25 April 2010

ချို့တဲ့နရီနဲ့ တည်တဲ့ချစ်ခြင်း...

သူဟာ ကျွန်မ အသက်ထက်ဆုံးယုယချင်တဲ့ ပန်းတစ်ပင်ရယ်လေ ။ဖူးပွင့်လာသမျှ ခူးပန်ဖို့ မရည်ရွယ်ဘဲ ဘဝနဲ့ရင်းပြီး စောင့်ရှောက်နေချင်တဲ့ သစ်တစ်ပင်သာ ဖြစ်ပါတယ်။ သူ့ကို ချစ်စိတ်နဲ့ တပြိုင်နက် အိပ်မက်တွေ အရောင်လွင့်သွားတာလည်း အရေမထားနိုင်တော့။ အသစ်မွေးဖွားလာတဲ့ ကျွန်မရဲ့ တစ်ခုတည်းသောအမြင်မှာ သူ့ရှုခင်းရယ်သာ။ အသက်နဲ့ရင်းပြီး ပေးဆပ်ချင်ပေမယ့် အခမဲ့ကြည်နူးခွင့်ကိုသာ ခူးဆွတ်ချင်သူပါ။ 

အလှကြည့်ချင်နေတယ် ဆိုတာကို ငြင်းဆိုလို့ အခက်အလက်တွေနဲ့ တင့်တယ်လှပအောင် ပျိုးထောင်နေရုံသာ ကျူးရင့်ချင်မိသေးတာ။ ဒီလိုချစ်မိသူမို့ ဘယ်အရာနဲ့ နှိုင်းယှဉ်ရမှန်း မသိအောင် ကြီးမြတ်တယ်လို့ ဘဝင်မြင့်လုမတတ် ဖြစ်လာတဲ့အခါ သူ့အမေကို သတိရလာမိခဲ့။ ကျွန်မ အမေတစ်ယောက်လို သူ့ကို ချစ်ဖို့ဖြစ်နိုင်ပါ့မလား။ သူ ကောင်မလေးတစ်ယောက်ကို သဘောတကျငေးကြည့်နေတဲ့အခါ သူ့အမေလို ကြည်ကြည်ဖြူဖြူ ပြုံးကြည့်နိုင်ဖို့ဆိုတာ ရာနှုန်းပြည့်နီးပါး မသေချာဘူး။

ကျွန်မ သိပ်သဝန်တိုတတ်တယ်။ မမြင်ဝံ့လို့ မျက်ရည်ကို သိုဝှက်ရင်း မျက်နှာလွှဲတဲ့အခါ သူအနေကျုံ့နေလိမ့်မယ်။ ခက်တယ်။ ကျွန်မ ရင့်ကျက်ဖို့ ပိုလို့ကြိုးစားရဦးမယ်။ တန်ဖိုးဖြတ်တတ်သူတွေ ကျရှုံးစေမယ့် နားလည်ရန်ခက်ခဲတဲ့ အချစ်ဘာသာရပ်ကို ကျွန်မလည်း ဖြေကြည့်ဦးမယ်နော်။ ဘယ်စဉ်အခါကမှ မရဲရင့်သူကျွန်မဟာ သူ့ကို စော်ကားပုတ်ခတ် တိုက်ခိုက်လာသမျှတွေကို ကာကွယ်ပေးချင်သူ ဖြစ်ချင်တယ်။

နမော်နမဲ့ ၊ ပေါ့တီးပေါ့ဆလုပ်ဆောင်ချက်တွေကို ထိရှလွယ်တဲ့ ကျွန်မက သူ့ရဲ့ မှားယွင်းမှုမှန်သမျှကို ကျွန်မရဲ့ ချွတ်ချော်တိမ်းပါးမှုအဖြစ်သာ ပြောင်းယူချင်နေမိတယ်။ ပြင်းထန်ရက်စက်တဲ့ ဥတုရာသီမှာ လည်စင်းခံနေရင်း သူ့ကို ကာကွယ်ပေးနိုင်တဲ့ နားခိုရာလေးအဖြစ် ကျေနပ်နေချင်တယ်။ ရယ်ချင်ရယ်လိုက်ပါ။ ကျွန်မ သိပ်ရူးပါတယ်။ ကျွန်မအတွက် အချစ်ဆိုတာ ထိန်းချုပ်နိုင်စွမ်းရဲ့ မမြင်ကွယ်ရာမှာခနိုးခနဲ့ လက်ပိုက်ကြည့်နေတဲ့ ကျိန်စာတစ်ခုပါပဲ။

သူ့အရိပ်သာ ထင်နေတဲ့ ကျွန်မရဲ့ နှလုံးအိမ်ဟာ ကြောင့်ကြမှုတွေ ရောယှက်လာကာ ဒဏ်ရာတွေ ၊ ကစဥ့်ကလျားဖြစ်မှုတွေ၊ အကြမ်းဖက်မှုတွေနဲ့ ပြည့်နှက်နေတဲ့ ရက်စက်တဲ့ ဒီကမ္ဘာမြင်ကွင်းတွေကို သူ့ကို မမြင်စေချင်ဘူး။သူ ထိခိုက်နာကျင်မှာ စိုးလွန်းကာ ကလေးတစ်ယောက်လို ကာကွယ်စောင့်ရှောက် ပေးချင်တယ်။

