28 November 2010

အိမ်စွဲသူများ


“ရှင်ရောက်နေတဲ့နိုင်ငံကလူတွေဟာ ယဉ်ကျေးပြီး ရှင့်အပေါ်ကြင်နာပေမယ့် အပြင်လူပါလားဆိုတာ ရှင်စတင်သဘောပေါက်လာမယ်။ ဘာတွေဟာ ရှင့်အတွက် ပြဿနာတွေဆိုတာ သူတို့ တကယ်နားမလည်ဘူးလို့ ရှင်သိလာမယ်။ နောက်တော့ ရှင်ဟာ မေးခွန်းတွေ စမေးပြီ။ တနည်းအားဖြင့်တော့ ဒါတွေဟာ ဖုံးကွယ်ထားတဲ့ ဝေဖန်အပြစ်တင်မှုတွေပါပဲ။ ရှင့်ကိုယ်တိုင်လည်း ယဉ်ကျေးမှုဓလေ့နဲ့ ပက်သက်ပြီး အပြစ်တင်နေပါလားဆိုတာ ခံစားလာနိုင်တယ်။ ရှင့်ရဲ့ စိတ်တည်ငြိမ်မှုတွေ စတင်ဆုံးရှုံးလာပြီ။ ဟာသဓာတ်တွေ ပျောက်လာပြီ။” လို့ အင်္ဂလန်အနောက်ပိုင်းတက္ကသိုလ်တစ်ခုမှာ ယဉ်ကျေးမှုအချင်းချင်း နှီးနွယ်ခြင်းဘာသာရပ်ကို သင်ကြားနေတဲ့ ဆရာမ ရေဘက်ကာဖောင်း (Rebecca Fong)က စိတ်ဆင်းရဲနာကျင်မှုအဆင့်နဲ့ ပက်သက်ပြီး ပြောပါတယ်။

ဒီစကားကိုကြားကြားချင်းပဲ အမြဲတစေ ရယ်စရာလေးတွေ ပြောပြတတ်ပြီး ကြည်လင်ပျော်ရွှင်တဲ့ မမဆွိကို ကျွန်မ မြင်ယောင်မိပါတယ်။ “မှတ်မိတာကတော့ MRT ပေါ်က တစိမ်းဆန်တဲ့ စလုံးလူမျိုးတွေရဲ့ အေးစက်စက် စက်ရုပ်မျက်နှာတွေ။ အဲဒီမျက်နှာတွေကြည့်ပြီး အထီးကျန်သလိုလို၊ သိမ်ငယ်သလိုလိုခံစားရလို့ လန့်တောင်ပြေးချင်တယ်။နောက် MRT က တီတီတီ door is closing ဆိုတဲ့ အသံ။ အဲဒီအသံကိုကြားတိုင်းကို ငိုချင်နေတော့တာ မှတ်မိတယ်။”လို့ ဟာသဓာတ်ပျောက်ခဲ့တဲ့ အချိန်လေးတစ်ခုအကြောင်းကို မမဆွိက ပြောပါတယ်။ 

အမှန်ပါပဲ ဒီအဆင့်ဟာ တိုင်းတစ်ပါးယဉ်ကျေးမှုနှင့် ရုတ်တရက်ထိတွေ့ရာမှ ဖြစ်ပေါ်လာတဲ့ စိတ်နေသားမကျမှုမှာ အဆိုးဆုံးအခြေအနေဖြစ်လို့ အိမ်လွမ်းနာ၊ အထီးကျန်တာ၊ ဖိအားတွေများလာတာ၊သည်းမခံနိုင်လာတာ၊ ပျင်းရိတာ၊ အိပ်ချိန်များသွားတတ်တာ၊ အအိပ်ပျက်လာတာ၊ ယုံကြည်မှုလျော့လာတာ၊ အကူအညီမဲ့ ခံစားမှုတွေ၊ အသက်မပါတဲ့အကြည့်တွေ ဖြစ်နေတာ။ အစားတွေ အလွန်အမင်းစားဖြစ်တာ၊ အရက်သောက်လွန်းတာ၊ ကိုယ်အလေးချိန်တက်လာတာ၊ အိမ်ရှင်နိုင်ငံသားတွေကို အေးစက်စက်ဖြစ်နေတာ၊ အိမ်ရှင်နိုင်ငံသားတွေကို ရန်လိုတတ်တာ၊ ကိုယ့်နိုင်ငံကိုသာ စံထားပြီး အရာအားလုံးကို အဓိပ္ပါယ်ဖွင့်နေမိတာတို့ ဖြစ်တတ်ပါတယ်။ 


 artist:Nyein Chan Su

ကျွန်မပတ်ဝန်းကျင်မှာတော့ ဒီပြေးလမ်းကို ဖြတ်သန်းကြသူတွေရဲ့ ရင်ခုန်သံဟာ စည်းချက် သိပ်မကွာလှပါဘူး။ “ရောက်ရောက်ချင်းကတော့ အသက်အရွယ်အရ ငယ်ရွယ်သေးတာရော အပြောင်းအလဲအသစ် ပတ်ဝန်းကျင်သစ်နဲ့ အတွေ့အကြုံအသစ်တွေကြားမှာ ဂုဏ်ယူတာလိုလို ဘာလိုလို ဖြစ်လိုက်သေးတယ်... နောက်တော့လဲ တော်တော်လေးကို ငြီးငွေ့လာတယ် ... ဘ၀အတွက် ဘာဆို ဘာမှ အဓိပ္ပါယ်မရှိသလိုပဲ ခံစားရတယ်... ကိုယ့်ကိုယ်ကို မနည်းနှစ်သိမ့်ပြီး ပျော်သလိုနေလိုက်တော့တယ် ...လို့ စင်္ကာပူက ညီမလေးနှင်းဟေမာက ပြောပါတယ်။

ဒီအဆင့်မှာ ခြေပစ်လက်ပစ်အားငယ်နေတာ ကျွန်မ တစ်ယောက်တည်းမဟုတ်ဘူးလို့ သိရတာ အနည်းငယ် စိတ်သက်သာရစေတာ အမှန်ပါ။ တကယ်ပဲ ဘဝတူတွေ များလှပါတယ်။ “စရောက်တုန်းကတော့ ရည်ရွယ်ချက်တခုနဲ့အတူမို့ လူကငိုဖို့ရီဖို့မေ့ပြီး ထုံပေပေနဲ့ပေါ့..နောက်တော့ နေ့ဘက်တွေမှာ မာရေကျောရေမျက်နှာပေးနဲ့... ညဘက်ရောက်ရင် ကြိတ်ကြိတ်ငိုရနဲ့ နေသားကိုကျလို့..ခုတော့လည်း စက်ရုပ်လူသားကိုဖြစ်လို့…”လို့ ဒူဘိုင်းက မမအမရာက ဆိုပါတယ်။ 

ဒါဟာ ကိုယ်ရွေးခဲ့တဲ့ လမ်းပဲ ကိုယ့်ဘာသာ ကိုယ်ရင်စီးခံလေလို့ မပြောစေချင်ပါဘူး။ “ကုသိုလ်၊ပညာ၊ဥစ္စာရဖို့ သင့်ရာဒေသ အမြဲနေ”ဆိုတဲ့ ဆိုရိုးနဲ့လည်း လာမရိုက်စေချင်ပါဘူး။ာနေစွန့်ငှက်တွေပဲဆိုပြီး လက်ညှိုးမထိုးစေချင်ပါဦး။ အခွင့်မသာလို့ ပျံသန်းကြရပေမယ့် ကျွန်မရဲ့ နှလုံးသားဟာ အသိုက်အိမ်မှာ ရှိနေဆဲဖြစ်ပါတယ်။ ဒါကြောင့်ပဲ ဝိညာဉ်နဲ့ အတောင်ပံထပ်တူမကျတိုင်း ကျွန်မတို့ ပင်ပန်းဆင်းရဲခဲ့ကြတာ။



