21 November 2010

အိမ်ပြေးသူများ



“ကျွန်တော့်အသက် ၁၈ နှစ်လောက်တုန်းက ရည်ရွယ်ချက်က နိုင်ငံခြားရပ်ခြားမှာပညာသင်ဖို့ပါ။ ကျွန်တော် လန်ဒန်ကိုလာဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ရောက်စက အသက် ၁၉ နှစ်ဝန်းကျင်ပါ။ အံ့သြစရာကောင်းတာက လေဆိပ်ကနေစတဲ့ ခရီးပါ။ အချိန်က အောက်တိုဘာ နေ့လယ်၊ မိုးဖွဲဖွဲရွာနေပြီး ဘတ်စ်ကားထဲကနေ မဲနေတဲ့ခေါင်းမိုးစွန်းတွေကို မိုးဖွဲဖွဲကြားက ကျွန်တော် ကြည့်နေခဲ့တယ်။ အဲဒါ အရမ်းကို ထူးဆန်းတယ်လို့ ထင်ခဲ့ပါတယ်။ ” ဒီစကားတွေကို ပါကစ္စတန်နိုင်ငံကို စွန့်ခွာပြီး အင်္ဂလန်မှာ အခြေချနေထိုင်နေတဲ့ မာမူးဂျမာလ် (Mahmoud Jamal)က ပြောခဲ့တာ ဖြစ်ပါတယ်။ 

ဒီဖြစ်ရပ်ဟာ တိုင်းတစ်ပါးယဉ်ကျေးမှုနှင့် ရုတ်တရက်ထိတွေ့ရာမှ ဖြစ်ပေါ်လာတဲ့ စိတ်နေသားမကျမှု (Culture Shock) ရဲ့ ပထမအဆင့်ပါ။ အဲဒီအဆင့်ကို ပျားရည်ဆမ်းဖြစ်စဉ် (The honeymoon stage/Honeymoon Phase)လို့ သတ်မှတ်ကြပါတယ်။ ဒီအခိုက်မှာ အရာရာတိုင်းဟာ အသစ်တွေ ဖြစ်လို့ ယဉ်ကျေးမှုခြားနားတာကအစ ဆွဲဆောင်နိုင်နေပါတယ်။ စိတ်လှုပ်ရှားတက်ကြွပြီး စူးစမ်းနေတဲ့ အချိန်ကာလလည်း ဖြစ်ပါတယ်။ 


 photo credit:www.cottontimer.com


ဒီကာလမှာ အိမ်ကိုတောင် မေ့နေနိုင်တယ်လို့ ဆိုကြပါလေတာ။  တမူထူးခြားကာ ဒီအဆင့်မှာတင် အိမ်လွမ်းနာကျတဲ့သူတွေလည်း ရှိပါလိမ့်မယ်။ ကျွန်မနဲ့ အနီးစပ်ဆုံးဥပမာကတော့  ကျွန်မရဲ့ သူငယ်ချင်း အထွေးလေးပဲ ဖြစ်ပါတယ်။ သူမကတော့ ဒီပျားရည်ဆမ်းအဆင့်မှာတင် ငိုလို့ချည်းနေခဲ့တာ။ ဘာဖြစ်လို့ တစ်ရပ်တစ်ကျေးမှာ လာပြီး အလုပ်လာလုပ်မိပါလိမ့်လို့ တွေးလိုက် ငိုလိုက် ၊ အိမ်ကို ဖုန်းဆက်လိုက် ဖြစ်နေခဲ့ပါတယ်။ 

ကျွန်မကတော့ စင်္ကာပူဆိုတဲ့ ဒီကျွန်းကို ရောက်စခဏမှာတော့ ပျော်ရွှင်ခဲ့ပါရဲ့။ သန့်ရှင်းတဲ့ ပတ်ဝန်းကျင်၊ ကောင်းမွန်တဲ့ လမ်းပန်းဆက်သွယ်ရေး နဲ့ တာဝန်ယူကူညီစောင့်ရှောက်တဲ့ အစ်မအရင်းက အနားမှာ ရှိနေတာမို့ အရာရာဟာ ကျေနပ်စရာကောင်းနေခဲ့ပါတယ်။ စတင်အခြေချတာက အမျိုးသားနေ့မှာဖြစ်လို့ တိုက်တာတွေမှာ အလံတွေ တလွင့်လွင့်နဲ့ တက်ကြွနေတဲ့ လူတွေကလည်း ငေးမောစရာချည်းရယ်။ 

