11 April 2010

ပွေ့ဖက်ခြင်းတေး


တောင်ဝှေးလို အရာမျိုးလေးနဲ့ တတောက်တောက်လျှောက်သွားနေတဲ့ အဘွားအိုကို မြင်တိုင်း အခမဲ့ပွေ့ဖက်ပေးခြင်း (free hug) ဆိုတဲ့ ဝေါဟာရလေးဟာ ရင်ထဲမှာ ခေါက်တုံ့ခေါက်ပြန်ဖြတ်သန်းနေခဲ့။ အခမဲ့ပွေ့ဖက်ပေးခြင်းတဲ့။ ဒီစကားလုံးကို သိကျွမ်းခဲ့တာ နှစ်နှစ်ကျော်သာရှိသေးပေမယ့် သြစတေးလျလူမျိုး ဝမ်န်မင်န်း (Juan Mann) က ၂၀၀၄ ခုနှစ် ဇွန်လ ၃၀ ရက်နေ့တည်းက အခမဲ့အကြင်နာပေးနည်းကိုစတင်ခဲ့တာရယ်။



ဒါပေမယ့် အခမဲ့ပွေ့ဖက်ပေးခြင်းဆိုတာ ပျော်စရာနည်း တစ်ခုလိုသာ ကျွန်မသတ်မှတ်ခဲ့မိတာ။ ကျင်လည်ရာ ဒီကျွန်းကလေးမှာလည်း အကြင်နာမျှဝေသူတွေ ရှိကြောင်း သိပေမယ့် ထိတွေ့ခွင့် မရခဲ့တာမို့  အလှမ်းဝေးနေဆဲပေမယ့် ခုတော့ ဒီစကားလုံးလေးဟာ အဘွားအိုအရိပ်လေးနဲ့ အတူတူ ရင်ထဲမကြာခဏဝင်လာခဲ့ပြီ။ ဘဝနေဝင်ချိန်ကောင်းပုံရတဲ့ အဘွားက ဘာဖြစ်လို့ ကိုယ့်အိမ်မှာ အခန့်သားမနေတာလဲ။ အထီးကျန်လို့များလား။ အတွေးတွေပလုံစီကာ မျက်ခြေမပြတ်စောင့်ကြည့်နေမိမြဲ။ 
ဒီကျွန်းလေးမှာ အားလပ်ရက်တွေဆို အဖော်မဲ့ သက်ကြီးရွယ်အိုတွေဆီ အိမ်တိုင်ရာရောက်သွားကာ စကားနားထောင်ပေးတဲ့ စေတနာကြီးသူများ ရှိတာတော့ ကြားဖူးရဲ့။ ဒါပေမယ့် အဘွားအိုကို ပန်းခြံလေးထဲမှာ ၊ ခုံတန်းလျားမှာ ၊ ဈေးဆိုင်တန်းမှာ အချိန်တိုင်းတွေ့နေရ။ တစ်ဦးတည်း။ အဘွားနဲ့ စကားပြောချင်လည်း ဘာသာစကားကွဲတော့ နှုတ်ဆိတ်နေရသလို အနီးရောက်တော့လည်း ဘာရယ်ကြောင့်မှန်းမသိ ပြုံးပြဖို့ တွန့်ဆုတ်နေမိပြန်။ ငါ့နှလုံးသားတွေ အေးခဲမာကျောနေပြီထင်ရဲ့လို့ သုံးသပ်ချက်ချထားမိလည်း ယတိပြတ်တော့ လျစ်လျူမရှုနိုင်သေးပါပဲ။ မမြင်ပြန်ရင်လည်း အဘွားကို မျက်စိတစ်ဆုံး လိုက်ရှာနေမိမြဲ။

တုန်ချိချိနဲ့ လျောက်သွားနေတဲ့ အဘွားအိုကိုမြင်တိုင်း “ အဘွား အထီးကျန်နေလို့လား... လျှောက်မသွားနဲ့လေ ... မမောဘူးလား...”လို့ ဂရုတစိုက်ဆိုကာ ပိန်ပါးကပ်နေတဲ့ကိုယ်လေးကို ပွေ့ဖက်ကာ ခဏရပ်နားစေချင်မိပြန်။ စက္ကန့်နှစ်ဆယ်လောက်ဖက်ထားရင် ချည်နှောင်ဟော်မုန်းဆိုတဲ့ oxytocin ကို တိုးပွားစေပြီး နှလုံးရောဂါဖြစ်ပွားမှု၊သွေးခုန်နှုန်းဖိအား၊ အမျိုးသမီးတွေအတွက် စိတ်ဖိစီးမှု ဟော်မုန်းဖြစ်တဲ့ cortisol ကို လျော့ကျစေတယ်လို့ ဆိုတာမို့ ဒီလို ခဏခဏ ဖက်ပွေ့ခံရရင် အဘွားကျန်းမာပျော်ရွှင်လာမှာပဲလို့ ယုံမိလည်း ကျွန်မရဲ့စိတ်ကူးတွေ ဆွံ့နေဆဲရယ်။

