30 May 2010

အမှန်ခြစ်လေးတစ်ခု...


ဖြတ်သွားဖြတ်လာ
သမုဒယတွေထဲ
ဧည့်သည်ကောင်းလေးဟာ ညီမလေးပေါ့…

လွမ်းတယ်ဆိုတာ
ညီမလေးရဲ့ ဆိုရိုးစကား။
ဒဏ်ရာတွေကို သပ္ပါယမျှစေတဲ့ စည်းနရီ။
ညီမလေးရွတ်တဲ့ အံ့ဖွယ်တပါးရယ်။

ခေါက်ဆွဲကြော်ကြိုက်တဲ့ ညီမလေးဟာ
သံယောဇဉ် ဋီကာချဲ့တော်သလို
အဲဒါပေါ့ …လို့ အစချီကာ
သြဝါဒချွေတတ်သူလေးပါ။

“တစ်နေ့ကျ ခြေရာဖျောက်သွားမှာ”လို့
ရာဇသံပေးပေမယ့်
အထီးကျန်ခြင်းမှာ ကျွန်မ အလုံပိတ်နေတဲ့အခါ
“ မမက သိပ်ဆိုးတာပဲ ” လို့ မြည်တွန်တတ်သေးတာ။

ညီမလေးပေါ့…
ဇာတာလွဲနေတဲ့ အိပ်မက်တိတ္ထုံကို နာပျော်စေခဲ့။
ညီမလေးဟာ…
ရာသီခွင်မှားနေတဲ့ နက္ခတ်ကို စုတေစေခဲ့။
ညီမလေးလေ…
နာတာရှည်စွဲနေတဲ့ ညီမျှခြင်းတွေကို ထိန်ညီးစေခဲ့။

မေထုန်ရာသီဖွား ချစ်ရတဲ့ ညီမလေးရေ…
ဟော…ကြည့်။
ညီမလေးကြောင့်သာ
သမ္မာဒေဝနတ်တွေ ဥဒါန်းကျူးစရာ
သက္ကရာဇ်လေးတစ်ခု ဖြစ်ထွန်းလာပြန်တာ။

တကယ်ပါ ညီမလေးရဲ့…
တွေ့ဆုံခြင်းပန်းကလေးဟာ ဖျတ်ကနဲပွင့်တဲ့ ဆုလာဘ်တစ်ခုလေ။

သို့ပေမယ့်လည်းပေါ့ ... ညီမလေးရယ်
ဆူကြုံနိမ့်မြင့် လောကဓံတွေကြား
ဝေးကြမယ့်တစ်ချိန်မှာ
ကယုကယင်စကား နုံ့နဲ့သူကို
ဒီကဗျာလေးနဲ့ ကြေအေးလိုက်ပါကွယ်။..။

မယ်ကိုး
၃၀၊မေ၊၂၀၁၀။



(ဒီကဗျာလေးဟာ စာဖတ်သူကနေ ညီအစ်မအရင်းလို ရင်းနှီးချစ်ခင်မိတဲ့ ညီမလေးငုဇာခိုင်အတွက် မွေးနေ့လက်ဆောင်ဖြစ်ပါတယ်။ရှင်သန်သမျှ ကာလခဏတိုင်းမှာ ပျော်ရွှင်ခြင်းတွေကို ညီမလေး ပြည့်ပြည့်ဝဝပိုင်ဆိုင်နိုင်ပါစေလို့ ...)

28 May 2010

“ထောင့်ချိုးတစ်ခုရဲ့ ဖြောင့်မျဉ်း"


မသိလို့ မေးပါရစေ။ တစ်ကယ်ပဲ နောက်ကြောင်းဆိုတဲ့အရာမျိုးဟာ ကြာလာတာနဲ့အမျှ မှိန်ဖျော့ကာ လွင့်ပျောက်သွားတတ်ပါသလား။

တစ်ခါတစ်လေ ပင်လယ်လေကို ရှုရိုက်ရင်း၊ တစ်ခါတစ်ရံ ပင်လယ်ရေကို ငေးကြည့်ရင်း ဟိုးအဝေးကအရိပ်တွေအကြောင်းကို သူအကြိမ်ကြိမ် ပြန်စဉ်းစားမိတဲ့အခါတိုင်း သူ့ဦးခေါင်းမှာ ဗလာသက်သက်သာ ဖြစ်နေခဲ့တယ်။ တစ်ကယ်တော့ ထိုဗလာသက်သက်တွေကိုချည်းပဲ ဖက်တွယ်ရှင်သန်ရင်း အဓိပ္ပာယ်မဲ့သောဘဝတစ်ခုမှာ သူ့အတိတ်ကို သူမေ့နေခဲ့တာ ကြာခဲ့ပြီပဲလေ။

“ဒီနေ့ကပ်မယ့် ကမ်းက ခင်ဗျားရဲ့မြို့ပဲဗျာ့။ နေခဲ့ချင်သပါ့ဆိုလည်း နေခဲ့နိုင်တယ်နော်”

