05 March 2010

မကျွတ်လွတ်သူရဲ့ ညနေ

သမီးလေးခေါ်သံကြားပြီး တံခါးထ,ထဖွင့်မိတာ အခါခါ။ အခန်းရှေ့က အစ်မကြီးကို မေးကြည့်လည်းပဲ “ မကြားပါဘူး။ စိတ်ထင်တာပဲ နေမှာပါ ” ဆိုတဲ့ ဖြေနေကျစကားသာ အမြဲတစေလက်ခံနေရ။ အဲဒီအခါ ကျွန်မကရှင်း သူမက ငြင်း။ မဟုတ်ပါဘူး။ တကယ်ပဲ ။သမီးလေးမှ သမီးလေးအသံ။ ကျွန်မနားနဲ့ဆတ်ဆတ်ကြားတာ။ ဘယ်လို မှားနိုင်မှာလဲ။ သမီးလေးအသံကို အနိမ့်အမြင့် အဆွဲအငင်မှအစ ကျွန်မ နှလုံးအိမ်က တစ်စမကျန် စွဲမှတ်ထားတာ။ နောက်ဆုံးတော့ သူမက ထုံးစံအတိုင်း တရားချ။

တော်ပြီ။ နောက် ဘယ်တော့မှ မမေးတော့။ ဒါပေမယ့် သမီးလေးခေါ်သံကြားတိုင်း မနေနိုင်။မေးမိမြဲ။ ကျွန်မ တံခါးဖွင့်တာ ကြာလို့ပဲ သမီးလေးစိတ်မရှည်ဘဲ လှည့်ထွက်သွားတာလား။ မျက်စိတဆုံး လျှောက်ရှာလည်း သမီးလေးရွေ့လျားတာ မြန်လွန်းလှရာ စဉ်းငယ်လေးမျှ မမှီပြန်။ ငိုချင်ပြီ။ မျက်ရည်တဖျတ်ဖျတ်လည်ကာ အရိပ်ကလေးမြင်ရနိုးနဲ့ စင်္ကြလမ်းမှာ ဆည်းဆာကုန်ပြန်။

သမီးလေးရယ်။ ပြန်လာပါ။အမြန်လာ။တဖွဖွမြည်တမ်း။ ဘယ်အချိန်ဖြစ်ဖြစ် တံခါးစေ့ထားမယ်။စိတ်မဆိုးနဲ့တော့နော်။ဖွင့်ဝင်ခဲ့။ ကြောက်စိတ်ကို ဖောက်ထုတ်ကာ စကားရဲ ဆိုပေမယ့် သမီးလေးက စိတ်မပြေဘူး ထင်ရဲ့။ ခြေဦးပင် မလှည့်တော့။ အဲဒီအခါ ညအလယ်မှာလည်း သမီးတမ်းချင်းကို ဆက်ဆိုကာ အိပ်မက်ထဲမှာပင် ရှာဖွေနေမိ။ 

"စိတ်ငြိမ်ဆေးထိုးရတော့မယ်" အဒေါ်ဆရာဝန်က နောက်သလိုနဲ့ အတည်ပေါက်ပြောတဲ့အခါ ကျွန်မမှာ အနာပေါ် တုတ်ကျပြီလေ။ သမီး...သမီးလို့ ယောင်ယမ်းကာ အဒေါ်ကိုပဲ တိုင်တည်ပြောရတော့တာ။ "သမီး တကယ်ကြားတာပါ။ သမီးသေချာသိတယ် သမီးလေးက ဒီပတ်ဝန်းကျင်မှာပဲ ရှိသေးတယ်။" အသက်ခဏရှုလိုက်ပြီး ခြေသံတွေကိုလည်း ကြားရတယ်လို့ ခိုင်လုံအောင် ထပ်ပြောမယ်ကြံဆဲ ရင်နာစရာ အဖြစ်မှန်က သမီးလေးလမ်းလျှောက်တဲအခါ ငြိမ်ဆိတ်လွန်းလှတာ။ 

