05 September 2010

အသတ်ခံရသော (She came to stay )



ဆီမွန်ဒီဘူးဗွား (Simone de Beauvoir) ရဲ့ She Came to Stay စာအုပ်ကို ဖတ်ဖို့ ဆုံးဖြတ်ခိုက်မှာပဲ “မဖတ်နဲ့" လို့ မောင်က ပြောခဲ့တာ အမှတ်ရပေမယ့် ရာသက်ပန်လက်တွဲခဲ့ကြတဲ့ ဖြစ်တည်မှုဝါဒ ဒဿနပညာရှင် စာရေးဆရာ ယန်းပေါဆာ့တ် (Jean-Paul Sartre) နဲ့ ဒီဘူးဗွားရဲ့ အချစ်ဇာတ်လမ်းကို စိတ်ဝင်စားလွန်းခဲ့တယ်။ ဒီဘူးဗွားရဲ့ ကျောင်းသူ အောလ်ဂါ Olga Kosakiewicz ( and Wanda Kosakiewicz ) က သူတို့ဘဝထဲကို ရောက်လာတဲ့အခါ ပွင့်လင်းတဲ့အချစ်ကို လက်ခံထားတဲ့ချစ်သူနှစ်ဦးဟာ ဘယ်လိုဖြေရှင်းပြီး ဆက်လက်ချစ်သွားတယ်ဆိုတာ ကျွန်မစူးစမ်းလိုခဲ့တာ။

ဘူးဗွားရဲ့ သြဇာလွှမ်းမိုးပြီး ကျွန်မ အစွန်းရောက်မိန်းမဝါဒီ ဖြစ်သွားမှာကို မဟာပုရိသဝါဒ အပြည့်အဝနှလုံးသွင်းထားတဲ့ မောင်က စိုးထိတ်ခဲ့ပုံပါ။ ဒါပေမယ့် ဝတ္ထုကတော့ မိန်းမဝါဒီအခြေပြုမဟုတ်ဘဲ ဒုတိယကမ္ဘာစစ်နှောင်းပိုင်းမှာ တည်ထားတဲ့ ဇာတ်ဖြစ်ပြီး ဇာတ်ကောင်အားလုံးရဲ့ စိတ်ထဲမှာ ဘဝနဲ့အချစ်မေးခွန်းတွေ လှုပ်ခတ်နေခဲ့တယ်။ ဖြစ်တည်မှုဝါဒသဘောတရားတွေ အပွင့်ကျဲကျဲဖောက်ထားတဲ့ လူ့စရိုက်သရုပ်ဖော် စာအုပ်သာဖြစ်ပါတယ်။

ပီယဲ (Pierre), ဇက်ဗျာ (Xavière) နဲ့  ဖရန်ဆွားဇ် (Françoise) ရဲ့ ခိုင်မာသလိုလိုနဲ့ မရေမရာတဲ့ သုံးပွင့်ဆိုင်အချစ်ရဲ့ ရောင်ပြန်ဟာ တစ်ဖျတ်ဖျတ်လက်လွန်းလို့ ကျွန်မရဲ့မျက်ဝန်းတွေကို ကျိန်းရှစေခဲ့တယ်။ မျက်ရည်ကျစေလောက်အောင်ရယ်။ ကျွန်မတို့အဖြစ်နဲ့ မတူလွန်းဘူးလားဟင်လို့တောင် မောင့်ကို မေးချင်စိတ်ပေါ်လာခဲ့။

၁၉၄၃ မှာ ထုတ်ဝေခဲ့တဲ့ ဒီစာအုပ်ကို ဘူးဗွားရဲ့ အတ္ထုပတ္တိတစ်စိတ်တစ်ပိုင်းအဖြစ် သတ်မှတ်ကြတဲ့စာအုပ်ဟာ သူမတို့ရဲ့ ရှည်ကြာခိုင်မြဲတဲ့ ဆက်ဆံရေးကို ဖျက်လိုဖျက်ဆီးလုပ်ချင်သော အောလ်ဂါကို လက်စားချေဖို့ ရေးခဲ့တာလို့ ဆိုပေမယ့် ကျွန်မအတွက်တော့ သူမအကြောင်းကို စာတစ်လုံးရေးဖို့ပင် ခက်ခဲလွနှ်းနေခဲ့။ ဘူးဗွားက သူ့သဘောထားတွေကို စိတ်ရှင်းရှင်းနဲ့ရေးနိုင်ပေမယ့် ကျွန်မအတွက်တော့ လောကဝတ်တရားတွေနဲ့ ပိကျလေးလံနေခဲ့တာ။

သူမကို မုန်းတယ်လို့တောင် ကျွန်မ တရားဝင်မဖွင့်ဆိုနိုင်ပါဘူး။ မုန်းရတာ ရှက်စရာလို့ ခံစားမိတယ်။ ဒါဟာ သေးသိမ်စိတ်ကို အမြင့်ဆုံးတင်ပြတာဖြစ်လို့ အနေခက်လှတယ်။ ကျွန်မ သူမကို မနှစ်လိုဘူး။ ဒီလောက်ပြောရတာလည်း နာကျင်စေပါတယ်။ ကျွန်မဟာ သူတော်ကောင်းဖြစ်ချင်တယ်။ သူတပါးကို မကောင်းဆိုရတာ ရွံစရာအကောင်းဆုံး အလုပ်ပါပဲ။

စိတ်ထားမြတ်သူပဲ ဖြစ်ချင်သူပါ။ နှုတ်ကလေးပိတ် တိတ်တိတ်ကလေးပဲ ပြုံးနေချင်တာ။ ဒီစာအုပ်ကို မဖတ်ဖြစ်ဘူးဆို နောက်ဘဝကူးတဲ့အထိ ကျွန်မ ဖွင့်ဆိုဖြစ်မှာ မဟုတ်ပေမယ့် ဖတ်မိတဲ့အခါ ရဲဆေးတစ်ခွက်သောက်ခွင့်ရသလိုရယ်။ သူမ၊မောင်နဲ့ ကျွန်မရဲ့ အကြောင်းကို ရင်ဖွင့်ချင်မိတယ်။ ကျွန်မက ကျော်ကြားသူမဟုတ်တာမို့ စကားလုံးတွေဟာ သူမအပေါ် မသက်ရောက်ဘူးလို့ ခိုင်မာယုံကြည်သလို ကျွန်မရဲ့ တိုင်တည်ရာအဖြစ် တည်ဆောက်နိုင်မယ်။ တနည်းအားဖြင့် ဒဏ်ရာတွေ ဖြေလျော့သွားမယ်လို့ တစ်ကိုယ်ကောင်း ကြံမိတယ်။ ပြည့်လျှံနေတဲ့ ခါးသီးမှုတွေကို စောင်းငဲ့ သွန်ချကြည့်ချင်တယ်။

စတင်ပြီး သစ္စာဆိုရမယ်ဆို  ဖရန်ဆွားဇ်နဲ့ ကျွန်မရဲ့ အခြေအနေဟာ မူလအစမှာတော့ ခြားနားနေပါတယ်။  ဖရန်ဆွားဇ်က ဇက်ဗျာ (အောလ်ဂါ) ကို သူမဘဝထဲ ဝင်ခါစ မှာ လှိုက်လှိုက်လှဲလှဲကြိုဆိုခဲ့ပေမယ့် ကျွန်မဖက်မှာတော့ သူမက မောင့်ဆီကိုသာ ဦးတည်ခြေလှမ်းခဲ့တာလေ။

ဝတ္ထုထဲမှာ  ဖရန်ဆွားဇ်က ကဇာတ်ရုံရဲ့ စာရေးဆရာမဖြစ်ပြီး ပီယာက ကဇာတ်ရုံရဲ့ ဒါရိုက်တာနဲ့ သရုပ်ဆောင်ဖြစ်ကာ တစ်ယောက်က တစ်ယောက်ရဲ့ တစ်စိတ်တစ်ဒေသဖြစ်လောက်အောင် သိပ်ချစ်ကြသူတွေ ဖြစ်ပါတယ်။ အားလုံးသိပြီးသလို အတွေးအခေါ်မြင့်မားကြတဲ့ ဖရန့်စ်ဝါးတို့စုံတွဲဟာ ပွင့်လင်း(အခြားတစ်ယောက်ကို လွတ်လပ်စွာ ချစ်ပြီးတွဲနိုင်)တဲ့အချစ်ရေး (open relationship) တည်ဆောက်ထားပေမယ့် အက်ကြောင်းပေါ်ဖို့ ဖြစ်လာခဲ့ပါတယ်။ ချောမွေ့တဲ့ အချစ်ရေးဆိုတာ မရှိဘူးလို့ ပြောကြတာ အမှန်လားလို့ ယုံချင်မိတော့တယ်။