ဒါပေမယ့် ရက်သတ္တပါတ်ပေါင်းများစွာ ကြာပြီးတဲ့နောက်မှာတော့ စိတ်ဓာတ်ကျတဲ့ ဒုတိယအဆင့်ကို ရောက်ပြီလေ။ ယဉ်ကျေးမှု ခြားနားခြင်းဟာ အကျိုးသက်ရောက်မှု ရှိလာပြီ။ စိတ်ရှုပ်၊ အထီးကျန်၊ မိဝေးဖဝေး၊ ချစ်သူတွေရဲ့ အဝေးမှာ ရင်ထဲက အက်ကြောင်းက စတင်ပေါ်လာပြီ။ ဒီအဆင့်ကို စိတ်ဆင်းရဲနာကျင်မှုဖြစ်စဉ် (The Distress Stage/ Negotiation Phase) လို့လည်း သုံးနှုန်းကြပါတယ်။ 

ဒီအက်ကြောင်းစပေါ်လာတဲ့အခါ ကျွန်မဟာ ရာသီဥတုအစ အပြစ်မြင်နေမိလေရဲ့။ သူငယ်ချင်းအထွေးက ဒီနိုင်ငံရာသီဥတုဟာ သူ့လူတွေလိုပဲ ဟိတ်ကြီးဟန်ကြီးနိုင်တယ်လို့ ပြောပါတယ်။ နေပူပူမှာ မိုးခြိမ်းသံတွေ တရကြမ်းနဲ့ ခြိမ်းခြောက်တတ်ပေမယ့် မိုးလည်း မရွာဘူးလို့ ဆိုလေတာ။ ကျွန်မကတော့ ဒီကျွန်းရဲ့ ရာသီဥတုမှာ သက်တောင့်သာယာရှိနေခဲ့တာ မိုးတွေ မရွာခင်အထိပေါ့။ ဥတုရာသီ တစ်မျိုးတည်းသာရှိတဲ့ ဒီအရပ်မှာ အောက်တိုဘာလကစလို့ အဆက်မပြတ်မိုးရွာပြီလေ။ 

ဆောင်းရာသီချစ်သူ ကျွန်မက ချမ်းတတ်လွန်းသူပါဆိုရင် အံ့သြစရာများ ဖြစ်နေမလား။ ရုံးမှာ လေအေးစက်က ကျွန်မ ဦးထိပ်တည့်တည့်မှာ ရှိတယ်။ ရထားပေါ်မှာ ၊ ဘတ်စ်ကားထဲမှာ ချမ်းလွန်းလို့ ကျွန်မ ခိုက်ခိုက်တုန်နေခဲ့ပါတယ်။ နွေးနွေးထွေးထွေးရှိသူတွေကို မြင်တိုင်း ကျွန်မတစ်ယောက်တည်း ချမ်းနေတာလားလို့ တွေးမိလေတာ။ ဒီကျွန်းမှာ ရှိသမျှလေအေးစက်တွေကို လိုက်ပိတ်ချင်ခဲ့မိတာပေါ့။ အေးစက်တဲ့လေထုကြားမှာ အသက်ရှုကျပ်ကာ ချမ်းလွန်းလို့ ဖျားတော့မှာလားလို့လည်း အမြဲသံသယဖြစ်နေခဲ့။ 

ဟင့်အင်း။ ကျွန်မ နာမကျန်းလို့ မဖြစ်ဘူး။ အိမ်လွမ်းလို့ မဖြစ်ဘူး။ ကျွန်မ အိမ်မပြန်နိုင်သေးဘူး။ အိမ်မှာရှင်သန်ဖို့ အခွင့်မရှိဘူး။ ကျွန်မ ဆက်လက် အိပ်မက်မက်ရဦးမှာ။ လူု့ဘုံအလယ်မှာ ရပ်တည်နိုင်ဖို့ ကြိုးစားရဦးမှာ။ ဘာပဲဖြစ်ဖြစ်။ ကျွန်မအရှုံးမပေးနိုင်ဘူး။ ဖြစ်ရပ်မှန်ကတော့ ဘယ်လိုပင် ကြိုးစားနှလုံးသွင်းပေမယ့် ကျွန်မ ယိုင်လဲတော့မလို ဖြစ်တယ်။ အခါခါ အားနည်းတိုင်း ကိုယ့်ကိုယ်ကိုယ်မုန်းကာ တော်ရာမှာ မပျော်နိုင်တော့ဘူး။ ဒီလိုနဲ့ ကျွန်မ မာကျောချင်ယောင်ဆောင်ခဲ့ပြီလေ။ မြန်မာပြည်မှာ ရိုင်းပျတဲ့ ကားစပယ်ယာကို ခွန်းတုံ့မပြန်နိုင်ခဲ့တဲ့ကျွန်မ ရုံးက အထက်အရာရှိကိုတော့ ပြန်လှန်အော်နေခဲ့မိတာ။ အစ်မတစ်ယောက်က သိပ်မတင်းပါနဲ့လို့ ဆုံးမတဲ့အခါမှ ကျွန်မ ပြေလျှော့သွားခဲ့တာရယ်။ ဒါပေမယ့် ကျွန်မ ရင်ထဲက နာကျင်မှုအစိုင်အခဲဟာ မကျေပျက်နိုင်သေးပါဘူး။ 

