06 April 2010

“သစ်ပင်ဖက်ချင်တဲ့အခါ”


အိုင်းရစ် နိုင်ငံရေးသမား ဂယ်ရီအဒမ်စ်* က သစ်ပင်ဖက်ခြင်းဟာ တည်ငြိမ်မှုနဲ့ ခွန်အားရဲ့ ရနံ့တွေ သူ့ကိုပေးတယ် လို့ ဂျာနယ်လစ်တစ်ယောက်ကို ဆိုခဲ့တာ ဖတ်မိကတည်းက သစ်ပင်ဖက်ဖို့ ကျွန်မ စတင်စိတ်ဝင်စားခဲ့တာ ဖြစ်ပါတယ်။

သစ်ပင်ဖက်ခြင်းဟာ စိတ်ဖိစီးမှုကို သက်သာပျောက်ကင်းစေတယ်လို့ ယုံကြည်ခြင်း ခံရသလို ကောင်းကောင်းအိပ်ပျော်အောင် ပြုလုပ်ပေးပါတယ်တဲ့။ အကောင်းမြင်စိတ်နဲ့ တည်ငြိမ်မှုဖြစ်အောင် ကူညီပေးလို့လည်း လူတွေဟာ သစ်ပင်တွေ ပိုလို့ဖက်လာကြတာတဲ့လေ။

သစ်ပင်ကြီးတွေနဲ့ လက်ပွန်းတတီး မနေခဲ့နိုင်လည်း သစ်ပင်တွေကို ချစ်ခင်သူပီပီ သစ်ပင်ဖက်ခြင်းဟာ စိတ်ကြံ့ခိုင်မှုအတွက် တွန်းအားပေးတယ်လို့ ယုံကြည်လိုက်မိပါတယ်။ စိတ်ကူးယဉ်မိသူဟာ သစ်ပင်တွေနဲ့ ကျွမ်းဝင်လို့ သဘာဝစွမ်းအင်တွေကို မျှဝေတောင်းယူချင်မိလေပြီ။

ဘာပဲဖြစ်ဖြစ် အပင်ဖက်ရမှ ဖြစ်မယ်ဆိုကာ နိသသျှည်းကို ရှာကြည့်မိတဲ့အခါ…

ပထမဆုံး အချက်က ငြိမ်ဆိတ်တဲ့ ပန်းခြံ၊ တောအုပ်၊ သစ်တောဖုံးလွှမ်းနေတဲ့ နယ်မြေကို ကိုယ့်ဘာသာကိုယ်ရှာပါ တဲ့။ ဘာဖြစ်လို့ ကိုယ့်ဘာသာကိုယ် ဆိုတဲ့ စကားလုံးကို သုံးရတာလဲ။ အဖော်သဟဲပြုပြီးတော့ ရှာလို့မရဘူးလား။ ဘာပဲဖြစ်ဖြစ် သူငယ်ချင်းတွေ ပြောလည်း ကြောင်တယ်အကြည့်ခံရဦးမှာ ဆိုတော့ ကျွန်မကလည်း ကိုယ့်ဘာသာကိုယ် ရှာပါတယ်။

ဒါပေမယ့် နောက်ဆုံးမှာ လမ်းမြေနေရာ ကျွမ်းကျင်မှုမှာ သုညအဆင့်သာရှိသူမို့ အများတကာကို မေးရတော့တာ။ တဆင့်စကားကြားတဲ့ လမ်းညွှန်ခံရတဲ့ သစ်တောတွေက ရထားတတန်၊ကားတတန် သွားရဦးမှာဆိုတော့ သက်သာလမ်းကို လိုက်ချင်သူဟာ ဒီနည်းကိုဖြင့် နောက်ဆုတ်လိုက်မိလေပြီ။ ဇာတ်သိမ်းခန်းကတော့ အိမ်ဝန်းကျင်ရှိ သစ်ပင်တွေကိုသာ မျက်စပစ် ရှုစားနေခြင်းပဲ ဖြစ်ပါတယ်။