“ရှင့်ကိုယ်ပိုင်ယဉ်ကျေးမှုဟာ အရမ်းမြတ်နိုးစရာကောင်းတယ်လို့ စတင်တွေးကောင်းတွေးလာပါပြီ။ ရှင်ကိုယ်တိုင်မသိပဲနဲ့တောင် ရှင့်ကိုယ်ပိုင်ယဉ်ကျေးမှုကို အလွန်အကျူးစံထားတာ ၊ အိမ်မှာ ရှိတဲ့ အရာတိုင်းဟာ နှစ်သက်ပျော်ရွှင်ဖွယ်ကောင်းကြောင်း စိတ်ကူးယဉ်တွေးပြီး ညွတ်နူးတာတွေ ဖြစ်လာနိုင်ပါတယ်။ ဒီအဆင့်မှာ အိမ်မှာဆို ဘယ်လိုဆိုကာ အတွေးတွေလည်း ချဲ့ကားတော့တာပါပဲ။” လို့ ရေဘက်ကာက ဆက်လက်ရှင်းပြပါတယ်။ 

ဒီစကားဟာ ကျွန်မအတွက်တော့ မမှားပါဘူး။ ရယ်စရာအကောင်းဆုံး ဥပမာတစ်ခုကို ပြောပြနိုင်ပါတယ်။ မြန်မာပြည်က ကားမှတ်တိုင်တစ်ခုမှာ ဆယ့်ငါးမိနစ်မကရပ်နေတာကို သည်းခံနိုင်ပေမယ့် ဒီနိုင်ငံက ရထားတစ်စင်းနဲ့တစ်စင်းကြား နှစ်မိနစ်ခြားအချိန်ကို ကြာတယ်လို့ ယူဆနေတတ်ပါတယ်။ ရုံးသွားချိန် ရထားရဲ့ အလယ်မှာလူတွေချောင်နေပေမယ့် တံခါးပေါက်မှာ လူတွေစုပြုံနေတာမို့ ဝင်မရတတ်တဲ့ အခါမျိုးမှာလည်း လူရှင်းပေးမယ့် ကျွန်မ မနှစ်လိုခဲ့တဲ့ မြန်မာပြည်က ကားစပယ်ယာတွေကို သတိရတတ်ပါတယ်။ ဒီလိုအတွေးဟာ မတရားဘူးဆိုတာ သိပေမယ့် ထိန်းချုပ်လို့ မတားဆီးနိုင်ခဲ့ပါဘူး။ အမေ့အိမ်ကို ချစ်ဆဲမို့ အမှန်တွေရဲ့ အဝေးမှာ ကျွန်မ ပုန်းနေခဲ့တယ်လေ။ 

“ဖြစ်နေတဲ့ တကယ့်အန္တာရယ်က ကျွန်မတို့ကိုယ်တိုင်မသိဘဲနဲ့ ကျွန်မတို့ဓလေ့ရဲ့ အတွေးအခေါ် ယုံကြည်မှုတွေကြားမှာ အကျဉ်းကျနေကြတာ ဖြစ်ပါတယ်။ကျွန်မတို့ဓလေ့ကိုသာ ကမ္ဘာကြီးမှာ ဗဟိုပြု ရှိနေတယ်လို့မြင်ကြတယ်။ ပြီးတော့ တခြားယဉ်ကျေးမှုတွေကို စဉ်းစားတဲ့အခါ ကျွန်မတို့လုပ်နည်းကိုင်နည်းတွေဟာ သူတို့ထက် သာလွန်တယ်လို့ ရည်ရွယ်တွေးမိတတ်ပါတယ်။ ကျွန်မတို့ကိုယ်တိုင် မသိဘဲနဲ့တောင် ကိုယ့်ယဉ်ကျေးမှုကို ဗဟိုပြုစံထားတဲ့လူတွေအဖြစ် မွေးဖွားလာကြတယ်။ ဒါကြောင့် တခြားယဉ်ကျေးမှုကို နားလည်ဖို့ကြိုးစားတိုင်း ဒါဟာ အကြီးဆုံးအဟန့်အတားဖြစ်လာတော့တာပဲ။” လို့ ရေဘက်ကာက ပြောပြန်လေတာ။ 

သူမဆိုတာတွေဟာ အမှန်ပဲလား။ ဆိုက်ပရပ်စ်က ကိုအယ်ကို က သူ့အတွေ့အကြုံကို “ဒီနိုင်ငံကိုရောက်တော့ ပထမ တစ်ရက် နှစ်ရက်လောက် ပျော်လိုက်တာ ပြောမနေနဲ့ဗျ ။ နောက်တစ်နေ့မှာ အလုပ်စလုပ်ရတယ်။ အဲဒီမှာ စိတ်ညစ်လာစေမယ့် ပြဿနာတွေ စတော့တာဘဲဗျ ။ မတူတာတွေ မတူတာတွေပေါင်း များစွာတွေနဲ့ပေါ့ဗျ။.လက်ခံတတ်တဲ့ အမြင် မရှိခဲ့သေး ။ မတွေးမိခဲ့သေးလို့လေ ....” လို့ ဆိုလေရဲ့။ 

ဘာဖြစ်လို့ ဒီအဆင့်ဟာ အခက်ခဲဆုံးဖြစ်ရတာလဲ ဆိုတာကို ရေဘတ်ကာက “တကယ်က မကြာခဏဆိုသလိုပဲ အစားအစာ ၊ ဗိသုကာလက်ရာ၊ တေးသီးချင်းတွေနဲ့ သဘာဝကျကျ သက်တောင့်သက်သာဖြစ်ဖို့ ကျွန်မတို့ သင်ကြားနိုင်ပါတယ်။ ဒါပေမယ့် မမြင်နိုင်တဲ့ ပြဿနာတွေ အများကြီးကျန်နေပါသေးတယ်။ ဆိုလိုတာက ကျွန်မတို့ရဲ့ ငုပ်နေတဲ့အတွေးအခေါ်တွေပါ။ ဒီအတွေးတွေဟာ နိုင်ငံရေး၊ဘာသာရေး၊စီးပွားရေးနဲ့ လူမှုရေးတွေ ဖြစ်နိုင်ပါတယ်။ သူတို့ဟာ ကျွန်မတို့ရဲ့ အသွေးအသားမှာ စွဲကပ်ခိုင်မြဲနေလွန်းလို့ ရှိနေမှန်းတောင် မသိနိုင်ကြပါဘူး။ 

ဒီလို ကိုယ့်ယဉ်ကျေးမှုကို ဗဟိုပြုစံထားပြီးသာ ကျွန်မတို့ရဲ့ ယုံကြည်မှုတွေ အမှားအမှန်ဆုံးဖြတ်ချက်တွေနဲ့ စံတစ်ခုကို တည်ထောင်ကြတယ်။ ပြီးတော့ တစ်ခြားယဉ်ကျေးမှုတွေက ကျွန်မတို့နည်းအတိုင်း လုပ်ကိုင်ရင် “အို ... ဟုတ်တယ်” လို့ ချက်ချင်းပဲ တန်ဖိုးဖြတ်ကြပြီး ကျွန်မတို့နဲ့ မတူတဲ့နည်းတွေကြောင့် သူတို့လုပ်တာ မှားနေတယ်လို့ ဆုံးဖြတ်ကြပြန်ပါတယ်။ 

