05 November 2010

“ရှောင်တိမ်းနေဆဲ ကောလဟာလ”



မရင့်ရော်သေးတဲ့ ရာသီစက်ဝန်းတစ်ခုမှာ တောင်ကြားများအကြားမှာ အရိပ်ဖြူတွေကို လှည့်လည်ချောင်းမြောင်းနေသူ လူသတ်သမားဟာ အရူးရဲ့ ခြေရာကို သတိထားမိသွားတယ်တဲ့လေ။ အမည်းပုပ်ပုပ်နိဒါန်းဟာ ဇာတာမှိန်တဲ့နေ့မှာ အစပျိုးတာပေါ့။ နီတိတွေ မကျွမ်းဝင်တဲ့ အရူးပေမယ့် “မင်္ဂလာပါ” “ကျန်းမာရဲ့နော်” လို့ ပဋိသန္ဓာရစကားဆိုမိလေရဲ့။ဒီလို ခရီးသွားဟန်လွှဲ အားနာပြုံးတဲ့အခိုက်မှာပဲ လူသတ်သမားက အရူးရဲ့ နှလုံးသားဟာ ဆေးဖက်မဝင်ဘူးဆိုတာ ကံကြီးသီလို့ နားလည်သွားပါသတဲ့။

လူသတ်သမားရဲ့ ပုံတူကောက်ကြောင်းကို ဒေါသစုတ်ချက်နဲ့ ခြယ်ထားတာ မဟုတ်ရပါဘူး။ သူ့မူလ မျက်နှာဖုံးပင်ကိုကပင် အဆိပ်ပြင်းနဲ့ ထုံးမွှမ်းထားတာရယ်။ ကိုယ်ကျိုးကျန်ဖို့အတွက် လူသတ်သမားဟာ အခမ်းအနားနဲ့ ထောင်ချောက်တွေဆင်တယ်။ ဆူးပြွန်းတောင်မို့ သားကောင်ရှားလွန်းသလို အဆင့်မြင့်လူသတ်နည်းတွေကလည်း ကြိုးရှုပ်ထွေးလို့ လွတ်ကုန်ကြပြန်ရော။

ဒါပေမယ့် သဘောထားတင်းမာတဲ့ လူသတ်သမားဟာ အရှုံးမပေးတတ်သူပါ။ “အစီအစဉ်ဆွဲပြီးသား ငါ့အိပ်မက်တွေက ရွှေနဲ့ထုဆစ်ထားတာ” လို့ ဝံ့ကြွားတတ်တယ်။ အရူးက ရယ်တယ်။ ဒါပေမယ့် ကြင်နာစွာပဲ ရပ်ကြည့်မိသတဲ့။ ပူလောင်နေတဲ့ လူသတ်သမားကို ငေးရင်း “သနားပါတယ်” လို့တောင် ထုတ်ဖော် ညည်းတွားမိသေးတာ။ လူသတ်သမားက ဓားကိုင်ထားပေမယ့် စေတနာမပျက်နိုင်ဘူး။ ဒုက္ခသည်တွေဟာ ကိုယ့်ကျိန်စာကို မမြင်သလို အရူးကလည်း လူသတ်သမားဟာ နေမကောင်းလို့နေမှာ လို့ ပြေရာပြေကြောင်း တွေးနေသတဲ့လေ။ ချော်လဲသွားတော့လည်း နာများသွားလားလို့ ကြောင့်ကြစိတ်နဲ့ ထူမိပြန်သေးသတဲ့။ အဆိုးဆုံးက သူ့လမ်းကြောင်းမှာ အန္တာရယ်ကင်းရဲ့လားလို့ ကင်းလှည့်ပေးတတ်ပြန်တာပေါ့။

