05 December 2010

အိမ်စွန့်သူများ



“ဒီအဆင့်ကို ရှင်ကျော်သွားပြီ ဆိုရင် ပြန်ကောင်းတဲ့အဆင့် စာသဘောအရဆိုရင် တခြားယဉ်ကျေးမှုကို လက်ခံနိုင်တဲ့အဆင့် ကိုရောက်ပါပြီ။ စနစ်တကျသွားနေတဲ့ သင်ယူမှုပါ။ ရှင်ထိစပ်နေတဲ့ ယဉ်ကျေးမှုနဲ့အတူ ရှင့်ခံစားမှုဟာ အချိန်အလိုက် ပြောင်းလဲတိုးတက်နေမယ်။ အဲဒီယဉ်ကျေးမှုနဲ့ ပိုလို့ပေါင်းစပ်နိုင်သွားပါမယ်။ 


ဘာသာစကားကျွမ်းကျင်မှုဟာ အချိန်နဲ့အမျှ တိုးတက်နေတာကလည်း ရှင် ဒီအဆင့်ကို ရောက်ရှိခဲ့တဲ့ အကြောင်းတစ်ခုဖြစ်ပါတယ်။ ရှင့်ရဲ့ ဟာသဓာတ်ကို ပြန်ရှာနိုင်ပြီး ရောက်နေတဲ့အသိုင်းအဝိုင်းထဲကို ဝင်ဖို့ တကယ်အားထုတ်လာပြီလေ။ သူငယ်ချင်းဖွဲ့တာတွေနဲ့ ဓလေ့ထုံးတမ်းတွေကို ပိုမိုတွေ့ရှိနားလည်လာပါပြီ။ ဒါကြောင့် ဒီအဆင့်မှာ သင်ကြားနေသမျှကို ရလာဒ်တွေ ပြန်ရရှိလာတာမို့ အိမ်လွမ်းနာက လွတ်မြောက်ဖို့ ကူညီပေးမယ့် အဆင့်ပါပဲ။ တစ်ခါတစ်လေမှာ သူတို့တန်ဖိုးတွေဟာ ရှင့်လူမျိုးပိုင်ထက် ပိုတန်ဖိုးရှိတယ်ဆိုတာလည်း စပြီး နားလည်လာလိမ့်မယ်။”လို့ အသေးစိတ်ထပ်ပြောပါတယ်။ 

ဒါကို အမေရိကန်နိုင်ငံက လေးလေးကျောက်ကလည်း “တချို့ဟာတွေက စိတ်အနှောင့်အယှက်ဖြစ်ပြီး ဘယ်သူတိုင်လို့ တိုင်ရမှန်းမသိ... ဥပမာ..တစ်ညလုံး အိပ်လို့မရအောင် လော်စပီကာကြီးနဲ့ ပဌာန်းရွတ်နေကြတာ၊ ပြောပြန်ရင်လဲ ကိုယ်ပဲ ဒိဌိလိုလို၊ ညကြီးသန်းကောင် လင်မယားရန်ဖြစ်ကြတာ..ကိုင်း..ဒါတွေဘာလွမ်းစရာ ရှိလို့လဲ ” လို့ ထောက်ခံပြောဆိုပါတယ်။ 

ဒီလိုနဲ့ အိမ်စွဲခဲ့သူတွေဟာ နေရာသစ်မှာ အိမ်ကိုမေ့ပျောက်ပျော်ရွှင်လာကြပါတယ်။ “ကိုယ့်ဆုံးဖြတ်ချက်၊ ကိုယ်ရွေးတဲ့ဘ၀၊ ကိုယ်ရဲ့ဒုတိယအိမ်ပဲလို့ စိတ်ထဲ ထားလိုက်ရင် သက်သာမယ်။ ထောင်ကျနေတာမဟုတ်ဘူး။ ဘယ်သူမှ ကိုယ့်အသားနာအောင် နှိပ်စက်နေတာမဟုတ်ဘူး... လို့ ဖြေတွေးတာပဲ။” လို့ အမေရိကန်နိုင်ငံက မသုနှင်းဆီက ပြောပါတယ်။ ကျွန်မတို့ အလိုက်သင့် နေထိုင်တတ်လာကြပြီလေ။ အဆင့်လေးဖြစ်တဲ့ ယဉ်ကျေးမှုမှာ တဖန်ပြန်ပြီး တုန်လှုပ်ခြင်း ဖြစ်စဉ် (Re-entry Shock/ Reverse Culture Shock) ကို မရောက်ခင်အထိပေါ့။ နေရာသစ်မှာ အချိုးကျလွန်းလို့ အိမ်ကို ပြန်သွားတဲ့အခါ ကိုယ်ပိုင်ယဉ်ကျေးမှုနဲ့ ပြန်လည် လိုက်ဖက်အဆင်ပြေဖို့ ခက်ခဲနေခြင်းတဲ့လေ။  