မောင်နဲ့ ကျွန်မကတော့ နားလည်မှုဆိုတဲ့ စက်ဝန်းနားမှာ ဝေ့ကာဝဲကာပဲ ရှင်သန်ခဲ့ကြတာရယ်။ ပွင့်လင်းတဲ့အချစ်ရေး မဟုတ်သလို ဘယ်အရာနဲ့မှ ချည်နှောင်မထားခဲ့တဲ့ ကျွန်မတို့ကတော့ မုန်တိုင်းမိတဲ့အခါ အလွယ်တကူပဲ ကွဲကွာသွားခဲ့ပါတယ်။ အသက်ကယ်အင်္ကျီမရှိတဲ့ကျွန်မ ပင်လယ်ကြမ်းပြင်အထိ နစ်မြုပ်သွားတယ်လေ။ ဇက်ဗျာက ဖရန်ဆွားဇ်ကို ချစ်သူ ပီယာနဲ့ကွေကွင်းရအောင် ခြိမ်းခြောက်သလိုပဲ သူမက မောင်ရဲ့ အချစ်ကို ဖြားယောင်းယူတဲ့အခါမှာပေါ့ ။

ဒီိလို သုံးနှုန်းရတာ တရားမျှတမှု ရှိရဲ့လားလို့ ပြန်ဆန်းစစ်မိပါတယ်။ ဒါပေမယ့် မလွန်ပါဘူး။ သူမ တကယ်ပဲ မြှောက်လုံးပင့်လုံးတွေနဲ့ မောင့်ကို ထောင်ချောက်ဆင်ခဲ့တာလေ။ နေပါဦး ... မောင်က ကလေးမှ မဟုတ်ဘဲ။ မောင့်မှာ ဆင်ခြင်တုံတရား မရှိတော့ဘူးလားလို့ မေးစရာရှိနိုင်ပါတယ်။ တကယ်တော့ မောင်က ကလေးပါပဲ။ တကယ့် ကလေးလေးသာရယ်။

မောင့်မတော်မရော်လုပ်ရပ်တွေကို စေတနာနဲ့ထောက်ပြမိတဲ့အခါ နာခံနိုင်တဲ့အထိ မောင်မရင့်ကျက်သေးပါဘူး။ သူမရဲ့မျက်နှာလွှဲ လက်ခုပ်တီးတာကိုပဲ မောင်သာယာခဲ့တယ်။ ဒါဟာ ယောက်ျားတစ်ယောက်ရဲ့ မာနပဲလား။မောင့်မနက်ဖြန်တွေ ကြည်လင်ဖို့ပဲ ကျွန်မကြိုးစားနေတာမို့ မောင့်မာနကို ညှိုးခြောက်စေခဲ့သလား။ ဒါကြောင့်ပဲ သူမက မောင့်အချစ်ကို ပျိုးယူသွားနိုင်ခဲ့တာလား။ တနည်းအားဖြင့် သွေးဆောင်နိုင်ခဲ့သလားလို့ ရက်ရက်စက်စက် စွပ်စွဲချင်လိုက်တာ။

ချစ်ခြင်းကြောင့် ကျွန်မရဲ့ အမြင်တွေကန်းခဲ့သလို အကောင်းမြင်စိတ်တွေဟာ ခြေမွဖျက်ဆီးခံရတာ ကြာခဲ့ပါပြီ။ တနည်းအားဖြင့် ကျွန်မရဲ့ အဖြူရောင်မျက်နှာဖုံးကွာကျခြင်းလို့လည်း သမုတ်နိုင်သေးရဲ့။ နှစ်ဖက်တီးမှ မြည်တဲ့ လက်ခုပ်ကို ရှောင်လွဲဖို့ ထွက်ပေါက်ရှာခြင်းလည်း ဖြစ်ပါလိမ့်မယ်။ ဒါပေမယ့် မောင့်ကို သိပ်ချစ်လို့ ကာကွယ်မိတာပါလို့ ကိုယ့်ကိုကိုယ်လှည့်စားမိဦးမယ်။

ပြီးတော့ ကျွန်မ သူမကို နားမလည်နိုင်ခဲ့ပါဘူး။ ဇက်ဗျာက အသက်၁၇၊ ၁၈ သာ ရှိသေးတာမို့  ဖရန်ဆွားဇ်ရဲ့ ရှည်ကြာခိုင်မြဲတဲ့ ချစ်ခြင်း နဲ့ နေရာကို အားကျမနာလိုစိတ်နဲ့ ရယူလိုစိတ်ရှိခဲ့တာ သည်းခံနိုင်ပေမယ့် သူမက သက်ဆိုင်သူရှိမောင့်ကို ဘာကြောင့်လုယူဖို့ကြိုးစားခဲ့သလဲလို့ အဖြေရှာကြည့်တိုင်း အမျက်မပြေနိုင်ပါဘူး။ ချစ်လို့ပေါ့လို့ ဆင်ခြေဆိုခဲ့ရင် ကျွန်မအတွက် အကောင်းဆုံးဟာသဖြစ်မှာပဲ။ သူမဟာ မောင့်ကို အသုံးချဖို့ ချဉ်းကပ်ခဲ့တယ်လို့ စွပ်စွဲမိဦးမယ်။

ဖရန်ဆွားဇ် (ဘူးဗွား)ကို ကျွန်မ အပြည့်အဝ ကိုယ်ချင်းစာနိုင်လည်နိုင်ခဲ့တယ်။ ဒါကြောင့်  ဖရန်ဆွားဇ်ရဲ့ ဇက်ဗျာအပေါ် ထားတဲ့ အမုန်းလောက် ကျွန်မရဲ့ သူမအပေါ် စိတ်ထားဟာ မပြင်းထန်ခဲ့ပေမယ့် မသေးငယ်ခဲ့ဘူးဆိုတာ နာနာကျင်ကျင်ပဲ ဝန်ခံရတော့မယ်။ ဒါပေမယ့် ဇာတ်အစမှ ဖရန်ဆွားဇ်လိုပဲ ကျွန်မဟာ သူမကို အကောင်းမြင်ဖို့တောင် ကြိုးစားခဲ့ပါသေးတယ်။

ပြီးတော့  ဖရန်ဆွားဇ်ရဲ့ အချစ်မှအမုန်း၊ မနာလိုခြင်းမှ စိတ်ညှိုးအားငယ်ခြင်း၊ တည်ကြည်ယုံကြည်နေခြင်းမှ အမျက်ဒေါသတွေအဖြစ် မပြတ်မသားပြေးလွှားနေကြတဲ့ ခံစားချက်တွေကိုနောက် ကျွန်မ မျက်ခြေမပြတ်လိုက်နေမိတယ်။  ဖရန်ဆွားဇ်ရဲ့ အရိပ် ကျွန်မဟာ လူသားတစ်ယောက်ရဲ့ စိတ်ဖောက်ပြန်ခြင်း ခေါင်းစဉ်မှာ အထင်ရှားဆုံး သာဓကပါပဲ။ ကျွန်မရဲ့ စွန့်လွှတ်အရှုံးပေးလိုစိတ် ၊အနိုင်ပိုင်းဂလဲ့စားချေစိတ် ၊ လျစ်လျူရှုပြတ်သားလိုစိတ်၊ ရယူပိုင်ဆိုင်လိုစိတ်၊ သူတော်ကောင်းဖြစ်ချင်စိတ်၊ မုန်းတီးနားကျည်းစိတ်တွေဟာ ဒွေးရောယှက်တင်ဖြစ်နေခဲ့ပါတယ်။

ဖြစ်သမျှအလုံးစုံမှာ တစ်ဖက်သတ်အမြင်မှားလို့ ဆိုနိုင်စရာ ပုံရိပ်လွှာများစွာ ဖရန်ဆွားဇ် နဲ့ ကျွန်မတို့ ရရှိခဲ့ကြတာ။ သက်သေတစ်ခုက ဇက်ဗျာနဲ့ သူမဟာ ဖရန်ဆွားဇ် နဲ့ ကျွန်မကို အနေခက်အောင် ပြောကြတဲ့အခါမှာပေါ့။ ဖရန်ဆွားဇ် က အငှားကားပေါ်မှာ မျက်နှာကို ခြယ်သတော့ ဇက်ဗျာက သူ လူမြင်ကွင်းမှာ အလှမပြင်တတ်ဘူးလို့ ပြောခဲ့တယ်လေ။