ကျွန်မတို့အများစုကCulture Shock ဆိုရင် ဝေးလံတဲ့ဒေသကို ရောက်လို့ဖြစ်တဲ့ ရေခြားမြေခြားကြောင့် စိတ်မကျန်းမာခြင်းလို့ တွေးမိတတ်ကြပါတယ်။ ဒါပေမယ့် တကယ်တော့ ရေခြားမြေကြားတစ်ခုတည်းနဲ့ ဆက်စပ်နေတာ မဟုတ်ပါဘူး။ ဒါဟာ ကျွန်မတို့ ဘဝမှာ အမြဲဖြတ်သန်းနေကျ အကူးအပြောင်းမျိုးလိုပါပဲ။” လို့ သူမက အကျယ်တဝင့်ရှင်းပြပါတယ်။ ဒါပေမယ့် သိပ်ရိုးရှင်းတဲ့ အကူးအပြောင်းတော့ မဟုတ်ဘူးရယ်။ 

“မတူတဲ့ဓလေ့တွေ ကိုလိုက်ညှိ၊ မသိသေးတာကိုသင်၊ ကိုယ်အပေါ် တုန့်ပြန်လာတဲ့ မမျှော်မှန်းထားတဲ့ တုန့်ပြန်မှုတွေကိုရင်ဆိုင်ရင်း ကျွန်မကတော့ ၈ နှစ် ၉နှစ်လောက်အထိ ညတိုင်းလိုလို မြန်မာပြည်နဲ့ မိတ်ဆွေတွေကို အိပ်မက်မက်တယ်။”လို့ ဂျာမဏီနိုင်ငံမှာ နေထိုင်တဲ့ မမရှင်လေးက သူ့အတွေ့အကြုံကို ပြောပြပါတယ်။ 

ကျွန်မတို့ရဲ့ ဘက်လိုက်တတ်တဲ့နှလုံးသားဟာ အမှန်ကို လက်ခံဖို့ နှောင့်နှေးလေ အိမ်လွမ်းနာဟာ ကြာမြင့်လေလို့ ဖျောင်းဖျလည်း ကျွန်မရဲ့အမြင်တွေဟာ မြူတွေခြားသလိုဝါးနေဆဲဖြစ်ပါတယ်။ ကျွန်မလိုပဲ အင်္ဂလန်နိုင်ငံသူ ဒီဗန်ခရိုန်(Devon Krohn) က  “ကျွန်မ နိုင်ငံခြားကို သွားခဲ့တုန်းဟာ အင်္ဂလန်မြေကို လွမ်းနာ စခံစားရရပါတယ်။ ဒါဟာ ကျွန်မပြန်လာတဲ့ အကြောင်း တစ်စိတ်တစ်ပိုင်းပါပဲ။ အင်္ဂလိပ်အဖွဲ့အစည်းထဲက နေ့စဉ်လူမှုဘဝထဲမှာ ရှိတဲ့ယဉ်ကျေးမှုကို ကျွန်မ လွမ်းနေခဲ့ပါတယ်။ ဆိုပါတော့ ကုန်မျိုးစုံဆိုင်ထဲမှာ၊ စာတိုက်မှာ၊ လူတွေ တွေ့ကြတဲ့အခါ ကျေးဇူးတင်ပါတယ်။ သွားပါတော့မယ်။ ဒီလိုမျိုး လူတစ်ယောက်က တခြားလူတစ်ဦးကို အသိအမှတ်ပြုပုံလေးကိုမျှပဲ တမ်းတနေခဲ့ပါတယ်။” လို့ သူမရဲ့ ခံစားမှုကို ဖွင့်အံပါတယ်။ 

ဒါပေမယ့် ကျွန်မတို့ အားလုံးသိတဲ့အတိုင်း လောကမှာ ဘယ်အရာမှ မမြဲပါဘူး။ အထူးသဖြင့် ကျွန်မတို့ဟာ အာရုံသစ်တွေနဲ့ စက္ကန့်တံနဲ့အမျှ ရွေ့လျားနေတဲ့ လူသားများ မဟုတ်ပါလား။ အသစ်ကို သာတောင့်သာယာလက်ခံနိုင်ဖို့ ဒဏ်ရာပေါင်များစွာကို ရင်းကာ တစ်ချို့သူများက ပြောင်းလဲနိုင်ကြလေပြီ။ စကားစပ်မိလို့ မေးပါရစေ။ နှလုံးသားတစ်ခု ပြောင်းလဲခန်းဟာ လွယ်ကူတယ်လို့ ရှင်ထင်ပါသလား။ 

“ရောက်ပြီး ဆောင်းဝင်ခါစတုန်းကတော့ နေမမြင်ရလို့ စိတ်ဓာတ်ကျသလို ဖြစ်ဖူးသေးတယ်... ခုတော့လဲ ဆောင်းပြီးရင် နွေလာမှာ သိနေတော့ အေးဆေးပါပဲ” လို့ အင်္ဂလန်နိုင်ငံက မမေလေးက ပြောသလို “အခုတစ်ခေါက်တော့ အသက်ကြောင့်လားမသိဘူး။ အရင်လောက် အထီးကျန်သလို မခံစားဖြစ်တော့ဘူး။ အားလုံး(လူ+ပစ္စည်း)တွေနဲ့ သဟဇာတ ဖြစ်အောင် နေဖြစ်တယ်။ လွမ်းပေမယ့် မငိုတတ်တော့ဘူး။”လို့ ဂျပန်က မမလသာညက ဆိုပါတယ်။ 

ဒီလိုပါပဲလေ။ ဒီလိုပဲ ဖြစ်သင့်တယ် မဟုတ်ပါလား။ “အခုတော့ အလုပ်ထဲမှာ ၅ နှစ်နီးပါး... ဒီမှာရောက်နေတာ ၁၀ နှစ် ကျော်ရှိခဲ့ပြီ....Second Home လို့ လဲ ကျေကျေနပ်နပ် သဘောထားနိုင်လာပါပြီ... ဒီလိုမှလဲ စိတ်ချမ်းသာရာရမယ် မဟုတ်လား...” စင်္ကာပူနိုင်ငံက မမသက်ဝေက အပြုံးနဲ့ဆိုပါတယ်။ 

“အဲဒီတုန်းက နေ့ခင်းဖက် ကျောင်းတက် ညနေဖက် အလုပ်လုပ် နေရတဲ့ အချိန်မို့ ၃ နှစ် ကို မြန်မြန် ကုန်ဖို့ မှန်းတယ်။ ကျောင်းပြီးလို့ အလုပ်ဝင်တဲ့ အချိန်ကျတော့ အတော်လေး နေသားကျသွားပြီ။ အခု ၁၀ နှစ်ကျော်လာတော့ နိုင်ငံခြားရောက်နေတယ် ဆိုတာတောင် တခါတလေ သတိမရတော့ဘူး။” စင်္ကာပူနိုင်ငံက ကိုဇက်တီကလည်း ထောက်ခံပါတယ်။  ဒီအဆင့်ဟာ တခြားယဉ်ကျေးမှုကို လက်ခံနိုင်တဲ့ဖြစ်စဉ် (Adjustment Phase) လို့ ရေဘက်ကာက ဆက်ရှင်းပြလေတာ။  


(ဆက်ရန်)


Ref: အိမ်ပြေးသူများရဲ့ အသံ
BBC : Who on earth are we

အိမ်ပြေးသူများဆောင်းပါးမှာ အသံလေးများကို စေတနာထား မျှဝေသွားတဲ့သူများကို အထူးကျေးဇူးတင်ပါကြောင်းနဲ့ အသံလေးများအား စောင့်မျှော်လျှက်...
မေတ္တာများဖြင့်
မယ့်ကိုး

29 comments:

လသာည said...