“လူတွေဟာ ပြောင်းလဲနေတယ်။ ကျွန်မ ပြောင်းလဲနေတာကိုလည်း တကယ်သိပါတယ်။ နှစ်တိုင်း တိုကျိုကို ပြန်တယ်။ မိသားစုနဲ့ သူငယ်ချင်းတွေကို မြင်မြင်ချင်း နာရီပိုင်းကတော့ အားလုံးအဆင်ပြေနေပေမယ့် အဲဒါပြီးတဲ့နောက်ပိုင်းတော့ သူတို့ရဲ့ စိတ်ခံစားမှုတွေနဲ့ အဝေးမှာ ကျွန်မရှိနေတယ်လို့ ခံစားရတယ်။ ” လို့ ကိုရီးယားလူမျိုး ဂျပန်နိုင်ငံဖွား အမေရိကန်မှာ နေထိုင်သူ ကင်ဂျာယူး (Kyung-ja Yoo) ပြောသလိုပဲ  အိမ်နဲ့ဝေးစမှာ အချိန်ပြည့်ငိုခဲ့တဲ့ကျွန်မရဲ့ သူငယ်ချင်း အထွေးလေးက “အလည်ပြန်သွားတုန်းက အားရပါးရစားမယ်လို့ အားခဲထားတဲ့ လမ်းဘေးစာတွေ တစ်ခုမှ မစားခဲ့ဘူး။ လက်သုပ်စုံတို့၊ ဝက်သားတုတ်ထိုးတို့ဆို မြင်ရုံနဲ့တင် မစားချင်တော့ဘူး။ တစ်သက်လုံးနေခဲ့တဲ့ ကိုယ့်အိမ်ကိုတောင် အမြင်မှာ ရှုပ်နေတယ် မသန့်ရှင်းဘူးလို့ ထင်တယ်။ ဒီကို ပြန်ရောက်မှာပဲ ငါ့အိမ်ပြန်ရောက်ပြီဆိုပြီး စိတ်ချမ်းသာသွားတော့တယ်” လို့ဆိုလေတာ။ 

ဒီလိုစိတ်အခြေအနေမျိုးရှိခဲ့တဲ့ ကဗျာဆရာ ကိုလင်းဒီပ ကလည်း ဒီအဆင့်ကို “ပျောက်ဆုံးသူ” ဆိုတဲ့ ကဗျာလေးတစ်ခု ဖွဲ့ခဲ့ဖူးပါတယ်။

“ပျောက်ဆုံးသူ”



ရန်ကုန်အစွန်အဖျား
အိမ်အိုလေးထဲ
ပြန်ရောက်သွားတဲ့အခါ
အသားမကျဘူး ။
ဘဝက
အဝေး
တိုက်တာအမြင့်တွေ ရှိတဲ့အရပ်လို့
တွေးတယ် ။


တိုက်တာအမြင့်တွေနဲ့ ပြေးလွှားဘဝထဲ
ပြန်ရောက်သွားတဲ့အခါ
အသားမကျဘူး ။
ဘဝက
ရန်ကုန်အစွန်အဖျား
အိမ်အိုလေးထဲမှာလို့
တွေးတယ် ။