“Excuse me for one moment. I feel a little untidy and I don't like making up my face in public.”
....
Françoise's eyes followed her. “She said that deliberately because I powdered my face in the taxi,” she thought. ( Pg.46 )

ဒီလိုအသေးအမွှားလေးတွေကို စာဖွဲ့ရတာ ရှက်ရွံ့နာကျင်စရာကောင်းပေမယ့် ကျွန်မလည်း ပြောကြည့်ချင်သေးရဲ့။ မောင် ၊ သူမ နဲ့ ကျွန်မတို့ ဘူဖေးစားကြတုန်းကပေါ့။ စိတ်ပါလက်ပါစားနေတဲ့ ကျွန်မကို ကြည့်ပြီး “ကိုယ်ကတော့ အစားအသောက်ကို ချင့်ချိန်ပြီးပဲ စားတတ်တယ်။ လောဘမကြီးဘူး” လို့ ပြောခဲ့တာရယ်။ သူမ ဘာပြောပြော သဘောကျတတ်တဲ့ မောင်က ရယ်နေခဲ့ပါတယ်။

ယောက်ျားလေးဆန်ဆန်နေတတ်တဲ့ သူမဟာ ရိုးသားဖြူစင်တယ်လို့ နာမည်ကျော်ပါတယ်။ ဒီလို ထိခိုက်နာကျင်စေတဲ့ ပွင့်လင်းမှုကို မကြိုဆိုနိုင်တဲ့အတွက် သဘောထားသေးတယ်လို့ စွဲချက်တင်ရင်လည်း ကျွန်မ ခေါင်းငုံ့ခံဦးပါဦးမယ်။ ဒါပေမယ့် ကျွန်မ ကြိုးစားပြုံးရယ်ခဲ့ပါတယ်။ ကျွန်မ မျက်နှာပျက်သွားရင် မောင်အနေခက်သွားမှာ စိုးခဲ့မိတာ။

တရားချပါဦး။ သူမဖက်က ကြည့်တော့ လက်ဖမိုးလို့ ပြောနိုင်တဲ့လောကကြီးမှာ ဘယ်အရာဟာအမှန်တရားလဲ။ ဇာတ်လမ်းတစ်လျှောက်မှာ ဖရန်ဆွားဇ်က ဇက်ဗျာကို လူကြီးပီပီသသ၊ ရည်ရည်မွန်မွန်ဆက်ဆံခဲ့ပေမယ့် ကျွန်မကတော့ သူမကို ဟန်ဆောင်ပြုံးဖို့ပင် အပြင်းအထန်ပြင်ဆင်ခဲ့ရတာ အမှန်ပါ။

ရင့်ကျက်သူ ဖရန်ဆွားဇ်ကတော့ open relationship တည်ဆောက်ထားသူပီပီ ဇက်ဗျာကို ပီးယဲက ချစ်ချင်ရင် ချစ်နိုင်တယ်လို့တောင် လမ်းဖွင့်စကားဆိုခဲ့တယ်လေ။

“You may even fall in love with her, if you wish,” she said. (Pg. 60 )



သဝန်တိုတတ်သူကျွန်မမှာတော့ သူမက မောင့်ဆံနွယ်တွေကို ထိခတ်ဆော့ကစားတဲ့အခါ အသက်ရှုကျပ်လို့ မနေတတ်အောင် ဖြစ်ရ။ ခါးသီးနာကျင်ရင်း ကိုယ့်ကိုယ်ကိုယ်ပင် စိတ်နာရ။ ကြေကြေကွဲကွဲနဲ့ မောင့်သစ္စာကို မျှော်လင့်ရ။ ဒါပေမယ့် ကျွန်မ မောင့်အပေါ်ယုံကြည်မှု စွဲမြဲခဲ့ပါတယ်။ တကယ်ပါ။ သူမ မောင့်လက်ကို ဆွဲပြေးရင်တောင် မောင်လိုက်ပါသွားမှာ မဟုတ်ဘူးလို့ စိတ်ကူးယဉ်ခဲ့သေးတာ။ သိပ်ရယ်စရာ ကောင်းတယ်နော်။ အားလုံးဟာ ကျွန်မရဲ့ အသိဥာဏ်ချို့တဲ့မှုပါပဲ။

မောင်က ပီးယဲ မဟုတ်ခဲ့သလို ကျွန်မကလည်း ဖရန်ဆွားဇ် မဟုတ်ခဲ့ဘူးရယ်။ သုံးပွင့်ဆိုင် အချစ်ဖြစ်လာတဲ့တိုင်အောင် ပီးယဲဟာ ဖရန်ဆွားဇ်ရဲ့ ခံစားချက်ကို ငဲ့ကြည့်ခဲ့တယ်လေ။ ချစ်ခြင်းမှအစ အရေးပါတဲ့အရာမှန်သမျှကို မထိခိုက်မဖျက်ဆီးနိုင်ပါဘူးလို့လည်း အသေအချာပြောခဲ့သေးတာ။
 
“ It can’t spoil anything vital,” said Pierre, “ but the fact is that when I’m worried because of her,I neglect you. When I look at her I don’t look at you.” His voice grew urgent. (Pg. 164)

Simone de Beauvoir & Jean-Paul Sartre,Paris,1929.
 
ဇက်ဗျာကြောင့် ဖရန်ဆွားဇ်ကို လျစ်လျုရှုမိမှာ ပီးယဲက စိုးရိမ်ခဲ့ပေမယ့် မောင်က ကျွန်မကို မစာနာခဲ့ပါဘူး။ မောင်စားချင်တယ်ဆိုလို့ မုန့်ဟင်းခါးချက်တဲ့အခါ သူငယ်ချင်းတွေ အတွက်ပါ ချက်ဖြစ်ပေမယ့် မောင့်ကြောင့်လို့ ခေါင်းစဉ်မတပ်လည်း မောင်နားလည်မှာပဲ လို့အထင်မှားခဲ့မိပါတယ်။ ကံနည်းသူကျွန်မရဲ့ နှုတ်နည်းခြင်းချို့ယွင်းချက်တွေလို့ ဆိုပါဦး။
 
“မင်းစားချင်လို့ ဝယ်လာခဲ့တာ။ မောလိုက်တာကွာ” ဆိုတဲ့ သူမရဲ့ ချိုနွဲ့နွဲ့စကားသံကိုပဲ မောင် သာယာခဲ့တာရယ်။ အဆိုးရွားဆုံးက မောင်က ပီးယဲလို သူ့စိတ်အခြေအနေကို ရှင်းရှင်းလင်းလင်း ပြတ်ပြတ်သားသား နားမလည်ခဲ့ပါဘူး။
 
“ It’s not love that I feel for her : It savours more of superstition. If she resists, I became obstinate, but as soon as I think I’m sure of her ,I became indifferent about her. And if I decide not to see her any more, I know very well that from one minute to the next I’ll stop thinking about her” (Pg. 164)

ဒါတွေဟာ ပီးယဲ ပြောခဲ့တဲ့စကားလေ။

မောင်လည်း အဲဒီလိုဆိုခဲ့ပါတယ်။ “ကိုယ်သူ့ကို မချစ်ပါဘူး။ ခဏစွဲတာပါ။ အခုမျက်နှာလွှဲလိုက်ပြီ။ ပြီးပြီပဲ … မေ့လိုက်ပါတော့ကွာ” တဲ့။ ဒါပေမယ့် ကျွန်မ ဘယ်လို လက်ခံရမှာလဲမောင်။ ဘယ်လို စာနာနည်းလည်ပေးရမှာလဲ။ ဘယ်လိုသည်းခံမှုမျိုးအထိ မောင်မျှော်လင့်ထားတာလဲ။

ကျွန်မတို့ရဲ့ချစ်ခြင်းကို open relationship အဖြစ်သတ်မှတ်ခဲ့တာ မဟုတ်ဘူး။ သစ္စာတရားနဲ့ တည်ထားခဲ့တာပါ။ ဒီစည်းကို ချိုးဖောက်ခဲ့ပြီးနောက် ကြိုးကလေး ပကတိအတိုင်း မြဲနေမယ်လို့ မောင် ယုံမှတ်နေသေးတာ အံ့သြစရာရယ်။
 
