17 October 2010

“တစ်ခုသော သန်းခေါင်ယံ”


ကရကဋ်ရာသီဟာ ဘယ်ဂြိုလ်ခွင်နဲ့ ငြိနေလဲဆိုတာ ကျွန်မနားမလည်ပါဘူး။ ၂၀၁၀၊ ဇွန်လ ၂၃ ရက် ညဆယ့်နှစ်နာရီခွဲမှာ သိစိတ်မဲ့ ဖုန်းလက်ခံခဲ့တယ်လို့ ဖြေရင် မယုံသင်္ကာဖြစ်ကြမယ်ထင်ရဲ့။ တကယ်ပါ။ ည ဆယ့်တစ်နာရီမှာ ကျွန်မ အိပ်ရာဝင်နေကျဖြစ်ပေမယ့် သန်းခေါင်ယံချိန်ထိ အိပ်လို့မပျော်ခဲ့ဘူးလေ။ တိုတ်ဆိုင်မှုဆိုတာ ဣဒ္မိပါဒ်တစ်မျိုးဆိုရင် အကြောင်းမကြားဘဲ မိုးကြိုးပစ်ချခံခဲ့ရတာလို့ သဘောထားရတော့မှာ။ ထွေရာလေးပါး စကားစမြည်မဆိုတတ်သူဟာ မသိတဲ့ နံပါတ်ကိုလည်း ဖုန်းဖြေခဲ့မိပါတယ်။ ကျွန်မကိုယ် ကျွန်မလည်း နားမလည်လို့ ကံကြမ္မာပေါ့လို့ လွှဲချရဦးမယ်။ဒါပေမယ့် “ဟယ်လို” ဆိုတဲ့ ခဏချင်းမှာ အံ့သြရိပ်ကပ်နေပေမယ့် ဒေါသငြိမနေခဲ့ပါဘူး။ ဆရာတော်ဦးဇောတိကရဲ့ ဖုန်းဖြေခါနီး တစ်ဖက်လူကို မေတ္တာပို့ပြီးမှဖြေပါဆိုတဲ့ တရားစကားနာပြီးကတည်းက အကျင့်ဖြစ်နေခဲ့တာရယ်။ ဒါကြောင့် သူမက ကျွန်မအသံကို ကြားကြားချင်း ဖုန်းမှားမှန်းသိပေမယ့် ဆက်ပြောခဲ့တယ်လို့ ဆိုလေရဲ့။



“ကိုယ် သေချင်နေတာ အမှန်ပဲ”တဲ့ ။ “ဘယ်လို…” ဆိုတဲ့ အာမေဍိတ်သံထွက်မိပြီး မျက်လုံးပြူးကျယ်သွားခဲ့တာ။ တစ်ဖက်က ယောက်ျားလေးဆိုရင် နောက်ပြောင်တာပဲ ဆိုကာ ဖုန်းပိတ်လိုက်ဖို့ သေချာပေမယ့် သူမက မိန်းကလေးဖြစ်နေတာကြောင့် ကျွန်မ မစဉ်းစားနိုင်လောက်အောင်ဖြစ်ရပါတယ်။ အင်းမလှုပ်အဲမလှုပ်စကားမပြန်ဘဲ ဖုန်းမချနိုင်ခဲ့ပါဘူး။ သူမက ဆက်ပြောပါတယ်။ “တကယ်ပါ” တဲ့။ 

ဒုက္ခ။ စကားကြီးဆယ်မျိုးရှိတာ ကျွန်မ ဖတ်ဖူးရဲ့။ ရေကူးညာတင်၊ ကောက်ပင်ရိတ်လှီး ၊ ရေစီးဖောင်ဆန်၊ အိုးတန်ဆန်ခတ် ၊ ဆီပွတ်ကျည်ပွေ့ ၊ ဆင်ဝှေ့ရန်ရှောင်၊ တောင်သူ ယာခုတ် ၊ ကြက်ဆုတ်ခွပ်ပစ် ၊ ရေစစ်ကရား၊ ခက်တင်မောင်းနင်း ...ဟင့်အင်း…ဘယ်လိုပြောနည်းကို မှ ကျွန်မ မကျွမ်းကျင်ပါဘူး။ငရဲကြီးလိမ့်မယ်လို့ ခြိမ်းခြောက်ရမလား။ ရယ်စရာကောင်းနေမယ်။ “ဘာလို့ သေချင်တာလဲ” လို့ မေးရမလား။ သူတပါးကိုယ်ရေးကိုယ်တာကို စွက်ဖက်လို့ မသင့်ပေဘူး။ “ဖုန်းမှားနေပြီ”ဆိုကာ ဖုန်းချရမလား။ ဒီလို စာနာစိတ်ကင်းဖို့လည်း မတော်ပြန်ဘူး။
 