တကယ်ဆို
ဘဝ
ပျောက်နေခဲ့တာ
ကြာလှပေါ့ ။

လင်းဒီပ

၂၅.၀၉.၁၀ 
  
ဒါကြောင့်သာ ပျောက်ဆုံးနေသူတွေဟာ နေရာသစ်မှာ အိမ်ရာသစ်ထူထောင်ပြီး ကိုယ့်ကိုကိုယ်ရှာဖွေလာကြတာရယ်။ အခြေအနေအရ ရွှေ့ပြောင်းအလုပ်လုပ်တဲ့သူတွေ၊ တရားမ၀င် အလုပ်လုပ်ရင်း အိမ်မပြန်နိုင်တော့တဲ့သူတွေ၊ ယုံကြည်ချက်ကြောင့် အိမ်ပြန်ခွင့် ဆုံးရှုံးသွားတဲ့သူတွေဘဝလက်တွဲဖော်ကြောင့် အိမ်အရိပ်နဲ့ဝေးသွားသူတွေ၊ ကိုယ့်သားသမီးတွေရဲ့ ပညာရေးအတွက်၊ ကိုယ်ချစ်တဲ့သူတွေရဲ့ အကျိုးအတွက် အိမ်သစ်တည်ကြရသူတွေနောက်ဆုံးမှာ အိမ်ကိုမစွန့်ပဲ၊အိမ်မပြေးပဲ အိမ်စွဲလွန်းပါလျက်နဲ့ ရေကြည်ရာ မြက်နုရာမှာ အိမ်ရာသစ်တည်လိုက်ရသူတွေ…။  သူတို့ကို အိမ်စွန့်သူများလို့ ခေါင်းစဉ်တပ်နိုင်ပေမယ့် အိမ်ပြန်လို့မဖြစ်နိုင်တဲ့အခြေအနေမှာ အသက်ရှင်ရပ်တည်ဖို့အတွက် မလွှဲမရှောင်သာ အိမ်စွန့်လိုက်ရသူများမှာ မိုးမြေအဆုံးအနှံ့လေ။
ထိုသို့အကြောင်းအမျိုးမျိုးကြောင့် အိမ်စွန့်လိုက်ရသူများမှာ မူလအစတည်းက အိမ်ကို မတမ်းတမငြိတွယ်ဘဲ နေရောင်သာရာမှာ ပျော်ရွှင်နေသူတွေထက် ကြေကွဲခံစားရတာတော့ အမှန်ရယ်။ “ကျမ်းကျိန်ခါနီးလေ သိပ်ဝမ်းနည်းတာပဲ။ ချစ်တဲ့သူကို ပစ်ပြီး အခြေအနေအရ မိဘပေးစားတာ ယူရတဲ့ သတို့သမီးဆို ဒီလိုပဲ ခံစားရမယ်ထင်တယ်။ အခြေနေအရလုပ်သင့်လို့ လုပ်ရမယ်။ စိတ်မပျော်ဘူး။ ကိုယ့်ဘ၀အတွက် ရေရာတာတစ်ခုကို ရွေးရမယ်လေ။ ကိုယ့်လူမျိုးအတွက် လိုအပ်မယ့်တချိန်မှာတော့ တတ်နိုင်သမျှ ကူညီမယ်လို့ စိတ်ပိုင်းဖြတ်လိုက်ရတယ်။ ကိုယ်ရပ်တည်နိုင်မှ သူများကို ကူညီနိုင်မယ် မဟုတ်လား။ ” လို့ အမေရိကန်နိုင်ငံသူ ဖြစ်သွားတဲ့ အစ်မတစ်ဦးက ပြောပြဖူးပါတယ်။

( အမေရိကန်နိုင်ငံသား ခံယူခြင်း အခမ်းအနား) 

ဘယ်လိုအကြောင်းကြောင့်ပဲ ဖြစ်ဖြစ် အိမ်စွန့်သူများကို ကျွန်မ စာနာတတ်ခဲ့ပါပြီ။ ကမ္ဘာအနှံ့က အိမ်ပြေးသူများ၊ အိမ်စွဲသူများဟာ စစ်ဘေးကြောင့်၊ နှိပ်စက်ညှင်းပန်းခံရမှုတွေကြောင့်၊ အိပ်မက်တွေကြောင့် တစိမ်းမြေမှာ ခိုလှုံ့သွားကြရတဲ့အခါ သစ္စာမရှိဘူးလို့ စွပ်စွဲသင့်ပါရဲ့လား။ ယုံကြည်ပါတယ်။ ဘယ်သူမှ အလွယ်တကူနဲ့ အိမ်မစွန့်နိုင်ကြပါဘူးလေ။ ကျွန်မကရော။ ကျွန်မကတော့ အိမ်ဟောင်းကိုလည်း မပြန်နိုင်၊ အိမ်သစ်လည်း မတည်နိုင်တဲ့ အိမ်မဲ့နေသူသာ ဖြစ်ပါတယ်။ အိမ်စွဲသူအဆင့်မှာ ယနေ့ထက်တိုင် နစ်မြုပ်နေသူရယ်လေ။ 

ကြေကွဲနာကျင်မှုတွေကို ဘယ်လိုသည်းခံရမှာလဲ။ တံခါးရဲ့ အပြင်ဖက်ကိုပင် မျှော်မကြည့်နိုင်ပေမယ့် အေးခဲမှူတွေ ရနံ့ပြင်းလွန်းတဲ့ ဒီခြံဝင်းထဲက ကျွန်မ ပျံထွက်ချင်လွန်းချင်လည်း ဘယ်အရပ်ကို ဦးတည်ရမှာလဲ။ ပြေးစရာမြေမရှိတဲ့အခါ လဲပြိုသေဆုံးပြီလေ။ ကျွန်မနဲ့ သက်ဆိုင်တဲ့နေရာဟာ ဘယ်ရပ်ဝန်းမှာလဲ။ ဘယ်ရာသီခွင်မှာလဲ။ဘယ်နက္ခတ်အောက်မှာလဲ။ ဘယ်လိုပဲ ဆင်းရဲပင်ပန်းလည်း အိမ်စွန့်ဖို့ မရည်ရွယ်နိုင်သေး။ 

ဒီလို အိမ်စွဲနေဆဲကျွန်မလိုပဲ အိမ်မစွန့်နိုင်ပါဘူးလို့ ဆိုသူတွေလည်း ရှိကြပါတယ်။ “သူတို့ယဉ်ကျေးမှုတွေနဲ့ အံဝင်အောင် သူတို့အတွေးအခေါ်တွေနဲ့ အံဝင်အောင်တော့ အတင်းမလုပ်ယူဘူး။.... သူတို့ culture နဲ့ အလျှင်းသင့်အောင်နေတဲ့ခါတွေရှိပေမဲ့ သူတို့ cultureထဲကိုတော့ စီးဝင်သွားဖို့ မကြိုးစားမိဘူး။ အဲ့စိတ်ကတော့ ရောက်လာကတည်းက ခုထိမပြောင်းတဲ့ စိတ်ပဲ။” လို့ ဂျပန်နိုင်ငံမှာ ၆ နှစ်ကြာနေထိုင်ဆဲ မညီမလေး က ပြောပါတယ်။

