04 October 2010

အပျော်ဖတ်ဇာတ်လမ်း မဟုတ်…

…...............................................................................................................
Women are not inherently passive or peaceful. We're not inherently anything but human. ~ Robin Morgan …...............................................................................................................

ကိုယ့်ကိုကိုယ် သဘောဖြူအူစင်းလို့ ပွဲမထုတ်သင့်မှန်းသိလည်း ရိုးသားခဲ့ကြောင်းတော့ ဖွင့်ဆိုချင်သေးတာ။ မေတ္တာရိပ်အောက်မှာ ကျွန်မ အမှန်ပင် ဒေါသဝေးခဲ့သူဖြစ်ကြောင်း ထပ်လောင်းလို့ ကိုယ်ရည်သွေးပြောချင်သေးရဲ့။ တကယ်ပါ။ မူလအစမှာတော့ မျက်လုံးကြောင်တောင်နဲ့ မောင့်အပြုံးလေးကို မျှော်ငေးတတ်တဲ့ အရိပ်တစ်ခုသာရယ်။ ဒါပေမယ့် မောင့်ရဲ့ ရှေ့တိုးနောက်ဆုတ်ကစားပွဲမှာ အသဲမွမွကြေပြီးနောက် နှုတ်ခမ်းကိုက်ကာ မဆိုင်တဲ့ ယောက်ျားတွေကို အမျက်ထားပြီလေ။

ဆုတောင်းမမှားခဲ့သူမို့ ရူးသူလည်း မရှိပါ။ ပြူစားတတ်သောဂါထာလည်း မရွတ်တတ်။ ဘယ်ကျော့ကွင်းမှလည်း မထောင်၊ ဘယ်ထောင်ချောက်မှ မဆင်၊ ဘယ်သူ့ကိုမှလည်း မမျှားဘဲ လက်သည်းဖွက်ပြီး တိတ်တိတ်ကလေးသာ နေခဲ့တာ။ မြှားရှေ့ကို ဝင်လာသူကတော့ ကျွန်မ သူငယ်ချင်းသာရယ်။ သူက ချစ်တယ်လို့ ဆိုတဲ့အခါ မောင့်အပေါ်ပျိုးမိတဲ့ အငြိုးတွေကို ဖွင့်ချဖို့ အခွင့်အရေးပေါ်လေတာ။ သူငယ်ချင်းဆိုတဲ့ အခွင့်အရေးကို လက်လွတ်စပယ်အသုံးချကာ မျက်လုံးတောက်တောက် ရယ်စစနဲ့ “ ဘာလို့ မိန်းကလေးတွေ အများကြီးကြားက င့ါကို ချစ်တယ်လို့ ပြောတာလဲ။ ငါ့ကို လိုက်ရင် အလွယ်ရမယ် ထင်လို့လား” ဆိုကာ နာကျင်စကား စဆိုပါတယ်။ မောင့်အတွက် အမုန်းတွေကို လမ်းလွှဲပို့ချင်သူမှာ ကိုယ်ချင်းစာတရား မရှိတော့ဘူးရယ်။

 “အချစ်ဆိုတာ အလကားပါ။ နင့်ငါ့ကို မရရင် နောက်သုံးလကြာတဲ့အခါ နောက်တစ်ယောက်ကို ပြောင်းကြိုက်မှာပဲ မဟုတ်လား” ဆိုကာ သူ့သိက္ခာကို အလျားလိုက်ချနင်းဖို့ ဝန်မလေးချင်။ တရားခံကတော့ သူဟာ ဘယ်လိုပင်စွပ်စွဲလည်း ခေါင်းငုံ့ခံတတ်တဲ့ သူငယ်ချင်းဖြစ်နေခြင်းပါပဲ။ ဒါကြောင့်မို့ ကျွန်မကို ဆိုးသလားလို့ မေးရင်တော့ ခေါင်းသွက်သွက်ခါ ငြင်းဦးမှာ။ သူငယ်ချင်းတွေ စွပ်စွဲသလောက် မရမ်းကားသေးပါဘူး တကယ်ပါ။ 