ဒါပေမယ့် အင်္ဂလန်ရောက်ခဲ့တဲ့ မာမူးကတော့ ဒီဒုတိယအဆင့်ကို အေးအေးဆေးဆေးပဲ ဖြတ်သန်းနိုင်ခဲ့ပါတယ်။ သူက “ဒါပေမယ့် သိပ်မကြာခင်ပဲ ကျွန်တော့်နေရာကို ရှာတွေ့အောင် စီစဉ်နိုင်ခဲ့ပါတယ်။ နေစရာနေရာ နဲ့ လန်ဒန်မြို့ထဲမှာ စအလုပ်လုပ်ဖို့လည်း စီမံနိုင်ခဲ့ပါတယ်။ စိတ်ဝင်စရာကောင်းတာက အခုအချိန်မှာ သိပ်ထင်ရှားနေပေမယ့် ကျွန်တော်က ခြားနားတဲ့ လူတစ်ယောက်ပါလား ဆိုတာ အရင်ကမသိခဲ့ဘူး။ တစ်ချိန်တည်းမှာပဲ ဘာဖြစ်လို့မှန်းမသိဘူး။ ဒီလူမျိုးရေးကိစ္စဟာ ကျွန်တော့်ဘဝမှာ ရင်ဆိုင်တွေ့ခဲ့ရတဲ့ ရေးကြီးခွင်ကျယ် ကိစ္စတစ်ခု မဖြစ်ခဲ့ဘူး။ ” လို့ ဆက်ပြောပါတယ်။ 

မာမူးလိုပဲ လူမျိုးရေးခွဲခြားခံရတယ်လို့ ကျွန်မလည်း မခံစားခဲ့ရပါ။ ကျွန်မရဲ့သည်းခံနိုင်စွမ်းမကြီးပေမယ့် လျစ်လျူရှုနိုင်စွမ်း ပြင်းတယ် ထင်ပါရဲ့။ နိုင်ငံခြားသားတွေဟာ ဒီနိုင်ငံသားတွေက အတော်လေး မောက်မာကြောင်း ပြောကြပေမယ့် မြန်မာပြည်က ကားစပယ်ယာရဲ့ အဆူအငေါက်ကို ခံနေကျ ကျွန်မအတွက်တော့ ဒီအရေးဟာ ပန်းနဲ့ ကြဲပေါက်သလိုလောက်မျှသာ တင်စားနိုင်ပါတယ်။ ဒါပေမယ့် အဝေးရပ်မြေက အားငယ်မှုစက်ဝန်းမှာ ကျွန်မ စတင်နစ်ခဲ့ပါပြီ။ ဘယ်သူ့ကိုမှ အရေးမစိုက်ပါဘူးလို့ ဟန်ဆောင်လည်း သိမ်ငယ်စိတ်က ရင်မှာပျိုးခဲ့ပြီ။ မာမူးက သူဟာ ခြားနားတဲ့ လူတစ်ယောက်ဆိုတာ မသိခဲ့ဘူးလို့ ဆိုပေမယ့် ကျွန်မကတော့ အပြင်လူလို့ ဆိုတဲ့ ခံစားချက်ကို ရင်ဝယ်ပိုက်ပြီး မိုးကိုပဲ အပြစ်ဖွဲ့ငြိုးမိပြီ။ 

ဘယ်လို အသက်ရှုရမလဲ ဆိုတာ မေ့နေခဲ့တာ။ မိုးစက်တွေကို ငရဲမီးတွေလို့ မြင်ကာ  မိုးရေတွေထဲကြားမှာ ကျွန်မ အရည်ပျော်နေခဲ့တယ်။ ဟုတ်ပါတယ်။ ရှစ်ခွင်တိုင်း မှုန်မှိုင်းနေခြင်း အကြောင်းရင်းက ကျွန်မရဲ့ ရင်တွင်းပူကြောင့်သာ ငွေ့ရည်ဖွဲ့ပြီး မိုးအဖြစ်ရွာကျလာလို့သာ။ မယုံဘူးလား။ အိမ်လွမ်းနာနဲ့ ကျွန်မရဲ့ စိတ်တွေလည်း ကယောင်ချောက်ခြားဖြစ်ခဲ့ပြီလေ။ ဒီသောကပရိဒေဝတွေဟာ ဒီမျှနဲ့ မရပ်ခဲ့ပါဘူး။ တိုင်းတစ်ပါးယဉ်ကျေးမှုနှင့် ရုတ်တရက်ထိတွေ့ရာမှ ဖြစ်ပေါ်လာတဲ့ စိတ်နေသားမကျမှုတွေက လှေကားအဆင့်ဆင့်မှာ ကျွန်မကို စောင့်ကြိုနေကြတယ်လေ။ 

