27 December 2010

“ အိပ်မက်မျှလျှင်… ”

လင်းရောင်ခြည်မှာ မောင့်ကိုသာ စောင့်ကြည့်တတ်သူမို့ အိပ်မက်ထဲမှာလည်း မောင့်ကိုပင် အရင်မြင်ခဲ့။ ကျွန်မမှာ မပြုံးနိုင် မရယ်နိုင်အောင်လောင် နှလုံးသားတွေ အေးခဲကာ မောင့်ကို ငေးလို့ကြည့်နေဆဲ သူမကိုပါ တွေ့လိုက်ရတာ။ ထိုစဉ်ခဏမှာပင် အသက်ရှင်ခြင်းရဲ့ အပြစ်ကို နားလည်သွားခဲ့ပြီလေ။

 တကယ်က မောင်နဲ့ သူမကို တွဲလျက်မမြင်ခင်မှာပင် ကျွန်မ အငွေ့ပျံပျောက်ဆုံးသွားဖို့ ကောင်းရဲ့။ မောင်နဲ့သူမက ပြုံးရွှင်ချိုနေပေမယ့် ကျွန်မမှာ မကြည်လင်နိုင်။ မောင့်ကို မချစ်တော့ဘူးလို့ ယုံမှတ်ခဲ့သော အသိဥာဏ်ကို မုန်းတီး။ မောင့်ကို ချစ်နေသေးသော နှလုံးသားကို စက်ဆုပ်ကာ အရှင်လတ်လတ် ကျောက်ရုပ်ဖြစ်သွားဖို့ သင့်လေတာ။

မောင်တို့ကိုမြင်နေရသော မျက်ဝန်းကို မမှိတ်နိုင်၊ ခြေသံကို ကြားနေရသော နားကို မပိတ်နိုင်၊ သေနိုင်ခဲသော မိန်းမဟာ မမှိတ်မသုန် ပြုံးနိုင်ဖို့တော့ သင့်တယ်မဟုတ်လား။ ဒါပေမယ့် မောင်လည်း သိခဲ့။ ကျွန်မ ဟန်ဆောင်မကောင်းသူရယ်ပါ။ ကြောက်စရာအကောင်းဆုံးအပြုံးနဲ့ မိန်းမလေ။ မျက်ရည်စိမ့်ထွက်မလာအောင် နှုတ်ခမ်းကိုက်ထားရရာ သွေးစိမ့်ထွက်လာမှာလည်း စိုးရိမ်ရ။

ကျွန်မ ဘယ်လို နှုတ်ခွန်းဆက်ရမှာလဲ။ မငိုနိုင် ၊ မရယ်နိုင် ၊ ထွက်လည်း မပြေးနိုင် ၊ ခေါင်းလည်း မငုံ့နိုင် ၊ ရင်ဆိုင်လည်း မကြည့်နိုင်၊ မျက်နှာလည်း မလွှဲနိုင်။ ကျွန်မ ရူးမသွားခဲ့တဲ့အတွက် ကိုယ့်ကိုကိုယ်ပင် ကျေးဇူးတင်ရသေးတာ။ ပြီးတော့ မောင့်ကို အပြစ်ဖို့။ ဘာလို့ ကျွန်မကို ဒီလောက်ထိ နှိပ်စက်ချင်ရတာလဲလို့ရယ်။ စိတ်မရှိပါနဲ့ကွယ်။ အိပ်မက်ထဲမှာမို့လို့ပါ ။ ဒါပေမယ့် ပကတိဘဝမှာလည်း အိပ်မက်ထဲအထိ လိုက်ညှင်းပန်းချင်တဲ့ မောင့်ကိုဖြင့် အပြစ်တင်ချင်တာ။ ကျွန်မ မကောင်းဘူးနော်။ 

ဟုတ်တယ်။ ဒီလို မတရားသဖြင့် ပြောချင်လောက်အောင်ပင် အိပ်မက်ထဲမှာတောင် မောင့်မှာ လူသားချင်းစာနာထောက်ထားမှု နည်းနည်းလေးမှ မရှိပါဘူး။ သူမလက်ကို ဆုပ်ကိုင်းရင်းက ကျွန်မကို အရယ်မပျက် နှုတ်ဆက်နိုင်လေတာ။ “မောင့်ကို မုန်းတယ်။” ဒီလို ပြောခဲ့တာလည်း ကုဋေကုဋာ မရေတွက်နိုင်တော့ဘူး ထင်ရဲ့။ ဟင့်အင်း။ မောင့်ကို မမုန်းပါဘူး။ မောင်လှည့်ဖျားခဲ့တာ လိမ်ညာခဲ့တာတွေ အားလုံးဟာ ကျွန်မ အပြစ်လည်းမကင်းဘူးလို့ ဆိုချင်ပြန်သေးတာ။ ကျွန်မက မောင့်ကို လှည့်ဖျားခွင့်၊ လိမ်ညာခွင့် ပေးခဲ့တာ မဟုတ်လား။မောင့်ကို မမုန်းနိုင်ပါဘူး။ မောင်ကရော။ မောင်က သူမကို သိပ်ချစ်ပုံပင်။ နေပါဦး ။ မောင်က မိန်းကလေးတိုင်းကို ချစ်တာ မဟုတ်လား။ ဘာဖြစ်လို့ သူမကိုမှ ရွေးရတာလဲလို့ မကျေမနပ်ဖြစ်ရသေးတာ။ 

