25 January 2010

တစ်ချို့အချစ်တွေက ရယ်စရာကောင်းတယ်…


သမုဒယ…
ဒီဝေါဟာရဟာ သေခါနီးလူရင်က ပွင့်ထွက်လာတဲ့ စကားမို့ ရယ်ရွင်ဖွယ်ကောင်းလွန်းရဲ့။ အသိတရားရသင့်ပြီ။တရားရိပ်ခိုကာ ငြိမ်းအေးရာ ရှာသင့်ပြီတဲ့လား။

ဟုတ်ပါတယ်။ နေဝင်ချိန်ရောက်နေပြီမို့ အရူးထမှုဟာ ရပ်သင့်ပါပြီ။ ဒါပေမယ့် နှောင်ကြိုးပိတ်နှောင်ကာ ရှေးရေးမမျှော်ကြည့်နိုင်လောက်အောင်။ ရတတ်ပွေလိုက်တာဆိုတဲ့ ကဲ့ရဲ့ကို မျက်နှာလွှဲကာ သူ့အရိပ်လေးကွယ်သွားတာနဲ့ မငြိမ်းအေးနိုင်သူပါလို့ ဆင်ခြေပေးချင်လည်း ကျွန်မရဲ့ မူလဓာတ်ကိုက ခေါင်းမာမိုက်မဲခြင်းရယ်သာ။

သေရမယ်လို့ သိသွားသူတွေမှာ တုံ့ပြန်ချက် ဘယ်နှစ်မျိုးဖြစ်တတ်ပါသလဲ။ ဘုရားရိပ်ခိုတဲ့သူနဲ့ night club တက်သူတွေအဖြစ် ပြောင်းသွားတတ်သလား။ ကျွန်မကတော့ မအူမလည်နဲ့ ကမ်းတစ်ဖက်မှာ ရပ်နေမိသူရယ်။
တရားလည်းမမှတ် ဆေးလိပ်လည်း မရှိုက်ပါဘဲ ကျောင်းတက်ကာ စာမေးပွဲတစ်ခုပြီး တစ်ခုဖြေဖို့သာ လုပ်နေမိတာ။

တစ်ဦးတည်းသော အကြောင်းသိကသာ နားမလည်ချင်ယောင်ဆောင်ကာ ဘာကြောင့်လဲလို့ မေးလာရင် “နောင်ဘဝအတွက် ပါရမီပါအောင် ” ဆိုကာ လူရယ်စရာ အဖြေရနိုင်တာ။ ဒီလို အူကြောင်ကြောင် မိန်းမမို့ သူ မချစ်ခဲ့တာလား။

တကယ်လည်း သူ့ရဲ့ သုတေသနခန်းက ပေါင်းခံရည်တွေဟာ ကျွန်မရဲ့ နှလုံးသွေးတွေများလား လို့ အမြဲတစေ တွေးထင်နေမိသူရယ်လေ။

တစ်ခါကတော့ စိတ်ရူးပေါက်လွန်းစွာ “ ကျွန်မ သေသွားရင် သတိရမှာ မဟုတ်ဘူးနော် ” လို့ သွေးတိုးစမ်း မေးခဲ့ဖူးပါရဲ့။ ကျွန်မမျှော်လင့်ထားတဲ့အတိုင်း သူက “ ခုချိန်မှာ သတိရမယ်လို့ ဖြေလည်း ညာတာပဲ ဖြစ်မှာ ” လို့ အမှန်စကားဆိုပါတယ်။ကျွန်မ ဟက်ကနဲရယ်မိရင်း မျက်နှာကို လက်ဖဝါးနဲ့ အုပ်ဖြစ်သွားပါတယ်။ ဒီလို မျက်ရည်ခိုးသုတ်လိုက်တာကို ကျွန်မအပေါ်အရေးတယူမရှိတဲ့သူ သတိထားမိမှာ မဟုတ်ပါဘူး။