 ဒါပေမယ့် ကျွန်မရဲ့ အလေးထားမှုတွေ၊ ဂရုစိုက်မှုတွေဟာ ခေါင်းတစ်လုံးမြင့်တဲ့ သူ့အတွက် အကျိုးမဲ့ ဖြစ်နေနိုင်တယ်။ စေတနာအပြည့်နဲ့ ကာကွယ်ပေးလိုမှုတွေဟာ စိတ်ရှုပ်စရာတွေ ဖြစ်လာနိုင်တယ်။ ဒီလိုကြောင့် “ပျော်သလို နေနော် ” လို့ ဆိုရကာ မုန်တိုင်းအကြားမှာ သွားလာနေတဲ့သူ့ကို ထီးမိုးပေးရင်း နှုတ်ဆိတ်နေရတယ်။

တစ်ခါတစ်လေတော့လည်း အချစ်ကို ရက်စက်မှုမှတ်ကျောက် တင်ကြည့်ကာ ရနံ့ချိုများ သောက်သုံးရမလားလို့ ပြတ်သားကြည့်ချင်သေးတယ်။ ဒါပေမယ့် ရက်စက်ကောက်ကျစ်တဲ့ လူတစ်ယောက်အနားမှာ အမြဲယှဉ်တွဲရပ်နိုင်တဲ့ အမေတစ်ယောက်ကို အားကျစိတ်နဲ့ ကျွန်မ ကြိုးစားကြည့်ချင်သေးတယ်။ သူမှန်ရင် လက်ခုပ်တီးလို့ သူမှားတဲ့အခါ ဘယ်သူမှ မမြင်အောင် ဖုံးကွယ်ပေးချင်သေးတယ်။

လူတစ်ယောက်ဟာ ကြာကြားမမှားနိုင်ပါဘူးလို့ မျှော်လင့်ချက်လေးထားရင်း အားလုံးက လက်ညှိုးထိုးတဲ့အခါ သူ့ဖက်မှာ ရပ်ဦးမယ်။ ဒါပေမယ့် ကျွန်မရဲ့ စောင့်ရှောက်ဖေးမမှုတွေကို သူမလိုအပ်ပါဘူး။ သူဟာ ခြောက်ပစ်ကင်း သဲလဲစင်သူသာ ဖြစ်တယ်။ သူဟာ နားခိုရာရှာနေသူမဟုတ်သလို အရိပ်ကြည့်ပြုစုဖို့ လိုအပ်တဲ့ သစ်တစ်ပင်လည်း မဟုတ်ဘူး။ ကျွန်မ ဂုဏ်ယူပါတယ်။ ဒါပေမယ့် သူ သိပ်တကိုယ်ကောင်းဆန်တာတော့ ရှောင်လွဲမရ ထိခိုက်နာကျင်စေတဲ့ အမှန်တရားနံရံ ဖြစ်နေပါတယ်။

ကျွန်မ သူ့ဆီ မပျံသန်းနိုင်တော့ဘူး။ သူ့မာနတောင်ခြေအောက်မှာ ကျွန်မ ရဲ့ချစ်ခြင်းတွေဟာ ပြာမှုန်တွေလို လွင့်စင်သွားတယ်။ သူ့အပြစ်တွေကို တစ်စွန်းတစ်စမယွင်းရအောင် ကျွန်မ ဖုံးကွယ်ပေးချင်ပေမယ့် “ သူ လူသတ်နေပါတယ် ” လို့တော့ တိုင်တည်ပါရစေ။ “မရက်စက်လွန်းဘူးလားကွယ်” ဒီလို မေးချင်ပေမယ့် ကျွန်မ တရားဝင်မဆိုနိုင်ဘူး။ ပြန်လမ်းမမျှော်တဲ့ ချစ်ခြင်းပါလို့ အနက်ဖွင့်ချင်ပေမယ့် ရင်ကွဲမသေအောင်လည်း ကြိုးစားနေရတယ်။

 သူ ကျွန်မကို အရူးလုပ်တဲ့အခါ မေတ္တာအကြောင်းကို နာနာရွတ်လို့ ခွင့်လွှတ်နိုင်ပေမယ့် ကြိုးကလေးမှာ အဖုအထစ်မဲ့အောင် သတိထားနေရတယ်။ ပင်ပန်းလွန်းလှတယ်။ သူ မာနတကြီးနဲ့ ဥပေက္ခာပြု လျစ်လျူရှူထားတဲ့အခါ သူ့အမေကတော့ ဘယ်လိုရင်ဆိုင်မယ် မသိပေမယ့် ကျွန်မကတော့ မျက်ရည်မိုးဖွဲတွေ အောက်က ရုန်းမထွက်နိုင်တော့ဘူး။ ခက်တယ်။ အမေတစ်ယောက်က သားတစ်ယောက်ကို အောက်ကျို့ခြင်းဟာ ကြည်ညိုစရာကောင်းပေမယ့် မိန်းမတစ်ယောက်ဟာ ချစ်မိသူအပေါ် အလျှော့ပေးဆက်ဆံမိတဲ့အခါ ပတ်ဝန်းကျင်က တံဆိပ်ကပ်၊ အရောင်ဆိုးမှုတွေ ရှိလာတယ်။ကျွန်မရဲ့ နံနက်ခင်းဟာ မကြည်လင်တော့ဘူး။