အိပ်မက်ထဲမှာတော့ ကျွန်မစိတ်ကောင်းထား နေခဲ့တယ်လေ။ မောင့်ကို စိုးရိမ်လို့ မဆုံး။ မောင်သနားပါတယ်။ မောင့်ကို သူမ နှိပ်စက်တော့မှာ။ သူမရဲ့ ဘီလူးခေါင်း ကျွတ်ကျလာမှာ ကြောက်ကာ အသည်းကွဲတာကိုပင် မေ့နေခဲ့။ လိမ်ညာစဉ်းလဲတတ်တဲ့ သူမအကြောင်းကို မောင်မသိဘူးလား ။ မောင့်ကို ဘယ်လို အကြံပေးရပ့ါမလဲလို့ ကျွန်မ တွေးကာပူလောင် နေလိုက်တာလေ။ ဒီလို သောကဗျာပါဒအထွေထွေနဲ့ ပြာယာခတ်နေဆဲမှာပင် မောင်တို့က ဗြုန်းကနဲ ပျောက်ကွယ်သွားတာ။

ဖြုတ်ကနဲ ဖြတ်ကနဲ ပြတ်ပြတ်သားသားပါပဲ။ မြူတွေဆိုင်းသလို ဝိုးတဝါးလည်း မဟုတ်။ အဆန်းတကြယ်ပေမယ့် အိပ်မက်ထဲမှာဆိုတော့ မအံ့သြပါဘူး။ သိပ်ဝမ်းသာသွားခဲ့တာပေါ့။ လွတ်လွတ်လပ်လပ် မျက်ရည်ကျခွင့်ရပြီ ဆိုကာ။ ထိုစဉ်ခဏမှာပဲ ပါးပြင်မှာ မျက်ရည်စိုစွတ်ကာ ကျွန်မ လန့်နိုးခဲ့တာရယ်။ နောက်တော့ အိပ်မက်ပါလားလို့ သိရင်ဖြင့် စိတ်နှလုံးငြိမ်းအေးသင့်တယ် မဟုတ်လား။ 

မဟုတ်ခဲ့ပါဘူး။ အိပ်မက်ကို သတိရမိတိုင်း ကြည်မွေ့စရာမဲ့။ ဘာလို့ သူမနဲ့ မောင်ကိုမှ တွဲဖက်မက်ရတာလဲ စဉ်းစားမရချင်။ မောင်ချစ်ကျွမ်းဝင်နေသော ကောင်မလေးများထဲမှာ သူမ မပါဝင်ပါဘဲ။ နောင်မှ တွေးကြံမိတာက မုန်းစိတ်ဖြင့် မောင့်ကို ဒဏ်ခတ်ချင်နေခဲ့မိသလား။ အပေါ်ယံ ရွှင်ကြည်သလောက် အတွင်းနောက်ကျိကာ ယုတ်မာတတ်တဲ့ သူမစိတ်ရင်းကို ကျွန်မ အသိဆုံးမို့ မောင်နဲ့ သူမကို အိမ်မက်ထဲမှာ တွဲဖက်မိခဲ့လေသလား။ မောင်ဟာ ဒီလို မိန်းမမျိုးနဲ့မှ တန်တယ်ဆိုကာ မျက်မာနနဲ့ မကောင်းကြံခဲ့လေသလား။

“အဲလို မဟုတ်ရပါဘူး မောင်ရယ် ”လို့ လေပြေသွေးပြောချင်လည်း ကျွန်မကိုယ် ကျွန်မပင် မသင်္ကာချင်။ ကျွန်မရဲ့မသိစိတ်မှာဖြင့် မောင့်ကို နာကျည်းကာ ငြှိုးခဲ့မိပြီ ထင်ရဲ့။ ခွင့်လွှတ်လိုက်ပါကွယ်။ ဒီလိုသာ တိုးတိတ်ရေရွတ်နိုင်ကာ မျက်ရည်စိုစွတ်နဲ့ မိုးစင်စင်လင်းရပြန်။

Picasso Dream Red Swirls

( စာကြွင်း။ အိပ်မက်မျှလျှင်ကို ရေးလက်စမှာ မမသက်ဝေ နဲ့ ညီမလေးနန်းညီ တို့ ရေးထားတာလေးကို သဘောကျရင်း အိပ်မက်စီးရီးအဖြစ် ဖန်တီးလိုက်ပါတယ်။ ဒီစာဖတ်သူများထဲက blogger တွေကိုလည်း tag ပါရစေရှင်။ ရောဂါတူမယ်ဆိုရင်ဖြင့် ချီးမြှင့်ပေးစေချင်ပါတယ်း)

မေတ္တာများဖြင့်...
မယ်ကိုး

17 comments:

ကြည်ဖြူပိုင် said...

