25 January 2010

တစ်ချို့အချစ်တွေက ရယ်စရာကောင်းတယ်…


သမုဒယ…
ဒီဝေါဟာရဟာ သေခါနီးလူရင်က ပွင့်ထွက်လာတဲ့ စကားမို့ ရယ်ရွင်ဖွယ်ကောင်းလွန်းရဲ့။ အသိတရားရသင့်ပြီ။တရားရိပ်ခိုကာ ငြိမ်းအေးရာ ရှာသင့်ပြီတဲ့လား။

ဟုတ်ပါတယ်။ နေဝင်ချိန်ရောက်နေပြီမို့ အရူးထမှုဟာ ရပ်သင့်ပါပြီ။ ဒါပေမယ့် နှောင်ကြိုးပိတ်နှောင်ကာ ရှေးရေးမမျှော်ကြည့်နိုင်လောက်အောင်။ ရတတ်ပွေလိုက်တာဆိုတဲ့ ကဲ့ရဲ့ကို မျက်နှာလွှဲကာ သူ့အရိပ်လေးကွယ်သွားတာနဲ့ မငြိမ်းအေးနိုင်သူပါလို့ ဆင်ခြေပေးချင်လည်း ကျွန်မရဲ့ မူလဓာတ်ကိုက ခေါင်းမာမိုက်မဲခြင်းရယ်သာ။

သေရမယ်လို့ သိသွားသူတွေမှာ တုံ့ပြန်ချက် ဘယ်နှစ်မျိုးဖြစ်တတ်ပါသလဲ။ ဘုရားရိပ်ခိုတဲ့သူနဲ့ night club တက်သူတွေအဖြစ် ပြောင်းသွားတတ်သလား။ ကျွန်မကတော့ မအူမလည်နဲ့ ကမ်းတစ်ဖက်မှာ ရပ်နေမိသူရယ်။
တရားလည်းမမှတ် ဆေးလိပ်လည်း မရှိုက်ပါဘဲ ကျောင်းတက်ကာ စာမေးပွဲတစ်ခုပြီး တစ်ခုဖြေဖို့သာ လုပ်နေမိတာ။

တစ်ဦးတည်းသော အကြောင်းသိကသာ နားမလည်ချင်ယောင်ဆောင်ကာ ဘာကြောင့်လဲလို့ မေးလာရင် “နောင်ဘဝအတွက် ပါရမီပါအောင် ” ဆိုကာ လူရယ်စရာ အဖြေရနိုင်တာ။ ဒီလို အူကြောင်ကြောင် မိန်းမမို့ သူ မချစ်ခဲ့တာလား။

တကယ်လည်း သူ့ရဲ့ သုတေသနခန်းက ပေါင်းခံရည်တွေဟာ ကျွန်မရဲ့ နှလုံးသွေးတွေများလား လို့ အမြဲတစေ တွေးထင်နေမိသူရယ်လေ။

တစ်ခါကတော့ စိတ်ရူးပေါက်လွန်းစွာ “ ကျွန်မ သေသွားရင် သတိရမှာ မဟုတ်ဘူးနော် ” လို့ သွေးတိုးစမ်း မေးခဲ့ဖူးပါရဲ့။ ကျွန်မမျှော်လင့်ထားတဲ့အတိုင်း သူက “ ခုချိန်မှာ သတိရမယ်လို့ ဖြေလည်း ညာတာပဲ ဖြစ်မှာ ” လို့ အမှန်စကားဆိုပါတယ်။ကျွန်မ ဟက်ကနဲရယ်မိရင်း မျက်နှာကို လက်ဖဝါးနဲ့ အုပ်ဖြစ်သွားပါတယ်။ ဒီလို မျက်ရည်ခိုးသုတ်လိုက်တာကို ကျွန်မအပေါ်အရေးတယူမရှိတဲ့သူ သတိထားမိမှာ မဟုတ်ပါဘူး။

