25 April 2010

ချို့တဲ့နရီနဲ့ တည်တဲ့ချစ်ခြင်း...

သူဟာ ကျွန်မ အသက်ထက်ဆုံးယုယချင်တဲ့ ပန်းတစ်ပင်ရယ်လေ ။ဖူးပွင့်လာသမျှ ခူးပန်ဖို့ မရည်ရွယ်ဘဲ ဘဝနဲ့ရင်းပြီး စောင့်ရှောက်နေချင်တဲ့ သစ်တစ်ပင်သာ ဖြစ်ပါတယ်။ သူ့ကို ချစ်စိတ်နဲ့ တပြိုင်နက် အိပ်မက်တွေ အရောင်လွင့်သွားတာလည်း အရေမထားနိုင်တော့။ အသစ်မွေးဖွားလာတဲ့ ကျွန်မရဲ့ တစ်ခုတည်းသောအမြင်မှာ သူ့ရှုခင်းရယ်သာ။ အသက်နဲ့ရင်းပြီး ပေးဆပ်ချင်ပေမယ့် အခမဲ့ကြည်နူးခွင့်ကိုသာ ခူးဆွတ်ချင်သူပါ။ 

အလှကြည့်ချင်နေတယ် ဆိုတာကို ငြင်းဆိုလို့ အခက်အလက်တွေနဲ့ တင့်တယ်လှပအောင် ပျိုးထောင်နေရုံသာ ကျူးရင့်ချင်မိသေးတာ။ ဒီလိုချစ်မိသူမို့ ဘယ်အရာနဲ့ နှိုင်းယှဉ်ရမှန်း မသိအောင် ကြီးမြတ်တယ်လို့ ဘဝင်မြင့်လုမတတ် ဖြစ်လာတဲ့အခါ သူ့အမေကို သတိရလာမိခဲ့။ ကျွန်မ အမေတစ်ယောက်လို သူ့ကို ချစ်ဖို့ဖြစ်နိုင်ပါ့မလား။ သူ ကောင်မလေးတစ်ယောက်ကို သဘောတကျငေးကြည့်နေတဲ့အခါ သူ့အမေလို ကြည်ကြည်ဖြူဖြူ ပြုံးကြည့်နိုင်ဖို့ဆိုတာ ရာနှုန်းပြည့်နီးပါး မသေချာဘူး။

ကျွန်မ သိပ်သဝန်တိုတတ်တယ်။ မမြင်ဝံ့လို့ မျက်ရည်ကို သိုဝှက်ရင်း မျက်နှာလွှဲတဲ့အခါ သူအနေကျုံ့နေလိမ့်မယ်။ ခက်တယ်။ ကျွန်မ ရင့်ကျက်ဖို့ ပိုလို့ကြိုးစားရဦးမယ်။ တန်ဖိုးဖြတ်တတ်သူတွေ ကျရှုံးစေမယ့် နားလည်ရန်ခက်ခဲတဲ့ အချစ်ဘာသာရပ်ကို ကျွန်မလည်း ဖြေကြည့်ဦးမယ်နော်။ ဘယ်စဉ်အခါကမှ မရဲရင့်သူကျွန်မဟာ သူ့ကို စော်ကားပုတ်ခတ် တိုက်ခိုက်လာသမျှတွေကို ကာကွယ်ပေးချင်သူ ဖြစ်ချင်တယ်။