ဒီလို မိုးသားကင်းစင်တဲ့နေသာချိန်လေးမှာ ကပ္ပတိန်က သူ့ကို လာပြောတယ်။ ဒါပေမယ့် သူပျော်သွားခဲ့သလားဆိုတာ မသေချာခဲ့ပြန်ပါဘူး။ ကမ်းရိုးတစ်လျှောက် ကြည့်လိုက်ပြန်တော့လည်း သူ့နာမည် ခေါင်းစီးစာတန်းတွေ၊ အတီးအမှုတ်တွေနဲ့ ကမ်းလုံးပြည့်လူတွေက သူ့နာမည်ကို အော်ဟစ်နေကြလေရဲ့။ ကမ်းခြေရောက်တော့လည်း လူတွေက ပျော်ရွှင်ကခုန် နေရင်း သူ့ကို ဖက်လှဲတကင်း ကြိုဆိုကြတယ်။ ဒါပေမယ့် မီးနစ်ပိုင်း အနည်းငယ်မှာတင် ဒီလူတွေက သူ့အိမ်ပြန်အလာကို ပျော်နေတာလားဆိုတာကို သံသယဖြစ်လာရတယ်။

သူကို ဘယ်သူကမှ အရေးတယူမရှိကြတော့။ သူ့နာမည် စာတန်းးတွေ။ ဆိုင်းဘုတ်တွေနဲ့။ အားလုံးက ပျော်ပါးကြ၊ ကကြ၊ စားသောက်နေကြ။ ဒါပေမယ့် သူ့ကို ကျောခိုင်းကာ။ ဒီလိုနဲ့ မြို့ထဲလမ်းမပေါ် သူ ခေါင်းငိုက်စိုက်လမ်းလျှောက်လာရင်း အိမ်တစ်အိမ်ရှေ့အရောက် မိသားစု တစ်စုက ထွက်လာပြီး သူ့ကိုဝိုင်းဖက်ကြတယ်။ ပြီးတော့ အပြုံးတွေနဲ့ ငိုကြ။ ယိုကြ။

သူ့အတွက်နဲ့ မျက်ရည်ကျသူတွေ ရှိနေပါသေးလား။ ဝမ်းသာလွန်းလို့ စကားမဆိုနိုင် ဖြစ်နေဆဲမှာပဲ ကလေးလေးက သူ့ကို ဖေဖေလို့ ခေါ်တယ်။ ကလေးလေးရဲ့ အခေါ်အဝေါ်ကြောင့် သူသိပ်အံ့သြ သွားမိတယ်။ ဒါဆို သူဟာ အိမ်ထောင်ရှင် တစ်ယောက်ပေါ့။ ဟို အမျိုးသမီးကရော သူ့ဇနီးလား ။ ဘာဖြစ်လို့ သူ့ကို လာမကြိုကြတာလဲ လို့ မေးမလို့ ပြင်ခိုက် သူ့ကို အိမ်ထဲ ဆွဲခေါ်သွားတယ်။

အမျိုးသမီးက “ရှင်ပြန်လာလို့ အရမ်းဝမ်းသာတယ်။ ခဏနေရင် အလုပ်သွားဖို့ ပြင်တော့နော်” ဆိုပြီး ယူဆောင်စရာတွေ သူ့ကို လာပေးတယ်။ ပြီးတော့ “ဒါတွေလည်း ရှင်းပေးဦးနော်” ဆိုပြီး ပေးစာရင်းတွေ ၊ အခွန်ရှင်းစာရွက် တွေ သူ့လက်ထဲလာထည့်ပေးတယ်။ သူတအံ့တသြနဲ့ မငြင်းနိုင်သေးခင်မှာပဲ သူမရောကလေးလေး အရိပ်ပါ ပျောက်ကွယ်သွားတယ်။

ဒါနဲ့ သူစိတ်ပျက်လက်ပျက် အိမ်ပြင်ထွက်လာမိတော့ အိမ်နီးချင်းတစ်ယောက် နဲ့ မျက်နှာချင်းဆိုင်တိုးမိတယ်။ အဲဒီလူက “ခင်ဗျား အလုပ်သွားမလို့လား။ ဝမ်းသာလိုက်တာဗျာ” ဆိုပြီး သူ့ကို ဖက်ပြန်ပါရော။ ဒီတစ်ခါတော့ လူတွေ ဘာဖြစ်လို့ သူ့ကို တွေ့ရင် ဝမ်းသာကြောင်းပြတာလဲ လို့ ဖွင့်မေးချင်ပေမယ့် နှုတ်လုံနေခဲ့မိတယ်။ အလုပ်က လူတွေကလည်း သူ့ကို ဝမ်းသာလှိုက်လှဲ ကြိုဆိုကြပါတယ်။

ဒါပေမယ့် သူမပြုံးနိုင်တော့ဘူး။ ဒီစက်ရုံမှာ ရှိတဲ့ လစာရှင်းတမ်းတွေကပါ တပြိုင်တည်း သူ့ကို စောင့်နေတာ သိလိုက်ရတယ်။ အဲ့ဒါသူ့အလုပ်တဲ့လေ။ ဒီလိုနဲ့ နောက်တစ်နေ့ လှေကြီးပေါ် သူပြန်ရောက်လာတော့ ကပ္ပတိန်က ပြုံးလို့ကြိုနေတယ်။