ကျိန်စာပဲလို့ ထပ်မံညည်းညူရဦးမလား။ နှလုံးသားကွဲကြေအောင် ခံစားရလွန်းလည်း သူ့အပေါ် ထားတဲ့ မြတ်နိုးမှုရာခိုင်နှုန်းမှာ ပြည့်လျှံကာ ကျော်လွန်လို့ပင် နေသေးတာ။ သူ မညာတတ်တာ ။ မိန်းကလေးတွေအပေါ် မကြင်နာတတ်တာ။ ကျွန်မကို မတွယ်တာ တာ။ အားလုံးအတွက် ကြံဖန်လို့ ကျေးဇူးတင်ရပါသေးတယ်။ ကျွန်မလို သေတော့မယ့် သူကို ချစ်မိပြီး မနာကျင်စေရက်တာ ပကတိစေတနာပါ။

သံသယများတတ်တဲ့ သူကတော့ ယုံချင်မှ ယုံနိုင်လိမ့်။ လူအားလုံးအပေါ် အေးစက်တဲ့ သူ့ကို နှလုံးသားပါလာပုံမရဘူးလို့ ဝန်းကျင်က ခန်းမှန်းကြတဲ့အခါမှာ ကျွန်မက မခံချိမခံသာ ဖြစ်တတ်သေးတာလေ။ အနီးကသူတွေကို သူ မချစ်မိရုံလေးပါ။။

အထူးသဖြင့် သူ အချစ်နဲ့ မတွေ့သေးတာကြောင့်ပါ။ ခံစားချက်မဲ့တယ်လို့ သတ်မှတ်ခံရတဲ့သူဟာ မချစ်တတ်တာ မဟုတ်ဘူးလို့ အကြောင်းပြချက်မဲ့ မှတ်ယူနေဆဲ။ ဒီလိုယုံကြည်ရာအတိုင်း ပြောမိတော့ သူ မခိုးမခန့်ရယ်ကာ

“ချစ်ရတာ....ဒီတစ်ယောက်ကိုမှမဟုတ်ဘူး....၊ဒီတစ်ယောက်မှမဟုတ်လည်း တခြားတစ်ယောက်ယောက်ကို ချစ်ရမှာပဲ...၊ချစ်လို့ချစ်တာမဟုတ်ဘဲ ချစ်ရတာ...” ဆိုတဲ့ အမှန်တရားတစ်ဝက်ပါတဲ့ ရင်နာစရာ အကောင်းဆုံးစကားကို ဆိုပါတယ်။

အချစ်ဆိုတာ ဟော်မုန်းထုတ်လွှတ်ခိုက် လူတစ်ယောက်ယောက်နဲ့ ကြုံဆုံမိခြင်း လို့လက်ခံထားတဲ့ သူ့ကို ထို Oxytocin စတဲ့ ဟော်မုန်းခြောက်မျိုးမှာ နှလုံးသားရဲ့စေညွှန်ချက်နဲ့သာ လွှင့်ထုတ်တယ် လို့ တရားသေမှတ်ယူထားတဲ့ ကျွန်မ ခွန်းတုံ့ပြန်လှန် မငြင်းလိုပါ။

မျက်ရည်ခမ်းနေပြီ ဖြစ်တဲ့ ကျွန်မ သူလက်မခံတဲ့ ဖူးစာတို့၊ရှေးဘဝရေစက် တို့နဲ့လည်း အကျယ်မချဲ့ချင်တော့သလို … ကျွန်မ ရှင့်ကို သေးသေးလေး မွှားမွှားလေး တောင် မချစ်ချင်ပါဘူး ။ဒါပေမယ့်  ချစ်မိနေတာကျ ဘာသဘောလဲ ...”လို့ ရန်တွေ့နိုင်သူ လည်း မဟုတ်တာမို့…

“ချစ်တဲ့အခါ နှစ်နှစ်ခွဲခံတဲ့ ဟော်မုန်းနဲ့ပေါ့ ဟုတ်လား...” လို့သာ ရယ်မောကာ စကားထောက်ပေးမိရဲ့။ သူက ပွင့်ပွင့်လင်းလင်း ပြုံးကာ “အသေအချာပေါ့ သူ့သက်တမ်းက တစ်ယောက်အတွက် ဒီလောက်ပဲ ကြာတာလေ...”လို့ ခနိုးခနဲ့ဆိုလေတာ။

