15 August 2010

“ခက်ရာခက်ဆစ် မျှော်လင့်သောမြစ်”




သူ့ဆီက ကျွန်မအလိုချင်ဆုံးအရာမှာ ယောက်ျားကောင်းတစ်ယောက်ရဲ့ ကတိစကား မဟုတ်ပါ။ ယိုင်နဲ့တိမ်းညွတ်မှုတွေ ကင်းစင်ကာ တည်တံ့ခိုင်ခံ့တဲ့ ချစ်သူတစ်ဦးရဲ့ ချစ်ခြင်းမေတ္တာသာ ဖြစ်ပါတယ်။
……………………………………………………………………………………………………………………

ခက်တာက မောင်ကျွန်မကို လိုအပ်သလားလို့ ထင်ယောင်မှားနေမိတာဖြစ်ပါတယ်။ဘယ်လိုလုပ်ရမလဲ။ကျွန်မ ထွက်ပြေးဖို့ကြိုးစားတိုင်း ဒီကြိုးတစ်ချောင်းက လာလာတားနေတယ်လေ။“ မရူးစမ်းပါနဲ့ အသက်ရာ …ဒါတွေဟာ ခဏလေးပဲဆိုတာ သိတယ် မဟုတ်လား”တဲ့။

ခဏလေး။
ခဏလေးဟုတ်လား။
အဲဒီခဏလေးအတွင်းမှာ ကျွန်မ ဘယ်နှစ်ခါအသဲကွဲပြီးပြီလဲ ဆိုတာ မောင်မသိ။ မောင်နားမလည်။ မောင် ဘယ်လို ကိုယ်ချင်းစာမှာလဲလေ။ “ခဏလေး” လို့ ပြောတဲ့ မောင့်ရဲ့စန်းလာဂ်တက်နေတဲ့ သက်တမ်းဟာ ဘယ်ကာလအထိလဲ။တစ်နှစ်လား။ နှစ်နှစ်လား။

တစ်သက်ထက်မက ကြာမြဲနိုင်တယ်ဆိုတာ လူတိုင်းအသိရယ်။ဖြစ်နိုင်မယ်ဆိုရင် စကြာဝဠာအနန္တက ကျော်ကြာမှုအားလုံးကို မောင့်ထံမှာသာ သိုမှီးပေးချင်သူပါ။ ဒါပေမယ့် အဲဒီကျော်ကြားမှုဒဏ်ကို ကျွန်မ ကြံ့ကြံ့မခံနိုင်ဘူးလေ။ ကျွန်မရဲ့ နှလုံးသားအလွှာဟာ ထင်မှတ်ထားတာထက် ပိုမိုပါးလွှာနေပါတယ်။

ဒါဟာ ဝဋ်ကျွေးပဲ ထင်ပါရဲ့။
ကျွန်မမှာ နောက်ထပ်ရင်ကွဲရမယ့် အရေးတွေကို မြင်ကာ မတ်မတ်ပင် မရပ်နိုင်တော့ပါ။ ကျွန်မရဲ့ အကုသိုလ်ကံဟာ ဒီလောက်တောင်ကြီးသလားကွယ်။ တရေးနိုးမှာပင် ပြန်အိပ်လို့မရ။ ဒီအချိန်ကျမှ ဖုန်းဆက်တတ်တဲ့ မိန်းကလေးတစ်ချို့ရဲ့ အကြောင်းကို မောင့်ဆီက ကြားရပြီးကတည်းက။

“ဒီမှာ အမျိုးသမီးလေး… ဘာမှ နှိုင်းယှဉ်စရာမလိုဘူး။ ကိုယ်ဟာ မင်းရင်ထဲက ချစ်သူ။ သူတို့အတွက်တော့ ကိုယ်က အရုပ်တစ်ရုပ်ပဲ။ ဒီအရုပ်ကလေးကို ကစားရတာ ငြီးငွေ့သွားရင် နောက်တစ်ရုပ်ကို မျက်စိကျမှာပဲ” မောင်ပြောတဲ့ တရားသဘောတွေဟာ နားလည်ပြီးသားပေမယ့် သိမှတ်မှုက တခြား။ ရရှိခံစားနေရတာက တခြား။ တကွဲတပြားစီရယ်။