ဟုတ်ကဲ့။ အရူးရယ်လေ။ တွယ်ငြိမိသူ ဆင်ခြင်ဥာဏ်မဲ့သူရယ်ပါ။ လူသတ်သမားအနား မကြောက်မရွံ့တိုးသွားရင်း ကိုယ်စားပင်ပန်းနေတတ်တယ်။ လူသတ်သမားက သရုပ်ဆောင်ကောင်း လွန်းတာမို့ ကြံဖန်ရင်နာရင်း မျက်ရည်စိုစွတ်နေတတ်တယ်။ မဲပြာပုံပြင်တွေထဲကလို အရူးဟာ လူသတ်သမားကို အမြင်မှန်ရပြီး သူတော်ကောင်းဖြစ်ဖို့ မမျှော်လင့်ပါဘူး။ လိုရာကို အမြန်ခရီးပေါက်ပြီး သားကောင်ကို ပွေ့ပိုက်လို့ ပျော်စေချင်တာ။ အရူးဟာ အိပ်မက်တံတိုင်းအပြင်ဖက်မှာ တိမ်တွေ ယက်တယ်။ လူသတ်သမားအတွက် ယာဉ်လုပ်ပေးဦးမယ် ဆိုပဲ။

ဒီလို ယောက်ယက်ခတ်နေတဲ့ အရူးကို လူသတ်သမားက သတိပြုမိသွားပြီရယ်။ ဘဝက တိုလွန်းတာမို့ တိုက်ခိုက်ခန်းတွေက ခပ်မြန်မြန်ပဲ ရောက်လာတယ်လေ။ လူသတ်သမားဟာ သွေးဆာနေပြီမို့ အရူးရဲ့ ဝိညာဉ်ကို စီးပြီးသွားရင် လွင်ပြင်ကို ရောက်နိုင်မယ်လို့ လိမ်လည်တယ်။ ပထမတော့ အရူးက ငြင်းတယ်။ “ အသက်ကို ချမ်းသာပေးပါ။ ငါအသက်ရှင်ချင်သေးတယ်။ မင်းအတွက် ယာဉ်ပျံကြီး ပြီးတော့မှာ” လို့ ရို့ရို့ကျိုးကျိုးဆိုပါတယ်။

အရူးဟာ သေရမှာကို သိပ်ကြောက်တာရယ်။ “င့ါမျက်လုံးတွေကို သေသေချာချာကြည့်ပါဦး။ ငါဟာ မင်းလို လူပါပဲ။” လို့ စာနာစိတ်ကို မျှားယူတယ်။ ဒါပေမယ့် အရူးမိုက်ရဲ့ ဇာတ်သိမ်းချိန်ရယ်လေ။ သတိနဲ့ ရှောင်တိမ်းလည်း ထက်မြရက်စက်တဲ့ဓားက အရူးနှလုံးသားကို ထွင်းဖောက်လိုက်ပြီလေ။…။မိုးတွေရွာတဲ့အခါ သွေးချောင်းစီးတယ်။အနီရောင်ပန်းတွ ပွင့်ကြတယ်။ ဘယ်သူမှ မငိုကြပါဘူး။

မျက်နှာဖုံးတပ်ထားတဲ့ လူအများ သက်သေရှိခဲ့ပေမယ့် ဒီလူသတ်မှုဟာ လူထုရှေ့မှောက် မပေါက်ကြားခဲ့ပါဘူး။ အင်တာနက်မှာ ပျံ့နှံ့မသွားခဲ့ဘူး။ တရားခံဟာ ဥာဏ်ကြွယ်သူမို့ သတင်းအဖြစ်တောင် အကျုံးမဝင်ခဲ့ဘူး။ ဘုရားကျောင်းက ခေါင်းလောင်းတွေ မြည်ကြပေမယ့် ခုံသမာဓိတွေလည်း မသိမမူခဲ့ဘူး။ မြေကမ္ဘာသက်သေရှိပေမယ့် တောင်တွေကလည်း မှတ်ချက်မပေးကြဘူး။