နမော်နမဲ့ ၊ ပေါ့တီးပေါ့ဆလုပ်ဆောင်ချက်တွေကို ထိရှလွယ်တဲ့ ကျွန်မက သူ့ရဲ့ မှားယွင်းမှုမှန်သမျှကို ကျွန်မရဲ့ ချွတ်ချော်တိမ်းပါးမှုအဖြစ်သာ ပြောင်းယူချင်နေမိတယ်။ ပြင်းထန်ရက်စက်တဲ့ ဥတုရာသီမှာ လည်စင်းခံနေရင်း သူ့ကို ကာကွယ်ပေးနိုင်တဲ့ နားခိုရာလေးအဖြစ် ကျေနပ်နေချင်တယ်။ ရယ်ချင်ရယ်လိုက်ပါ။ ကျွန်မ သိပ်ရူးပါတယ်။ ကျွန်မအတွက် အချစ်ဆိုတာ ထိန်းချုပ်နိုင်စွမ်းရဲ့ မမြင်ကွယ်ရာမှာခနိုးခနဲ့ လက်ပိုက်ကြည့်နေတဲ့ ကျိန်စာတစ်ခုပါပဲ။

သူ့အရိပ်သာ ထင်နေတဲ့ ကျွန်မရဲ့ နှလုံးအိမ်ဟာ ကြောင့်ကြမှုတွေ ရောယှက်လာကာ ဒဏ်ရာတွေ ၊ ကစဥ့်ကလျားဖြစ်မှုတွေ၊ အကြမ်းဖက်မှုတွေနဲ့ ပြည့်နှက်နေတဲ့ ရက်စက်တဲ့ ဒီကမ္ဘာမြင်ကွင်းတွေကို သူ့ကို မမြင်စေချင်ဘူး။သူ ထိခိုက်နာကျင်မှာ စိုးလွန်းကာ ကလေးတစ်ယောက်လို ကာကွယ်စောင့်ရှောက် ပေးချင်တယ်။

 ဒါပေမယ့် ကျွန်မရဲ့ အလေးထားမှုတွေ၊ ဂရုစိုက်မှုတွေဟာ ခေါင်းတစ်လုံးမြင့်တဲ့ သူ့အတွက် အကျိုးမဲ့ ဖြစ်နေနိုင်တယ်။ စေတနာအပြည့်နဲ့ ကာကွယ်ပေးလိုမှုတွေဟာ စိတ်ရှုပ်စရာတွေ ဖြစ်လာနိုင်တယ်။ ဒီလိုကြောင့် “ပျော်သလို နေနော် ” လို့ ဆိုရကာ မုန်တိုင်းအကြားမှာ သွားလာနေတဲ့သူ့ကို ထီးမိုးပေးရင်း နှုတ်ဆိတ်နေရတယ်။

တစ်ခါတစ်လေတော့လည်း အချစ်ကို ရက်စက်မှုမှတ်ကျောက် တင်ကြည့်ကာ ရနံ့ချိုများ သောက်သုံးရမလားလို့ ပြတ်သားကြည့်ချင်သေးတယ်။ ဒါပေမယ့် ရက်စက်ကောက်ကျစ်တဲ့ လူတစ်ယောက်အနားမှာ အမြဲယှဉ်တွဲရပ်နိုင်တဲ့ အမေတစ်ယောက်ကို အားကျစိတ်နဲ့ ကျွန်မ ကြိုးစားကြည့်ချင်သေးတယ်။ သူမှန်ရင် လက်ခုပ်တီးလို့ သူမှားတဲ့အခါ ဘယ်သူမှ မမြင်အောင် ဖုံးကွယ်ပေးချင်သေးတယ်။

လူတစ်ယောက်ဟာ ကြာကြားမမှားနိုင်ပါဘူးလို့ မျှော်လင့်ချက်လေးထားရင်း အားလုံးက လက်ညှိုးထိုးတဲ့အခါ သူ့ဖက်မှာ ရပ်ဦးမယ်။ ဒါပေမယ့် ကျွန်မရဲ့ စောင့်ရှောက်ဖေးမမှုတွေကို သူမလိုအပ်ပါဘူး။ သူဟာ ခြောက်ပစ်ကင်း သဲလဲစင်သူသာ ဖြစ်တယ်။ သူဟာ နားခိုရာရှာနေသူမဟုတ်သလို အရိပ်ကြည့်ပြုစုဖို့ လိုအပ်တဲ့ သစ်တစ်ပင်လည်း မဟုတ်ဘူး။ ကျွန်မ ဂုဏ်ယူပါတယ်။ ဒါပေမယ့် သူ သိပ်တကိုယ်ကောင်းဆန်တာတော့ ရှောင်လွဲမရ ထိခိုက်နာကျင်စေတဲ့ အမှန်တရားနံရံ ဖြစ်နေပါတယ်။