ဒီလို ချောင်းမြောင်းပြီးကတည်းက လူဦးရေ သိပ်သည်းလွန်းတဲ့ကျွန်းမြို့လေးမှာ ဘယ်အချိန်မှ သစ်ပင်နဲ့ ကျွန်မ နှစ်ကိုယ်တည်း တွေ့ခွင့်မရှိခဲ့ပါ။ ခက်ပြီ။ ဒီတော့ ရသေ့စိတ်ဖြေ သစ်ပင်ဖက်နည်းကို ပြန်ပြန်ဖတ်နေမိ။

ဒုတိယအချက်က သူတို့တည်ရှိုတဲ့ ရုပ်လက္ခဏွာေကို သက်တောင့်သက်သာ ခံစားလာရတဲ့တိုင်အောင် သစ်ပင်တွေ ကြားမှာ လမ်းလျှောက်ပါတဲ့။ ဒါကတော့ လွယ်ကူသားလေ။ ကျွန်မက သစ်ပင်တွေကြားက လူသွားလမ်းမှာသာ လမ်းလျှောက်နေကြပင်။

တစ်ခါက မိုးဖွဲဖွဲရွာနေတဲ့ကြားက ထီးဆောင်းပြီး လမ်းလျှောက်နေတဲ့ ကျွန်မကို အမိုးရိပ်အောက်က တလမ်းတည်းသွားနေတဲ့ ကလေးတစ်ယောက်က တအံ့တသြ ကြည့်တာကြုံဖူးခဲ့သလို သူငယ်ချင်းတွေကလည်း ကြောင်ချက်လို့ ပြောတာခံရခဲ့ဖူးလည်း သစ်ပင်တွေကြားမှာ ကျွန်မ လမ်းလျှောက်ဖြစ်နေဆဲရယ်။

သုံးချက်မြောက်က ခြားနားတဲ့ သစ်ခေါက်တွေရဲ့ မျက်နှာပြင်အနုအကြမ်းကို သင့်ရဲ့ လက်ဖဝါးနဲ့ တွေ့ထိခံစားပါတဲ့။ ဒါကတော့ အနားမှာ လူဝိုင်းကာ သစ်ပင်ကို မဖက်ဖြစ်လည်း ကြုံရင် ကြုံသလို သစ်ပင်သားကို ထိတွေ့ကိုင်နေကြသာ။ လေးချက်မြောက်က အမျိုးမျိုးသော သစ်ပင်သစ်တောတွေရဲ့သင်းရနံ့ ကို နမ်းရှုပါတဲ့။ အဲဒါက နည်းနည်းခက်လေပြီ။ ကျွန်မက သစ်တောထဲ သွားနိုင်သူမဟုတ်ပါ။ နေ့စဉ် အပင်ဖက်လိုသူမို့ …အမျိုးမျိုးသောသစ်တောတွေအစား သစ်ပင်လို့ အစားထိုးမိလေပြီ။

ဆင်ခြေကလား။ အနားမှာလည်း သစ်ပင်တွေ အများကြီးရယ်လေ။ ပြီးတော့ လူတွေမှာလည်း ရနံ့အမျိုးမျိုး ရှိသလို သစ်ပင်တွေမှာလည်း ရှိချင်လား ကျွန်မ သိချင်ရဲ့။ဟိုမန်းကျည်းပင်နဲ့ ဒီမန်းကျည်းပင် ရနံ့ တူရဲ့လား ... ဆိုသလိုမျိုး သိခွင့်ရရင် သိပ်ကျေနပ်ကြည်နူးစရာကောင်းမှာရယ်။




ဒါပေမယ့် ဒီအချက်တွေ ကျင့်သုံးပြီးရင် ရိုးရိုးဖက်လို့ မရဘူးတဲ့နော်။ ခေါင်းပေါ်မှာ ပြန့်ကျဲနေတဲ့ သစ်ခက်ကိုင်းတွေကို မော့ကြည့်တုန်းမှာ သစ်ပင်တွေရဲ့ ဘဝစွမ်းအင်ကို စုပ်ယူပါတဲ့။

ဟုတ်မှာ။ အဲဒါကြောင့်ပဲ လူသူရှင်းတဲ့ သစ်တောထဲသွားခိုင်းတာ ဖြစ်လိမ့်။ နို့မို့သစ်ပင်လည်း ဖက်နေသေး၊ အပေါ်လည်း မော့ကြည့်သေးဆိုတော့ အခြေအနေမကောင်းဘူး ထင်ပြီး လာခေါ်သွားမှ ခက်ရချည့်။

