28 May 2010

“ထောင့်ချိုးတစ်ခုရဲ့ ဖြောင့်မျဉ်း"


မသိလို့ မေးပါရစေ။ တစ်ကယ်ပဲ နောက်ကြောင်းဆိုတဲ့အရာမျိုးဟာ ကြာလာတာနဲ့အမျှ မှိန်ဖျော့ကာ လွင့်ပျောက်သွားတတ်ပါသလား။

တစ်ခါတစ်လေ ပင်လယ်လေကို ရှုရိုက်ရင်း၊ တစ်ခါတစ်ရံ ပင်လယ်ရေကို ငေးကြည့်ရင်း ဟိုးအဝေးကအရိပ်တွေအကြောင်းကို သူအကြိမ်ကြိမ် ပြန်စဉ်းစားမိတဲ့အခါတိုင်း သူ့ဦးခေါင်းမှာ ဗလာသက်သက်သာ ဖြစ်နေခဲ့တယ်။ တစ်ကယ်တော့ ထိုဗလာသက်သက်တွေကိုချည်းပဲ ဖက်တွယ်ရှင်သန်ရင်း အဓိပ္ပာယ်မဲ့သောဘဝတစ်ခုမှာ သူ့အတိတ်ကို သူမေ့နေခဲ့တာ ကြာခဲ့ပြီပဲလေ။

“ဒီနေ့ကပ်မယ့် ကမ်းက ခင်ဗျားရဲ့မြို့ပဲဗျာ့။ နေခဲ့ချင်သပါ့ဆိုလည်း နေခဲ့နိုင်တယ်နော်”

ဒီလို မိုးသားကင်းစင်တဲ့နေသာချိန်လေးမှာ ကပ္ပတိန်က သူ့ကို လာပြောတယ်။ ဒါပေမယ့် သူပျော်သွားခဲ့သလားဆိုတာ မသေချာခဲ့ပြန်ပါဘူး။ ကမ်းရိုးတစ်လျှောက် ကြည့်လိုက်ပြန်တော့လည်း သူ့နာမည် ခေါင်းစီးစာတန်းတွေ၊ အတီးအမှုတ်တွေနဲ့ ကမ်းလုံးပြည့်လူတွေက သူ့နာမည်ကို အော်ဟစ်နေကြလေရဲ့။ ကမ်းခြေရောက်တော့လည်း လူတွေက ပျော်ရွှင်ကခုန် နေရင်း သူ့ကို ဖက်လှဲတကင်း ကြိုဆိုကြတယ်။ ဒါပေမယ့် မီးနစ်ပိုင်း အနည်းငယ်မှာတင် ဒီလူတွေက သူ့အိမ်ပြန်အလာကို ပျော်နေတာလားဆိုတာကို သံသယဖြစ်လာရတယ်။

သူကို ဘယ်သူကမှ အရေးတယူမရှိကြတော့။ သူ့နာမည် စာတန်းးတွေ။ ဆိုင်းဘုတ်တွေနဲ့။ အားလုံးက ပျော်ပါးကြ၊ ကကြ၊ စားသောက်နေကြ။ ဒါပေမယ့် သူ့ကို ကျောခိုင်းကာ။ ဒီလိုနဲ့ မြို့ထဲလမ်းမပေါ် သူ ခေါင်းငိုက်စိုက်လမ်းလျှောက်လာရင်း အိမ်တစ်အိမ်ရှေ့အရောက် မိသားစု တစ်စုက ထွက်လာပြီး သူ့ကိုဝိုင်းဖက်ကြတယ်။ ပြီးတော့ အပြုံးတွေနဲ့ ငိုကြ။ ယိုကြ။

