10 July 2010

နားလည်မှုဆိုတဲ့ စကားလုံးနှင့် သတ်ဖြတ်ခံရခြင်း

'Noblest pleasure is the joy of understanding.'
Leonardo da Vinci
.................................................................................................

လူတစ်ဦးက နောက်တစ်ယောက်ကို နားမလည်ဘူး။ တစ်ယောက်က နားလည်ချင်ယောင်ဆောင်တယ်။ နောက်ဆုံးမှာ လူတစ်ယောက် သေတယ်။ တစ်ဦးက ရယ်တယ်။ မျက်မြင်သက်သေတွေက ပြုံးတယ်။ သေအံ့ဆဲဆဲတစ်ယောက်ဟာ ငါးရာ့ငါးဆယ်ဇာတ်နိပါတ်တော်ထဲက အမရာကို သတိရလာတယ်။ 

အပ်ချုပ်သမားယောင်ဆောင်ထားတဲ့ မဟောသဓာဟာ အမရာ့အိမ်မှာ တည်းခိုရင်း ဆန်တစ်ခွက်ကို မုန့်ကြွပ်၊ ယာဂု၊ထမင်း ဆိုပြီး သုံးမျိုးရအောင်ချက်အောင် ချက်ခိုင်းလေရဲ့။ ပထမဆုံးတည်ခင်းတဲ့ အမရာရဲ့ ယာဂုဟာ လျှာကြောစိမ့်အောင်အရသာရှိပေမယ့် မဟောသဓာက မကောင်းဘူးဆိုကာ မြေပေါ်ကိုထွေးသတဲ့လေ။ စေတနာနဲ့ ပင်ပင်ပန်ပန်းချက်ပြုတ်ကျွေးတဲ့ အမရာဘယ်လို ခံစားရမလဲ မမှန်းဆနိုင်ဘူး။ 

လူတစ်ယောက်ရဲ့ မေတ္တာကို သူတစ်ဦးက ရွံရှာစရာဆိုကာ ခြေနဲ့နင်းပြီး လှောင်ပြောင်တယ်။ အဲဒီလူဟာ အမရာ မဟုတ်ပါဘူး။ နက္ခတ်လွဲနေတာပါ… င်္ဂြိဟ်ဆိုးဝင်နေတာပါ… လို့ ကြံဖန်တွေးရင်းမှာတင် ဝမ်းနည်းလွန်းလို့ နှလုံးသွေးပွက်ပွက် အန်တယ်။ သွေး။ သွေးတွေ။ အနီရောင်သွေးကြောမျှင်တွေ ပေါက်ထွက်ကုန်ကြတယ်။ သစ်ပင်တွေက ငိုကြတယ်။ သွေးဖြန်းပက်လို့ ပန်းတွေလည်း နီနီရဲပွင့်ကြတယ်။ 

ဇာတ်တော်ထဲက အမရာဒေ၀ီကတော့ အမျက်ဒေါသကင်းစွာနဲ့ မုန့်ကြွပ်ကို ကျွေးပြန်တယ်။ ထုံးစံအတိုင်း မဟောသဓာက မကောင်းရေရွတ်ပြီး ထွေးပစ်ပြန်လေတာ။ လူတစ်ယောက်ဟာ တော်လေးဝဝင်မဟုတ်ပေမယ့် ဒီကြမ္မာမှာတော့ အမရာနဲ့ ဖြစ်ရပ်ဆင်တူနေတယ်။ သူဟာ ဒဏ်ရာနဲ့ မတ်မတ်ရပ်နိုင်လာတဲ့အခါ မိုးစိုနေတဲ့ သူတစ်ဦးနား အရောက်သွားလို့ ထီးမိုးပေးဖို့ ကြိုးစားတယ်လေ။ ရလာဒ်ကတော့ အမရာအတိုင်းရယ်။ သူ့ရဲ့ထီးဟာ လှန်ရိုက်ချိုးခံလိုက်ရတယ်။ ထီးနဲ့အတူ သူဟာ မြေထက်ကို လွင့်စင်လဲပြိုသွားတယ်။ သူ့ရဲ့ နံရိုးတွေတင်မက နှလုံးသားတစ်ခုလုံး ကြေမွအက်ရှသွားတာ။ ဒီတစ်ခါတော့ သွေးတွေဟာ အရောင်ပြောင်းသွားပြီ။ မီးခိုးရောင်တဲ့။ လမ်းတွေဟာ မှုန်မှိုင်းရင့်ရော်သွားတယ်။ ကလေးတွေဟာ ညို့မှိုင်းတဲ့စွန်တွေ လွှတ်ကြတယ်။ ငှက်လေးတွေဟာ ကြေကွဲဖွယ်သီချင်းဆိုနေတယ်။ ဝဋ်ကြွေးတဲ့။