ကျိန်စာပဲလို့ ထပ်မံညည်းညူရဦးမလား။ နှလုံးသားကွဲကြေအောင် ခံစားရလွန်းလည်း သူ့အပေါ် ထားတဲ့ မြတ်နိုးမှုရာခိုင်နှုန်းမှာ ပြည့်လျှံကာ ကျော်လွန်လို့ပင် နေသေးတာ။ သူ မညာတတ်တာ ။ မိန်းကလေးတွေအပေါ် မကြင်နာတတ်တာ။ ကျွန်မကို မတွယ်တာ တာ။ အားလုံးအတွက် ကြံဖန်လို့ ကျေးဇူးတင်ရပါသေးတယ်။ ကျွန်မလို သေတော့မယ့် သူကို ချစ်မိပြီး မနာကျင်စေရက်တာ ပကတိစေတနာပါ။

သံသယများတတ်တဲ့ သူကတော့ ယုံချင်မှ ယုံနိုင်လိမ့်။ လူအားလုံးအပေါ် အေးစက်တဲ့ သူ့ကို နှလုံးသားပါလာပုံမရဘူးလို့ ဝန်းကျင်က ခန်းမှန်းကြတဲ့အခါမှာ ကျွန်မက မခံချိမခံသာ ဖြစ်တတ်သေးတာလေ။ အနီးကသူတွေကို သူ မချစ်မိရုံလေးပါ။။

အထူးသဖြင့် သူ အချစ်နဲ့ မတွေ့သေးတာကြောင့်ပါ။ ခံစားချက်မဲ့တယ်လို့ သတ်မှတ်ခံရတဲ့သူဟာ မချစ်တတ်တာ မဟုတ်ဘူးလို့ အကြောင်းပြချက်မဲ့ မှတ်ယူနေဆဲ။ ဒီလိုယုံကြည်ရာအတိုင်း ပြောမိတော့ သူ မခိုးမခန့်ရယ်ကာ

“ချစ်ရတာ....ဒီတစ်ယောက်ကိုမှမဟုတ်ဘူး....၊ဒီတစ်ယောက်မှမဟုတ်လည်း တခြားတစ်ယောက်ယောက်ကို ချစ်ရမှာပဲ...၊ချစ်လို့ချစ်တာမဟုတ်ဘဲ ချစ်ရတာ...” ဆိုတဲ့ အမှန်တရားတစ်ဝက်ပါတဲ့ ရင်နာစရာ အကောင်းဆုံးစကားကို ဆိုပါတယ်။

အချစ်ဆိုတာ ဟော်မုန်းထုတ်လွှတ်ခိုက် လူတစ်ယောက်ယောက်နဲ့ ကြုံဆုံမိခြင်း လို့လက်ခံထားတဲ့ သူ့ကို ထို Oxytocin စတဲ့ ဟော်မုန်းခြောက်မျိုးမှာ နှလုံးသားရဲ့စေညွှန်ချက်နဲ့သာ လွှင့်ထုတ်တယ် လို့ တရားသေမှတ်ယူထားတဲ့ ကျွန်မ ခွန်းတုံ့ပြန်လှန် မငြင်းလိုပါ။

မျက်ရည်ခမ်းနေပြီ ဖြစ်တဲ့ ကျွန်မ သူလက်မခံတဲ့ ဖူးစာတို့၊ရှေးဘဝရေစက် တို့နဲ့လည်း အကျယ်မချဲ့ချင်တော့သလို … ကျွန်မ ရှင့်ကို သေးသေးလေး မွှားမွှားလေး တောင် မချစ်ချင်ပါဘူး ။ဒါပေမယ့်  ချစ်မိနေတာကျ ဘာသဘောလဲ ...”လို့ ရန်တွေ့နိုင်သူ လည်း မဟုတ်တာမို့…

“ချစ်တဲ့အခါ နှစ်နှစ်ခွဲခံတဲ့ ဟော်မုန်းနဲ့ပေါ့ ဟုတ်လား...” လို့သာ ရယ်မောကာ စကားထောက်ပေးမိရဲ့။ သူက ပွင့်ပွင့်လင်းလင်း ပြုံးကာ “အသေအချာပေါ့ သူ့သက်တမ်းက တစ်ယောက်အတွက် ဒီလောက်ပဲ ကြာတာလေ...”လို့ ခနိုးခနဲ့ဆိုလေတာ။