သူ ဖုန်းဆက်ရင် မကိုင်။ သူ စာတိုလေးတွေပို့ရင် မပြန်ရုံလောက်သာ ရှိတာပါ။ ဒီလောက်လေးနဲ့ လွန်တယ်လို့ သမုတ်ကြတော့ ဖုန်းပျောက်လို့ ဖုန်းပျက်လို့ ဆိုကာ အားလုံးနဲ့ အဆက်အသွယ် ဖြတ်ထားလိုက်ရတော့တာ။ ဒီကျွန်းလေးမှာ လက်ကိုင်ဖုန်းမသုံးဘဲ သုံးလေးလနေသူဆိုလို့ ကျွန်မ တစ်ယောက်ပဲ ရှိမှာပါ။ ဒါပေမယ့် သူ့သည်းခံနိုင်စွမ်းက ကြီးလွန်းသလား။ ပြေးလျှင် လိုက်ချင်သော ယောက်ျားသဘာဝ အပြည့်အဝရှိလေသလား ။ ကျွန်မလိုပင် ဝဋ်ကြီးသူလား ။ သေသည့်တိုင် စောင့်ဦးမယ်ဆိုပဲ။ ဒီတော့ ကံဆိုးတဲ့သူ့ကို လူမိုက်အားပေးပါလို့ ထပ်မံ စွဲချက်တင်ချင်သေးတာ။

 နှလုံးသားကြေးထပ်ထားတဲ့ ကစားပွဲမှာ ကျွန်မက ဆိုးသူဆိုရင် သူက ညစ်သူပါပဲ။ ငြင်းနည်းမျိုးးစုံ ကုန်သွားလည်း သူကလက်မခံ။ စိတ်ချမ်းသာပျော်ရွှင်အောင် သူကြိုးစားမယ်ဆိုပဲ။ ဟာ..ဟ။ မောင့်ကို တမ်းတလျှက် မျက်ရည်တလည်လည်နဲ့ ရယ်တတ်လေပြီ။ ချစ်သောမောင်ဆီကသာ အလိမ်စကားပဲဖြစ်ဖြစ် ကြားချင်မိတာ။ ဒီလိုနဲ့ အရူးစိတ်ဖြစ်ကာ ဒေါသနောက်ကျိပြန်။ သွားပါတော့။ တစ်ယောက်ကို တစ်ယောက် မကယ်တင်နိုင်တဲ့ လောကကြီးပါကွယ့်။ တစ်ယောက်အသည်းကို တစ်ယောက်တက်နင်းမှ ပြုံးရယ်နိုင်တဲ့ လူသားတွေရယ်ပါ။ 

အမုန်းတွေ ပွင့်ဖူးချိန်မို့ လက်မရှောင်ချင်တော့ဘူးလေ။ မောင့်အပေါ် မရည်ရွယ်ရက်တဲ့ အမျက်တွေနဲ့ ဒုက္ခလှလှကို စတင်တီးခတ်တော့တာ။ “နင်အသက်ကြီးလာတော့ တစ်ယောက်တည်း မနေချင်တော့တာ။ အိမ်ထောင်ကျချင်တာ ငါနားလည်ပါတယ်။ ဒါပေမယ့် ငါက နင်မျှော်လင့်သလို ကျွန်ကောင်းဖြစ်မှာ မဟုတ်ဘူး။ခြေဆုတ်လက်နယ်ပြုစုဖို့ ဘယ်သူ့ကိုမှ ငါစိတ်မကူးဘူး” ထိုသို့စကားမျိုး ပြောထွက်ခွင့်ရတာကိုပဲ ကျွန်မ ပျော်နေတတ်တာ။

 ဒါပေမယ့် တဒင်္ဂလေးတောင် စိတ်မချမ်းသာပါဘူး။ ကျွန်မက ရိုင်းစိုင်းသူလား။ ကိုယ့်ကိုယ်ကိုယ်တော့ သိမ်သိမ်မွေ့မွေ့နဲ့ နှိပ်စက်ကလူပြုတတ်သူလို့ ယုံမှတ်ပါရဲ့။ မချမ်းမြေ့နိုင်သူမို့ တိတ်တဆိတ်အငြှိုးတွေဟာ အုံဖွဲ့ရွာချနေဆဲရယ်။ “နင့်အချစ်ဆိုတာ ဘာလဲ ... မိန်းမ မရှိရင် မနေနိုင်လို့ cover ယူတာ မဟုတ်လား” လို့ အရက်စက်ဆုံးစကားတွေကို ဆိုတတ်ခဲ့ပေမယ့် စိတ်မကောင်းပါဘူး တကယ်။

 ..................................................................................................................... 
I think, therefore I'm single. ~Lizz Winstead 
...................................................................................................................... 