“ခင်ဗျား ကြည့်ရတာ တစ်ခုခုကို ကျေနပ်နေပုံပဲ” တဲ့။

သူ ကြိုးစားပြီး ပြန်ဖြေလိုက်တယ်။ “ကမ်းမှာ လာကြိုသူတွေကတော့ အတော်ပျော်နေခဲ့ပုံပဲ။ ကျွန်တော့်ကို အကြောင်းပြုပြီး ပျော်ပွဲရွှင်ပွဲလုပ်ဖြစ်သွားလို့ပေါ့ဗျာ။ ကျွန်တော့်မိသားစုဆိုတာကလည်း ပျော်နေကြတယ်။ ငွေရှာပေးမယ့်သူ ရောက်လာလို့ ထင်ပါရဲ့။ အလုပ်က လူတွေကလည်း ပျော်နေကြတယ်။ သူတို့ လစာတွေကို ကျွန်တော်က ရှင်းပေးမှ ရကြမှာတဲ့လေ… ဒါပေမယ့်ဗျာ သူတို့တွေ ဘယ်လိုအကြာင်းအရင်းကြောင့်ပဲ ပျော်ကြရွှင်ကြပါ အားလုံးရဲ့ တစ်မျိုးစီသော ဆန္ဒတွေ၊ အခက်အခဲတွေကို ကျွန်တော်က တတ်စွမ်းသမျှ ကူညီဖြေရှင်း ဖြည့်ဆီး ပေးနိုင်ခဲ့လို့ ကျွန်တော် ကျေနပ်ပါတယ်ဗျာ”
ရွက်လှေက ကမ်းက ခွာစ ပြုနေပေပြီ။

photo credits:boomeryearbook.com


ဇာတ်လမ်း ရှေးစာဆို ။ စကားပြေ မယ်ကိုး


22 May 2010

‘In an ICU room’ (အရေးပေါ်အခန်းထဲမှာ...)


ခုတလော ကဗျာရေးချင်နေတာမို့ မမ မနော်ဟရီ tag တဲ့ A to Z သိုးဆောင်းအက္ခရာ ဖွင့်ဆိုချက်လေးတွေကို ကဗျာအဖြစ်ဖွဲ့လိုက်မိပါတယ်။ (အမြင်မတော်သူများ သည်းခံဖတ်ရှုပေးကြပါရန် :D)


‘In an ICU room’


Don’t give me a general anesthetic. (A: anesthetic)

A bandaged dream (B: bandage)
A cancerous thinking (C: cancer)
A racist dagger (D: dagger)
An era of late roosting (E: era)

But … Excuse me,

I’ll move along with frail wings. (F: frail)
Gifted traps, (G: gifted)
Hideous rays and (H: hideous)
Irritant laughs... (I: irritant)

Is this Jinx or Karma? (J: Jinx) (K: karma)
How can I redeem my tomorrows from its laboratory? (L: laboratory)
When I tend to magnify, (M: magnify)
I saw the nameless strings. (N: nameless)

Please tell me a lie that it’s not overdue. (O: overdue)

Here goes, A prepaid promise, (P: prepaid)
A quaver sky, (Q: quaver)
A smiling rainstorm and then... ( R: rainstorm )
... A searing road. (S: sear)

Whatever … I can’t leave them easily.

Grasping tedious tunes, (T: Tedious)
Ulterior words, (U: Ulterior)
Vague pillars and (V: Vague)
Weary sighs. (W: Weary)


After all,
...

With Xenophobia, (X: Xenophobia)
'loving kindness …loving kindness'
I yearn this bitter longing persistently.(Y: yearn)

Ah! What a difficulty to die!

Although I tell a Satanism story to myself,
A little hope takes a place at Zenith. (Z: Zenith)

...................................................................................................................................

cloud photography by Dàvid Andersen
...................................................................................................................................

“ အရေးပေါ်အခန်းထဲမှာ..”


မေ့ဆေးမပေးနဲ့တော့။

ပတ်တီးစီးထားတဲ့ အိပ်မက်များ..
ကင်ဆာဖြစ်နေတဲ့ အတွေး…
လူမျိုးရေးခွဲခြားမှု ဓားမြှောင်…
အိပ်တန်းပြန် နောက်ကျတဲ့ခေတ်…

ဒါပေမယ့် … ခွင့်ပြုတော့။
ချည်နဲ့နဲ့ အတောင်ပံနဲ့ ဆက်လက်ရွေ့နေဦးမယ်။

ပါရမီပြည့် ထောင်ချောက်များ။
ကြောက်မက်ဖွယ်ရောင်ခြည်တွေနဲ့
ကသိကအောက်ရယ်သံများ...