ဘယ်လောက်ဆိုးလိုက်တဲ့ လူလဲနော်။ ဒါပေမယ့် မြတ်နိုးလို့ မကုန်နိုင်အောင်ပင် စူးစူးနစ်နစ်ချစ်ခဲ့မိလေပြီ။ ချစ်မိပြီး အသဲကွဲတာဟာ မချစ်ဖူးတာထက် ပိုကောင်းတယ်ဆိုတဲ့ ဒဿနကိုသာ မုန်းနေသူမှာ သူ့အပေါ်တော့ မြူစလေးမျှပင် အကြင်နာ မယုတ်လျော့နိုင်အောင်။

ကံ၊ ကံရဲ့အကျိုးကို မယုံကြည်တဲ့ သိပံ္ပသမား စစ်စစ် သူ့ကို ချစ်ခြင်းမှအစ အရာများစွာဟာ နုယူတန်ရဲ့ အသွားအပြန်နိယာမလို မဟုတ်ဘဲ တစ်ခါတစ်လေမှာ ကံတရားကြားခံကာ ပြန်လမ်းကြာတတ်ကြောင်းကို ဘယ်လိုသက်သေပြရမလဲလို့သာ နေ့စဉ် အကြံထုတ်နေမိခဲ့ပါတယ်။

ဒါပေမယ့် ကျွန်မရဲ့ ဖြစ်တည်ချိန်တွေက တဖြည်းဖြည်းနည်းလို့ လာပြီလေ။ မတတ်သာတဲ့ အဆုံး ဒီတစ်နည်းသာ သုံးရတော့မယ် ထင်မိခဲ့တာ။

“ကျွန်မ သေသွားရင် သရဲလာခြောက်မယ် သိလား။ အဲဒီအခါကျ ယုံမယ် မဟုတ်လား ...” ဆိုတော့ ရှေးဘဝ နောက်ဘဝတွေကို လည်း လက်မခံတဲ့သူက “ လာခဲ့ ။ ဖမ်းပြီး ပြတိုက် ပို့ပစ်မယ်....”တဲ့။
ကျွန်မ နှလုံးခုန်ရပ်သွားခဲ့လေသလား။ ဖြစ်နိုင်ခြေများသားပင်။

ရင်ထဲစူးအောင့်နာကျင်ကာ “တယ်လည်း လုပ်ရက်ပါလားနော်။ သူ့အတွက် ပြိတ္တာတောင် ဖြစ်မယ့်သူ။ ခရီးဝေးက လာရမယ့်သူကို အာလာပသလာပလေးတောင် မဆို ။ ကြိုဆိုခန်းက ရက်စက်လွန်းလိုက်တာ ...” လို့ တွေးမိတိုင်း မျက်ရည်လည်ကာ စိတ်ကောက်မိလေပြီ။

သူ မချော့ပါ။ ဝမ်းသာအားရလျစ်လျူရှုနေလေရဲ့။ ကျွန်မကတော့ ထိုသို့ဝေးနေတဲ့အခိုက်မှာ ရင်ကွဲတော့မလားပင် မှတ်ထင်နေမိခဲ့တာရယ်။ ဟိုအရင်ကတော့ ကျွန်မလည်း သူ့လိုပင် နှလုံးသားမာကျောပေတေခဲ့သူပါ ။

ဒါပေမယ့်

“နှစ်သစ်မှာ တကိုယ်တော် နှုတ်ခွန်းဆက်စကားက
လောကမှာ ငါမရှိလည်း ဖြစ်တယ်တဲ့။
အညတရ သင်္ခါရနဲ့ ဖြစ်ပျက်ခြင်းသစ္စာကို
ခါးသီးလို့ သေကြောင်းကြံရတော့မလား...”

