12 December 2010

အိမ်ပျောက်သူများ


ရက်အနည်းသာ နိုင်ငံရပ်ခြားကို အလည်သွားသူတွေကတော့ တိုင်းတစ်ပါးယဉ်ကျေးမှုနှင့် ရုတ်တရက်ထိတွေ့ရာ၌ ဖြစ်ပေါ်သော စိတ်နေသားမကျမှုရဲ့ ပျော်ရွှင်ခြင်းအဆင့်မှာသာ ပြီးသွားကြမှာပါ။ အိမ်စွဲသူအဆင့်မှာတော့ ဘာသာစကားလေ့လာမှုကစလို့ ယဉ်ကျေးမှုကို နားလည်သင်ယူရတော့တာမို့ ခြောက်လကနေ ငါးနှစ်အထိလို့ ကြာမြင့်နိုင်ပါတယ်။ ဒီထက်အချိန်မလင့်ဘဲ အိမ်ပြန်နိုင်သူတစ်ချို့အတွက်တော့ အိမ်စွန့်လိုက်ရသူတွေ၊ အိမ်မပြန်နိုင်သေးတဲ့ ကျန်ရစ်ခဲ့သူတွေကို ကိုယ်ချင်းစာဖို့ ခက်ခဲနေမလား။



“စိုစွတ်ငါ့မျက်ဝန်းတွေ ခြောက်သွေ့စေဖို့ ဘယ်ကိုသွားရမလဲ…” တော်သင့်ပြီ။ အသက်ဓာတ်လေးကို စောင့်ရှောက်ရမှာ ဖြစ်တဲ့အတွက် ဒီအတွေးတွေကို ဆက်လက် နှလုံးမသွင်းသင့်မှန်းသိလည်း အိမ်လွမ်းနာဟာ ကျွန်မရဲ့ သွေးကြောမျှင်တစ်လျှောက် အနည်ကျခဲ့ပြီ။ အိမ်ရဲ့အဝေးမှာ ရှင်သန်နေရသူမို့ အပျောက်အရှများစွာနဲ့ ရင်ထဲမှာ အနက်ရောင် ဟင်းလင်းခွင်။ ဒါ့အပြင် အပိုင်းအစစ နှလုံးသား အကွဲအကြေတွေပေါ်မှာ ဆူးခက်တွေအပြည့်… ဟင့်အင်း။ ကျွန်မ မငိုဘူးဘဲ။ ရိုက်ချက်တွေဟာ စူးနက်လွန်းလို့ မျက်ရည်ကို ခမ်းစေတယ်။ နားလည်သူရှိပါ့မလား။ အိမ်မပြန်နိုင်သူတွေရဲ့ ခြေတစ်လှမ်းရွေ့တိုင်းမှာ ဆူးတွေရှောင်နေရလို့ ခရီးရောက်ဖို့ ခက်ခဲလွန်းလှပါတယ်။



“ကျွန်တော် ဗြိတိန်ကို စရောက်လာတုန်းက ကျွန်တော်ဘယ်သူလဲဆိုတာ မသိခဲ့ပါဘူး။ နှစ်တွေကြာပြီးနောက်မှာမှ ဗြိတိန်ကို သိရှိခဲ့သလို ကျွန်တော့်ကို ကျွန်တော်လည်း တွေ့ရှိခဲ့ပါတယ်။ ဒါကြောင့် တစ်နေရာကနေ တစ်နေရာ၊ ယဉ်ကျေးမှုတစ်ခုကနေ နောက်တစ်ခုကို ရွှေ့လာတဲ့သူတွေဟာ ဒေသကိုသာမကဘူး ကိုယ်ဘယ်သူလဲဆိုတာကိုပါ ဖော်ထုတ်နိုင်ဖို့ အရေးကြီးပါတယ်။ ဒါဟာ နှစ်ပေါင်းများစွာ ကြာနိုင်ပါတယ်။”  လို့ ပါကစ္စတန်နိုင်ငံကထွက်ခွာပြီး အင်္ဂလန်မှာ အခြေချနေထိုင်တဲ့ မာမူးဂျမာလ် က ပြောပါတယ်။