ပြီးတော့ နောက်တစ်ခုအဆိုအရ စိတ်အထာနဲ့ အံဝင်မယ့် အဆင်ပြေဆုံးအပင်ကို ရှာဖွေပါတဲ့။ ဘယ်ဟာက သင့်တော်လည်း ဆိုတာ မင်းသိပါလိမ့်မယ်တဲ့။ ဘာဖြစ်လို့ ဒီအချက်က ခုမှ လာရတာလဲဆိုတာ ကျွန်မ နားမလည်ပါ။

သစ်ပင်ဖက်ဖို့ ဆိုတဲ့ ရည်ရွယ်ချက်စဝင်ကတည်းက သင့်တော်မယ့် သစ်ပင်ဆိုတာ သစ်ခေါက် မထူလွန်း၊မကြမ်းလွန်း၊သစ်ပင်က မပျိုလွန်း၊မအိုလွန်း။ သစ်ပင်မှာ ကြေးညှိတွေ လည်း ကပ်မနေရ။ သိပ်လည်းသန့်ရှင်းလွန်း မနေရ။ ရေစက်တွေလည်း စိုစွတ်မနေရ။သစ်ခေါက်တွေ ခြောက်သွေ့ လည်း မနေရ။ အဓိက ကတော့ နွယ်ကပ်ပင်တွေ ကင်းလွတ်နေတဲ့ အပင်ရယ်ပေါ့...လို့ စဉ်းစားခဲ့တာ ပြင်ပရုပ်သွင်ကို အကဲဖြတ်နေခဲ့တာပင်။

သူပြောတဲ့ စိတ်အထာက စိတ်ဝင်စားစရာကောင်းလိုက်တာ။ soul mate ဆိုတာ ဒီလိုမျိုးလည်း ဖြစ်နိုင်သားလို့ ရယ်စရာတွေးမိပြန်။

ခုနှစ်ချက်မြောက်က ဒေါင်လိုက်သစ်ပင်ဖက်ပါ တဲ့။ ကျွန်မလည်း ရေပြင်ညီမျဉ်းအလိုက် သစ်ပင်ဖက်ဖို့ တစ်ခါမှ မစဉ်းစားဖူးပါ။ ဘယ်သူများ စဉ်းစားဖူးလဲလို့ သိချင်လိုက်တာ။ သူဆက်ပြောတာက လက်တွေနဲ့ သစ်ပင်ကို ဝိုင်းပတ်ထားပြီး မျက်နှာကို မျက်နှာနဲ့လည်း မခြစ်မိအောင် သတိကြီးစွာနဲ့ ပင်စည်ကို ပါးနဲ့ နူးနူးညံ့ညံ့လေး ဖိကပ်လိုက်ပါတဲ့။

ဒါတစ်ခါတော့ သေချာလေပြီ။ သစ်ပင်ဖက်ဖို့ ကြွေးကြော်နေသူ ကျွန်မကို ဂေါက်သွားရှာသလားလို့ မယုံမရဲဖြစ်နေသူတွေမှာ ဒီလို သစ်ပင်ဖက်နေပုံသာ မြင်လိုက်ရရင် ဘယ်လို တရားဝင် တံဆိပ်ကပ်ကြလေမယ် မသိ။ ထားပါလေ။ သူ့နည်းလေး ဆက်ညွှန်းချင်သေးတာ။

သစ်ပင်ကို တင်းတင်းကျပ်ကျပ် ဖျစ်ညစ်ထားပါ ။ အသက်ပြင်းပြင်း ရှုသွင်းပါ။သစ်ပင်နဲ့ တစ်သားတည်း ဖြစ်ပါစေတဲ့။ ဒီလိုအချက်လေးတွေ ဖတ်နေရင်းမှာပင် စိတ်ချမ်းသာနေမိတာရယ်။ ရှစ်ချက်မြောက်ကတော့ မြေပေါ်မှာ ထိုင်ချကာ သစ်ပင်ခြေကို ခြေထောက်နဲ့ ထွေးပတ်လိုက်ပါ။ တချိန်တည်းမှာပဲ လက်နဲ့ပွေ့ဖက်လိုက်ပါတဲ့။