ပေါင်းသင်းဆက်ဆံရေး ညံ့ဖျင်းသူ၊ ဖက်ပွေ့ခြင်းနဲ့ မရင်းနှီးတဲ့ မိသားစုက ရှင်သန်လာခဲ့သူမို့ စတင်ပြောင်းလဲချိန်ဟာ လိုအပ်သည်ထက် ကြာလွန်းခဲ့ပြီ။ဒါပေမယ့် ကံထောက်မတဲ့ တနေ့အခိုက်တော့  ဓာတ်လှေကားအနားမှာ အဘွားနဲ့ ကျွန်မ နှစ်ဦးတည်း ဆုံမိပေါ့။ မျက်နှာညှိုးညှိုးနဲ့ တရွေ့ရွေ့အနားရောက်လာတဲ့ အဘွားကို ဖေးမတွဲခေါ်လိုက်ချင်လည်း အဘွားက ကြည်ဖြူပါ့မလား။ သင်္ကာကင်းနိုင်ပါ့မလား။ မိုးရေစိုစွတ်နေတဲ့ အဘွားရဲ့ အင်္ကျင်္ီဖျားလေးကို ကြည့်ရင်းမှာပင် ဘာရယ်မဆိုနိုင်ဘဲ ဝမ်းနည်းလာကာ အဘွားရဲ့ သေးသေးသွယ်သွယ်လက်ကလေးကို ဆုပ်ကိုင်လို့ အားပေးချင်ခဲ့။ ဒါပေမယ့် ဖြစ်ချင်မှုအထွေထွေဟာ အတွေးအာရုံမှာတင် အငွေ့ပျံသွားပြန်ကာ အဘွားကို ပြုံးပြနိုင်အောင်ပဲ ကြိုးစားတော့ အဘွားက ကြောင်အစွာသာ ပြန်ကြည့်နေခဲ့... အပြုံးတစ်ခုကို ချက်ချင်းရောင်မပြန်နိုင်လောက်အောင် အေးစက်ခါးသီးခြင်းမှာ အဘွား ဘယ်လောက်ကြာကြာနစ်နေခဲ့တာလဲ။ ကျွန်မ အံ့သြကြေကွဲနေမိရဲ့။


အဘွားကို ခဏလောက် ထွေးပွေ့ထားချင်တယ် ။ ခက်တာပဲနော်။ free hug ဆိုတဲ့ ဆိုင်းဘုတ်လေးကို ကိုင်လို့ အဘွားတစ်ဦးတည်းမြင်အောင်ပြသချင်လည်း အဘွားက နားလည်မှာ မဟုတ်ဘူးရယ်။အဘွားရဲ့ ဒဏ်ရာတွေကို ဖြေလျော့ပေးနိုင်မယ့် ခဏတာ ရင်ဖွင့်စရာ၊ နားလည်စာနာပေးနိုင်မယ့် ရင်ခွင်တစ်ခု ကျွန်မ မဖြစ်နိုင်တော့ဘူးလား။ ဖက်ပွေ့နေစဉ်ခဏမှာ အဘွားက ကျွန်မဖြစ်နိုင်သလို ကျွန်မကလည်း အဘွားဖြစ်သွားမယ်။ ဒီလို အတွေးတွေယောက်ယက်ခက်နေစဉ်မှာ အံ့စရာကောင်းလောက်အောင် အဘွားက ကြည်ကြည်လင်လင် ပြန်ပြုံးခဲ့တာ။

