15 March 2010

“ ဖျားနေတဲ့ ညနေ”


ထုံးတမ်းစဉ်လာ မြုပ်သိမ်းထားခဲ့တဲ့ အားငယ်တတ်မှုတွေ ပွင့်ပွင့်လင်းလင်းကိုယ်ရောင်ပြလာပြီလေ။
မာကျောချင်ယောင်ဆောင်ထားတဲ့ မျက်နှာရိပ်လည်း တရှိန်ထိုး ပြိုကျလာတဲ့ ဝမ်းနည်းခြင်းတွေကို မထိန်းသိမ်းနိုင်တော့။

ရို့ ရို့ကျိုးကျိုး နဲ့ ငိုချင်းသီချင်လာတဲ့အခါ မျက်ရိုးတွေ ကိုက်လို့ ပါ မျက်လုံးတွေလည်း အောင့်လို့ ပါဆိုကာ
လွှဲချနေရင်းမှာပင် နဖူးကို ခဏခဏစမ်းကာ မျက်ရည်လည်း လည်ချင်ချင်။

နေမကောင်းဘူး ။ တကယ်ပါ။ ခေါင်းမဖော်နိုင်လောက်အောင် မူးရီဝေ။ ခြေလက်မသယ်ချင်လောက်အောင် တကိုယ်လုံးလည်း ကိုက်ခဲလို့ ပူလောင်ခြောက်သွေ့နေတဲ့ လည်ချောင်းကိုလည်း ကယောင်ကတမ်း ဖျစ်ညှစ်မိရဲ့ ။

မဖြစ်သေးပါဘူး။ရေထသောက်မှပါ။ ကုတင်ပေါ်မှ ဆင်းလိုက်ရာ တစုံတရာ တက်မနင်းမိပါဘဲ၊ ခလုတ်မတိုက်မိပါဘဲ ခြေယိုင်ကာ ပြိုလဲကျသွားခဲ့ပြန်။

အလို... ပြန်မထနိုင်တော့ဘူးထင်ရဲ့။ တဒုန်းဒုန်းမြည်နေတဲ့ နှလုံးခုန်သံလေး ငြိမ်အသက်ကို တိုးတိတ် စောင့်ကြည့်လိုက်ရာ ဖြေလျော့သက်သာသွားပေမယ့် အတွေးတွေက မငြိမ်သက်။

နာဖျားလို့ မသေနိုင်ဘူးလို့  ဘယ်သူပြောလဲ။
“ကျန်းမာရေး ဂရုစိုက်ပါ” လို့ ပူပန်စိတ်နဲ့ ယောင်ယမ်းလို့ပင် မှာကြားမခံခဲ့ရတဲ့ ဒီစကားလေးကို စောင့်စားရင်းပင် သေရတော့မှာ။
တကယ်ပါ ။ သေပါတော့မယ်။ ဝမ်းနည်းလွန်းလို့  သေဆုံးရတော့မယ်လေ...

အခန်းကျဉ်းလေးထဲမှာ တစ်ယောက်တည်း … သေသွားတဲ့အခါ သတိရမယ့်သူပင် မရှိ။
“ငါသေရင်တောင် ငိုမယ့်သူ မရှိဘူးနော်” လို့ သူငယ်ချင်းကို ညဉ်းမိတော့ သူမက “လူတောင် သေမှပဲ ဘာလုပ်ဖို့ လဲ ” တဲ့။
“ငါ ငိုပေးပါ့မယ်” လို့ပင် လိုက်လျောမဆိုလေတော့ ရင်ဆို့ ရတဲ့ သေခါနီးလူပါကွယ်။

အသေမဖြောင့်ပါလားနော်။
တယောသံကွယ်နေတာမို့ ရယ်မောသံကျယ်လောင်နဲ့သာ ခရီးဆက်ရတော့မှာ။
ဟင့်အင်း။ ခုလိုမျိုး ထွက်ခွာမသွားချင်ပါလေ။ နောက်ဆုံးတော့ သံသရာပြန်လည်ကာ အနည်ကျပြန်တဲ့ ကြေကွဲခြင်းတွေ။

“ ဒီလောက် စိတ်ပျက်စရာကောင်းတဲ့ လောကကြီးမှာ ဘာဖြစ်လို့ အသက်ရှင်နေမှာလဲ။”
ဘယ်သူယုံမလဲ။ ဒီစကားပြောခဲ့သူက ကျွန်မတဲ့လေ။