 သစ္စာဆိုရမယ်ဆို သူ့အသည်းကို ခွဲဖို့ မကြံရိုး အမှန်ပါ။ ဒါပေမယ့် စိတ်နာမကျန်းသူမို့ မကြည်သာသော စကားတွေပဲ သူ့ခမျာလက်ခံနေရတာ။ ယဉ်ကျေးချင်သူဖြစ်ပေမယ့် မငြိမ်းအေးနိုင်တော့ သူ့မှာ အပူဟပ်လေပြီ။ ဒါပေမယ့် အားနွဲ့သူမိန်းမငယ်တစ်ယောက်ရဲ့ ပယောဂကြောင့် အတောင်နှစ်ဆယ်ဝတ် မင်းယောက်ျားတစ်ဦး မသေနိုင်ပါဘူးလေ။ ဟုတ်တယ်မဟုတ်လား။ ကျွန်မရဲ့ စကားလုံးတွေကြောင့် သူ အောင့်သက်သက် အခံရခက်နိုင်ပေမယ့် အထိမနာနိုင်ပါ။ 

တစ်ခါတစ်လေတော့ သူက “နင်ဟာ လူကြီးစိတ်မွေးနေတဲ့ ကလေးပဲ” လို့ ချော့မော့ပြောတတ်လေရဲ့။ ဖြစ်နိုင်ပါတယ်။ သူပြောသလို ကျွန်မဟာ မရင့်ကျက်သေးသူပါ။ စိတ်ထားမကြီးမြင့်နိုင်သေးပါဘူး။ မောင့်ကို အရာရာအစစ သနားလို့ မဆုံးနိုင်အောင် ချစ်မိသူပေမယ့် စာနာစိတ်ကင်းကာ သူ့ရှေ့မှာတင် မောင့်အကြောင်းကို ပြောမိလေတာ။ “မောင်ဟာ သိပ်သနားဖို့ကောင်းတယ်။” လို့ ရွတ်မိတဲ့အခါ “ဘာဖြစ်လို့လဲ” လို့ မေးရင် အဖြေရှာမရပြန်။ သနားနေတာပဲ ရှိတာမို့ “မောင် ကျောပိုးအိတ်လေး လွယ်ထားတာ သနားပါတယ်။ ညောင်းနေမှာ” လို့ ဖြောင့်ချက်ပေးမိတတ်ရဲ့။ 

သူငယ်ချင်းမို့ သံယောဇဉ်အားကိုးနဲ့ သူ့ကို ညှင်းဆဲမိခြင်းလည်း ဖြစ်လိမ့်။ ပစ္စည်းတိုင်းလိုလို မောင့်အကြိုက်အရောင်တွေ ရွေးသုံးတတ်သလို သူ့ကိုလည်း မောင်နဲ့လိုက်မယ့် ပုံစံတွေ ဆင်မိတတ်တာ။ ခက်တယ်။ ပထမဆုံးအသည်းကွဲခြင်းမို့ ကုသချိန်ကြာခြင်းလည်း ဖြစ်လိမ့်။ သိပ်မှားတယ်ဆိုလည်း “မောင့်ကိုချစ်တယ်လေ”လို့ မထုံတက်သေးပြောမိဦးမှာ။ တွယ်ငြိမှုသမုဒယဟာ ပြောင်းနိုင်ခဲလေပြီ။