ဒီနည်းကတော့ ဘောင်းဘီရှည်နဲ့မှ ဖက်လို့ရမယ့်နည်းပေပဲ ။ကျွန်မက ဘောင်းဘီအတိုအရှည် ဝတ်လေ့ဝတ်ထ မရှိသူမို့ စိတ်ထဲမှာ ဘောင်းဘီနဲ့ သစ်ပင်ကို ကားယားခွထားမယ့်ပုံကို မြင်ယောင်တိုင်း ပြုံးမိပြန်။ ဒါပေမယ့်လည်း လုပ်ဖူးတယ်ရှိအောင် စမ်းကြည့်ဦးမှပါလေနော်။

နောက်ဆုံးကတော့ အပေါ်လေထဲမှာ သစ်ပင်ဖက်ခြင်း တဲ့။ ခေါင်းစဉ်မှာထဲက ပါပြီးသားရယ်လေ ...။ လိုအပ်ချက်ကတော့ သစ်ပင်ပေါ်တက်ဖို့ပါ။ ငယ်ငယ်တုန်းက တက်ဖူးတဲ့ သစ်ပင်ဆိုလို့ အိမ်ဝင်းခြံအနောက်က စကားဝါပန်းပင်ပဲ ရှိခဲ့တာ။ အပင်လေးကလည်း နိမ့်နိမ့်လေး။ ဒါတောင် သစ်ပင်တက်တာ မဆိုနိုင်ပါ။ ခြံစည်းရိုးကတဆင့် ခြေမြင့်မြင့်လှမ်းတာသာ။ ခုတော့ သစ်ပင် တက်တော့မယ်ကွယ့်။

ခုလို ကြီးမှပေါက်တဲ့ဝက်သက်လည်း ဘယ်သူဆီမှာမှ မတွေ့နိုင်တော့ဘူးထင်ပါရဲ့။ ဒါပေမယ့် အဖော်ကောင်းရင်တော့ မိုးထိမြင့်လု သစ်ပင်ဖျားမှာ နားချင်သေးတာ။ သူက သစ်ပင်ပေါ်နေနည်းပါ ဆက်ရေးသေးတာလေ။ သန်မာတဲ့သစ်ကိုင်းမှာထိုင် ခြေထောက်တွေကို ခွထားပါတဲ့။ ပျော်စရာတော့ အရမ်းကောင်းမှာ အမှန်နော်။ တစ်ယောက် သစ်ကိုင်းတစ်ခုစီ ထိုင်ရင်း သစ်ပင် ကိုယ်စီဖက်လို့။

နိဂုံးချူပ်ပြောတာကတော့ ရှေ့ကို ကိုင်းညွတ်ပြီး ဖက်နေစဉ်မှာ ဝမ်းဗိုက်ပါ သစ်ပင်မှာ မှီချလိုက်ပါတဲ့။ အချက်တွေလည်း ကုန်သွားပါပေါ့လား။ နေ့စဉ် ဒီအချက်တွေ ဖတ်လို့ သစ်ပင်ဖက်ဖို့ ကြိုးစားတာလည်း ကြာခဲ့ပြီ။ ဒါပေမယ့် အထမမြောက်သေးပါဘဲ။ တစ်နေ့နေ့ပေါ့ကွယ်။

သစ်ပင်များကို အမြတ်တနိုးငေးလျက်… တစ်ခုသောအခိုက်မှာတော့ သဘာဝနဲ့ တစ်သားတည်းဖြစ်ခွင့် ကြုံလာဦးမှာ ယုံကြည်လျက်…. ကျွန်မ သစ်ပင်တွေကြား လျှောက်သွားနေပါဦးမယ်။

စာကြွင်း။ တကယ်လို့ သင် သစ်ပင်ဖက်ပြီးရင်လည်း ကြည်နူးစရာအတွေ့အကြုံတွေကို ကျွန်မကို မျှဝေပါဦးနော် :))

Gerry Adams*

Ref: How To Hug a Tree by Phylameana lila Desy,
The Life of Trees by Linda Baxter

27 comments:

လင်းဒီပ said...