ဒီလိုနဲ့ ရင်ဘတ်ထဲက စကားလုံးတွေ ပေါက်ကွဲလွင့်စင်လာခဲ့တာ။ အဲဒီိတုန်းက blog မှာ zawgyi one font နဲ့ မြန်မာလို ဘယ်လိုရိုက်ရမယ်ဆိုတာ မသိသေးတဲ့အချိန်… ဒီစာမျက်နှာ မှာ ပထမဆုံးရေးခဲ့တဲ့ စာလေးပေါ့။

'In the Rain'

Rain. Rain. Rain.
December rain.

I've never seen snow in here.
There is the rain all over the space. But there is the flame in my heart.

I've burnt in the rain.
The raindrops are arrows for me.

But I've never hurt anymore.
My skin is thicker than that you can see.

I cover my mind with the wound.
I am alone in the dark rain.
I stand with the pain.

You can think me as a stranger.
You can never understand what I talk.

However I cry aloud, you never HEAR me.
(19/12/2007)




Ref: BBC : Who on earth are we?
Culture Shock by a article of British-German Association

(စာကြွင်း။ ချစ်ခင်လေးစားရတဲ့ စာဖတ်သူများရဲ့ ရေခြားမြေခြား စတင်ရောက်ရှိခိုက်ခံစားချက်များကို ဝေမျှပေးမယ်ဆိုရင် အထူးကျေးဇူးတင်ပါတယ်ရှင်။ အသံလေးများအား ကျေးဇူးတင် စောင့်မျှော်လျက်...

မေတ္တာများဖြင့်...
မယ့်ကိုး )


21 comments:

Anonymous said...

စရောက်ရောက်ချင်းတုန်းကတော့ ပျော်တယ်။
ပတ်ဝန်းကျင်အသစ်မှာ စူးစမ်းမှုတွေအပြည့်နဲ့
တိုပါးရိုးကသူငယ်ချင်းကို အာမိုကို အလည်ခေါ်ပြီးလိုက်ပြ..
သူ့နေရာသွားလည်နဲ့ ပျော်စရာ...
၁၂နာရီလျှောက်သွားလည်းဘာမှမဖြစ်တော့လျှောက်သွား..အဲဒီအချိန်တုန်းက ကျောင်းတက်နေတုန်းလေ..
အလုပ်ဝင်ပြီးနောက်ပိုင်းတော့အနေကြာလာတာနဲ့အမျှ..အေးစက်စက်လေအေးစက်အောက်ကအေးစက်တဲ့မျက်နှာတွေနဲ့ပဲထိတွေ့နေရတဲ့ ပတ်ဝန်းကျင်မှာခံစားမှုတွေပါအေးစက်လာတယ်။
နွေးထွေးတဲ့ အမေ့အိမ်ကို အိမ်မက်ညတိုင်းမက်ဖြစ်နေတယ်.....
Home Sweet Home ..
Thanks for this post.

မယ်ကိုး said...

ဟုတ်ကဲ့။ စေတနာထား ဖြေကြားပေးတဲ့အတွက် ကျွန်မကလည်း အထူးကျေးဇူးတင်ပါတယ်ရှင်။ ဆောင်းပါးကို အစအဆုံးပြန်စီတဲ့အခါမှာ ဒီစကားလေးကို ပြန်သုံးခွင့်ပြုပါနော်း)

ZT said...

စရောက်ခါစ တစ်လလောက်က ပျင်းလွန်းလို့။ ဘယ်နေ့ ပြန်မရမလဲ ဆိုတာပဲ စိတ်ထဲက တွက်နေတယ်။ တစ်လလောက် ကြာတော့ သူငယ်ချင်းတွေနဲ့ အတူ နေသားကျသွားတယ်။ ဒါပေမယ့် အဲဒီတုန်းက နေ့ခင်းဖက် ကျောင်းတက် ညနေဖက် အလုပ်လုပ် နေရတဲ့ အချိန်မို့ ၃ နှစ် ကို မြန်မြန် ကုန်ဖို့ မှန်းတယ်။ ကျောင်းပြီးလို့ အလုပ်ဝင်တဲ့ အချိန်ကျတော့ အတော်လေး နေသားကျသွားပြီ။ အခု ၁၀ နှစ်ကျော်လာတော့ နိုင်ငံခြားရောက်နေတယ် ဆိုတာတောင် တခါတလေ သတိမရတော့ဘူး။

လင်းဒီပ said...