ယောက်ျားတစ်ယောက်ရဲ့ နှလုံးသားထဲမှာ အခန်းကန့်အသွယ်သွယ်နဲ့ အချစ်များစွာ သိုမှီးထားတတ်ကြောင်း ကျွန်မ နားလည်ပေမယ့် မိန်းမတစ်ယောက်ရဲ့ အဆင်းရဲဆုံးဒုက္ခဟာ လင်တူမယားရှိခြင်းပဲ ဆိုတဲ့ စကားပုံကို မောင် နားမဝင်ခဲ့ဘူး။ ကျွန်မရဲ့ နာကျင်ခြင်းတွေကို မောင်မစာနာဘူး။ ကျွန်မရဲ့ သောကတွေကို မောင် လက်သင့်မခံဘူးး။ ကျွန်မရဲ့ ကျရှုံးခြင်းတွေကို မောင် မကြင်နာဘူးရယ်။ မောင်….မောင်။ အသက်နှင့်အမျှ ချစ်ရပါသောမောင်ကြောင့် ဘဝတူမိန်းကလေးကို ကျွန်မ အမျက်ထားခဲ့မိလေတာ။

စိတ်ထားကြီးမြင့်ခြင်းဟာ စာဖွဲ့ရာမှာပဲ လွယ်ကူပါတယ်။ ပွင့်လင်းတဲ့ ဆက်ဆံရေးရဲ့ သုံးပွင့်ဆိုင်အချစ်မှာလည်း ဆူးတွေ အပြည့်နဲ့လေ။ ကျွန်မလိုပဲ ဖရန်ဆွားဇ်က သူမအပေါ် မနာလိုဖြစ်မြဲ နူးညံ့ခြင်းအလွှာဖုံးထားတဲ့ ဇက်ဗျာကို မုန်းလှပါသတဲ့။

“... “Yet I did not ask her to love him,” she thought with anger. Xavière had made a free choice. What exactly had she chosen? What sincerity lay beneath her cajolery, her displays of tenderness, her jealousies? Was there indeed any sincerity? Françoise's suddenly felt she was on the verge of hating her: ” (Pg. 249)

ကျွန်မကရော ….။ သူမကို မခါးသီးသင့်ဘူးလား။ မောင့်ကို မနာကျည်းသင့်ဘူးလား။ ကျွန်မရဲ့ ရှေ့တိုးနောက်ဆုတ်ခြေလှမ်းတိုင်းမှာ မောင်အပေါ်ကြောင့်ကြတွေနဲ့ ခြယ်မှုန်းခဲ့တယ်။ ကျွန်မရဲ့ ပြတင်းတံခါးအားလုံးမှာ မောင့်မြင်ကွင်းတွေ ခင်းကျင်းဖို့ပဲ ပြင်ဆင်ခဲ့တယ်။ ကျွန်မရဲ့ ရာသီစက်ဝန်းတွေမှာ မောင့်အိပ်မက်တွေကိုပဲ စိုက်ပျိုးခဲ့တယ်။ မောင်ကရော…. ။ ဒီလို မေးရတာတင် ရယ်စရာကောင်းနေလိမ့်မယ်။ ကျွန်မရဲ့ ရှင်သန်ခြင်း ဖြစ်စဉ်ကို မောင် ဘယ်တုန်းကမှ ထည့်မတွက်ခဲ့ပါဘူး။

ဘူးဗွားရဲ့ကိုယ်ပွား ဖရန်ဆွားဇ်ပဲ ကျွန်မကို နားလည်မယ်ထင်ရဲ့လေ။ အဆင်တူအသွေးတူ ဒဏ်ရာတွေကို သူမလည်း လက်ဝယ်ပိုင်ဆိုင်ထားတာရယ်။ ဥာဏ်ပညာကြီးသူပေမယ့် လူ့သဘောဆိုတာ သီအိုရီနဲ့ တွက်ချက်မရနိုင်စကောင်းဘူးရယ်။  သောကထုထည်အပြည့် လူသားပေသာ။

ရှုပ်ထွေးပွေလီတဲ့ လူ့သဘောကို ထိုးထွင်းမြင်ဖို့ဆိုတာ ခက်ခဲလွန်းပါတယ်။ ပီယဲ ဘယ်လိုခံစားရလဲ။ အကောင်းအဆိုးဟာ ဘယ်အရာလဲ။ သူမကိုယ်တိုင် အစစ်အမှန်ဟာ ဘာလဲ။ ဘာလိုချင်တာလဲ။ အရာအားလုံးကို သူမ ခံမှန်းတွက်ဆရုံသာ တတ်နိုင်တာပ။

Françoise had to guess; she had to guess everything: what Pierre felt, what was good, what was evil, and what she herself really and truly wanted.(Pg. 249)


Simone de Beauvoir & Jean-Paul Sartre,Paris,1929.

ကျွန်မကတော့ မောင့်ခံစားမှုကို ခန့်မှန်းတွက်ချက်ရာမှာ အရှုံးကြီးရှုံးခဲ့သူသာ။ မောင့်ယိမ်းယိုင်မှုကို ခင်မင်မှုလို့ အတွက်မှားခဲ့တယ်။ မောင့်ဖောက်ပြန်မှုကို သဘာဝလို့ ရမယ်ရှာခဲ့တယ်။ မောင့်ငြိတွယ်မှုကို ခဏတာအရောင်ပြောင်းတာလို့ သတ်မှတ်ခဲ့တယ်။ မိန်းမတစ်ယောက်ရဲ့ စုံလုံးကန်းခဲ့တဲ့အဖြစ်ဟာ ရယ်စရာအကောင်းဆုံးပဲနော်။

ဒါပေမယ့် ဖရန်းဆွားဇ်ရဲ့ လောကအမြင်တွေဟာ ကျွန်မကို ဆောက်တည်ရာ ရစေတယ်။ ဖရန်းဆွားဇ်ဟာ ဇက်ဗျာရဲ့ စိတ်ပင်ပန်းစိုးရိမ်မှုမှအစ အန္တရာယ်အဆုံး ဆိုးကျိုးပးခဲ့မှုတွေကို သူမဘဝရဲ့ အခိုက်အတန့်လေးများအဖြစ် လှိုက်လှိုက်လှဲလှဲ လက်ခံခဲ့တယ်လေ။

The weariness,the worries,even the disasters,brought by Xavière when she came to Paris, all these Françoise had accepted wholeheartedly because they were moments of her own life. (Pg 297 )

ကျွန်မအတွက်ကော...။လောကဓံတဲ့လား။ မလဲပြိုသွားအေင် ကျွန်မ ကြိုးစားနေရဆဲ။ အေးဆေးသက်သာ လက်သင့်မခံနိုင်ခဲ့ဘူး။ လမ်းဖွင့်မကြိုဆိုနိုင်သေးဘူး။ ကြေကွဲမှုတွေကို ဇာတ်မသိမ်းနိုင်သေးဘူး။

ဘဝရဲ့ တိုးတောင်းတဲ့ ဖြစ်တည်မှုကို လက်ခံသူဖရန်ဆွားဇ်ကတော့ ပွင့်လင်းတဲ့သုံးပွင့်ဆိုင်နရီကို သာယာစွာ တီးခတ်နိုင်သူဖြစ်တယ်။ ဘယ်အကွက်ကို ရွှေ့ရမလဲဆိုတာ နားလည်သူဖြစ်တယ်။ ဘယ်ခြေညာယိမ်း လှလှပပလှည့်ထွက်လို့ ပီယဲရဲ့မဆုတ်နစ်တဲ့တွယ်တာမှုနဲ့ ပွဲဝင်နိုင်ခဲ့သူလည်း ဖြစ်တယ်။

ဖရန်းဆွားဇ်အပေါ်မနာလိုစိတ်ပြင်းတဲ့ ဇက်ဗျာက့  စတုတ္ထလူကို ကြိုဆိုခဲ့ကြတဲ့အခါမှသာ ရောင်ခြည်တစ်စင်းဟာ ပီယဲအပေါ် ဖြာလင်းတော့တယ်လေ။

“ I feel guilty,” he said. “ I stupidly relied on the good feelings that girl has for me, but there was no question of a stupid little attempt at seduction. We wanted to build a real trio, a well-balanced life for there in which no one would be sacrificed.” (Pg. 296 )

ပွင့်လင်းတဲ့ သုံးယောက်ချစ်ခြင်းကို စိတ်ကူးယဉ်ခဲ့သူ ပီယဲက Garbert ( ဂါးဘာ့တ်) ဆိုသူတစ်ဦး ဇက်ဗျာရဲ့ အနီးပါးမှာ ယှဉ်တွဲလာတဲ့အခါ ဖရန်ဆွားဇ်ကို ပြန်ငဲ့ပြီလေ။ အပြစ်ရှိတယ်လို့ ခံစားရပါသတဲ့။ရူးနှမ်းတဲ့ဆွဲဆောင်မှုမှာ မိုက်မဲစွာခံစားခဲ့မိပါသတဲ့။