မောင့်အတွက်ဆို အသက်ပင်ပေးရ...ပေးရ... အနှမျောမရှိလည်း သူဖုန်းဆက်လို့ တစ်မိနစ်လောက် နားထောင်ရလျှင်ပင် အချိန်တွေ ကုန်ပါပြီဆိုကာ တွန့်တိုမိလေတာ။ မတရားဘူး အဆိုခံရရင်တော့ ကျွန်မအပြစ်မှ မဟုတ်ဘဲလို့ ဆင်ခြေပေးဦးမှာ။ ခွင့်လွှတ်ပါလို့တော့ ဆိုလိမ့်မယ် မဟုတ်ဘူးကွယ်။ လှည့်ဖျားခဲ့သူမှ မဟုတ်ပါဘဲ။ 

မချစ်တာကို မချစ်ကြောင်း ပြောမိတာ အပြစ်လား။ စဉ်းစားဦးမယ်ဆိုကာ အချိန်ဆွဲကာ လိမ်လည်ထားခြင်းလည်း မရှိပါဘဲ။ မောင်ကလေ … မောင်က … လို့ ဆိုကာ သူ့ရှေ့မှာ တမိရုံလေးပါ။ ယုံပါ။ ကျွန်မ မိန်းမရိုင်းမဟုတ်ပါဘူး။ အညှာတာကင်းမဲ့တယ် ဆိုရင်လည်း သူတောင် သူ့ရည်းစားဟောင်းအကြောင်းတွေ ပြောတာလေလို့ စောဒကတက်ဦးမှာ။ ဒါပေမယ့် မှန်အရိပ်ကို မြင်တိုင်း မကောင်းဆိုးဝါးမှန်း ထင်နေတာ အခက်ဆုံးရယ်။ မောင့်အပေါ် အမုန်းတွေကို လွှင့်ပစ်ဖို့ ၊ တစ်ဖက်လှည့် ကလဲ့စားချေဖို့ ဒဏ်ရာတွေမှ အမိန့်ပေးတဲ့အခါ “နင့်ကို မမြင်ချင်ဘူး” လို့ အလွယ်တကူပြောထွက်ခဲ့ပြန်တာ။

 ညာမှ မညာတတ်ဘဲလို့ ဆိုကာ သူ့ကိုနာကျင်စေသော စကားကို တွင်တွင်ဆိုမိပြန်ရော။ သတိလည်လာတော့ “ငါ့ကို မုန်းတယ်ဆိုရင် ဝမ်းသာမှာပါ” လို့ ပွင့်လင်းစွာ ပြောခဲ့တာပင်။ နောက်ဆုံးတော့ “ငါ့ကို မဆက်သွယ်နဲ့တော့” လို့ဆိုကာ ကြေကွဲခြင်းလမ်းညွှန်မြေပုံနဲ့ ချောက်ကမ်းပါး တည့်တည့်ကို သွားဖို့ပဲ ရည်ရွယ်မိပြီလေ။ ကျွန်မ နေမကောင်းဘူး။ စိတ်အရိုင်းတွေနဲ့ ဖျားနာနေတာ အမှန်ပင်။ ဒါပေမယ့် သူဟာ ကယ်တင်ရှင်ဖြစ်ချင်ပြန်သေးတာ။ နလန်မထူနိုင်အောင် ပြိုလဲသွားတဲ့ အခိုက်မှာ သူ့ဖေးကူမှုကို လက်သင့်မခံပေမယ့် စေတနာကို မြင်ခဲ့ပြီ။ အလင်းကို ရှောင်လွှဲဖို့ မျက်ဝန်းစုံမှိတ်ထားပေမယ့် နောက်ဆုံးမှာ အရှုံးပေးလိုက်ရသူလိုရယ်။

ကျွန်မလည်း လူသားစာရင်းဝင်ချင်ပြီလေ။ သွေးရောင်ပြန်လွှမ်းလာတဲ့ နှလုံးသားနဲ့ ရန်မဖြစ်ချင်တော့ပါဘူး။ သူချက်ကျွေးသော အစားအစာများကို မယူဝံ့လည်း သူပေးသော စိတ်ခွန်အားများကို မယုံမရဲနဲ့ လက်ခံထားမိပြီ။ သူ့ရဲ့ မရမနေဇွဲကြောင့် အခုတော့ တွေဝေနေပြီ။ ဆူးအပြည့်လမ်းကို ပျော်ပျော်ပင် ဖြတ်ချင်လည်း သူ့အကြင်နာကို တွန်းလှန်ဖို့ အားအင်ချိနဲ့နေပြီ။ မိုက်ရတာ ငြီးငွေ့သွားပြီ။ ဒီလိုနဲ့ ရင်ထဲကမုန်တိုင်းလျော့လာတော့ သူနဲ့ ငြိမ်းချမ်းရေး ယူဖြစ်လေပြီ။ သူဟာ ဖခင်နှင့်တူသော ယောက်ျားပါပဲ။ သူ့စောင့်ရှောက်မှုအောက်မှာ ကျွန်မရဲ့ အရေခွံအသစ်လဲပြီလေ။