အမရာ့ဇာတ်ကတော့ ဆက်ရန်ရှိနေသေးတယ်ရယ်။ စိတ်ပျက်အားငယ်မှုမရှိတဲ့ အမရာဟာ ထမင်း ကျွေးပြန်တယ်။ထုံးစံအတိုင်း မဟောသဓာက မျက်နှာမဲ့ပြီး ထွေးပစ်ပြန်ပါရော။ မင်းကို လွမ်းလိုက်တာ။ အဲဒီလူတစ်ယောက်ဟာ အမရာလို စိတ်နှလုံးတည်ကြည်ခိုင်ခံ့သူမဟုတ်ပေမယ့် စိမ်းကားသူတစ်ဦးအနား ရောက်သွားပြန်တယ်လေ။ ရူးပါစေ။ ရူးနေတယ်လို့ လှောင်ကြပါစေ။ကဲ့ရဲ့ဆိုကြပါစေ။ လက်ညှိုးထိုးကြပါစေတော့။ ရှေ့မတိုးသင့်မှန်းသိပေမယ့် သူတစ်ဦးချော်လဲသွားတဲ့အခါ ပူလောင်စိတ်နဲ့ ထူမဖို့ ကြိုးစားမိတာ။ အဲဒီသူတစ်ဦးရဲ့ မျက်လုံးအကြည့်မှာ ဓားတွေ။ အဆိပ်လူးထားတဲ့ ဓားချက်တွေဟာ ရှောင်မလွတ်နိုင်အောင် သူ့နှလုံးသားကို အစိတ်စိတ်အမွှာမွာဖြတ်တယ်။ မူလအစတည်းက ကြေမွနေတဲ့ နှလုံးသားတွေဟာ ထိမိရုံမျှနဲ့ အပိုင်းအစစအဖြစ် ရင်ဘတ်အပြင်ဘတ်တိုင် ပေါက်ကွဲလွင့်စင်သွားကြတယ်လေ။ 

ဒီတစ်ခါတော့ သွေးတွေက အနက်ရောင်ပြောင်းသွားပြီ။ သွေးခြည်ဥနေတဲ့ နံရံမည်းမည်းများ။ အနက်ရောင်မိုးစက်တွေ။ ကြေကွဲခြင်းဟာ ရိုးတွင်းချဉ်ဆီတိုင်ခဲ့ပြီ။ သံယောဇဉ်ဆိုတဲ့ အမည်းရောင်ဆူးတွေ သွေးကြောတစ်လျှောက် ပွင့်လန်းပေါက်နေကြတာ ရပ်တန်းက မရပ်ကြသေးတော့ သက်သာရာရနိုးနဲ့ အဲဒီလူဟာ ဝင်ရိုးစွန်းရောက်အောင် ထွက်ပြေးရှာတယ်။ ဒါပေမယ့် ကြယ်ကလေးရေ... လွယ်လွယ်မေ့ဖို့ဆိုတာ အခက်ဆုံးအရာပါလား။ ဒီလိုနဲ့ သူဟာ အမရာကို လည်ပြန်ငဲ့ကြည့်မိပြန်ရဲ့။ 

အဲဒီအခါမှာ မဟောသဓာက ယာဂု၊ မုန့်ကြွပ်၊ ထမင်း သုံးမျိုးကို တစ်ပေါင်းတည်းနယ်ပြီး အမရာ ဦးခေါင်းမှစ ကိုယ်အလုံးကို သွန်းလောင်းလိမ်းကျံပြီး “သွား… အခုသွား … တံခါးဝမှာ နေချေ” လို့ ဆိုသံကို ကြားလိုက်ရတာ။ မျက်မာန်မရှိတဲ့ အမရာဟာ “အရှင်...ကောင်းပါပြီ၊ နေစေချင်နေပါ့မယ်” ဆိုကာ အေးဆေးသက်သာ ထွက်သွားသတဲ့။ 