တခါမှ မကြားဖူးဘူး...
နည်းနည်းတောင် စိတ်ဝင်စားသွားပြီ..။
သစ်ပင်ဖက်ဖြစ်တဲ့အခါ ခံစားမှုတွေ ပြောပြပါဦးမယ် ။

ဒေါ်မယ်ကိုးလည်း သစ်ပင်ဖက်ဖြစ်တယ်ဆို နောက်ဆက်တွဲအနေနဲ့ ထပ်တင်ပါဦး :)

Zephyr said...

အဲဒီလို မာခေါက်ခေါက်ကြီးတွေ မဖက်ချင်တာ။
ခင်တာက ခင်ပါတယ်။

နမူနာသွားဖက်လိုက်တယ်ပဲထားပါတော့ TheTree Hugger of Singapore ဆိုပြီး နောက်နေ့ Strait Times မှာပါလာရင် မခက်ဘူးလား။

စတာပါ။
စာလာဖတ်သွားတယ်လို့ အသိပေတာပါ။

အပေါ်ကလင်းဒီပလည်း တစ်ခုခုဖက်ဖြစ်တဲ့အခါ ကဗျာရေးလိုက်ပါဦး လို့ ...။ (ဥပမာ- ငှက်ပျောတုံး(သစ်ပင် အပျော့စားလေး))

ဇောင်း said...

မမယ်ကိုးပြောတာ စိတ်ဝင်စားသွားပီ၊
မနက်ဖြန် အိမ်ရှေ့က ပိတောက်ပင်ကို ဖက်ကြည့်အုံးမယ် :)

ZaunG

ကိုရင်နော်ခင်လေးငယ် said...

သစ်ပင်ဖက်ခြင်းပေါ့..
စိတ်ဝင်စားစရာပဲ..
စိတ်ထားနဲ့ အံဝင်မယ့် အဆင်အပြေဆုံး သစ်ပင်ကို ရှာပါ တဲ့..

မယ် အတွေးသိပ်ကောင်း...း)

ခင်မင်လေးစားချစ်ခြင်းအားဖြင့်
ကိုရင်နော်

Anonymous said...

ဇီးပင်တို့ ဒူးရင်းပင်တို့တော့ မဖက်ခိုင်းဘူးမဟုတ်လား။
ဖက်ချင်းဖက် ကျွန်းပင်ဖက်ချင်တယ်။ အပင်မှာ ပက်ကျိလို..ပုရွတ်ဆိတ်လိုမျိုးလဲမရှိမှ..ငှက်တွေ အီးပါချမှာလည်းစိုးရသေးတယ်။ ခြေထောက်အောက်မှ.. မြွေတွင်းလဲဖြစ်မှာစိုးရ။

အဲ...အပင်ဖက်မယ့်အရေး..တွေးပူရန်ကောနော်။

မမွန်

အနှိုင်းမဲ့ said...

အဲ...ဖက်ကြည့်လိုက်အုံးမယ်..မယ်ကိုးရေ
ပြီးရင်ပြန်ပြောပြမယ်... :)

သိင်္ဂါကျော် said...

ဒီမှာတော့ သစ်ပင်တွေ ပေါသား.. ဖက်စရာ သစ်ပင် ရှာဦးမှပဲ.. :D

သိင်္ဂါကျော် said...

ဒီမှာတော့ သစ်ပင်တွေ ပေါသား.. ဖက်စရာ သစ်ပင် ရှာဦးမှပဲ.. :D

ရွှန်းလဲ့ said...

သစ်ပင်ကတော့ဖက်လေ့ ရှိပါတယ်..ငယ်တုန်းက အပင်ပေါ်တက်ရင်တွယ်တက်ရတာမို့ ... ခူယားတော့ကြောက်တယ်.... :)

Vista said...

သစ်ပင်ဖက်ရင်းဘောက်ဖတ်ကြီးပါဖက်မိအုံးမယ်

အပြုံးပန်း said...

