31 July 2010

“လရောင်ချိုးတဲ့ လှေကားထစ်များ”



ဒီကျွန်းနိုင်ငံသားတွေဟာ မျက်နှာစိမ်းများကို “ မနက်ခင်းပါ” လို့ နှုတ်ဆက်တတ်ပါသလား။ သူနဲ့ မဆုံခင်အထိ ကျွန်မ မမျှော်လင့်ခဲ့ပါ။ “ မနက်ခင်းပါ” ဆိုတဲ့ ချိုသာနွဲ့လေညင်းလေးတစ်မျှင် အနားက ပျံသန်းသွားတယ်။ မမြင်ချင်ယောင်။ မသိချင်ယောင်။ မကြားချင်ယောင်ဆောင်နေ လို့ စိတ်ကို ဘယ်လိုပင် သံပတ်ပေးပေမယ့် သူ့ကို ငဲ့လို့ ကြည့်ချင်မိပြန်။

သုံးပေအကျယ် လှေကားကျဉ်းကျဉ်းလေးမှာ သူ့ကို မထိခိုက်အောင် ရှောင်ရှားဖြတ်သန်းနိုင်ပေမယ့် ကျွန်မရဲ့အတွေးတွေကို သူက အမြဲလို ခလုတ်တိုက်နိုင်နေတာ ဆိုးတယ်။ ဒါဆို ဒီလှေကားက မဆင်းပဲ ဓာတ်လှေကားသုံးတော့ပေါ့ ... ဆိုရင်။ ဟင့်အင်း။ အရှုံးပေးရာ ကျမှာပေါ့။ သူ ဒီလှေကားက မပြေးခင်ကပင် ကျွန်မ အတက်အဆင်းလုပ်နေခဲ့တာ။ ခက်တယ်။ ကျွန်မရဲ့ ရုံးသွားချိန်တွေဟာ သူ့ရဲ့ ပြေးချိန်နဲ့ ဘာလို့ လာတိုက်နေရတာလဲ ။ မုန်းတယ်။

ဘူတာရုံကို သုံးမီးနစ်လောက်လျှောက်ရုံနဲ့ ရောက်တဲ့ အိမ်ခန်းကို ရွေးချယ်ပြီးကတည်းက လမ်းလျှောက်ဖို့ အခွင့်နည်းပြီမို့ ဒီလှေကားကိုသာ မသုံးရင် ကိုယ်အလေးချိန်ဟာ တစ်လ တစ်ပေါင်နှုန်းတက်မယ့်ကိန်းရယ်။ အဲဒါကြောင့်လည်း သူပြေးတာ နေမှာ။ ကျွန်မကလည်း လှေကားကို ပြေးဆင်းတတ်တော့ …။ ဒီတိုက်ဆိုင်မှုဟာ နူဖူးကွဲစေနိုင်တာ။ သက်ပြင်းချမိတယ်။ အံ့သြစရာ ... ရုံးသွားချိန်ကို ရှေ့တိုးနောက်ဆုတ် အနည်းငယ်လုပ်ဖြစ်လည်း တိုက်ဆိုင်မှုက မရှောင်လွဲနိုင်။ ပြီးတော့ နှစ်ယောက်စလုံးက ဘယ်သူမှ အလျှော့မပေး၊ မရပ်တန့်ချင်။

ဒါကြောင့်ပဲ သူက ဒီနည်းစနစ်ကို သုံးခဲ့တာလား။ “မနက်ခင်းပါ” တဲ့။ နည်းနည်းတော့ သက်ရောက်မှုရှိတာ အမှန်ရယ်။ ကျွန်မရဲ့ ခြေလှမ်းတွေ အနည်းငယ် တုံ့နှေးသွားပြီလေ။ တဆက်တည်း ဂျူးရဲ့ “အရောင်များနဲ့ ကစားခြင်း” ဝတ္တုတိုကို သတိရမိပြန်။ အဲဒီမှာ အားကစားလုပ်နေတဲ့ ကောင်လေးရဲ့ ဆံပင်အရောင်ကစလို့ ကောင်လေးရဲ့ အရောင်တွေအကြောင်း တွေးမိပြန်တဲ့အခါ အနေပိုလို့ ခက်လာ။ သူ့ကို ငဲ့စောင်းလို့ပင် မကြည့်ရဲတဲ့အကြား မျက်လွှာကို အတင်းချမိပြန်။