အိမ်စွန့်ခဲ့သူ မာမူးက ဆက်ပြောပါတယ်။ “ပထမဆုံး ခံစားရနိုင်တာက ကိုယ်ဝင်ရောက်သွားတဲ့ ယဉ်ကျေးမှုရဲ့ အပွေ့အဖက်ကို ခံချင်တာပါ။ ကိုယ့်အိမ်လိုပဲ ခံစားချင်တယ်။ ဒါပေမယ့် သူတို့တွေက ကိုယ့်ကို ကောင်းကောင်းလက်မခံဘူးဆိုတဲ့ ခံစားမှုရမယ်။ ဒါကြောင့် ကိုယ်နဲ့သက်ဆိုင်တဲ့ အရာနဲ့ ဆက်နွယ်ဖို့ ကိုယ်ဘယ်သူလဲဆိုတာ သိအောင်လုပ်ရမယ်။ ဒါဟာ ကိုယ်နဲ့ ကိုယ်သက်ဆိုင်တဲ့ယဉ်ကျေးမှုကြားက တကယ့်ကို ပြင်းထန်တဲ့တိုက်ပွဲ ဖြစ်နိုင်ပါတယ်။ နောက်တော့ တဖြည်းဖြည်းညှိယူလာနိုင်ပြီး ဒီယဉ်ကျေးမှုနဲ့ ဘယ်လိုရှင်သန်ရမလဲ ဆိုတာနဲ့ ကိုယ့်ဘာသာ ဘယ်လို အသက်ရှင်ရမယ်ဆိုတာ လေ့လာနိုင်လာတယ်။”  တဲ့။



ဒီလိုနဲ့ နောက်ဆုံးအဆင့် လွတ်မြောက်မှုဖြစ်စဉ် (Independence-stage) ကို တက်လှမ်းနိုင်ပြီတဲ့လေ။ ယဉ်ကျေးမှုနှစ်ခုရဲ့  ခြားနားမှုတွေရော တူညီမှုတွေပါ တန်ဖိုးထား အလေးပေးစရာတွေ ဖြစ်နေပါတယ်။ အခြေအနေအမျိုးမျိုးမှာ ကိုယ့်ဘာသာကိုယ် ယုံကြည်ပြီး စွမ်းဆောင်နိုင်ပါသတဲ့။ အရာတိုင်းဟာ နှစ်သက်ဖွယ်ဖြစ်လာပြီး ကိုယ်နှစ်သက်မှုနဲ့ တန်ဖိုးကို လိုက်ပြီး ရွေးချယ်မှု ပြုလုပ်နိုင်ပါသတဲ့။ ဒါ ကောင်းမြတ်ခြင်းတဲ့လား။ ရွေးချယ်မှုမှာ ပျော်ရွှင်နိုင်သတဲ့လား။



“ကျွန်တော် အရင် မြန်မာနိုင်ငံသားဘဝက ဗမာpassport နဲ့ဆိုရင် ဘယ်နိုင်ငံသွားသွားမျက်နှာငယ်ရလွန်းလို့ ဗမာအဖြစ်မွေးလာတာ မှားများမှားပြီလားလို့တောင်ထင်ခဲ့မိဖူးပါသည်။ မှားတော့မမှားပါ။ ဒါပေမဲ့ မမွေးခင် ကိုယ့်ဇာတိကိုယ် ရွေးချယ်ပိုင်ခွင့် ရှိခဲ့ရင်တော့ ဗမာပြည်ကို ရွေးချယ်ခဲ့မှာတော့ မဟုတ်ပါဘူး” လို့ အမေရိကန်နိုင်ငံက လေးလေးကျောက်က ပြောပါတယ်။