စိတ်အထာနဲ့အံဝင်မယ့် အဆင်ပြေဆုံးအပင်ဆိုတာ ရှာစရာမလိုဘူးထင်ပါတယ်၊
သစ်ပင်ဖက်မယ်လို့တွေးပြီး သစ်ပင်ရှိတဲ့နေရာ ရောက်တဲ့အခါ အာရုံထဲမှာ သူ့အလိုလို ဖက်ရမယ့် အပင်တွေ့မှာ။

တလနွန် said...

သဘာဝနဲ့ တသားတည်းကျဖို့  သစ်ပင်တွေကို ဖက်ကြည့်တဲ့အခါ ဘာတွေ ခံစားရမလဲ.. စမ်းသပ်ကြည့်ပါအုံးမယ် မမယ်ကိုး ရေ :)

ခင်မင်ခြင်းနှင့်
တလနွန်

Anonymous said...

သစ်ပင် ဖက်တာတော့ ပာုတ်ပါရဲ့ဗျာ .. . .

သစ်ပင်ကရော ကိုယ့် ဖက်ချင်ပါ့မလား မသိဘူးနော် . ..

အယ်ကို said...

သစ်ပင်ဖက်ကြမဲ့သူတိုင်း သဘာဝနဲ့ တစ်သားတည်းဖြစ်ခွင့်ရတဲ့တချိန်ချိန် ရကြပါစေ...
......
ဒီပို့စ်ကိုဖတ်ရင်းနဲ့အများကြီးစဉ်းစားဖြစ်သွားပါတယ်။
ဆေးပညာ၊စိတ်ပညာ၊သိပ္ပံပညာ ဘယ်ရှု့ထောင့်ကဘဲ ကြည့်ကြည့် သစ်ပင်ဖက်ရာမှရရှိလာမဲ့အကျိုးဆက်က လူသားတွေအတွက် တန်ဖိုးရှိလှတဲ့ ဆေးစွမ်းကောင်းတလက်လို့ အတိအကျယုံကြည်မိတယ်။
တန်ဖိုးရှိတဲ့ဗဟုသုတတွေသိခွင့်ရလို့ ကျေးဇူးတင်ပါတယ်..မယ်ကိုး.။
...
..
လေးစားလျက်.

littlebrook said...

ကျွန်တော်ဖက်ဖူးတယ် ဒီလိုဖက်နည်းအတိအကျလမ်းညွှန်ချက်တွေနဲ့တော့ မဟုတ်ဘူး .. သဘာဝနဲ့တသားတည်းကျချင်တဲ့စိတ် ခံစားမှုနဲ့ .. ရူးတာပဲပေါ့ဗျာ ရေချိုးရင်လည်း ရေတွေနဲ့လိုက်စီးသွားသလို .. လေတိုက်ထဲရပ်မိရင် ကိုယ်ပါမျှောသွားသလို .. သစ်ပင်တွေကို သဘောအကျဆုံးက မြေကြီးက ထိုးထွက်လာတဲ့ အရင်းပိုင်း .. အမြစ်တွေပေါ်နေ တစွန်းတစ .. ရုန်းကန်တာကိုကောင်းကောင်းမြင်ရတယ် .. အင်း မယ်ကိုးရ .. ခါးလောက်မြက်ပင်လေးတွေတွေ့တဲ့အခါ လက်လေးတန်းပီး အဲ့ကြားထဲလျောက်ကြည့်လေ သူတို့ခေါင်းလေးတွေကို လက်ကထိပွတ်သွားတာ .. ပျော်ဖို့ကောင်းပါတယ် .. ထင်ချင်ရာထင် လူမှန်သမျှ အရူးကြီးပဲ .. တအားလွတ်တာနဲ့ မလွတ်တာပဲကွာတယ် ...

မယ်ကိုး said...