ဒါ ဂြိုဟ်ဆိုးလား။ ကြမ္မာလား။

သူ့ဓာတ်ခွဲခန်းထဲက ကျွန်မရဲ့မနက်ဖြန်တွေကို
ဘယ်လိုပြန်ရွေးရမလဲ။
ပုံကြီးချဲ့ကြည့်တဲ့အခါ
အမည်မဖော်နိုင်တဲ့ ကြိုးတွေ။

ကျေးဇူးပြုပြီး အချိန်မလင့်သေးဘူးလို့ ညာပြောပါဦး။

ဒီမှာပေါ့...
ကြိုတင်ပေးချေထားတဲ့ ကတိ။
တုန်ယင်နေတဲ့ ကောင်းကင်။
ပြုံးနေတဲ့ မိုးသက်မုန်တိုင်းနဲ့
ပြီးတော့
အပူဟပ်နေတဲ့ လမ်း။
ဘာပဲဖြစ်ဖြစ်…. အသာလေးမထားခဲ့နိုင်ဘူး။

ငြီးငွေ့ဖွယ် တေးသွား။
ကွယ်ဝှက်ထားတဲ့ စကားလုံးများ။
ဝေဝါးဝါး မိုင်တိုင်များ။
နွမ်းနွမ်းနယ် သက်ပြင်းများကို ဆုပ်ကိုင်ရင်း...

...
အဆုံးမှာတော့

သူစိမ်းကြောက်ရောဂါစွဲကာ
“ မေတ္တာ ... မေတ္တာ...”
ချင်ခြင်းခါးခါးကို တစာစာ တ,မိလေပြီ။

အလို...သေနိုင်ခဲပါလားနော်။

မာရ်နတ်ပုံပြင်ရွတ်နေဆဲမှာပင်
မျှော်လင့်ခြင်းငွေ့ငွေ့ဟာ
ဘဝဂ်မှာ နေရာယူပြန်။ …။


14 May 2010

“ အသက်ကယ်ခြင်း”



အရှင်လတ်လတ် လွတ်မြောက်ချင်ပါပြီ။

အနိစ္စရပ်ဝန်းအောက် တမ်းတခြင်းအလှည့်ရောက်အောင် တန်းစီစောင့်နေရ။
မဟာပထဝီကို တိုင်တည်
နတ်အပေါင်းကို ရည်ရွယ်

………………
ဤမှန်သော သစ္စာစကားကြောင့်...
Shit!
ဘာလို့ မမေ့သေးတာလဲ။

သံလျှော့ သံတင်းနဲ့ သံချိုသီချင်းဆိုနေတယ် ထင်လား။
ကရော်ကမည် မပြုံးသင့်ဘူးကွယ့်။
လူသားချင်း စာနာထောက်ထား!
ရက်စက်တယ်ဆိုတာ သင့်ရုံပဲကောင်းတယ် ကျေးဇူးရှင်လေးရဲ့။

အရေပါးသူပါလေ။
စေတနာရှင်တွေ နားချသလို
ကိုယ့်ကိုကိုယ် သနားချိန်ကျပြီ။

အသေခံအသည်းကွဲရလောက်အောင်
မရူးနှမ်းသေးတာမို့
နောက်ဆုတ်လို့ ကြိုးဖြေတဲ့အခါ...
ဦးဆွေးဆံမြည့်အောင် ဒဏ်ရာတွေ မြုံနေမယ်ဆိုလည်း
ရှိစေ။

မေ့မယ်ဆိုတဲ့ အာမဘန္တေနဲ့
အလွမ်းဆို နကန်းတစ်လုံးပင် မသိလိုတော့။…။


မယ့်ကိုး
၁၄၊မေ၊၂၀၁၀

12 May 2010

မှော်မီးအိမ်



ကျွန်မပြောလေလေ လူတွေက သံသယထားလေ ဖြစ်နေတာ။ဆုံမိတဲ့ လူတိုင်းက ကျွန်မကို သတိထားနေကြတယ်လေ။ သူတို့ရဲ့အဖော်အဖြစ် ရိုးရိုးသားသားပျော်ချင်လို့ သွားတွေ့တာတောင် အထူးဆန်းဆုံး အကြည့်တွေနဲ့ နှုတ်ဆက်ကြရင်း ကျွန်မ ဘာလို့လာတာလဲ ဆိုတာ စူးစမ်းကြလေရဲ့။
သည်းခံဖို့ ခက်ခဲလှပါတယ်။ ဘယ်နေရာမှ သွားချင်စိတ် မရှိတော့ပါဘူး။ ဒီနေ့ အိမ်နားက အများသုံးရေချိုးအိမ်ကို သွားခဲ့ပေမယ့် ကျွန်မကို ဘယ်သူမှ မမြင်အောင်လို့ ညနေအထိ စောင့်ခဲ့ရပါတယ်။နွေလည်တည်းက ဝတ်ခဲ့တဲ့ ကျွန်မရဲ့ ချည်သားကီမိုနိုဟာ ဆည်းဆာရိပ်မှာ အဖြူရောင်တောက်ပနေတုန်းဖြစ်လို့  သိပ်ပြီးမြင်သာထင်သာ ပေါ်လွင်နေမလားဆိုကာ ပူပန်နေမိလို့ရယ်။