ဘယ်လောက်ဆိုးလိုက်တဲ့ လူလဲနော်။ ဒါပေမယ့် မြတ်နိုးလို့ မကုန်နိုင်အောင်ပင် စူးစူးနစ်နစ်ချစ်ခဲ့မိလေပြီ။ ချစ်မိပြီး အသဲကွဲတာဟာ မချစ်ဖူးတာထက် ပိုကောင်းတယ်ဆိုတဲ့ ဒဿနကိုသာ မုန်းနေသူမှာ သူ့အပေါ်တော့ မြူစလေးမျှပင် အကြင်နာ မယုတ်လျော့နိုင်အောင်။

ကံ၊ ကံရဲ့အကျိုးကို မယုံကြည်တဲ့ သိပံ္ပသမား စစ်စစ် သူ့ကို ချစ်ခြင်းမှအစ အရာများစွာဟာ နုယူတန်ရဲ့ အသွားအပြန်နိယာမလို မဟုတ်ဘဲ တစ်ခါတစ်လေမှာ ကံတရားကြားခံကာ ပြန်လမ်းကြာတတ်ကြောင်းကို ဘယ်လိုသက်သေပြရမလဲလို့သာ နေ့စဉ် အကြံထုတ်နေမိခဲ့ပါတယ်။

ဒါပေမယ့် ကျွန်မရဲ့ ဖြစ်တည်ချိန်တွေက တဖြည်းဖြည်းနည်းလို့ လာပြီလေ။ မတတ်သာတဲ့ အဆုံး ဒီတစ်နည်းသာ သုံးရတော့မယ် ထင်မိခဲ့တာ။

“ကျွန်မ သေသွားရင် သရဲလာခြောက်မယ် သိလား။ အဲဒီအခါကျ ယုံမယ် မဟုတ်လား ...” ဆိုတော့ ရှေးဘဝ နောက်ဘဝတွေကို လည်း လက်မခံတဲ့သူက “ လာခဲ့ ။ ဖမ်းပြီး ပြတိုက် ပို့ပစ်မယ်....”တဲ့။
ကျွန်မ နှလုံးခုန်ရပ်သွားခဲ့လေသလား။ ဖြစ်နိုင်ခြေများသားပင်။

ရင်ထဲစူးအောင့်နာကျင်ကာ “တယ်လည်း လုပ်ရက်ပါလားနော်။ သူ့အတွက် ပြိတ္တာတောင် ဖြစ်မယ့်သူ။ ခရီးဝေးက လာရမယ့်သူကို အာလာပသလာပလေးတောင် မဆို ။ ကြိုဆိုခန်းက ရက်စက်လွန်းလိုက်တာ ...” လို့ တွေးမိတိုင်း မျက်ရည်လည်ကာ စိတ်ကောက်မိလေပြီ။

သူ မချော့ပါ။ ဝမ်းသာအားရလျစ်လျူရှုနေလေရဲ့။ ကျွန်မကတော့ ထိုသို့ဝေးနေတဲ့အခိုက်မှာ ရင်ကွဲတော့မလားပင် မှတ်ထင်နေမိခဲ့တာရယ်။ ဟိုအရင်ကတော့ ကျွန်မလည်း သူ့လိုပင် နှလုံးသားမာကျောပေတေခဲ့သူပါ ။

ဒါပေမယ့်

“နှစ်သစ်မှာ တကိုယ်တော် နှုတ်ခွန်းဆက်စကားက
လောကမှာ ငါမရှိလည်း ဖြစ်တယ်တဲ့။
အညတရ သင်္ခါရနဲ့ ဖြစ်ပျက်ခြင်းသစ္စာကို
ခါးသီးလို့ သေကြောင်းကြံရတော့မလား...”