“ကိုယ်ယူရမယ့် တာဝန်တွေကို သိလို့၊ လက်ခံလို့ ဇာတိကို မမေ့နိုင်တာပေါ့။ ဒီမြေဒီရေအတွက် လုပ်စရာအလုပ်တွေ ကျန်သေးတယ်။” လို့ ဆိုတဲ့ ဥရောပနိုင်ငံတစ်ခုမှာ နေထိုင်သူ ကိုဒီလုံးလိုပဲ ကျွန်မလည်း အိမ်ကို မမေ့နိုင်သူပါ။ 

တစ်နေ့တော့ အိမ်ပြန်မယ်။ ဒါပေမယ့် အဆရာဇော်ဂျီရဲ့ “သင်သေသွားသော်” ကဗျာထဲလို...


“သင်ဦးချ၍၊

အမျှဝေရာ စေတီသာနှင့်

သစ္စာအရောင် ဥာဏ်တန်ဆောင်လည်း

ပြောင်လျက် ဝင်းလျက် ကျန်စေ…”

ချင်လွန်းလို့ ကြိုးစားရင်း ခြေလှမ်းရင်း အိပ်မက်ကိုဆုပ်ထားရင်းမှာပင် ကျွန်မ အားပြတ်နေပါပြီ။ 

အိမ်ရဲ့ ငြင်းပယ်ခြင်းကို ခံရသူလေ။ နောက်ကွယ်မှာ ဘယ်အရာတွေ ထားရစ်ခဲ့ရတယ်ဆိုတာလည်း မရှာဖွေနိုင်တော့။ ရှေ့ဆက်သွားရမယ်။ ရှေ့ဆက်သွားရမယ်။ ကိုယ့်ကိုကိုယ် အထပ်ထပ်တွန်းရင်း နောက်ကျောက ဓားတွေကို ကြောက်လို့ရှေ့ဆက်ပြေးနေရင်းမှာပင် ဘယ်အရပ်ကို ဦးတည်ရမှန်းမသိတော့။ ကြံ့ခိုင်ရမယ်… အမြင်ဖွင့်ပြီး အကြောင်းရင်းရှာရမယ် တဲ့လား။ တရားဟောသူများကို ကျေးဇူးတင်ပါတယ်။ ဒါပေမဲ့ ညည်းညူရင်း ဆုံးမခံနေရင်းမှာတင် အကျွတ်တရားနဲ့ ဝေးကွာလွန်းနေဆဲ။ ကျွန်မကိုယ် ကျွန်မပဲ လူ့လောကထဲ ရောက်ရှိလာမှုနဲ့ တရားစွဲရမလား။ အတွေးတွေက ကြောက်စရာ ကောင်းလာပြီ။ နာကျည်းရလွန်းလို့ ဒဏ်ရာတွေဟာ ပျင်းစရာ ကောင်းလာပြီ။ 

(ဆက်ရန်...)

အိမ်စွဲသူများ


Ref: အိမ်မဲ့သူတေး -၁ အိမ်မဲ့သူတေး-၂
BBC : Who on earth are we?
Culture Shock by a article of British-German Association




(စာကြွင်း။ ကဗျာအသုံးပြုခွင့်ပေးသော ကဗျာဆရာ ကိုလင်းဒီပ၊ ဓာတ်ပုံကို မျှဝေပေးသော ချစ်လှစွာသော မိတ်ဆွေအစ်မ နှင့် ချစ်ခင်လေးစားရတဲ့ စာဖတ်သူများရဲ့ ရေခြားမြေခြား ခံစားချက်များကို အသုံးပြုခွင့်ပြုသူများအား အထူးကျေးဇူးတင်ရင်း စာဖတ်သူများရဲ့ အသံအား ကျေးဇူးတင် စောင့်မျှော်လျက်...

မေတ္တာများဖြင့်...
မယ့်ကိုး)

20 comments:

ZT said...

ဘဝလက်တွဲဖော် ကလည်း အရေးကြီးတဲ့ အခန်းကဏ္ဍက ပါတယ်လို့ ထင်မိတယ်။ သိခဲ့ဖူးတဲ့ တစ်ချို့တွေတော့ ဘဝလက်တွဲဖော် ကြောင့် အိမ်ကို မစွန့်ချင်ပေမယ့် စွန့်သွားခဲ့ရတယ်။ အိမ်ကို မစွန့်ချင်လို့ ဘဝလက်တွဲဖော် ကို စွန့်ပစ်ခဲ့တဲ့သူလည်း တွေ့ဖူးတယ်။ လူအမျိုးမျိုး ခံယူချက် အမျိုးမျိုးပေါ့။ အခုတော့လည်း နိုင်ငံခြားမှာ အနေကြာလာတော့ ကမ္ဘာဆိုတာ ရွာကြီးတစ်ခု လိုပဲ တွေးလာတယ်။

အိမ်ကို စွဲလန်းတယ် ဆိုတာ သမုဒ္ဒယ သစ္စာတွေကြောင့် ဒုက္ခ ဖြစ်ရတာလို့ပဲ ဆိုရမလား။

Anonymous said...