"မကျွတ်ဘူး ထင်တယ်... " တဲ့။ ရယ်စရာဟန်ဆောင်ထားတဲ့ ရက်စက်တဲ့စကားက ခံနိုင်ရည်အားကို အတင်း ဖြတ်တောက်လေပြီ။ ယေဘူယျ သုံးသပ်ချက်မှာတင် အသည်းဟာ ဖျတ်ကနဲ လွင့်စင်ပေါက်ကွဲ။ မဟုတ်ဘူး။မဟုတ်ဘူး။ ဒါဟာ ဖြစ်နိုင်ခြေမှ မရှိဘဲ။ အပူရုပ်က ရယ်ဟဟပြောနိုင်ပေမယ့် စိတ်နှလုံးကတော့ မွမွကြေ။ ဒီစကားကို မကြားချင်လွန်းလို့ ရှောင်ရှားလိုက်ရတဲ့ ဖြစ်စဉ်တွေ။ နောက်ဆုံးတော့လည်း သောကပူကို လက်ခံရပြန်တာ။ မယူချင်ပေမယ့်လည်း တငြီးငြီးထနေတဲ့ ပရိဒေ၀ကို ခိုလှုံကာ ရင်တွင်းမီးကို မဖျောက်ဖျက်နိုင်တော့။ 

သမီးလေး...သမီးလေး....။ မိုးသောက်အရုဏ်မှာ သမီးအကြောင်းနဲ့ အိပ်ရာထကာ နေ့ခင်းအလင်းမှာ ကိုယ့်ကိုကိုယ် တိုးတိုးကျိတ် ရေရွတ်ချော့မော့။ “မကြီးလေ အခုကစ လိမ္မာတော့မယ်။တကယ်ပြောတာ။ သမီးအလိုရှိတိုင်း အစာကျွေးမယ်။ ညမှာ ခေါက်တုံ့ခေါက်ပြန် တံခါးဖွင့်ပိတ်ရတာကိုလည်း မငြူစူဘူးနော် ... ဘယ်ကရောက်လာမှန်းလည်း မသိပါဘူး လို့ နောက်နောင် ဘယ်တော့မှမပြောတော့ဘူး။ အမေးရှိတိုင်း သမီးလေးလေ... လို့ နှစ်လိုအားရ ဖြေမယ်...” ဒီတစ်ခါတော့ သမီးလေးကို နာမည်မပေးခဲ့တာ မှန်နေပြန်ပါရော။ ငါ့သမီး... ငါ့သမီးလို့ ကရားရေလွှတ်ပြောကာ သမီးလေးကို သိပ်ချစ်တာပဲလို့ နားဝင်ချိုမယ့် စကားကို ခဏခဏ ဆိုမယ်။

ဒီလို တိမ်တွေတွေ စီးနင်းရင်း ပီတိတွေ ဝေလျှံကာ နာကျင်ခြင်းတွေလက်က လေးတညှို့စာ လွင့်မျောသွားပေမယ့် အမှန်ကို ပြန်ရောက်တော့ သမီးက အနားမှာမရှိ။ လူတွေပဲ ဖမ်းသွားတာလား။ အကောင်ဆိုးတွေ လိုက်လို့ ကြောက်အားလန့်အားပြေးလွှားရင်း ရေမြောင်းထဲ လိမ့်ကျ… ။ ဆက်မတွေးနိုင်တော့ဘဲ ချက်ချင်းပင် ငိုချင်လာပြန်ကာ သီချင်းတစ်ပုဒ်ကို ကျယ်ကျယ်ဆိုမိ။ 