ဒါပေမယ့် အမှုမဲ့ထားဖို့အရေးဟာ သေလုအောင်ခက်ပါလားလို့ ဝန်ခံရတော့မှာ။ ကျွန်မ ပြောင်းလဲသွားပြီတဲ့။ ရုံးက မြန်မာအသိုင်းအဝိုင်းသာမက လူမျိုးခြားတွေပင် လာပြောကြတာ။ ဒီရုံးမှာ လုပ်နေတဲ့ သုံးနှစ်နီးပါးသက်တမ်းမှာ ဂျင်းဘောင်းဘီ ပထမဆုံးဝတ်တာမို့ ထူးဆန်းလို့တဲ့လေ။ ဘယ်လို ရှင်းပြရမလဲ။ သူ့အနားက ဂါဝန်တကားကား၊ စကပ်တဖားဖားနဲ့ လှေကားထစ်တွေအပေါ် ပြေးမဆင်းချင်ပါကွယ်။

အရင်းနှီးဆုံးသူငယ်ချင်းကိုတော့ အဖြစ်မှန်ကို ပြောဖြစ်ရဲ့။ သူက ပြန်မနှုတ်ဆက်ရင် ရိုင်းမှာဆိုပဲ။ တကယ်တော့ ကျွန်မမှာ ရုံးစောင့် ဦးလေးကြီးက အစ သန့်ရှင်းရေးဝန်ထမ်းက အဆုံး မနက်ခင်းပါ လို့ စတင်နှုတ်ဆက်တတ်သူပါ။ သူ့ကိုသာ ခြွင်းချက်။ ဘာလို့ ကြောက်နေမိပါလိမ့်။ ဒါပေမယ့် “နင့်ကိုနင် မလုံတာ” လို့ သူငယ်ချင်းက ရန်စတော့ နောက်တစ်နေ့မှာပဲ ပြန်နှုတ်ဆက်ခဲ့ဖြစ်ပေါ့။

“ Morning…”

စိတ်လှုပ်ရှားလွန်းလို့ အနည်းငယ်ကျယ်သွားတဲ့ အသံထက် ရင်ခုန်ခြင်းကပဲ ပိုမို ဆူညံနေခဲ့သလား။ မသိချင်။ ဝေဖန်ပိုင်းခြားလည်း မလုပ်ရဲပါဘူး။ လှေကားမှာ ခြေစုံရပ် သူ့ဆီမျက်နှာမူကာ ခေါင်းမော့ပြီးကို ပြောဖြစ်ခဲ့တာရယ်။ သူက လှေကားအကွေ့ပင်ရောက်နေပြီ။ ဘယ်လိုမှ ထင်မထားဟန်။ အံ့သြဟန်နဲ့ သူလည်း ရပ်တန့်သွားတာ။ အလို… ။ အပြုံးက နူးညံ့ချိုလွန်းချည့်။

ကမန်းကတန်း မျက်နှာလွှဲလိုက်ပေမယ့် သူ့ကြင်နာကြည့်က ရင်ထဲကို စိုက်ခဲ့ပြီ။ သိမ်မွေ့နွေးထွေးသော မျက်ဝန်းများ။ ဘုရားရေ။ ကျွန်မဒူးတွေ ညွတ်ကျမသွားအောင် နတ်ကောင်းနတ်မြတ်တွေ စောင်မတော်မူပါ။ သူ့နဲ့ ဝေးရာပြေးဆင်းခဲ့ပေမယ့် သူ့မျက်ဝန်းရိပ်စက်ဝန်းက မလွတ်မြောက်နိုင်တော့။

သူငယ်ချင်းကို အားကိုးရပြီ။ “ငါ့ပုံစံက သူများတွေအမြင်မှာ သနားစရာကောင်းနေလား” ဆိုမိတော့ သူငယ်ချင်းက အကောင်းဆုံးဟာသကို ကြားရသလို ရယ်လိုက်ရာ ကျွန်မပင် ပြန်ထိတ်လန့်ရ။ “သနားစရာတော့ မကောင်းဘူး ရိုက်ချင်စရာပဲကောင်းတယ်” လို့ အမှန်ဆိုပေမယ့် ကျွန်မမှာ အအိပ်ပျက်အောင် စဉ်းစားပူရပြီ။