လို့ လွန်ခဲ့တဲ့ နှစ်နှစ်က ကဗျာရေးခဲ့တဲ့ ကျွန်မဟာ သူနဲ့ ဆုံပြီးနောက် မယုံနိုင်လောက်အောင် ပြောင်းလဲခဲ့ပြီ။ဗာဂျီးနီးယားဝုဖ် * တို့ ဆီလ်ဗီယာပလာသ့် ** တို့ အားကျခဲ့သူဟာ အခုနေ သေစေ လို့ တန်ခိုးရှင်တစ်ပါးက အမိန့်ချရင်တောင် ပျော်ပျော်ရွှင်ရွှင် မနာယူနိုင်တော့။

အမေတစ်ယောက်ရဲ့ “ငါမရှိလို့ မဖြစ်ဘူး။ စိတ်မချဘူး ...” ဆိုတဲ့ ဖြစ်နိုင်ခြေနည်းစကားကို ကိုယ်ချင်းစာ နားလည်ခဲ့ပြီ။ ဘယ်လိုဝဋ်ကျွေးလဲကွယ်။။ အသေမဖြောင့်အောင်ပင် တွယ်တာနေမိခဲ့ပြီ။ ရုပ်ဝါဒီသမားသူဟာ တစ်နေ့နေ့တော့ အစစ်အမှန်ချစ်တတ်လာမယ်လို့ ယုံကြည်နေဆဲ။ ဘယ်သူ့ကိုပင် သူချစ်ပါစေ ကျွန်မ ကြည်နူးမိမှာ အမှန်ပေမယ့် ကြေကွဲစရာကတော့ သူပျော်နေချိန်လေးတွေကို ကျွန်မ စောင့်မကြည့်နိုင်တော့ဘူးလေ။

ဒီလိုဝမ်းနည်းမဆုံးနိုင်အောင်ရှိနေဆဲမှာပင် နောက်ဆုံးတော့ လမ်းတွေ့လေတာ။ လူကြံရင် ဘာခံနိုင်မှာတဲ့လဲလေ။

ရယ်ချင်လည်း ရယ်နိုင်ရဲ့။ နောက်ဘဝမှာ သူ့ကို စောင့်ရှောက်နိုင်တဲ့ ကိုယ်စောင့်နတ် အဖြစ်ကို ဆုတောင်းနေတဲ့ မိန်းမတစ်ယောက်ကိုပေါ့ ။ နတ်သားလား ။ နတ်သမီးအဖြစ်လား ဘယ်လို ခွဲခြားဆုတောင်းရမှန်း မသတ်မှတ်နိုင်သေးမယ့် ကျွန်မ နတ်သမီး မဖြစ်ချင်တာ အမှန်ပါ။ ဘဝချင်း ခြားသွားပေမယ့် ကျွန်မ သဝန်တိုချင် တိုနေမိဦးမယ်။ ပြီးတော့ သူက ကျွန်မ တဖြစ်လဲ နတ်သမီးကို မနှစ်သက်နိုင်ပေဘူး။

ဒါပေမယ့် နတ်သမီးးဖြစ်မှသာ သံသရာအစဉ်အဆက် သူ့ကိုသာ ချစ်မိတယ်ဆိုတာ သက်သေပြနိုင်မယ် ထင်မိတယ်။ သူ့ကို ပြုံးကြည့်ပြီး “အချစ်ဆိုတာ နောက်ဘဝထိ ခံတယ်ဆိုတာ လက်ခံပြီလား ..” ဆိုကာ မေးလို့ ရမယ် မဟုတ်လား။ “Vasopressin ဟော်မုန်းထွက်လို့ ကျွန်မ သစ္စာရှိနေတာ မဟုတ်ဘူးနော်။ မယုံရင် စမ်းသပ်ကြည့်ပါလား...” လို့လည်း သူ့ကို စနောက်နိုင်ပေလိမ့်မယ်။

အဲဒီလို စိတ်ကူးယဉ်မိတော့လည်း သေခြင်းကို ကြည်မွေ့လာ။ နှလုံးအေးအေးနဲ့ သေဆုံးဖို့ ပြင်ဆင်နိုင်တော့တာ။ ဒါကြောင့် သူက စိတ်အေးကြည်သာဖြစ်နေတဲ့ ကျွန်မကို “ခုတလော ရာသီဥတုသာယာနေပါလား...” တဲ့ ။
ကျွန်မက “ ကျွန်မခရီးသွားရတော့မယ်လေ ဘာမှာဦးမလဲ...” လို့ ပြုံးလို့ ပြောနေရင်းမှာပင် မျက်ရည်စိမ့်ထွက်လာရာ ခေါင်းငုံ့ကာ နေရပြန်။...။





Virginia Woolf *
Sylvia Plath**


32 comments:

တေဇာ said...