တစ်ခုလောက် မေးခွင့်ပြုပါ။ အချစ်နဲ့ ကြုံလာတဲ့အခါ အလယ်အလတ်လမ်းစဉ်ဆိုတာ ရှိပါသလား။ ရှေ့ကိုတိုးရင် ဂုဏ်သိက္ခာကြွေလို့ နောက်ကို ဆုတ်ရင် နှလုံးသားကြေပြုန်းတော့မယ်။ကျွန်မဘာလုပ်ရမလဲ။မာနနဲ့ ချစ်ခြင်းကြားမှာ လမ်းပျောက်နေဆဲ။ ခြွင်းချက်အနေနဲ့ ကျွန်မက သိမ်ငယ်တတ်သေးတယ်။သူ ကျွန်မကို မလိုအပ်ဘူး တွေးမိတဲ့အခါ အဝေးကိုပြေးချင်စိတ် ပေါ်လာတယ်။ နောက်ဆုံးမှာ သူလျစ်လျူရှူနေတာ သူ့ပျော်ရွှင်မှုပါပဲ။ သူပျော်သလို နေပါလေ ဆိုကာ ကျောခိုင်းမိတော့မယ်။

အဲဒီတော့ ပြဿနာရဲ့အဖြေကို မသိဘဲ သူ့ကို ပိုလို့အထီးကျန်အောင် လုပ်မိသလိုလည်း ဖြစ်သွားနိုင်တယ်။ ကျွန်မက အမှားများနိုင်တဲ့ ပုထုဇဉ်ပါ။ ကျွန်မကို သင်ကြားပါဦး သံစဉ်ချိုလေးရယ်။ အူကြောင်ကြောင်ကျွန်မကို ရှင်းရှင်းပြောပါတော့။ ကျွန်မ ဘယ်လို ရှေ့ဆက်လှမ်းရမှာလဲ။ကျွန်မရဲ့ စေတနာလုပ်ဆောင်ချက်တွေဟာ သူ့မာနကို ထိခိုက်စေနိုင်လို့ တိတ်တိက်ဆိတ်ဆိတ်နေရတယ်။ ဒါကြောင့် တွေ့ဆုံခွင့်ဆိုတဲ့ စကားလုံးဟာ အလှမ်းကွာလွန်းလှတယ်။ ဒီလိုနဲ့ ကျွန်မတို့ ဝေးကြရဦးမလား။

သေခါနီးလူလို  အသက်ရှုလို့ မရဘူး။ ဒါကြောင့် လမ်းဆုံးမရောက်ခင်မှာ တစ်ခုတော့ ပြောခဲ့ချင်ပါတယ်။ “ချစ်ခဲ့ပါတယ်” ။ မင်းကြားရဲ့လားကွယ်။ ဘာပဲဖြစ်ဖြစ် ချစ်ခဲ့ပါတယ်။သူ့ရဲ့ ကိုယ်စိတ်နှလုံး ချို့ယွင်းချက်များကို မြတ်နိုးမဆုံးပါဘူးဆိုတာ သူနားလည်နိုင်ပါမလား။ သူဟာ ကျွန်မ လေးစားကိုးကွယ်တဲ့ ဘာသာတရားဖြစ်သလို နားလည်စာနာကာ မှတ်သားလေ့လာချင်တဲ့ ဘာသာရပ်တစ်ခုလည်း ဖြစ်တယ်။ ဒါပေမယ့် ဒီဖွင့်အံချက်အားလုံးဟာ သူ့အတွက် အပျင်းပြေပင် မဖြစ်နိုင်ပါဘူး။ 

သူတောင့်တနေတာ သူ့ရဲ့ ကစားဝိုင်းထဲက အသွင်မြူးတဲ့ နတ်သမီးလေးတစ်ပါးသာ ဖြစ်ပါတယ်။… ။


artist: Jeff Thomas (aka Azuzephre)

မယ့်ကိုး

11 April 2010

ပွေ့ဖက်ခြင်းတေး


တောင်ဝှေးလို အရာမျိုးလေးနဲ့ တတောက်တောက်လျှောက်သွားနေတဲ့ အဘွားအိုကို မြင်တိုင်း အခမဲ့ပွေ့ဖက်ပေးခြင်း (free hug) ဆိုတဲ့ ဝေါဟာရလေးဟာ ရင်ထဲမှာ ခေါက်တုံ့ခေါက်ပြန်ဖြတ်သန်းနေခဲ့။ အခမဲ့ပွေ့ဖက်ပေးခြင်းတဲ့။ ဒီစကားလုံးကို သိကျွမ်းခဲ့တာ နှစ်နှစ်ကျော်သာရှိသေးပေမယ့် သြစတေးလျလူမျိုး ဝမ်န်မင်န်း (Juan Mann) က ၂၀၀၄ ခုနှစ် ဇွန်လ ၃၀ ရက်နေ့တည်းက အခမဲ့အကြင်နာပေးနည်းကိုစတင်ခဲ့တာရယ်။