အသုဘအခမ်းအနားကို လူသတ်သမားက ပြုံးပြုံးလေးဆင်နွှဲတယ်။ ဒီအခိုက်မှာပဲ ယာဉ်က မြေမှ ကြွတယ်။ အရူးထက် ခေါင်းတစ်လုံးသာတဲ့ လူသတ်သမားဟာ ယာဉ်ကို ဘယ်လိုတက်ရမယ်ဆိုတာကိုတော့ နားမလည်ဘူးတဲ့။ ကံလို့ပဲ ပြောရဦးမလား ။ ဘာပဲဖြစ်ဖြစ် သူ့ခြေလှမ်းတွေဟာ   အဆင်ချောညီညာ ပါတယ်။

ဖြစ်ရပ်မှန်ကတော့ စုန်းအတတ်သိပြန်တဲ့ လူသတ်သမားဟာ အရူးကို ဖုတ်သွင်းပြီး ယာဉ်ကို ကြိုးဆွဲခိုင်းတာပေါ့။ အရူးဟာ မူလအစမှာ သူပြန်လည်ရှင်သန်ထမြောက်တယ် ထင်ပြီး အပျော်လွန်နေပေမယ့် ခရီးဆုံးတဲ့အခါ ဘဝမှန်ကို သိသွားပြီရယ်။ “မင်းလည်း သားကောင်ရပြီပဲ။ ထပ်မနှိပ်စက်ပါနဲ့တော့။ ငါ့ကို လွတ်ငြိမ်းချမ်းသာခွင့်ပေးပါ” လို့ တိုးလျှိုးတယ်။

ဒါပေမယ့် ဘယ်လိုပင်တောင်းပန်လည်း လောဘမသတ်နိုင်တဲ့ လူသတ်သမားဟာ အရူးကို အကျဉ်းချထားဆဲပဲ။ အရိပ်တွေကို နင်းပြီး ကောင်းကင်ဘုံရောက်သွားလည်း လူသတ်သမားဟာ အရူးတစ္ဆေကို ဆက်လက်အသုံးချဖို့ နည်းလမ်းရှိသေးတယ်တဲ့လေ။


ဒီလိုနဲ့ ပုံပြင်တစ်ခုကို ပုဒ်မချလိုက်ရပါပြီ။ ထုံးတမ်းစဉ်လာဖြစ်စဉ်အတိုင်း ကယ်တင်ရှင်တွေ ရောက်တာ နောက်ကျနေပါဦးမယ်။ အရူးဟာ သွေးစုပ်ဖုတ်ကောင်လို သွင်ပြင်မထင်ရှားပေမယ့် မျက်ရည်စတွေကိုမြင်ရင် အဖြေသိပါလိမ့်မယ်။ အတောင်ပံခတ်သံကြားရင် မျက်နှာလွှဲနေလိုက်ပါ။ မကျွတ်လွတ်သော ဖြူရော်ရော် တစ္ဆေတစ်ကောင်ကို တွေ့ရင် မရယ်မိဖို့ မေတ္တာရပ်ခံပါတယ်။

စာနာပေးမယ်လို့ မျှော်လင့်ရင်း သင် မှတ်သားခဲ့တဲ့ “ ပုထုဇဉ်နော ဥမ္နတကော ..” ဆိုတဲ့ ရှေးစကားဟာ သစ္စာလို့ ပြောချင်ပါတယ်။ သတိပြုပြီး ပြုံးရယ်ပါ။ အဖြူရောင်အလံ ကိုင်ဆောင်ထားလည်း သတ်ဖြတ်ခံရတတ်ပါတယ်။ အနေအထိုင်ဆင်ခြင်ပါ။ လူသတ်သမားဟာ သင့်အနားမှာ လှည့်လည်နေပါတယ်။...။


မယ့်ကိုး

13 comments:

လသာည said...

ဓါးထိုးခံခဲ့ခြင်းဟာ အရူးမိုက်ရဲ့ ဇာတ်သိမ်းမဟုတ်ပါဘူး။ အရူးတစ်ယောက်ရဲ့ မြင့်မြတ်ခန်းပါ။

ဖတ်ပြီး ဒီအရူးလည်း ၀မ်းနည်းတယ် :'(

လင်းဒီပ said...

