28 March 2010

“ ဘုန်းတော်ဘွဲ့”



လက်တစ်ဖျစ်စာလောက်သတိလက်လွတ်ဖြစ်သွားရင် သူ့ဆီကို တဟုန်ထိုးပြေးသွားတော့မယ့်ခြေအစုံကို ကြေကြေကွဲကွဲငုံ့ကြည့်ရင်း ကျွန်မ ကရုဏာသက်နေမိပါတယ်။
သူ မသိစေချင်ပါ။ ဒါပေမယ့်လည်း ကျွန်မရဲ့အထူးပြုလုပ်ချက်တွေဟာ လေနှင်ရာလွင့်ကျသွားတဲ့ရွက်ဝါရော်တွေလို ခြေရာထင်ဖို့ လမ်းမမြင်ဖြစ်နေဆဲ။


လျှို့ ဝှက်မျက်ရည်များ။
လူမမြင်တဲ့ တကိုယ်ရည်မီးသင့်မှု။
စောင့်မျှော်ခြင်းဝန် အပြည့်အဝထည့်သွင်းခံထားရတဲ့နေ့ရက်တွေ။

မေ့မှာပါ...လို့ဆိုရင်းမှာပင် ရင်ထဲက အောင့်လာပြန်သေးရာ။သေတော့မှာပဲ။ သက်သေမလိုဘဲ အမှုရှုံးကြောင်း ခိုင်လုံခဲ့ပြီ။ မင်းသိပ်တော်ပါတယ်... မင်းခင်းထားတဲ့ အကွက်တွေအတိုင်း ကျွန်မ အလဲလဲအပြိုပြို ကျွံဝင်နေခဲ့ပြီ။

တစ်ခါတစ်လေတော့လည်း လွမ်းစိတ်နဲ့စိတ်ရူးဖောက်လို့ ဒေါသတွေကြွလာပြန်။ စည်းတွေ ဘောင်တွေ။ အသေအချာပေါ့။ ချိုးပစ်မယ်။ သေသွားတဲ့အခါ ဘယ်လိုကမ္ပည်းထိုးထိုး ကျွန်မ မသိနိုင်ဘူးဘဲ။ ဒါပေမယ့် အချိန်တန် အသိပြန်လည်လာတော့ မျက်လုံးကြောင်တောင်နဲ့ သက်ပြင်းချတယ်လေ။ သတိရတယ် သတိရတယ် လို့ ခွန်းထပ်ဆိုနေရုံအပြင် ရှေ့တိုးနိုင်သူလည်း မဟုတ်ပေဘူးပဲ။

“ ကျွန်မ မျက်ရည်တွေကို တစ်ခါမှ မမြင်ဖူးဘူး မဟုတ်လား …ကောင်းကင်လေး...”

အရူးတစ်ယောက်လို တကိုယ်တော်ရေရွတ်ရင်း လက်ခုံပေါ်ကမျက်ရည်စများကို တစ္ဆေမှတ်ထင်ကာ ကြောက်ရွံ့တုန်လှုပ်နေသူမှာ ကျွန်မ ဖြစ်ပါတယ်။ တကယ်တော့ မီးတစ်စကို ပေါ့ပေါ့လျော့လျော့သဘောထားကာ ကိုယ့်ကြမ္မာကိုယ်ဖန်တီးခဲ့သူမှာလည်း ကျွန်မသာ ဖြစ်ပါတယ်။ သူကတော့ လူကဲခတ်တော်သလို ဖြစ်နိုင်ခေကို နီးစပ်မှန်ကန်အောင် သုံးသပ်နိုင်စွမ်းမှာလည်း ကျွန်မထက်သာသူ ဖြစ်ပါတယ်။

ချမ်းမြေ့ပျော်ရွှင်ပါစေ လရိပ်လေး။ မြေကြီးလက်ခတ်မလွဲပါဘူး ...သူသဘောတကျပြုံးရယ်နေတော့မှာ ။ သူပါးနပ်သလောက် ညံ့ဖျင်းတဲ့ ကျွန်မအဖြစ်ဟာ အမြဲရယ်စရာ။ သူ မလွဲဧကန်မြင်နေတော့မှာ။ ကျွန်မ ဘယ်မျှ လွမ်းဆွတ်ကြောင်း။ ဒါပေမယ့်နော် ကျေးဇူးပြုပြီး မသရော်လိုက်ပါနဲ့။ ရင်တွင်းနာထောင်သောင်းနဲ့ စိတ်နောက်နေတဲ့လူတစ်ယောက်ကို။