အဲဒီအချိန်မှာ စီးပွားပျက်ကပ်ကိုလည်းကျော်ခဲ့ပြီ။ ဘာကြောင့်ဆိုတာကို ကျွန်မ မခန့်မှန်းနိုင်ပါဘူး။ ဒီနိုင်ငံမှာ စိတ်ဓာတ်ကျပြီး သေကြောင်းကြံချင်ကြတဲ့ သူတွေ ဖုန်းဆက်ရင် အားပေးနားထောင်ပေးတဲ့ ဌာနတစ်ခုရှိတာ ကျွန်မကြားဖူးတာမို့ ညဉ့်နက်သန်းခေါင် ကွန်ပျူတာဖွင့်ကာ အဲဒီဖုန်းနံပါတ်ကို ရှာရတော့မလား။ ဘာကိုမှ မဆုံးဖြတ်နိုင်တာကြောင့် “ကျွန်မလည်း သေချင်နေတာ” လို့ ပြန်ပြောလိုက်ဖြစ်ခဲ့တာ။ “ တကယ်လား”တဲ့ ။ သူမ မယုံနိုင်အောင် အံ့သြသွားတဲ့ပုံပါ။ လူ့ပြည်မှာ မနေချင်တာတော့ အမှန်ပဲရယ်။“quarter life crisis လေ” လို့ ဇွတ်မှိတ်ပြီး ဖြေလိုက်ပါတယ်။ သူမက အသံတိုးတိုးနဲ့ “ အဲဒါဘာလဲ …ကိုယ်မသိပါလား” လို့ ဆိုပါတယ်။ သူမ ကျွန်မရဲ့ အရေးကို စိတ်ဝင်စားပါလား။ ဒီနည်းက မဆိုးလောက်ဘူးလို့ ဆုံးဖြတ်မိရင်း...
.

အသက် ၃၅ နှစ်က စဖြစ်တတ်တဲ့ mid life crisis ကို ရှင်သိမှာပေါ့။ quarter life crisis က ၂၀ ကနေ ၂၉ ကြားဖြစ်တတ်တာ… ဘာကြောင့်လဲဆိုတာ ရှင် မှန်းလို့ရမယ်ထင်တယ်။ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်ရတာ သိပ်ခက်ခဲလွန်းတယ်လေ။ ရပ်တည်ရာ ရှာတိုင်း အောက်ခံမြေက အမြဲလှုပ်ခါနေတာ မဟုတ်လား။ ဘွဲ့ရပေမယလည်း ကိုယ်လုပ်ချင်တဲ့အလုပ် မဟုတ်သေးဘူး။ ကျောင်းလခအကြွေးတွေနဲ့ အိမ်တို့ ကားတို့ ဝယ်နိုင်ဖို့ ဆိုတာ ဝေးလို့ …. မိဘမျက်နှာကို ဘယ်လိုပြန်ကြည့်ရမှန်း မသိဘူး။ အသက်တွေသာ ကြီးလာပေမယ့် အိပ်မက်က မရေရာတော့ဘူး။

Louis vuitton တို့ Prada တို့ မဝယ်နိုင်လည်း ကိစ္စမရှိပေမယ့် လောကကြီးမှာ မနေပျော်တော့ဘူး။” တကယ်က ထိုစဉ်ခိုက်မှာ ဒေမီအင်န်ဘား ရဲ့ ဖွဲ့စည်းတည်ဆောက်ပါ (အသက်လေးပုံတစ်ပုံတမ်း ကပ်ဆိုက်ကာလမှာ အသက်ရှင်ကျန်ရစ်ခြင်း)*ဆိုတဲ့ စာအုပ်ဖတ်နေခိုက်မို့ သူမကို ဒီအကြောင်းအရာ တွေ စကားစကာ လမ်းခင်းလိုက်ခြင်းသာ။သေချင်လောက်အောင် ကျွန်မ စိတ်ဓာတ်ကျမနေပါဘူး။ တဖြုတ်ဖြုတ်ကြွေကျနေတဲ့ ညနေခင်းတိုင်းမှာ ရောင့်ရဲမှုတွေနဲ့ ဒွေးရောယှက်တင် နေထိုင်နိုင်ပါသေးတယ်။ 