တော်လေးဝဝင် အမရာဒေဝီဟာ ဥာဏ်ပညာပြည့်စုံသူမို့ သူ့ကို မဟောသဓာစမ်းသပ်နေတာလားလို့ စဉ်းစားတွေးဆနိုင်ဖို့ အခွင့်များပေတာ။ ဒီလူတစ်ယောက်ကတော့ အဲဒီလို မမျှော်လင့်နိုင်ပေဘူး။ သူ့ရဲ့ ဦးထိပ်ထက်ကို မုန်းတီးခြင်းတွေ သွန်ချခံရတဲ့အခါ ကြေကွဲလွန်းလို့ အရှင်လတ်လတ်မီးလောက်ပြာကျသွားပြီလေ။ အဆုံးမှာတော့ ချောက်နက်ထဲကို ဒလိမ့်ခေါက်ကွေးပြုတ်ကျသွားလေတာ။

တောက်လောင်ပူပြင်းတဲ့ ဝမ်းနည်းမှုနဲ့ အဲဒီလူတစ်ယောက်ရဲ့ နှလုံးခုန်ရပ်သွားပြီ။ သွေးတွေလည်း ခမ်းကုန်ပြီ။ တမ်းတခြင်းတွေလည်း ဆုံးသွားပြီ။ အဲဒီအခါမှာ အလောင်းကို မိုးကြိုးပစ်တယ်။ ငလျှင်လှုပ်တယ်။ ကောင်းကင်ပြိုကျတယ်။ အသဲကွဲပြီး သေသွားတာပါလို့ ဆိုချင်လည်း ဘာသက်သေမှ မရှိတော့ဘူးရယ်။ ဘာကို ကျိန်ဆိုရဦးမလဲ။ “နားလည်မှု မရှိဘူး” ဆိုတဲ့ စကားနဲ့ သူတစ်ဦးက သတ်ခဲ့တယ်ဆိုတာ နတ်သိကြားကအစ မသိခဲ့ပါဘူး။

အဲဒီလူကို အမြန်ဆုံး မြေမြှုပ်ပေးကြပါ။ နှလုံးသားပျောက်ဆုံးကာ ရင်ခွင်ဟောင်းလောင်းနဲ့ သေဆုံးသွားတဲ့ လူသေကို ရဟန်း၊ရှင်၊လူ မြင်ဖို့ မသင့်ပါဘူး။ ပြီးတော့ ကျေးဇူးပြုပြီး ထပ်မံကူညီပေးကြပါဦးနော်။ ဒီသေဆုံးမှုကို မှတ်တမ်းရေးတဲ့အခါ “နားလည်မှုဆိုတဲ့စကားလုံးနှင့် သတ်ဖြတ်ခံရခြင်း ” လို့ သတ်မှတ်ပေးကြပါလေ။...။

................................................................................................
 'A first sign of the beginning of understanding is the wish to die.'
Franz Kafka
.................................................................................................


Morgan Beatus, f. 112: The opening of the Sixth Seal: "And I beheld when he had opened the sixth seal, and, lo, there was a great earthquake; and the sun became black as sackcloth of hair, and the moon became as blood" (Revelation, 6.12)
.................................................................................................

14 comments:

kokomaung.uk said...

"သေကြောင်းကြံစည်မှု အထမြောက်သွားခြင်း" ၁၀.၇.၂၀၁၀ စနေနေ့။
အဲဒီလိုဘဲ မှတ်တမ်းရေးသွားပါတယ်။
ဒါပေမဲ့ ကာယကံရှင်ပျောက်ဆုံးနေတယ်။ အနီရောင် အစိမ်းရောင် အနက်ရောင် ကာလာတွေ မြေမှာလူးလို့ အမရာမဟုတ်ရင်တော့ ရူးလောက်တယ်။ ရူးသူတွေရူးကြ ထူးသူတွေ မူးနေကြလိမ့်မယ်။ အဲဒီနေ့က မိုးခေါင်ခေါင်ကြီး မိုးကြိုးပစ်ချလိုက်သလိုလို။းဝ)

မောင်ဘကြိုင် said...

