29 August 2010

နတ်သမီးပုံပြင်ရဲ့ အခြားတစ်ဖက် (Robert Coover's Briar Rose )


ဆွတ်ပျံ့သင်းထုံသောဇာတ်သိမ်းကိုမှ ကြိုလင့်တတ်တဲ့ကျွန်မကို လဲပြိုစေခဲ့သော ရောဘတ်ကူးဗား (Robert Coover) ရဲ့ Briar Rose ။ မေ့ဖျောက်ဖို့ ခက်ခဲ့ပြီ။ ခါးသက်နာကျင်ဖွယ် ပကတိသဘောများ။ ဖြစ်ရပ်မှန်ကို တင်ပြသလို ဆင်တူရိုးမှား အခြေအနေများ။ လက်သင့်ခံဖို့ ခက်ခဲလည်း ဒီပုံပြင်စာအုပ်ကို ကျွန်မ လက်မလွှတ်နိုင်တော့ဘူး။

လက်တွေ့သဘာဝ သဘောတရားတွေ ခင်းကျင်းထားလို့ စာမျက်နှာတိုင်းဟာ ကြမ်းရှနာကျင်စေတယ် ။ ဒါပေမယ့် ပထမစာမျက်နှာမှာပဲ သရော်စာဖတ်လိုက်ရသလို စွဲဆောင်နိုင်ပါတယ်။

(He is surprised to discover how easy it is. The branches part like thighs, the silky petals caress his cheeks. Pg 1)

ဒီနောက်တော့ ကူးဗားဟာ အိပ်ပျော်နေတဲ့ အလှလေး (sleeping beauty) ဆိုတဲ့ ဒဏ္ဍါရီပုံပြင်ကတစ်ဆင့် အိပ်မက်နဲ့ လိုလားမှုတွေရဲ့ သဘောတွေကို ဖြစ်ရပ်မှန်ပုံပြင်ထဲ ထည့်ယက်ပါတော့တယ်။ ကူးဗားက ရက်စက်တာလား။ ဘဝဖြစ်ရပ်မှန်တွေကပဲ ဒီလိုခင်းကျင်းခံရမြဲလား။ မင်းသားလေးအနမ်းနဲ့ နိုးထမှ ကျိန်စာပြေမယ့် မနှင်းဆီလေးရဲ့ ကြမ္မာက မကောင်းလှပါဘူး။

(She dreams, as she has often dreamt, of abandonment and betrayal, of lost hope, of the self gone astray from the body, the body forsaking the unlikely self. Pg -2)

အားလုံးကို အိပ်မက်လိုလို နောက်ခံသံတစ်ခုနဲ့ ချယ်လှယ်ထားပါတယ်။မူလပုံပြင်နဲ့ သံစဉ်တူပေမယ့် မတရားကျင့်ခံရ့ခြင်း၊ ကလေးမွေးခြင်း၊ မယားပြိုင်ထားခြင်း (အနောက်တိုင်းဓလေ့အရ မယားငယ်ထားခြင်း) ၊ ဆင်းရဲဒုက္ခရောက်ခြင်းတို့နဲ့ ပုံပြင်တွေကို အသေးစိတ်ခြယ်မှုန်းလိုက်တဲ့အခါ တုန်လှုပ်ကြေကွဲစရာ ကောင်းလွန်းလှပါတယ်။

ဖြစ်ရပ်မှန်တိုင်းဟာ ဒီသဘောအတိုင်းလား။ ကျွန်မရဲ့ စောဒကတက်လိုစိတ်ကို ကူးဗားက ကြိုတင်တွက်ချက်နိုင်ပြန်ပါတယ်။မနှင်းဆီလေး၊ ဆူးခြုံတောကို ဖြတ်ပြီး သူမဆီလာဖို့ ကြိုးစားနေတဲ့ မင်းသားလေး(တွေ)၊ သူတို့ဆီက ထွက်လာတဲ့ အတွေးများ၊ အိပ်မက်လိုလို နောက်ခံစကားပြောနဲ့ sleeping beauty ကို version ပေါင်း မြောက်မြားစွာရအောင် ပုံဖော်နိုင်ပါတယ်။

ပုံပြင်တစ်ပုဒ်က နောက်တစ်ပုဒ်ကို ပြန်ဖြည်တဲ့ဟန်၊ ရှုပ်ထွေးအောင် စီစဉ်ထားတဲ့ ဇာတ်လမ်းတည်ဆောက်ပုံဟာ မူးယစ်စေပေမယ့် နောက်တစ်ပုဒ်က ဘာဖြစ်ဦးမှာလဲဆိုကာ ဆွဲဆောင်နိုင်နေပြန်ပါတယ်။ ကူးဗားက မူလပုံပြင်ကို ရိုးရာမပျက်အောင် ထိန်းသိမ်းထားချင်ယောင်လည်း ဆောင်ပါတယ်။