သူ့အတွက်နဲ့ မျက်ရည်ကျသူတွေ ရှိနေပါသေးလား။ ဝမ်းသာလွန်းလို့ စကားမဆိုနိုင် ဖြစ်နေဆဲမှာပဲ ကလေးလေးက သူ့ကို ဖေဖေလို့ ခေါ်တယ်။ ကလေးလေးရဲ့ အခေါ်အဝေါ်ကြောင့် သူသိပ်အံ့သြ သွားမိတယ်။ ဒါဆို သူဟာ အိမ်ထောင်ရှင် တစ်ယောက်ပေါ့။ ဟို အမျိုးသမီးကရော သူ့ဇနီးလား ။ ဘာဖြစ်လို့ သူ့ကို လာမကြိုကြတာလဲ လို့ မေးမလို့ ပြင်ခိုက် သူ့ကို အိမ်ထဲ ဆွဲခေါ်သွားတယ်။

အမျိုးသမီးက “ရှင်ပြန်လာလို့ အရမ်းဝမ်းသာတယ်။ ခဏနေရင် အလုပ်သွားဖို့ ပြင်တော့နော်” ဆိုပြီး ယူဆောင်စရာတွေ သူ့ကို လာပေးတယ်။ ပြီးတော့ “ဒါတွေလည်း ရှင်းပေးဦးနော်” ဆိုပြီး ပေးစာရင်းတွေ ၊ အခွန်ရှင်းစာရွက် တွေ သူ့လက်ထဲလာထည့်ပေးတယ်။ သူတအံ့တသြနဲ့ မငြင်းနိုင်သေးခင်မှာပဲ သူမရောကလေးလေး အရိပ်ပါ ပျောက်ကွယ်သွားတယ်။

ဒါနဲ့ သူစိတ်ပျက်လက်ပျက် အိမ်ပြင်ထွက်လာမိတော့ အိမ်နီးချင်းတစ်ယောက် နဲ့ မျက်နှာချင်းဆိုင်တိုးမိတယ်။ အဲဒီလူက “ခင်ဗျား အလုပ်သွားမလို့လား။ ဝမ်းသာလိုက်တာဗျာ” ဆိုပြီး သူ့ကို ဖက်ပြန်ပါရော။ ဒီတစ်ခါတော့ လူတွေ ဘာဖြစ်လို့ သူ့ကို တွေ့ရင် ဝမ်းသာကြောင်းပြတာလဲ လို့ ဖွင့်မေးချင်ပေမယ့် နှုတ်လုံနေခဲ့မိတယ်။ အလုပ်က လူတွေကလည်း သူ့ကို ဝမ်းသာလှိုက်လှဲ ကြိုဆိုကြပါတယ်။

ဒါပေမယ့် သူမပြုံးနိုင်တော့ဘူး။ ဒီစက်ရုံမှာ ရှိတဲ့ လစာရှင်းတမ်းတွေကပါ တပြိုင်တည်း သူ့ကို စောင့်နေတာ သိလိုက်ရတယ်။ အဲ့ဒါသူ့အလုပ်တဲ့လေ။ ဒီလိုနဲ့ နောက်တစ်နေ့ လှေကြီးပေါ် သူပြန်ရောက်လာတော့ ကပ္ပတိန်က ပြုံးလို့ကြိုနေတယ်။