ကျွန်မထက် အစစအရာရာ ပြည့်စုံသာလွန်တဲ့ မိန်းကလေးများရဲ့ ပွင့်လင်းရဲတင်းသော စွဲဆောင်မှုတွေကို မဆိုလိုပါ။ ကျွန်မ ရင်မဆိုင်နိုင်ပဲ မောင့်ဆီက ထွက်ပြေးချင်စိတ်တွေ ပိုမိုသည်းထန်လာအောင် စွမ်းဆောင်နိုင်တာက ထိုမိန်းကလေးများရဲ့ နူးညံ့သိမ်မွေ့သော နှလုံးသားများသာ။

ကျွန်မက သူတို့လောက် မောင့်အပေါ်မှာ နှစ်သက်မြတ်နိုးမှုမရှိဘူးလို့များ မောင်တွေးမိမလားရယ်လို့ စိုးရိမ်အားငယ်ကာ။ ဒါပေမယ့် ကံကောင်းတယ်လို့ သတ်မှတ်ရမလား။ ကံဆိုးတတ်လို့ ဆိုနိုင်သလား။ အံ့ဖွယ်ရာဖြစ်လောက်အောင် မောင်က နားလည်ခဲ့တယ်လေ။

“သူတို့ ချစ်တာ ကိုယ့်ကို အပေါ်ယံကြည့်ပြီး ချစ်တာပါ။ အသက်လောက် ဘယ်သူကမှ ကိုယ့်အပေါ် အရှိအတိုင်းမြင်ပြီး ချစ်နိုင်တာ မဟုတ်ဘူး” တဲ့။ မောင်ဘယ်လိုပဲ နှစ်သိမ့်ပေမယ့် ကျွန်မရဲ့ ဝမ်းနည်းနာကျင်မှုတွေက ပြယ်လွင့်မသွားပါ။
“ မဖြစ်နိုင်တာ မောင်ကလဲ …. သူတို့ ချစ်မှာပါ။ မောင်က ဒီလောက် ချစ်ဖို့ကောင်းတာ”။ မောင်က သဘောတကျ ရယ်မောကာ။ “ ဒီမှာ ဒေါ်အသက်ကလေး။ ခင်ဗျားရည်းစားကို ခြောက်ပြစ်ကင်း သဲလဲစင်များ အောက်မေ့နေသလား” တဲ့။

မောင် သူတော်စင်မဟုတ်ဘူးဆိုတာ ကျွန်မ သိပါတယ်။ ဒါပေမယ့် ချို့ယွင်းချက်နာကင်းတဲ့ လူရယ်လို့ ရှိလို့လားကွယ်။ ရင်ထဲက အပူလှိုင်းတွေဟာ စက္ကန့်နဲ့အမျှ ကျယ်ပြန့်ပြင်းထန်လာနေပြီ ဖြစ်ပါတယ်။ နှုတ်နည်းဆွံ့အသူမို့ တီတီတာတာတွေဆိုလို့ မချွဲနွဲ့တတ်။ မိုးခြိမ်းသံတွေနဲ့ ပြိုကျလာတတ်တဲ့ တာဝန်တွေအကြားမှာ မောင့်အရိပ်လေးကိုပင် မျှော်ငေးခွင့်နည်းပါး။

ကျေးဇူးပြုပြီး နားချပေးပါ။ ညှိနှိုင်းဖျောင်းဖြပေးပါ။
ကျွန်မရဲ့သောကတွေဟာ သိပ်ကို လွန်ကဲနေပြီလားဆိုတာ။ အမျိုးစုံလင်တဲ့ ဆက်သွယ်မှုနည်းစနစ်တွေကတဆင့် အချိန်မလပ်ရောက်လာတတ်တဲ့ သူတို့ရဲ့ ချစ်ခြင်းတရား နူးညံ့လှပမှုများ၊ ကြည်နူးမွေ့လျော်ဖွယ် တန်ဆာခြယ်ထားတဲ့ အထင်ကရ တိုက်ဆိုင်မှုများ၊ ကယုကယင် ရင်ခုန်စေတဲ့ လွမ်းမောစရာ ကိုယ်ရောင်ပြမှုများ။