ဟုတ်ပါတယ်။ စွဲလမ်းမှုတွေ ဖျောက်ပြီး ပတိရူပဒေသဝါသောစ - သင့်တော်ရာ အရပ်၌ နေခြင်း မင်္ဂလာအတိုင်း ကျင့်သုံးသင့်တယ် မဟုတ်ပါလား။ ဟင့်အင်း။ ဒါပေမယ့် အမှန်တရားကို လက်သင့်မခံနိုင်သေး။ ကျွန်မနဲ့ သက်ဆိုင်တဲ့နေရာဟာ ဘယ်ရပ်ဝန်းမှာလဲ။ ဘယ်ရာသီခွင်မှာလဲ။ ဘယ်နက္ခတ်အောက်မှာလဲ။ ဘာမုန်တိုင်းအောက်မှာပဲ တည်တည် အိမ်ကလေးရှိရာ အရပ်ဆီ ဦးတည်လို့ ပျံသန်းရဦးမယ်။  အိမ်စွဲသူအဆင့်မှာပဲ ရပ်တန့်ကာ အိမ်စွန့်ဖို့ မရည်ရွယ်သူ ကျွန်မအတွက်တော့ ရှေ့တစ်လှမ်းတိုးဖို့ ခက်နေဆဲ။ ရှိပါစေတော့။ ချစ်မြတ်နိုးမှုနဲ့ အမှောင်ခြမ်းကို မျက်ကွယ်ပြုလို့ ရှင်သန်ပါဦးမယ်။ ဒီဘဝ ဒီမျှနဲ့ ဒဏ်ရာတွေကို ခြေရာဖျောက်ထားပါရစေတော့။ အိမ်ကို မစွန့်လွှတ်နိုင်သေးဘူးရယ်။

ဒါပေမယ့် အရှေ့အလယ်ပိုင်းအာရပ်ဒေသမှာ အချိန်ကြာနေထိုင်ခဲ့သူ အင်္ဂလန်နိုင်ငံသူ အီလီဒ် ဟာမင်တန် (Eilidh Hamilton) ရဲ့ စကားကို ကြားမိပြန်တာ။ “ဒီလို ပြုမူသင့်တယ်။ ဒါသာ ပြောရမယ်။ ဒီလိုသာ လုပ်ရမယ်။ ဒါသာ အမှန်ဆိုပြီး ကျွန်မတို့ သွန်သင်ခံခဲ့ရတယ်။ ဒါကြောင့်မို့လို့ ကျွန်မတို့ ယဉ်ကျေးမှုသာ အမှန်လမ်းလို့ ယုံကြည်နေကြတယ်။ တခြားယဉ်ကျေးမှုကို ပြောင်းသွားတဲ့အခါမှာတော့ ကိုယ့်ယဉ်ကျေးမှုဟာ လုံးဝမမှန်ဘူးဆိုတာ နားလည်လာမယ်။” တဲ့။

စိတ်မရှိပါနဲ့ ။ ကျွန်မ ဒီလောက်ထိ မရင့်ကျက်သေးပါဘူး။  အတောင်လည်း ညောင်းလွန်းလှပြီ။ နားခိုစရာ မျှော်ကြည့်တဲ့အခါ ပျပျလေးပင် မမြင်နိုင်သေး။ လဲပြိုသေဆုံးရတော့မလား။ ဟင့်အင်း။ အမှန်တရားကို လက်သင့်မခံနိုင်သေး။ ရွေးချယ်စရာမဲ့ အိမ်ပြန်ခက်နေတဲ့ တခြားသူတွေကရော ဘယ်လိုခံစားမှုနဲ့ ရှင်သန်နေကြရတာလဲ။