“ခင်ဗျား ကြည့်ရတာ တစ်ခုခုကို ကျေနပ်နေပုံပဲ” တဲ့။

သူ ကြိုးစားပြီး ပြန်ဖြေလိုက်တယ်။ “ကမ်းမှာ လာကြိုသူတွေကတော့ အတော်ပျော်နေခဲ့ပုံပဲ။ ကျွန်တော့်ကို အကြောင်းပြုပြီး ပျော်ပွဲရွှင်ပွဲလုပ်ဖြစ်သွားလို့ပေါ့ဗျာ။ ကျွန်တော့်မိသားစုဆိုတာကလည်း ပျော်နေကြတယ်။ ငွေရှာပေးမယ့်သူ ရောက်လာလို့ ထင်ပါရဲ့။ အလုပ်က လူတွေကလည်း ပျော်နေကြတယ်။ သူတို့ လစာတွေကို ကျွန်တော်က ရှင်းပေးမှ ရကြမှာတဲ့လေ… ဒါပေမယ့်ဗျာ သူတို့တွေ ဘယ်လိုအကြာင်းအရင်းကြောင့်ပဲ ပျော်ကြရွှင်ကြပါ အားလုံးရဲ့ တစ်မျိုးစီသော ဆန္ဒတွေ၊ အခက်အခဲတွေကို ကျွန်တော်က တတ်စွမ်းသမျှ ကူညီဖြေရှင်း ဖြည့်ဆီး ပေးနိုင်ခဲ့လို့ ကျွန်တော် ကျေနပ်ပါတယ်ဗျာ”
ရွက်လှေက ကမ်းက ခွာစ ပြုနေပေပြီ။

photo credits:boomeryearbook.com


ဇာတ်လမ်း ရှေးစာဆို ။ စကားပြေ မယ်ကိုး


10 comments:

သိင်္ဂါကျော် said...

ကိုယ်နဲ့ ပတ်သက်သူများကို လိုချင်တာ ဖြည့်ဆည်းပေးနိုင်ရင်ပဲ ကျေနပ်စရာပါ။

ချော (အစိမ်းရောင်လွင်ပြင်) said...

အတွေးလေးတွေပါလို့ သေချာဖတ်သွားမိတယ်..
လူတွေပျော်ရွှင်အောင် လုပ်ပေးနိုင်တဲ့စိတ်ကလည်း
ဘာဘဲဖြစ်ဖြစ် တန်ဖိုးကြီးပါတယ်..

♥ ကိုဇော် ♥ said...

တင်ပြထားပုံလေး လှလိုက်တာဗျာ။
ကောင်းလှပါတယ်။

လသာည said...

အော်.. ဒါကြောင့် ရေးတဲ့ စတိုင်နည်းနည်းကွဲတာကိုးး))

“ကိုယ်တိုင်လည်း ပျော်၊ လူတွေအားလုံးလည်းပျော်” ဆိုတာမျိုးသာ ကြားရတာ များတယ်ဆိုတော့..

“လူတွေအားလုံးပျော်နေလို့ ကိုယ်လည်းပျော်ပါတယ်”ဆိုတဲ့ စိတ်ထားလေးကို တအားကို လေးစားမိတယ် မယ်ရယ်..။
လက်တွေ့ဘ၀မှာ အဲလိုနေ့တိုင်းတွေးပေးနိုင်ဖို့က ခက်တယ်မို့လား..

နေ့အိပ်မက် said...

ဒါဖတ်မိတော့ ဘာလို့လဲမသိဘူး... မြို့ပိုင်မောင်ပြုံးချို အမတော်ကြေးလာထုတ်ပေးတဲ့အခန်းကို သတိရတယ် ;)
မမအရေးအသားက ပြောစရာကိုလိုဘူး

ကနဦးမူလအစပထမစာဖတ်သူ said...

အတွေးစာလေးကတော်တော်ကောင်းပါတယ်။
ဒါပေမယ့်.....ရေးဟန်မတူတဲ့လူနှစ်ယောက်ပေါင်းရေးထားတော့
တစ်မျိုးလေး..
မယ်ကိုးစတိုင်နဲ့ရေးမယ်ဆိုရင်
သိပ်ပီပြင်သွားမှာဖြစ်သလို..
ရှေးစာဆိုစတိုင်ရေးရင်လည်း အတွေးကောာင်းတဲ့အက်ဆေးတစ်ပုဒ်ထွက်လာအုန်းမှာပဲ..
ဒါလေးလဲကောင်းပါတယ်။ပိုကောင်းစေချင်လို့သာရယ်..ခုနောက်ပိုင်း အရင်မယ်ကိုး စတိုင် ရေးဟန်တွေကနေခွဲထွက်
လို့ သိသိသာသာရော မသိမသာ ပါရေးဟန်ပြောင်းလာခဲ့တဲ့ မယ်ကိုး....
ချစ်ခြင်းတစ်ခုမှာ Vote ပေးပြီးဆက်ရေးစေချင်ခဲ့ပေမယ့်...ရေးပါအုန်းလို့မတိုက်တွန်းရက်ပြန်။
အခုအချိန်မှာဆက်ရေးချင်စိတ်ရှိနေမယ်လို့မထင်မိပြန်။ဘာပဲရေးရေးဆက်ပြီးအားပေးနေမှာအုန်းမှာပါ။
စာဖတ်သူကတော့ပျောက်နေတဲ့မယ်ကိုး ကိုpost တိုင်းမှာလိုက်ရှာနေမိဆဲ...