အိမ်စွဲသူများအကြောင်း ရေးပြထားတာများ စီကာစဉ်ကာ၊ အားလုံးရဲ့ အတွေ့အကြုံလေးတွေလည်း ပါတယ်။

ရေးတတ်လိုက်တာ..

အမရာ said...

တော်လိုက်တာ..မယ်က..

su said...

ခေါင်းစဉ်ကိုစဖတ်မိကတည်းက အရမ်းကိုသဘောကျသွားတယ်.. ရေးတတ်လိုက်တာ.. ခုတလောလဲအိမ်စွဲတဲ့ရောဂါဖြစ်နေတယ်

T T Sweet said...

ဟုတ်တယ်။ သေချာရေးထားတာပဲ။ ဖတ်လို့ကောင်းတယ်။

မယ်ကိုးက အတွေ့အကြုံဆိုတော့ ကိုယ့်စိတ်က အဲဒီ့ အချိန်တွေဆီကို တန်းရောက်သွားလို့ ကွန်မန့်ကတောင် တောင့်တောင့်ကြီးဖြစ်နေလေရဲ့။

ပြန်ရှင်းပြရရင်တော့ မန်းလေး ပုသိမ်ကြီးမှာ ဆရာမလုပ်တော့ တစ်ပတ်တစ်ခါ ဈေးချိုကို ဈေးသွားဝယ်ရတယ်။ ဈေးကားမရှိတဲ့နေ့တွေဆို အပြန်ကျရင် ပုသိမ်ကြီးကား ဒိုင်နာတွေနဲ့ပေါ့။ ကားပေါ်မှာ ဈေးပြန်လာတဲ့ တောင်သူတွေ၊ ရွာက အဒေါ်ကြီးတွေ အများကြီးနဲ့ အတူစီးလာရတာ။ သူတို့တွေက ကိုယ်တွေကို တက္ကသိုလ်က ဆရာမအငယ်လေးတွေမှန်းလဲသိနေတော့ လေးစားတကြီးနဲ့ နှုတ်ဆက်ကြ၊ မေးကြမြန်းကြ၊ စပ်စုကြနဲ့ပေါ့။ တစ်ခါမှ မမြင်ဖူးပဲနဲ့ ရပ်ဆွေရပ်မျိုးလိုပဲဗျာ။ ကူညီ၊ ရိုင်းပင်းကြတာ။ ဖော်ရွေကြတာ။ အဲသလိုနေဖူးတဲ့သူက စောနက ရထားပေါ်က စက်ရုပ်မျက်နှာတွေ တွေ့တော့ shock ရသွားတာနေမှာပေါ့။ culture shock ဆိုမှတော့နော်။

Shinlay said...

ဆက်စပ်ရေးပြထားတာ အလွန်ကောင်းပါတယ်။
စိတ်ကူးကောင်းကောင်းနဲ့ မှတ်သားစရာတွေ အများကြီး
ပေးထားသလို အင်အားသစ်တွေလည်းရစေပါတယ်။

ThuHninSee said...

အမေနဲ့နှစ်ယောက်တည်း အတူနေခဲ့ရတဲ့ ငယ်ငယ်တုန်းက အချိန်လေးတွေကို အလွမ်းဆုံးပဲ။ ဘယ်မှာနေနေပါ အသက်ကြီးလာလေ..တာဝန်ယူရတာများလေ..သောကတွေ၊အပူအပင်တွေ များလာတာ သဘာဝပဲမဟုတ်လား။ ကိုယ့်ဆုံးဖြတ်ချက်၊ ကိုယ်ရွေးတဲ့ဘ၀၊ ကိုယ်ရဲ့ ဒုတိယအိမ်ပဲလို့ စိတ်ထဲ ထားလိုက်ရင် သက်သာမယ်တယ်။ ထောင်ကျနေတာမဟုတ်ဘူး။ ဘယ်သူမှ ကိုယ့်အသားနာအောင် နှိပ်စက်နေတာမဟုတ်ဘူး..လို့ ဖြေတွေးတာပဲ။ ဒါတောင် နှင်းကျလာရင် မပျော်တဲ့စိတ်ကို ဘယ်လိုမှ ထိန်းချုပ်မရဘူး။။

pandora said...

တကယ်တော့ "အိမ်" ဆိုတဲ့အရာ ကနေ ထွက်လာခဲ့တာ ၁၆ နှစ်လောက်တောင် ရှိပြီလေ။ ဒီကို မလာခင်ကတည်းကပဲ။ ဒီကိုရောက်လာတော့ အိမ်နဲ့ ခွဲရတဲ့ ခံစားချက်က ထူးပြီး စူးရှစရာ အကြောင်း မရှိတော့ဘူး။ အိမ်ကတော့ ကျောင်းပြီးရင် ပြန်လာမယ် လို့ ထင်ခဲ့တယ်။ ကျောင်းတွေထပ်တက်တော့ နောက်တစ်ကျောင်းပြီးရင်ပေါ့။ ကျောင်းပြီးတော့လည်း အလုပ်လုပ်တဲ့ အချိန်တိုတစ်ခု ဖြတ်သန်းပြီးရင် ပြန်လာမယ် ထင်ပါရဲ့ပေါ့။ ပြန်လာနိုးပြန်လာနိုးနဲ့ စောင့်နေတဲ့ အမေ့အိမ်ကနေခွဲထွက် ကိုယ်ပိုင်အိမ်သေးသေးလေး တစ်ခုတောင် ထူထောင်ဖြစ်သွားခဲ့။ ဒါပေမယ့် ကိုယ့်အိမ်သေးသေးလေးကိုလည်း ပြန်မရောက်နိုင်သေး။ အိမ် တွေ အားလုံးနဲ့ ဝေးနေတဲ့ ဘ၀မှ နေသားကျစွာ အာရုံတွေတောင် ထူပိန်းနေခဲ့ပြီ။

မောင်ဘကြိုင် said...

ဖတ်သွားတယ်အစ်မရေ
လူစုံ အတွေ့ကြုံစုံပဲဗျာ မှတ်သားစရာတွေချည်း ပဲ ကျွန်တော်လဲ အိမ်နဲ့ ၈နှစ်လောက်ခွဲခွာခဲ့ပြီး
ထပ်ခွဲရမှာကြောက်နေတယ်

သက်ဝေ said...

ကိုယ်တိုင်က second home လို့ ကျေကျေနပ်နပ်လက်ခံထားတယ်ဆိုပေမယ့် အိမ်စွဲသူတွေရဲ့ အိမ်အလွမ်းတွေကို ဖတ်ရတော့ မသိစိတ်ထဲမှာ ရှင်သန်နေတဲ့ အမေ့အိမ်ကို လွမ်းတဲ့စိတ်တွေကို ပြန်တွေ့ လိုက်ရတယ်... ဒီပိုစ့်လေးအတွက် မယ့်ကို ကျေးဇူးတင်ပါတယ်...

အယ်ကို said...

... အိမ်စွဲသူများ ရဲ့ အတွေ့အကြုံ အစုံစုံကို မျှဝေခံစားပေးမိပါတယ် ...
.... ဆက်ရန်ကို လာရောက်ဖတ်မှတ် သွားပါအုံးမယ် ....
.... ကျနော့်ရဲ့ မှတ်ချက်ပါ တွေ့ရလို့ ကျေးဇူးတင်ပါတယ် ဘွားဘွား ...

လေးစားစွာဖြင့်

လူကလေး ...

Anonymous said...