ဖတ်လို့ကောင်းပါတယ် ။ ကိုယ်တိုင်လည်း ဒီဖီးလ်က မကြာခဏ ဖြစ်နေကျမို့ စာနာမိပါတယ် ။

ဒါနဲ့ မာမူးနဲ့ အတူတူလာတာလားလို့ :P

T T Sweet said...

Culture shock တဲ့လား။ ဖြစ်ခဲ့တာပေါ့။ ဒါပေမဲ့ အဲဒီအချိန်ကတော့ Culture shock ဆိုတာကို ဘယ်သိမလဲ။
စလုံးရောက်တော့ အိမ်ထောင်ကျတယ်၊ ကျောင်းတက်တယ်၊ ဘ၀မှာ အကြီးမားဆုံးတစ်ဆစ်ချိုးတွေဆိုတော့ ပိုဆိုးသွားတယ်။ အင်္ဂလိပ်လို ဆရာတွေ သင်မှာ နားလည်ပါ့မလား စာတွေလိုက်နိုင်ပါ့မလား စိုးရိန်နေတယ်။

မှတ်မိတာကတော့ MRT ပေါ်က တစိမ်းဆန်တဲ့ စလုံးလူမျိုးတွေရဲ့ အေးစက်စက် စက်ရုပ်မျက်နှာတွေ။ အဲဒီမျက်နှာတွေကြည့်ပြီး အထီးကျန်သလိုလို၊ သိမ်ငယ်သလိုလိုခံစားရလို့ လန့်တောင်ပြေးချင်တယ်။

နောက် MRT က တီတီတီ door is closing ဆိုတဲ့ အသံ။ အဲဒီအသံကိုကြားတိုင်းကို ငိုချင်နေတော့တာ မှတ်မိတယ်။ ၁၃နှစ်ရှိခဲ့ပါပြီ။

အယ်ကို said...

ကျနော်ကတော့ ရန်ကုန်လေယဉ်ကွင်းမှာကတည်းက ပျော်လိုက်တာဗျ ။ မြင်မြင်သမျှအသစ်အဆန်းတွေ နဲ့လေ ။ ဒီနိုင်ငံကိုရောက်တော့ ပထမ တစ်ရက် နှစ်ရက်လောက် ပျော်လိုက်တာ ပြောမနေနဲ့ဗျ ။ နောက်တစ်နေ့မှာ အလုပ်စလုပ်ရတယ် ။ အဲဒီမှာ စိတ်ညစ်လာစေမယ့် ပြဿနာတွေ စတော့တာဘဲဗျ ။ မတူတာတွေ မတူတာတွေ ပေါင်းများစွာတွေနဲ့ပေါ့ဗျ ။ .............
........ (လက်ခံ)တတ်တဲ့ အမြင် မရှိခဲ့သေး ၊ မတွေးမိခဲ့သေးလို့လေ ....

.....
လေးစားစွာဖြင့်
လူကလေး ...

လသာည said...

မာမူးလိုပဲ ပထမတစ်ခေါက် ဂျပန်လာတုန်းက တအားကို အားငယ်အထီးကျန်ခဲ့တယ်။ အိမ်ကိုနေ့တိုင်းလွမ်းပြီး ငိုဖြစ်တယ်။ အသစ်အဆန်းတွေက ကိုယ်နဲ့ သဟဇာတ ဖြစ်မနေတာလည်း ပါတယ်။ သူငယ်ချင်းချက်ချင်း မဖွဲ့တတ်တာလည်း ပါမယ်ထင်တယ်။

အခုတစ်ခေါက်တော့ အသက်ကြောင့်လားမသိဘူး။ အရင်လောက် အထီးကျန်သလို မခံစားဖြစ်တော့ဘူး။ အားလုံး(လူ+ပစ္စည်း)တွေနဲ့ သဟဇာတ ဖြစ်အောင် နေဖြစ်တယ်။

လွမ်းပေမယ့် မငိုတတ်တော့ဘူးး))။

Shinlay said...

မတူတဲ့ဓလေ့တွေ ကိုလိုက်ညှိ၊ မသိသေးတာကိုသင်၊ ကိုယ်အပေါ် တုန့် ပြန်လာတဲ့ မမျှော်မှန်းထားတဲ့ တုန့် ပြန်မှုတွေကိုရင်ဆိုင်ရင်း....
ကျမကတော့ ၈ နှစ် ၉နှစ်လောက်အထိ ညတိုင်းလိုလို
မြန်မာပြည်နဲ့  မိတ်ဆွေ တွေကို အိပ်မက်မက်တယ်။
မိုးလင်းတိုင်း ပြန်ပြောပြမိတယ်။
အခုတော့လည်း နည်းနည်း အဆင်ပြေလာပါပြီ။

မယ်ကိုး said...