 
 (Van Dongen, Kees. Le Coquelicot "The Corn Poppy,"c. 1919. oil on canvas.)

ဒီလို အစွယ်ကျိုးလေပေမယ့် ဗီဇအခံလေးတော့ ကျန်သေးတာ။ “အစာထဲမှာ အဆိပ်ခတ်ပြီး နင်ငါ့ကို သတ်တာလား” လို့ ကျီစယ်ကာ စွပ်စွဲမိသေးရဲ့။ ဒါပေမယ့် သူ့မေတ္တာတွေကို ယိုးမယ်မဖွဲ့ချင်တော့ပါဘူး။ ထီးမိုးပေးထားတဲ့ သူ့လက်တွေကို အားနာမိပါတယ်။ ကျွန်မ ကျေးဇူးမကန်းပါဘူး။ မိုးကြိုးပစ်ခံရမှာ စိုးကြောက်ပါတယ်။ စူဠသုဘဒ္ဒါ့ရဲ့ အသိဥာဏ်တွေ သိမ်မွေ့လာခဲ့ပြီ။ မောင့်ကို မစောင့်တော့ဘူးလို့ မျက်ရည်စမ်းစမ်းနဲ့ ဆုံးဖြတ်ချက် တင်းတင်းချပြီ။ ဆောက်တည်ရာမဲ့ ကိုးကွယ်ရာမရှိသူမယ့်ကို သူ့အရိပ်မှာ ငြိမ်းအေးစေမယ်ဆိုတဲ့အခါ ခေါင်းမခါဖြစ်တော့။ အသေအချာပေါ့။ မျက်ရည်စကို သိုဝှက်ကာ ကျွန်မ ကြိုးစားပြုံးနေပြီကွယ်။...။

 ....................................................................................................................
 "Meeting you was fate, becoming your friend was a choice, but falling in love with you was beyond my control." ~Anonymous 
 .................................................................................................................... 

မယ့်ကိုး
မေလ၊ ၂၀၁၁ လမ်းပြကြယ်စာအုပ်တိုက်နှစ်ပတ်လည် မဂ္ဂဇင်း

(ရည်ညွှန်း။ ပေါင်းတဲ့ဇာတ်လမ်းလေး ရေးပါဦးလို့ ဆိုလာသူ ချစ်သော မမေလေး၊ ညီမလေး ငုဇာခိုင်၊ ညီမလေး ထက်ထက်အောင်နဲ့ ၊ မမ ညားတဲ့ဇာတ်လမ်းရေးရင် ToTo ထိုးမယ်လို့ ပြောတဲ့ ညီမလေး နေ့အိပ်မက်အတွက် ဒီဇာတ်ကလေးကို ရေးလိုက်ပါတယ် ။(ထီပေါက်ရင် မမကို မုန့်ဝယ်ကျွေးနော် :P)

18 comments:

Anonymous said...

ကူးသွားတယ် မမယ်ကူး သေချာဖတ်မှာ အပျော်ဖတ်ဖူး ဆိုင်မှာ ကြာကြာဖတ်လို့ဖြစ်ဖူး မန့်မယ်ဆို မန့်မရဖြစ်လို့ အရင်မန့်ထားတယ်း)


မောင်ဘကြိုင်

ဝေစိုး said...

စာရေးအရမ်း ကောင်းလွန်းလို့ အရမ်းအားကျမိတယ်..........
အဖွဲ့အနွဲ့..ကလဲကောင်းမှကောင်းးပဲနော်....................

pandora said...