ဒါပေမယ့် အခမဲ့ပွေ့ဖက်ပေးခြင်းဆိုတာ ပျော်စရာနည်း တစ်ခုလိုသာ ကျွန်မသတ်မှတ်ခဲ့မိတာ။ ကျင်လည်ရာ ဒီကျွန်းကလေးမှာလည်း အကြင်နာမျှဝေသူတွေ ရှိကြောင်း သိပေမယ့် ထိတွေ့ခွင့် မရခဲ့တာမို့  အလှမ်းဝေးနေဆဲပေမယ့် ခုတော့ ဒီစကားလုံးလေးဟာ အဘွားအိုအရိပ်လေးနဲ့ အတူတူ ရင်ထဲမကြာခဏဝင်လာခဲ့ပြီ။ ဘဝနေဝင်ချိန်ကောင်းပုံရတဲ့ အဘွားက ဘာဖြစ်လို့ ကိုယ့်အိမ်မှာ အခန့်သားမနေတာလဲ။ အထီးကျန်လို့များလား။ အတွေးတွေပလုံစီကာ မျက်ခြေမပြတ်စောင့်ကြည့်နေမိမြဲ။ 
ဒီကျွန်းလေးမှာ အားလပ်ရက်တွေဆို အဖော်မဲ့ သက်ကြီးရွယ်အိုတွေဆီ အိမ်တိုင်ရာရောက်သွားကာ စကားနားထောင်ပေးတဲ့ စေတနာကြီးသူများ ရှိတာတော့ ကြားဖူးရဲ့။ ဒါပေမယ့် အဘွားအိုကို ပန်းခြံလေးထဲမှာ ၊ ခုံတန်းလျားမှာ ၊ ဈေးဆိုင်တန်းမှာ အချိန်တိုင်းတွေ့နေရ။ တစ်ဦးတည်း။ အဘွားနဲ့ စကားပြောချင်လည်း ဘာသာစကားကွဲတော့ နှုတ်ဆိတ်နေရသလို အနီးရောက်တော့လည်း ဘာရယ်ကြောင့်မှန်းမသိ ပြုံးပြဖို့ တွန့်ဆုတ်နေမိပြန်။ ငါ့နှလုံးသားတွေ အေးခဲမာကျောနေပြီထင်ရဲ့လို့ သုံးသပ်ချက်ချထားမိလည်း ယတိပြတ်တော့ လျစ်လျူမရှုနိုင်သေးပါပဲ။ မမြင်ပြန်ရင်လည်း အဘွားကို မျက်စိတစ်ဆုံး လိုက်ရှာနေမိမြဲ။

တုန်ချိချိနဲ့ လျောက်သွားနေတဲ့ အဘွားအိုကိုမြင်တိုင်း “ အဘွား အထီးကျန်နေလို့လား... လျှောက်မသွားနဲ့လေ ... မမောဘူးလား...”လို့ ဂရုတစိုက်ဆိုကာ ပိန်ပါးကပ်နေတဲ့ကိုယ်လေးကို ပွေ့ဖက်ကာ ခဏရပ်နားစေချင်မိပြန်။ စက္ကန့်နှစ်ဆယ်လောက်ဖက်ထားရင် ချည်နှောင်ဟော်မုန်းဆိုတဲ့ oxytocin ကို တိုးပွားစေပြီး နှလုံးရောဂါဖြစ်ပွားမှု၊သွေးခုန်နှုန်းဖိအား၊ အမျိုးသမီးတွေအတွက် စိတ်ဖိစီးမှု ဟော်မုန်းဖြစ်တဲ့ cortisol ကို လျော့ကျစေတယ်လို့ ဆိုတာမို့ ဒီလို ခဏခဏ ဖက်ပွေ့ခံရရင် အဘွားကျန်းမာပျော်ရွှင်လာမှာပဲလို့ ယုံမိလည်း ကျွန်မရဲ့စိတ်ကူးတွေ ဆွံ့နေဆဲရယ်။