တစ္ဆေလည်း မကြောက်နိုင်တော့။ ညဆို သမီးကို မြင်ရမလား စွဲထင်ကာ အမှောင်မှာစောင့်။ အသံတစ်စကြားရတိုင်း အရှက်ကို မငဲ့နိုင်ဘဲ အမျှကိုလည်း မကြာခဏဝေ။"ဟိုလေ..." ဆိုတဲ့ စကားကို အစထားကာ ရှာပုံတော်ကို လူတွေ့တိုင်းဆို။ မရယ်ကြတဲ့ သူအားလုံးကို ကျေးဇူးတင်ပါတယ်။ ဒါပေမယ့် အားလုံးက ဝတ်ကျေတမ်းကျေနားထောင်ကာ ကြားနေကျ စကားကိုသာ အဖန်ဖန်ဆို။ ဟင့်အင်း...လက်မခံဘူး။ သွေးကြောင်သူမို့ အဖြေစကားတွေကိုလည်း နာယူနိုင်တဲ့ ခွန်အားမရှိ။ နောက်ဆုံးတော့နာကျင်ခြင်းကို မတွန်းလှန်နိုင်သူဟာ အိပ်မက်ထဲကို ပြန်လည်ရောက်သွားပြန်။ သမီး... သမီးလေးနဲ့ ပျော်ရွှင်ဖွယ် အာရုံမှာပဲ တငြိမ့်ငြိမ့်စီးနင်း။

မကြိုဆိုထားပါဘဲ အခန်းတံခါးကို ဖွင့်ပြီး ဝင်ရောက်လာခဲ့ သမီးလေးလေ။ မြင်စခဏမှာတော့ ဘယ်လိုမှ မနှစ်သက်မိခဲ့ပါ ။ တစ်ကိုယ်လုံးမဲမှောင်နေတဲ့အပြင် မျက်ဝန်းအိမ်အဝါတောက်တောက်နဲ့မို့ ကြောက်စရာကောင်းလှတယ်ထင်ကာ အနားကပ်မှာပင် စိုးရွံ့နေခဲ့မိတယ်လေ။ တမြည်မြည်နဲ့ ပွတ်သီးပွတ်သပ်လာလုပ်တဲ့အခါ မိုးပြိုတော့မလောက် စိုးထိတ်ကာ အပြင်းအထန်ရှောင်ရှား။ ပုံဆွဲစာရွက်တွေပေါ် တရွရွဖြတ်သွားတော့ အသက်ထွက်မလောက် စိတ်တိုကာ “ဘယ်က ဘယ်လိုရောက်လာပါလိမ့်။ သွား... သွား ...” တစ်ညနေခင်းတော့ အဲဒီမန္တာန်ကိုသာ ရွတ်ဆိုနေမိခဲ့တာ ။ အခုတော့ မလိုတဲ့အချိန်မှ မကောင်းတဲ့ အကျိုးက ကိုယ်ထင်ပြ။

သမီးလေး...သမီးလေး....။တလောကလုံးမှာ ချစ်စရာအကောင်းဆုံးသမီးလေးရယ်ပါ။ ဘာပဲဖြစ်ဖြစ် အနားမှာ ရှိနေခဲ့တာ။ နှစ်ကိုယ်သား အတူပြတ်လတ်ခဲ့တဲ့ အချိန်တွေ။ ခေါက်ဆွဲခြောက်တစ်ထုပ်ကို နှစ်ယောက်အတူစား။ ပေါင်မုန့်တဖဲ့ကိုပင် တစ်ယောက်တစ်ဝက်ဝေစားခဲ့တဲ့ အခါတွေ။ သမီးလေးဝလာတော့လည်း ကျွန်မမှာ သင်္ကာမကင်းပြန်။ကိုယ်ဝန်ရှိပြီလားရယ်လို့ စူးစမ်းရင်း တစ်ဆောင်လုံးကိုလည်း စမ်းသပ်ခိုင်းရင်း ပျော်ရွှင်လွန်းရပြန်တာ။ နှစ်ဦးအတူ နွေးထွေးစောက်ရှောက်ခဲ့တဲ့ အခါများရယ်ပေါ့။