မဆုံတဲ့ဖူးစာ မေ့ပစ်လိုက်ပါကွယ်..ဆိုတဲ့ သီချင်းလေးတောင် သတိရသွားတယ် :)

Mogok Thar said...

အပျော် ဆိုတာကို ကျော်ပီး ဖတ်သွားတယ် မယ်

Moe Cho Thinn said...

မယ်.. တကယ်ချစ်ရဲ့လား။
ချစ်တယ် သေချာမှ စ နော်။
မိုက်ရတာ ငြီးငွေ့တာနဲ့ ချစ်တာ ဘာမှ မဆိုင်။
နောင်မှာ နှစ်ယောက်လုံး စိတ်ဆင်းရဲရမှာစိုးလို့။

(မယ်အစစ်လို့ ခံစားပြီး အချစ်ကို ကိုးကွယ်သူက မေးခွန်းထုတ်လိုက်မိပြီ) :))

ချော(အစိမ်းရောင်လွင်ပြင်) said...

အပျော်ဖတ်မဟုတ်ဘူးရေးထားပေမဲ့ ဇာတ်သိမ်းလေး သဘောကျတယ်...
ဒဏ်ရာဆိုတာ အချိန်က ကုစားပေးရင် အနာကျက်သွားနိုင်တယ်နော်။ အနာကျက်အောင်စောင့်ရတာတော့ နည်းနည်းကြာတယ်..
စာရေးကောင်းသူတွေဟာ တစ်ခုခုရေးရင် သူတို့ရဲ့ တကယ့်အဖြစ်အပျက်လို့ အထင်ခံရလေ့ရှိတယ်..
ဥပမာ ဆရာမဂျူးဆိုရင် အမှတ်တရ ၀တ္ထုကို သူ့ဘ၀ရဲ့ တစ်စိတ်တစ်ပိုင်း လို့တောင် လူတွေက ပြောကြတယ်လေ။ မယ်လဲ ဒီလိုဘဲပေါ့.. စာရေးကောင်းတာကိုး....

မယ်ကိုး said...

စာလာဖတ်တဲ့ ကိုဘကြိုင်၊ မဝေစိုး၊ မမပန်ဒိုရာ၊ အစ်ကို မိုးကုတ်သား၊ မမချောနဲ့ မမမိုးချိုသင်းကို အထူးကျေးဇူးတင်ပါတယ်နော်။

မမမိုးချိုသင်းရေ...ခုလို စေတနာထားပြောကြားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါတယ်။ ဒါဟာ တကယ့်ဇတ်လမ်းဖြစ်ပါတယ်။ ဖြစ်ရပ်မှန် မဟုတ်ပါဘူး။ မယ်အစစ်က အဲဒီလောက် မဆိုးပါဘူးလို့ :P

သိင်္ဂါကျော် said...

ဒီဇာတ်သိမ်းလေး သဘောကျတယ်..
ကိုယ်က ဇာတ်လမ်းဆိုရင် ပေါင်းမှ ကြိုက်တာ.. :)

လင်းဒီပ said...

ဒေါ်မယ်ကိုးအရေးအသားက သီးသန့်ခွဲထွက်နေတော့ ဖတ်လိုက်တာနဲ့ မယ်ကိုးမှန်း သိတာတယ် ။

နောက်တစ်ခုက မယ်ကိုစာတွေဖတ်မိရင် ဘာလို့မသိ ပြုံးမိတယ် ။( အရေးကောင်းလို့ပြောတာပါ ။ :P)

ဒီလို ဝါကျဖွဲ့စည်းပုံက ဒေါ်မယ်ကိုးကိုယ်ပိုင်ဟန်ပဲလေ ။

btw ကျွန်တော့်ကဗျာကို လာဖတ်ပြီး မိန်းကလေးဖက် က ကျေနပ်ပုံ မရဘူး ။ ဒီဝတ္တုမှာလည်း ဇာတ်ကောင် မိန်းကလေးက သူငယ်ချင်းကောင်လေးကို အရမ်းနိုင်ထားတယ် ။ ဒီတော့ ကျေပြီ :P

နှင်းဟေမာ said...

မမကိုးရေ...