ရင်ခွင်ထဲနွေးထွေးဆွတ်ပျံ့သွားတာ မယုံကြည်နိုင်လောက်အောင်။ရယ်မောစကားစမယ်ကြံဆဲ ဓာတ်လှေကားတံခါးပွင့်သွားကာ အဘွား ထွက်ခွာသွားခဲ့။ နှုတ်ဆက်စကား မစနိုင်သေးခင်မှာတင် တံခါးပြန်ပိတ်သွား။ အဘွားရဲ့ ယိုင်နဲ့နဲ့ ခန္ဓာလေးဝေးသွားတာကို ကြည့်ရင်း နှောင့်နှေးတွေဝေမှုတွေနဲ့ ကျွန်မ ခပ်တောင့်တောင့်ရပ်နေခဲ့ပေါ့။ အချိန်အခါကို ဖန်တီးမယူဘဲ အသင့်စောင့်စားချင်တဲ့ မိုက်မဲမှုတွေနဲ့.... ရှိပါစေတော့ ....ရင်ဘတ်ပတ်ကြားအက်မှာ နောင်တခါးခါးနဲ့သာ အသားကျနေတာလည်း ကြာခဲ့ပါပြီလေ။

ဒီလိုနဲ့ပေါ့ … နွေးထွေးတဲ့ရင်ခွင် နှစ်သိမ့်ကြင်နာတဲ့ ထွေးပွေ့မှုတွေဆီက ကျွန်မတို့ ဝေးနေကြဆဲရယ်။ …။


မယ့်ကိုး
Idea Magazine, 2011

21 comments:

အပြုံးပန်း said...

သိပ်ဖတ်လို့ကောင်းတယ်မယ်ကိုး၊
သိပ်ပေါ်လွင်တာပဲ၊ ကျွန်မရော၊ အဖွားအိုရောကို တွေ့နေရတယ်။
ဖက်လှဲတကင်းယဉ်ကျေးမူ ကိုယ့်ဆီမှာလည်း မရှိဘူး၊ လိုအပ်တယ်နော်၊
အမေက ကိုယ်ဘွဲ့ယူတော့ ပါးပြင်လေး လာနမ်းတာတောင် ကိုယ့်မှာ အနေရခက်ခဲ့တာ။
ရေးရင်းနဲ့ ပိုစ့်တစ်ပုဒ်ဖြစ်သွားတော့မယ်။ :)

Craton said...

အိုး..... အဓိပ္ပာယ်ရှိလိုက်တာ.....!

လင်းခေတ်ဒီနို said...

ကောင်းလိုက်တဲ့ ရသပေးချက်လေး

ဒဏ္ဍာရီ said...

အနှစ်သာရ ပြည့်ဝတဲ့ စာစုလေးကို ဖတ်ရတာ ကျေးဇူးပါ မမယ်ကိုးရေ...။ ဖတ်နေရင်းနဲ့ ခံစားလို့ ရလာတယ်လေ။

ခင်မင်လေးစားလျှက်
ဒဏ္ဍာရီ

ချစ်ကြည်အေး said...

ဟုတ်တယ် ညီမရေ အမတို့ဆီမှာ အဲလိုယဉ်ကျေးမူမျိုး မလေ့တော့ ပွေ့ဖက်အားပေးရမှာ ခပ်ကြောင်ကြောင် ရယ်။ အမ အဖေဆုံးတယ်ကြားတော့ သူဋ္ဌေးက စကား လာပြောရင်း သူ့ရင်ခွင်ထဲ ဆွဲပွေ့လိုက်တာ လူတောင် ကြောင်အအ ဖြစ်သွားတယ်...:)

ThuHninSee said...

စိတ်ဓါတ်ကျနေတဲ့အချိန်မှာ အားပေးတဲ့အနေနဲ့ ဖက်တာ
တကယ်ပဲ သက်သာတယ်။ တို့ကိုလဲ "တစ်ဖက်' လောက် နော် ညီမ။

လသာည said...

ကြင်နာတတ်တဲ့ မယ်ကိုးလေးရယ်.. ရေးပုံလေးက ချစ်စရာကောင်းလိုက်တာ.။
အစ်မလည်း အခုတလောပင်ပန်းလွန်းလို့ ချိနဲ့နေတယ်။ မယ်ကိုးရဲ့ free hug အရေးတကြီး လိုအပ်နေပါတယ်။ Please Pleaseး)

ကိုရင်နော် said...

မယ်ရေ...
သိပ်ကောင်းတဲ့ စာလေးပါပဲ..

Free Hug..!!
“နှစ်သိမ့်မှုကို ခံယူခြင်းထက် နှစ်သိမ့်မှုကို ပေးနိုင်ရန်...

ယုယမှုကို ခံယူခြင်းထက် ယုယမှုကို ပေးနိုင်ရန်..

ချစ်ခြင်းကို ခံယူခြင်းထက် ချစ်ခြင်းမေတ္တာကို.. ပေးအပ်နိုင်ရန်...