ရယ်လိုက်ချင်တယ်။ ဒါပေမယ့် မျက်လုံးတွေ နည်းနည်းကျဉ်းသွားတာနဲ့ မျက်ရည်စိမ့်ကျလာမှာ စိုးမိရဲ့။ ကျွန်မတို့အဖြစ်နဲ့ အဘယ်မျှ တူလိုက်ပါသလဲ။

သူမဆီ မောင့်အကြင်နာယိုင်နွဲ့မှန်း နားလည်တဲ့နောက် ကြိုးတွေကို ဖြေလွှတ်ခဲ့တယ်။ သူမက စုန်းမို့ ပြူစားတယ်ဆိုလည်း ချစ်လို့လို့ သတ်မှတ်ခဲ့တယ်။ မငြိုမငြင်ပဲ ကျွန်မတို့ နှုတ်ဆက်ခဲ့ကြတယ်။ တကယ်တော့ ကောင်းကင်ကြည်လင်နေခဲ့တာဟာ မုန်တိုင်းဝှက်ကို ရှောင်နေခဲ့လိုသာရယ်။

မောင် သူမခြေရင်းဆီ ကြွေဆင်းမှန်း သေချာသွားတဲ့အခါ သူမက တခြားသူလက်ကို ဆွဲပြီး မောင့်အရိပ်ကို နင်းခြေတော့တာ။ ကျွန်မ သူမရဲ့ ဇယားတွေကို ခပ်ရေးရေးတောင် နားမလည်ခဲ့ပါဘူး။ ဟင့်အင်း။ ဘာဖြစ်လို့ပါလိမ့်။ ကျွန်မ လက်မခံနိုင်ခဲ့ဘူး။

ပီယဲအနားမှ အမြဲယှဉ်တွဲနေဆဲ ဖရန်ဆွားဇ်ကတော့ ဇက်ဗျာက ဘာကြောင့် ဂါးဘာ့တ်ကို တွဲရသလဲဆိုတာ စိတ်ဖြာခွဲခြမ်းနေခဲ့တယ်။

….“What was Xavière trying to find in his arms? Revenge against Pierre? Sensual satisfaction? Was it by chance that she had chosen this prey rather from another? Or was in him she converted when she passionately demanded something to touch? (Pg. 310)

သူမကရော။ ဒီကြောက်စရာမှတ်တမ်းကို ဖြည်းဖြည်းချင်းသာ ဖွင့်ဖတ်နိုင်ဆဲဖြစ်ပါတယ်။ အဖြေကို ဇာတ်ဆုံးမှ နားလည်ခဲ့သူ လူမိုက်ဟာ ကျွန်မရယ်သာ။

သူမ မောင့်ကို ဆွဲဆောင်ခဲ့တယ်။ မောင် ယိမ်းယိုင်တော့ လက်မထောင်တယ်။ အနိုင်ရသူအဖြစ် ဝံ့ကြွားတယ်။ နောက်တစ်မျက်နှာမြင်တော့ မောင်ရင့်ကို ခွဲတယ်။ မယုံနိုင်ဖွယ်။ ထိတ်လန့်စရာဇာတ်ရုပ်ကို နားလည်အောင် ကြိုးစားနေဆဲမို့ မောင့်ကို ကျွန်မ ကယ်ခွင့်မရခဲ့ဘူး။ ကျွန်မနားမှာ မောင့်သတင်းမှောင်တွေနဲ့ ပြည့်နေခဲ့တာ။မောင် ကံဆိုးခဲ့လေသလား။ ကျွန်မတို့ လမ်းခွဲပြီးမှပဲ မောင် အမြင်မှန်ရတဲ့အခါ…

“ကိုယ်သိပါပြီ။ သူက အသဲစားချင်တဲ့ ဝံပုလွေပဲ ”တဲ့။

ခလုတ်တိုက်မိမှ ထောင်ချောက်မှန်း မောင်နားလည်ပေမယ့် ကျွန်မရည်ရွယ်တဲ့ဖူးစာနဲ့ မောင် လက်တလုံးခြား ဝေးခဲ့ပြီ။ ဘယ်လို ဖြေရှင်းချက်ကိုမှ ကျွန်မ သည်းမခံနိုင်တော့ဘူး။ မောင့်ကိုလည်း ခွန်းတုံ့စကားမဆိုနိုင်ဘူး။ မောင့်အရိပ်ဝေးရာကိုပဲ ဆုတ်ခွာခဲ့တယ်။ မုန်းတိုင်းဆင်နေချိန်မှာ အမြင်တွေ မသဲကွဲဘူးလေ။ မာနမီးလောင်နေချိန်မှာ နှလုံးသားကို ချနင်းဖို့လည်း မခဲယဉ်းတော့ဘူး။ မြတ်နိုးမှုနယ်မြေ ခြားသွားပြီလေ။ ထွက်သွားတော့မောင်။ဝေးလက်စနဲ့ နေပျော်စို့ရဲ့။

ကျွန်မတို့နှစ်ယောက်စလုံးဟာ အောင်နိုင်သူ သူမအတွက် အဖြေဖျော်နိုင်ဆုံး သားကောင်တွေ ဖြစ်ခဲ့မှာပါ။ မျက်နှာငွေလ ရွှင်ပျပျနဲ့ ရယ်ပြုံးမဆုံးနိုင်အောင် ဖြစ်ပါလိမ့်မယ်။ တကယ်တော့မောင်ရယ် သူမက မြေခွေးလည်း မဟုတ်သလို ကျားလို့လည်း မသမုတ်နိုင်ပါဘူး။ လူကလွဲပြီး ဘယ်သတ္တဝါမှ တခြားသတ္တဝါကို အပျော်စားဖို့ မဖမ်းဘူးလေ။ သူမဟာ ဘဝတစ်ချို့ကို အပျင်းပြေလက်တည့်စမ်း ညှင်းဆဲခဲ့တဲ့ မုဆိုးသာရယ်။

ယောက်ျားတစ်ယောက်ရဲ့ အချစ်ကိုရတိုင်း သူမအတွက် ဂုဏ်လက်မှတ်တစ်ခုတဲ့လေ။ အံ့သြလို့ တုန်လှုပ်နေမိဆဲ။ ဒီသတ်ကွင်းကို မောင်ခပ်ရေးရေးနားလည်တဲ့အခါမှာတော့ မောင့်သိက္ခာဟာ အဆုံးမဲ့နစ်မြုပ်သွားပြီလေ။ ကျွန်မ ဘယ်လိုမှ ပြန်ဆည်မပေးနိုင်တော့။ စိတ်မကောင်းပါဘူး မောင်ရယ်။

ကျွန်မ မောင့်ကို ယနေ့ထက်တိုင် သနားလို့ မဆုံးပေမယ့် ပီယဲ နဂိုအနေပြန်ရောက်သွားတဲ့အခါ ဖရန်ဆွားဇ်က လှိုက်လှိုက်လှဲလှဲ ဝမ်းသာခဲ့တယ်လေ။

“ ... when she had another fit of jealousy was sick at the thought that everything was about to begin all over again.” Unashamedly, Françoise welcomed the evil joy pouring into her heart. Not so very long ago, it had cost her dearly to try to keep her soul pure.(Pg. 378)

ဖရန်ဆွားဇ် ဝမ်းမြောက်သလို မောင် အဆိပ်ပြေသွားတာကို ပုထုဇဉ်ကျွန်မလည်း ကျေနပ်ပါတယ်။ ဒါပေမယ့် သူမက ကျောခိုင်းလိုက်လို့ ကျွန်မအနားပြန်ရောက်လာတဲ့ မောင့်ကို ဘယ်လိုကြိုဆိုရမှာလဲ။ ကျွန်မရဲ့ နှလုံးသားမှာ ဒူးထောက်မှ ပွင့်မယ့် တံခါးတစ်ချပ် တပ်ဆင်မထားခဲ့ပါဘူး။ ဒီတံခါးရဲ့ စကားဝှက်ဟာ မြဲမြံတဲ့ချစ်ခြင်းတစ်ခုရယ်သာ။ ခက်တယ်မောင်။ မောင့်ကြောင့် အရည်ပျော်သွားတဲ့ ဂုဏ်သတင်းနေရာမှာ နာမည်စာလုံးလှလှ ရေးရတော့မယ်။