သရဲတွေမှာလည်း ဟော်မုန်းရှိတာကိုး... ဆိုပြီး တွေးနေမှ....း)

Craton said...

သေ.. ဆိုတဲ့ စကားလုံးတွေချည်းပါ့လား
ဒီလိုအချစ်မျိုးက အနစ်နာခံရလွန်းတယ်လို့ပြောဖို့ တွန့်ဆုတ်နေရသလို
ဆက်လက်အားပေးမြှောက်စားထားဖို့လည်း
မသင့်တော်တဲ့အချစ်မျိုး။
ဆုတောင်းပေးနေမိတာကတော့
သေပြီးတဲ့နောက်
သူ့ကိုယ်စောင့်နတ်သမီးတကယ်ဖြစ်ပါစေလို့ပဲ။

နေ့အိပ်မက် said...

ရေးတတ်တယ်လို့ပြောချင်တော့ဘူး...

Julian said...

ဂျီးတော်လေး.....သိပ်မလွမ်းနဲ့ တစ်ခါတစ်လေ ......မတန်ဘူး လွမ်းဖို့.........

ကိုချစ်ဖေ said...

ကျနော်သာဆို ကိုယ်က သေခါနီးပဲ..သူချစ်ချစ် မချစ်ချစ် အထင်သေးသေး မသေးသေး ကိုယ့်အချစ်ကိုတော့ ချစ်ရကြောင်းတော့ ပြောပြသွားမယ်.ဒါမှ မဟုတ်..ခုလို.စာအရှည်ကြီးရေးထားခဲ့မယ်..ကိုယ်သေပြီးသူဖတ်ရတဲ့အခါ..သူ့ ဂရုမစိုက်ခဲ့မှုတွေ ရုပ်
ဆန်ဆန် အတွေးတွေ အတွက် သူကြေကွဲမှာ မဟုတ်ရင်တောင် မချစ်တတ်သူကို ချစ်ခဲ့ခြင်းများနဲ့ အနိုင်ပိုင်းခဲ့မယ်ဗျာ..
ရယ်စရာကောင်းစွာနဲ့ ..အင်း..ဒီလူက ..“တော်တော်...စိတ်ကူးယဉ်တတ်တဲ့ ကောင်မလေး.လို့” ပြောရုံလဲဖြစ်နိုင်တာပါပဲ.......ဘာတတ်နိုင်မှာလဲဗျာ..ချစ်ခြင်းမှာ...အကြိမ်ကြိမ်ကျဆုံးနိုင်တာပါပဲ...ကျဆုံးရဲဖို့ပဲ..ချစ်ခဲ့ရတာမျိုး..လား..မသိ..
အော်..အော်..ကိုချစ်ဖေတောင် အချစ်တွေ ဘာတွေ
ဝင်ပြောမိပါကော...မယ်ကိုးရဲ့...

Moe Cho Thinn said...

ငါ့ညီမ တယ်ချစ်တတ်သကိုးးးး
ဒီလိုအချစ်မျိုးနဲ့ တန်တဲ့သူ ရှားသားး

မင်းအိမ်ဖြူ said...

အင်း စာလေးလာဖတ်တယ်

ကောင်းတယ် စာတွေ မဖတ်ရတာကြာပြီ


ပျော်ရွှင်ပါစေဗျာ

မင်းအိမ်ဖြူ said...

တကယ် ၂ နှစ်ပဲ ခံတယ် ဆိုတာ တကယ်လား သိချင်တယ်

ဘယ်မှာ ၇ှိလဲ ဆိုတာလေး ပြောပြပေးပါလား ရှာဖတ်ချင်တယ်

ဟုတ်မလားလို့ တွေးနေမိတယ်

မဟုတ်ဘူးလဲ ထင်တယ် P:

mae said...

အင်း.. နည်းနည်းလောက်လျှော့ပါ

စတာ မယ်ကိုးလေး

ညရဲ့ကောင်းကင် said...

ဟာဗျာ သေမယ့် အကြောင်းတွေချည်းပါလား....