ပေါင်းသင်းဆက်ဆံရေး ညံ့ဖျင်းသူ၊ ဖက်ပွေ့ခြင်းနဲ့ မရင်းနှီးတဲ့ မိသားစုက ရှင်သန်လာခဲ့သူမို့ စတင်ပြောင်းလဲချိန်ဟာ လိုအပ်သည်ထက် ကြာလွန်းခဲ့ပြီ။ဒါပေမယ့် ကံထောက်မတဲ့ တနေ့အခိုက်တော့  ဓာတ်လှေကားအနားမှာ အဘွားနဲ့ ကျွန်မ နှစ်ဦးတည်း ဆုံမိပေါ့။ မျက်နှာညှိုးညှိုးနဲ့ တရွေ့ရွေ့အနားရောက်လာတဲ့ အဘွားကို ဖေးမတွဲခေါ်လိုက်ချင်လည်း အဘွားက ကြည်ဖြူပါ့မလား။ သင်္ကာကင်းနိုင်ပါ့မလား။ မိုးရေစိုစွတ်နေတဲ့ အဘွားရဲ့ အင်္ကျင်္ီဖျားလေးကို ကြည့်ရင်းမှာပင် ဘာရယ်မဆိုနိုင်ဘဲ ဝမ်းနည်းလာကာ အဘွားရဲ့ သေးသေးသွယ်သွယ်လက်ကလေးကို ဆုပ်ကိုင်လို့ အားပေးချင်ခဲ့။ ဒါပေမယ့် ဖြစ်ချင်မှုအထွေထွေဟာ အတွေးအာရုံမှာတင် အငွေ့ပျံသွားပြန်ကာ အဘွားကို ပြုံးပြနိုင်အောင်ပဲ ကြိုးစားတော့ အဘွားက ကြောင်အစွာသာ ပြန်ကြည့်နေခဲ့... အပြုံးတစ်ခုကို ချက်ချင်းရောင်မပြန်နိုင်လောက်အောင် အေးစက်ခါးသီးခြင်းမှာ အဘွား ဘယ်လောက်ကြာကြာနစ်နေခဲ့တာလဲ။ ကျွန်မ အံ့သြကြေကွဲနေမိရဲ့။


အဘွားကို ခဏလောက် ထွေးပွေ့ထားချင်တယ် ။ ခက်တာပဲနော်။ free hug ဆိုတဲ့ ဆိုင်းဘုတ်လေးကို ကိုင်လို့ အဘွားတစ်ဦးတည်းမြင်အောင်ပြသချင်လည်း အဘွားက နားလည်မှာ မဟုတ်ဘူးရယ်။အဘွားရဲ့ ဒဏ်ရာတွေကို ဖြေလျော့ပေးနိုင်မယ့် ခဏတာ ရင်ဖွင့်စရာ၊ နားလည်စာနာပေးနိုင်မယ့် ရင်ခွင်တစ်ခု ကျွန်မ မဖြစ်နိုင်တော့ဘူးလား။ ဖက်ပွေ့နေစဉ်ခဏမှာ အဘွားက ကျွန်မဖြစ်နိုင်သလို ကျွန်မကလည်း အဘွားဖြစ်သွားမယ်။ ဒီလို အတွေးတွေယောက်ယက်ခက်နေစဉ်မှာ အံ့စရာကောင်းလောက်အောင် အဘွားက ကြည်ကြည်လင်လင် ပြန်ပြုံးခဲ့တာ။

ရင်ခွင်ထဲနွေးထွေးဆွတ်ပျံ့သွားတာ မယုံကြည်နိုင်လောက်အောင်။ရယ်မောစကားစမယ်ကြံဆဲ ဓာတ်လှေကားတံခါးပွင့်သွားကာ အဘွား ထွက်ခွာသွားခဲ့။ နှုတ်ဆက်စကား မစနိုင်သေးခင်မှာတင် တံခါးပြန်ပိတ်သွား။ အဘွားရဲ့ ယိုင်နဲ့နဲ့ ခန္ဓာလေးဝေးသွားတာကို ကြည့်ရင်း နှောင့်နှေးတွေဝေမှုတွေနဲ့ ကျွန်မ ခပ်တောင့်တောင့်ရပ်နေခဲ့ပေါ့။ အချိန်အခါကို ဖန်တီးမယူဘဲ အသင့်စောင့်စားချင်တဲ့ မိုက်မဲမှုတွေနဲ့.... ရှိပါစေတော့ ....ရင်ဘတ်ပတ်ကြားအက်မှာ နောင်တခါးခါးနဲ့သာ အသားကျနေတာလည်း ကြာခဲ့ပါပြီလေ။

ဒီလိုနဲ့ပေါ့ … နွေးထွေးတဲ့ရင်ခွင် နှစ်သိမ့်ကြင်နာတဲ့ ထွေးပွေ့မှုတွေဆီက ကျွန်မတို့ ဝေးနေကြဆဲရယ်။ …။


မယ့်ကိုး
Idea Magazine, 2011

06 April 2010

“သစ်ပင်ဖက်ချင်တဲ့အခါ”


အိုင်းရစ် နိုင်ငံရေးသမား ဂယ်ရီအဒမ်စ်* က သစ်ပင်ဖက်ခြင်းဟာ တည်ငြိမ်မှုနဲ့ ခွန်အားရဲ့ ရနံ့တွေ သူ့ကိုပေးတယ် လို့ ဂျာနယ်လစ်တစ်ယောက်ကို ဆိုခဲ့တာ ဖတ်မိကတည်းက သစ်ပင်ဖက်ဖို့ ကျွန်မ စတင်စိတ်ဝင်စားခဲ့တာ ဖြစ်ပါတယ်။

သစ်ပင်ဖက်ခြင်းဟာ စိတ်ဖိစီးမှုကို သက်သာပျောက်ကင်းစေတယ်လို့ ယုံကြည်ခြင်း ခံရသလို ကောင်းကောင်းအိပ်ပျော်အောင် ပြုလုပ်ပေးပါတယ်တဲ့။ အကောင်းမြင်စိတ်နဲ့ တည်ငြိမ်မှုဖြစ်အောင် ကူညီပေးလို့လည်း လူတွေဟာ သစ်ပင်တွေ ပိုလို့ဖက်လာကြတာတဲ့လေ။