photo credit: wsj.com


“ရေခြားမြေခြားမှာ ကျွန်မ သင်ကြားရတာက ဖွင့်ထားတဲ့ စိတ်နှလုံးရှိဖို့ ဆိုတာပါပဲ။ ဒါဟာ ဖန်တရာတေနေတဲ့ လေသံဆိုတာ သိပါတယ်။ ဒါပေမယ့် လူအမျိုးမျိုး၊ပြုမူပုံအသွယ်သွယ်ရဲ့ ခြားနားချက်တွေကို တွေ့လာတဲ့အခါ ဒါဟာ ငါ့နည်းလမ်းမဟုတ်ပေမယ့် အလုပ်ဖြစ်ပါလားဆိုတာ ရှင်ကိုယ်တိုင်တွေးမိလာပါလိမ့်မယ်။ ဒါလိုနဲ့ ရှင်ဟာ ပိုပြီးတော့ စိတ်ထားတတ်သူ ဖြစ်လာပါမယ်။” လို့ အင်္ဂလန်နိုင်ငံသု ဒီဗန်ခရိုန် (Devon Krohn) ကလည်း ပြောပါတယ်။

သူမလို ကျွန်မ စိတ်မထားတတ်သေးပါဘူး။ အိမ်ကို စွန့်လွှတ်ဖို့အထိလည်း ကျွန်မ အိပ်မက် မမက်နိုင်သေးပါဘူး။ အိမ်ပျောက်သူတွေရဲ့ အသံအချို့ကို ကျွန်မကို ကြားယောင်နေဆဲရယ်။ “ကျွန်မက အရှေ့တိုင်းနဲ့ အနောက်တိုင်းယဉ်ကျေးမှုကို နှိုင်းယှဉ်ကြည့်နိုင်တဲ့အတွက် ဘာကြောင့်လူတွေ ဒီလိုပြုမူတယ်ဆိုတာကို ကိုယ့်နိုင်ငံက တစ်ခါမှ မထွက်ဘူးတဲ့သူတွေထက်ပိုပြီး နားလည်နိုင်ခဲ့ပါတယ်။ ဒါပေမယ့် တစ်ခါတစ်လေ ကျွန်မက ဘယ်နေရာနဲ့မှ မသက်ဆိုင်ဘူးလို့ ခံစားရပါတယ်။ တနည်းအားဖြင့် အဲဒါက ကျွန်မကို လွတ်လပ်စေတယ်လို့ ခံစားရတယ်။ အရမ်းကို လွတ်လပ်စေတယ်။” လို့ ကိုရီးယားလူမျိုး ဂျပန်နိုင်ငံဖွား အမေရိကန်မှာ နေထိုင်သူ ကင်ဂျာယူး (Kyung-ja Yoo) က ပြောပါတယ်။



အိမ်အစွဲအလမ်းမဲ့ လွတ်လပ်စွာ ပျံသန်းနေသူတွေကို ကျွန်မ အားကျသင့်ပါသလား ။ သူတို့ တကယ်ပဲ လွတ်လပ်နေသလား။ ဘယ်အိမ်ကိုမှ သူတို့ မပိုင်ဆိုင်တဲ့အတွက် ဘယ်အိမ်နဲ့မှ သက်ဆိုင်တယ်လို့ မခံစားရတဲ့အတွက် လွတ်လပ်နေတယ် ဆိုတယ်ဆိုတာ အမှန်ပဲလား။



“ကျွန်မ ဒီနိုင်ငံကို ဗြိတိသျှအစိုးရရဲ့ တရားဝင်ခေါ်မှုနဲ့ နာဇီဂျာမနီနိုင်ငံက ပထမဆုံး ခိုလှုံလာသူများနဲ့ အတူ အောက်တိုဘာ ၆ ရက်နေ့က စလို့ ရောက်လာခဲ့ပါတယ်။ ၆၇ နှစ်လုံးလုံး ဒီနိုင်ငံမှာ နေပြီးနောက်မှာ ကျွန်မ ပြောင်းလဲခဲ့ပါပြီ။ ပိုပြီးတော့ ခံနိုင်ရည်ရှိလာပါတယ်။ ဒါပေမယ့် ကလေးဘဝထင်မြင်ချက်တွေဟာ သိပ်သန်စွမ်းလွန်းလို့ ကျွန်မဟာ အင်္ဂလိပ်တစ်ယောက် မဖြစ်ခဲ့ပါဘူး။ ကျွန်မကိုယ်ကျွန်မ အင်္ဂလိပ်လူမျိုးပြုခံရသူလို့သာ ပုံဖော်ချင်ပါတယ်။ ကျွန်မဟာ ဂျာမာန်တစ်ယောက်လည်း မဟုတ်တော့ပါဘူး။” လို့ ဂျာမနီမှာ မွေးဖွားခဲ့ပြီး အင်္ဂလန်နိုင်ငံမှာ နေထိုင်နေသူ အက်စ်မိုင်းရား (Ilse Meyer ) ပြောပါတယ်။