စာလာဖတ်ကာ အတွေ့အကြုံလေးတွေကို စေတနာထား ပြောပေးသွားတဲ့ ကိုဇက်တီ၊ကိုလင်းဒီပ၊မမဆွိ၊လူကလေး၊မမလသာည၊မမရှင်လေးတို့ကို ကျေးဇူးအထူးတင်ပါတယ်း)

ချော(အစိမ်းရောင်လွင်ပြင်) said...

ကိုယ့်မြေကိုယ့်ရေနဲ့ ဓလေ့စရိုက် အစားအသောက် ပြောဆိုတဲ့စကားက အစ မတုတဲ့နေရာမှာ ရောက်တဲ့သူတိုင်း အနည်းနဲ့အများတော့ Culture shock ရော Home sick ရော အထီးကျန်အားငယ်တာရော ခံစားရတာပါဘဲ.. ရင်းနှီးတဲ့သူတွေရှိရင် ခံသာပေမဲ့ အားလုံးက သူစိမ်းတွေဆိုရင် အထီးကျန်အားငယ်စိတ် ပိုပြီး ခံစားရမှာပါဘဲ...ရောက်စအချိန်တွေ အဆိုးဆုံးပါဘဲ... နောက်တော့လည်း နေသားကျ၊ မိတ်ဆွေတွေရနဲ့ ခုကျတော့ အချိန်ကို ကုန်လို့ကုန်မှန်းမသိနိုင်တော့တဲ့ စာရေးတဲ့အလုပ်ကလေးက အရာရာကို ပြောင်းလဲသွားစေတယ်.. အားတဲ့ချိန်ဆို စာရေးဖို့ဘဲ ကြိုးစားနေမိတော့တယ်လေ.. ဒီတော့ နေသားတကျ ဖြစ်သွားတယ်လို့ ပြောရမယ်..

ရွှေရတုမှတ်တမ်း said...

မာမူးလိုပဲ...မာမူလဲ နိုင်ခြံဂါးမှာမူးနေတာပဲ...

ဝက်ဝံလေး said...

ဒီမှာတော့ ခွဲခြားခွဲခြား ဆက်ဆံလေ့မရှိတော့ အဲဒီ ဒုက္ခတော့ မရှိဘူးရယ် ကိုယ့်ပုံစံကိုကလဲ ဖြစ်နေတာကြည့်လေ ဒီတော့လဲ အကူညီတောင်းရင် လုပ်ပေးကြပါတယ် အားလုံးအဆင်ပြေပါတယ် တီတီတို့အိမ်မှာ ၁ နှစ်လောက်နေလိုက်တော့ တော်တော်လေး အဆင်ပြေပါတယ် အိမ်ကတော့ လွမ်းတာပေါ့လေ ... ဂလောက်ပါပဲ မမ ရယ် သမီးကတော့ ဘယ်သွားသွား လမ်းမှားရမှ စားဝင်အိပ်ပျော်တဲ့လူရယ်လေ ဟဲဟဲ

၂ ခေါက်ပြန်ဖတ်သွားတယ်နော် ကိုးနတ်ရှင်ကို ပူဇော် ပ သ နေရလို့နဲနဲနောက်ကျသွားတယ် ဒါတောင် မမ ပထမဆုံးရေထားတဲ့ ကဗျာမှာ မန့်ချင်တာ ကိုးနတ်ရှင်က ကောက်တော်မူနေတယ် loading တော်တော်ကြာလို့သမီး စိတ်မရှည်တော့လို့နော် ဟင့် ဆိုးချက် ဗြဲ.. ဒါတွေလဲ ကော်ပီထားအူးမှ မဟုတ်ရင် ကိုးနတ်ရှင်က page is not found ဆိုလို့ကတော့ သေပြီဆြာ မန့်ထားတာတွေ ပျောက်ကုန်မှာ

တာ့တာ မမ ဘိုင် စာရှည်သွားဘီ ခွင့်လွှတ် ...

နှင်းဟေမာ said...