စိတ်ဆင်းရဲစရာတွေတော့ ကြုံရတာ အများကြီးပဲ။ ဒါပေမယ့် သူတို့တိုင်းပြည် သူတို့လူမျိုးကို သိမ်းပြီး အပြစ်မမြင်ပါဘူး။ လူမျိုးခြားဆို ကြည့်မရတာတို့၊ အသွင်မတူရင် ချိုးချင်နေတာတို့က ကိုယ့်တိုင်းပြည်မှာလဲ ဒီလိုလူတွေ ရှိတာပဲ။ ကျွန်တော်က ဒီလို ခွဲခြားချိုးနှိမ်တတ်တဲ့ လူမျိုးထဲ မပါခဲ့ဖူးတော့ ကိုယ်က ဒီလိုအလုပ်ခံရတဲ့အချိန်မှာ မကြိုက်တာတော့ မကြိုက်ဘူးပေါ့လေ။ ဒါပေမယ့် ဘဝရပ်တည်ရေးအတွက် ထွက်လာခဲ့ပြီပဲ။ ရုန်းကန်ပေါ့။

ကိုယ်က မမှန်မတရား မလုပ်ရင် ဘယ်သူ့မှ ငုံ့ခံစရာ မလိုဘူး-ဆိုတဲ့ အရင် ဘဝအမြင် အဟောင်းကတော့ နေရာတိုင်း သုံးလို့မရဘူးဆိုတာ နိုင်ငံခြားထွက်လာတော့ ပိုပိုသိလာတယ်။ ပြီးတော့ မျက်လုံးအကြည့်တွေ၊ အမူအရာတွေနဲ့ ပညာသားပါပါ နှိမ်ပြတာတွေ။ နိုင်ငံခြားချင်းအတူတူ ဥရောပသား၊ အမေရိကန်၊ ဂျပန်သားတွေကို ဆက်ဆံတာနဲ့ မြန်မာ ဘင်္ဂလားဒေ့ရှ် ဖိလစ်ပိုင်သားတွေကို ဆက်ဆံပုံချင်းက မတူဘူး။

နှင်းဟေမာ said...

အိုက်ဒီယာလေးကောင်းလိုက်တာ မမကိုးရေ ...
အားလုံးရဲ့ ခံစားချက်ကို မျှဝေခံစားရင်းဖြင့် ...

အိမ်စွဲသူနှင်းဟေမာ

ရွှေရတုမှတ်တမ်း said...

ဘယ်မှာနေနေ နေတတ်ရင်ကျေနပ်စရာလို့ ခံယူထားလို့လားမသိဘူး..ဘကျောက်တော့ ဘယ်မှာနေရနေရ ဘာမှမဖြစ်ဘူး၊ ဗမာပြည်နေသားကျနေလဲ နိုင်ငံခြားကို သတိမရဘူး (တခါတလေ အိပ်ယာထဲနိုးပြီး ဧည့်စာရင်းစစ်တာတို့၊ လူလူချင်းအတင်းဖြဲချောက်တာတို့နဲ့ကြုံရင်တော့ စိတ်ပျက်တာပေါ့လေ) ၊ ခုလဲ သူများတွေ ဗမာပြည်ကို လွမ်းတယ်ပြောနေတာမြင်တော့ စိတ်ထဲ သနားနေတယ်၊ ဘာလွမ်းစရာရှိလဲ၊ စားစရာလား...ဗမာအစားအစာက ဗမာပြည်ထက်စာရင် နိုင်ငံခြားကမှ ပိုကောင်းသေး၊ ပစ္စည်းကောင်းကောင်း ပေါပေါသုံးနိုင်တယ်၊ ...ဗမာလူနေမှုစရိုက်ကိုလား..ဒါလဲတချို့ဟာတွေက စိတ်အနှောင့်အယှက်ဖြစ်ပြီး ဘယ်သူတိုင်လို့တိုင်ရမှန်းမသိ..ဥပမာ..တညလုံး အိပ်လို့မရအောင် လော်စပီကာကြီးနဲ့ ပဌာန်းရွတ်နေကြတာ၊ ပြောပြန်ရင်လဲ ကိုယ်ပဲ ဒိဌိလိုလို၊ ညကြီးသန်းကောင် လင်မယားရန်ဖြစ်ကြတာ..ကိုင်း..ဒါတွေဘာလွမ်းစရာ ရှိလို့လဲ၊ အစိုးရကိစ္စ အဝဝဆောင်ရွက်ရတာတွေ..လူတိုင်းသိ.. ဒါဆို ဘာကိုလွမ်းနေသလဲ..မွေးဇာတိမို့လား..လွမ်းလို့ရပါတယ်၊ လူဆိုတာ ကိုယ်မိဘ ၊မွေးရာအရပ်ကို ဘယ်သူမှ ရွေးချယ်ပိုင်ခွင့်မရှိပါဘူး ၊ကံပစ်ချရာ မွေးရတာပါ၊ သဲကန္တာရထဲမွေးလို့ အဲဒီမှာပဲနေလို့ ဘယ်သူမှမပြောပါဘူး၊ အဓိကကတော့ ရောက်တဲ့ အရပ်မှာ သဟဇာတဖြစ်အောင် ကိုယ့်ရပ်တည်နိုင်အောင် ကြိုးစားနေတာအကောင်းဆုံးပါ၊ လူဆိုတာ ပိုကောင်းတဲ့အိမ်ကို ရှာဖွေနေကြစမြဲပါ၊ အိမ်ဟောင်းပဲ လွမ်းနေရင် ခုထိ ကျောက်ခေတ်က ဂူထဲက လူတွေ ထွက်နိုင်မှာ မဟုတ်ပါဘူး..၊ အိမ်ကိုတတမ်းတမ်းတ တတ နဲ့ ငိုချင်းချနေသူတွေတွေ့ရင် ဘကျောက်တော့ အားကြီးစိတ်ပျက်တယ်..

ရွှေရတုမှတ်တမ်း said...

ဘယ်မှာနေနေ နေတတ်ရင်ကျေနပ်စရာလို့ ခံယူထားလို့လားမသိဘူး..ဘကျောက်တော့ ဘယ်မှာနေရနေရ ဘာမှမဖြစ်ဘူး၊ ဗမာပြည်နေသားကျနေလဲ နိုင်ငံခြားကို သတိမရဘူး (တခါတလေ အိပ်ယာထဲနိုးပြီး ဧည့်စာရင်းစစ်တာတို့၊ လူလူချင်းအတင်းဖြဲချောက်တာတို့နဲ့ကြုံရင်တော့ စိတ်ပျက်တာပေါ့လေ) ၊ ခုလဲ သူများတွေ ဗမာပြည်ကို လွမ်းတယ်ပြောနေတာမြင်တော့ စိတ်ထဲ သနားနေတယ်၊ ဘာလွမ်းစရာရှိလဲ၊ စားစရာလား...ဗမာအစားအစာက ဗမာပြည်ထက်စာရင် နိုင်ငံခြားကမှ ပိုကောင်းသေး၊ ပစ္စည်းကောင်းကောင်း ပေါပေါသုံးနိုင်တယ်၊ ...ဗမာလူနေမှုစရိုက်ကိုလား..ဒါလဲတချို့ဟာတွေက စိတ်အနှောင့်အယှက်ဖြစ်ပြီး ဘယ်သူတိုင်လို့တိုင်ရမှန်းမသိ..ဥပမာ..တညလုံး အိပ်လို့မရအောင် လော်စပီကာကြီးနဲ့ ပဌာန်းရွတ်နေကြတာ၊ ပြောပြန်ရင်လဲ ကိုယ်ပဲ ဒိဌိလိုလို၊ ညကြီးသန်းကောင် လင်မယားရန်ဖြစ်ကြတာ..ကိုင်း..ဒါတွေဘာလွမ်းစရာ ရှိလို့လဲ၊ အစိုးရကိစ္စ အဝဝဆောင်ရွက်ရတာတွေ..လူတိုင်းသိ.. ဒါဆို ဘာကိုလွမ်းနေသလဲ..မွေးဇာတိမို့လား..လွမ်းလို့ရပါတယ်၊ လူဆိုတာ ကိုယ်မိဘ ၊မွေးရာအရပ်ကို ဘယ်သူမှ ရွေးချယ်ပိုင်ခွင့်မရှိပါဘူး ၊ကံပစ်ချရာ မွေးရတာပါ၊ သဲကန္တာရထဲမွေးလို့ အဲဒီမှာပဲနေလို့ ဘယ်သူမှမပြောပါဘူး၊ အဓိကကတော့ ရောက်တဲ့ အရပ်မှာ သဟဇာတဖြစ်အောင် ကိုယ့်ရပ်တည်နိုင်အောင် ကြိုးစားနေတာအကောင်းဆုံးပါ၊ လူဆိုတာ ပိုကောင်းတဲ့အိမ်ကို ရှာဖွေနေကြစမြဲပါ၊ အိမ်ဟောင်းပဲ လွမ်းနေရင် ခုထိ ကျောက်ခေတ်က ဂူထဲက လူတွေ ထွက်နိုင်မှာ မဟုတ်ပါဘူး..၊ အိမ်ကိုတတမ်းတမ်းတ တတ နဲ့ ငိုချင်းချနေသူတွေတွေ့ရင် ဘကျောက်တော့ အားကြီးစိတ်ပျက်တယ်..