ကူညီတော်မူပါ....”

(ဓမ္မသီချင်း စာသားလေးပါ)

လူတိုင်း မေတ္တာတရားတွေနဲ့ နွေးထွေးစွာ ပွေ့ဖက်နိုင်ကြပါစေ..

ခင်မင်လေးစားချစ်ခြင်းအားဖြင့်..
ကိုရင်နော်

မယ်ကိုး said...

မမမွန်...မလေးလသာည ရေ မယ်တို့ group hug ကြရအောင်နော်။ မယ်အပါအဝင် အားလုံးချိနဲ့သူတွေမို့ ပွေ့ဖက်ပြီးကြရင် နှလုံးသားတွေ နွေးထွေးကြံ့ခိုင်လာကြမှာ အသေအချာနော်း)
ွGROUP HUG ;)

စာလာဖတ်တဲ့ ဆရာမအပြုံးပန်း၊ကာတွန်းရုပ်လေး၊လင်းခေတ်ဒီနို၊အစ်မ ဒဏ္ဍာရီ၊အစ်မ ချစ်ကြည်အေး၊အစ်ကို ရင်နော် အားလုံးကို အထူးကျေးဇူးပါတယ်ရှင်း))

မိုးစက်အိမ် said...

ဘယ်လိုပြောမလည်းဗျာ ဆွေးမြေ့ မြေ့ ကြီးဖြစ်သွား
ရတယ် . . . နောင်လာမဲ့အနာဂါတ်မှာတော့
နွေးထွေးတဲ့ ရင်ခွင်မှာ နှစ်သိမ့်ကြင်နာတဲ့ထွေးပွေ့ မှုတွေ
ခိုနားနိုင်ပါစေလို့ ဆုတောင်းရင်းနဲ့  . . .

Moe Cho Thinn said...

အမ ညီမလေးကို BIG HUG အကြာကြီး ပေးလိုက်တယ်.. နော်။

ကာရံဆူး said...

မမမယ်ကိုးရေ...ပို့ စ်လေးက ကောင်းလိုက်တာ...၀မ်းနည်းနေတဲ့ အချိန် အားငယ်နေတဲ့ အချိန်..အထီးကျန်နေတဲ့ အချိန်တွေမှာ...တစ်စုံတစ်ယောက်ရဲ့ ပွေ့ ဖက်ခြင်းကို ခံလိုက်ရရင်...အားကိုးရာ တံတိုင်းတစ်ခုလို မှီတွယ်လို့ မျက်ရည်တွေ ပိုးပိုးပေါက်ပေါက် ကျခဲ့ဖူးတယ်...နွေးထွေးမှုတွေ ကူးစက်ခြင်းကို ခံလိုက်ရတယ်...ကြင်နာစွာ ယုယမှုတွေနဲ့ ကမ္ဘာကြီးကို ထုံမွှန်းပါစေ...

~ဏီလင်းညို~ said...

မယ်ရေ.......
စာလေးက ဖတ်လို့ကောင်းလိုက်တာဗျာ......။
ကျေးဇူးပါပဲ... တစ်ကယ်........။
ခင်မင်တဲ့
ဏီလင်းညို

Anonymous said...

Australia မှာလည်း အဲလို Free Hugs တွေ မကြာခဏ တွေ့ရတယ်။ ဒါပေမယ့် လူတွေက သူတို့ကို ရယ်သွား ကြတာပဲ တွေ့ခဲ့ရတယ်။ ခု မယ်ပြောသလိုလေး အားလုံး နားလည်ခံစားတတ်ကြရင် ကောင်းမယ်နော် ဘယ်လိုများ ရှင်းပြရပါ့ .......
မနော်

မိုးခါး said...

ဖတ်ပြီး မြင်ယောင်သွားမိတယ် အစ်မး))
လူသားတိုင်း အထီးကျန်ခြင်းက ကင်းဝေးနိုင်ပါစေ ..း)

Zephyr said...

မယ်ကိုး ...