ကျွန်မ သူ့ဆီ မပျံသန်းနိုင်တော့ဘူး။ သူ့မာနတောင်ခြေအောက်မှာ ကျွန်မ ရဲ့ချစ်ခြင်းတွေဟာ ပြာမှုန်တွေလို လွင့်စင်သွားတယ်။ သူ့အပြစ်တွေကို တစ်စွန်းတစ်စမယွင်းရအောင် ကျွန်မ ဖုံးကွယ်ပေးချင်ပေမယ့် “ သူ လူသတ်နေပါတယ် ” လို့တော့ တိုင်တည်ပါရစေ။ “မရက်စက်လွန်းဘူးလားကွယ်” ဒီလို မေးချင်ပေမယ့် ကျွန်မ တရားဝင်မဆိုနိုင်ဘူး။ ပြန်လမ်းမမျှော်တဲ့ ချစ်ခြင်းပါလို့ အနက်ဖွင့်ချင်ပေမယ့် ရင်ကွဲမသေအောင်လည်း ကြိုးစားနေရတယ်။

 သူ ကျွန်မကို အရူးလုပ်တဲ့အခါ မေတ္တာအကြောင်းကို နာနာရွတ်လို့ ခွင့်လွှတ်နိုင်ပေမယ့် ကြိုးကလေးမှာ အဖုအထစ်မဲ့အောင် သတိထားနေရတယ်။ ပင်ပန်းလွန်းလှတယ်။ သူ မာနတကြီးနဲ့ ဥပေက္ခာပြု လျစ်လျူရှူထားတဲ့အခါ သူ့အမေကတော့ ဘယ်လိုရင်ဆိုင်မယ် မသိပေမယ့် ကျွန်မကတော့ မျက်ရည်မိုးဖွဲတွေ အောက်က ရုန်းမထွက်နိုင်တော့ဘူး။ ခက်တယ်။ အမေတစ်ယောက်က သားတစ်ယောက်ကို အောက်ကျို့ခြင်းဟာ ကြည်ညိုစရာကောင်းပေမယ့် မိန်းမတစ်ယောက်ဟာ ချစ်မိသူအပေါ် အလျှော့ပေးဆက်ဆံမိတဲ့အခါ ပတ်ဝန်းကျင်က တံဆိပ်ကပ်၊ အရောင်ဆိုးမှုတွေ ရှိလာတယ်။ကျွန်မရဲ့ နံနက်ခင်းဟာ မကြည်လင်တော့ဘူး။

တစ်ခုလောက် မေးခွင့်ပြုပါ။ အချစ်နဲ့ ကြုံလာတဲ့အခါ အလယ်အလတ်လမ်းစဉ်ဆိုတာ ရှိပါသလား။ ရှေ့ကိုတိုးရင် ဂုဏ်သိက္ခာကြွေလို့ နောက်ကို ဆုတ်ရင် နှလုံးသားကြေပြုန်းတော့မယ်။ကျွန်မဘာလုပ်ရမလဲ။မာနနဲ့ ချစ်ခြင်းကြားမှာ လမ်းပျောက်နေဆဲ။ ခြွင်းချက်အနေနဲ့ ကျွန်မက သိမ်ငယ်တတ်သေးတယ်။သူ ကျွန်မကို မလိုအပ်ဘူး တွေးမိတဲ့အခါ အဝေးကိုပြေးချင်စိတ် ပေါ်လာတယ်။ နောက်ဆုံးမှာ သူလျစ်လျူရှူနေတာ သူ့ပျော်ရွှင်မှုပါပဲ။ သူပျော်သလို နေပါလေ ဆိုကာ ကျောခိုင်းမိတော့မယ်။