ပြောပါဦး မောင်ရယ်။
မောင် ဘယ်လို နှလုံးသားနဲ့များ ဥပေက္ခာ ပြုထားသလဲကွယ်။ မောင့်ရဲ့ ကိုယ်ကျင့်သိက္ခာကို မယုံကြည်လို့ မဟုတ်ပါဘူး။ ကျွန်မကိုယ်တိုင်က သိမ်ငယ်အားနည်းလွန်းတာ ထင်ပါရဲ့။ “ကျွန်မကို ထားခဲ့ပါတော့ မောင်ရယ်။ ကျွန်မက မောင့်ကိုပျော်ရွှင်မှုတွေ ဆောင်ကြဉ်းပေးနိုင်တဲ့ မိန်းမ မဟုတ်ပါဘူး”

ဒီလို ပြောလိုက်တိုင်း မောင် ဆူပွက်ပေါက်ကွဲတတ်တာ သိပေမယ့် မခံမရပ်နိုင်အောင် နာကျင်လာတော့လည်း ပွင့်အံမိတော့တာ။ တကယ်လည်း ဆက်လက်သည်းခံနိုင်စွမ်း မရှိတော့ပါ။မောင့်ဆီကို တိုးလည်း မသွားရဲ။ ကျောလည်း မခိုင်းနိုင်နဲ့ ကျွန်မရဲ့ နှလုံးသားတွေဟာ လမ်းခုလတ်မှာ မွမွကြေကာ အားပြတ်နေပြီ ဖြစ်ပါတယ်။ ကျွန်မ မျက်မမြင်၊နားမကြား ဖြစ်နေရင်လည်း ကောင်းသားလေ။ မောင့်ရဲ့စန်းဇာတာ အရှိန်လျော့သွားတဲ့အထိပေါ့။

မောင့် အပြုံးတွေက ကျွန်မတစ်ဦးတည်းအတွက် မူပိုင်မဟုတ်တော့တဲ့နောက်မှာ… ကျွန်မ ဘယ်လိုစွမ်းအားနဲ့ ခက်ခက်ခဲခဲ အသက်ရှုနေရလဲ ဆိုတာ မောင် ယောင်ယမ်းပြီးတောင် တွေးကြည့်မိရဲ့လားကွယ်။ သဝန်တိုတာ မဟုတ်ရပါဘူး မောင်ရယ်။ ကျွန်မရဲ့ ခံနိုင်ရည်ဟာ ဆိုးဆိုးရွားရွားကို နိမ့်ကျပါးလျနေပြီ ဖြစ်ပါတယ်။

ဟောဒီမှာ။
ရှိုက်သံတွေ။
မောင်ဘယ်တော့မှ မကြားနိုင်။
မောင်ဘယ်တော့မှ နားမလည်နိုင်။
မောင်ဘယ်တော့မှ လက်မခံနိုင်။

နောက်ကြောင်းပြန်အတွေးတွေ ယှက်ဖွဲ့လို့ နာကျင်မှုတွေကို ရင်ဝယ်ပိုက်ကာ တိမ်တွေညိုရင်တောင် ကတိမ်းကယိမ်းနဲ့ ငိုချင်နေမိတဲ့ မိန်းမတစ်ယောက်ရဲ့ အဖြစ်တွေ။ မောင်ဘယ်လို ယုံကြည်နိုင်မလဲနော်။

ကျွန်မက သက်မဲ့ရုပ်တုမဟုတ်ဘူးလေ။ ဒဏ်ရာဝနေတဲ့ နှလုံးသားဆီကိုပဲ အိပ်မက်ဆိုးတွေက တဖြုတ်ဖြုတ်ကြွေဆင်းလာနေရာ။ မရေမတွက်နိုင်တဲ့ ဝေဒနာအစိုင်အခဲတွေရဲ့ နင်းခြေမှုအောင်မှာ အသက်ရှုသံလေးပင် တစ်စထက်တစ်စ ယိုယွင်းယိုင်နဲ့ကာ။ ခြောက်ခြားမှုတွေကို မှီတွယ်ရင်း ငိုညည်းသံတွေအတွက် ထားစရာနေရာပင် မရှိတော့ဘူးကွယ်။