သစ်ပင်ကြီးတွေနဲ့ လက်ပွန်းတတီး မနေခဲ့နိုင်လည်း သစ်ပင်တွေကို ချစ်ခင်သူပီပီ သစ်ပင်ဖက်ခြင်းဟာ စိတ်ကြံ့ခိုင်မှုအတွက် တွန်းအားပေးတယ်လို့ ယုံကြည်လိုက်မိပါတယ်။ စိတ်ကူးယဉ်မိသူဟာ သစ်ပင်တွေနဲ့ ကျွမ်းဝင်လို့ သဘာဝစွမ်းအင်တွေကို မျှဝေတောင်းယူချင်မိလေပြီ။

ဘာပဲဖြစ်ဖြစ် အပင်ဖက်ရမှ ဖြစ်မယ်ဆိုကာ နိသသျှည်းကို ရှာကြည့်မိတဲ့အခါ…

ပထမဆုံး အချက်က ငြိမ်ဆိတ်တဲ့ ပန်းခြံ၊ တောအုပ်၊ သစ်တောဖုံးလွှမ်းနေတဲ့ နယ်မြေကို ကိုယ့်ဘာသာကိုယ်ရှာပါ တဲ့။ ဘာဖြစ်လို့ ကိုယ့်ဘာသာကိုယ် ဆိုတဲ့ စကားလုံးကို သုံးရတာလဲ။ အဖော်သဟဲပြုပြီးတော့ ရှာလို့မရဘူးလား။ ဘာပဲဖြစ်ဖြစ် သူငယ်ချင်းတွေ ပြောလည်း ကြောင်တယ်အကြည့်ခံရဦးမှာ ဆိုတော့ ကျွန်မကလည်း ကိုယ့်ဘာသာကိုယ် ရှာပါတယ်။

ဒါပေမယ့် နောက်ဆုံးမှာ လမ်းမြေနေရာ ကျွမ်းကျင်မှုမှာ သုညအဆင့်သာရှိသူမို့ အများတကာကို မေးရတော့တာ။ တဆင့်စကားကြားတဲ့ လမ်းညွှန်ခံရတဲ့ သစ်တောတွေက ရထားတတန်၊ကားတတန် သွားရဦးမှာဆိုတော့ သက်သာလမ်းကို လိုက်ချင်သူဟာ ဒီနည်းကိုဖြင့် နောက်ဆုတ်လိုက်မိလေပြီ။ ဇာတ်သိမ်းခန်းကတော့ အိမ်ဝန်းကျင်ရှိ သစ်ပင်တွေကိုသာ မျက်စပစ် ရှုစားနေခြင်းပဲ ဖြစ်ပါတယ်။

ဒီလို ချောင်းမြောင်းပြီးကတည်းက လူဦးရေ သိပ်သည်းလွန်းတဲ့ကျွန်းမြို့လေးမှာ ဘယ်အချိန်မှ သစ်ပင်နဲ့ ကျွန်မ နှစ်ကိုယ်တည်း တွေ့ခွင့်မရှိခဲ့ပါ။ ခက်ပြီ။ ဒီတော့ ရသေ့စိတ်ဖြေ သစ်ပင်ဖက်နည်းကို ပြန်ပြန်ဖတ်နေမိ။

ဒုတိယအချက်က သူတို့တည်ရှိုတဲ့ ရုပ်လက္ခဏွာေကို သက်တောင့်သက်သာ ခံစားလာရတဲ့တိုင်အောင် သစ်ပင်တွေ ကြားမှာ လမ်းလျှောက်ပါတဲ့။ ဒါကတော့ လွယ်ကူသားလေ။ ကျွန်မက သစ်ပင်တွေကြားက လူသွားလမ်းမှာသာ လမ်းလျှောက်နေကြပင်။

တစ်ခါက မိုးဖွဲဖွဲရွာနေတဲ့ကြားက ထီးဆောင်းပြီး လမ်းလျှောက်နေတဲ့ ကျွန်မကို အမိုးရိပ်အောက်က တလမ်းတည်းသွားနေတဲ့ ကလေးတစ်ယောက်က တအံ့တသြ ကြည့်တာကြုံဖူးခဲ့သလို သူငယ်ချင်းတွေကလည်း ကြောင်ချက်လို့ ပြောတာခံရခဲ့ဖူးလည်း သစ်ပင်တွေကြားမှာ ကျွန်မ လမ်းလျှောက်ဖြစ်နေဆဲရယ်။

သုံးချက်မြောက်က ခြားနားတဲ့ သစ်ခေါက်တွေရဲ့ မျက်နှာပြင်အနုအကြမ်းကို သင့်ရဲ့ လက်ဖဝါးနဲ့ တွေ့ထိခံစားပါတဲ့။ ဒါကတော့ အနားမှာ လူဝိုင်းကာ သစ်ပင်ကို မဖက်ဖြစ်လည်း ကြုံရင် ကြုံသလို သစ်ပင်သားကို ထိတွေ့ကိုင်နေကြသာ။ လေးချက်မြောက်က အမျိုးမျိုးသော သစ်ပင်သစ်တောတွေရဲ့သင်းရနံ့ ကို နမ်းရှုပါတဲ့။ အဲဒါက နည်းနည်းခက်လေပြီ။ ကျွန်မက သစ်တောထဲ သွားနိုင်သူမဟုတ်ပါ။ နေ့စဉ် အပင်ဖက်လိုသူမို့ …အမျိုးမျိုးသောသစ်တောတွေအစား သစ်ပင်လို့ အစားထိုးမိလေပြီ။