မျက်ရည်တွေနဲ့မိုးလင်းသွားတ
ဲ့ဇာတ်ကောင်လေးကိုတောင်ပုံဖော်မိသွားတယ်
အဖွဲ့ကောင်းလေး
အိပ်မက်ထဲမှာသူ့ချစ်သူကိုစိုးရိမ်နေတာလေး
ပေါ်လွင်လိုက်တာ

ညီမလေး said...

သိစိတ်ရဲ့ ချစ်စိတ်က ကြီးဆိုးနေတော့ တခါတခါမှာ မသိစိတ်ထဲမှာ နာကျည်းနေတာက ဝေဝါးနေတတ်တယ် ။ ဒါပေမဲ့ မယ်ရယ်...မောင့်ကြောင့် နာကျင်မိခဲ့ ရင်တောင် မောင့်ကိုတော့ မနာကျည်းကြောင်း မောင် သိအောင် အိပ်မက်တွေက တဆင့်တော့ အကြောင်းကြားချင်တယ် မယ်ရယ် ။

★Craton said...

သြော်.. အိပ်မက်ဖန်တီး..ဆိုတော့လည်း ဘာမှပြောမသွားတော့ပါဘူးလေ.. :P

သက်ဝေ said...

ညီမ မယ်လေး...

အိမ်မက်ကလေးကို ထပ်တူ ခံစားပါတယ်...

အပြင်မှာ ရှောင်လွှဲလို့ရကောင်း ရနိုင်တဲ့ အဖြစ်တွေကို အိပ်မက်ထဲမှာ ရှောင်လို့မရနိုင်အောင် တည့်တည့်တိုးတဲ့အခါ ကြေကွဲရတယ်...

ဒီလိုပဲ...
အပြင်မှာ မရနိုင်တဲ့ အရာတွေကို အိပ်မက်မှာ ရရှိပိုင်ဆိုင်ခဲ့တဲ့အခါမှာလဲ ထိခိုက် ကြေကွဲရတာပါပဲ...
ဖြစ်နိုင်ရင်တော့ ဘယ်လို အိပ်မက်မှ မမက်ရရင် အကောင်းဆုံးပါပဲ... နော်...။

ချစ်စရာ စာလှလှလေးအတွက် မယ့်ကို ကျေးဇူးတင် ချစ်ခင်.... ... ...

နှင်းဟေမာ said...

ဇာတ်လိုက်ကောင်မလေးရဲ့ အချစ်မေတ္တာကို တစ်နေ့မောင်နားလည်လာမှာပါ ...။
သူမလောက်သဘောထားမကြီးနိုင်လောက်တာ သေချာတယ် ... ခံစားမှုတူညီရင်တောင် အဲလောက်ထိ နားလည်ပေနိုင်စွမ်း ရှိနုင်ပါ့မလား မသိ
ဇာတ်လမ်းလေးက ဇာတ်ကောင်တွေရဲ့စရိုက်တွေပေါ်လွင်မှုအတွက် စာရေးသူကို လေးစားမိတယ်

အမရာ said...

ငိုချင်တယ်..ဖတ်ရတာ..

Vista said...

ကျနော့်အိမ်မက်ကတော့ ကြောက်စာ.. တကယ့်ကိုမက်တာပါ ..

ရွှေရတုမှတ်တမ်း said...

အမလေး...ရောဂါတော့မတူပါရစေနဲ့..

rose said...

အစ်မမယ်ကိုးရဲ့ အိပ်မက် ၀တ္ထုတိုလေး လာဖတ်ပါတယ်။ အိပ်မက်ထဲက မိန်းကလေးက မျက်ရည်တွေနဲ့ နိုးလာတယ်။ တခါတလေ ကျွန်မလည်း အိပ်မက်ထဲမှာ ကျွန်မ ချစ်ချစ်က အခြား မိန်းကလေး တစ်ယောက်နဲ့ အတူတူ ရှိနေတယ်လို့ အိပ်မက် မက်ရင် ကျွန်မလည်း မျက်ရည်တွေနဲ့ နိုးလာတတ်တယ်။ အဲဒီအခါ သူ့ကိုလည်း ရန်ရှာမိသေးတယ်း)

သိင်္ဂါကျော် said...