ဒီလိုနဲ့…. နေ့စဉ်ရက်စက် စိုရိမ်ခြင်းအပူပြင်းထဲမှာ စုံးစုံးမြုပ်ရင်း ကျွန်မ ယဉ်ယဉ်လေးရူးတော့မယ် မောင်ရဲ့။ တစိမ်းသူတွေ ဘယ်လိုပင် အားပေးပေမယ့် ပြိုလဲခြင်းများစွာနဲ့ ရှင်သန်နေထိုင်လို့ မဖြစ်တော့တာမို့ ရင်ကွဲနာနဲ့ပဲ တရားဝင်ပြောရတော့မှာ။မျက်ရည်တွေရဲ့ ဖိအားပေးမှုနဲ့ ကြေကွဲမှုမနိုင်ဝန်တွေကို ဒီထက်ပိုပြီး မထမ်းနိုင်တော့ဘူးလေ။

ကျွန်မကို အမှိုက်တစ်စလို စွန့်ပစ်လိုက်ပါတော့လေ။ ဘုန်းကံခြင်းမမျှလို့ လမ်းခွဲရတယ်လို့ သဘောထားပါကွယ်။
ကျေးဇူးပြုပြီး ပြောလိုက်ပါတော့နော်။
ကျွန်မမျက်ဝန်းတွေကို စေ့စေ့ကြည့်ပြီး မချစ်တော့ဘူးလို့သာ ပြောလိုက်ပါ မောင်ရယ်။



Moon River
Credit & Copyright: Jay Ouellet
……………………………………………………………………………………………………………………

သူ့ဆီက ကျွန်မအလိုချင်ဆုံးအရာမှာ ယောက်ျားကောင်းတစ်ယောက်ရဲ့ ကတိစကား မဟုတ်ပါ။ ယိုင်နဲ့တိမ်းညွတ်မှုတွေ ကင်းစင်ကာ တည်တံ့ခိုင်ခံ့တဲ့ ချစ်သူတစ်ဦးရဲ့ ချစ်ခြင်းမေတ္တာသာ ဖြစ်ပါတယ်။

……………………………………………………………………………………………………………………

မယ်ကိုး


14 comments:

ywartharlay-ytu said...

ချစ်ခြင်းရဲ့ အနုပညာနောက်မှာ

အဲ့ဒီစွန့်လွှတ်ခြင်းဆိုတဲ့ အနုပညာကပ်ရပ်ပါနေခဲ့တာ

ကျနော်လည်း ခံနိုင်ရည် မရှိဘူးဗျာ

အပြုံးပန်း said...

ချစ်သူတစ်ဦးရဲ့ ချစ်ခြင်းမေတ္တာကိုသာ လိုချင်တဲ့ မိန်းမသားရဲ့ ခံစားချက်ကို ဖွဲ့တာ သက်ဝင်လွန်းတယ်ကွယ်၊
ထပ်တူထပ်မျှ ခံစားဖူးတော့၊

ကိုကိုးအိမ် said...

အမရေ ခံစားချက်လေးတွေကို ရေးသွားတာ ပီပြင်လိုက်တာဗျာ။ အမကိုမှီအောင် အများကြီးကြိုးစားရဦးမယ်ဗျ။ ရေးနိုင်တာကိုလည်း အ၇မ်းလေးစားပါတယ်။ အမဒီထက်မကအောင်မြင်ပါစေ။ အော် ဒါနဲ့ အမစာတွေက အမြဲတမ်းမဖြစ်ပါဘူး စက်တော်တော်များများမှာဖြစ်တာပါ။ ကျွန်တော့်ဘလော့လဲအဲလိုပဲ ဖြစ်ဖြစ်နေလို့ ဘယ်လိုလုပ်ရမှန်းသိသေးဘူးဗျ။ အမသိရင်လည်းပြောပါဦး။ ကျေးဇူး....

ခင်မင်လျှက်
ကိုကိုးအိမ်(မန်းရွှေပြည်)

အမရာ said...