ပို့စ်ကလေးက ကောင်းတယ်။

ဖက်တာမဖက်တာထက် ... လူ့အသိုင်းက လူတိုင်းကို
ချစ်နေတဲ့လူတွေ၊ တန်ဖိုးထားတဲ့လူတွေဖြစ်နေရင် သိပ်ကောင်းတာပေါ့။

You Tube ကနေ ကမ္ဘာအရပ်ရပ်က Free Hugs campaign တွေပြန်ကြည့်လိုက်တယ်။ အရင်က ကိုးရီးယားကဟာတော့ကြည့်ဖူးတယ်။ လွန်ခဲ့တဲ့နှစ်နှစ်က ...။

အထူးသဖြင့် လူတွေမှာ ကိုယ့်ကို မေတ္တာနဲ့ဆက်ဆံတဲ့သူတွေ ရှိနေသေးပါလားဆိုတာ ခံစားရဖို့လိုတယ်။

Singapore မှာ Free Hugs Campaign လုပ်တဲ့အခါသာ အကြောင်းကြားလိုက်ပါ။

We all are bro and sis ...

Vista said...

ဖတ်ကောင်းထှာ

Mogok Thar said...

“နှစ်သိမ့်မှုကို ခံယူခြင်းထက် နှစ်သိမ့်မှုကို ပေးနိုင်ရန်...

ယုယမှုကို ခံယူခြင်းထက် ယုယမှုကို ပေးနိုင်ရန်..

ချစ်ခြင်းကို ခံယူခြင်းထက် ချစ်ခြင်းမေတ္တာကို.. ပေးအပ်နိုင်ရန်...

ကူညီတော်မူပါ....”
(ဓမ္မသီချင်း စာသားလေးပါ)

လူတိုင်း မေတ္တာတရားတွေနဲ့ နွေးထွေးစွာ ပွေ့ဖက်နိုင်ကြပါစေ..

ကိုရင့် စာသား ကြိုက်လွန်းလို့..
မယ့်စာ နဲ့လဲ လိုက်လွန်းလို့...
ကိုရင် နဲ့ တူတူပဲ မန့်လိုက်တယ်..။

Free Hug ကတော့ လိုချင်တဲ့သူ လာယူစေ...

မေတ္တာတွေ အပြည့်ထည့်ထားတဲ့ မိုးကုတ်သား ရင်ခွင်ကြီး ရှိတယ်.....

မယ့်ကို စနေတာနဲ့ မယ့်စာ ရသလေး ပျက်တော့မယ်...

မယ်ရေးထားတဲ့ ခုပို့စ်လေးကို သိပ်ကြိုက်တယ်။

(အကို ရေးထားဖြစ်တဲ့ စာလေးတစ်ပုဒ် လဲ ပို့ပေးလိုက်မယ်....။)

ကိုလူထွေး said...

အဲဒီအကျင့်က ရနေတာကြာပြီ...

ဗမာမလေးတွေနဲ့တွေ့မှသာ ကိုယ့်ကိုကိုယ် ပြန်ပြန်ပြီး အတောသပ်နေရတာရယ်...

းဝ)

ကိုချစ်ဖေ said...

ကောင်းတယ်ညီမရေ..ယဉ်ကျေးမှုအရပဲဖြစ်ဖြစ် ယဉ်ကျေးမှုမရှိလို့ပဲဖြစ်ဖြစ် တဦးနဲ့တယောက်တကယ်ချစ်ခြင်းနဲ့ပွေ့ဖက်ဖို့လိုတယ်ဆိုတာ ပိုနားလည်သွားပါတယ်.ကိုချစ်ဖေတခါ အလုပ်ကပြောင်းမယ်ဆိုတော့ လာလာဖက်ပြီးနုတ်ဆက်ကြတာ အံ့တွေအောရကော အော နောက်မှ ဂလိုကိုး..လို့သဘောပေါက်သွားတယ်.ရွှတ်ကနဲတောင် အာဘွားပေးသွားသေး.သူငယ်ချင်းဆိုတာလဲ ဂလိုလဲရှိသကိုးလို့ ကိုယ်တို့ဗမာယဉ်ကျေးမှုနဲ့ဆို တယ်....လို့ပြောခံရမှာ.တကယ်ပဲကြောင်လေးတွေခွေးလေးတွေတောင် ချစ်ခင်မှုနဲ့ပွတ်သတ်ပေးရင်တောင် သဘောကြလို့..လူတွေပဲနော..ပိုရှိသင့်ပါရဲ့..

Angel Shaper said...

ဟုတ်တယ်... အဲဒီ နွေးထွေးမှုကို ကျင့်ယူတတ်ရမယ်။ စစ်မှန်တဲ့ ရင်ထဲက ချစ်ခြင်းမေတ္တာနဲ့ ပေးတတ်တဲ့ နွေးထွေးမှုမျိုး.. တကယ်ကိုလိုအပ်တာ......