လို့ လွန်ခဲ့တဲ့ နှစ်နှစ်က ကဗျာရေးခဲ့တဲ့ ကျွန်မဟာ သူနဲ့ ဆုံပြီးနောက် မယုံနိုင်လောက်အောင် ပြောင်းလဲခဲ့ပြီ။ဗာဂျီးနီးယားဝုဖ် * တို့ ဆီလ်ဗီယာပလာသ့် ** တို့ အားကျခဲ့သူဟာ အခုနေ သေစေ လို့ တန်ခိုးရှင်တစ်ပါးက အမိန့်ချရင်တောင် ပျော်ပျော်ရွှင်ရွှင် မနာယူနိုင်တော့။

အမေတစ်ယောက်ရဲ့ “ငါမရှိလို့ မဖြစ်ဘူး။ စိတ်မချဘူး ...” ဆိုတဲ့ ဖြစ်နိုင်ခြေနည်းစကားကို ကိုယ်ချင်းစာ နားလည်ခဲ့ပြီ။ ဘယ်လိုဝဋ်ကျွေးလဲကွယ်။။ အသေမဖြောင့်အောင်ပင် တွယ်တာနေမိခဲ့ပြီ။ ရုပ်ဝါဒီသမားသူဟာ တစ်နေ့နေ့တော့ အစစ်အမှန်ချစ်တတ်လာမယ်လို့ ယုံကြည်နေဆဲ။ ဘယ်သူ့ကိုပင် သူချစ်ပါစေ ကျွန်မ ကြည်နူးမိမှာ အမှန်ပေမယ့် ကြေကွဲစရာကတော့ သူပျော်နေချိန်လေးတွေကို ကျွန်မ စောင့်မကြည့်နိုင်တော့ဘူးလေ။

ဒီလိုဝမ်းနည်းမဆုံးနိုင်အောင်ရှိနေဆဲမှာပင် နောက်ဆုံးတော့ လမ်းတွေ့လေတာ။ လူကြံရင် ဘာခံနိုင်မှာတဲ့လဲလေ။

ရယ်ချင်လည်း ရယ်နိုင်ရဲ့။ နောက်ဘဝမှာ သူ့ကို စောင့်ရှောက်နိုင်တဲ့ ကိုယ်စောင့်နတ် အဖြစ်ကို ဆုတောင်းနေတဲ့ မိန်းမတစ်ယောက်ကိုပေါ့ ။ နတ်သားလား ။ နတ်သမီးအဖြစ်လား ဘယ်လို ခွဲခြားဆုတောင်းရမှန်း မသတ်မှတ်နိုင်သေးမယ့် ကျွန်မ နတ်သမီး မဖြစ်ချင်တာ အမှန်ပါ။ ဘဝချင်း ခြားသွားပေမယ့် ကျွန်မ သဝန်တိုချင် တိုနေမိဦးမယ်။ ပြီးတော့ သူက ကျွန်မ တဖြစ်လဲ နတ်သမီးကို မနှစ်သက်နိုင်ပေဘူး။

ဒါပေမယ့် နတ်သမီးးဖြစ်မှသာ သံသရာအစဉ်အဆက် သူ့ကိုသာ ချစ်မိတယ်ဆိုတာ သက်သေပြနိုင်မယ် ထင်မိတယ်။ သူ့ကို ပြုံးကြည့်ပြီး “အချစ်ဆိုတာ နောက်ဘဝထိ ခံတယ်ဆိုတာ လက်ခံပြီလား ..” ဆိုကာ မေးလို့ ရမယ် မဟုတ်လား။ “Vasopressin ဟော်မုန်းထွက်လို့ ကျွန်မ သစ္စာရှိနေတာ မဟုတ်ဘူးနော်။ မယုံရင် စမ်းသပ်ကြည့်ပါလား...” လို့လည်း သူ့ကို စနောက်နိုင်ပေလိမ့်မယ်။