အဲဒီတော့ ပြဿနာရဲ့အဖြေကို မသိဘဲ သူ့ကို ပိုလို့အထီးကျန်အောင် လုပ်မိသလိုလည်း ဖြစ်သွားနိုင်တယ်။ ကျွန်မက အမှားများနိုင်တဲ့ ပုထုဇဉ်ပါ။ ကျွန်မကို သင်ကြားပါဦး သံစဉ်ချိုလေးရယ်။ အူကြောင်ကြောင်ကျွန်မကို ရှင်းရှင်းပြောပါတော့။ ကျွန်မ ဘယ်လို ရှေ့ဆက်လှမ်းရမှာလဲ။ကျွန်မရဲ့ စေတနာလုပ်ဆောင်ချက်တွေဟာ သူ့မာနကို ထိခိုက်စေနိုင်လို့ တိတ်တိက်ဆိတ်ဆိတ်နေရတယ်။ ဒါကြောင့် တွေ့ဆုံခွင့်ဆိုတဲ့ စကားလုံးဟာ အလှမ်းကွာလွန်းလှတယ်။ ဒီလိုနဲ့ ကျွန်မတို့ ဝေးကြရဦးမလား။

သေခါနီးလူလို  အသက်ရှုလို့ မရဘူး။ ဒါကြောင့် လမ်းဆုံးမရောက်ခင်မှာ တစ်ခုတော့ ပြောခဲ့ချင်ပါတယ်။ “ချစ်ခဲ့ပါတယ်” ။ မင်းကြားရဲ့လားကွယ်။ ဘာပဲဖြစ်ဖြစ် ချစ်ခဲ့ပါတယ်။သူ့ရဲ့ ကိုယ်စိတ်နှလုံး ချို့ယွင်းချက်များကို မြတ်နိုးမဆုံးပါဘူးဆိုတာ သူနားလည်နိုင်ပါမလား။ သူဟာ ကျွန်မ လေးစားကိုးကွယ်တဲ့ ဘာသာတရားဖြစ်သလို နားလည်စာနာကာ မှတ်သားလေ့လာချင်တဲ့ ဘာသာရပ်တစ်ခုလည်း ဖြစ်တယ်။ ဒါပေမယ့် ဒီဖွင့်အံချက်အားလုံးဟာ သူ့အတွက် အပျင်းပြေပင် မဖြစ်နိုင်ပါဘူး။ 

သူတောင့်တနေတာ သူ့ရဲ့ ကစားဝိုင်းထဲက အသွင်မြူးတဲ့ နတ်သမီးလေးတစ်ပါးသာ ဖြစ်ပါတယ်။… ။


artist: Jeff Thomas (aka Azuzephre)

မယ့်ကိုး

21 comments:

ညလင်းအိမ် said...

ဖတ်လို့ကောင်းတယ် အစ်မ...
ပုံလေးကိုကြည့်ပြီး ပြုံးသွားတယ် ...
အဓိပ္ပါယ်ဖော်ထားတာ မိုက်တယ် ...

littlebrook said...

အင်း ကျွန်တော် မယ်ကိုးရေးထားတဲ့စာထဲက မိန်းကလေးနေရာမှာ အရင်ကနေခဲ့ဖူးတယ် မှန်ပါ့ဗျာ
နာကျင်တိုင်း မေတ္တာဆိုတဲ့ ဂါထာကို တဖွဖွရွတ်ရင်း
အောင့်ခံခဲ့ရတာ ..
တကြိမ်ပြန်ခံစားရတယ်ဗျိုး ..

ဒဏ္ဍာရီ said...

