောက်ထဲ အနေနဲ့ ဈန်ဝင်ခံစားမိသွားလို့ပါ ဘွားဘွား :lol:
.... မငြင်းချင်တော့ဘူး .. အကျွေးတွေဆက်မရေးမှာကြောက်လို့ ... :D

ဆင်ခြေပေးလျက်
လူကလေး

လသာည said...

အပေါ်ကလေ “ပုံပြောင်းတဲ့ ညီမလေးရယ်” က တကယ်တော့ “ပုံပြောကောင်းတဲ့ ညီမလေးရယ်”လို့ ရေးတာနော်။ အေးကွာ အခုတလော ဘယ်လိုဖြစ်လဲမသိဘူး.. စကားလုံးတွေ မှားလိုက်၊ ကျန်လိုက်နဲ့.။
အင်း.. ကြယ်ကြည့်ရက်များလာလို့ ဖြစ်မယ်းP
နော်..

အိန္ဒြာ said...

မယ်ရေ..

ကြယ်ကို သေမှန်းသိသိကြည့်တယ်တဲ့လားးးးး
သိပ်မိုက်တယ်.....
ဘ၀မှာ
ကြယ်ကြည့်တာထက် အရေးကြီးတာတွေ
ကြယ်ကြည့်တာဟာ..ဘာမှမဟုတ်ပါလားလို့
သိလိုက်ရတဲ့အချိန်တွေ ရှိနေသေးတယ်
တစ်ခုပဲ
အဲဒါကို မသိလိုက်ခင် သေဆုံးမသွားဖို့
သေဆုံးသွားသည်အထိ မနေမိလိုက်ဖို့

သိပ်လှပါတယ်
မယ်ကိုးရဲ့ဖုံးစံအတိုင်း
နည်းနည်းလေးမှ မရော့တဲ့ အတွေးအရေးပါ..

နောက်ကျသွားတာခွင့်လွှတ်
ရုပ်ရှုင်က ကြည့်ရသေးတယ်လေ....းP

အပြုံးပန်း said...

ထူးဆန်းစွာပဲ
အဲဒီကြယ်ကြည့်သူကို
မိန်းမလို့ စာရေးသူက ဆိုထားပေမယ့်
ယောင်္ကျားတစ်ယောက်လို့ မြင်ယောင်ရင်း
ဖတ်သွားနေမိတယ်။

ကိုယ်က ကြယ်ကြည့်သူ စွဲလန်းတဲ့ ကြယ်ဖြစ်ချင်သွားလို့ပါ။

မယ်ကိုး၊ သိပ်တော်တယ်ကွာ။
You are Great!

လင်းဒီပ said...

မိုက်တယ်...။
အများကြီး တွေးစရာတွေ ဆက်ပေးတယ် ။

ဒဏ္ဍာရီ said...

မမယ်ကိုးရေ... ကိုယ်တိုင် ကြယ်လေးတွေကို ကြည့်နေသလို ခံစားပြီး ဖတ်သွားပါတယ်နော်။ ခံစားချက် အပြည့်နဲ့ မယ်ကိုးစတိုင် ဒီစာလေးက တကယ့်ကို ဖမ်းစားသွားပါတယ်။

ခင်မင်လေးစားလျှက်

ကိုလူထွေး said...

သြော်... သူလည်း အဲဒီကြယ်ကြီးကို ကြည့်မိသွားရှာပြီကိုး...

းဝ)

ဝက်ဝံလေး said...

မမ ကိုးး အရေးအသားတွေက သူမတူအောင် လန်း တော့ ၂ ခေါက် ဖတ်သွားပါတယ် မမ ရေ
မမ စာလေးတွေ ဖတ်ရရင် တမျိုးဆန်းနေတယ်နော် ရေးတတ်လိုက်တာ မ ရယ်

lover said...

ညီမလည်းကြယ်စားခံရတဲ့ လူပါပဲ....ဘ၀တူ...ကောင်းလိုက်တဲ့စာလေးတွေ...ကိုယ်တိုင်ဖြစ်ပျက်နေသလိုပါပဲ...(Lover Star)

Anonymous said...

ကောင်းလိုက်တဲ့စာစုလေး...ကိုယ်တိုင်ဖြစ်ပျက်နေသလိုကိုခံစားရပါတယ်..တကယ်လေးအဟုတ်ပါပဲ..ဘ၀တူတွေပါ...(Lover Star)

mae said...