ဟမ်.. ဒါ..ကျုပ်ကို ပြောတာလား ကဇက်တီ။
mm

လသာည said...

အဆင့်လေး..
အစ်မတော့ အဆင့်လေးကို ရောက်ပြီလား မရောက်သေးဘူးလားကို မသိတော့ဘူး။ အိမ်ကတော့ လွမ်းတယ်။ မိသားစုက အိမ်မှာလေ..။ ကိုယ်ခင်တွယ်ရာလူတွေရှိရာကို လွမ်းတာကတော့...

ရွှေရတုမှတ်တမ်း said...

အင်း...ကို ZT ပြောသလိုပါပဲ..သမုဒယသစ္စာတွေနွယ်ပတ်နေသမျှ အိမ်သို လွမ်းနေကြမှာပါပဲ၊ ကျနော်ကတော့ လွန်ခဲ့တဲ့ ၂၆ နှစ်လောက်က ရောက်ရာအရပ်မှာ ပျော်အောင်နေတတ်အောင် လေ့ကျင့်ခဲ့လာတာ၊ မြတ်စွာဘုရားဆုံးမသလို အတိတ်ကိုလဲပြန်မတွေးရာ၊ အနာဂါတ်ကိုလဲ မမျှော်မှန်းရာ ၊ ပစ္စုပ္ပန်ကိုပဲ တည့်တည့်ကြည့်ပါဆိုသလိုပဲ၊ မျက်မှောက်ရောက်နေတဲ့ အခြေအနေကို အကောင်းဆုံးဖြစ်အောင်နေပါတယ်၊ ကိုယ်မလိုချင်လို့ စွန့်ပစ်ထားခဲ့တဲ့ ပစ္စည်းဟာ ရွှေထုပ်ဖြစ်ဖြစ် ချီးထုပ်ဖြစ်ဖြစ် ပြန်ပြီးတမ်းတမနေတတ်တော့တာ ကြာပါပြီ( ဒါ့ကြောင့်လဲ အသဲမကွဲတတ်တဲ့ လူပျိုကြီးဖြစ်တာနေမှာ..ကြော်ငြာဝင်သွား၏)၊ ကျနော်လဲ အိမ်ပျောက်နေခဲ့ဖူးတဲ့ အချိန်တွေ ရှိခဲ့လို့ အိမ်ပျောက်နေသူတွေက်ု ကိုယ်ချင်းစာမိတယ်၊ တူမ မယ်ကိုးရေ...အိမ်ပျောက်သူများလဲရေးပါဦး..ပတိရူပဒေသဝါသောစ လို့ မင်္ဂလသုတ်မှာ ပါပေမဲ့ ပတိရူပအရပ်ကို နေဖို့ ခုခေတ်ကြီးမှာ တော်တော်ခက်ခဲတဲ့အကြောင်းအရာပါ၊ ရှေးက ဗမာပြည်ဟာ ပတိရူပဒေသမို့ ကုလားတရုတ်ပါရှန် လူမျိုးစုံ ဗမာပြည်ကို လာနေဖို့လွယ်ပေမဲ့ ခုချိန်မှာတော့ ဘယ်မှမလွယ်ကြတော့ပါဘူး၊ လေးလေးကတော့ လူငယ်တွေ အချိန်တန်အိမ်ပြန်ရသည်ပဲဖြစ်စေ၊ မပြန်ပဲ အိုးသစ်အိမ်သစ်ရသည်ပဲဖြစ်စေ ရောက်ရာနေမှာ အကောင်းဆုံး စိတ်ပျော်ပျော်ရွှင်ရွှင်နဲ့ နေတတ်စေချင်တယ်၊ အိမ်လွမ်းပြီးတညီးညီး တညူညူနေလို့ အလုပ်ထဲမှာ အဆင်ပြေ အောင်မြင်လာမယ်၊ နေရတာ စိတ်ချမ်းသာမယ်ဆိုရင်တော့လဲ သဘောပါပဲ၊ လေးလေးကတော့ အလကားနေရင်းအိမ်လွမ်းပြီး စိတ်ပျက်နေသူတွေတွေ့ရင် သနားတယ်၊ တကယ်တော့ အိမ်ကို ကိုယ့်သဘောကိုယ် ကိုယ့်လောဘနဲ့ စွန့်လာကြပြီးမှ (ဘယ်သူကမှ နိုင်ငံခြားထွက်ပြီး အလုပ်မလုပ်ရင် ၊ကျောင်းမနေရင်၊ ထောင် ၆၅နှစ်ချမယ်မပြောဘူး) လူကြားကောင်းပရိတ်နာ အိမ်လွမ်းပြနေသူတွေတွေ့ရင် အားကြီးရီချင်တယ်၊
အိမ်ပျောက်နေသူများ...အိမ်ရကြပါစေ.................