တွေ့ချင်တယ်။ တွေ့ချင်တယ်။ ဒီစကားလုံးလေးကို ရှေ့ကကြည့်လိုက် နောက်ကကြည့်လိုက် လုပ်ရင်းမှာပင် မျက်ရည်စနဲ့ စကားလုံးတွေ ဆွံ့အနေတဲ့လူတစ်ယောက်ရှိနေတယ်။ ဟုတ်တယ်။ ဆင်ခြင်စိတ်ကင်းလွတ်နေတယ်။ ကိုယ့်ကိုယ်ကိုယ် အထင်ကြီးတတ်တဲ့ မိန်းမတစ်ယောက်လေ …  နောက်ဆုံးတော့လည်း ရင်နာနာနဲ့ လက်ခံလိုက်ရ…ခြွင်းချက်မဲ့ ယုံကြည်လိုက်ရတဲ့ ...သမုဒယသစ္စာ။

သူ့အတွက်တော့ လက်ခံယုံကြည်ဖို့ ခက်ခဲနေလိမ့်။ ကျွန်မလည်း စတင်ကြုံဆုံလိုက်ရချိန်မှာ မယုံသင်္ကာနဲ့ အကြောက်အကန်ငြင်းဆန်ခဲ့သေးတာရယ်။ အချစ်တဲ့။ ဟင့်အင်း။ မယုံကြည်နိုင်စွာ စဉ်ဆက်မပြတ်ငြင်းနေဆဲမှာပင် နောက်ကျောက စူးဝင်ခဲ့တဲ့ မြားနတ်မောင်အယောင်ဆောင်သူ မာရ်နတ်ရဲ့မြား။ မဖြစ်နိုင်။"ငါ ဒီလောက်မမိုက်ပါဘူး" လို့ ကိုယ့်ကိုယ်ကိုယ်အယုံသွင်းနေဆဲမှာပင် ဟန်ချက်ကို မညှိနိုင်ဘဲ ခွေခေါက်လဲကျသွားခဲ့။

အော် ဒုက္ခ။ ဒုက္ခ။
ဖစ်ရပုံမှာ မြားဒဏ်ရာကို ဆောက်တည်ရာမရ ခံစားရတော့မှ ကျွန်မရဲ့မင်ကွင်းတွေက ပြက်ပြက်ထင်ထင်ကြည်လင်လာခဲတာ ဖြစ်ပါတယ်။ မျှော်လင့်မထားတဲ့မိုးကြိုးပြင်းနဲ့ ရိုက်ခတ်ခံလိုက်ရတာကြောင့်လည်း ကာကွယ်အသိမစောနိုင်တော့ဘဲ အပူပြင်းထဲမှာပာအဖြစ်ရောက်ခဲ့။ ကြိုးလေးတစ်ချောင်းကို နှစ်ဦးသဘောတူ ဖြတ်တောက်ပြီးတဲ့နောက်….။


artist: Jeff Thomas (aka Azuzephre)................................... အမှားဘာသာပြန်သူ။မယ့်ကိုး

ရေးနေတဲ့ဇာတ်ညွှန်းက အဆိုးရွားအပြင်းထန်ဆုံးပြောင်းလဲသွားပြီး ဘယ်လိုမှ ရည်ရွယ်မထားတဲ့ဆွးခန်းကို လျင့်မြန်တဲ့အဟုန်နဲ့ ဒလိမ့်ခေါက်ကွေး ရောက်ရှိသွားခဲ့တာ။ အလွမ်းရေတိမ်မှာ စုန်းစုန်းမြုပ်သွားတဲ့ ဆင်ခြင်ဥာဏ်တွေ။

လွမ်းတော်မူလို့ စာကိုသီတယ်ဆိုတဲ့စာဆိုကျော်များကို လှိုက်လှိုက်လှဲလှဲ ချီးကျူးမိချိန်ပေါ့။ ရူးသွပ်မတတ် သေလုမျောပါး လွမ်းတယ်။ ဒါပေမယ့် ရင်ထဲဆိုနင့်ကာ ဘာဝေါဟာရမှ ထွက်ကျမလာ။ "လွမ်းတယ်..." "လွမ်းတယ်..." ဒီကြိယာလေးသာ အခန်းကျဉ်းလေးမှာ ခေါက်တုံ့ခေါက်ပြန် လျှောက်ရင်း အားပြတ်မောနွမ်းကာ ထောင့်တစ်နေရာမှာ အရုပ်ကြိုးပြတ် ထိုင်နေပြီလေ။