ကိုဇက်၊ အစ်ကိုရင်နော်၊လူကလေးအယ်ကို ... စာလာဖတ်သွားတဲ့အတွက် အထူးကျေးဇူးတင်ပါတယ်။

ကိုလင်းဒီပ၊ကိုဇောင်း၊မအနှိုင်းမဲ့၊ မသိင်္ဂါကျော် ၊ မောင်တလနွန် ...သစ်ပင်ဖက်ပြီးသွားရင် ပျော်စရာအတွေ့အကြုံလေး မျှဝေပါဦးနော်။

မမမွန်၊ မရွှန်းလဲ့ ၊ ညီမလေး vista စာလေးဖတ်ပြီး ပြုံးရယ်ရပါတယ်။ မိန်းကလေးဦးနှောက်က detail ကျတယ်ဆိုတာ လက်ခံလိုက်ပါပြီ :D

ဆရာမအပြုံးပန်းနဲ့Anonymous ပြောတာ သဘောတူပါတယ်။ အဲဒါကြောင့် soul mate လို့ ကျီစယ်သုံးခဲ့တာ တကယ်ဖြစ်မယ်ထင်ပါတယ်။

ကိုစမ်းချောင်းလေး ပြောသလို ခါးလောက်မြက်ပင်တော့ မကြုံဖူးပေမယ့် ပုဏရိပ်ပင်လေးတွေ လိုမျိုး တွေ့တဲ့အခါ လူသူရှင်းတဲ့အခါ လက်ဆန့်တန်းပြီး ကျွန်မ သွားတတ်ပါတယ်။သူတို့ကို နှုတ်ဆက်တာပါ :D .... ကိုစမ်းချောင်လေး ပြောသလိုပဲ ပျော်ဖို့ကောင်းပါတယ်။

စာလာဖတ်သူများအားလုံး ကျေးဇူးအထူးတင်ပါတယ်ရှင် =))

Anonymous said...

ချစ်ညီမလေး မယ် ..
ဒီတစ်ခါလာရင် တူတူသွားဖက်ကြမယ် သိလား
သစ်ပင်မာခေါက်ခေါက်ကြီးတွေကမှ နှစ်လိုစရာကောင်းတာ
သူတို့မသိသေးလို့နေမှာပါ .. ဒီတစ်ခါတော့ အားအောင် လုပ်ထားနော် ..တောင်ပြေးမြောက်ပြေး ခုတွေ့ ခုပျောက် လုပ်မနေနဲ့ ........
မနော်

လင်းဒီပ said...

သစ်ပင်သွားဖက်မယ့်လူတွေကို လိုက်ပြီး မသိအောင် ဓာတ်ပုံချောင်းရိုက် ဘလောဂ့်မှာ တင်ပစ်မယ် :)

နှင်းဟေမာ said...

ဘယ်သူမှ မရှိနေတဲ့နေရာမှာ သစ်ပင် ခပ်သေးသေးလောက်ပဲ သွားဖတ်ရင် ကောင်းမလားလို့လေ ... လူက ပိန်တော့းD
မမကိုး ကိုပါ တစ်ပါတည်းခေါ်သွားမှ ရမယ်း))
ဗဟုသုတလဲ ရတယ် မမရေ.. စိတ်ဝင်စားဖို့လဲကောင်းတယ် ... ။
ချစ်ညလေး နှင်း

Angel Shaper said...

စာလာဖတ်သွားပါတယ်။
သစ်ပင်ဖက်ပြီး ပြန်လည်ဝေမျှမယ့် သူတွေရဲ့အဖြေကိုပဲ
စောင့်နေတော့မယ်.....:))

လသာည said...

းD အစ်မ သစ်ပင်ဖက်ဖူးတယ် မယ်ကိုးရဲ့..။
အိမ်နားက အန်တီတို့အိမ်က ခွေးလိုက်လို့ ပြေးတုန်းက။ ကလေးဆိုတော့ မပြေးနိုင်တော့ နီးရာသစ်ပင်ဖက်ပြီး တက်ပြေးပြေးတာ။ ဖက်တုန်းကတော့ ဘာမှမသိလိုက်ဘူး။ ဖက်ပြီးမှ သတိထားမိတာက သစ်ပင်က အခေါက်တွေက နွေးထွေးသလောက် တကယ်ကြမ်းတာပဲလို့...:D

ဒီပိုစ်လေးက အရမ်းကို စိတ်ဝင်စားစရာ ကောင်းသလို ဖတ်လို့လည်း အရသာတမျိုးလေး ကောင်းတယ်။
(နည်းနည်းအလုပ်ရှုပ်နေတာနဲ့ စာဖတ်နောက်ကျသွားတယ်။ မယ်ကိုးလေး နေကောင်းတယ်ဟုတ်?)