ကျွန်မရဲ့ ကျောလယ်မရောက်တရောက် ဆံပင်တွေဟာ ပုခုံးထောက်လို့ ကော့လန်ကွေးနေရာ အများအမြင်မှာ စိတ်ပျက်စရာကောင်းပေမယ့် သူ့အတွက် သနားစရာများ ဖြစ်နေသလား။ ကျွန်မက ရောင်စုံလိမ်းခြယ်ပြင်ဆင်တတ်သူ မဟုတ်ရာ မျက်နှာပြောင်နဲ့မို့ သူ့စိတ်ထဲ နွမ်းပါးလွန်းတယ် လို့ ထင်မှတ်သလား။ ပြီးတော့ ချမ်းတတ်တဲ့ ကျွန်မရဲ့ ရုံးသွားဝတ်စုံပုံစံမှာ အမြဲလို အလွှာလွှာအထပ်ထပ်နဲ့မို့ သူ့အမြင်မှာ မတင့်မတယ်နဲ့ ချို့ယွင်းနေသူတစ်ယောက် ဖြစ်ခဲ့သလား။

ခက်ပြီ။ အခုပဲ ဆံပင်သွားဖြောင့်ရတော့မလို။ အဝတ်အစားပုံစံကို layer style ကနေ formal ဟန် ပြောင်းရတော့မလို။ တကိုယ်လုံး မွမ်းမံပြင်ဆင်ပြီးမှ ရုံးသွားရတော့မလို အတွေးတွေ ပွေလီကုန်ပြီ။ ဒုက္ခပေးလွန်းတဲ့ မျက်ဝန်းကြည့်ပါပဲ။ ဒါပေမယ့် ကြည်သာပျော်ရွှင်စွာ လက်ခံနေမိ။ ရူးချင်ပြီ။ သိမ်မွေ့ကြင်နာသော မျက်ဝန်းများ။ သူငယ်ချင်းကလည်း အဆင်းဘီးတပ်ပေးလေတာ။ “လက်စွပ်ဝတ်မထားရင် ပြန်သာပြုံးပြလိုက် သယ်ရင်း” တဲ့။ ဘုရား။ ဘုရား။ တစ်ဦးဦးကို နှုတ်ဆက်တဲ့အခါ ဘယ်သူက မျက်နှာတည်နဲ့ နေလို့လည်းကွယ်။ အပြုံးဟာ ထင်ယောင်မှားကို ဖန်တီးနိုင်သလား။ ကျွန်မမှာ နှလုံးရောဂါ မဖြစ်အောင် ဘုရားတရားသာ တနေမိတော့တာ။

ဒီကစားပွဲက နှုတ်ထွက်လိုက်ရမလား။ ဟင့်အင်း။ ငယ်စဉ်ဘဝထဲက မွတ်သိပ်ခဲ့တဲ့ ကြင်နာခြင်းဟာ ကျွန်မနဲ့ နီးစပ်ခွင့်ရှိတယ် မဟုတ်လား။ ရက်စက်ခေါင်းပါးတဲ့ ဥတုရာသီမှာ လရိပ်ဖြာခွင့် မရသင့်ဘူးလား။ အေးစက်ခါးသီးတဲ့နွေရက်တွေမှာ ငှက်ကလေးရဲ့တေးသံချိုကို နာခွင့်မရှိရတော့ဘူးလား။ မူးယစ်ဆေးစွဲသူလို ကျွန်မရဲ့ အသိဥာဏ်တွေ ပါးကုန်ပြီ။ ကြင်နာတဲ့ မျက်ဝန်းလေးအကြောင်းပါတဲ့ မျိုးကျော့မြိုင်ရဲ့ သီချင်းတစ်ပုဒ်ကို နေ့စဉ်ညဆက် နားထောင်မိလေပြီ။

06-A Way Gyi.wma

သင်ပြပါဦးနော် ။ နမိတ်ဆိုတာ တကယ်ရှိသလားဟင်။ အပြာညက်ညက် မျက်ဝန်းရိပ်လေးတွေ အစိမ်းရောင် ပြောင်းအောင် ကျွန်မပဲ ဖန်တီးခဲ့တာ။ အဲဒီနေ့က သူက နှုတ်ဆက်အပြီး ဆက်မပြေးဘဲ လှေကားခွင်မှာ ရပ်ကာ
“မင်းဖိနပ်ကြိုးတွေကို ပြန်ချည်ပါဦး” တဲ့။ ကျွန်မရဲ့ ဖိနပ်ကြိုးတွေ ပြေလျော့ကာ ရှည်ထွက်နေတာ သိပါတယ်။ ဒါပေမယ့် လှေကားခွင်ကျဉ်းကျဉ်းလေးမှာ ဖိနပ်ကြိုး ချည်နေမချင်တာမို့ “ကျေးဇူး” လို့ ဆိုကာ သူ့ကို ဖြတ်ကျော်ဖို့ ကြိုးစားတုန်း “ ရပ်လိုက်” တဲ့။