ဒီတော့…တရားနဲ့ ဖြေမှပါ။ သတိရရင် "သတိရတယ်" လို့ မှတ်။ လွမ်းရင် "လွမ်းတယ်"လို့ မှတ်။ ဒါပေမယ့် ဘယ်လိုကြောင့်ရယ် မသိ။ ဆရာလည်း မေးမကြည့်ဆိုတော့။ ပိုလို့လွမ်းလာ တမ်းတငိုချင်ပြန်။ ရင်ကွဲသေတော့မှာပဲ။ တစ်မျိုးပြောင်း မှတ်ဖို့ အားထုတ်ပြန်...။ဖြစ်ရမယ်။ ပုထုဇဉ်လေ....ပုထုဇဉ်။ ဒီပုထုဇဉ်ဆိုတဲ့ ဒီစကားလုံးကိုပဲ ဒိုင်းလိုကာကွယ်သုံးရတော့မလား။ ဘာပဲဖြစ်ဖြစ် ကျေးဇူးများပါပေ့ မောင်မင်းကြီးသား။ မင်းနဲ့ ဝေးမှပဲ ကျွန်မလည်း ယောဂီဖြစ်တော့မလားဘဲ။

ခက်တယ်။ သူ့ အရိပ်လေးကို မြင်တိုင်း "ကျန်းမာ ချမ်းသာပါစေ" လို့ မေတ္တာပို့ရတော့မလား။ မေတ္တာဆိုတာ ရောင်ပြန်ဟပ်တတ်သတဲ့။ မဖြစ်သေးပါဘူး။ ရောင်ပြန်ဆိုတာ အလင်းတုရယ်မို့ မလိုချင်ပါဘူးကွယ်။ ဆိုးလှချည့်နော်။ ဝိတတ် ၊ ဝိစာရ ကြားမှာ စိတ်ကလေးကို သေချာထုံးနှောင်ထားနိုင်အောင် ကြိုးစားနေရင်းမှာပင် ညဆို အိပ်မရဘူး ။ အစားတစ်ခုစားတိုင်း ရင်ထဲ ဆို့လို့ရယ်။ ဒီလိုဆိုမိတာမို့ အောင်ပွဲဆိုကာ လက်ခမောင်း ခတ်နေမှာလား။ 
ဘယ်လိုလဲ။ နေပျော်ရဲ့လား။ ဆုံးပါးကွယ်လွန်သွားတော့မယ် အရိပ်တစ်ခုဆီက ဘယ်လိုဝန်ခံချက်မျိုး ထပ်မံကြားချင်သေးလဲဟင်။ မင်းလျှောက်နေတဲ့ ကော်ဇောနီဟာ ကျွန်မနှလုံးသွေးနဲ့ ဆေးခြယ်ပေးရုံအပြင် မလုံလောက်သေးဘူးဆိုလည်း ထပ်မံ လက်ခုပ်တီးပေးဦးမယ်နော်။ ဒါပေမယ့် ကျွန်မ အဆင်ပြေပါတယ်။ တကယ်ပါ။  လွယ်လွယ်နဲ့ အရှုံးမပေးနိုင်ဘူးကွယ်။...ဆရာတော် ဦးဇောတိကရဲ"စိတ်ချမ်းသာဖို့ လိုရင်းပါ" ဆိုတဲ့ စာအုပ်ကို အလွတ်ရမတတ် ဖတ်တယ်။ “ ဘာမှ မလုပ်နိုင်ရင် မတွေးပဲနေ ” ဆိုတဲ့ နေရာလေး ရောက်လာရင်တော့ မျက်ရည်စိမ့်စိုလာမိဦးမယ်။

ဒါပေမယ့် ဒါတွေအားလုံးဟာ ခဏပါ ...မင်းလည်း သိတယ်ဟုတ်။ အားလုံးဟာ အနိစ္စ ။ ဘယ်အရာမှ အမြဲမရှိ တဲ့။ ယုံကြည်ပါရဲ့။ တကယ်ပါ။ အသည်းကွဲနာလည်း ထာဝစဉ်မတည်ဘူးကွယ်။

သူ နားလည်မှာပါ။
ဟုတ်တယ် မင်း လက်ခံရလိမ့်မယ်။ ရင်ကွဲနာကျသေသွားလည်း ပြုံးလို့ပင် နေကြည့်ဦးမယ်။ နိဂုံးသတ်ပြီလေ။

အင်း...မေ့တော့မလို့ရယ်။ ဝေဒနာပရိဒေဝတွေနဲ့ကျွန်မကို ရင့်ကျက်လာစေတဲ့မင်းကို ကျေးဇူးစကားအပြင် နှစ်နှစ်ကာကာ ထပ်မံချီးကျူးလိုက်ပါတယ်နော်။ အသေအချာပေါ့...