မကျွတ်လွတ်သေးတဲ့ ဖြူလျော်လျော် တစ္ဆေတစ်ကောင်ကို သနားညှာတာ မရှိတဲ့ လူသတ်သမားတော့လား...

ဝိညာဉ်ကိုပါ အကျဉ်းချထားတယ်ဆိုတော့ လူသတ်သမားက စုန်းအတတ်လည်း တတ်ပုံရတယ် ။

အသာနေဦး... စိတ်ကောင်းရှိတဲ့ မှော်ဆရာကြီး ရှာခေါ်လာခဲ့မယ် ။ :)

မူလပထမစာဖတ်သူ said...

အဖြူရောင်အလံကို ကိုင်ဆောင်ထားလည်း သတ်ဖြတ်ခြင်းခံရတတ်ပါတယ်။သတိထားပါ။ သိပ်ကိုနှစ်ခြိုက်မိတဲ့စကားလေးတွေပါ။မယ်ကိုးရဲ့စာလေးတွေကအမြဲသိပ်လှတယ်။တစ်ပုဒ်ဆို ဆိုသလောက်ပါပဲ။စာတွေရေးပါအုန်း။စာအုပ်ရီဗျူးကိုဇာတ်လမ်းနဲ့သရုပ်ဖော်တာလည်းကြိုက်တယ်။နောက်လည်းဒီလိုစာလှလှလေးတွေအများကြီးဖတ်ရဖို့မျှော်လင့်ပါတယ်။အမြဲလာဖတ်ဖြစ်ပါတယ်။

လေးစားလျှက်

သက်ဝေ said...

မကျွတ်လွတ်သေးတဲ့ ဖြူလျော်လျော် တစ္ဆေတစ်ကောင်ကို မရယ်ရက်ပါ... ကိုယ်ချင်းစာပါတယ်... လူတွေဟာ အရူးတွေချည်းပဲ မဟုတ်လား...

ဝက်ဝံလေး said...

သနားပါတယ် အရူးလေးး(

မယ်ကိုး said...

စာလာဖတ်ပေးတဲ့ မမလသာည၊၊မမသက်ဝေ၊ ညီမလေးဝက်ဝံလေးကို အထူးကျေးဇူးတင်ပါတယ်။
စာရေးဖြစ်အောင် မြှောက်ထိုးပင့်ကော်လုပ်ပေးခဲ့တဲ့ ကိုလင်းဒီပကိုလည်း အထူးကျေးဇူးတင်ကြောင်း ထပ်မံပြောလိုပါတယ်ရှင်း)
မူလပထမစာဖတ်သူအားပေးသလို စာတွေဆက်ရေးနိုင်အောင် ကြိုးစားပါဦးမယ်။ အထူးကျေးဇူးတင်ပါတယ်း)

ညီမလေး said...

ခဏခဏလာဖတ်ဖြစ်ပေမဲ့ ဒါပထမဆုံး မန့်မိတာပဲ ... ။
မယ့်စာတွေ သိပ်မိုက်တာပဲ ။ ကြိုက်တယ် ။

မောင်ဘကြိုင် said...

ဆက်ရေး ဆက်ရေးဗျို့
ဆက်ဖတ်မယ်
ကွန်တွေကောင်းရင်
ကျော်ခွလို့ရရင် ရောက်နေမှား)

သိင်္ဂါကျော် said...

လူသတ်သမားမှန်း သိရဲ့သားနဲ့ စွန့်ခွာမသွားတာ တကယ်ရူးလို့ပေါ့..
လူတိုင်းဟာလည်း တစ်ယောက်တစ်မျိုး ရူးနေတာပါပဲလေ..။

တေဇာ (လရောင်လမ်း) said...

I like this one. :D

အမရာ said...

nIce Idea!!!
Love it!!!

Anonymous said...

လူသတ်သမားဖြစ်ချင်တယ်
-နန်းညီ

Anonymous said...

How have you created, it reflected the attitude of today's world...Excellent & Bravo