သမီးလေးနဲ့ အတူရှိခဲ့တဲ့ တမ်းတမဆုံးနိုင်နေ့ရက်များစွာ။မိုးတခြိမ်းခြိမ်းနဲ့ လျှပ်ပြက်တဲ့ညတွေမှာလည်း အနားမှာ သမီးလေးရှိနေတော့ ကြောက်ဖို့ပင်မေ့နေကာ အေးဆေးသက်သာ ရယ်မောပျော်ရွှင်ခဲ့ရတာ။ဘယ်လိုမေ့နိုင်မှာလဲ။ ပုံဆွဲနေရင် အလိုက်တသိ ဆိတ်ငြိမ်ကာ အားပြီဆိုတာနဲ့ ရင်ခွင်ထဲတိုးလို့ အနားမှာ ချွဲနွဲ့တတ်တာ။

ပျင်းရိငြင်းငွေ့ဖွယ် နွေညနေခင်းတွေမှာ အသံမြည်တဲ့ကြွက်ရုပ်ကလေးနဲ့ တကုပ်ကုပ်အလုပ်ရှုပ်လို့ မြူးရွှင်ဖွယ်ဆော့နေတတ်တာ။ နှင်းစက်ကြွေသံ တဖျောက်ဖျောက်ကြားတဲ့ နံနက်ခင်းတွေမှာ ပျင်းရိဇိမ်ဆွဲကာ ကျွန်မ အအိပ်ကြီးနေရင် ရင်ဘတ်ပေါ်တက်ကာ တညောင်ညောင်နဲ့ လာနှိုးတတ်တာ။ ချစ်စရာကောင်းလွန်းလှတဲ့ သမီးလေး။ အဖော်ဆိုတဲ့ ဝေါဟာရကို သမီးလေးနဲ့ဆုံမှပင် အပြည့်အဝသိခဲ့ရ။ 

သမီးလေး...။ သမီးလေး...။ အခုတော့ ဘယ်လိုပင် ယောင်တမ်းပေမယ့် ကံကြမ္မာကို မဆွဲဆောင်နိုင်တော့။ လုံးဝ မတရားဘူး။ဘယ်လို စီရင်ချက်မျိုးနဲ့ သမီးလေးနဲ့ ကျွန်မကို ခွဲခဲ့တာလဲ။ ရက်စက်လွန်းလှတယ်။ အားလုံးကိုပင် စွဲချက်တင်ကာ တရားခံလိုက်ရှာနေမိပြန်။ ဒီလိုနဲ့ ရင်ဘတ်ထဲက ဆူးဟာ ချိုးရင်း ဖဲ့ရင်းမှာပင် တဟုန်ထိုး ကြီးထွားလာပြန်။ သမီးလေးရေ … အမြန်ပြန်လာ ...ပြန်လာပါတော့ သမီးလေးရယ်နော်။ ဘာပဲဖြစ်ဖြစ်။ ဘယ်အချိန်မှာပဲ ဖြစ်ဖြစ်။ ဘယ်လို ပုံစံနဲ့ပဲ ဖြစ်ဖြစ်။ 

ဒီလိုနဲ့ သေလုမျောပါးစောင့်နေသူတစ်ယောက်ဟာ သွေးရူးသွေးတမ်းနဲ့ ပြတင်းကိုဖွင့်ရင်း တံခါးကိုစေ့ရင်း မျက်လုံးကြောင်တောင်နဲ့ ခပ်တောင့်တောင့် အသက်ရှုဆဲရယ်။...။


Credits: Background image copyright 2004 by Frederique Rijsdijk.

မယ့်ကိုး


20 comments:

khin oo may said...

ရေးချင်တာရေးပါ။

Craton said...