“Congratulations! You win.”
...Oh,No!
 “Congratulations! You won.”


15 March 2010

“ ဖျားနေတဲ့ ညနေ”


ထုံးတမ်းစဉ်လာ မြုပ်သိမ်းထားခဲ့တဲ့ အားငယ်တတ်မှုတွေ ပွင့်ပွင့်လင်းလင်းကိုယ်ရောင်ပြလာပြီလေ။
မာကျောချင်ယောင်ဆောင်ထားတဲ့ မျက်နှာရိပ်လည်း တရှိန်ထိုး ပြိုကျလာတဲ့ ဝမ်းနည်းခြင်းတွေကို မထိန်းသိမ်းနိုင်တော့။

ရို့ ရို့ကျိုးကျိုး နဲ့ ငိုချင်းသီချင်လာတဲ့အခါ မျက်ရိုးတွေ ကိုက်လို့ ပါ မျက်လုံးတွေလည်း အောင့်လို့ ပါဆိုကာ
လွှဲချနေရင်းမှာပင် နဖူးကို ခဏခဏစမ်းကာ မျက်ရည်လည်း လည်ချင်ချင်။

နေမကောင်းဘူး ။ တကယ်ပါ။ ခေါင်းမဖော်နိုင်လောက်အောင် မူးရီဝေ။ ခြေလက်မသယ်ချင်လောက်အောင် တကိုယ်လုံးလည်း ကိုက်ခဲလို့ ပူလောင်ခြောက်သွေ့နေတဲ့ လည်ချောင်းကိုလည်း ကယောင်ကတမ်း ဖျစ်ညှစ်မိရဲ့ ။

မဖြစ်သေးပါဘူး။ရေထသောက်မှပါ။ ကုတင်ပေါ်မှ ဆင်းလိုက်ရာ တစုံတရာ တက်မနင်းမိပါဘဲ၊ ခလုတ်မတိုက်မိပါဘဲ ခြေယိုင်ကာ ပြိုလဲကျသွားခဲ့ပြန်။

အလို... ပြန်မထနိုင်တော့ဘူးထင်ရဲ့။ တဒုန်းဒုန်းမြည်နေတဲ့ နှလုံးခုန်သံလေး ငြိမ်အသက်ကို တိုးတိတ် စောင့်ကြည့်လိုက်ရာ ဖြေလျော့သက်သာသွားပေမယ့် အတွေးတွေက မငြိမ်သက်။

နာဖျားလို့ မသေနိုင်ဘူးလို့  ဘယ်သူပြောလဲ။
“ကျန်းမာရေး ဂရုစိုက်ပါ” လို့ ပူပန်စိတ်နဲ့ ယောင်ယမ်းလို့ပင် မှာကြားမခံခဲ့ရတဲ့ ဒီစကားလေးကို စောင့်စားရင်းပင် သေရတော့မှာ။
တကယ်ပါ ။ သေပါတော့မယ်။ ဝမ်းနည်းလွန်းလို့  သေဆုံးရတော့မယ်လေ...

အခန်းကျဉ်းလေးထဲမှာ တစ်ယောက်တည်း … သေသွားတဲ့အခါ သတိရမယ့်သူပင် မရှိ။
“ငါသေရင်တောင် ငိုမယ့်သူ မရှိဘူးနော်” လို့ သူငယ်ချင်းကို ညဉ်းမိတော့ သူမက “လူတောင် သေမှပဲ ဘာလုပ်ဖို့ လဲ ” တဲ့။
“ငါ ငိုပေးပါ့မယ်” လို့ပင် လိုက်လျောမဆိုလေတော့ ရင်ဆို့ ရတဲ့ သေခါနီးလူပါကွယ်။

အသေမဖြောင့်ပါလားနော်။
တယောသံကွယ်နေတာမို့ ရယ်မောသံကျယ်လောင်နဲ့သာ ခရီးဆက်ရတော့မှာ။
ဟင့်အင်း။ ခုလိုမျိုး ထွက်ခွာမသွားချင်ပါလေ။ နောက်ဆုံးတော့ သံသရာပြန်လည်ကာ အနည်ကျပြန်တဲ့ ကြေကွဲခြင်းတွေ။

“ ဒီလောက် စိတ်ပျက်စရာကောင်းတဲ့ လောကကြီးမှာ ဘာဖြစ်လို့ အသက်ရှင်နေမှာလဲ။”
ဘယ်သူယုံမလဲ။ ဒီစကားပြောခဲ့သူက ကျွန်မတဲ့လေ။