စာရေးကောင်းသလို ဖတ်လို့လည်း အရမ်းကောင်းတယ် မမယ်ကိုး။
ရှေ့ကိုတိုးရင်း ဂုဏ်သိက္ခာကြွေလို့ နောက်ကို ဆုတ်ရင် နှလုံးသားကြေပြုန်း တော့မယ် တဲ့
အရမ်းကောင်းတဲ့ အတွေးလေးနဲ့ အရေးအသားပါ မယ်ကိုးရေ... တကယ်နှစ်သက်မိပါတယ်။

ခင်မင်လေးစားလျှက်

လသာည said...

မယ်ကိုးရေ..

“အချစ်နဲ့ကြုံလာတဲ့အခါ အလယ်အလတ်လမ်းစဉ် ရှိပါသလား” တဲ့.. ။ တခါမှ အဲဒီအတွေးကို မတွေးမိခဲ့ဖူးဘူး..။

ဘာလို့များ အဲလိုမျိုး ဟက်ထိအောင် စာတွေ ရေးတတ်တာလဲလို့..။ အရမ်းတော်တာပဲ။

Anonymous said...

သူ လူသတ်နေပါတယ်ဆိုတာလေး ဖတ်ပြီးမပြုံးပဲ
မနေနိုင်အောင်ပြုံးဖြစ်သွားတယ်။ ကျွန်မ မင်းကို ချစ်တယ်ဆိုတာလဲ သူကြားနိုင်ပါစေလို့ ဆုတောင်းပေးသွားပါတယ်။ ကျွန်မ ကိုလဲ နည်းနည်းလျှော့ချစ်ခိုင်းပါအုန်း။အရမ်းချစ်တတ်လွန်းတယ်။
မယ်ကိုး၇ဲ့ဇာတ်ကောင်ပိုင်နိုင်မှု့ကြောင့်ကျွန်မက
အမြဲအသက်ဝင်လျှက်ပဲ.....
အရေးအသားများကိုလေးစားလျှက်....

လင်းဒီပ said...

အို...မယ်ကိုးရယ်....

အဲဒိ လူသတ်နေတဲ့လူကို ရဲတိုင်လိုက်ပါလားကွယ်..။
(ဦးရဲကြီး)

မန်းကိုကို said...

အဲ .. လမ်းမှားပြီးရောက်လာလို့ နှုတ်ခွန်းဆက်သပါတယ်ပဲ ပြောလိုက်ပါရစေ။

★Craton said...

ဖြစ်ရလေ.... လို့ပြောမိရင် ကိုယ့်ကိုယ်ကိုယ် မလုံမလဲမို့ မပြောတော့ပါ။
ကိုယ်တိုင်က အဲ့သလိုလုပ်မိနေသလားဆိုတာ သံသယရှိနေလို့။
အင်း... ဒေါ်မိုးကယ်.. သတိထားချစ်ပါလေ။ :P

ကိုရင်နော်ခင်လေးငယ် said...

မယ်.....

ရေးဖွဲ့သမျှ ကောင်းလွန်းနေတတ်သူမို့
အရမ်းကောင်းတာပဲ လို့......
ထွေထွေထူးထူး မပြောတော့ပါဘူးလေ...

အချစ်မှာ အလယ်အလတ်လမ်းစဉ် မရှိဘူး ဆိုတာ... လက်ခံမိသူချင်းမို့
ဖတ်ရင်း နာကျဉ်သလို အထိနာနေမိသလို ဖြစ်ခဲ့တယ် မယ်.... ရယ်..။

တကယ်ပါ မယ်... အများကြီး ထပ်ဖတ်ချင်နေသေးတယ်...

ချစ်တဲ့.....

ကာ said...

အစ်မ မယ်ကိုးရေ..အရင်အတိုင်း စာလေးတွေ လှနေပါတယ်...အချစ်ကို နူးနူးညံ့ညံ့ ချစ်တတ်သူအတွက် အချိန်တန်ရင် သူ့ အချစ်တွေလဲ ရောက်လာပါလိမ့်မယ်...ဆက်ချစ်နိုင်ပါစေ..

ကာရံဆူး said...