ဒီခွန်းထပ်လေး လည်ပတ်ခဲ့တဲ့ ရာသီစက်ဝန်းတွေလည်း များခဲ့ပြီ။ ဒါပေမယ့် မသေချင်သေးပါလေ။ အချိန်ဖြုန်းရခြင်းမှာ အချိုးတကျ ရှင်သန်ချင်ဆဲ။ သူတကာ ဆင်ထားတဲ့ ဇာတ်လမ်းအစုံစုံကို အမြတ်တနိုးကြားနာချင်ဆဲရယ်။
တဖျတ်ဖျတ်လွင့်နေဆဲ မနက်ဖြန်ဆိုတဲ့ ကြိုးလေးတစ်ချောင်းရဲ့ မြှုဆွယ်မှုကိုလည်း လက်ခံချင်ဆဲ။
အဘယ်တရားမှလည်း မနာနိုင်သေးပါ။

ဒါပေမယ့် ....
ရက်စက်လှတဲ့ ဒီလောကထဲ ရှင်ချင်မနေနဲ့တော့တဲ့။
အသံအိုတစ်ခုက အနားမှာ လွင့်ပျံလာတဲ့အခါ...

ဟင့်အင်း။ ဟင့်အင်း။
လို့ အဖန်ဖန်ငြင်းရင်းမှာပင်...
အားအင်နွမ်းချိလာပြန်။

အလို။
ဒီလိုနဲ့  သေရတော့မယ်ပေါ့...ဟုတ်လား။
ခဏလေး နေပါဦး ။ ဘယ်သူကို နှုတ်ဆက်ရမလဲကွယ့်။
အချိန်လေးဆွဲကာ သေငင်ဇောမှာ အမှာစကားခြွေချင်လည်း ကြားနာချင်သူ မရှိပါဘဲ ။

အမည်မဲ့ တနေရာ။
ဘယ်ကလာလို့  ဘယ်ကို သွားရမှာလဲ။
မသိပါ ။ ကျွန်မ မသိဘူး။
ခံနိုင်ရည်နုံနဲ့ကာ အသိဥာဏ်လည်း ခပ်ယဲ့ယဲ့ရယ်။ပဝေသဏီတည်းက သိုမှီးထားတဲ့ မသေချာခြင်းများနဲ့ ရင်ခုန်ခြင်းတွေ ကျောက်ချရပ်နားမိပြန်။

သေရမှာ မကြာက်ဘူးလို့  ထင်ခဲ့တာ မဟုတ်ပါလားနော်။
ကျွန်မ ကြောက်ပါတယ်။
မသွားချင်သေးပါဘူး။
ဒါပေမယ့်လေ...ဒီလိုနဲ့ သွားရတော့မှာရယ် ။............................။



 2013 June လထုတ် Mandalay Icon မဂ္ဂဇင်းမှာ ကဗျာအဖြစ်ဖော်ပြခံရတဲ့ စကားပြေဖြစ်ပါတယ်။

မယ့်ကိုး

23 comments:

Anonymous said...

မမရေ ..စိတ်ရောကိုယ်ပါအမြန်ပြန်လည်နေကောင်းပါစေ။
အစစအရာရာအဆင်ပြေပျှော်ရွှင်စွာနဲ့ စာတွေအမြန်ဆုံး
ပြန်ရေးနိုင်ပါစေလို့....


ချစ်ညီမလေး....

Vista said...

စိတ်ရော ကိုယ်ပါနေကောင်းပါစေ မမယ်ကိုးရေ။
လူချင်းမသိပေမယ့် ခင်မင်ဂရုစိုက်လျှက်ပါ။
အာဘွား.... ( ဒါကတော့ စကားအကောင်း ပြောရင်း ဖောက်တယ်ဆိုဆို .. )ဟိ။

Anonymous said...

အားတင်းထားပါ မမ ရယ်...
တယောက်တည်းမဟုတ်ပါဘူး...
အများကြီးရှိပါတယ်..
မမ ပရိတ်သတ်တွေလေ...
(LoverStar)

သိင်္ဂါကျော် said...

တစ်ယောက်တည်းဆို ဒီလိုပဲ.. နည်းနည်းလောက် နေမကောင်းချင်ရင်တောင် စိတ်အားငယ်တတ်ကြတာပဲ..
"This too will pass" တဲ့ ဒီစကားလေးကိုပဲ လက်ဆောင်ပေးလိုက်မယ်နော်..

အိန္ဒြာ said...

ငံတယ်

အနမ်း said...

ဒီလိုပါပဲ။ စိတ်ရောကိုယ်ပါနွမ်းတဲ့အခါမျိုး မှာ တစ်ခုခု/ တစ်စုံတစ်ယောက်ကို အားကိုးလိုစိတ်လေး ဖြစ်တတ်ပါ တယ်။ ကိုယ်ပန်းတာထက် စိတ်မပင်ပန်းဖို့ကြိုးစားပါ။
အဆင်ပြေပျော်ရွှင်ပါစေ။

ဝက်ဝံလေး said...

မ ရေ စာအဟောင်းလေးပေမယ့် ပြန်ဖတ်သွားတယ်နော် မမ ရေ နေကောင်းအောင်နေပါနော်

အယ်ကို said...