သူမလိုပဲ ဂျာမဏီနိုင်ငံမှာ နှစ်ပေါင်းလေးဆယ်ကျော်နေနေတဲ့ တူရကီနိုင်ငံမှာ မွေးဖွားခဲ့သူ အမျိုးသမီးတယောက်က သူ့ကိုယ်သူဂျာမန်နိုင်ငံသားလို့ မမြင်ဘူးဆိုတဲ့အကြောင်းကို သတင်းတစ်ခုမှာ ဖတ်ခဲ့မိတာ။ သူမတို့လိုပဲ နေထိုင်ရာနိုင်ငံမှာ ဆယ်စုနှစ်ပေါင်းများစွာ တခြားယဉ်ကျေးမှုကျွမ်းဝင်နေကြပေမယ့် ကိုယ့်ကိုယ်ကိုယ်လို အပြင်လူလို ခံစားနေရသူပေါင်းများစွာရဲ့ အသံထုကလည်း ကျွန်မနားမှာ ညံနေတာ။

လစ်ဟာနေတဲ့ရင်ခွင်နဲ့ အိမ်ပျောက်သူဖြစ်မှာ ကျွန်မ သိပ်ကြောက်ပါတယ်။ အပြင်လူခံစားမှုကို ရင်မှာပျိုးကာ တစိမ်းသူတွေအကြား သက်တောင့်သက်သာနေနိုင်လောက်အောင် ကျွန်မ အချိုးတကျမနေနိုင်သေးပါဘူး။ ခံနိုင်ရည်ချို့လွန်းသူပါ။ ဒါဆို အိမ်ပြန်ရတော့မလား။ ဒါပေမယ့် … ဒါပေမယ့်လေ အိမ်မှာ ဘယ်သူရှိမှာလဲ။ ဘယ်သူမှ အိမ်မှာ မရှိဘူး။ လေပြင်းအောက်ရောက်နေသူမှာ အသိုက်လဲမရှိသလို အေးစက်လေထုနဲ့ အချောကိုင်ထားတဲ့ အဲဒီ အထီးကျန်လှောင်အိမ်မှာ ဘယ်သူမှလည်း မရှိဘူး။ အထီးကျန်ခြင်းဟာ ဆေးဖက်ဝင်တယ်တဲ့။ ကိုယ်ကိုယ်တိုင် ကျူးရင့်ခဲ့တာ။



ဟာသပဲနော်။ ဟက် ကနဲ ရယ်လိုက်မိရင် မျက်ရည်တွေ ထွက်ကျလာတော့မယ်။  ဒါဟာ ရယ်စရာလား။ အိမ်ပြေးသူတွေရဲ့ ၀ဋ်ကြွေးပဲလား။ ဆိုက်ပရပ်စ်နိုင်ငံမှာနေထိုင်နေဆဲ အင်းသားကိုအယ်ကိုကတော့ ဘာပဲဖြစ်ဖြစ် ဘယ်နေရာပဲရောက်နေနေ နောက်ဆုံးတော့ အမိမြေမှာပဲ ခေါင်းချချင်တယ်လို့ စာချိုးနဲ့ ဆိုပြန်ပါသေးတယ်။



မြေပေါ်မှာ နေစရာ များတယ်ပါ့
ဖွေရှာကာ မြေမာသားမှာလ
နေပါ.. နေပါ စမ်းချင်လှ
တပြည်တရွာ ဖွေရှာစွမ်းပါစ
သေတာတောင် အင်းရေပြင်ထဲ
မှတ်တမ်းတင် ဆွမ်း သွပ်ချင်ကယ့်လေး …။