သေသွားရင်တော့ ဘယ်သူမှ သတိရတော့မှာမဟုတ်ဘူး...အစ်မရေ ...
သေသောသူကြာရင်မေ့တဲ့ ...
အသက်ရှင်စဉ်မှာတောင် လျစ်လျူရှုခံရတတ်သေးတာပဲ...

ကာရံဆူး said...

မမမယ်ကိုးရေ...ချစ်တတ်လိုက်တာ...အဲ့လောက်ထိ ချစ်တတ်ပါ့မလား ကိုယ့်ကိုကိုယ် မသေချာ...ဒါပေမဲ့ ဟိုမုန်းကြောင့် ဖြစ်ပေါ်လာတဲ့ အချစ် ဆိုတာ ခုမှ သိရတော့တယ်...

Vista said...

ဒီအမျိုးသမီးလေး အမှားကြီးမှားနေခဲ့ပြီနော်။
ဒါမျိုးလူကိုချစ်ရတာတကယ်တော့ဘယ်လောက်ကောင်းလည်း။အေးဆေး စိတ်ဖြောင့်စွာသေလို့ ရတယ်၊
ငါမရှိလည်း သူအေးဆေးပဲဆိုမှ အသေဖြောင့်မှာမဟုတ်ဘူးလား၊
ဒုက္ခ ဒုက္ခ ..
စိတ်မချဘူး ဆိုတာက ဒီလိုလူအတွက်မဟုတ်ဘူးလေဗျာ။
နောက်ဘဝမယုံကြည်သူအတွက် သက်သေပြစရာမလိုပဲ စိတ်အေးစွာ သံယောဇဉ်ဖြတ်သင့်ပါတယ်နော်။

Mogok Thar said...

လှတဲ့စာလေးးး...
ဖတ်ပြီးး တွေးသွားတယ်...

အချစ်မှာ မထိုက်တန်တာတွေ ထိုက်တန်တာတွေ ရှိ၊ မရှိတော့ မသိ....

အချစ်စစ် ဆိုရင်တော့.. သူပြန်ချစ်တာ မချစ်တာ..
သူ ဘာဖြစ်ဖြစ်.... ဆက်ချစ်နေတော့မှာ အသေချာပေါ့..

“ကျွန်မ” ဆိုတဲ့ ကောင်မလေးက သိပ်ချစ်တတ်တာ အထူးမပြောလိုတော့ပါ...

“ဆုတောင်းလေးများ.. မမှားကြဖို့ပါပဲလေ...”

ကိုယ်စောင့်နတ် ဖြစ်ချင်သူ “ကျွန်မ” တစ်ဦးတည်း မဆိုလိုပါ။

တောင်းသော ဆု.. အရာရာတိုင်းအတွက် ဆိုလိုပါသည်...။

မယ် မုန်းတဲ့

အကိုတော်

;-P

ဖိုးစိန် said...

တရားလွန် အချစ်များ

ခံစားး

ကြေသွားးး

နစ်နဲစွာ

ဧပရယ်လ်ပူး@ပူးတေ said...

မမ
ဖတ်လို့ကောင်း၏။
နဲနဲမြင့်တော့ တချို့ဟာတွေ သိပ်တော့ နားမလည်။
ဖတ်ကောင်းတာကတော့ တကယ်။

:)

ခင်တဲ့

ပူးတေ

နှင်းဟေမာ said...

အင်း ... မမကိုးရေ... ဖတ်ရင်း ဖတ်ရင်းနဲ့ တည်ငြိမ်စပြုနေတဲ့ အစအနလေးတွေတောင် အနယ်ပြန်ထချင်လာသလိုလို ဟဲ ဟဲ
နဲနဲမကဘူးရယ် ခံစားမှုက များများတူညီနေပါလားလို့တွေးမိရင်း ပြုံးနေလျှက်က မျက်ရည်စိမ့်ထွက်လာခဲ့တဲ့ ကောင်မလေးတစ်ယောက်ကို နင့်နင့်သဲသဲ စာနာလိုက်မိပြန်တယ် ....

minhtinsha said...

may koe,
i may very very disappointed your love if you are my friend or my sis,better you find a lovely pet animals is better than your love one you know ,or else you try not to love that kind of animal.