Anonymous said...

ကျွန်တော်တော့ မနက်မနက် ဘုန်းကြီးဆွမ်းလောင်းရတာလေးကို လွမ်းတယ်ဗျာ။
ပြီးတော့ မေတ္တာတရားကိုလွမ်းတယ်။ တစ်ယောက်အပေါ် တစ်ယောက် စိတ်ပူတတ်ကြတာ၊ ကူညီချင်ကြတာတွေကို လွမ်းတယ်။
နိုင်ငံခြားထွက်တော့မယ့် လူငယ်တွေကို ဘုရားတရားမမေ့ဖို့၊ မိဘလုပ်ကျွေးဖို့ ဘေးကနေ မှာတတ်တဲ့ မြန်မာလူကြီးတွေကို လွမ်းတယ်။
လခ နှစ်ပြားတစ်ပဲနဲ့ စေတနာထား သင်ပေးခဲ့တဲ့ ဆရာဆရာမတွေကိုလွမ်းတယ်။
သွားရင်းလာရင်း ဒုက္ခရောက်ရင် အခမဲ့ ကူညီပေးခဲ့တဲ့ လူတွေကို လွမ်းတယ်။

ကျေးဇူးသိတတ်ရင် မတိမ်ကောဘူးတဲ့။ ဒီတော့ မလွမ်းတတ်ရင်နေ၊ ကျေးဇူးတော့ မမေ့ရဲ။

ဥာဏ်လင်း ထူး@norman said...

မလေးက မြန်မာတွေကြားထဲမှာ ပျင်း၊ပျော်၊ပျက်၊ပြေး ဆိုတဲ့ စကားတောင် တွင်ကျယ်ခဲ့သေးတယ်။မနေနိုင်လွန်းလို့ အိမ်ကိုပြန်ပြေးခဲ့ပေမယ့် အိမ်ရောက်တဲ့အခါ တခါထပ်ပြီး shock ရပြန်တယ်။
ကိုယ်တိုင်သတိမထားမိတဲ့ ပြောင်းလဲမှုတခုပေါ့။အိမ်မှာနေပြန်တော့လည်း မပျော်ပြန်တော့ နိုင်ငံခြားဆိုတာ တခါပြန်ထွက်ရပြန်တယ်။အဲ့သလိုနဲ့ပဲ သံသရာခရီးမှာ သံသရာလည်နေကြတာပေါ့။
ကျနော်တွေးမိတာကတော့ ရောင့်ရဲနိုင်မှုပျောက်ဆုံးကုန်တာ။ငယ်ငယ်တုန်းက အရင်တုန်းက မြန်မာပြည်မှာ ကိုယ်ကြုံတွေ့တာတွေနဲ့ ရောင့်ရဲနေနိုင်ခဲ့ကြပေမယ့် အသက်ကြီးလာတဲ့အခါ အတွေ့အကြုံစုံလာတဲ့အခါ ကိုယ်ကြုံတွေ့နေတာကို မရောင့်ရဲနိုင်တော့တာ။တခုမဟုတ်တခုဖြစ်နေတဲ့ စိတ်ရဲ့ချဉ်ခြင်းတပ်မှုတွေအောက်မှာ ဘဝရဲ့ pleasure ပျောက်ဆုံးကုန်တာများလားပဲ။

သိင်္ဂါကျော် said...

အိမ် ဆိုတာ ဘယ်နေရာရယ် မဟုတ်ပါဘူးလေ.. ကိုယ် ချစ်တဲ့ သူတွေနဲ့ အတူတူ ပျော်နေတဲ့ နေရာဟာ ကိုယ့်အိမ်ပါပဲ..

ဝက်ဝံလေး said...

မမ ကိုးရေ စာတွေရော ကွန်မန့်တွေရော ဖတ်သွားတယ်နော် ......

ThuHninSee said...

အိမ်ဆုံးသူများရဲ့အကြောင်းကို..မရေးတော့ဘူးလား။ ဥပမာ.. နယ်စပ်က ရွှေ့ပြောင်းအလုပ်လုပ်တဲ့သူတွေ၊ တရားမ၀င်အလုပ်လုပ်ရင်း အိမ်မပြန်နိုင်တော့တဲ့သူတွေ၊ ယုံကြည်ချက်ကြောင့် ဝေးလွင့်သွားသူတွေ၊ အကြောင်းအမျိုးမျိုးကြောင့်အိမ်ကိုမစွန့်ပဲ၊အိမ်မပြေးပဲ..အိမ်စွဲလွန်းပါလျက်နဲ့.. အိမ်ပြန်ခွင့် ဆုံးရှုံးသွားတဲ့သူတွေ။

Anonymous said...