ဒီလို ညည်းလိုက်ရင် ဘဝတူရှိပါလား ဆိုပြီး သူမ စိတ်သက်သာရာ ရသွားလိမ့်မယ် ထင်ခဲ့ပေမယ့် သူမက “အဲဒီတော့ မင်းဘယ်လို သေမယ် စိတ်ကူးထားလဲ” တဲ့။အဲ…။ ရုတ်တရက် အဖြေမရှိခဲ့ဘူးရယ်။…ခဏနေပါဦး။သေချင်နေတာ သူမ မဟုတ်ဘူးလား။ အခု သူမက ကျွန်မကိုပါသေစေချင်နေတာလား။သေဖော်သေဖက်ညှိတယ်ဆိုတာ ဒါမျိုးထင်ပါရဲ့နော်။

“သေကြောင်းကြံနည်း ၁၇ မျိုးမကရှိတာ ကျွန်မ သိပေမယ့် အဲဒီလို ထွက်ပြေးရမှာ သတ္တိနည်းတယ်ထင်နေသေးလို့ ကြံစည်ဖြစ်ဦးမှာတော့ မဟုတ်ဘူး။ ဒီကမ္ဘာမှာ ကျွန်မထက် အခြေအနေဆိုးသူတွေ အများကြီး ရှိတာလေ။ အဲဒီလို လုပ်ရင် သူတို့ကို မလေးစားရာကျမှာပေါ့။” လို့ သွယ်ဝှက်ဖြောင်းဖြခဲ့ပေမယ့် ကျွန်မ မျှော်လင့်ထားသလိုပဲ သူမက လက်မခံပါဘူး။ “အဓိပ္ပါယ် မရှိတာ။ သူတို့အတွက် မင်းဘာမှ လုပ်ပေးနိုင်မှာ မဟုတ်ဘူး ” တဲ့။ ကျွန်မရဲ့ စည်းရုံးရေးညံ့ဖျင်းမှန်းသိပေမယ့် ဆက်ပြောခဲ့သေးရဲ့။ “တချိန်ချိန်မှာတော့ ကူညီနိုင်မှာပေါ့။ အဲဒီမျှော်လင့်ချက်နဲ့ပဲ အသက်ဆက်နေတာ” .... ဟင့်အင်း။ မဟုတ်ဘူး။ တကယ်တော့ ကျွန်မညာခဲ့တာ။ ကျွန်မရဲ့ ယုံကြည်ချက်တွေ ဆိတ်သုဉ်းနေတာ ကြာခဲ့ပြီ။ 

သူမက ဟက်ကနဲရယ်တယ်။ “မင်း စိတ်ကူးသိပ်ယဉ်လွန်းတယ်” တဲ့။ ဟုတ်မှာပါ။ နို့မို့ဆို ကျွန်မ သေပြီး ဖြစ်လိမ့်မယ်။“ထားပါလေ။ ရှင်ကရော... ” လို့ ကျွန်မ စကားခေါ်လိုက်ပေမယ့် သူမ တိုးတိတ်နေပါတယ်။ “ဟေး…” လို့ ကျွန်မပြန်ခေါ်လိုက်ပြီး “ကျွန်မ နားထောင်နေတယ်”လို့ ဆက်ပြောလိုက်တယ်။ အတော်လေးကြာမှ သူမက “ ကိုယ်နေမကောင်းဘူး” လို့ ပြောခဲ့တာ။ စိတ်စွမ်းအင်၊ ကံကြမ္မာ၊ ဇွဲ ဆိုတဲ့ စာမျက်နှာပေါင်းများစွာက အာဂုံဆောင်ထားတဲ့ စကားလုံးတွေ ကြက်ပျောက်ငှက်ပျောက်ဖြစ်ကုန်ပြီလေ။ အသက်ရှုရတာ ခက်ခဲသွားပြီ။ 