အဲဒီလို စိတ်ကူးယဉ်မိတော့လည်း သေခြင်းကို ကြည်မွေ့လာ။ နှလုံးအေးအေးနဲ့ သေဆုံးဖို့ ပြင်ဆင်နိုင်တော့တာ။ ဒါကြောင့် သူက စိတ်အေးကြည်သာဖြစ်နေတဲ့ ကျွန်မကို “ခုတလော ရာသီဥတုသာယာနေပါလား...” တဲ့ ။
ကျွန်မက “ ကျွန်မခရီးသွားရတော့မယ်လေ ဘာမှာဦးမလဲ...” လို့ ပြုံးလို့ ပြောနေရင်းမှာပင် မျက်ရည်စိမ့်ထွက်လာရာ ခေါင်းငုံ့ကာ နေရပြန်။...။





Virginia Woolf *
Sylvia Plath**


15 January 2010

“ ကြယ်ရောင်ကြောင့် သေဆုံးသူ”

မိရိုးဖလာဘာသာဗေဒရဲ့ နားမလည်နိုင်တဲ့ အသုံးအနှုန်းတွေထဲမှာ လူစားတယ် ဆိုတဲ့ စကားလည်း ပါဝင်တယ်။ တစ်ချို့သော မြစ်တွေက လူစားတယ်။ တစ်ချို့သော တံတားတွေက လူစားတယ် တဲ့။ နောက်ထပ် လူသိနည်းတဲ့ ဖြစ်ရပ်မှန်လည်း ရှိပါသေးတယ်။ တစ်ချို့သော ကြယ်တွေက လူစားတယ်။ လူဆိုတဲ့ စကားရပ်မှာ မိန်းမဆိုတဲ့ အမျိုးအစားကိုပါ ထည့်သွင်းစဉ်းစားပေးစေချင်ပါတယ်။ ကြယ်ကြည့်သူဟာ လူတစ်ယောက်ဖြစ်တယ်။ မိန်းမတစ်ယောက်ဖြစ်တယ်။ ပြီးတော့ လူစားတဲ့ကြယ်ကို ကြည့်မိသူလည်း ဖြစ်ပါတယ်။

ကံဆိုးသူလို့ အားလုံးက ဆိုကြပေမယ့် ကြယ်ကြည့်သူဟာ မဟာကံထူးရှင်လို့ သူ့ကိုယ်သူ ထင်နေတယ်။ ရောဂါနုစဉ်မှာ ကြယ်ကိုကြည့်ပြီး ကြည်နူးမှုအဟုန်နဲ့ ကောင်းကင်မှာလွင့်နေခဲ့တယ်။ “ကြယ်ကလေး …. ကြယ်ကလေး” လို့ တတွတ်တွတ်ရွတ်ရင်း စားစားသွားသွား ကြယ်ရိပ်ပဲ မြင်ကာ ခြေလှမ်းတွေရပ်၊ အသက်ရှုတန့်လို့ ကြယ်ကိုပဲ ကြည့်နေတယ်လေ။ ပြီးတော့ သူ့ကိုယ်သူလည်း လှည့်ဖျားသေးတာ။ “ ဒါ ခဏပါ ... အပျော်ပါ ... အသေးအဖွဲပါ ..” လို့ ဆိုကာ သေရေးရှင်ရေးမှန်သမျှမေ့လို့ ကြယ်ပဲ ကြည့်နေလေရဲ့ ။ တဖြည်းဖြည်း ရောဂါပြန့်လာတော့ သူဟာ ကြယ်ကြောင့် ရယ်တတ် ငိုတတ်လာတယ်။

ဒီလိုနဲ့ ကြယ်ကြည့်ကာလတိုက်စားကာ အနီးမြင်ကွင်းတွေ ဝေဝါးချိန်မှပဲ မျက်စိအထူးကု ဆရာဝန်ဆီ ရောက်သွားလေရဲ့။ ဆရာဝန်က “ကြယ်ရဲ့ အဆိပ်တွေက မျက်လုံးကတဆင့် သွေးကြောထဲထိ ပြန့်နေပြီ … ဆက်ကြည့်ရင် ရင်ကွဲသေလိမ့်မယ်” လို့ ဆိုကာ ကြယ်ရောင်မမြင်စေတဲ့ဆေးတွေပေးတာပေါ့။ ဒါပေမယ့် တစ်နေ့မကူးခင်မှာတင် လာမယ့်ဘေးထက် လက်ရှိရင်ကွဲနာကို မခံစားနိုင်တဲ့ ကြယ်ကြည့်သူဟာ ဆေးတွေကို လွှင့်ပစ်လိုက်ကာ ကြယ်လေးကို ပြုံးကြည့်ပြီး “ နေကောင်းရဲ့လား ” လို့ နှုတ်ဆက်လေရဲ့။