ရောက်ရောက်ချင်းကတော့ အသက်အရွယ်အရ ငယ်ရွယ်သေးတာရော အပြောင်းအလဲအသစ် ပတ်ဝန်းကျင်သစ် နဲ့ အတွေ့အကြုံအသစ်တွေကြားမှာ ဂုဏ်ယူတာလိုလို ဘာလိုလို ဖြစ်လိုက်သေးတယ် အဟဲ ... နောက်တော့လဲ တော်တော်လေးကို ငြီးငွေ့လာတယ် ... ဘ၀အတွက် ဘာဆို ဘာမှ အဓိပ္ပါယ်မရှိသလိုပဲ ခံစားရတယ် ... အခုအချိန်မှာ တော်တော်စိတ်ကုန်တဲ့အပိုင်းကို ရောက်နေတယ်လို့ကို ပြောလို့ရနေတယ် ... ဘ၀ရဲ့အခြေအနေတွေအရ သီးခံပြီးနေရပေမယ့် စက္ကန့်တိုင်းမှာ အဓိပ္ပါယ်မရှိခဲ့ပါဘူး ... ကိုယ့်ကိုယ်ကို မနည်းနှစ်သိမ့်ပြီး ပျော်သလိုနေလိုက်တော့တယ် ... စိတ်ထဲရှိတာတွေကို ဒီနေရာမှာ ရင်ဖွင့်လိုက်ရလို့ ကျေးဇူး မမကိုးရေ .....

အမရာ said...

စရောက်တုန်းကတော့ရည်ရွယ်ချက်တခု
နဲ့အတူမို့လူကငိုဖို့ရီဖို့မေ့ပြီးထုံပေပေ
နဲ့ပေါ့...နောက်တော့နေ့ဘက်တွေမှာ
မာရေကျောရေမျက်နှာပေးနဲ့...
ညဘက်ရောက်ရင်ကြိတ်ကြိတ်
ငိုရနဲ့နေသားကိုကျလို့..
ခုတော့လည်းစက်ရုပ်လူသား
ကိုဖြစ်လို့..။။။

သက်ဝေ said...

စလုံး ရောက်ရောက်ချင်းမှာ သူတို့ပြောတဲ့ Singlish ကို ဘယ်လိုမှ နားမလည်တော့ ငါ အင်္ဂလိပ်စာ တတ်တာ တကယ်မှ ဟုတ်ပါလေစ လို့ တွေးမိခဲ့တယ်။ သူတို့ပြောတာ နားမလည်တော့ ကိုယ်ကလဲ ပြန်မပြောတတ်... ဒီလိုနဲ့ လူတွေနဲ့ တွေ့ဆုံဖို့ ဝန်လေးခဲ့ဖူးတယ်...။

သားလေး ငယ်သေးလို့ အလုပ်မလုပ်ခင် နှစ်တွေမှာ ဈေးဝယ်လိုက် ချက်လိုက် စားလိုက် အိပ်လိုက်နဲ့ နေခဲ့တယ်။ မိသားစုနဲ့ဆိုတော့ သိပ်ကြီးတော့ မခြောက်သွေ့ခဲ့ပါဘူး... အခုတော့ အလုပ်ထဲမှာ ၅ နှစ်နီးပါး... ဒီမှာရောက်နေတာ ၁၀ နှစ် ကျော်ရှိခဲ့ပြီ....
Second Home လို့ လဲ ကျေကျေနပ်နပ် သဘောထားနိုင်လာပါပြီ... ဒီလိုမှလဲ စိတ်ချမ်းသာရာရမယ် မဟုတ်လား...း))

TURN-ON-IDEAS said...

အခုမှ လာဖတ်ဖြစ်တယ် အစ်မ...
နှစ်ပေါင်း၂၀နီးပါး/ကျော်ကျော်လောက် နေထိုင်ကြီးပြင်းခဲ့တဲ့ နေရာဆိုတော့လည်း သံယောဇဉ်တွေက တအားကို ခိုင်ခံ့နေပြီ...

လက်ရှိနေထိုင်နေတဲ့ နိုင်ငံမှာ ကိုယ်တန်ဖိုးထားတဲ့ ကိုယ်လိုချင်တောင့်တတဲ့ ရုပ်ပိုင်းဆိုင်ရာ လိုအပ်ချက်တွေ ပြည့်စုံနေတာကိုလည်း သဘောကျနှစ်ခြိုက်တယ်...
ကိုယ်မကြိုက်တာအများစုကတော့ ကိုယ့်စိတ်ပိုင်းဆိုင်ရာ လိုအပ်မှုတွေကြောင့်သာလို့ ကျနော်တော့ ထင်တယ်...

အမှန်အတိုင်း ဝန်ခံရရင် မြန်မာပြည်မှာ ပြန်နေတော့မယ်လို့ ဆုံးဖြတ်တဲ့အခါ စဉ်းစားရမဲ့ စိတ်ပျက်စရာ အကြောင်းအရာပေါင်းများစွာ (ရေ၊ မီး၊ ဆက်သွယ်ရေး၊ ပတ်ဝန်းကျင် သန့်ရှင်းမှုနဲ့ကျန်းမာရေး၊ ရုံးကိစ္စ စတာတွေ) အတွက်တော့ ရင်မောနေသေးတယ်ဗျာ...
ကျနော်ကလဲ ပတ်ဝန်ကျင်းသန့်သန့်ရှင်းရှင်းလေးတွေကို ပိုနှစ်သက်တယ်...
၄၅+ကျရင်တော့ အပြီးပြန်မလား စဉ်းစားထားတယ်...
မြန်မာပြည်မှာနေပြီး PRတော့ ဆက်ကိုင်ထားမယ်၊ ၁နှစ်၂ခါလောက်တော့ ၁လ၂လလောက် ပြန်လာနေမလား စဉ်းစားထားတယ်...