စွဲလမ်းမှု၊ပိုင်ဆိုင်မှု၊သက်ဆိုင်မှုတွေဟာ လူကို တကယ်ပဲ ဆင်းရဲစေတာတော့ ကျွန်မလက်တွေ့ မြင်သိခဲ့ပြီ။ ခြေလှမ်းတွေကို ချုပ်နှောင်ထားတယ်ဆိုတာလည်း နားလည်ခဲ့ပါပြီ။ ဒါပေမယ့် စွဲလမ်းမှုကြောင့် ဒုက္ခဖြစ်ရခြင်းအကြောင်းကို  ကျွန်မ မတွေးနိုင်သေးဘူး။ မတွေးချင်သေးဘူး။ တွေးခွင့်မရသေးပါဘူး။မွေးရပ်က မြက်ခင်းဟာ စိမ်းလန်းမနေလည်း ရှင်သန်ခွင့်ရရုံမျှနဲ့ မုန်တိုင်းကျလည်း  မစွန့်ခွာဘဲ ပျော်ရွှင်ချင်သူပါ။ အိမ်အစွဲမှာ မွန်းကြပ်နေသူမို့ရယ်။



အိမ်စွန့်ကာ အိမ်သစ်တည်ဖို့ ရည်ရွယ်ချက်မရှိသူ ကျွန်မရဲ့ နံနက်ခင်းဟာ ပိန်းပိတ်မှောင်နေဆဲပါ။ ဘယ်လိုအခြေအနေမှာပဲ ဖြစ်ဖြစ် လှေနံနှစ်ဖက်နင်းကာ ကောင်းကင်နှစ်ထပ်အောက်မှာ ရှင်သန်ချင်သူ မဟုတ်ရပါဘူး။ အိမ်စွဲလွန်းသူ ကျွန်မဟာ အိမ်ပြန်ချင်လွန်းလှသူပါ။ ဒါပေမယ့်လေ အိမ်မဲ့သူရဲ့ ဒဏ်ရာတွေဟာ ထင်တာထက် နက်နဲလွန်းနေခဲ့ပါပြီ။ အမာရွတ်တွေဟာ ဘယ်သူမှ မမြင်နိုင်လောက်အောင်ပဲ ထူထဲသေသပ်လွန်းနေပါပြီ။



ဝဋ်ကြီးသူရယ်လေ။ ဘယ်လိုပင် မိုးကြိုးခြွေလည်း မသေသေးဘူးကွယ့်။ ထပ်မံလို့ အတောင်ပံ ခတ်နေဦးမယ်။ အောင်မြေက ဘယ်အရပ်မှာ တည်သလဲဆိုတာ မမြင်နိုင်။ မကြားနိုင်။ မသိနိုင်ပေမယ့် ဥတုရာသီ နှိပ်စက်ကာ အမြင်တွေ ဝေသီနေပေမယ့် ကျွန်မ ခရီးဆက်ပါဦးမယ်။ ဘယ်လို ခြေလှမ်းပြင်ရမလဲ။ ။ ဇာတ်ကွက်က ခြေတစ်လှမ်းတိုးရင် ဖုန်းဆိုးမြေ။ နောက်ဆုတ်ရင် မီးလောင်ပြင်။ ဒါပေမယ့် လေပြင်းထန်လွန်းတယ် ဆိုကာ နောက်ဆုတ်ပြေးဖို့လည်း မဖြစ်နိုင်ဘူးဘဲ။