ဒါပေမယ့် မနေ့ကစလို့ ရာသီဥတုဟာ သတိပြုမိလောက်အောင် အေးလာခဲ့ပါပြီ။ ဆောင်းရာသီ အဝတ်ဗီရိုကို ကျွန်မတို့ အသုံးပြုရဖို့ သိပ်မကြာတော့ဘူးလေ။အနက်ရောင်နောက်ခံနဲ့ အောက်ခံမပါတဲ့ ကီမိနိုကို ကျွန်မလဲလှယ်လိုက်ပါတယ်။ လူတွေက နောက်နှစ်နွေမှာလည်း ဒီအဖြူရောင်ကီမိုနိုနဲ့ ကျွန်မကို စိုက်ကြည့်မှာလား… တစ်နှစ်လုံး ဒီလိုမျိုးကုန်ဆုံးရမှာလားဆိုတဲ့ အတွေးတွေကို သည်းမခံနိုင်တော့ပါဘူး။ ဟင့်အင်း ။ ကျွန်မ မစဉ်းစားဝံ့သေးဘူး။ 


လာမယ့်နွေမှာတော့ ထင်းကနဲမြင်သာတဲ့ နံနက်ခင်းကျက်သရေအဆင်ကို လူတွေကြားထဲ ဝတ်ထားလည်း ခွင့်ပြုလက်ခံမယ့် မိတ်ဆုံပွဲကို တက်ရောက်ရတော့မှာ။ ဒါ့အပြင် ဘုရားကျောင်းတွေ၊ ဗိမာန်တွေရဲ့ ပွဲတော်မှာ လူအုပ်ကြားထဲရောနှောဖြတ်သွားရမှာမို့ မျက်နှာချေပါးပါးလည်း လိမ်းချင်သေးတာ။ ဒါဟာ ဘယ်လောက် အံ့သြဝမ်းသာစရာကောင်းမှာပါလိမ့် လို့ တွေးမိတိုင်း စိတ်လှုပ်ရှားမှုတွေနဲ့ ကျွန်မနှလုံးသားက တိုးလို့ ခုန်လာပြီလေ။

ဟုတ်ကဲ့။ သူခိုးအဖြစ် ကျွန်မ ကျူးလွန်ခဲ့ဖူးပါတယ်။ မငြင်းပါဘူး။ ကျွန်မ လုပ်ခဲ့တာအတွက်လည်း ဂုဏ်မယူခဲ့တာ အသေအချာပါ။ကောင်းပါပြီ။ ဒါတွေ ဘယ်လို စတင်ခဲ့တယ်ဆိုတာ  ရှင့်ကိုပြောခွင့်ပေးပါဦး။လူတွေ ဘာကိုတွေးမလဲဆိုတာ ကျွန်မ အရေးမစိုက်ပါဘူး။ သူတို့ ထင်မြင်ချက်တွေကလည်း ကျွန်မအတွက် အရေးမပါ ပါဘူး။ ဒါပေမဲ့ ကျွန်မဇာတ်လမ်းကို ရှင် ယုံကြည်နိုင်တယ်ဆိုရင်…ဟုတ်ကဲ့။ ကျွန်မ အတော်လေး နေသာထိုင်သာရှိလာနိုင်လို့ပါ။ ကျွန်မက သစ်သားခြေစွပ်ဖိနပ်(ခုံဖိနပ်)တွေလုပ်တဲ့ ဆင်းရဲသားရဲ့သမီး….တစ်ဦးတည်းသောသမီးပါ။ 

“ဟေး...မမ” ဆိုတဲ့ အိမ်နီးချင်းကလေးတစ်ယောက်ရဲ့  အိမ်နောက်ဖက်ဆီ လှမ်းခေါ်သံကို မနေ့ညက မီးဖိုချောင်မှာ နွေဦးကြက်သွန်နီတွေကို လှီးနေရင်း မျက်ရည်တွေနဲ့ ကြားခဲ့ရတာ။ အဲဒီအခိုက်လေးမှာ လှီးနေတာကို ရပ်လိုက်ပြီး အလှုပ်အရှားမဲ့ ထိုင်နေမိပါတယ်။ ကျွန်မကို လိုအပ်တဲ့ မောင်လေးညီမလေး တစ်ယောက်ယောက် ၊ ဒီကလေးလိုမျိုး မကြာခဏ အော်ခေါ်တတ်တာမျိုး ရှိခဲ့ရင် ကျွန်မဘဝဟာ ဆိုးဆိုးရွားရွာပြောင်းလဲသွားလိမ့်မှာ မဟုတ်ဘူးလို့ သဘောပေါက်လိုက်မိလို့ရယ်။ ကြက်သွန်နီရဲ့ ကျိန်းစပ်စေမှုဟာ ပြယ်သွားပြီဖြစ်ပေမယ့် မျက်ဝန်းအိမ်ထဲမှာ မျက်ရည်ပူတွေ အိုင်ထွန်းလာခဲ့ပါတယ်။ လက်ဖမိုးနဲ့ မျက်ရည်သုတ်လိုက်တဲ့အခါ စူးရှနာကျင်ခြင်းဟာ ပိုလို့ ဆိုးလာခဲ့။ မျက်ရည်တွေဟာ အဆုံးမဲ့ စီးဆင်းလာပြီး ခိုကိုးရာမဲ့သလို ခံစားခဲ့ရပါတယ်။
  