စော(အဝါရောင်မြေ) said...

အမှန် အတိုင်းပြောရရင် သူများနိုင်ငံမှာ ကိုယ့်ကိုယ်ကို အနိုင်ကျင့်ခံရတယ်လို မြင်တယ်။
သိမ်ငယ်ခံရတယ်လို့  ထင်တယ်။
ဒါကြောင့် အမြဲ တရားတွေနာတယ်။
အားလုံးဟာ မတည်မြဲဘူးလို့  ကြားမှ စိတ်က အေးငြိမ်းသွားတယ်။

ညီမလေး said...

ပြောချင်တာ ၃ ချက်ရှိတယ် မယ်း)

၁။ မယ့်စာကို ဟိုးးရက်ကတည်းက ဖတ်ဖြစ်တယ် .. သေချာမမန့်နိုင်လို့ မမန့်ခဲ့ဘူး ။ ခုမှ အချိန်နဲနဲရလို့ ပြန်လာဖတ်ပြီး မန့်ဖြစ်တယ် ။ အစကတော့ ညီမလေးလဲ သူတို့နဲ့အံမဝင်တာ ၊ သူတို့တွေ ကိုယ့်ကို ခွဲခြားဆက်ဆံတာ(စိတ်ထင်တာလဲဖြစ်နိုင်ပါတယ်)လို့ခံစားရရင် ခံပျင်းမိတယ် ။ ဒါပေမဲ့ သူတို့ယဉ်ကျေးမှုတွေနဲ့ အံဝင်အောင် သူတို့အတွေးအခေါ်တွေနဲ့ အံဝင်အောင်တော့ အတင်းမလုပ်ယူဘူး ။ ငါဟာ မြန်မာဆိုတာကို ဂုဏ်ယူတယ် ။ မြန်မာတွေကို အထင်မသေးဝံ့အောင်ပဲ လုပ်ပြချင်တယ် ။ သူတို့ culture နဲ့ အလျှင်းသင့်အောင် နေတဲ့ခါတွေရှိပေမဲ့ သူတို့ cultureထဲကိုတော့ စီးဝင်သွားဖို့ မကြိုးစားမိဘူး ။ အဲ့စိတ်ကတော့ ရောက်လာကတည်းက ခုထိမပြောင်းတဲ့ စိတ်ပဲ ။ ၆နှစ်တောင် ပြည့်တော့မယ်ဆိုတော့ နေသားကြလာပေမဲ့ အိမ်လွမ်းနာကတော့ ကျနေဆဲပဲ မယ်ရယ် ...။ သိပ်လွမ်းအားကြီးလာရင်လဲ ငိုမိသေးတယ်း) ။ ဒါပေမဲ့ ပန်းတိုင် မရောက်သေးတော့ အားတင်းပြီ ငိုတလှည့် ရယ်တလှည့်လျှောက်ရအုန်းမှာပဲပေါ့ ။

၂။ မယ့်ကို မယ်လို့ခေါ်ပါရစေ ။ မယ်က ညီမလေးထက် ကြီးခဲ့ရင် မယဉ်ကျေးဘူးလို့ မထင်ပါနဲ့နော် ။ မယ် ဆိုတဲ့ နာမည်လေးကို ချစ်လို့ပါ ။

၃။ မယ် က အိပ်မက်ချယ်ရီ ကို ခြေရာခံမိတာ တော်လိုက်တာ .. မယ့် ဆီမှာ ညီမလေး နာမည်ရိုးရိုးနဲ့သာ မန့်ဖြစ် ဝင်ဖတ်ဖြစ်နေခဲ့တာလေ။ အိပ်မက်ချယ်ရီကို မယ် ရောက်လာတာ တိုက်ဆိုင်ဖြစ်ချင်လဲဖြစ်မှာပါ ။ ဘာပဲဖြစ်ဖြစ် မယ့်ကွန်မန့်ကို ဖတ်ရတော့ ပျော်မိတယ်း) ။ ကျေးဇူးလဲတင်ပါတယ် မယ် ။

ဝက်ဝံလေး said...

သူများအတွေ့အကြုံတွေနဲ့ ရောယှက်ပြီးရေးထားတာ ဖတ်လို့ကောင်းတယ် မမကိုး

Anonymous said...

လွမ်းတယ်ဆိုတာ လွမ်းထိုက်အောင် တန်ဖိုးရှိတဲ့ အရာမှ လွမ်းရတာလေ။
ကိုယ့်နောက်မှ ကျန်ခဲ့တဲ့ ပစ္စည်းက ချေးထုပ်ကြီးလို့ မြင်ရင် ဘယ်သူမှ လွမ်းမှာ မဟုတ်ဘူး။ လွမ်းတတ်သူရဲ့ မျက်စိမှာ ကိုယ့်နိုင်ငံကို ရတနာထုပ်ကြီးလို့ မြင်ပြီး တန်ဖိုးထားနေလို့ပေါ့။

ဒီလုံး said...

နောက်တစ်ခုက ကိုယ်ယူရမယ့် တာဝန်တွေကို သိလို့၊ လက်ခံလို့ ဇာတိကို မမေ့နိုင်တာပေါ့။ ဒီမြေဒီရေအတွက် လုပ်စရာအလုပ်တွေ ကျန်သေးတယ်။ မြန်မာပြည်ဟာ ညည အသံချဲ့စက်နဲ့ ပဌာန်းရွတ်တယ်ပြောလဲ တရားသံ မကြားရတဲ့ သာသနာမရှိတဲ့ အရပ်ရောက်ရင် အဲဒီပဌာန်းသံကိုပဲ လွမ်းရတယ်။ အစားအသောက် ညံ့ရုံမက တစ်ပြည်လုံး လွင်တီးခေါင် ဖြစ်နေလဲ ကိုယ့်တိုင်းပြည်က ကိုယ့်တိုင်းပြည်ပဲ။ ဘယ်လောက်စုတ်ပြတ်စုတ်ပြတ် ချစ်နေသေးတယ်။ ဒါကို ကြည့်မရလဲ မတတ်နိုင်ဘူးဗျာ။