ဆင်ခြေကလား။ အနားမှာလည်း သစ်ပင်တွေ အများကြီးရယ်လေ။ ပြီးတော့ လူတွေမှာလည်း ရနံ့အမျိုးမျိုး ရှိသလို သစ်ပင်တွေမှာလည်း ရှိချင်လား ကျွန်မ သိချင်ရဲ့။ဟိုမန်းကျည်းပင်နဲ့ ဒီမန်းကျည်းပင် ရနံ့ တူရဲ့လား ... ဆိုသလိုမျိုး သိခွင့်ရရင် သိပ်ကျေနပ်ကြည်နူးစရာကောင်းမှာရယ်။




ဒါပေမယ့် ဒီအချက်တွေ ကျင့်သုံးပြီးရင် ရိုးရိုးဖက်လို့ မရဘူးတဲ့နော်။ ခေါင်းပေါ်မှာ ပြန့်ကျဲနေတဲ့ သစ်ခက်ကိုင်းတွေကို မော့ကြည့်တုန်းမှာ သစ်ပင်တွေရဲ့ ဘဝစွမ်းအင်ကို စုပ်ယူပါတဲ့။

ဟုတ်မှာ။ အဲဒါကြောင့်ပဲ လူသူရှင်းတဲ့ သစ်တောထဲသွားခိုင်းတာ ဖြစ်လိမ့်။ နို့မို့သစ်ပင်လည်း ဖက်နေသေး၊ အပေါ်လည်း မော့ကြည့်သေးဆိုတော့ အခြေအနေမကောင်းဘူး ထင်ပြီး လာခေါ်သွားမှ ခက်ရချည့်။

ပြီးတော့ နောက်တစ်ခုအဆိုအရ စိတ်အထာနဲ့ အံဝင်မယ့် အဆင်ပြေဆုံးအပင်ကို ရှာဖွေပါတဲ့။ ဘယ်ဟာက သင့်တော်လည်း ဆိုတာ မင်းသိပါလိမ့်မယ်တဲ့။ ဘာဖြစ်လို့ ဒီအချက်က ခုမှ လာရတာလဲဆိုတာ ကျွန်မ နားမလည်ပါ။

သစ်ပင်ဖက်ဖို့ ဆိုတဲ့ ရည်ရွယ်ချက်စဝင်ကတည်းက သင့်တော်မယ့် သစ်ပင်ဆိုတာ သစ်ခေါက် မထူလွန်း၊မကြမ်းလွန်း၊သစ်ပင်က မပျိုလွန်း၊မအိုလွန်း။ သစ်ပင်မှာ ကြေးညှိတွေ လည်း ကပ်မနေရ။ သိပ်လည်းသန့်ရှင်းလွန်း မနေရ။ ရေစက်တွေလည်း စိုစွတ်မနေရ။သစ်ခေါက်တွေ ခြောက်သွေ့ လည်း မနေရ။ အဓိက ကတော့ နွယ်ကပ်ပင်တွေ ကင်းလွတ်နေတဲ့ အပင်ရယ်ပေါ့...လို့ စဉ်းစားခဲ့တာ ပြင်ပရုပ်သွင်ကို အကဲဖြတ်နေခဲ့တာပင်။

သူပြောတဲ့ စိတ်အထာက စိတ်ဝင်စားစရာကောင်းလိုက်တာ။ soul mate ဆိုတာ ဒီလိုမျိုးလည်း ဖြစ်နိုင်သားလို့ ရယ်စရာတွေးမိပြန်။

ခုနှစ်ချက်မြောက်က ဒေါင်လိုက်သစ်ပင်ဖက်ပါ တဲ့။ ကျွန်မလည်း ရေပြင်ညီမျဉ်းအလိုက် သစ်ပင်ဖက်ဖို့ တစ်ခါမှ မစဉ်းစားဖူးပါ။ ဘယ်သူများ စဉ်းစားဖူးလဲလို့ သိချင်လိုက်တာ။ သူဆက်ပြောတာက လက်တွေနဲ့ သစ်ပင်ကို ဝိုင်းပတ်ထားပြီး မျက်နှာကို မျက်နှာနဲ့လည်း မခြစ်မိအောင် သတိကြီးစွာနဲ့ ပင်စည်ကို ပါးနဲ့ နူးနူးညံ့ညံ့လေး ဖိကပ်လိုက်ပါတဲ့။