ပြီးခဲ့တဲ့ နွေဦးမှာတော့ ချယ်ရီတွေဟာ သူတို့ရဲ့ အကောင်းဆုံးကိုတောင်ကျော်လွန် ပွင့်လန်းခဲ့ကြတာပေါ့။ ပန်းရောင်၊အပြာရောင် အတွန့်လေးတွေနဲ့ အိုင်းရစ်ပန်းတွေဟာ ပန်းစင်ပေါ်မှာ ပေါ်ဦးပေါ်ဖျားဖြစ်ခိုက်၊ ဆံသဆရာဆိုင်မှာ အတင်းအဖျင်းတွေကလည်း  အစပျိုးနေချိန်၊ ပျက်စီးနေတဲ့ မိန်းကလေးတွေကလည်း နောက်ဆုံးမှာ ယောက်ျားတွေကို အမိဖမ်းလုပ်ငန်းစတဲ့အခါလေ။  ထိုစဉ်တုန်းက ကျွန်မက ပိုလို့ပျော်နေခဲ့တာရယ်။ ဆည်းဆာတိုင်းမှာ မိဇုနိုစံက ကျွန်မကို တွေ့ဖို့ ရောက်လာတတ်တာမို့။

ညမရောက်ခင် ဆည်းဆာမှာ ကီမိုနိုကိုလဲ၊ မျက်နှာချေပါးပါးလိမ်းလို့ သူရောက်လာပြီလားဆိုကာ အိမ်ထဲဝင်လိုက်ထွက်လိုက်လုပ်ပြီး စောင့်နေခဲ့လေရဲ့။ အိမ်နီးချင်းတွေက ဒါတွေအားလုံးကို စိတ်ဝင်စားနေကြပြီး “ ကြည့်ပါဦး။ ခုံဖိနပ်ဆိုင်က ဆကိနို စိတ်လှုပ်ရှားနေလိုက်တာ ” လို့ ကျွန်မကို လက်ညှိုးထိုပြောဆိုကာ သူတို့အကြား တီးတိုးရေရွတ်ခဲ့ကြ ၊ ရယ်ပွဲဖွဲ့ခဲ့ကြတယ်ဆိုတာ နောက်ပိုင်းမှာ ပြန်ကြားခဲ့ရပါတယ်။

ဒီနှစ်မှာ ကျွန်မအသက် နှစ်ဆယ့်လေးနှစ်ရှိပေမယ့် လက်မထပ်ရသေးပါဘူး။ လက်မထပ်ရသေးတဲ့ အကြောင်းရင်းကတော့…တကယ်ပါ… ဆင်းရဲလို့ဆိုတာထက်… မာတာမိခင်ကြောင့်ပါ။ အမေဟာ အိမ်နားက အရေးပါတဲ့ မြေပိုင်ရှင်ရဲ့ အပျော်မယားဖြစ်နေလျက်နဲ့ အဖေနဲ့ ငြိတွယ်ခဲ့ကြပါတယ်။ အမေက သူ ပိုင်ဆိုင်သမျှ အားလုံးကိုမေ့ပစ်ကာ အဖေနဲ့ ထွက်ပြေးပြီး မကြာခင်မှာ ကျွန်မကို မွေးခဲ့လေတာ။ ပြဿနာကတော့ ကျွန်မရဲ့ရုပ်ရည်ဟာ မြေရှင်နဲ့ရော အဖေနဲ့ပါ နည်းနည်းလေးမှ မဆင်ခဲ့တာရယ်။

အမေက ပိုပြီး သီးသန့်နေလာပြီး အပယ်ခံဖြစ်လာခဲ့ပါတယ်။ ဒီလိုအမျိုးသမီးရဲ့ သမီးဖြစ်တာမို့ သဘာဝကျစွာပဲ ကျွန်မမှာ လက်ထပ်ဖို့ အခွင့်နည်းပါတယ်။ ဒါပေမယ့် ကျွန်မရဲ့ ရုပ်ရည်နဲ့ ကံသာ တူညီခဲ့မယ်ဆိုရင် ချမ်းသာတဲ့ မင်းမျိုးစိုးမျိုးထံမှာ ကျွန်မ မွေးဖွားလာနိုင်ခဲ့မှာပါ။ ဒါပေမယ့်လည်း အဖေ့အပေါ်မှာရော အမေ့ဆီမှာပါ ကျွန်မ အတေးအမှတ် မထားပါဘူး။ အဖေ့သမီးလို့ပဲ အစွမ်းကုန် ဆုံးဖြတ်ထားခဲ့ပါတယ်။ တခြားသူတွေ ဘယ်လိုပင်ပြောလာကြစေဦးတော့ ကျွန်မ ခိုင်မြဲစွာယုံကြည်ထားဆဲရယ်။ မိဘနှစ်ပါးလုံးက ကျွန်မကို ကောင်းမွန်စွာ စောင့်ရှောက်သလို ကျွန်မကလည်း ရိုရိုသေသေ ဂရုစိုက်ပါတယ်။