လွမ်းတယ်ဆိုတာ နိုင်ငံခြားမှာ ဘာမှ မကြိုးစား မရုန်းကန်ဘဲ ငုတ်တုတ်ထိုင်လွမ်းနေတာ မဟုတ်ပါဘူး။ မိန်းမရှုပ်နေရလို့ တိုင်းပြည်မေ့နေတာမှ မဟုတ်တာ။ ရုန်းရင်းကန်ရင်း ပညာသင်ရင်း တစ်ဖက်ကလဲ ရတဲ့ ချွေးနဲစာနဲ့ မိသားစုကို ရှာကျွေးရင်း တိုင်းပြည်အတွက်လဲ ပရဟိတကျောင်းတွေ စာသင်တိုက်တွေကို ရှာလို့ရတာလေး လှမ်းလှူရင်း လွမ်းနေကြရတာပါ။ ချစ်တဲ့စိတ် လွမ်းတဲ့စိတ် မရှိရင် တစ်ပြည်လုံး ငတ်နေလဲ ငါနဲ့ ဘာဆိုင်လဲဆိုပြီး နီရိုးဘုရင်လို နေလိုက်ရုံပေါ့။

အမေရိကန်မှာ ကြီးပွားနေတဲ့ ပညာတတ် ဂျူးတွေ ပါလက်စတိုင်းတွေထဲမှာ သူတို့ဇာတိနိုင်ငံနှစ်ခု စစ်ဖြစ်တယ်ကြားရင် ရှိတာတွေ ထားပစ်ခဲ့ပြီး သေတွင်းထဲပြန်ပြေး စစ်သွားတိုက်ကြတဲ့သူတွေ အများကြီးပဲ။ ဒီလိုလူတွေကြားရင် ဘာပြောမလဲ။

မယ်ကိုး said...

စေတနာထားအကြုံပြုမှတ်ချက်ပေးသွားသူများကို အထူးကျေးဇူးတင်ပါတယ်ရှင်။ ကိုဒီလုံးနဲ့ မညီမလေးရဲ့ မှတ်ချက်ကို နောက်စာတစ်ပုဒ်မှာ ယူသုံးခွင့်ပြုပါလို့ ခွင့်တောင်းပါရစေ။
အခွင့်ကြုံမယ်ဆို နေထိုင်တဲ့နိုင်ငံလေးလည်း သိပါရစေရှင်။
ကျေးဇူးတင်ခြင်းများစွာဖြင့်

ဒီလုံး said...

ဇာတိ ရန်ကုန်။ ခုတော့ ဂျလေဘီ ဥရောပ ဆိုပါစို့ ညီမလေးရာ။

~ဏီလင်းညို~ said...

မယ်ရေ့......

စာလေးဖတ်သွားတယ်.....။
စိတ်ထဲမှာမွန်းကျပ်မှုတွေဖြစ်လာရင်တော့ စာနဲ့ပဲရေးပြီးဖြေဖျောက်ပစ်မိတယ်....။
စာရေးလိုက်ရင် လောလောဆယ်အဆင်မပြေတာတွေ....မေ့သွားရောလေ....း))
အဲ့ဒီမတောက်တစ်ခေါက်ဝါသနာလေးနဲ့ပဲ......နေခဲ့ရတာကြာပေါ့.......။
ရေကြည်ရာမြက်နုရာပေါ့နော်ဗျာ......။
အချိန်တန်တော့လည်း......အိမ်ပြန်ကြရမှာပါပဲလေ......။
အဝေးရောက်နေသူတိုင်းအတွက်ကတော့ အိမ်လွမ်းစိတ်ဆိုတာ.....စိတ်ဝိညာဉ်ရဲ့ ထောင့်တစ်နေရာမှာ ခိုကပ်နေမယ့် ဆူးသေးသေးလေးတစ်ချောင်းလိုပဲနေမယ်ထင်တယ်လေ....။ အဝေးမှာရုန်းကန်လှုပ်ရှား၊ သင်ယူနေရ၊ ပြိုင်ဆိုင်နေရတဲ့.....အချိန်တွေမှာ သိပ်မထင်ရှားနိုင်ပေမယ့် အချိန်၊ နေရာနဲ့ အခြေအနေတိုက်ဆိုင်လာတတ်တဲ့အခါတိုင်း....ခပ်ဖွဖွလေးထိုးနှက်တတ်တဲ့ ဆူးသေးလေးတစ်ချောင်းပေါ့.........း)

ခင်မင်ခြင်းအားဖြင့်......
ဏီလင်းညို

ချော(အစိမ်းရောင်လွင်ပြင်) said...

စာရေးကောင်းတော့လဲ ဆက်စပ်ပြီးရေးပြသွားလိုက်တာ တကယ်ကို ဖတ်ချင်စရာ ကောင်းနေပြန်တယ်..
အင်း အိမ်ဆိုတာ လူတိုင်းအတိုင်း တန်ဖိုးထား မြတ်နိုးရာဘဲ မဟုတ်လားနော်
ကိုယ့်အိမ်လေး ဆိုးဆိုးကောင်းကောင်း ဘယ်လောက် စုတ်စိုတ်ပြတ်ပြတ် အိမ်ဆိုတဲ့အသိနဲ့ လူတိုင်းက သံယောဇဉ်ရှိကြတာပါဘဲနော်... တစ်ခြားနေရာကို အိမ်အဖြစ်သတ်မှတ်ပြီးနေကြရပေမဲ့ ကိုယ်နေခဲ့တဲ့ အိမ်ကလေးကို ပြန်ရမယ်ဆိုရင် လူတိုင်းက စိတ်လှုပ်ရှားရင်ခုန်ကြတာဘဲ မဟုတ်လား..
သံယောဇဉ်ကြီးတတ်သူတွေကတော့ ပိုဆိုးမှာဘဲ.. လူတိုင်းအတွက် သာယာပျော်ရွှင်ဖွယ်ကောင်းတဲ့ အိမ်ကိုယ်စီ ရှိသင့်ပါတယ်...

Daik said...

ဘာလွမ်းစရာရှိလဲဆိုတဲ့ စကားကတော့ မြန်မာပြည်သာ စကားပြောတတ်မယ်ဆိုရင် နင့်လို ကျေးဇူးမဲ့တဲ့ လူစားမျိုးတွေကြောင့် ငါ ခုထိ ဒုက္ခရောက်နေတာလို့ ပြန်ပြောမယ်ထင်တယ်။ မြန်မာပြည်တော့ ခြေနှစ်ချောင်းနဲ့ နွားရွက်တို ကယ်မိလို့ အပြောခံနေရပါလား။

ဒီတိုင်းပြည်မှာ အရွယ်ရောက်တဲ့အထိ နှစ်ပေါင်းများစွာ စားသောက်သွားတယ်။ ပညာသင်သွားတယ်။ ထွက်သွားတော့ ကောင်းတာတွေ ဘာတစ်ခုမှ မပြောဘဲ အစိုးရအပြစ်တွေကို ဘာမှမဆိုင်တဲ့ တစ်ပြည်လုံးခေါင်းပေါ် ပုံချပြီး ကဲ့ရဲ့တယ်။ လူတွေအတွက် ကိုယ်ဘာလုပ်ပေးရမလဲ မစဉ်းစားဘဲ လူတွေဆီက ကိုယ့်အတွက် ဘာရမလဲပဲ အမြဲ စဉ်းစားနေရင်တော့ ခက်မယ်။

ညီမလေး said...

ညီမလေးက စစ်ကိုင်းကပါ ... ခုတော့ နိပွန်းလို့ ခေါ်ကြတဲ့ ဂျပန်မှာပေါ့ တော့ရယ်း)

ရွှေရတုမှတ်တမ်း said...