ခုမှဖတ်ဖူးသည်။ မိုးကယ်က ဒါတွေလည်း ရေးတတ်တာပဲလား။ ဒါလေး နည်းနည်းတူသွားပြီ။ ကောင်း၏။ လက်ဖျားခါသွားသည်။ သနားစရာ၊ ကြောက်စရာ။

ကိုချစ်ဖေ said...

အော်..တကယ့်သမီးလားလို့..တကယ့်သမီးမဟုတ်ပေမဲ့
ချစ်တတ်သူ သံယောစဉ်တွယ်တတ်သူတွေအတွက် တိရိစ္ဆာန်လေးတွေလဲ သားသမီး ပါပဲ..သူတို့လဲ တိရိစ္ဆာန်လေးတွေပေမဲ့ သခင်ကိုတွယ်တာတတ် အားကိုးတတ် ယုယတတ် ကာကွယ်ပေးတတ်တာလေးတွေက တခါတလေ တချို့လူတွေထက်တောင်သာပါသေးတယ်ဗျာ.....

Anonymous said...

ဟင့် ဒီက မခံစားနိုင်ပါဘူး ချိုကာမှ ဟီးးး အီးးးး

ဝက်ဝံလေး

ကိုလူထွေး said...

မဖတ်ဖူးသေးတော့လည်း အသစ်ပေါ့...

ပို့စ်အဟောင်းနဲ့ပဲဖြစ်ဖြစ် သမီးလေးရဲ့ ဘလော့ ပြန်လည်ရှင်သန်လာတာမို့ ဘယ်လိုအကြောင်းနဲ့ပဲဖြစ်ဖြစ် ကြိုဆိုလျှက်ပါ သမီးလေးရယ်...

အပြုံးပန်း said...

စာရေးသူ အနုပညာရှင် မယ်ကိုးလေး။

ကိုယ်က ပုံပြထားတာတောင် ကြောင်သမီးလေးမှန်း အဆုံးပိုင်းမှ သိတာ၊

Vista said...

ခံစားချက်ခြင်းတူလိုက်တာမမယ်
ကျနော့်ကြောင်လေး ရန်ကုန်ပြန်တုံးသေသွားတာ ပြန်လာမလား မှောင်ထည်းမှာစောင့်နေဖူးတယ်။ သရဲဖြစ်ပြီးပြန်လာမယ်ဆိုလည်း မကြောက်နိုင်ဘူး ဝမ်းသာမယ်

Anonymous said...

မယ်ကိုး စာတွေအရမ်းကြိုက်တယ်
ကိုယ်တိုင် အလွမ်းဓါတ်ခံရှိလို့ လားမသိ

ကို့ မှာလဲ သိပ်ချစ်စရာကောင်းတဲ့သားလေးတကောင်ရှိတယ်
သူနဲ့ များ အဲ့ လိုတနေ့ ခွဲရယင် ဆိုတဲ့ ခံစားချက်နဲ့ 
နင့်နေအောင် ခံစားလိုက်ရတယ်

စာကောင်းလေးတွေ ဖတ်ခွင့်ရလို့ ကျေးဇူးတင်ပါတယ်

ကာရံဆူး said...

မမမယ်ကိုးရေ... မတွေ့ တာကြာပေါ့...စာဟောင်းပေမဲ့ ဦးလူထွေးပြောသလို မဖတ်ဖူးသေးလို့ အသစ် ဖတ်သွားပါတယ်... မမမယ်ကိုး စာတွေ ဆက်ရေးပါဦး...မျှော်နေမယ်..

မောင်ဘကြိုင် said...

အခုမှဖတ်ဖူးတာပါ
ကြောက်တောက်တောက်ဖြစ်သွားတယ်ပထမ
ရေးတတ်တယ်
ရသရှိတယ်ဗျာ ဖတ်ရတာ
အဲ ကိုလူထွေးပြောသလိုပါပဲဗျာ
ပြန်လှုပ်ရှားအသက်ဝင်လာတာကို ပျော်နေတာ
ကျေနပ်တယ်း) ဝမ်းသာတယ်

Anonymous said...