အစ်မမယ်ကိုးရေ...အချစ်ကို နူးညံ့စွာ ခံစားပြီး ချစ်တတ်သူအတွက် သူမြင်နိုင် ကြားနိုင်ပါလိမ့်မယ်...ယုံကြည်မှုရှိရှိ ဆက်ချစ်နိုင်ပါစေ..

Anonymous said...

Hi Sis,

I like your post so much.
Thanks.

noblemoe said...

တစ်ခုခုဆို အလယ်အလတ်ပဲလို့ အမြဲပြောနေကျမို့ 
“အချစ်နဲ့ကြုံလာတဲ့အခါ အလယ်အလတ်လမ်းစဉ် ရှိပါသလား” တဲ့.. ။စကားလေးဖတ်ပြီး ဘာပြောရမှန်းမသိဖြစ်သွားပါတယ်။ရေးသားချက်တွေက ကောင်းလွန်းလို့  ပါ။
သာယာချမ်းမြေ့ပါစေနော်
မိုး

Vista said...

ဖတ်လို့ ကောင်းလိုက်တာကတော့ မပြောတော့ပါဘူး
ဘယ်အရာမဆိုအလယ်အလတ်လမ်းစဉ်ရှိပါတယ်
အချစ်လည်းတူတူပဲ ၊ အဲဒီလမ်းစဉ်က
ိုကျင့်ဖို့ ကိုယ့်ကိုယ်ကိုလေးနည်းနည်းမျှပြီး
ချစ်တတ်ဖို့ တော့လိုမယ်။

Zephyr said...

မယ်ကိုး ...

You are my religion ပါနားထောင်လိုက်ပါ။
In the name, of the father and the son .. you are my religion ....(Fire House) ....။

သရုပ်မှန်တွေရေးစမ်းပါ။
အဲဒီလို မုန်းစရာဇာတ်ကောင်ဆို ...အေ့ဒ်ရောဂါ ..ကင်ဆာ ... လက်ပရိုစီဖြစ်ပြီး သေခါနီးမှာသင်္ကြန်သွားဆော့ ဗုံးပေါက်ပြီးသေပေးလိုက် ...။

ကောင်မလေးကိုတော့ ၀ိပဿနာပွားများပြီး ဥာဏ်စဉ် အဆင့်ဆင့်မြင့်တက်ပြီး ... အေးချမ်းသွားလေသတည်း ...။ ...


:) Just kidding ..
I like this post.

With Peace,
Z

မင်းအိမ်ဖြူ said...

စာအုပ်တွေဘေးချပြီး ခဏရောက်ခဲ့ပါတယ်
ကြိုက်၏ .....
“ ကျွန်မ မင်းကို ချစ်တယ် ” ဆိုတာလေး တော့ ကူးသွားတယ် သုံးချင်တဲ့ ကာရန်တူရင် သုံးရအောင်
နောက်တာပါ ညီမရေ

အဆင်ပြေပါစေ

အစ်ကို
မင်းအိမ်

နှင်းဟေမာ said...

မမကိုးရေ...
အရမ်းဖတ်လို့ကောင်းတယ်
လေးလေးနက်နက်လဲ ခံစားလို့ရတယ်
စာတွေအများကြီး ဆက်လက်ရေးသားနိုင်ပါစေ...

ချစ်ညလေးနှင်းဟေမာ

သိင်္ဂါကျော် said...

Zephyr ပြောတာလည်း သဘောကျသွားတယ်..

ဒါပေမယ့် ထုံးစံအတိုင်း မယ်ကိုး ရဲ့ စိတ်ကူးကောင်း အဖွဲ့ကောင်းလေးတွေကိုလည်း ကြိုက်တာပဲ..

Anonymous said...

ဘွားဘွား... စာရေးသိပ်ကောင်းတာဘဲ...

Anonymous said...

Deeply grateful .

ကြည်ဖြူပိုင် said...

ဒီပို့စ်လေးကိုကြိုက်လိုက်တာ………