ဒီလိုနဲ့ ကျွန်မတို့ရဲ့ ချစ်ခြင်းကို ပြည့်ဖုံးကားချခဲ့ပေမယ့် ဖရန်ဆွားဇ်တို့ ဇာတ်လမ်းကတော့ ဆက်ရန်တွေ တောင်လို ပုံနေသေးရဲ့။ပီယဲနဲ့ ဇက်ဗျာဟာ မိတ်ဆွေတွေဆိုတဲ့ ခေါင်းစဉ်အောက်မှာ အဆုံးသတ်ခဲ့ကြပါတယ်။ဒါပေမယ့် သူ့ရင်ထဲက အမုန်းတွေဟာ မောင့်အမျက်တွေကို သတိရစေတာ။

‘ I hate her for having been a flirt and a traitor. Why did she let me kiss her? Why all those fond smiles? Why did she pretend to love me? (Pg.350)

ဒီလို မျက်နှာဖုံးကွာကျလို့ အရှိုက်ထိုးခဲ့ရပြီး နောက်ဆုတ်တဲ့အဆင်ဟာ ရိုးလှပေမယ့် ကျွန်မကို အံ့သြတုန်လှုပ်မှုများစွာနဲ့ ဘူးဗွားက ရင်ဆိုင်တွေ့စေပြန်တယ်လေ။တကယ်တော့   ဖရန်ဆွားဇ်လည်း အသွေးအသားနဲ့ တည်ဆောက်ထားတာမို့ အာဃတအမှောင်နဲ့ ခြေလှမ်းမှားတွေ ဖြစ်ခဲ့ပါတယ်။ စိတ်ထွက်ပေါက်အဖြစ် ချိုတဲ့တေးကို သိုသိုဝှက်ဝှက်ဆိုခဲ့တယ်။ ပွင့်လင်းမှုကို အမှောင်ချဖို့ ကြိုးစားခဲ့တယ်။

‘ I love you very much’ said Françoise.
‘I never loved any woman in the way I love you’ said Gerbert. ‘I love you far,far beyond’.(Pg.375)

ဖရန်းဆွားဇ်နဲ့ ဂါးဘာ့တ်တို့ ချစ်ကြိုးသွယ်ခဲ့ကြတဲ့အခါ….။
ဖရန်ဆွားဇ် မှားခဲ့တယ်ဆိုလည်း ဂလဲ့စားချေလိုတဲ့ စိတ်အမိုက်ကိုသာ မျက်နှာလိုက်ကာ လက်ညှိုးထိုးချင်ပါတယ်။ ဆံတစ်ပင်တင်းသလို နေရခက်စေတဲ့ မစ္ဆာရိယစိတ်ဆိုးနဲ့ တစ်ဖက်သူကို အနိုင်ရဖို့ ကြိုးစားခဲ့တဲ့ ဖရန်ဆွားဇ်ကို ကျွန်မကတော့ သနားစရာလို့သာ ခံစားမြင်နိုင်ခဲ့။

ဒီအခိုက်ဟာ ပီယဲတစ်ယောက် စစ်ထဲဝင်ဖို့ ပြင်ဆင်နေချိန်ဖြစ်ပါတယ်။ နောက်တော့ အားလုံးကို ထားကာ ပီယဲစစ်ထွက်သွားပြီလေ။

Pierre went off. In a few days they would be separated .In his army clothes Pierre would be only an anonymous, lonely soldier. ( Pg. 382)

ဒီလိုနဲ့ အခန်းဆုံးဟာ ဖြုတ်ကနဲ ရောက်လာပြီ။ ဖရန်ဆွားဇ်နဲ့ ဇက်ဗျာတို့ နိဂုံးမှာ မျက်လုံးချင်းဆုံ ရှင်းလင်းကြပြီ။

Françoise's lips were set. How she wanted to tell her to her face. ‘ You think he loves you, but he has nothing but pity for you’ .(Pg.402)

ဒီစကားလုံးတွေဟာ ဖရန်ဆွားဇ်က ကျွန်မကိုယ်စားပြောပေးတယ်လို့ပင် ယုံမှတ်မိပါရဲ့။

“ရှင့်ကို မောင်က ချစ်တယ် ထင်လို့လား။ ရှင့် အယုအယမှာ သာယာသွားတာ။ ရှင့်အချော့အမြူမှာ ယိမ်းယိုင်သွားတာ။ ရှင်နဲ့လွဲလို့ အသည်းကွဲမယ်ထင်လား။ အကျောခံလိုက်ရလို့ ဒေါသထွက်ခဲ့တာပဲ ရှိတာ”


သူမမျက်လုံးတွေကို တည့်တည့်ကြည့်လို့ ကရားရေလွတ် ပြောချင်လိုက်တာ။ ဒီလိုကြားရင် မောင့်အချစ်ကို မရခဲ့ဘူး ဆိုတဲ့အတွက် ငြင်းဆန်ဦးမလား။ ဒါပေမယ့် သူမ လက်ခံရပါလိမ့်မယ်။ သူမ ယုံကြည်ရလိမ့်မယ်။ တကယ်ပါ။ အမှန်စင်စစ်အသည်းကွဲရသူမှာ ကျွန်မသာဖြစ်ပါတယ်။ ချစ်ခြင်းမှာ အရှုံးမဲ့တယ်ဆိုပေမယ့် ပတ်ဝန်းကျင်သတ်မှတ်ချက်မှာ ဘေးထွက်လိုက်ရသူမှာ ကျွန်မသာရယ်။

မောင်လက်မခံသေးဘူးလား။ သူမဟာ လူစားတဲ့ စုန်းဆိုရင် သေဆုံးခဲ့သူဟာ ကျွန်မသာဖြစ်ပါတယ်။ ကျွန်မရဲ့ နှလုံးသားကို သူမ ဖောက်ထုတ်ခဲ့ပြီး မီးမြှိုက်ထားခဲ့တာ။ သံယောဇဉ်ဟောင်းတွေနဲ့ မောင် ပြန်ချည်လို့ မရဘူးတော့ဘူး။ ကျွန်မရဲ့ အိပ်မက်မှာ သွေးဆုတ်ခဲ့ပြီ။ သူမ ပျော်နိုင်ပါစေ။ အောင်နိုင်သူအဖြစ် လက်ခမောင်းခတ်ပါစေတော့လို့ သဘောထားချင်လည်း ကျွန်မရဲ့ အငုံ့စိတ်မှာ သူမကို အရှုံးမပေးနိုင်သေးဘူး။

ဒါကြောင့်သာ ဖရန်ဆွားဇ်ကို အားကျနှစ်လိုမိတာ။ ဇက်ဗျာကို အရှုံးကြီးရှုံးအောင် စွမ်းဆောင်နိုင်ခဲ့တယ်လေ။ ပီယဲက ဇက်ဗျာအပေါ် မချစ်ဘူးဆိုတာ မူလအစမှာ မယုံနိုင်ပေမယ့် လက်သင့်ခံလိုက်ရတယ်။ ဒါကြောင့် ဖရန်ဆွားဇ်ရဲ့ အနိုင်နဲ့ပဲ ပွဲသိမ်းတော့မယ် ထင်ခဲ့ပေမယ့် ဖရန်ဆွားဇ်နဲ့ ဂါးဘာ့တ်တို့ ငြိတွယ်မှု၊ သူမဆီက ပီယဲကို ရယူသွားခြင်းအတွက် ပြန်လည်ဂလဲစားချေဖို့ ကြိုးစားတဲ့ ဖရန်ဆွားဇ်ရဲ့ ခြေလှမ်းကို ဇက်ဗျာမထင်မှတ်ဘဲ တွေ့ရှိသွားခဲ့ပြန်တယ်။

‘I know,’ said Xavière. ‘ You were jealous of me because of Labrousse was in love with me. You made him loathe me,and to get better revenge, you took Gerbert from me, Keep him, he’s yours. I won’t deprive you of that little treasure.’ (Pg.405)

ဖရန်ဆွားဇ်ဟာ ဂါးဘာ့တ်ကို ချစ်တယ်လို့ဆိုခဲ့ပေမယ့် အကျိုးဆက်ကို သည်းမခံနိုင်ဘူး။ ဇက်ဗျာကို အနိုင်ရလိုခြင်း အကျိုးဆက်ကြောင့် ဂါးဘာ့တ်ကို နှောင်ဖွဲ့မိတဲ့အဖြစ် လူပုံအလယ်ထင်ရှားတော့မှာ စိုးရိမ်ရပြီ။ ဖရန်ဆွားဇ် မျက်ရည်ကျရပြန်ပြီ။