ချစ်ခင်လေးစားလျှက်..

မယ်ကိုး said...

စာလာဖတ်တဲ့ မသိင်္ဂါကျော် ၊မ ချော (အစိမ်းရောင်လွင်ပြင်) ၊ ကိုဇော် ၊ မမ လသာည နဲ့ ညီမလေး နေ့အိပ်မက် ကို အထူးကျေးဇူးတင်ပါတယ်။

အသေးစိတ်ဝေဖန်သွားတဲ့ ကနဦးမူလအစပထမစာဖတ်သူကိုလည်း အထူးကျေးဇူးတင်ပါတယ်ရှင်။ ချစ်ခြင်းတစ်ခုမှာ (
အခုအချိန်မှာဆက်ရေးချင်စိတ်ရှိနေမယ်လို့မထင်မိပြန်။ ) လို့ ဘာအကြောင်းကြောင့် ဝေဖန်သုံးသပ်လည်း မသိပေမယ့် ခုတလောအတွက် မှန်နေလို့ အံ့သြနေမိပါတယ်။

ကျွန်မက စာရေးပျင်းသူပါ။ စိတ်ထဲ အတော်ကြီးနေရာယူမှ စာရေးဖြစ်ပါတယ်။ ခုတလော tag တာတွေရော။ တခြားအရာတွေ စိတ်ထဲရောက်နေတာရော များလို့ ချစ်ခြင်းတစ်ခုကို ဆက်မရေးဖြစ်သေးတာပါရှင်။

ကျွန်မ မကြာခင် ဆက်ရေးပါ့မယ်လို့ ကတိထပ်ပေးပါဦးမယ်။ သည်းခံနားလည်ပေးမယ် လို့ မျှော်လင့်ပါတယ်ရှင်။

အမရာ said...

အတွေးလေးတွေကောင်းတယ်နော်..

ကိုကိုးအိမ် said...

မောင်ကိုးလာတယ် မယ်ကိုးရယ် စာတွေဖတ်ပြီး ပြန်တော့မယ် စာရေးကောင်းပါတယ်။
နောက်လည်းလာမယ် အမြဲနော် အားရင်လာလည်နော်
အဟဲ ..ပျင်းလို့ ကလေးကဗျာစပ်ကြည့်တာ
ကောင်းကောင်းစပ်တတ်ဘူး

ခင်လျှက်
ကိုကိုးအိမ်(မောင်ကိုး)

selda said...

နေခဲ့ချင်သပဆိုလည်းနေခဲ့နိုင်တယ်နော်...ဒါပေမယ့် သူဟာ အတိတ်ထဲမှာ မနေဘဲ အနာဂတ်ဆီကို လိုက်သွားခဲ့တယ်နော်...အင်း တကယ်တော့အတိတ်ဆိုတာ ကျေနပ်စရာတွေ အတိနဲ့ပြည့်လို့..ဒါပေမယ့်လဲ အချိန်တန်တော့ ပစ်ထားခဲ့ရပြီးလိုရာခရီးကို ဆက်ရတာပဲနော်မမ...ရလိုက်တဲ့ အတွေးလေး ဝေမျှကြည့်တာ..အဆင်ပြေရဲ့လားဟင် မမ....