အဆက်မပြတ်နှိပ်စက်ညှင်းပန်းခံရတဲ့အကြားက မနှင်းဆီလေးရဲ့ မျှော်လင့်ချက်လေး ပွင့်လန်းနေတာ သနားချစ်ခင်စရာလေးရယ်။ မင်းသားလေးရောက်လာပြီး ဇာတ်သိမ်းတိုင်းဟာ မကောင်းလွန်းတာမို့ ပျော်ရွှင်စွာ အဆုံးသတ်လေသတည်းဆိုတဲ့ နိဂုံးကို ဆုတောင်းမိလောက်အောင် ဖြစ်ရပါတယ်။

ဒါပေမယ့် အမှန်တရားတွေ စိုက်ပျိုးထားတဲ့ စာလုံးတိုင်းဟာ ပကတိမှောင်လွန်းချည့်။ ပုံပြင်တိုလေးတိုင်းရဲ့ အဆုံးသတ်မှာ လက်ခံလိုက်ရတာ နာကျင်ခြင်းတွေ ။ ဒီလိုကြောက်ရွံ့ဖွယ်ကောင်းတဲ့ သီကုံးချက်တွေဟာ ပြင်ပမိန်းမတွေရဲ့ နှိပ်စက်ညှင်းပန်းခံရမှုနဲ့ ပုံပြင်ထဲက မင်းသမီးလေးတွေရဲ့ ရွှေပေါ်မြတင်ခံရမှု ဆိုတဲ့ တံတိုင်းကြီးကို ကွဲအက်သွားစေတာ။

ဒါတွေဟာ ညိုညိုမှိုင်းမှိုင်းဇာတ်သိမ်းအတွက် အလင်းရောင်တစ်စ ဖောက်ထည့်ပေးထားခြင်းလား။ သေချာတာက ကျွန်မ Sleeping beauty မဖြစ်ချင်တော့ဘူး။ ဒါပေမယ့် ပကတိအမှန်တရားကို မတော်လှန်ရဲပြန်ဘူး။ စာအုပ်ကပေးတဲ့ မျက်မှောက်ဘဝဟာ ကျွန်မကို သွေးကြောင်စေပြီ။ လောကကြီးကိုလည်း မဝံ့မရဲကြည့်ဖြစ်ပြီ။ စာကြောင်းတိုင်းလိုလိုက ကျွန်မကို ရင်အခုန် ရပ်စေပြီ။

(It just doesn’t sound right, Rose says. Real stories aren’t like that. Real princes aren’t. Pg. 51)

(No, she insists from the doorway, backing away .You can’t do that. That’s not how stories are. Pg.64)

ဒီစာအုပ်ဖတ်နေစဉ်မှာ သက်ပြင်းဘယ်နှစ်ခါချခဲ့သလဲ ဆိုတာ မမှတ်မိတော့ပါဘူး။ ဒါပေမယ့် ကျွန်မ မျက်နှာမလွှဲနိုင်ခဲ့ဘူး။ ပုံပြင်တိုလေးတွေ ဖတ်ရတိုင်းမှာ အမှန်တရားက တဖြည်းဖြည်းနီးကပ်လာနေပေမယ့် အသိတရားက လက်မခံ ။ မဖြစ်နိုင်ဘူး ထင်နေပြန်ပေမယ့် နောက်ဆုံးကျ ခါးသက်စွာ လိုက်ခံလိုက်ရပြန်။ ဒီသံသရာလည်စေတဲ့ ခံစားမှုတွေဟာ Briar Rose အပေါ် ကျရှုံးရခြင်း အကြောင်းရင်းများ ဖြစ်ပါတယ်။

( တကယ့်ဇာတ်လမ်းဆိုတာ ဒီလိုမဟုတ်ဘူး။ မင်းသားစစ်တွေဆိုတာ ဒီလို မဟုတ်ဘူး။)
စာအုပ်ကပေးတဲ့ အထပ်ထပ်ပဲ့တင်သံ။

စာအုပ်ဖတ်ပြီးသွားတဲ့အခါ ရင်ထဲက ထွက်ကျလာတဲ့ မေးခွန်းက ရိုးရိုးလေးပါပဲ။ မနှင်းဆီလေး တကယ်နိုးထချင်ရဲ့လား ။ ပျော်ရွှင်စွာ ပေါင်းသင်းနေထိုင်ကြလေသတည်းဆိုတာ ဖြစ်နိုင်ရဲ့လား…။

ကျွန်မ သိချင်လွန်းလှပါတယ်။…။




စာကြွင်း : (စာရေးသူရဲ့ deconstruction စာရေးဟန်ကြောင့် ဒီစာအုပ်ဟာ postmodernism နဲ့ metafiction (http://en.wikipedia.org/wiki/Metafiction ) ပရိသတ်တွေအကြား ရေပန်းစားပါတယ်။

10 comments:

ရွှေရတုမှတ်တမ်း said...