‘Jealous,traitorous,guilty.She could not defend herself with timid words and furtive deeds. Xavière existed; the betrayal existed. ‘ My guilty face exists in flesh and bone’ ( Pg .407)

ဒီအမှောင်ကို ဖရန်ဆွားဇ် ဘယ်လိုနည်းနဲ့ ဖယ်မှာလဲ။ မယုံကြည်နိုင်အောင်ဘဲ ဖရန်းဆွာဇ်ဟာ ဇက်ဗျာရဲ့ အရိပ်ကို ဖျောက်ပစ်ခဲ့တယ်။ အဆုံးစွန်အောင် အနိုင်ယူလိုက်ပြီး ဇက်ဗျာရဲ့ဘဝကို ကန်လန့်ကာချပစ်လိုက်တယ်။

ကျွန်မ မှင်သက်အံ့သြမိပေမယ့် မတုန်လှုပ်ခဲ့ဘူး။ ဖရန်ဆွားဇ်ကို ကိုယ်ချင်စာနားလည်လောက်အောင် သူမအပေါ် အမုန်းဆိပ်တက်နေမိဆဲ ဖြစ်ပါတယ်။ မောင် မမြင်ခဲ့ဘူး မဟုတ်လား။ လူမြင်ကွင်းမှာ ကျွန်မ တပ်ဆင်ထားတဲ့ ကြည့်ပျော်ရှုပျော် မျက်နှာဖုံးကိုပဲ မောင်ကြည့်ခဲ့တယ်။ မောင် မကြားဘူးမဟုတ်လား။ မနာကျင်ယောင်ဆောင်ခဲ့ပေမယ့် ကျွန်မရဲ့ ရှိုက်သံတွေ ယနေ့ထက်တိုင် မပြယ်နိုင်သေးပါဘူး။

လိင်နဲ့ အချစ်ဟာ သတ်သတ်စီသာလို့ ယောက်ျားလေးဖြစ်တဲ့ မောင်က ဆိုတယ်။ မိန်းမတစ်ယောက်ဖြစ်တဲ့ ကျွန်မ လက်မခံနိုင်ပါဘူး။   ပွင့်လင်းတဲ့ဆက်ဆံရေးကို ဖော်ထုတ်ကျင့်သုံးခဲ့တဲ့ ဖရန်ဆွားဇ်တောင် စိတ်ခံစားမှုနဲ့ လိင်မှုရေးရာကို ခွဲခြားလို့ မရနိုင်ဘဲ သဝန်တိုစိတ်အောက်မှာ ဒူးထောက်အရှုံးပေးခဲ့ရေးသေးတာ။ မိန်းမတစ်ယောက်ရဲ့ အချစ်ဆိုတာ မောင် မသိသေးဘူး မဟုတ်လား။ မိန်းမတစ်ယောက်ရဲ့ ခံစားဖြစ်တည်မှုကို မောင်ဘယ်တော့မှလဲ နားလည်နိုင်မှာ မဟုတ်ပါဘူး။

ဒါကြောင့်သာ နောက်ကြောင်းပြန်ခြေလှမ်းတွေနဲ့ မောင် ကျွန်မဆီ ပြန်လှည့်လာခဲ့တာရယ်။ မောင့်ကို ဘယ်လို ပြောရမလဲ… မောင့်ကို ချစ်သော ကျွန်မ သေဆုံးခဲ့ပြီဆိုတာ။ ကျွန်မ အသက်မရှိတော့ဘူးမောင်။ မောင် ကိုယ်တိုင်ပဲ နုတ်ယူခဲ့တာလေ။ဒါပေမယ့် မောင်က မယုံချင်ပြန်ဘူး။ မလွမ်းတော့ဘူးလားတဲ့။ ကျွန်မ ဘယ်လို လွမ်းနိုင်တော့မှာလဲ။ သေသွားတဲ့ လူဟာ မလွမ်းတတ်ဘူး မောင်ရယ်။ …။


မယ့်ကိုး



စာကြွင်း။ စာမျက်နှာ အစမှာ To Olga Kosakievicz သို့ဆိုကာ ဆီမွန်ဒီဘူးဗွား ရည်ညွှန်းခဲ့တဲ့ အောလ်ဂါဟာ ဒီဘူးဗွားရဲ့ အချိန်ကြာချစ်သူ Jacques-Laurent Bost နဲ့ နောက်ပိုင်းမှာ လက်ထပ်ခဲ့ပါတယ်။ review ကို ပုံပြင်တစ်ပုဒ်နဲ့ ရောယှက်ထားတာမို့ review အနေနဲ့ ပြောသင့်သောအချက်များ လွင့်ကျရစ်ခဲ့ပါတယ်။ တစ်နေ့တော့ ပြင်ဆင်ရေးဖြစ်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။


26 comments:

Anonymous said...

Ma Mae Coe,

It is the first time for me to write a comment.

I do like the comparison between the story and your real experience.

It hits me. Suppose because of same experience with you. :)

Hmm........Ma Mae Coe yay, time is flying. Everything shall pass away.

Do take care yourself, your health.

Looking forward to your new post.

Tks,

peace

Zephyr said...

Nice Post sis.

Anonymous said...

ဖွန်းစွား လို့ အသံထွက်ရင်ပိုမှန်မယ်။

ပြင်သစ်လို အသံထွက်ရင် ဖွန်းစွားလို့ထွက်တယ်။

အမှားအယွင်းမရှိပါဘူး။

မေရီ...ကို မာရီးရေး လို့ ပြင်သစ်လို ခေါ်ရင်

မာရီးရားလို့ ဂရိတွေက ခေါ်တယ်လေ။

မယ်ကိုး said...

ဟုတ်ကဲ့ စာလာဖတ်ပေးတဲ့ ပထမ Anonymous ၊ ကိုဇက်၊ ကို ကျေးဇူးအထူးတင်ပါတယ်။
စေတနာထား အသံထွက်ပြောပေးသွားတဲ့ ဒုတိယ Anonymous ကိုလည်း အထူးကျေးဇူးတင်ပါတယ်။ ကျွန်မ နောက်တစ်ပုဒ်အဆက်ကျရင် ပြောင်းပါ့မယ်ရှင်။

ရွှေရတုမှတ်တမ်း said...

မယ်ကိုးရေ..အရင်ကတော့ တိတ်တိတ်လေးပြန်နေကြ ဒီတခါတော့ သဘောကျလို့ ...

လေးလေး

Anonymous said...

xaviere ကို ဇာဗီယဲ "zar Vi el(r)" လို့ အသံထွက်ရပါတယ်။ "ဘူးဘွား" မဟုတ်ဘဲ "ဘိုးဘွား"(Vwar) ဖြစ်ပါတယ်။ "ပီယာ" မဟုတ်ဘဲ "ပီးယဲ(R)ဖြစ်ပါတယ်။ Jean-Paul Satre က ယန်းလို့ မထွက်ရပါ၊ သို့သော် အသံထွက်အမှန်ကို ဗမာလိုဘယ်လို ရေးပြရမှန်း မသိလို့ ခွင့်လွှတ်ပါ။

ချော(အစိမ်းရောင်လွင်ပြင်) said...

မယ်ကိုးရဲ့ စာအရေးအသားကို ဖတ်လိုက်တော့ ရုတ်တရက် ဆရာမဂျူးကို သတိရသွားမိတယ်..
ရေးဟန်လေးတွေ ဆရာမဂျူးနဲ့ ဆင်နေသလိုဘဲ.. အရမ်းသဘောကျတယ်..
ဒီလိုမျိုးရေးတတ်ချင်လိုက်တာ.. ဆင်တယ်ပြောလို့ စိတ်မဆိုးပါနဲ့နော်.. ကိုယ်တိုင်က သဘောကျတဲ့ စာရေးဆရာမို့ပါ။

အပြုံးပန်း said...

သိပ်ကောင်းတဲ့ အဖွဲ့အစည်းပါပဲ ချစ်သော မယ်ကိုး၊

ဗူးဗွားရဲ့အဲဒီစာ မဖတ်ဖူးပေမယ့် သူမရဲ့ ခံစားချက်မျိုးကို ခံစားခဲ့ဖူးတာမို့ ၊

မယ်ကိုး said...