ဒီခွန်းထပ်လေး လည်ပတ်ခဲ့တဲ့ ရာသီစက်ဝန်းတွေလည်း များခဲ့ပြီ။ ဒါပေမယ့် မသေချင်သေးပါလေ။ အချိန်ဖြုန်းရခြင်းမှာ အချိုးတကျ ရှင်သန်ချင်ဆဲ။ သူတကာ ဆင်ထားတဲ့ ဇာတ်လမ်းအစုံစုံကို အမြတ်တနိုးကြားနာချင်ဆဲရယ်။
တဖျတ်ဖျတ်လွင့်နေဆဲ မနက်ဖြန်ဆိုတဲ့ ကြိုးလေးတစ်ချောင်းရဲ့ မြှုဆွယ်မှုကိုလည်း လက်ခံချင်ဆဲ။
အဘယ်တရားမှလည်း မနာနိုင်သေးပါ။

ဒါပေမယ့် ....
ရက်စက်လှတဲ့ ဒီလောကထဲ ရှင်ချင်မနေနဲ့တော့တဲ့။
အသံအိုတစ်ခုက အနားမှာ လွင့်ပျံလာတဲ့အခါ...

ဟင့်အင်း။ ဟင့်အင်း။
လို့ အဖန်ဖန်ငြင်းရင်းမှာပင်...
အားအင်နွမ်းချိလာပြန်။

အလို။
ဒီလိုနဲ့  သေရတော့မယ်ပေါ့...ဟုတ်လား။
ခဏလေး နေပါဦး ။ ဘယ်သူကို နှုတ်ဆက်ရမလဲကွယ့်။
အချိန်လေးဆွဲကာ သေငင်ဇောမှာ အမှာစကားခြွေချင်လည်း ကြားနာချင်သူ မရှိပါဘဲ ။

အမည်မဲ့ တနေရာ။
ဘယ်ကလာလို့  ဘယ်ကို သွားရမှာလဲ။
မသိပါ ။ ကျွန်မ မသိဘူး။
ခံနိုင်ရည်နုံနဲ့ကာ အသိဥာဏ်လည်း ခပ်ယဲ့ယဲ့ရယ်။ပဝေသဏီတည်းက သိုမှီးထားတဲ့ မသေချာခြင်းများနဲ့ ရင်ခုန်ခြင်းတွေ ကျောက်ချရပ်နားမိပြန်။

သေရမှာ မကြာက်ဘူးလို့  ထင်ခဲ့တာ မဟုတ်ပါလားနော်။
ကျွန်မ ကြောက်ပါတယ်။
မသွားချင်သေးပါဘူး။
ဒါပေမယ့်လေ...ဒီလိုနဲ့ သွားရတော့မှာရယ် ။............................။



 2013 June လထုတ် Mandalay Icon မဂ္ဂဇင်းမှာ ကဗျာအဖြစ်ဖော်ပြခံရတဲ့ စကားပြေဖြစ်ပါတယ်။

မယ့်ကိုး

05 March 2010

မကျွတ်လွတ်သူရဲ့ ညနေ

သမီးလေးခေါ်သံကြားပြီး တံခါးထ,ထဖွင့်မိတာ အခါခါ။ အခန်းရှေ့က အစ်မကြီးကို မေးကြည့်လည်းပဲ “ မကြားပါဘူး။ စိတ်ထင်တာပဲ နေမှာပါ ” ဆိုတဲ့ ဖြေနေကျစကားသာ အမြဲတစေလက်ခံနေရ။ အဲဒီအခါ ကျွန်မကရှင်း သူမက ငြင်း။ မဟုတ်ပါဘူး။ တကယ်ပဲ ။သမီးလေးမှ သမီးလေးအသံ။ ကျွန်မနားနဲ့ဆတ်ဆတ်ကြားတာ။ ဘယ်လို မှားနိုင်မှာလဲ။ သမီးလေးအသံကို အနိမ့်အမြင့် အဆွဲအငင်မှအစ ကျွန်မ နှလုံးအိမ်က တစ်စမကျန် စွဲမှတ်ထားတာ။ နောက်ဆုံးတော့ သူမက ထုံးစံအတိုင်း တရားချ။