တင်စားတတ်လိုက်တာ မယ်လေး..

ရွာသားလေးဝိုင်တီယူ said...

တစ်ခုပဲ

ကြယ်စားခံရတဲ့သူတစ်ယောက် ရှိခဲ့ဖူးတယ်ဆိုတာ ကြယ်က အသိအမှတ်ပြုပေးဖို့ပါ

ကြယ်ကြည့်နေသူတစ်ဦး

ဆောင်းယွန်းလ said...

အရေးအသားနဲ့ အတွေးတွေက အမြဲဆန်းသစ်နေပါတယ် ညီမလေး...

Anonymous said...

nice ............ :)

ကိုအောင်(ပျူနိုင်ငံ) said...

စာတွေ လာဖတ်ပါတယ်၊ အားပေးလျက်ပါ။

ကာရံဆူး said...

မမမယ်ကိုးရေ...ကာရံ မအားလို့ မရောက်ဖြစ်တာကို ခွင့်လွှတ်ပါနော်...မမရဲ့ ကြယ်ရောင်ကြောင့် သေဆုံးသွားသူကို ကိုယ့်ကိုကိုယ် ကြယ်အဖြစ်ခံစားပြီး ဖတ်သွားပါတယ်...ကြယ်ရောင်ကြောင့် သေဆုံးမှာကို ကြောက်လို့ ပါ.... :P ဘာပဲဖြစ်ဖြစ် မမရဲ့ အရေးအသားလေးတွေက အရမ်းကို လှပပါတယ်...စာတွေ ဆက်မျှော်နေပါမယ်...

ညီအကိုများ said...

ကောင်းပါ၏။

မိုးကြယ်

သက်အောင် said...

အရမ်းကောင်းပါတယ် ..

သိင်္ဂါကျော် said...

ထူးထူးခြားခြား ဇာတ်လမ်းလေးပဲ.. ဖွဲ့ထားတာလေးကလည်း ထုံးစံအတိုင်း လှပနေပြန်ရော...

moe said...

မယ်ကိုးရေ..ဘုန်းတော်ဘွဲ့ကိုဖတ်ပြီးမှ..ကြယ်ကြည့်သူလဲအရမ်းကောင်းတယ်လို့ညီမတယောက်ကပြောလို့ မခုဖတ်ပြီး..ရေးချင်တဲ့ comment က..same as ရွာသားလေး(ytu)..Bravo sis!

Soe said...

တင်စားတတ်လိုက်တာ မ ၇ယ်.........
ကိုယ်လည်းကြယ်ကြည့်သူ တစ်ယောက် ဖြစ်ခဲ့တယ်..... သေတော့မသေခဲ့ဖူးပေါ့... ဆေးကတော့ အတော်လေးကုယူလိုက်၇တယ်.....
အဆိပ်မ၇ှိတဲ့ ကြယ်လေးတွေပဲ ကြည့်ချင်တော့ တယ်........

အားပေးလျှက်

Htay said...

အံ့သြစရာကောင်းတာက  သူ့နှလုံးသားကလာတဲ့စကားလုံးတွေက တံခါးရဲ့ စကားဝှက်ဖြစ်နေခဲ့တာ။ တံခါးက ရုတ်ချည်းပွင့်သွားခဲ့။ ဘယ်သူမှ မတားဆီးနိုင်ခင် လျင်မြန်စောစွာ သူ ပျောက်ကွယ်သွားပြီလေ။

ဆုမြတ်မိုး said...

တချိန်ချိန်မှာတော့လူတိုင်းကြယ်ကြည့်ဖူးကြတယ်ထင်ပါရဲ့ မမယ့်ရဲ့ပုံပြင်လေးမှာမျောသွားတာပဲ
စာသားလှလှလေးတွေ၊ ခံစားချက်ပြင်းရှရှလေးတွေအတွက် ကျေးဇူးတင်ပါတယ်အမ

ဆုမြတ်

Anonymous said...

ကြယ်တွေရဲ့ အချိန်နဲ့ လူတွေရဲ့အချိန်မတူတာလဲမမေ့ပါနဲ့ ကြယ်ကြည့်သူရယ်။ ကြယ်ရဲ့အလင်းရောင်ဟာ နှစ်ပေါင်းများစွာဖြတ်သန်းပြီးမှ လူဆီရောက်တာမို့ သူချစ်နေတဲ့ကြယ်ဟာ သူမြင်ရချိန်မှာ...........

မိုင် :)