သူ့အမိန့်ကို မကြောက်ပေမယ့် ဖိနပ်ကြိုးကို ငုံ့လျှိုးချည်လိုက်မိတာတော့ နူးညံ့တဲ့ မျက်ဝန်းတွေရဲ့ ခိုင်းစေမှုကြောင့်သာ။ ဖိနပ်ကြိုးချည်ပြီး မတ်မတ်ပြန်ရပ်တော့ စောင့်ကြည့်နေတဲ့သူက အပြုံးချိုချိုနဲ့ စတင်မိတ်ဆက်လေတာ။ သူ့နာမည်ကို ပြောကာ တွေ့ရတာဝမ်းသာပါတယ်တဲ့။

အဲဒီအခိုက်မှာ ကျွန်မကိုယ်ကို မကောင်းဆိုးဝါး ဝင်စီးခဲ့သလေသလား။ ရက်စက်တဲ့ စကားတွေ နှုတ်က ဘယ်လို ထွက်သွားခဲ့ပါလိမ့်။ ချိုမြိန်ကြင်နာသော မျက်ဝန်းလေးတွေမှာ ခါးသည်းနာကျင်ရိပ်များ လွှမ်းသွားပြီ။ မချိပြုံးနဲ့ ကျောခိုင်းထွက်သွားတဲ့ သူ့နောက်ကျောလေးကို စိတ်မှတ်မဲ့ ငေးကြည့်နေမိခဲ့။ ဒါနောက်ဆုံးဆိုတာ ထိုအချိန်ထဲက မသိစိတ်မှာ တည်မြဲစွဲထင်နေခဲ့ပြီ။

တကယ်ပဲ နိဂုံးပါရယ်။ နောက်နောင်ဘဝ ဘယ်တော့မှ မဆုံဖြစ်တော့။ ဒီလှေကားလေးကို သူစွန့်ခွာသွားပြီလေ။ ဒါပေမယ့် ဂျင်းဘောင်းဘီဝတ်အမျိုးသမီးတစ်ဦးကတော့ ဒီလှေကားကို အတက်အဆင်းလုပ်နေမြဲ။ ပြီးတော့ ရင်ထဲက တိတ်တဆိတ်နှုတ်ဆက်မိမြဲ။

“It was nice to meet you”
“It was…”
“It was…”
သူ့ကို နှုတ်ဆက်ခဲ့တဲ့ နောက်ဆုံးစကားတစ်ခွန်း။

“It was…” ။ ဒီစကားလုံးကို ဘာဖြစ်လို့ သုံးနှုန်းခဲ့မိပါလိမ့်။ မရက်စက်ခဲ့ပါဘူးလို့ ကိုယ့်ကိုကိုယ်ညာရင်းမှာပင် ဆင်ခြေလေး ပေးပါရစေလေ။ ဒဏ်ရာပေါင်းများစွာနဲ့ သေလုမျောပါး လူမမာပါ။ လမှာ အခြေချဖို့ မကြံစည်ပေမယ့် အဝေးကလကို နှစ်လိုမိတာ အပြစ်ရှိသလားကွယ်။

ကြင်နာတဲ့ မျက်ဝန်းလေးရယ် … မငြိုငြင်ပါနဲ့နော်။ ညှင်းပန်းအေးခဲတဲ့ ဥတုရာသီအကြား အေးမြမှုတွေ သွန်းလောင်းပေးတဲ့ မင်းရဲ့လရိပ်လေးအောက် ခိုဝင်မိခဲ့သူကို သဘောထားကြီးစွာ ခွင့်လွှတ်လိုက်ပါကွယ်။...။

photo credit by www.elfwood.com

22 comments:

Vista said...

ဟင်... ဘာလို့ အဲလိုလုပ်ကျစ်ရဒါလည်းဂျာ

သဒ္ဓါလှိုင်း said...

ဝတ္ထုလေးကိုဖတ်ပြီးရင်ထဲမှာတမျိုးလေးခံစားရတယ်.။
အလွမ်းဓါတ်ခံရှိလို့ဖြစ်မယ်နော်။။
လင့်ချိတ်ထားပါတယ်..ခွင့်ပြုနော်..။
ခင်မင်စွာ
သဒ္ဓါ

ywartharlay-ytu said...