တော်ပြီ။ နောက် ဘယ်တော့မှ မမေးတော့။ ဒါပေမယ့် သမီးလေးခေါ်သံကြားတိုင်း မနေနိုင်။မေးမိမြဲ။ ကျွန်မ တံခါးဖွင့်တာ ကြာလို့ပဲ သမီးလေးစိတ်မရှည်ဘဲ လှည့်ထွက်သွားတာလား။ မျက်စိတဆုံး လျှောက်ရှာလည်း သမီးလေးရွေ့လျားတာ မြန်လွန်းလှရာ စဉ်းငယ်လေးမျှ မမှီပြန်။ ငိုချင်ပြီ။ မျက်ရည်တဖျတ်ဖျတ်လည်ကာ အရိပ်ကလေးမြင်ရနိုးနဲ့ စင်္ကြလမ်းမှာ ဆည်းဆာကုန်ပြန်။

သမီးလေးရယ်။ ပြန်လာပါ။အမြန်လာ။တဖွဖွမြည်တမ်း။ ဘယ်အချိန်ဖြစ်ဖြစ် တံခါးစေ့ထားမယ်။စိတ်မဆိုးနဲ့တော့နော်။ဖွင့်ဝင်ခဲ့။ ကြောက်စိတ်ကို ဖောက်ထုတ်ကာ စကားရဲ ဆိုပေမယ့် သမီးလေးက စိတ်မပြေဘူး ထင်ရဲ့။ ခြေဦးပင် မလှည့်တော့။ အဲဒီအခါ ညအလယ်မှာလည်း သမီးတမ်းချင်းကို ဆက်ဆိုကာ အိပ်မက်ထဲမှာပင် ရှာဖွေနေမိ။ 

"စိတ်ငြိမ်ဆေးထိုးရတော့မယ်" အဒေါ်ဆရာဝန်က နောက်သလိုနဲ့ အတည်ပေါက်ပြောတဲ့အခါ ကျွန်မမှာ အနာပေါ် တုတ်ကျပြီလေ။ သမီး...သမီးလို့ ယောင်ယမ်းကာ အဒေါ်ကိုပဲ တိုင်တည်ပြောရတော့တာ။ "သမီး တကယ်ကြားတာပါ။ သမီးသေချာသိတယ် သမီးလေးက ဒီပတ်ဝန်းကျင်မှာပဲ ရှိသေးတယ်။" အသက်ခဏရှုလိုက်ပြီး ခြေသံတွေကိုလည်း ကြားရတယ်လို့ ခိုင်လုံအောင် ထပ်ပြောမယ်ကြံဆဲ ရင်နာစရာ အဖြစ်မှန်က သမီးလေးလမ်းလျှောက်တဲအခါ ငြိမ်ဆိတ်လွန်းလှတာ။ 

"မကျွတ်ဘူး ထင်တယ်... " တဲ့။ ရယ်စရာဟန်ဆောင်ထားတဲ့ ရက်စက်တဲ့စကားက ခံနိုင်ရည်အားကို အတင်း ဖြတ်တောက်လေပြီ။ ယေဘူယျ သုံးသပ်ချက်မှာတင် အသည်းဟာ ဖျတ်ကနဲ လွင့်စင်ပေါက်ကွဲ။ မဟုတ်ဘူး။မဟုတ်ဘူး။ ဒါဟာ ဖြစ်နိုင်ခြေမှ မရှိဘဲ။ အပူရုပ်က ရယ်ဟဟပြောနိုင်ပေမယ့် စိတ်နှလုံးကတော့ မွမွကြေ။ ဒီစကားကို မကြားချင်လွန်းလို့ ရှောင်ရှားလိုက်ရတဲ့ ဖြစ်စဉ်တွေ။ နောက်ဆုံးတော့လည်း သောကပူကို လက်ခံရပြန်တာ။ မယူချင်ပေမယ့်လည်း တငြီးငြီးထနေတဲ့ ပရိဒေ၀ကို ခိုလှုံကာ ရင်တွင်းမီးကို မဖျောက်ဖျက်နိုင်တော့။ 

သမီးလေး...သမီးလေး....။ မိုးသောက်အရုဏ်မှာ သမီးအကြောင်းနဲ့ အိပ်ရာထကာ နေ့ခင်းအလင်းမှာ ကိုယ့်ကိုကိုယ် တိုးတိုးကျိတ် ရေရွတ်ချော့မော့။ “မကြီးလေ အခုကစ လိမ္မာတော့မယ်။တကယ်ပြောတာ။ သမီးအလိုရှိတိုင်း အစာကျွေးမယ်။ ညမှာ ခေါက်တုံ့ခေါက်ပြန် တံခါးဖွင့်ပိတ်ရတာကိုလည်း မငြူစူဘူးနော် ... ဘယ်ကရောက်လာမှန်းလည်း မသိပါဘူး လို့ နောက်နောင် ဘယ်တော့မှမပြောတော့ဘူး။ အမေးရှိတိုင်း သမီးလေးလေ... လို့ နှစ်လိုအားရ ဖြေမယ်...” ဒီတစ်ခါတော့ သမီးလေးကို နာမည်မပေးခဲ့တာ မှန်နေပြန်ပါရော။ ငါ့သမီး... ငါ့သမီးလို့ ကရားရေလွှတ်ပြောကာ သမီးလေးကို သိပ်ချစ်တာပဲလို့ နားဝင်ချိုမယ့် စကားကို ခဏခဏ ဆိုမယ်။