ဒါတစ်ခါတော့ သေချာလေပြီ။ သစ်ပင်ဖက်ဖို့ ကြွေးကြော်နေသူ ကျွန်မကို ဂေါက်သွားရှာသလားလို့ မယုံမရဲဖြစ်နေသူတွေမှာ ဒီလို သစ်ပင်ဖက်နေပုံသာ မြင်လိုက်ရရင် ဘယ်လို တရားဝင် တံဆိပ်ကပ်ကြလေမယ် မသိ။ ထားပါလေ။ သူ့နည်းလေး ဆက်ညွှန်းချင်သေးတာ။

သစ်ပင်ကို တင်းတင်းကျပ်ကျပ် ဖျစ်ညစ်ထားပါ ။ အသက်ပြင်းပြင်း ရှုသွင်းပါ။သစ်ပင်နဲ့ တစ်သားတည်း ဖြစ်ပါစေတဲ့။ ဒီလိုအချက်လေးတွေ ဖတ်နေရင်းမှာပင် စိတ်ချမ်းသာနေမိတာရယ်။ ရှစ်ချက်မြောက်ကတော့ မြေပေါ်မှာ ထိုင်ချကာ သစ်ပင်ခြေကို ခြေထောက်နဲ့ ထွေးပတ်လိုက်ပါ။ တချိန်တည်းမှာပဲ လက်နဲ့ပွေ့ဖက်လိုက်ပါတဲ့။

ဒီနည်းကတော့ ဘောင်းဘီရှည်နဲ့မှ ဖက်လို့ရမယ့်နည်းပေပဲ ။ကျွန်မက ဘောင်းဘီအတိုအရှည် ဝတ်လေ့ဝတ်ထ မရှိသူမို့ စိတ်ထဲမှာ ဘောင်းဘီနဲ့ သစ်ပင်ကို ကားယားခွထားမယ့်ပုံကို မြင်ယောင်တိုင်း ပြုံးမိပြန်။ ဒါပေမယ့်လည်း လုပ်ဖူးတယ်ရှိအောင် စမ်းကြည့်ဦးမှပါလေနော်။

နောက်ဆုံးကတော့ အပေါ်လေထဲမှာ သစ်ပင်ဖက်ခြင်း တဲ့။ ခေါင်းစဉ်မှာထဲက ပါပြီးသားရယ်လေ ...။ လိုအပ်ချက်ကတော့ သစ်ပင်ပေါ်တက်ဖို့ပါ။ ငယ်ငယ်တုန်းက တက်ဖူးတဲ့ သစ်ပင်ဆိုလို့ အိမ်ဝင်းခြံအနောက်က စကားဝါပန်းပင်ပဲ ရှိခဲ့တာ။ အပင်လေးကလည်း နိမ့်နိမ့်လေး။ ဒါတောင် သစ်ပင်တက်တာ မဆိုနိုင်ပါ။ ခြံစည်းရိုးကတဆင့် ခြေမြင့်မြင့်လှမ်းတာသာ။ ခုတော့ သစ်ပင် တက်တော့မယ်ကွယ့်။

ခုလို ကြီးမှပေါက်တဲ့ဝက်သက်လည်း ဘယ်သူဆီမှာမှ မတွေ့နိုင်တော့ဘူးထင်ပါရဲ့။ ဒါပေမယ့် အဖော်ကောင်းရင်တော့ မိုးထိမြင့်လု သစ်ပင်ဖျားမှာ နားချင်သေးတာ။ သူက သစ်ပင်ပေါ်နေနည်းပါ ဆက်ရေးသေးတာလေ။ သန်မာတဲ့သစ်ကိုင်းမှာထိုင် ခြေထောက်တွေကို ခွထားပါတဲ့။ ပျော်စရာတော့ အရမ်းကောင်းမှာ အမှန်နော်။ တစ်ယောက် သစ်ကိုင်းတစ်ခုစီ ထိုင်ရင်း သစ်ပင် ကိုယ်စီဖက်လို့။

နိဂုံးချူပ်ပြောတာကတော့ ရှေ့ကို ကိုင်းညွတ်ပြီး ဖက်နေစဉ်မှာ ဝမ်းဗိုက်ပါ သစ်ပင်မှာ မှီချလိုက်ပါတဲ့။ အချက်တွေလည်း ကုန်သွားပါပေါ့လား။ နေ့စဉ် ဒီအချက်တွေ ဖတ်လို့ သစ်ပင်ဖက်ဖို့ ကြိုးစားတာလည်း ကြာခဲ့ပြီ။ ဒါပေမယ့် အထမမြောက်သေးပါဘဲ။ တစ်နေ့နေ့ပေါ့ကွယ်။

သစ်ပင်များကို အမြတ်တနိုးငေးလျက်… တစ်ခုသောအခိုက်မှာတော့ သဘာဝနဲ့ တစ်သားတည်းဖြစ်ခွင့် ကြုံလာဦးမှာ ယုံကြည်လျက်…. ကျွန်မ သစ်ပင်တွေကြား လျှောက်သွားနေပါဦးမယ်။

စာကြွင်း။ တကယ်လို့ သင် သစ်ပင်ဖက်ပြီးရင်လည်း ကြည်နူးစရာအတွေ့အကြုံတွေကို ကျွန်မကို မျှဝေပါဦးနော် :))

Gerry Adams*

Ref: How To Hug a Tree by Phylameana lila Desy,
The Life of Trees by Linda Baxter