အစ်မ

Zephyr said...

သစ်ပင်ဖက်ဖို့ သွားတဲ့လူတွေကို ဓာတ်ပုံချောင်းရိုက်မယ့်သူကို ဓာတ်ပုံထပ်ချောင်းရိုက်ပြီး Facebook မှာရောင်းစားလိုက်မယ်။

~ဏီလင်းညို~ said...

မယ်ရေ......
စိတ်ဝင်စားစရာကောင်းလိုက်တာဗျာ.......။
ကျွန်တော်လည်း.... သစ်ပင်တွေဆို သိပ်ချစ်တာဗျ.....။
ဒါပေမယ့် တစ်ခါမှ အဲ့သလိုဖက်မထားဘူးသေးဘူးရယ်...း))
ဒီမှာအလုပ်နေ ပြန်လာတိုင်း မနက်မနက်ဆို လမ်းမှာရှိတဲ့ မလေးရှားပိတောက်လို အပင်ဆိုလည်း (လူရှင်းရင်) ခဏတော့ မော့ငေးကြည့်မိတာပဲလေ....။
တစ်ခါတုန်းကဆို ကျွန်တော်က ကိုယ်တစ်ယောက်ထဲရှိနေတယ်မှတ်ပြီး ငေးချင်ရာငေးနေတုန်း.... နောက်က မှီလာတဲ့သူငယ်ချင်းက ရူးနေသလား.ဆိုတဲ့အကြည့်မျိုးနဲ့ ကြည့်တာခံရသေးသကိုး.....း))
(လင့်ခ်ယူသွားတယ်မယ်ရေ...... လာမယ်လာမယ်နဲ့ ဘယ့်နှယ်ဖြစ်နေသလဲမသိဘူးလေဗျာ....။ အရင် နားမယ်လို့ ပို့စ်တင်တုန်းကလားမသိဘူး ရောက်ဖူးတယ်ဗျ.....း))
ပျော်ရွှင်ပါစေနော့်ဗျ......။

ခင်မင်တဲ့
ဏီလင်းညို

အမရာ said...

မယ်ရေ...အရမ်းစိတ်ဝင်စားဖို့ကောင်း
တယ်နော်..မယ်ကတော်တော်ဗဟုသုတ
စုံတယ်နော်...အားကျလိုက်တာ...
သစ်ပင်ကိုတော့ဖက်ကြည့်ချင်တယ်...
ဒါပေမယ့်အဲဒီအချက်တွေနဲ့ဆို..
တော်တော်တော့ခက်မယ်...ဟားဟား

ပျော်ရွှင်ပါစေ....

ချစ်တဲ့
အမရာ

ကာရံဆူး said...

မမမယ်ကိုးရေ... ကာရံက သစ်ပင်ပေါ်တက်ဖူးတယ်... အဆောင်က ပိတောက်ပင်ကြီး ပင်လုံးကျွတ်ပွင့်တုန်းကပေါ့...သစ်ပင်ကြီးက လက်နဲ့ ဖက်လို့ မဆံ့ဘူးလေ...အဲ့ဒီဂွကြားမှာ ထိုင်နေရင် ဘယ်သူမှ မမြင်နိုင်ဘူး...သစ်ပင်ကို လက်နဲ့ ထိုးလို့ သေရာပါ ဒဏ်ရာတစ်ခုလဲ ရခဲ့ဖူးရဲ့ ..ဒါက ကာရံရဲ့ သစ်ပင်နဲ့ ပတ်သက်ဖူးတာလေးပါ...စိတ်ကူးကောင်းလေး တစ်ခုပါပဲ မမရေ...သစ်ပင်ဖက်တာကို လုပ်ကြည့်ပါဦးမယ်နော်...

littlebrook said...

ကဗျာဆရာတော့ ဥာဏ်နီဥာဏ်နက်တွေထုတ်ပြီ
ကိုလင်းဒီပက ခုပြောတဲ့ထဲက သစ်ပင်ဖက်မယ် တိုင်ပင်နေသူတွေကို ချောင်းပီး ပုံရိုက်ထားမှာ သတိထားဗျို့ ...

ကိုချစ်ဖေ said...

ဖက်ကြည့်ဦးမည်