ဗမာပြည်ကို လွမ်းလို့လို့ ဆိုတဲ့သူတွေကို ခရီးစားရိတ်ပေးမည် အပြီးပြန် ဘယ်တော့မှ ဗမာပြည်ထဲက မထွက်ခဲ့နဲ့လို့ ပြောတော့ ၁၀၀% က ရူးသလိုလုပ်နေတာတွေ့ရပါသည်၊ နိုင်ငံခြားထွက်နေသူအားလုံး ကိုယ့်သဘောနဲ့ကိုယ်ထွက်လာကြသူများဖြစ်ပါသည်။ ဘယ်သူကိုမှ ဗမာပြည်က တိုင်းပြည်က ထွက်ဟဲ့ မနေကြနဲ့လို့ မပြောပါ၊ ကိုယ့်ဖာသာကိုယ့်လောဘနဲ့ ဆတ်ဆော့ ထွက်လာပြီးမှ နိုင်ငံရပ်ခြားမှာ သဟာဇာတဖြစ်အောင်မနေနိုင်မှ ဗမာပြည်လွမ်းနေကြသူများပါသည်။ ကမ္ဘာရွာကြီးဖြစ်ချိန်မှာ သာသနာမရှိတဲ့အရပ်မရှိပါ၊ မရှိဘူးပြောသူသည် အရပ်ကိုစော်ကားနေခြင်းသာဖြစ်ပါသည်၊ အဓိကက ကိုယ့်မှာ သာသနာဘယ်လောက်ထွန်းကားနေသလဲ၊ သရဏဂုံ တကယ်ရောတည်နေသလားဆန်းစစ်ကြည့်ပါ၊ ဆရာကြီး ဂိုအင်ကာဗမာပြည်က မထွက်ခင် သူ့မှာ သာသနာခိုင်မြဲ ထွန်းကားအောင်အားထုပ်နိုင်လို့ ခုချိန်မှာ တကမ္ဘာလုံးဆရာကြီးဂိုအင်ကာ တရားစခန်းတွေပြန့်နှံ့နေပါပြီ၊ ဇာတိဆိုတာ ဘယ်သူမဆို ရွေးချယ်ပိုင်ခွင့်မရှိတာမွေးချင်တဲ့နေရာမှာမွေးမှာပါပဲ၊ ပတိရူပအရပ်ကို ပြောင်းချင်တဲ့အခါ ပြောင်းမှာပဲ၊ ကိုယ်နေတဲ့အချိန်မှာ ကိုယ်နေတဲ့အရပ်ကို ကိုယ်တတ်နိုင်သလောက်အကျိုးပြုတာတွေလုပ်ပေးနိုင်ရင်ပြီးတာပါပဲ၊ အိမ်လွမ်းနေတဲ့သူတွေ ကို နိုင်ငံကြီးတွေမှာ နေခွင့်ပေးရင် ၉၀% လောက်က ဒရောသောပါးပြေးလာကြတာပါပဲ၊ ၁၀% လောက်က ဗမာပြည်မှာ စီးပွားရေးလုပ်ငန်းရှိလို့ မလာကြတာ၊လက်တွေ့မြင်နေရတာပဲ။ ဗမာလူမျိုးတွေမကောင်းတဲ့အချက် မယဉ်ကျေးသေးတဲ့အချက်တွေကို ရေးပြတာဟာ ကျေးဇူးကန်းတာမဟုတ်သလို နာစရာလဲမရှိပါဘူး၊ ဗမာတွေ ကိုယ့်ဖာသာအထင်တလုံးနဲ့နေခဲ့လို့ ကျွန်ဘဝလဲရောက်ခဲ့ပြီးပါပြီ၊ ခေတ်မီမီ ကမ္ဘာကြည့်ကြည့်ဖို့လိုပါပြီ၊ မကြည့်ကြလို့လဲ ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံထဲမှာ ပြုံးပြုံးကြီးပါနေတာကြာပါပြီ၊Daik ပြောသလို လူတွေအတွက်ဘာလုပ်ပေးရမလဲဆိုတာကိုတော့ ကျနော်က လူမျိုးတခုအတွက် မစဉ်းစားပါ၊ ကမ္ဘာ့လူသားအားလုံးအတွက်စဉ်းစားပါသည်၊ မလိုအပ်တဲ့ နေရာမှာ ဘုရားတွေစုပြုံတည်နေတာထက် လိုအပ်တဲ့ အာဖရိကက နှတ်ခမ်းကွဲ ကလေးတွေ၊ကင်ဆာ ဖောင်ဒေးရှင်းတွေ( ဗမာပြည်က နာဂစ်မိဘမဲ့ကလေးတွေ) ကမ္ဘာနှင့်ချီပြီးကုသိုလ်လုပ်ပါသည်၊ ဗမာပြည်မှလှူမယ်လို့ အစွဲမထားပါ၊နိုင်ငံတွင်း ဒီမိုကရေစီရေးလှူများကတော့ ရေးပြရန်မသင့်လို့ ချန်ထားပါသည်။
ကျနော်နှင့်မည်သူမဆို သဘောကွဲလွဲနိုင်ပါသည်၊ ကျနော်ဘယ်သူဆိုတာ ကျနော့ဘလော့ရောက်ဖူးသူတိုင်းသိပါသည်၊ ကျနော်ဘယ်သူ့ကိုမှ ထမိန်ခြုံထဲကမဆဲပါ၊ (စာကြွင်း ။ ။ကျနော် အရင် မြန်မာနိုင်ငံသားဘဝက ဗမာPP နဲ့ဆိုရင် ဘယ်နိုင်ငံသွားသွားမျက်နှာငယ်ရလွန်းလို့ ဗမာအဖြစ်မွေးလာတာ မှားများမှားပြီလားလို့တောင်ထင်ခဲ့မိဖူးပါသည်။ မှားတော့မမှားပါ ဒါပေမဲ့ မမွေးခင် ကိုယ့်ဇာတိကိုယ် ရွေးချယ်ပိုင်ခွင့် ရှိခဲ့ရင်တော့ ဗမာပြည်ကို ရွေးချယ်ခဲ့မှာတော့ မဟုတ်ပါဘူး)

ရွှေရတုမှတ်တမ်း said...
This comment has been removed by the author.
ketchup said...

Dear Mal Koe,
Pls let me share on fb. I Like this post soooo much. I miss my home.

ရိုးမြေကျ said...

တော်သေးတာ။ မယ့်နှလုံးသားက အသိုက်အိမ်မှာပဲ ရှိနေဆဲမို့။ခုကော ရှိနေတုန်းပဲလားဟင်။ ကျနော် ဒီဆောင်းပါးဖတ်ရတာ နည်းနည်းနောက်ကျနေပေမယ့် အဲဒီအချက်လေးကိုတော့ သိပ်သိချင်မိတာပဲ။
မယ့် မေးထားတာ ဖြေကြည့်ဦးမယ်။ နှလုံးသားတစ်ခု ပြောင်းလဲခန်းဟာ လွယ်ကူတယ်လို့ ထင်သလားတဲ့။ မထင်ပါဘူး။ နှလုံးသားနဲ့ ဆိုင်တဲ့ ခံစားချက်တွေပါနေရင် ဘယ်အရာနေနေလွယ်လွယ်မပြောင်းနိုင်ဘူးလို့ ကျနော်တော့ယူဆတာပဲ။ အခုကိုပဲ ကျနော့်နှလုံးသားက လွယ်လွယ်မပြောင်းနိုင်တဲ့ ကိစ္စတစ်ခုကြောင့် ကျနော် အရမ်းနာကျင်နေရပြီ။