အခန်းမှာ ရုတ်တရက်အောက်ဆီဂျင်ခန်းသွားသလို မွန်းကျပ်လာခဲ့။ နေမကောင်းဘူး... နေမကောင်းဘူးတဲ့လား။ နာမကျန်းသူကို ဘယ်လို ထူမနိုင်မလဲ။ ကျွန်မ မကြံစည်နိုင်တော့ဘူး။ ဒီလို ဆွံအတုံ့ဆိုင်းမိခိုက်မှာ “မင်းနဲ့ စကားပြောရတာ ကောင်းတယ်။ ကောင်းသောညပါ” လို့ပြောပြီး သူမ ဖုန်းချသွားခဲ့တာ။ ပြန်လည်နှုတ်ဆက်ခွင့်တောင် မရခဲ့ဘူးလေ။ ဖုန်းပြန်ခေါ်ရမလားလို့ တွေးတောမိပေမယ့် သူမစိတ်ကို ချက်ချင်းပြောင်းလဲသွားအောင် ဖန်တီးနိုင်မှု ရာခိုင်နှုန်းက နည်းပါးလွန်းတာမို့ “ကောင်းသောညပါ။ ရှင်နဲ့ စကားဆက်ပြောချင်သေးတယ်။ နောက်နေ့ ကျွန်မဆီ ဖုန်းခေါ်ပါဦး” ဆိုတဲ့ စာတိုလေးပဲ ရိုက်ပို့ဖြစ်ခဲ့ရဲ့။ 

ဒါပေမယ့် သူမ အကြောင်းမပြန်ခဲ့ပါဘူး။ ဘယ်တော့မှ။ ဘယ်လိုမှ … ဤရွေ့ဤမျှ နဲ့ .... ပြီးသွားခဲ့ပြီလား။ ကျွန်မ စာတိုလေးတွေ ရိုက်ပို့နေဆဲပေမယ့် သူမ ပြန်လည် မဆက်သွယ်ခဲ့ပါဘူး။ နောက်ဆုံးမနေနိုင်လို့ ဖုန်းခေါ်ခဲ့ပေမယ့် သူမ ကျွန်မကို ပစ်ပယ်ထားခဲ့ပါပြီ။ ယနေ့ထက်တိုင်ပေါ့။ “ဖုန်းဆက်ပါ…ဖုန်းဆက်ပါ” လို့ တတွတ်တွတ်ရွတ်ပြီး ဖုန်းကို အမြုတေလို ကိုယ်နဲ့မကွာ ဆောင်ထားနေမိဆဲ။ ဖုန်းသံမြည်တိုင်း ကျွန်မ မအေးချမ်းနိုင်တော့ဘူးရယ်။ သူမရဲ့ ဖုန်းနံပါတ်ကို တောင့်တကာ ပူလောင်ခဲ့ပါပြီ။

သတ္တုလှိုင်းရဲ့ဂယက်ရိုက်မှုနဲ့ လူတစ်ယောက်စိတ်နောက်သွားနိုင်တယ် ဆိုတာ ကျွန်မ အလျှင်းမသိခဲ့ပါဘူး။ လုံးဝဥဿုံ မယုံနိုင်သေးပါဘူး။ ကျွန်မ အခြေအနေကောင်းပါသေးတယ်။ သည်းခြေမပျက်သေးပါဘူး။ ဒါပေမယ့်လေ... ဒါပေမယ့်ပေါ့ ဖုန်းမြည်သံကြားတယ်ထင်ပြီး ဖုန်းကောက်ကိုင်လိုက် စာတိုလေးတွေ ရောက်တယ်ထင်ပြီး ဖုန်းကို ဖွင့်ကြည့်လိုက်နဲ့ ဣနြေ္ဒမဆည်နိုင်တဲ့ လုတစ်ယောက် ရှိနေပါတယ်။ ကူညီတယ်ဆိုတာ ကိုယ့်စိတ်သက်သာအောင်သာ ပြုလုပ်တဲ့ ကောင်းမှုမဟုတ်ပါဘူး။ မကူညီခွင့်ရရင် အပြစ်ရစိတ်နဲ့ အသက်ရှုခက်စေတဲ့ တွန်းအားမျိုးကိုလည်း ပေးဆောင်နေတယ်လေ။ ဒါပေမယ့် ကျွန်မ ဘာတတ်နိုင်မှာလဲ။