နူးညံ့တဲ့ အဖွဲ့လေးပဲ

မနက်ခင်းတိုင်း လှပါစေဗျာ

ခိုင်နုငယ် said...

“တကယ်ပါပဲ...နိဂုံးရယ်။ နောက်နောင်ဘ၀ ဘယ်တော့မှ
မဆုံဖြစ်တော့။ ဒီလှေကားလေးကို သူစွန့်ခွါသွားပြီလေ။
ဒါမေယ့် ဂျင်းဘောင်းဘီဝတ် အမျိုးသမီးတစ်ဦးကတော့
ဒီလှေကားကို အတက်ဆင်းလုပ်နေမြဲ။ ပြီးတော့ ရင်ထဲကတိတ်တဆိတ်နှုက်မိမြဲ။”

နိဂုံးတွေရယ်..မြန်ဆန်လွန်းလိုက်တာ..ဂျင်းဘောင်းဘီဝတ် ကောင်မလေးအတွက်..ပင့်သက်လေး..ဖွဖွလေး
ချဖြစ်သွားတယ်။



ခင်မင်စွာဖြင့်
ခိုင်နုငယ်

အိန္ဒြာ said...

ကြင်နာမှုကို ငတ်မွတ်ဆာလောင်နေခဲ့တဲ့အခါ

မျက်ဝန်းအကြည့်လေးတစ်ရိုက်မှာ...တင်
ဦးစိုက်နောက်ပြန်..ကျရှုံးတတ်တယ်ပဲ...

မွတ်နေအောင်ချောနေတဲ့ အရေးအသားလေးတွေပါ

ကိုကိုမောင် (ပန်းရနံ့) said...

ဟင်...
နောက်ထပ်တွေ့တော့ဘူးလား။ သနားစရာကောင်းလိုက်တာဗျာ။ လှေခါးအဆင်းလေးမှာ ပြန်လည်တွေ့ဆုံနိုင်ကြပါစေလို့ တောင်းဆုပြုလိုက်ပါတယ်။

နေ၀သန် said...

ဖတ်လို့ကောင်းတယ်... တဒင်္ဂလေး မြင်တွေ့ရတဲ့အပေါ်လေးမှာ ကွက်ပြီးရေးဖွဲ့ထားရာကနေ ခံစားချက်တွေကို ပေးစွမ်းလိုက်သလိုပါပဲ...

ခင်မင်တဲ့
နေ၀သန်

လသာည said...

မယ်ရေ.. အစ်မ ဒီနေ့ ခရီးလွန်သွားလို့ အရောက်နောက်ကျသွားတယ်..။

ထွက်ပြေးသွားတဲ့ ကောင်လေးနောက်ကို လိုက်ပြီး ဂျင်းဘောင်းဘီဝတ် ကောင်မလေးအကြောင်း သွားရှင်းပြတာပါ (နောက်စ်)

ဘယ်လိုပြောရမလဲ.. စကားလုံးလေးတွေကို တအားပဲ ကြိုက်သွားတယ် သိလား။ နောက်ထပ်လည်း ဘယ်လို ပြောရမှန်း မသိအောင် “အတွေးတွေ ပွေလီကုန်ပြီ”..။ (မယ့်စကားကို ဌားပြန်သုံးတာ)

ချော(အစိမ်းရောင်လွင်ပြင်) said...

မယ်ရေ
အဝေးက လဆိုပေမဲ့ လိုချင်တယ်ဆိုရင် ဖြစ်နိုင်သားဘဲ မဟုတ်လား
ဘာကြောင့်များ ရက်ရက်စက်စက် ပြောထွက်ခဲ့တာပါလိမ့်..
ခုတော့ ကိုယ်က ပြန်တမ်းတနေရပြီကော...
စိတ်မကောင်းစရာ

mae said...

ဒီသီချင်းလေးနဲ့..
;)
မယ့်ဆံပင် ကော့ပျံလန်နေတာရယ် အပြေးတက်လာမယ့် အားကစားဝတ်စုံနဲ့ ကောင်လေးရယ် မြင်ယောင်သွားတယ်

mae said...

အဲ..ရေးလက်စ
It was..
;(
ပေါင်းတဲ့ ဇာတ်လမ်းလေး တခါတလေလေးလောက်ရေးပါလား

Anonymous said...