ဒီလို တိမ်တွေတွေ စီးနင်းရင်း ပီတိတွေ ဝေလျှံကာ နာကျင်ခြင်းတွေလက်က လေးတညှို့စာ လွင့်မျောသွားပေမယ့် အမှန်ကို ပြန်ရောက်တော့ သမီးက အနားမှာမရှိ။ လူတွေပဲ ဖမ်းသွားတာလား။ အကောင်ဆိုးတွေ လိုက်လို့ ကြောက်အားလန့်အားပြေးလွှားရင်း ရေမြောင်းထဲ လိမ့်ကျ… ။ ဆက်မတွေးနိုင်တော့ဘဲ ချက်ချင်းပင် ငိုချင်လာပြန်ကာ သီချင်းတစ်ပုဒ်ကို ကျယ်ကျယ်ဆိုမိ။ 

တစ္ဆေလည်း မကြောက်နိုင်တော့။ ညဆို သမီးကို မြင်ရမလား စွဲထင်ကာ အမှောင်မှာစောင့်။ အသံတစ်စကြားရတိုင်း အရှက်ကို မငဲ့နိုင်ဘဲ အမျှကိုလည်း မကြာခဏဝေ။"ဟိုလေ..." ဆိုတဲ့ စကားကို အစထားကာ ရှာပုံတော်ကို လူတွေ့တိုင်းဆို။ မရယ်ကြတဲ့ သူအားလုံးကို ကျေးဇူးတင်ပါတယ်။ ဒါပေမယ့် အားလုံးက ဝတ်ကျေတမ်းကျေနားထောင်ကာ ကြားနေကျ စကားကိုသာ အဖန်ဖန်ဆို။ ဟင့်အင်း...လက်မခံဘူး။ သွေးကြောင်သူမို့ အဖြေစကားတွေကိုလည်း နာယူနိုင်တဲ့ ခွန်အားမရှိ။ နောက်ဆုံးတော့နာကျင်ခြင်းကို မတွန်းလှန်နိုင်သူဟာ အိပ်မက်ထဲကို ပြန်လည်ရောက်သွားပြန်။ သမီး... သမီးလေးနဲ့ ပျော်ရွှင်ဖွယ် အာရုံမှာပဲ တငြိမ့်ငြိမ့်စီးနင်း။

မကြိုဆိုထားပါဘဲ အခန်းတံခါးကို ဖွင့်ပြီး ဝင်ရောက်လာခဲ့ သမီးလေးလေ။ မြင်စခဏမှာတော့ ဘယ်လိုမှ မနှစ်သက်မိခဲ့ပါ ။ တစ်ကိုယ်လုံးမဲမှောင်နေတဲ့အပြင် မျက်ဝန်းအိမ်အဝါတောက်တောက်နဲ့မို့ ကြောက်စရာကောင်းလှတယ်ထင်ကာ အနားကပ်မှာပင် စိုးရွံ့နေခဲ့မိတယ်လေ။ တမြည်မြည်နဲ့ ပွတ်သီးပွတ်သပ်လာလုပ်တဲ့အခါ မိုးပြိုတော့မလောက် စိုးထိတ်ကာ အပြင်းအထန်ရှောင်ရှား။ ပုံဆွဲစာရွက်တွေပေါ် တရွရွဖြတ်သွားတော့ အသက်ထွက်မလောက် စိတ်တိုကာ “ဘယ်က ဘယ်လိုရောက်လာပါလိမ့်။ သွား... သွား ...” တစ်ညနေခင်းတော့ အဲဒီမန္တာန်ကိုသာ ရွတ်ဆိုနေမိခဲ့တာ ။ အခုတော့ မလိုတဲ့အချိန်မှ မကောင်းတဲ့ အကျိုးက ကိုယ်ထင်ပြ။