မယ်ကိုးရေ.. ပိုစ့်အဟောင်းဆိုပေမယ့် ဘယ်နှခေါက်ဖတ်ဖတ် မရိုးနိုင်ဘူး..
...
...
အဖျားမြန်မြန်ပျောက်ပါစေလို့ ..
ဆုတောင်းပေးပါတယ်..

...

လေးစားလျက်ပါ။

Anonymous said...

ဟုတ်ပ.. မမအိန္ဒြာ ပြောသလို ငံတယ်။
၃ ခါဆိုတော့တော်တော်လေး ငံနေပြီနော် ။
မယ်ကိုးလေး ချစ်လို့စသွားပါတယ်။
စိတ်ချမ်းသာကိုယ်ကျန်းမာပါစေ။

ချစ်တဲ့
.........

လသာည said...

မယ်ကိုးလေး
စိတ်ရောကိုယ်ပါ နေကောင်းပါစေကွယ်..
မမလသာည

Mogok Thar said...

အဟောင်းလေး ဆိုပေမဲ့ ထပ်ဖတ်သွားတယ်..

ကျန်းမာပါစေ.. (ကိုယ်.. စိတ်.. နှလုံး.... သုံးပါးစလုံးပေါ့)

မောင်ဘကြိုင် said...

အစိမရေ....
အားတင်းထားဗျ
ရှေ့ဆက်ရအုံးမယ်နော်
အခုကြုံရတာတွေက အသေးမွှားလေးတွေဗျို့
အားတင်းထားဗျ
ဘဝခရီးရှည်တယ် လမ်းကြမ်း လမ်းချောအားလုံးကို
ဖြတ်ကျော်နိုင်ပါစေဗျာ

အမရာ said...

်fighting!!!fighting!!!!

MANORHARY said...

စိတ်ရော လူပါ နေကောင်းပါစေ ..
Be strong ! We all are with U !!

နှင်းဟေမာ said...

မမကိုးရေ...
အမြန်ဆုံး နေကောင်းကျန်းမာလာစေဖို့ ဆုတောင်းပေးနေပါတယ်
ပျော်ရွှင်ချမ်းမြေ့ပါစေနော်
ချစ်ညလေး

ကိုမျိုး (အညာမြေ) said...

မင်္ဂလာပါ..

စိတ်ချမ်းသာ ကိုယ်ကျန်းမာ အစဉ်ဖြစ်ပါစေကြောင်း ဆုမွန်ကောင်း ချွေလိုက်ပါတယ်....

ခင်မင်စွာဖြင့်
ကိုမျိုး

Anonymous said...

နန်းညီသာဆိုရင်တော့ တခြားလူတွေကို ငိုချင်ငို မငိုချင်နေ.. အဲ့လူကိုတော့ ပြောချင်တယ် “မငိုနဲ့ကွယ်”လို့

seesein said...

မယ်ကိုး ဆိုတာ
မယ့်အားမယ်ကိုးမယ်ဆိုတဲ့ သဘောလား
ဖျားတာများ အားငယ်စရာလား
ပညတ်သွားရာ ဓါတ်သက်ပါစေချင်သား
ဘယ်သူ့မှ အားမကိုးဘူး
ကိုယ့်အားကိုယ်ကိုးမယ့် မယ်ကိုး
မောင်ရှိရင်တောင် အားမကိုးပေါင်တဲ့လား
(အဟတ် ချစ်ခင်လို့ကြည်စယ်ပါသည်)
လက်တွေ့ဟာ ရင်ဘတ်မှာ ဒုက္ခတွေဟာ ခဏပါ
သီချင်းဆိုပေးခဲ့တယ် သီချင်းသံကြားလို့
ရာသီဥတု အကူးအပြောင်းကြောင့်နေမှာပါ ရွှေပြည်အလိုအရ ပြောရရင်ပေါ့
အာဂန္တုဖျားနေမှာပါ မြန်မြန်သက်သာ ပျောက်ကင်းပြီး စာတွေ အများကြီးရေးနိုင်ပါစေ

ခင်မင်ရင်နှီးစွာဖြင့်
seesein

ကာရံဆူး said...

မမမယ်ကိုး..စိတ်ရော ကိုယ်ပါ ကျန်းမာပါစေ...

ကိုလူထွေး said...

သေပြီဆို email လှမ်းပို့လိုက်ပါ...

အားရအောင် ငို ပေးပါ့မယ်...

းဝ)

ကိုလူထွေး said...

နေမကောင်းနေတဲ့သူ စိတ်အားငယ်သွားမှာ စိုးရိမ်လို့ ပြန်လာရေးပါတယ်...


ဧယင်ကျူးရင် ဘယ် Key နဲ့ ကျူးရမလဲ...

းဝ)

ညရဲ့ကောင်းကင် said...

အစ်မရေကျန်းမာရေးကို ဂရုစိုက်ပါဗျို့ ...

Anonymous said...

:'(