အသေအချာပေါ့။ နောက်ဆုံးမှာ ကိုယ်ခံအားချို့တဲ့ကာဖြူရော်အားနည်းနေတဲ့ ကြယ်ကြည့်သူဟာ စိတ်ရောဂါအထူးကုဆရာဝန်ဆီ ရောက်သွားတော့တာ။ သူ့ရောဂါအဆင့်ကို သိဖို့ ဆရာဝန်က ကြယ်ရာဇဝင်ကို မေးတဲ့အခါ ကြယ်ကြည့်သူရဲ့နှစ်ချို့တေးဟာ ရင်ပွင့်ထွက်လာပြီလေ။“အဲဒီကြယ်ကလား ….တစ်ကိုယ်ကောင်းဆန်တယ်။ နှလုံးသားမဲ့တယ်။ ဘဝင်မြင့်တယ်။ တယူသန်တယ်။ လှည့်ဖျားတတ်တယ်။ အပြောင်းအလဲမြန်တယ်။ မျက်နှာများတယ် ဒါပေမယ့် အဲဒီကြယ်က တော်တယ်။ လိုချင်တာ ရအောင်ကြိုးစားတယ်။ ဥာဏ်ကောင်းတယ်။ ထက်မြက်တယ်….” ဒီလို ကြယ်ရဲ့ ဘုန်းတော်ဘွဲ့ကို မမောနိုင်အောင် ရွတ်နေဆဲမှာတင် ကြယ်ကြည့်သူဟာ ငိုတော့မလို ဖြစ်လာကာ စကားဆက်ပြန်တယ်။ 

“သူ့ပတ်လမ်းကို စောင့်မကြည့်လို့ မဖြစ်ဘူး။ အန္တရာယ်တွေ များလှတယ် ။ စိတ်မချဘူး ... ”  လို့ တောင်းပန်သလို ဆိုပေမယ့် ဆရာဝန်က ဆေးရုံမှာ အနားယူဖို့ စာရွက်စာတမ်းတွေ ပြင်ဆင်ပြီးနေပြီ။ကြယ်က သူ့ဦးနှောက်လည်း စားသွားပုံပဲ။ ကြယ်ကြည့်သူဟာ ဆင်ခြင်ဥာဏ် မရှိတော့ဘူး။ ကြယ်ကိုသာ နေ့စဉ်မမြင်ရရင် သူသေမှာပဲ လို့ယုံကြည်နေတယ်။ ကြယ်ကို သူမစောင့်ရှောက်ရရင် ကြယ်ကလေးဟာ တွင်းမည်းအဖြစ် ပျောက်ကွယ်သွားတော့မှာလို့လည်း အထင်မှားနေတယ်။

ပြီးတော့ ကြယ်ရောင်ပျောက်အောင် တိမ်ညိုဖုံးတဲ့ညတွေမှာ သူ့ရင်ထဲ ချော်ရည်ပူမြစ်တွေ စီးဆင်းခဲ့တာကို မမေ့နိင်သေးသလို ထပ်မံသည်းခံနိုင်စွမ်းလည်း မရှိသူမို့ ထွက်ပြေးဖို့ ကြိုးစားတော့တာ။ ဒါပေမယ့် ဆရာဝန်ရဲ့ အတွေ့အကြုံရင့်တဲ့ အစောင့်တွေက သူ့ကို ဖမ်းချုပ်ပြီး ဆေးရုံတင်လိုက်ကြတယ်လေ။