ဒါဟာ ရက်စက်တဲ့ ကျီစယ်မှုပဲ။ အဲဒီလို မနောက်ကောင်းပါဘူးလေ။ ဟုတ်တယ်မဟုတ်လား။ သူမ ကျွန်မကို လျစ်လျူရှုလိုက်တာ... ပြီးတော့ မေ့သွားတာ။ ဟုတ်မှာပါ။ ဒါပေမယ့်နော် တိုက်ဆိုင်ရင်ပြောပေးပါ။ ကျေးဇူးပြုပြီး ဖုန်းခေါ်ပါလို့။ တဆိတ်ကလေး ။ သူမ ဒီကမ္ဘာမြေက ထွက်မပြေးခဲ့ပါဘူးလို့ ယုံကြည်အောင် ကျွန်မကို စကားပြန်ခဲ့ပါဦး...။ ကြိုတင်လို့ ကျေးဇူးတင်ပါတယ်… ။

မယ့်ကိုး



Damian Barr (Get it together: Surviving your Quarter life crisis) *

23 comments:

လင်းဒီပ said...

မဖတ်ဘူး မထင်ပါနဲ့ ။ တင်လိုက်ကတည်းက ဖတ်လိုက်မိပါတယ် ။ :)

ဒါနဲ့ ဖုန်းထဲက လှမ်းပြောတဲ့မိန်းကလေးက သေပြီးသား သရဲအစစ်ကနေ ဖုန်းသရဲလုပ်ပြီး လာနောက်သွားတာလား မသိဘူး ။

သေကြောင်းကြံနည်း ဆယ်နည်းရှိတာတော့ ဒေါ်မယ်ကိုး ပြောမှပဲ သိတော့တယ် ။

မယ်ကိုး said...

သေကြောင်းကြံနည်းက ဆယ်နည်းရှိတယ်လို့ သူငယ်ချင်းဆရာဝန်ပြောလို့ မစစ်ဆေးပဲ ရေးလိုက်မိတာ လေးလေးရေ။
တကယ်က ၁၇ နည်းမက ရှိပါတယ်။း)
http://en.wikipedia.org/wiki/Suicide_methods

စာလာဖတ်တဲ့အတွက် အထူးကျေးဇူးပါနော်။

ကိုကိုးအိမ် said...

မမယ်ကိုးရေ အဲဒါတစ်ကယ်လား စိတ်ကူးယဉ်ရေးထားတာလားဗျာ.. တကယ်ဆိုရင်တော့ စိတ်ပူစရာပဲ တစ်ဖက်လူကလည်း နောက်တာဆိုရင် ဒီလောက်ကြီး မနောက်ကောင်းပါဘူး။....
တကယ်လား အဟုတ်လား ပြန်ပြောပေးပါဦး..

ခင်မင်လျှက်
ကိုကိုးအိမ်(မန္တလေး)

လင်းဒီပ said...

လင့်ချပေးတာနဲ့ ကျွန်တော်လည်း သွားဖတ်နေမိပြီ ။ :)

TURN-ON-IDEAS said...

လူကြီးမင်း ခေါ်ဆိုသော ဖုန်းမှာ ဆက်သွယ်မှု ဧရိယာပြင်ပတွင် ရောက်ရှိနေပါသဖြင့်.....
လူကြီးမင်း ခေါ်ဆိုသော ဖုန်းမှာ စက်ပိတ်ထားပါသဖြင့်...
....
ဒါလဲ ဖြစ်နိုင်ပါတယ်... :P
နောက်တာနော်..
အရမ်းကြိုက်ပါတယ်.. ဒါမျိုး တစ်ခါမှ မဖတ်ဖူးသေးဘူး...

ရွှေရတုမှတ်တမ်း said...

သေကြောင်းတော့မကြံပါရစေနဲ့..ဖုန်းတော့ဆက်ပါမယ်ခင်ဗျာ..