ရောဂါတော့ မတူပါဘူး..
ဒါပေမယ့် ရောဂါတူသူတွေ ပတ်ဝန်းကျင်မှာ အများကြီး တွေ့နေတယ်..

Happy New Year နော်
ဒီနေ့ Dec 31 မို့ ဆုတောင်းသွားပါတယ်..

PhyoPhyo said...

❤♫❤♫❤.•*¨`*•..¸♥☼♥ ¸.•*¨`*•.♫❤♫❤♫❤
╔═════════ ೋღ❤ღೋ ═════════╗
* ░H░A░P░P░Y░* ░N░E░W░ * ░Y░E░A░R░ *
╚═════════ ೋღ❤ღೋ ═════════╝
❤♫❤♫❤.•*¨`*•..¸♥☼♥ ¸.•*¨`*•.♫❤♫❤♫❤

♫♫♫♥♥♥♥Wish you Happy, healthy, peaceful, successful and prosperous new year 2011.......

nyarna said...

မ Mae Coe
ကျနော် ဆရာတော် ဦးဇောတိက ဆိုက်ထဲ ၀င်ကြည့်ပါတယ်။ ကောင်းပါတယ်။ ခုလို page တစ်ခုဖွင့်လိုက်တာ။ ပြည့်ပြည့်စုံစုံလေးပါပဲ။ ဆရာတော်ရဲ့ စကားတွေ ကို quote လုပ်ပြီး အဆိုအမိန့်လိုမျိုး စာတမ်းစာကြောင်းလေးတွေကို ပုံမှန်လေးတင်ပေးနိုင်ရင် ပိုကောင်းမယ်ထင်ပါတယ်။ ကျနော်လဲ ဆရာတော်ကို လေးစားကြည်ညိုပါတယ်။ ဆရာတော့်  စာအုပ်တွေဖြစ်တဲ့ တွေးမိတိုင်းပျော်တယ်၊ လွတ်လပ်သောစိတ် ၊ သတိဆိုတဲ့ နေအိမ်၊ အသက်ရှင် လျက်နှင့်ဘ၀ သေနေသူ၊ The Map of Journey ၊ Snow In The Summer စသည်ဖြင့်ပေါ့ဗျ၊ ကျနော်ဖတ်ပါတယ် ၊ သဘောကျတယ်၊ တက်နိုင်သလောက်လဲ ကျင့်တယ်၊ ကျနော် ပြောချင်တာ ဘေးချော်သွားပြီး၊
ဆရာတော့် စာအုပ်တွေထဲက ထုတ်နုတ်ချက်တွေ ၊ quotation ဘဘောမျိုးတွေနဲ့ page မှာ ရင် ပိုကောင်းမလားလို့ပါ၊ Satori သဘာမျိုး တစ်ချက်ခုတ် သဘောနဲ့ ထိအောင် ခုတ်နိုင်ရင် ကောင်းနိုင်မလားလို့ပါ။
မMaecoe လဲ သိတဲ့ အတိုင်းပဲ လေ၊ ခေတ်ကြီးက အလုပ်ရှုပ်နေတဲ့ ခေတ်ကြီးဆိုတော့ ရှည်ရှည်ဝေးဝေးကြီးတွေ သိပ်ဖတ်ကြမယ်မထင်ဘူး၊အဲ ဖတ်တာတော့ ဖတ်ကြမှာပါပဲ ရှည်ရှည်တိုတို ဖတ်ကြမှာပါပဲ ၊ ရောက်ရှိနေတဲ့ နေရာ အခြေအနေပေါ်မူတည်ပြီး ဒီလိုဒီလို လေးလုပ်ရင် ကောင်းမယ်လို့ အထင်ရှိမိတာပါ ခင်မျာ။ အထူးသဖြင့် ဖေ့ဘွတ်လိုနေရာမျိုးမှာပေါ့ ၊ တိုတိုတုတ်တုတ်နဲ့ ထိထိမိမိ နဲ့ ဆရာတော့် စာတွေကို quote လုပ်ရင် ပိုကောင်းမလားလို့ အကြံပေးလိုက်မိပါတယ်။

လေးစားစွာဖြင့်
ဥာဏဇော်လွင်

နန်းညီ said...

ဖတ်ပြီးတာ နည်းနည်းကြာပီ.. မန့်မရလို့.. ခုမှ..
သိပ်ကြိုက်တယ်အမ.. အဲ့အိပ်မက်မျိုး နန်းညီလည်း မက်ဖူးတယ်ရော..

Anonymous said...

ထပ်တူခံစားသွားတယ်နော်မမကိုး

သူသူ said...

အိမ်မက်လာမက်သွားတယ်မမကိုး

nyein said...

:)

naw said...

♥♡♥