ကျွန်မမျက်ဝန်းတွေကိုစေ့စေ့
ကြည့်ပြီးမချစ်တော့ဘူးလို့သာ
ပြောလိုက်ပါ မောင်ရယ်။။
အဲလိုပဲခဏခဏတိုက်တွန်းမိနေတာလေ..။။

ချော(အစိမ်းရောင်လွင်ပြင်) said...

မိန်းခလေးတိုင်းဟာ ကိုယ့်ချစ်သူက ကိုယ်တစ်ဦးတည်းကိုသာ မြတ်မြတ်နိုးနိုး စွဲစွဲလန်းလန် ချစ်တာကို လိုချင်ကြတာကြီးပါဘဲ..
တစ်ခြားသူတွေဟာ အပျော်ဘဲ ဆိုဆို အရုပ်ဘဲ သဘောထားထား ဘယ်သူမှတော့ ကြည်ဖြူနိုင်မယ် မထင်ပါဘူး
အဲဒီခံစားချက်ကို ကိုယ်ချင်းစာမိတယ်..

WWS said...

အမ အရေးအသားတွေ က အရမ်း ကောင်းတယ်....

မောင်ဘကြိုင် said...

မနေ့ကဖတ်ပြီး မန့်မပေးနိုင်ခဲ့ဖူးဗျာ
ကနေ့မှာလာမန့်ရတယ်း)
ခံစားချက်ပုံဖော်ထုဆစ်ပြထားတာ ဖတ်ရင်း ရင်နင့်ခနဲ့ဖြစ် ဖြစ်သွားတယ်

ခိုင်နုငယ် said...

မောင့်ဆီက ကျွန်မ အလိုချင်ဆုံးအရာမှာ ယောကျာ်းတစ်ယောက်ရဲ့ ကတိသစ္စာ မဟုတ်ပါ။
ယိုင်နဲ့တိမ်းညွတ်မူ့ ကင်းစင်ကာ တည်တံ့ခိုင်ခံ့တဲ့ ချစ်သူတစ်ဦးရဲ့ ချစ်ခြင်းမေတ္တာသာ ဖြစ်ပါတယ်။
အဖွင့်နဲ့အပိတ်လေး..ဂွတ်တယ်။ မမမယ်ကိုး


ခင်မင်စွာဖြင့်
ခိုင်နုငယ်

လင်းဒီပ said...

ခက်ရာခက်ဆစ် မျှော်လင့်မိတဲ့မြစ်ဆီကနေ တသွင်သွင်စီးကျလာစေသား...။

ဝက်ဝံလေး said...

ဘာ မန့်ရမလဲ စကားလုံး ရှာမတွေ့နိုင်အောင်ပါပဲ မ ရယ်

တကယ်ပါ...........
ရင်ဘတ်နဲ့ဖတ်သွားပါတယ်နော်

ညလင်းအိမ် said...

အစ်မရေးထားတာတွေ ကောင်းတယ်ဗျာ ...

နှင်းဟေမာ said...

ကောင်းလိုက်တာ မမကိုးရယ် ... မိမိချစ်သူဆီက တည်တံ့ခိုင်မြဲတဲ့ ချစ်ခြင်းတစ်ခုကို လိုချင်တဲ့ မိန်းမသားတစ်ယောက်ရဲ့ ခံစားချက်လေးက ပေါ်လွင် အသက်ဝင်လှပါတယ် ...။
နေ့စဉ်ရက်ဆက်စိုးရိမ်ခြင်းအပူပြင်းထဲမှာ စုံးစုံးမြုပ်ရင်း ကျမ ယဉ်ယဉ်လေးရူးတော့မယ် ထင်ပါရဲ့ မောင်ရယ် ... ဆိုတဲ့ စာသားလေးက ရင်ကို အလှုပ်ခတ်ဆုံးဖြစ်ခဲ့ပါတယ်
အမြဲ အားပေးလျှက်ပါ

ညီမလေး said...

တချို့ယောကျာ်းတွေက ချစ်ခြင်းမေတ္တာဆိုတာကို တကယ်နားမလည်ဘူး မယ်...။ သူတို့သိတာ၊ သူတို့လိုချင်တာ က ...........

အဖြူရောင်နတ်သမီး said...

စာစုလေး အရမ်းလှတယ် အမရေ...

အစဉ်လေးစားလျှက်..