အမေနဲ့အဖေဟာ အားနည်းချက်ရှိသူတွေမို့ သူတို့ရဲ့ ကလေးကိုတောင် အထိန်းအကန့်လေးနဲ့ ပြုမူဆက်ဆံကြတယ်လေ။ အားငယ်ပြီး ရှက်ကြောက်တတ်တဲ့သူတွေကို ကျွန်မတို့ ကြင်နာသင့်တယ်လို့လည်း ယုံကြည်မိဆဲပါ။ မိဘတွေအတွက် နာကျင်မှုနဲ့ အထီးကျန်မှုတွေကို ကြံ့ကြံ့ခံနိုင်အောင် ကျွန်မပြင်ဆင်ထားတယ်လို့ တွေးခဲ့ပါတယ်။ မိဘတွေအပေါ် ကျွန်မရဲ့ တာဝန်ဝတ္တရားတွေကိုလည်း ဘယ်တုန်းကမှ မပျက်ကွက်ခဲ့ပါဘူး။ မိဇုနိုစံကို မတွေ့ခင် အထိဆိုပါတော့။

အနေခက်မျက်နှာပူစရာကောင်းပေမယ့်လည်း သူဟာ ကျွန်မထက် ငါးနှစ်လောက်ငယ်တာ ၊ စီးပွားရေးကုန်သွယ်မှုကျောင်းက ကျောင်းသားဖြစ်တာကို ကျွန်မ ပြောပြသင့်တာပေါ့လေ ။ ဒါပေမယ့် ကျွန်မမှာ ရွေးချယ်ခွင့် မရှိခဲ့ဘူး ဆိုတာကို ရှင်နားလည်ရပါမယ်။ နွေဦးကပေါ့  ဘယ်ဘယ်မျက်လုံးကြောင့် ဝေဒနာဆိုးနေချိန် မျက်စိအထူးကုဆရာဝန်ရဲ့ လူနာစောင့်ခန်းမှာ  သူ့ကို တွေ့ခဲ့တာဖြစ်ပါတယ်။ ကျွန်မဟာ မြင်မြင်ချင်း ချစ်မိသွားတတ်တဲ့ မိန်းမအမျိုးအစားထဲက တစ်ယောက်ရယ်သာ။



သူ့ရဲ့ ဘယ်မျက်လုံးပေါ်မှာလည်း ပတ်တီးဖြူလေး ရှိနေခဲ့ပါတယ် ။ ကျွန်မလိုပါပဲ။ သူဟာ အဘိဓာန်ငယ်လေးကို လှန်လှောကြည့်လိုက် ၊ မျက်မှောင်ကြုံ့လိုက်နဲ့ ကြည့်ရတာ သက်တောင့်သက်သာ မရှိိခဲ့ပါဘူး။ ကျွန်မ သူ့အတွက် စိတ်မကောင်းဖြစ်နေခဲ့ပါတယ်။ ကျွန်မရဲ့ ပတ်တီးစီးထားတဲ့ မျက်လုံးအတွက်လည်း စိတ်ဓာတ်ပိုကျခဲ့ပါတယ်။ အခန်းပြတင်းပေါက်ထဲက မြင်နိုင်တဲ့ နုနုသစ်သစ် ပါစာနီးရား* အရွက်လေးဟာ ပူလောင်မှုတွေပြွတ်သိပ်နေတဲ့ လေထုထဲမှာ မှိတ်တုတ်လင်းလက်နေတဲ့ အပြာရောင်မီးတောက်လေးတွေနဲ့ ဆင်တူလာပါတယ်။ အပြင်ဖက်လောကက အရာအားလုံးဟာ အမှန်တရားဆီကနေ မှိန်ဖျော့လာကြပြီး အဲဒီအကြောင်းကြောင့်ပဲ   သဘာဝနဲ့ဆန့်ကျင်ကျော်လွန်တဲ့ အလှတရားတွေ သူမျက်နှာမှာဖြစ်တည်နေခဲ့သလားရယ်။ ဒီအကျိုးဆက်အားလုံးဟာ ပတ်တီးစီးထားတဲ့ မျက်လုံးရဲ့ မှော်အတတ်ဆီက ဖြစ်လာတယ်လို့ ကျွန်မ လွဲမှားယုံနေမိတုန်းပါပဲ။

မိဇုနိုစံဟာ မိဘမဲ့ပါ။ မေတ္တာအကြင်နာနဲ့ သူ့ကို စောင့်ရှောက်မယ့် သွေးနီးစပ်သူမရှိပါဘူး။ သူ့မိဘတွေဟာ အတော်အသင့် ချမ်းသာခဲ့ကြပေမယ့် သူ့အမေဟာ သူ ကလေးအရွယ်မှာ ဆုံးပါးသွားခဲ့ပြီး သူ ဆယ်နှစ်နှစ်သားသာသာမှာ သူ့အဖေကွယ်လွန်သွားခဲ့ပါတယ်။ မိသားစုစီးပွားရေးဖြစ်တဲ့ ဆေးဖော်စပ်ပစ္စည်းအရောင်းဆိုင်ဟာ အဲဒီနောက်မှာ ယိုယွင်းလာပြီး သူ့အစ်ကိုနှစ်ယောက်နဲ့ အစ်မတစ်ယောက်ကို ဆွေမျိုးဝေးသူတွေက ခွဲဝေယူပြီး စောင့်ရှောက်ခဲ့ကြပါတယ်။ အခုအချိန်မှာတော့ သူတို့မိသားစုရဲ့အထွေးဆုံးသားဖြစ်တဲ့ သူဟာ သူ့အဖေဆိုင်ရဲ့ စာရေးကြီးဖြစ်ပြီး ကုန်သွယ်စီးပွားမှုကျောင်းမှာ တက်နေတာပေါ့။