မယ်ရေ..
ကျနော် လာဖတ်ပါတယ်..
ဇာတ်ကွက်တိုတိုလေးကို ရင်ခုန်ကြည်နူး စိတ်ပျော်ရွှင် ဝမ်းနည်းသနား တငြိမ့်ငြိမ့် ဘဝင်ကျအောင် ရေးဖွဲ့သွားတာလေးက သိပ်ကို ချော့မွေ့ပါတယ်..

ဒါပေါ့.. အဲ့ဒါလေ မယ်ကိုး..

း)

စကားမစပ် မနေ့ညက အနီရောင် နောက်ဆုံးရထားကြီးပေါ်မှာ တွေ့လိုက်သလိုပဲ

ခမလစခခအဖ..း)

အပြုံးပန်း said...

ကြင်နာကြည့်က ရင်ထဲစိုက်ခဲ့ပြီ၊

အရေးအဖွဲ့ နောက်လိုက်ပြီး
ငယ်ရွယ်နုပျိုခြင်းကို မြင်ယောင်ခံစားမိလိုက်တယ်

အမရာ said...

ကြိုက်လိုက်တာနော်..

လင်းဒီပ said...

ဟုတ်တယ် ကျွန်တော်ဆိုလည်း အမြဲတမ်း မလေးမ ဝတုတ်တုတ်ကြီးတစ်ယောက်နဲ့ lift ထဲမှာ ရုံးသွားတိုင်း ဆုံနေကျလေ...။ ရေးမလို ဇာတ်ကို “တည်” ကြည့်နေတုန်း :)

မယ်ကိုး said...

စာလာဖတ်ပေးတဲ့သူအားလုံး ကျေးဇူးပါနော်။
ခြွင်းချက်ကတော့ ကဗျာနုနုလှလှတွေ ရေးတတ်တဲ့ ကဗျာဆရာကိုလင်းဒီပ ပါ ( စိတ်ပုတ်လို့ပါရှင် :D )

ညလင်းအိမ် said...

အစ်မကိုးရေ ... စကားလုံးလေးတွေ သုံးထားတာ တော်တော်ကြီး လှတယ် ...

Anonymous said...

ဘယ်လိုမှ သဘောမထားနဲ့နော်..

မနက်ခင်း ” ဆိုတာ စကားပြောမှာပဲ ရှိတယ်။
ရေးရင် “ နံနက်ခင်း ” လို့ ရေးရပါတယ်။

သတိပေးတာပါ ခင်ဗျာ။ မကျေနပ်ရင် ဖျက်နိုင်ပါတယ်။

မယ်ကိုး said...

ဟုတ်ကဲ့ anonymous ရှင်...ခုလို စေတနာထား အချိန်ပေး အကြံပေးတဲ့အတွက် အထူးပဲ ကျေးဇူးတင်ပါတယ်။

ကျွန်မက မနက်ခင်း ကို စကားပြောမှာမို့ သုံးစွဲခဲ့တာ ဖြစ်ပါတယ်။ စကားပြေကို စကားပြောဟန်နဲ့ပဲ ရေးတယ်ဆိုပေမယ့် စကားပြေရေးရင်တော့ နံနက်ခင်းလို့ပဲ ရေးပါတယ်ရှင်။

ခုလိုစေတနာထား ဝေဖန်ပေးတဲ့အတွက် အထူးကျေးဇူးတင်ကြောင်း ထပ်မံပြောကြားပါရစေရှင်။

ဝက်ဝံလေး said...

မ စာတွေ စုပြီးလာဖတ်တာ အရင်နေ့တွေက မအားလို့ ကမန်းကတန်းလဲ မဖတ်ချင်တာကြောင့်ရယ်ပါ
----
စကားလုံးတွေက အရင်ကလိုပဲ ထိ တုံးပါပဲ
သေချာဖတ်လေ ထိ လေပဲ
ထူးပြီးတော့ မချီးမွန်းတော့ဘူးနော် ကိုယ့်အမကို
အမြဲလေးစားလျက်.......

နေ့အိပ်မက် said...

မမ ညားတဲ့ဇာတ်လမ်းရေးတဲ့နေ တမီးတိုတိုထိုးမယ် :P

Anonymous said...

ဒီလိုစာကောင်းလေးတွေ မယ်ကိုးဆီမဖတ်ရတာကြာပီ..
စာတွေရေး ပါအုန်း ။စောင့်မျှော်လျှက်...