သမီးလေး...သမီးလေး....။တလောကလုံးမှာ ချစ်စရာအကောင်းဆုံးသမီးလေးရယ်ပါ။ ဘာပဲဖြစ်ဖြစ် အနားမှာ ရှိနေခဲ့တာ။ နှစ်ကိုယ်သား အတူပြတ်လတ်ခဲ့တဲ့ အချိန်တွေ။ ခေါက်ဆွဲခြောက်တစ်ထုပ်ကို နှစ်ယောက်အတူစား။ ပေါင်မုန့်တဖဲ့ကိုပင် တစ်ယောက်တစ်ဝက်ဝေစားခဲ့တဲ့ အခါတွေ။ သမီးလေးဝလာတော့လည်း ကျွန်မမှာ သင်္ကာမကင်းပြန်။ကိုယ်ဝန်ရှိပြီလားရယ်လို့ စူးစမ်းရင်း တစ်ဆောင်လုံးကိုလည်း စမ်းသပ်ခိုင်းရင်း ပျော်ရွှင်လွန်းရပြန်တာ။ နှစ်ဦးအတူ နွေးထွေးစောက်ရှောက်ခဲ့တဲ့ အခါများရယ်ပေါ့။

သမီးလေးနဲ့ အတူရှိခဲ့တဲ့ တမ်းတမဆုံးနိုင်နေ့ရက်များစွာ။မိုးတခြိမ်းခြိမ်းနဲ့ လျှပ်ပြက်တဲ့ညတွေမှာလည်း အနားမှာ သမီးလေးရှိနေတော့ ကြောက်ဖို့ပင်မေ့နေကာ အေးဆေးသက်သာ ရယ်မောပျော်ရွှင်ခဲ့ရတာ။ဘယ်လိုမေ့နိုင်မှာလဲ။ ပုံဆွဲနေရင် အလိုက်တသိ ဆိတ်ငြိမ်ကာ အားပြီဆိုတာနဲ့ ရင်ခွင်ထဲတိုးလို့ အနားမှာ ချွဲနွဲ့တတ်တာ။

ပျင်းရိငြင်းငွေ့ဖွယ် နွေညနေခင်းတွေမှာ အသံမြည်တဲ့ကြွက်ရုပ်ကလေးနဲ့ တကုပ်ကုပ်အလုပ်ရှုပ်လို့ မြူးရွှင်ဖွယ်ဆော့နေတတ်တာ။ နှင်းစက်ကြွေသံ တဖျောက်ဖျောက်ကြားတဲ့ နံနက်ခင်းတွေမှာ ပျင်းရိဇိမ်ဆွဲကာ ကျွန်မ အအိပ်ကြီးနေရင် ရင်ဘတ်ပေါ်တက်ကာ တညောင်ညောင်နဲ့ လာနှိုးတတ်တာ။ ချစ်စရာကောင်းလွန်းလှတဲ့ သမီးလေး။ အဖော်ဆိုတဲ့ ဝေါဟာရကို သမီးလေးနဲ့ဆုံမှပင် အပြည့်အဝသိခဲ့ရ။ 

သမီးလေး...။ သမီးလေး...။ အခုတော့ ဘယ်လိုပင် ယောင်တမ်းပေမယ့် ကံကြမ္မာကို မဆွဲဆောင်နိုင်တော့။ လုံးဝ မတရားဘူး။ဘယ်လို စီရင်ချက်မျိုးနဲ့ သမီးလေးနဲ့ ကျွန်မကို ခွဲခဲ့တာလဲ။ ရက်စက်လွန်းလှတယ်။ အားလုံးကိုပင် စွဲချက်တင်ကာ တရားခံလိုက်ရှာနေမိပြန်။ ဒီလိုနဲ့ ရင်ဘတ်ထဲက ဆူးဟာ ချိုးရင်း ဖဲ့ရင်းမှာပင် တဟုန်ထိုး ကြီးထွားလာပြန်။ သမီးလေးရေ … အမြန်ပြန်လာ ...ပြန်လာပါတော့ သမီးလေးရယ်နော်။ ဘာပဲဖြစ်ဖြစ်။ ဘယ်အချိန်မှာပဲ ဖြစ်ဖြစ်။ ဘယ်လို ပုံစံနဲ့ပဲ ဖြစ်ဖြစ်။ 

ဒီလိုနဲ့ သေလုမျောပါးစောင့်နေသူတစ်ယောက်ဟာ သွေးရူးသွေးတမ်းနဲ့ ပြတင်းကိုဖွင့်ရင်း တံခါးကိုစေ့ရင်း မျက်လုံးကြောင်တောင်နဲ့ ခပ်တောင့်တောင့် အသက်ရှုဆဲရယ်။...။


Credits: Background image copyright 2004 by Frederique Rijsdijk.

မယ့်ကိုး