လသာည said...

မမ ဖုန်းဆက်ဦးမှာပါ ညီမလေး..းD

နှင်းဟေမာ said...

မမကိုးရေ...
ဖတ်သွားပီ ... တစ်ချို့နေရာလေးတွေ နားမလည်လို့ ၂ခေါက်ဖတ်ယူရတယ်
ဒီပို့စ်ကို ဖတ်ပီး အရမ်းဖတ်ချင်နေတဲ့ ဆရာကြီးနန္ဒရဲ့ ကိုယ့်ကိုယ်ကိုသတ်သေခြင်းနှင့် သေကြောင်းကြံခြင်းစာအုပ်ကို သတိရပြီး အပြေးအလွှားပြန်ရှာမိလိုက်သေးတယ်း)
ချစ်ညလေး နှင်း

Vista said...

ဖုန်းချပီး သတ်သေသွားပီထင်ပါတယ် မမျှော်ပါနဲ့ တော့။
သက်သက် လက်ဆော့တာလည်းဖြစ်နိုင်ပါတယ်
ကျနော့်ကျတော့ Random ဖုန်းနံပါတ်နှိပ်ပီးယောကျာ်းလေးမှတ်လို့ မိတ်ဆက်တဲ့ ဖထုပ်မလေးနဲ့ တွေ့ ဖူးတယ် ဟိဟိ။

mirror said...

သိပ်ကို ကောင်းသွားပြီ မမမယ်ကိုး..။
တပုဒ်ဆို တပုဒ် တနင့်ကြီးပဲ။ ...။း)

လေးစားခင်မင်လျက်..။

မူလပထမစာဖတ်သူ said...

မဖတ်ဘူး မထင်ပါနဲ့ ။ တင်လိုက်ကတည်းက ဖတ်လိုက်မိပါတယ်။အတူတူပါပဲ .. :)
ကွန်မန့်တော့ မရေးဖြစ်ပါဘူး။ဒါပေမယ့် ..အမြဲလာဖတ်ဖြစ်ပါတယ်။
စာတွေများများဖတ်ရဖို့မျှော်လင့်ပါတယ်။


အားပေးလျှက်

အမရာ said...

ဒီပို့စ်လေးကိုအရမ်းကြိုက်တယ်..
တကယ်ပြောတာ..။။။

ချော(အစိမ်းရောင်လွင်ပြင်) said...

သူတကယ်ဘဲ Suicide လုပ်ဖြစ်သွားလို့ မဆက်တာလား
ဒါမှမဟုတ် တစ်ယောက်ယောက်နဲ့ စကားပြောခွင့်ရလိုက်လို့ စိတ်သက်သာရာ ရသွားပြီး မလုပ်ဖြစ်တော့ဘူးလား
စိတ်ဝင်စားစရာနော်
လူတွေမှာ ဘယ်လိုလူဘဲဖြစ်ဖြစ် စိတ်ညစ်တဲ့အချိန်မှာ စကားပြောကူ၊ ဖေးမမဲ့သူ တကယ်ကို လိုအပ်ပါတယ်နော်။
တစ်ချိန်ချိန်မှာ ဖုန်းဆက်လာပါစေလို့ ဆုတောင်းပေးမိတယ်..

နေ့အိပ်မက် said...

တဖြုတ်ဖြုတ်ကြွေကျနေတဲ့ ညနေခင်းတိုင်းမှာ ရောင့်ရဲမှုတွေနဲ့ ဒွေးရောယှက်တင် (ရကောက်လို့ ထင်ပါ၏ :) ) နေထိုင်နိုင်ပါသေးတယ်။

အဲစာကြောင်းလေးကို သဘောအကျဆုံးပဲ မမ။ ဇာတ်လမ်းကလည်း အချစ်ဇာတ်လမ်းမဟုတ်တာတောင် ဖတ်တဲ့သူကို ဟာတာတာဖြစ်အောင် လုပ်နိုင်တယ်နော်။ မမသိပ်တော်တယ်။ :)

မယ်ကိုး said...