ဒီတစ်ခါ ထူးထူးခြားခြားပေါင်းတာလေးဖတ်လိုက်ရတော့ လဲ တစ်မျိုးထူးခြားနေသေးတယ် ..။ ဇာတ်လိုက်ကောင်မလေးက မယ်လို့ သုံးထားတော့ မမအမှတ်နဲ့ပဲ ဖြေးဖြေးချင်း ဖတ်ဖြစ်သွားတော့တယ်...။
ခံစားမှုမျိုးစုံနဲ့ ရေးသားမှုအားကောင်းတဲ့ မယ့်ကို အားကျမိပါတယ်း)

ခင်မင်လေးစားလျှက်
နှင်း ...

အမရာ said...

ဟားဟား..ဒီတခါတော့ညားတယ်ပေါ့..။။။

သဒ္ဓါလှိုင်း said...

တကယ့်ဇာတ်လမ်းလေးမှာခုလိုပေါင်းစီးခဲ့တဲ့အတွက်
ဝမ်းသာမိတယ်..။ တကယ့်မေတ္တာစစ်မှန်ရင်
တချိန်ချိန်မှာ ချစ်သွားနိုင်တာပဲနော်.။

ခင်မင်စွာ
သဒ္ဓါ

နန်းညီ said...

မောင့်ကို တမ်းတလျှက် မျက်ရည်တလည်လည်နဲ့ မယ် ရယ်တတ်လေပြီ။

အဲ့ဒါလေးပဲ သဘောကျမိတယ်..

နေ့အိပ်မက် said...

ထီသွားထိုးလိုက်ပြီနော်မမ...

ဒါမျိုးလည်း ဖတ်ရတော့ စိတ်မမောရတော့ဘူးပေါ့... :D

mae said...

မယ်လေး.. အာဘွား

မ လာတာ နောက်ကျသွားလို့ တောင်းပန်ပါတယ်..

ပေါင်းသွားပေမယ့် ဒီဇာတ်လမ်းထဲမှာ အကြိုက်ဆုံးကတော့ "မချစ်တာကို မချစ်ကြောင်း ပြောမိတာ အပြစ်လား" ဆိုတဲ့ စာကြောင်း.. ပီးတော့ အဲ့ဒါရဲ့ နောက်ဆက်တွဲ စာကြောင်း
:)

မယ်လေး စာရေးရင် မျောပါနေကျ.. ပန်းချီလဲ ကြိုက်လိုက်တာ.. နောက် quote တွေရော..

ဝက်ဝံလေး said...

ဟိ ဒီနေ့မှ လာဖတ်ဖြစ်လို့ နေ့အိမ်မက်လိုပဲ များ လဲ ထီသွားထိုးမယ် ပေါက်ရင် မမ တို့ဆီလာမယ်နော် ခစ်ခစ်
အိုးမိုင်ဘုရားးးးး အင်္ဂလိပ်ရေးထားတာလေး ကြိုက်သွားဘီ ကူးသွားမယ်နော် ဟဲဟဲ

selda said...

မမ အဲ့ဒါက ဇာတ်လမ်းလားဟင်..ပြောရင်ယုံမလားမသိဘူး..စဲလ်ဒါ အဖြစ်နဲ့ တိုက်ဆိုင်နေလို့..( တိုက်ဆိုင်တာတွေများနေပြီနော် ဟိဟိ) ဒါပေမယ့် တကယ်ပါ...စဉ်းစားနေဆဲပဲ ဘယ်လိုရှေ့ဆက်သွားရင်ကောင်းမလဲလို့လေ...အပျော်မဖတ်ဘူးနော်..နှလုံးသားနဲ့ ခံစားပြီးဖတ်တာ..ဒီစာထဲက အတိုင်းဆို စဲလ်ဒါက နဲနဲ ဆိုးတယ်လို့ ဖြေင့်ချက်ပေးရမလိုဖြစ်နေပြီ ဟိဟိ..အရမ်းကြိုက်တယ် အားပေးနေတယ်နော် မ..

ဆွေလေးမွန် said...

ဖတ်ရတာ သဘောကျလိုက်တာ..
အဖွဲ့အနွဲ့ ကောင်းကောင်း နဲ့ ..