ကိုကြီးကျောက်...
အိမ်လွမ်းသူတိုင်းလိုလို ဒီတိုင်း ထိုင်လွမ်းနေတာ မဟုတ်ဘူးလေ။ တိုးတက်ရာ တိုးတက်ကြောင်းရှာရင်း ဒီလိုပဲ ဖြတ်သန်းနေကြတာပဲ။ ကိုယ့်သဘောကိုယ် ကိုယ့်လောဘနဲ့ စွန့်လာကြပြီးမှတော့ မလွမ်းနဲ့ဆိုတာ မတရားဘူး။ ဒါပဲ။
လွမ်းမှာပဲ။
(လူမမာနဲ့ ပြိုင်ရန်ဖြစ်လိုက်ပြီ :D )
mm

မယ်ကိုး said...

ကိုဇက်တီ၊မမသုနှင်းဆီ၊လေးလေးကျောက်၊မသိင်္ဂါကျော်၊ကိုဥာဏ်ထူးနဲ့ ညီမလေးဝက်ဝံလေး တို့ စာလာဖတ်တဲ့အတွက် အထူးကျေးဇူးပါနော်း)

မမမွန်ရေ... ကပ်အမျိုးမျိုးကြောင့် အိမ်ပြန်လို့မဖြစ်နိုင်တဲ့အခြေအနေမှာ အသက်ရှင်ရပ်တည်ဖို့အတွက် အိမ်စွန့်လိုက်ရသူများကလည်း မိုးမြေအဆုံးမှာလေ။...
ကမ္ဘာအနှံ့က အိမ်ပြေးသူများ၊ အိမ်စွဲသူများဟာ စစ်ဘေးကြောင့်၊ နှိပ်စက်ညှင်းပန်းခံရမှုတွေကြောင့်၊အိပ်မက်တွေကြောင့် တစိမ်းမြေမှာ ခိုလှုံ့သွားကြရတဲ့အခါ သစ္စာမရှိဘူးလို့ စွပ်စွဲသင့်ပါရဲ့လား။ ...

ဆိုပြီး ဒီလို အိမ်ဆုံးသူများအကြောင်းကို အကျဉ်းရေးထားပါတယ် မမ။ အကျယ်မရေးတော့တာ အားလုံးသိပြီး ဖတ်ပြီး ခံစားနားလည်ပြီးလို့ ယူဆလို့ပါး)

ညီမလေး said...

ရှေ့တိုးဖို့မလွယ် နောက်ဆုတ်ဖို့လဲ အခွင့်မသာတဲ့ အခါတွေမှာ ဘဝတွေကို အားလျှော့ချင်စိတ်ဖြစ်မိပါရဲ့ အဲ့လိုအခါမျိုးတွေက.ရှေ့ဆက်သွားဖို့ အားတင်းနေရင်းပဲ အားအင်ချိနဲ့နေတဲ့ အခါမျိုးတွေပေါ့မယ်ရယ် .. ဒါပေမဲ့လဲ ရှေ့ကတော့ ဆက်လျှောက်ရအုန်းမယ် .. လျှောက်ရအုန်းမယ် မယ်ရယ်...လျှောက်ရအုန်းမယ်..

ကိုအောင်(ပျူနိုင်ငံ) said...

အိမ်ကို သို့မဟုတ် မွေးရပ်မြေကို လွမ်းတာ ကောင်းပါတယ်၊ ပျော်ရာမှာ မနေရ တော်ရာမှာ
နေရတဲ့ ခေတ်မှာ အားလုံးက ဒီလိုပါပဲ ...

Anonymous said...

ကိုကြီးကျောက်ပြောသလိုပါပဲ ရေကြည်ရာကို ကိုယ်တိုင်ရွေးခဲ့တာလေ. ချစ်သူကိုထားပီး ပြန်လာခေါ်မယ်လို့ ဒါပေမယ့်သူက ကိုယ့်ကိုထားသွားတယ်.နှစ်တွေကြာခဲ့ပေမယ့်လည်း မေ့မရ စိတ်ကလည်းနာနဲ့ ဒါနဲ့ပဲ မပြန်ခဲ့တာ ၆နှစ်ကျော်သွားပြီ။ အလုပ်ပြီးလို့ရှိလျှင်အနားက ဘားကိုလာခဲ့လို့ ပြောတဲ့အဖြူမကြောင့် လန့်ဘူးတာလဲ ကြုံဘူးတယ်ဗျ.ယောင်္ကျားကောမရောင်းဘူးလား ဆိုရဲတဲ့လူမျိုးကြားမှာ အိမ်ကိုလည်းမပြန်ချင် ဒီမှာလည်းမပျော်နိုင်တဲ့ အိမ်ပျောက်နေသူပါဗျာ
ရိုင်ယန်

အယ်ကို said...