ဘယ်လိုမှတ်ချက်ပေးရမှန်းမသိဖူး
အိမ်ကူးသွားပြီအစ်မရေ...
တား တွေးလိုက်အုံးမယ် တခါတခါ ခေါင်းခြောက်နေရင် အကောင်လည်းမမြင် အရိပ်လည်းမတွေ့
ကွန်ကလည်းကျ ကျော်ရခွရ ဟူးးးးး)

လသာည said...

အထမြောက်သွားခြင်း...

ဖတ်ရင်းနဲ့ သက်ပြင်းအခါခါချမိတယ်။

.........
မင်းကို လွမ်းလိုက်တာ..
.................
..............

အထမြောက်သွားခြင်း..

ခိုင်နုငယ် said...

နှလုံးသားပျောက်ဆုံးကာ..ရင်ခွင်ဟောင်းလောင်းနဲ့
သေဆုံးသွားတဲ့လူသေကိုရဟန်း၊ရှင်၊လူ။ြ
မင်ဖို့မသင့်ပါဘူး။
အမရေမယ်ရေ....မျောသွားတာပဲ..ဖတ်ရတာ..။
ကောင်းအိ။

အမရာ said...

wow!!!how nice
what can i say i love
your writing power.
(no MM font)

အိန္ဒြာ said...

မယ်.....

ကြောက်စရာကောင်းအောင် လှပါပေတယ်

သိင်္ဂါကျော် said...

အထမြောက်သွားတာ.. ဝတ္တုထဲမှာမို့ ထင်ပါရဲ့

သဒ္ဓါလှိုင်း said...

ခံစားချက်အပြည့်နဲ့ဖတ်သွားပါတယ်မမယ်ကိုးရေ..။
လင့်ချိတ်ထားပါတယ်ခွင့်ပြုနော်..
ခင်မင်စွာ
သဒ္ဓါ

ချော(အစိမ်းရောင်လွင်ပြင်) said...

အသည်းကွဲနေတဲ့အချိန်မှာတော့ လူတော်တော်များများက
သေသွားတာက ကောင်းမယ်လို့ ထင်နေတတ်ကြတဲ့အချိန်ပါဘဲ... အသည်းနှလုံးမရှိတော့ရင် သေဆုံးတာနဲ့ အတူတူဘဲ ထင်ပါရဲ့

ဏီလင်းညို said...

မယ်ရေ......

စကားလုံးလေးတွေဖတ်ရတာလှပတယ်ဗျာ....။
“လမ်းတွေဟာ....မှုန်မှိုင်းရင့်ရော်သွားတယ်...
ကလေးတွေဟာ ညို့မှိုင်းတဲ့စွန်တွေလွှတ်ကြတယ်....
ငှက်ကလေးတွေဟာ ကြေကွဲဖွယ်သီချင်းဆိုနေတယ်.....
ဝဋ်ကြွေးတဲ့”......။
ဘယ်လောက်လှတဲ့ အဖွဲ့လေးတွေပါလိမ့်......။

ခင်မင်ခြင်းအားဖြင့်.......
ဏီလင်းညို

Anonymous said...

မယ်
ခုမှ အရောက်လာနိုင်တော့တယ်
သေကြောင်းကြံစည်ခြင်းအထမြောက်တဲ့အခါ ..
သေဆုံးခြင်းမူကွဲတစ်ခုကို တွေ့လိုက်ကြရတယ်...
ချစ်သော
မမ

mae said...

စာလေးကတော့ ထုံးစံအတိုင်း ..

မ လဲ ခဏခဏ စဉ်းစားမိတယ်၊ ငါသာဆိုရင် မဟောသဓာနဲ့ ဖြစ်မှာ မဟုတ်ဘူးလို့.. ဒါပေမယ့်..

့hnin said...

အင်း ဖတ်လို့လဲ ကောင်းတယ် မမရယ်
အထတော့မြောက်သွားတယ်ပေါ့း)

ညလေး နှင်းဟေမာ

ဝက်ဝံလေး said...

ဒါက နဲနဲမြင့်တယ် မ ဟီးးးး သမီး သိပ်မမီဘူး နောက် ၂ ခေါက်လောက် ဖတ်လိုက်ဦးမယ်