မယ်ကိုး... နေကောင်းလား၊ ညည်းစာတွေဖတ်ဖြစ်ပေမဲ့ မန့်လိုက်ရင် တလွဲတွေဖြစ်မှာစိုးလို့ ဘာမှမရေးတာ..
လေးလေးကတော့ ကြီးလေ ပေါလေပဲ....အဟဲ

အိန္ဒြာ said...

ငှားဦး....၊ ပြန်ငှားမယ်
Sylvia Plath ရဲ့Letters Home

မငိုကြေး

ချစ်တဲ့

အမရာ said...

စာလာဖတ်တာပေါ့....

ချော(အစိမ်းရောင်လွင်ပြင်) said...

မယ်
မင်းသမီးလေးက အိပ်ပျော်နေတာထက်စာရင်တော့
လောကကြီးကို ဆိုးဆိုးကောင်းကောင်း လက်တွေ့ကျကျ ရင်ဆိုင်လိုက်တာက သူ့အတွက်ပိုလို့ကောင်းမယ် ထင်ပါတယ်..
ပျော်စရာဆိုရင်လဲ သူစိတ်ချမ်းသာမယ်
စိတ်ညစ်စရာဆိုရင်လဲ အတွေ့အကြုံတွေ ရသွားမယ်ပေါ့နော်....
အမေ့အတွက် ဆုတောင်းလေးအတွက် ကျေးဇူးအထူးနော်...

နှင်းဟေမာ said...

ရောက်တယ် မမကိုး ... ပုံပြင်စာအုပ်လေးက စိတ်ဝင်စားဖို့ကောင်းတယ် ဖတ်ချင်လိုက်တာ
နှင်း

မောင်ဘကြိုင် said...

အယ် ဒီတပုဒ်က မြင့်သလိုပဲ ကျွန်တော်မမှီဖူးဗျာ
ဖတ်တော့ဖတ်တယ် ဆုံးအောင် ထပ်ဖတ်တယ် သေချာ တယ် ကျွန်တော်လိုနေတား)

မယ်ကိုး said...

စာလာဖတ်သူများအားလုံး ကျေးဇူးအထူးပါရှင်။ ကိုဘကြိုင်မမှီလို့မဟုတ်ပါဘူး ။ကျွန်မ review ရေးတာ လိုသွားတာပါ။ ဝေဖန်ဖတ်ရှုပေးတဲ့အတွက် အထူးကျေးဇူးပါ။

လသာည said...

မယ်ကိုးရေ..

ရေးတတ်တာလည်း လွန်ရော။ မယ်ကိုးရေးတဲ့ စတိုင်လေးကို ကြိုက်တဲ့သူဆိုတော့လည်း review ရေးတဲ့ဟန်တောင် ကြိုက်သွားတယ်။ မူရင်း စာသားလေးတွေနဲ့ ကိုယ့်အတွေးကို ဆက်စပ်သီကုံးထားတဲ့ review..။ တော်လိုက်တာ.. ဒါလည်းပဲ ပါရမီပဲပေါ့ ညီမလေးရယ်..။

ကျန်းမာရေး ဂရုစိုက်။ ဘာတွေ ညာတွေ ဟိုတွေ ဒီတွေ လျှောက်မတွေးနဲ့.. ။ လောလောဆယ် အနားပေးထားရအောင် <3

ကြယ်သောကြာ said...

မရောက်ဖြစ်လို့မဖတ်ရသေးတာတွေများနေတာကလွဲရင် အရင်လို တွေးပေးရတုန်းပါဘဲ ကြိုက်ပါတယ် Robert Coover စာအုပ်တွေ တွေ့မိပေမယ် မဖတ်ဘူးသေးပါဘူး ပြန်ရှာပြီး ဖတ်ကြည့်ဖို့အတွက်လည်း ဆွဲဆောင်နေသလိုပါဘဲ
ခင်မင်မှု့ဖြင့်

အရိပ်ကလေး said...

မယ်လေး စာတွေလာအားပေးတာ..
မောင်ဘကြိုင်ပြောသလိုပဲ ဟီး လိုနေသေးတယ်
သိပ်လိုက်မှီဘူးညလေးရ..
ဒါပေမယ့်ထပ်ဖတ်ကြည့်ဦးမယ်နော်..
မယ့်အရေးလေးတွေကိုက သဘောကျစရာလေးရယ်..
ချစ်တဲ့..မမ