☼ ..မြေပေါ်မှာ နေစရာ များတယ်ပါ့
☼..ဖွေရှာကာ မြေမာသားမှာလ
☼..နေပါ.. နေပါ စမ်းချင်လှ
☼..တပြည်တရွာ ဖွေရှာစွမ်းပါစ
☼..သေတာတောင် အင်းရေပြင်ထဲ
☼..မှတ်တမ်းတင် ဆွမ်း သွန်းချင်ကယ့်လေး ..

.. ဖတ်ရင်းနဲ့ ကဗျာရေးချင်စိတ်ပေါ်လာလို့ပါ ဘွားဘွားရေ ..

လေးစားလျက်
လူကလေး ..

SHWE ZIN U said...

မကိုးရေ

ဖတ်နေတာတော့ ကြာပါပြီ အခုမှ မန့်ဖြစ်တယ် ညီမ စာလေးတွေ ကို သိပ်သဘောကြတယ် တွေးစရာ လေးတွေ နဲ့ ညီမ အတွေးတွေ ကိုလည်းကြိုက်တယ်

အမ ကတော့ တသက်လုံး နိုင်ငံခြားမပြောနဲ့ အိမ်တောင် မပြောင်းရဘဲ နေလာတာဆိုတော့ ဝေဒနာ သိပ်မသိဘူး ဒါပေမဲ့ ကိုယ်ချင်းစာနိုင်တယ် ညီမ ပြောတာတွေ ကို နားလည်ပါတယ်

voa မှာနားထောင်လိုက်ရတယ်ညီမ

ခင်မင်စွာဖြင့်
ရွှေစင်ဦး

Anonymous said...

စာမေးပွဲတွင်းတုန်းက မဖတ်ဖြစ်သမျှတွေ အခုစပြီးသွားမှ အတိုးချ လာဖတ်ပါတယ်..
ဆက်ရန် ဆက်ရန် ..လေးတွေမျှော်နေပါတယ်နော်..
VOA က အသံဖိုင်လေး ပေးနားထောင်မယ်ဆိုရင် သိပ်ကိုကျေးဇူးတင်မိမှာပါ..ဘလော့မှာ မတင်ချင်ရင် အီးမေလ်နဲ့ဖြစ်ဖြစ်ပေါ့ ...နားထောင်ရရင်..ပျော်မှာ..
ဒီစာလေးအတွက်ကျေးဇူး

ချစ်တဲ့

မူလပထမညီမလေး
(ဟိဟိ.. ချစ်လို့နောက်သွားတာနော် စိတ်ဆိုးပါနဲ့)

Orange Chit Thu said...

Mae...
This is one of my fav posts of you also...If you have intention to upload at FB, pls tag me naw...
I wanna save this one there...
Actually, I also have the same feeling like one of the anonymous "ကျွန်တော်တော့ မနက်မနက် ဘုန်းကြီးဆွမ်းလောင်းရတာလေးကို လွမ်းတယ်ဗျာ။
ပြီးတော့ မေတ္တာတရားကိုလွမ်းတယ်။ တစ်ယောက်အပေါ် တစ်ယောက် စိတ်ပူတတ်ကြတာ၊ ကူညီချင်ကြတာတွေကို လွမ်းတယ်။
နိုင်ငံခြားထွက်တော့မယ့် လူငယ်တွေကို ဘုရားတရားမမေ့ဖို့၊ မိဘလုပ်ကျွေးဖို့ ဘေးကနေ မှာတတ်တဲ့ မြန်မာလူကြီးတွေကို လွမ်းတယ်။
လခ နှစ်ပြားတစ်ပဲနဲ့ စေတနာထား သင်ပေးခဲ့တဲ့ ဆရာဆရာမတွေကိုလွမ်းတယ်။
သွားရင်းလာရင်း ဒုက္ခရောက်ရင် အခမဲ့ ကူညီပေးခဲ့တဲ့ လူတွေကို လွမ်းတယ်။ " so touching to me ...

Orange Chit Thu said...

Aww...forget to say that this is my 3rd time reading of this :))) (not 1st time, hee hee)

ရိုးမြေကျ said...

ကျနော် အိမ်ကို စွန့်ပြီးနေဖူးတာ အများဆုံး(၂)လပါပဲ။ အကြောင်းကြောင်းကြောင့် ရပ်ဝေးမှာများနေရမယ်ဆိုရင် ကျနော်ကတော့ လွမ်းတာနဲ့ သေမှာပဲ။ ဒါပေမယ့် ရာနှုန်းပြည့်တော့ပြောမရပြန်ဘူး။ အိမ်ကိုမေ့ပြီး ၀န်းကျင်သစ်မှာလဲ ပျော်ချင်ပျော်နေလိမ့်မှာ။ မယ့်ရဲ့ အိမ် နဲ့ပတ်သက်တဲ့ ဆောင်းပါးတွေက တကယ်ဖတ်ရတာကောင်းတယ်။ ထိရှတယ်။