မယ်ကိုးရယ်..
အစ်မလေ.. ဒီပိုစ်ကို မနေ့ညကလာပြီး ပထမဆုံး စာပုဒ်ကို စဖတ်ဖတ်ခြင်း ဆက်မဖတ်ရဲလို့ ရပ်ထားရလိုက်ရတယ်..

အစ်မက လက်ရှိမှာ သမီးလေးနဲ့ အဝေးမှာ နေရသူမို့ သတိရတိုင်း အိပ်မက်တွေက ဟိုရောက်ဒီရောက် ကောင်းလိုက်မကောင်းလိုက် ဖြစ်နေကျလေ။

ဒါကြောင့် ဒီလိုစာမျိုးကို အမှန်အတိုင်း မဖတ်ရဲဘူးရယ်..။ ဒီနေ့တော့ စိတ်တင်းပြီး ဆုံးအောင်ဖတ်သွားတယ်.. စာရေးကောင်းတဲ့ မယ်ကိုးရဲ့ပိုစ်လေးက ခါတိုင်းလိုပဲ
အသည်းခိုက်အောင် ကောင်းပါတယ်။
မယ်ကိုးရဲ့ အစ်မလေး

MANORHARY said...

မယ်ကိုးရဲ့ သမီးလေးကို လာမြင်ယောင်ကြည့်သွားပါတယ်။

အိန္ဒြာ said...

တော်သေးတယ်

လူပျောက်ကြော်ငြာတော့မလို့

ချစ်မလေး

သိင်္ဂါကျော် said...

ဖွဲ့ထားတာ ကောင်းလိုက်တာ..
အပိုတွေလည်း မဟုတ်ပါဘူး.. တစ်ချို့က အဲလိုပဲ ကြောင်လေး ခွေးလေးတွေကို သားသမီးလို အရမ်းချစ်တတ်ကြတယ်လေ..

ကိုအောင်(ပျူနိုင်ငံ) said...

ပထမတော့ တကယ့်သမီးအောင့်မေ့နေတာ၊ တိရိစ္ဆာန်တွေ
အပေါ်ထားတဲ့ မေတ္တာတရားကို လေးစားပါတယ်၊ အားပေးလျက်ပါ။

ချစ်ကြည်အေး said...

မယ်ကိုး ညီမရေ ပုံတွေ့တာတောင် ကြောင်လို့ မသိသေးဘူး၊ ကော်မန့်ဖတ်ကြည့်မှ သိတော့တယ်၊ အဲဒီလောက် အရေးကောင်းတယ်၊ ခံစားထားတာ အသက်ဝင်လွန်းလို့....:)

အမရာ said...

မယ်ရေ..တော်လိုက်တာနော်..
ဖတ်ရင်းဖတ်ရင်းနဲ့ဆုံးမှပဲသိတော့
တယ်..အော်..သမီးလေး..သမီးလေး....

မြစ်ကျိုးအင်း said...

မျက်လုံးအရောင် အဝါတောက်တောက် ဆိုမှပဲ ပုံနဲ့တွဲပြီး ရိပ်မိတော့တယ်။ အဲဒီလောက် ချစ်တတ်တာကို ဖွဲ့ထားပြတော့ ဖတ်ရတဲ့သူတောင် စိတ်မကောင်းဖြစ်မိသေး။

သံယောဇဉ်ရဲ့ ဒဏ်က တစ်ကယ်ဆိုးတယ်

Angel Shaper said...

ချစ်မရေ........ဆွံ့အသွားလောက်အောင်ကို ဖတ်လို့ကောင်းတယ်။
သနားစရာလေးနော်။ ရင်ထဲမကောင်းဘူး။ တကယ်။

Anonymous said...

I also felt like that in the past :'(