ညီမလေး said...

ပျော်ရာမှာ မနေရ တော်ရာမှာနေရတဲ့ မယ်ရဲ့ ...ဒီလိုပါပဲ ဘဝဆိုတာကြီးက

ThuHninSee said...

အထဲမှာလဲ နေလဲ ဘ၀အတွက် အဆင်မပြေ..အပြင်ထွက်လဲ.. မပျော်နဲ့..တို့တွေ ဘယ်နားနေကြမလဲဟင်..း(

ကိုကိုးအိမ်(မန္တလေး) said...

အမကိုးရေ အင်ဂလန် တွေ မောက်မာတာတော့ လွန်တယ်ဗျို့... စကားပြောရင် ဒီကလိုမျိုးတွေနဲ့ဆို ရိုက်ပေါက်ချည်းပဲ.. အင်ဂလန်မှာ ရာသီဥတုသာယာပြီး ရှေးဟောင်းတိုက်တွေနဲ့ မြက်ခင်းစိမ်းစိမ်းတွေကလွဲရင် ဘယ်လိုလူမျိုးနဲ့မှ ပေါင်းလို့ စိတ်မချမ်းသာပါဘူးဗျာ... ရောက်ခါစတော့ အော်.. ငါတော့ အင်္ဂလန်ရောက်ပြီပေါ့... မှန်းထားခဲ့သမျှ ရောက်ခါစ ကြောင်စီစီ.. သူတို့ပြောတာလဲ ကောင်းကောင်းနားမလည်... မေးရင်လည်း မပြောချင်ကြ... ဒီကလူက အင်္ဂလိပ်စကားက ကျွမ်းရှာရှာ... နောက်တစခုက မြန်မာနိုင်ငံသားဆို ပိုဆိုးတယ်... သူတို့က မတူမတန်သလိုဆက်ဆံကြတာ ခံရခက်တယ်ဗျ... ကြာကြာများနေရရင်တော့ ရူးရချည့်.... အမကိုးတော့ အဆင်ပြေအောင် ဘယ်လိုနေသည်မသိ.... ဒါပေမယ့် အင်္ဂလန်က ဘဏ်တိုက်တွေကိုတော့ သဘောကျတယ် ခွိခွိ.... ကြည့်ရတာနဲကတင် ဓားပြတိုက်ချင်စိတ်ပေါက်တယ်..

ခင်မင်စွာဖြင့်

ကိုကိုးအိမ်(မန္တလေး)

ရိုးမြေကျ said...

ဟီး မယ့်နဲ့တော့နည်းနည်းအဖြစ်ချင်းတူတယ်။ ရေခြားမြေခြားခံစားချက်တော့မဟုတ်ဘူး။ မယ့်လဲ ဆောင်းရာသီချစ်တယ်။ ချမ်းတတ်တယ်။ ကျနော်လဲ ဆောင်းရာသီမှာမွေးတော့ ဆောင်းရာသီကိုချစ်တယ်။ ဒါပေမယ့် ချမ်းတတ်တယ်။ မယ့်က လေအေးစက်တွေကို လိုက်ပိတ်ချင်သလို ကျနော်လဲ ရုံးက လေအေးပေးစက်တွေကို လိုက်ပိတ်ချင်တာ။ လွန်ခဲ့တဲ့ နှစ်နှစ်က ရန်ကုန်မှာ training တက်ရတော့ လေအေးပေးစက်အကြီးကြီးက ကျနော့်နောက်ကျောတည့်တည့်က။ ရန်ကုန်သူတွေကတော့ နေသားကျနေကြပေမယ့် ကျနော်တစ်ယောက်တည်း ခိုက်ခိုက်တုန်ပြီး ဖျားခဲ့တာ။ သင်တန်းကာလတစ်လျှောက်လုံးမှာ လေအေးစက်ကြောင့် တစ်ချိန်လုံး စိတ်ဒုက္ခရောက်ခဲ့ရတာ။

ကြည်ဖြူပိုင် said...

ဒီပို့စ်လေးကို တော်တော်ကြိုက်တယ်မယ့်
ကိုယ်တိုင်လည်း အိမ်မှာမနေချင်ဘဲ ပြေးလာခဲ့လို့
တကယ့်အိမ်ပြေးသူအစစ်ကိုး :)