“ဆေးရုံဟာ နိဗ္ဗာန်ပဲ ” လို့ လူနာရှင်တွေက ဆိုကြတာ။ ဆေးရုံက သန့်ရှင်းကျယ်ဝန်းတယ်။ ပန်းရောင်စုံပွင့်နေတယ်။ နေရောင်ခြည် ရွှင်လန်းတယ်။ ဒါပေမယ့် လူနာအတွက်တော့ ငရဲခန်းပဲ။ ကြယ်ကို သတိရမိတိုင်း အနားက လျှပ်စီးစက်ကွင်းက နားထင်ကြောကို လာထောက်တယ်။ ဒါပေမယ့် ဘယ်လိုပဲ ညှဉ်းပန်းနှိပ်စက်ပေမယ့် ကြယ်ကြည့်သူက မဖြုံဘူးဘဲ။သူ့ရဲ့ စွဲလမ်းခြင်းတွေက ရိုးတွင်းခြင်ဆီထိ တိုင်ခဲ့ပြီမို့ လွမ်းဆွတ်မှုကို မသတ်နိုင်ဘူး။  ဒီလိုနဲ့ ခွဲစိတ်မကုသနိုင်လောက်အောင် ရောဂါကျွမ်းကာ ကိုယ်ခံအားချို့တဲ့နေသူကို လက်လွှတ်မယ့်ရမယ့် အချိန် ရောက်လာတော့ မတတ်သာတဲ့အဆုံး ဆရာဝန်တွေက အတိတ်မေ့ဆေး ပေးရကြလေတာ။

ဘဝသစ်ရသွားတဲ့ ကြယ်ကြည့်သူဟာ ငူငိုင်ကာ ကြောင်နေတယ်။ အမိုးအကာအောက်မှာ စိတ်လုံခြုံမှုမဲ့နေတယ်။ ဘာဖြစ်လို့ နှလုံးသားက စူးရှနာကျင်နေမှန်း မသိရှာဘူး။ အကြောင်းရင်းရှာမတွေ့ပါဘဲ ငိုလို့ချည်း နေရဲ့။ အမည်တပ်မရတဲ့ ခံစားမှုနဲ့ ကောင်းကင်ဗလာကိုကြည့်လေ အသက်ရှုမဝလေ ဖြစ်နေခဲ့တာပေါ့။ ဒီလိုနဲ့ သူဟာ အားပြတ်ပြိုလဲကာ ရောဂါပိုးမဝင်ပါဘဲ အသက်ငင်လေတာ။ ကံအားလျော်စွာပဲ သေခါနီးလူမမာကို သတင်းမေးသူတွေထဲမှာ ကလေးလေးတစ်ဦးက ရောင်စုံစက္ကူကြယ်လေးတွေ ယူလာပေးတယ်လေ။ “ ဒီကြယ်တွေကိုပဲ ကြည့်ပါ ... ဘေးဥပါဒ်မရှိဘူး” လို့ ဆိုရင်းပေါ့။

ဒီစကားအဆုံးမှာပဲ ကြယ်ကြည့်သူဟာ သတိပြန်လည်လာခဲ့။ “ကြယ်ကလေး…. ကြယ်ကလေး” တစ်ဖွဖွတမ်းတလို့ ခဏချင်းအတွင်း နိုးကြားရှင်သန်လာပြီရယ်။ ညှင်းပန်းနှိပ်စက်မှုလက်က လွတ်မြောက်ထွက်ပြေးဖို့ ခွန်အားတွေလည်း ရှိလာခဲ့ပြီလေ။ ဒါပေမယ့် သူ့ရဲ့အားထုတ်မှုမှန်သမျှဟာ စောင့်ကြည့်နေသူတွေလက်က မလွတ်နိုင်ဘူးဖြစ်နေတယ်။ ရက်စက်သူတွေကတော့ ပွဲကြီးပွဲကောင်းတွေ့ပြီ ဆိုကာ သဘောကျနေကြတယ်။