Aung Myat Kyaw said...

Hi Sis,
Now I found you.
I see your blog link from Manohari's blog's comments.
Very happy to see you stories again.
I didn't read too much within these years.
Nice to meet you again.

လသာည said...

အဲဒီကောင်မလေး သရဲလာခြောက်တာကို မြင်ချင်တာ။ ကောင်လေးကို ဘယ်လိုပုံစံ လာခြောက်မလဲဆိုတာ တစ်ယောက်တည်း အခု စဉ်းစားနေတာ :) ဘယ်လိုဖြစ်နိုင်မလဲဟင် မယ်ကိုးးး

မယ်ကိုး said...

လာရောက်ဖတ်ရှုဝေဖန်ပေးသူများကို ကျေးဇူးအထူးတင်ပါတယ် :)

ချစ်မလေးရေ လသာညရေ ...မယ် စာထဲက ကျွန်မအစား သရဲခဏဖြစ်ကြည့်လိုက်ဦးမယ်နော် :P

အောက်က လင့်ခတွေက ကိုမင်းအိမ်ဖြူနဲ့ ဟော်မုန်းအကြောင်း သိချင်သူများအတွက် နမူနာပါရှင်

http://hubpages.com/hub/Hormones-and-love

http://psychology.suite101.com/article.cfm/how_love_hormones_work

http://clipmarks.com/clipmark/DAECAD68-878E-4E9C-BBE0-8B92DDC2AE5B/

အားလုံး ကျေးဇူးအထူးတင်ပါတယ်နော် :)

ချစ်ကြည်အေး said...

ညီမ မယ်ကိုးလေး ချစ်တတ်လိုက်တာ ညီမ စာထဲက ကောင်မလေးကို ပြောပါတယ်...။

သိင်္ဂါကျော် said...

ခံစားချက် အဖွဲ့ကောင်းလေးပါ..
မချစ်တတ်သူမို့ သိပ်တော့ နားမလည်ဘူးရယ်.. :D

အယ်ကို said...

ကောင်မလေးရဲ့ချစ်တတ်တဲ့စိတ်ကို လေးစားမိပါတယ်ဗျာ။
ရှာမှရှားပါဘဲ။ ချစ်တတ်တဲ့စိတ်လေးသူပိုင်ဆိုင်နိုင်တာလဲ အားကျနေမိပါတယ်။
... ကောင်မလေးဘက်ကိုချည်းဘဲ ဆွဲပြီး ရေးထားလွန်းတယ်လို့ မြင်မိပါတယ်ဗျာ။....
အခြေအနေအရ လိမ်ညာလို့ရရဲ့သားနဲ့ကောင်လေးခမျာ
အမှန်စကားဆိုရှာတာကိုကြည့်ရင်းခံစားသွားရလို့ပါ။
ကောင်လေးနဲ့ကောင်မလေးကညီတူမျှတတဲ့စုံတွဲပါဗျာ။
ကောင်လေးအနေနဲ့လဲမျိုသိပ်ထားတာတွေ
ရှိလိမ့်မယ် ။
.... Oxytocin ဟော်မုန်းထုတ်လွှတ်ခိုက် လူတယောက်ယောက်နဲ့ကြုံဆုံမိချိန် သူ့မှာ Negative Emotion ဖြစ်နေပြီးတဲ့ အခိုက် ဖြစ်ကောင်းဖြစ်နိုင်တယ်လေ။
... Vasopressin ဟော်မုန်းထွက်လို့ သူမ သစ္စာရှိနေနိုင်ပေမယ့်.. ကောင်လေးဆီမှာရှိတဲ့
Vasotocin က Oxytocin နှင့် Vasopressin တွေပိုင်ဆိုင်လဲဘဲ သူမရဲ့
ခန္ဓာမှာ ပေါင်းစပ်လို့မရကောင်းလေတော့....
.. ကိုယ့်ဝမ်းနာ ကိုယ်သာသိ ဆိုသလိုမျိုးလဲ
ဖြစ်ကောင်းဖြစ်နိုင်ပြန်သေးတယ်လေ။
......
..
.
(ယောင်္ကျာံးလေးတယောက်မို့လို့ ယောင်္ကျာံးလေးဘက်ကဘဲ) :D
.......
..
.
ငြင်းသွားလျက် (အဲလေယောင်လို့)

လေးစားလျက်ပါခင်ဗျာ့

မိုးခါး said...