ဒီလိုနဲ့ ခရောင်းထက်ကြမ်းတဲ့ လမ်းမှာ တမျှော်တခေါ်က အိမ်အရိပ်လေးဆီ မျှော်လင့်လို့ ကျွန်မရှေ့ဆက်လျှောက်ပါဦးမယ်။ လမ်းရဲ့တံခါးဝှက်ကိုပင် မတွေ့မြင်နိုင်သူဟာ  “အိမ်ပြန်ချင်တယ်။ အိမ်မှာ ဘယ်သူရှိမှာလဲ။ ဘယ်သူမှ အိမ်မှာမရှိဘူး။” ရိုးရာမပျက် ရင်ကွဲတေးလေးကို ညဉ်းရင်းနဲ့လေ။



ကြိုဆိုသူမဲ့ ရက်စက်တဲ့ မြေပေါ်မှာ တည်ထားပေမဲ့ ကျွန်မ အိမ်ပြန်ချင်ပါတယ်။… ။





အိမ်ဆောင်းပါးများမှာ ကဗျာအသုံးပြုခွင့်ပြုတဲ့ ကိုလင်းဒီပ၊ ဓာတ်ပုံအသုံးပြုခွင့်ပြုသော ချစ်စွာတဲ့ အစ်မ၊ အသံလေးများကို စေတနာထား မျှဝေသွားတဲ့သူများ နဲ့ ဖတ်ရှုပေးခဲ့သူများ ကို အထူးကျေးဇူးတင်ပါကြောင်း

မေတ္တာများဖြင့်
မယ့်ကိုး


ကိုးကား ။ BBC: Who on earth are we

11 comments:

သက်ဝေ said...

ညီမရဲ့ အိမ် ပိုစ့်တွေဖတ်ရင်း
အိမ် ဆိုတဲ့ စကားကို ခဏ ခဏ ရေရွတ်နေမိတယ်.... ပြီးတော့ တွေးတယ်...
ပြီးတော့ လွမ်းတယ်...

အိမ်... တဲ့...။

Anonymous said...

ကြိုသူမဲ့ ရက်စက်တဲ့မြေပေါ်မှာ တည်ထားပေမဲ့ ကျွန်မအိမ်ပြန်ချင်ပါတယ်.. အိမ်မဲ့သူတေးမှာကတည်းက အဲဒီစာသားလေးကို သိပ်ခံစားရပါတယ်
နွေးထွေးစွာကြိုဆိုနေတဲ့.. အမေအိမ်ကိုပြန်ခွင့်ရပါစေလို့ဆုတောင်းပေးလိုက်ပါတယ် မယ်ကိုးရေ..
စကားမစပ်. ပြီးသွားပြီလား ? ဖတ်လို့တောင်မ၀သေးဘူးရယ်.ထပ်ရေးလို့ရရင်ရေးပါအုန်း..

ဒီစာလေးအတွက်တော့ မယ့်ကို ကျေးဇူးအထူး..

လေးစားလျှက်

သိင်္ဂါကျော် said...

အိမ်ပျောက်သူ တွေရဲ့ ခံစားချက်ကို
စာနာ နားလည် ပေးနိုင်ပါတယ်..

ချော(အစိမ်းရောင်လွင်ပြင်) said...

အိမ်နဲ့စခွဲတော့ ၁၁နှစ်အရွယ်
အဲဒီကတည်းက အိမ်နဲ့ဝေးတာ ခုချိန်ထိ ဝေးနေတုန်း
ဘယ်တော့မှ အိမ်ကို အိမ်ရှင်အဖြစ်ပြန်ရမယ်မသိ..
မကြာခဏ ပြန်ပေမဲ့ ဧည့်သည်အဖြစ်နဲ့သာ..
အိမ်ပျောက်နေသူများ အိမ်ကိုအမြန်ဆုံး ရှာဖွေတွေ့ရှိပါစေ

လပြည့်ရိပ် said...

ယခုလက်ရှိခံစားနေရတဲ့ ခံစားချက်တွေနဲ့ တထပ်တည်းကျနေတာမို့ စာနာနားလည်မိပါတယ်။ တခြားတဖက်ကပြောရရင် ကိုယ်လို လူတွေရှိသေးပါလားဆိုတဲ့ အသိလေးတချက်ဝင်သွားတယ်။ အိမ်ဆောင်းပါးများအတွက်ကျေးဇူး..... ဆက်လက်အားပေးနေပါဦးမယ်။။

လသာည said...