ခက်တာက ဇာတ်နာခန်းက သိမ်မကြာလိုက်ပါဘူး။ တစ်နေ့သော အခိုက်မှာတော့ ပြေးတမ်း လိုက်တမ်း ကစားရလွန်းလို့ မောပန်းလာတဲ့ အစောင့်တွေက အရွဲ့တိုက်ကာ လမ်းပြကြတော့တာ။ “ ဒီလမ်းက သွားရင် သေမှာပဲ ။ ပြီးတော့ ဒီတံခါးကိုလည်း မင်းဖွင့်နိုင်မှာ မဟုတ်ဘူး” လို့ အခိုင်အမာပြောလေရဲ့။

တကယ်ပဲ လျှို့ဝှက်တံခါးကို ဘယ်သူမှ မဖွင့်နိုင်ခဲ့ကြပါဘူး။ ဘာမှ မသိရှာတဲ့ ကြယ်ကြည့်သူကတော့ ကြောက်စရာတံခါးပေါက်ကို ကြည့်ကာ ပြုံးလို့ပင် နေတယ်လေ။ ပြီးတော့ သူက “ ကြယ်မမြင်ရရင် သေမယ့်သူမို့ ကြယ်ကြည့်ပြီး သေမယ့်လမ်းကိုပဲ ရွေးမယ်”လို့ ပြောလိုက်လေတာ။ အစောင့်တွေ မသိခဲ့ပါဘူး။ အံ့သြစရာကောင်းတာက  သူ့နှလုံးသားကလာတဲ့စကားလုံးတွေက တံခါးရဲ့ စကားဝှက်ဖြစ်နေခဲ့တာ။ တံခါးက ရုတ်ချည်းပွင့်သွားခဲ့။ ဘယ်သူမှ မတားဆီးနိုင်ခင် လျင်မြန်စောစွာ သူ ပျောက်ကွယ်သွားပြီလေ။ အဲဒီနောက်မှာတော့ ကောလဟာလတွေ ပေါ်ပေါက်လာပါတော့တယ်။

တစ်ချို့သော အစောင့်တွေက “ကြယ်ကြည့်သူဟာ ချောက်နက်ထဲ လွင့်ကျသွားတယ်” လို့ အယုံသွင်းကြတယ်။ မျက်မြင်သက်သေပါဆိုသူတွေက “ကောင်းကင်ထက်မှာ မီးလောင်ပြာကျသွားတယ်” လို့ စကားကားကြတယ်။ ဖြတ်သွားဖြတ်လာ ကြုံခဲ့တယ်ဆိုသူတွေက “ နှင်းရိုင်းတွေ အောက်မှာ မျက်ရည်တလည်လည်နဲ့ ကြယ်ကြည့်နေတဲ့ ကျောက်ရုပ်ဖြစ်နေတယ်” လို့ သတင်းလွှင့်ကြတယ်။

ဒီလိုနဲ့ ဆွမ်းမသွတ် တရားမနာနိုင်တဲ့ ကြယ်ကြည့်သူရဲ့ပုံပြင်ဟာ ပြယ်လွင့်သွားခဲ့ပါပြီ။ လူတွေကလည်း ကြယ်ကြည့်သူကို အမှတ်မရတော့ပါဘူး။ သူတို့ဟာ ဘယ်ကြယ်က မီးတစ်စမှန်းလည်း မသိကြပါဘူး။ ပြီးတော့ သတိမေ့နေကြသေးတာက ကြယ်တွေဟာ နေရာလည်း ရွေ့တတ်တယ်ဆိုတာပါပဲ။

စာကြွင်း ။ကျေးဇူးပြုပြီး ယုံကြည်ပါ... တစ်ချို့သော ကြယ်တွေက လူစားတယ်ဆိုတာ...။ အမှန်ကန်ဆုံးသက်သေကတော့ သေဆုံးခဲ့တဲ့ ကြယ်ကြည့်သူဟာ ကျွန်မ ဖြစ်ပါတယ်။

မယ့်ကိုး


Mandalay icon magazine, Oct: 2010