စာလာဖတ်ပေးတဲ့ လေးလေးကျောက်၊ မမချော၊ ဆရာမအပြုံးပန်းကို အထူးကျေးဇူးတင်ပါတယ်။

စေတနာထား အသံထွက်ပြင်ပေးတဲ့ တတိယ Anonymous ကိုလည်း အထူးကျေးဇူးတင်ပါတယ်ရှင်။

xaviere , Françoise , Pierre တို့ရဲ့ အသံထွက်ကို online dictionaries က အသံထွက်တွေ အတိုင်း ကျွန်မ ယူခဲ့တာ ဖြစ်ပါတယ်ရှင်။ ကျွန်မ နားကြားလွဲတာ ဖြစ်ပါလိမ့်မယ်။

Jean-Paul Satre နဲ့ Simone de Beauvoir အသံထွက်ကို ရှေးဆရာကြီးများ ( ဆရာမြသန်းတင့်၊ ဆရာမောင်ကြည်သစ် တို့ရဲ့ အသံထွက် အတိုင်းယူခဲ့တာ ဖြစ်ပါတယ်။ ဆရာမြသန်းတင့်ကတော့ ဆီမွန်ဒီဗူးဗွားလို့ စာလုံးပေါင်းခဲ့ပါတယ်။ အဲဒါကြောင့် ဒီနာမည်နှစ်ခုကိုတော့ ကျွန်မ ထော်လန့်ကန့်လန့်နဲ့ ပြန်ပြောင်းဖို့ အစီအစဉ်မရှိတဲ့အကြောင်း မေတ္တာရပ်ခံပြောကြားချင်ပါတယ်ရှင်။ နားလည်ပေးလိမ့်မယ်လို့လည်း မျှော်လင့်ပါတယ်။

ခုလို စေတနာထားပြောကြားပေးတဲ့အတွက် ကျေးဇူးအထူးတင်ပါကြောင်း ထပ်မံပြောကြားပါရစေ။

Anonymous said...

ပြင်သစ်နာမည်တွေကို မြန်မာလို အသံထွက်ပြရင် အတော်လေး ခက်ခဲမယ်ထင်တယ်

နီးစပ်နိုင်သလောက်ဆို
ဖြဲ ၊ ဇာဗီယေ နဲ့ ဖရွန့်ဆွား လို့ ကျနော်တော့ထွက်မိတယ်။ မှားကောင်းမှားနိုင်တယ်

များသောအားဖြင့် ယန်းပေါဆာ့ လို့ ကျနော်တို့ မြန်မာတွေ အသိများကြတယ်။ Jean ကို အနီးစပ်ဆုံး ထွက်ရင် ယွန် (ယွန်း)လို ကျနော်တော့ ထွက်မိတယ်

ကြည်ဖြူပိုင် said...

မယ်ကိုး စာအရေးအသားကောင်းတာတော့
အမြဲပဲ
ဒါကြောင့်အထူးမပြောတော့ဘူး
အပုဒ်တိုင်းလိုလိုကြိုက်ပါတယ်
ဒီအပုဒ်မှာတော့
စာပိုဒ် ၆ ကိုအကြိုက်ဆုံးပဲ
ပျော်ရွှင်ပါစေနော်
:)

Anonymous said...

ကျွန်တော်လဲ ဒီတခေါက်ဖတ်ရတာ အဆင်ပြေ တယ် ဖတ်သွားတယ် မမယ်ကိုး

မောင်ဘကြိုင်

Vista said...

သဘောကျ

သိင်္ဂါကျော် said...

မုန်းရမှာက သူမ ကို မဟုတ်ဘူး.. သူ့ကိုပါ..

ကိုယ့်အနီးအနားမှာလည်း ဒါမျိုးတွေ အများကြီး တွေ့နေတယ်.. အဓိကကတော့ ယောင်္ကျားတွေရဲ့ သစ္စာမရှိမှုတွေ ကြောင့်ပါ..

မယ်ကိုး said...

စာလာဖတ်ပေးတဲ့ ညီမလေး vista နဲ့ ကိုဘကြိုင်ကို အထူးကျေးဇူးတင်ပါတယ်။

စေတနာထား စာလုံးပေါင်းပြောပေးတဲ့
စတုတ္ထAnonymous ကိုလည်း အထူးကျေးဇူးတင်ကြောင်း ပြောချင်ပါတယ်ရှင်။

အမြင်လေးကို ပြောသွားတဲ့ အစ်မသိင်္ဂါကျော် ကိုလည်း အထူးကျေးဇူးတင်ပါတယ်ရှင်။ အဲဒါကြောင့်ပဲ သဝန်တိုစိတ်ရဲ့ အပူတွေ၊ အမှားပြုမိပုံတွေကို ဆရာမ ဒီဘူးဗွားက ခြယ်မှုန်းခဲ့တာ ဖြစ်ပါတယ်ရှင်။

အမရာ said...

မယ်ရေ..စာလာဖတ်တယ်..
ဆက်ရန်ကိုမျှော်နေတယ်နော်..

လသာည said...

ဖြစ်တည်မှုပဓါန ၀ါဒကို ကျောင်းမှာသင်ရတုန်းက သူငယ်ချင်းအစ်မတွေနဲ့ တော်တော်လေး ငြင်းခုံခဲ့ကြဖူးတယ်။

အခုမယ်ကိုး ရေးထားတာလေးကို မြင်တော့ ဇာတ်ကောင်တွေကို ကွက်ကွက်ကွင်းကွင်း မြင်လာမိပြီး အားရပါးရပြုံးမိတယ်။

မယ်ကိုးကတော့ အစ်မအတွက် အတွေးထဲက မော်ဒယ်လေးပါပဲ။
ချစ်တဲ့

jr said...

ဒီပို့စ်ကြိုက်တယ် မမယ်ကိုး။
မောင်ရယ်၊ သူမရယ်၊ ကျွန်မရယ်နဲ့ ဇာတ်ကောင်တွေရယ် ရောပြွမ်းပြီး ဖန်တီးထားတာ။
တကယ်နှစ်သက်မိပါတယ်။

ဝက်ဝံလေး said...

စာပဲ လာဖတ်လိုက်တော့တယ် မမကိုး မမက စာတအားဖတ်တာပဲ သမီးကတော့ ဒါတွေလိုက်မမီပါဘူး
သူများတွေလို မပြောတတ်ဘူးနော် သမီးပြောလိုက်ရင် အမှားပါမှာစိုးလို့

မမလို စာရေးတတ်ဖို့ တော်တော် ကြိုးစားရဦးမယ် အချိန်ရရင် သင်ပေးမလား ဟင်

ကြယ်သောကြာ said...

အခုမှ ပြန်ဖတ်ရပေမယ့် ဒီစာလေးတွေကို သေသေချာချာ ဖတ်သွားပါတယ်
ခင်မင်မှု့ဖြင့်

ကြယ်သောကြာ said...

အခုမှ ပြန်ဖတ်ရပေမယ့် ဒီစာလေးတွေကို သေသေချာချာ ဖတ်သွားပါတယ်
ခင်မင်မှု့ဖြင့်

Anonymous said...

Il semble que vous soyez un expert dans ce domaine, vos remarques sont tres interessantes, merci.

- Daniel

မယ်ကိုး said...

Merci pour votre commentaire:)

Anonymous said...

အမမယ်ကိုး.... review ရေးတာဖတ်ပြီး ဖတ်ချင်သွားတယ်။
တင်ပေးနိုင်မလား ဟင်။တောင်းဆိုရတာ အားနာပါတယ်။

မယ်ကိုး said...

ဟုတ်ကဲ့...အမည်မဖော်လိုသူရှင့် ...
အဲဒီစာအုပ်ကို ကျွန်မအခု scan ဖတ်နေပါတယ်။ စာအုပ်ပြီးသွားရင် download ဆွဲနိုင်မယ့် link ပေးပါရစေနော်။ ဒီမှာတင်ရင် စာမျက်နှာ ၄၀၀ ကျော်ဆိုတော့ စောင့်ဖတ်သူတွေကို အားနာလှသလို copyright နဲ့ ငြိမှာလည်း စိုးလို့ပါရှင်။ စာလာဖတ်တဲ့အတွက် ကျေးဇူးအထူးတင်ပါတယ်နော်း)

စံပယ်ပန်း said...

ကျွန်တော်သာဆိုရင်တော့ ခြေဆင်းပြီးငိုမိမှာပဲ...။ ဒါပေမယ့် တကယ်အသည်းကွဲခဲ့သူက မမယ်ကိုးဆိုတာ ကိုယ်ချင်းစာနိုင်ပါတယ်..။