ဖတ်လို့ ကောင်းတယ်
အဲလိုတော့ ချစ်ကြည့်ချင်သား ...း))

MANORHARY said...

မယ်ရေ
မထင်ရဘူးနော်
မထင်ရဘူး
း))
ဒါပဲပြောတတ်တယ်

အိန္ဒြာ said...

မယ်ရေ......


ဘာမှမပြောချင်တော့ဘူးးးး
စာတွေက လှနေလျှက်ပါပဲ

မဂ္ဂဇင်းတော့ ရောက်လာပြီ

မယ့်ဝတ္ထုတိုလေးပါတယ်လေ

ကိုရင်နော်ခင်လေးငယ် said...

မယ်ရေ........

. . . . . . . . . . . . . . . .
. . . . . . . . . . . . . . . .
. . . . . . . . . . . . . . . .
. . . . . . . . . . . . . . . .

ချစ်လို့ချစ်တာမဟုတ်ပဲ ချစ်ရတာ... တဲ့လားကွယ်..!!

ချစ်တဲ့...

လင်းဒီပ said...

သေပြီးတဲ့နောက် ဘာတွေ ဆက်ဖြစ်နိုင်လဲလို့ ဆက် စဉ်းစားနေတယ်..ကိုယ်ရောက်ချင်တဲ့ အနေအထား တည့်တည့်ရောက်ဦးမှ မဟုတ်လား...။

ဝက်ဝံလေး said...

အယ် မမ သမီးက မန့်ပြီးပြီထင်နေတာ သမီး ဒါကိုဖတ်ပြီးပြီလေ သမီးဖတ်တုံးက ဒူမှတုံး ကွန်မန့်မပေးသေးဘူး သမီး မန့်ပြီးပြီ ထင်နေတာ စိတ်ထဲက မန့်လိုက်တယ်နဲ့ တူပါရဲ့ အော် ဒွက်ခ စိတ်နဲ့လူနဲ့လဲမကပ်ဘူး ရူးတော့မယ်နဲ့တူပါတယ် အခု မမရဲ့ ကွန်မန့်တွေ လာပြန်ဖတ်မှ သမီး မမန့်ရသေးမှန်းသိတယ် ရှပ်ပြာမလေး ကို ခွင့်လွှတ်ပါ အဟီးးးးးးးးး

မချစ်ဘူး
မချစ်ဘူး
မချစ်ဘူး
အဟီးးးးး စ တာ မမ မချစ်တာကောင်းတယ် ပူလောင်တယ် မမ သိလား အဲဒီကောင်မလေးကို ပြောပေးနော် ဟိဟိ ခစ်ခစ်

ကြည်ဖြူပိုင် said...

အချစ်ကြီးတဲ့ကျမအကြောင်းဖတ်သွားတယ်
သူငယ်ချင်းလေးရေ
အချစ်ဆိုတာချစ်ရတဲ့သူဘက်ကအင်မတန်မှ
ခံစားရတဲ့အကြောင်းကိုတော့တဖြေးဖြေးသိလာခဲ့ပြီလေ
တကယ်တော့အချစ်ခံရတာလဲအပူတစ်မျိုး
ချစ်နေရတာလဲအပူတစ်မျိုးပါပဲ။
ဘယ်လိုလဲနေကောင်းလား?
ပျော်ရွှင်ပါစေနော်

အမရာ said...

မယ်ရေ..အရမ်းကောင်းတယ်..
အမရာလဲ.အဲဒီလိုဖြစ်မယ်တူပါရဲ့....

Kay said...

မယ်ကိုး..အသေအချာ လာလည်ရင်း..ဒီစာလေးမှာ..ရပ်တန့် မှတ်ချက်ပေး နှုတ်ဆက်သွားတယ်။
လှပတဲ့ အရေးအသားလေး တွေ နဲ့.. နူးညံ့ တဲ့..စာရေးဆရာမလေး တယောက်ပဲ...

ခင်မင်တဲ့.. မကေ