စာလာဖတ်ကာ အချိန်ပေး မှတ်ချက်ရေးပေးသွားတဲ့ ကိုကိုးအိမ်၊ TURN-ON-IDEAS ၊ လေးလေးကျောက်၊ မမ လသာည၊ ညီမလေး နှင်းဟေမာ၊ ညီမလေး vista၊ ညီမလေး ကြေးမုံ၊ မူလပထမစာဖတ်သူ၊ ၊ မ အမရာနဲ့ မမချော ကို အထူးကျေးဖူးတင်ပါတယ်။
စေတနာထား စာလုံးပေါင်းပြင်ပေးတဲ့ ညီမလေးနေ့အိပ်မက်ကိုလည်း အထူးကျေးဇူးတင်ပါတယ် ။း)

Anonymous said...

မမယ်ကိုးရေးသမျှကို မရောတော့ဖူး
တမျိုးပြီးတမျိုးဖန်တီးမှုလုပ်ထားတာပဲလို့မှတ်တော့မယ်ဗျာ
နို့မို့ဆို တကယ်များလား တကယ်များလားနဲ့ စိတ်တထင့်ထင့်ဖြစ်ရတယ် တကယ်

မောင်ဘကြိုင်

သိင်္ဂါကျော် said...

Suicide methods ကို သွားစပ်စုလိုက်သေးတယ်။
Overdosing က အသက်သာဆုံးဖြစ်မယ်ထင်ပါရဲ့ တိတိကျကျတော့ လုပ်မှဖြစ်မှာ နို့မို့ ဆေးရုံရောက်နေဦးမယ်။ ဟိ..
မြန်မာတွေကတော့ ဘာသာတရား အဆုံးအမနဲ့မို့ ဘယ်လောက်ပဲ စိတ်ညစ်ပါစေ.. သေကြောင်းကြံဖို့တော့ မကြိုးစားကြပါဘူး..။

Myat said...

မမယ်ကိုးရဲ့ gmail အကောင့်ကိုသိချင်လိုက်တာ..စကားတွေပြောချင်လို့ပါ..မ လဲ စကာင်္ပူမှာအလုပ်လုပ်နေတာပဲလားဟင်.

မယ်ကိုး said...

ဟုတ်ကဲ့။ ပထမတစ်ခါ add တုန်းက ဖျက်နေကျမို့ အရှိန်လွန်ပြီး မှားဖျက်လိုက်မိပါတယ်။ စိတ်မရှိပါနဲ့နော်။ အဲဒါကို အမြဲပြောချင်နေခဲ့တာ။ ကျေးဇူးပြုပြီး ထပ် add ပေးပါနော်း)

sonata-cantata said...

မယ်ကိုးရေ တမျက်နှာ ၀တ္တုတိုလေးကို ကြိုက်တယ်လို့ ပထမ ပြောပါရစေ...
ဖုန်းမျှော်နေတဲ့ ကောင်မလေးကိုတော့ ကိုယ်တတ်နိုင်သလောက် စိတ်ကောင်းနဲ့ ကူညီခဲ့ပြီးပြီ...ဆက်ပြီး အစွဲအလန်းတွေ မထားပါနဲ့ လို့

ဝက်ဝံလေး said...

အယ် အယ် တကယ်သတ်သေသွားတာ လား
အွန် ကြောက်ချာဂျိးရယ်
ဖန်ငါးသီး ငါးရားငါးဆယ် စားချင်လို့နဲ့တူတယ် ခစ်ခစ်

မမ လုံးလုံး မအားလို့ မလာဖြစ်တာနော်

မမေ said...

ရေးပြန်ပီ ဒါမျိုးတွေ
မယ်လေး ခေါင်းလေးက တကယ်ပဲ ထွက်တယ်နော်
အတွေးတွေနဲ့ ပြန်သွားတယ်

Anonymous said...

ဘယ်လို idea ရသွားတာလဲ ..အဲလိုရေးဖို့ ... ကောင်းလိုက်တာ ..နောက်တစ်ခေါက်လာဖတ်ဖြစ်တာ..
ဒီည တစ်ယောက်ယောက်ကိုဖုန်းဆက်ချင်နေသလိုပဲ..
စာတိုလေးတွေမျှော်နေတယ်ဆိုတဲ့နေရာမှာ ခံစားမှုကတစ်မျိုးလေးပဲ...