အိမ်ပျောက်သူမဖြစ်ချင်ဘူး။ မဖြစ်ချင်ပဲ ဖြစ်ရသူတွေအတွက် တကယ်စိတ်မကောင်းဘူး..

ကံကောင်းစွာ အိမ်ပျောက်သူမဖြစ်ခဲ့တဲ့အတွက် ကံတရားကို ကျေးဇူးတကယ်တင်မိတယ်။

ညီမလေး said...

အိမ်ကိုလွမ်းတယ် မယ်ရယ် ... လွမ်းတယ် ...

နှင်းဟေမာ said...

အိမ်ပျောက်သူတဲ့
သေသေချာချာပြန်စဉ်းစားကြည့်မိတော့ ကိုယ်ကိုယ်တိုင်လဲ အိမ်ပျောက်နေတဲ့ ခရီးသွားတစ်ယောက်ပါလားလို့ .....
ထပ်တူခံစားရတယ် မမကိုး ...

ချစ်ညလေး

ကိုချစ်ဖေ said...

လွတ်လပ်မှုတွေ ထပ်ပျောက်သွားမှာ စိုးလို့ အိမ်ကနေထွက်ပြေးလာခဲ့ပြီးမှ မလွတ်လပ်မှုတွေထဲက ကိုယ့်အိမ်လေးမှာပဲ မိသားစုနဲ့ အေးအတူတူ ပူအမျှ ပဲပြန်နေခွင့်ရချင်နေမိပါတယ် အနည်းဆုံး ကိုယ့်ဇာတိမြို့လေးမှာ ငယ်သူငယ်ချင်းတွေနဲ့ ဆရာဆရာမဟောင်းတွေနဲ့ ဦးလေးဒေါ်လေး သက်ကြီးရွယ်အိုတွေနဲ့ မရှိအတူ ရှိအတူ ကိုယ်ကာယနဲ့ဖြစ်ဖြစ် နွေးနွေးထွေထွေး ပြုစုစောင့်ရှောက်ခွင့်တော့ ရသေးရဲ့လို့လဲ တွေးမိနေတယ်.မမယ်ကိုးရေ..တနေ့တော့ပြန်နိုင်မှာလို့ပဲ အားတင်းရသဗျာ..

ပြည်ကောင်းအောင် said...

ကျနော်ကတော့ နှစ်ပေါင်း အစိတ်လောက် ရွက်ကျ ပင်ပေါက်လို နေခဲ့ရပြီးတဲ့နောက် sugar-coated humans & stuff တွေ မပေါများတဲ့ အရပ်တိုင်းကို ကိုယ့်အိမ်လို့ သဘောထားတတ် / ချစ်တတ်ခဲ့ပြီ။ fairness လောက်မှ ကိုယ်တိုင်လက်တွေ့ မကျင့်သုံးနိုင်ဘဲနဲ့ တရားစကားများများ ပြောချင်တဲ့ ပဲများများ တရားစခန်းဝင်သူ တယောက်ထက်စာရင် လိမ်ပြောကျင့် မရှိတဲ့ ဘာသာမဲ့ဝါဒီ တယောက်ကိုမှ ကိုယ့်ဆွေမျိုး အရင်းအချာလို ပိုခင်တတ်ခဲ့ပြီဗျး))

ရိုးမြေကျ said...

မယ့်ရေ အိမ်စွန့်ကာ အိမ်အသစ်တည်ဖို့ ရည်ရွယ်ချက်မရှိဘူးဆိုလို့ ၀မ်းသာလိုက်တာ။ မယ့်ရေ တစ်နေ့နေ့တော့ အိမ်ကို အပြီးပြန်လာမယ်မလား။ မေ့မနေနဲ့ဦးနော် ကျနော့်ကို မုန့်ဝယ်ကျွေးမယ်ပြောထားတာ အကြွေးမှတ်ထားတယ်နော်။