သူ့မှာ တော်တော်လေးခက်ခဲတဲ့ အထီးကျန်ဘဝရှိမှာကို ကျွန်မ စိုးထိတ်ခဲ့ပါတယ်။ အကြောင်းကတော့ ကျွန်မနဲ့ အပြင်ထွက်လမ်းလျှောက်ချိန်ဟာ သူ့အတွက် အပျော်ဆုံးလို့ တစ်ခါက ဝန်ခံခဲ့လို့ပါ။ သူ့မှာ တကိုယ်ရည်ပိုင်ဆိုင်မှုတွေ ချို့တဲ့နေတယ်လို့လည်း သင်္ကာမကင်းဖြစ်ခဲ့မိတာ။ သူက သူ့ငယ်ချင်းနဲ့ ရေသွားကူးမယ်လို့ ကတိပေးခဲ့တယ်လို့ ကျွန်မကို ပြောခဲ့ပေမယ့် အဲဒီအရေးကိုတွေးပြီး သူ ပျော်ပုံမရပါဘူး။ တကယ်က သူု့ကို ကြည့်ရတာ အတော်လေး စိတ်ပျက်ညှိုးငယ်ပုံပဲ ပေါ်နေလေရဲ့။

အဲဒီညမှာ ယောက်ျားလေးဝတ် ရေကူးဝတ်စုံကို ကျွန်မ ခိုးခဲ့ပါတယ်။ အိမ်နားက အကြီးဆုံးဆိုင်ဖြစ်တဲ့ ဒါအိမာရုဆိုင်ထဲကို တိတ်တဆိတ်ဝင်သွားပြီး ရိုရိုးချည်သားအမျိုးသမီးဝတ်စုံတွေအကြားမှာ ဟိုဒီကြည့်သလို ဟန်ဆောင်ရင်း ... အနက်ရောင် ရေကူးဝတ်စုံကို စင်ကနေ ခိုးကြောင်ခိုးဝှက် ဖယ်ရှားခဲ့ပြီးတော့ လက်မောင်းအောက်ထဲ ထိုးထည့်လို့ ဆိုင်ထဲက ထွက်ခွာလာခဲ့ပါတယ်။  ငါးကိုက်ထက်ပိုပြီး မလျှောက်ရသေးခင်မှာတင် တစ်စုံတစ်ယောက်က “ဟဲ့... နင်” ဆိုပြီး အော်ခေါ်ခဲ့ပါတယ်။ ကြောက်ရွံ့လွန်းလို့  အော်မိတော့မလို ဖြစ်သွားပြီး အရူးတစ်ယောက်လိုပဲ ထွက်ပြေးလိုက်မိတာ။

“သူခိုး…သူခိုး ” ဆိုတဲ့ အနောက်က စူးစူးဝါးဝါး အော်သံတွေကို ကြားခဲ့ရ။ ကျောကို လက်သီးနဲ့ထိုးသလို ခံစားရပြီး ဒယိမ်းဒယိုင်ဖြစ်သွားကာ တစ်ဖက်လှည့်လိုက်တဲ့အခါမှာတော့ မျက်နှာကိုဖြတ်ရိုက်ခံလိုက်ရပါတယ်။ နောက်တော့ ရဲစခန်းအသေးလေးဆီ ကျွန်မကို ခေါ်ဆောင်သွားကြတယ်လေ။ အဲဒီရဲစခန်းအရှေ့မှာ အိမ်နီးနားချင်းတွေထဲက ရင်းရင်းနှီးနှီးမျက်နှာတွေစုဝေးနေကြပြီး အတော်လေးကို ကြိတ်ကြိတ်တိုးနေကြတာ။ ကျွန်မရဲ့ ဆံပင်တွေ ပြေနေတာ၊ နွေရာသီကီမိုနိုအောက်နားမှာ ကျွန်မရဲ့ ဒူးတွေကို မြင်နေရတာတွေကြောင့် ကျွန်မဟာ အလွန်အမင်းစိတ်မသက်မသာစရာ ဆိုးရွားတဲ့ပုံပေါက်နေခဲ့မှာပါ။ 

ရဲစခန်းအလယ်က ဟိုဒီမလှည့်သာနိုင်အောင် ကျဉ်းမြောင်းပြီး တာတာမိဖျာခင်းတဲ့ စစ်မေးခန်းမှာ ရဲသားက ကျွန်မကို ထိုင်စေပါတယ်။ အသက်နှစ်ဆယ့်ခွန်၊ နှစ်ဆယ့်ရှစ်လောက်ရှိပြီး အသားဖြူဖြူ မျက်နှာရှည်ရှည်နဲ့ ရွှေကိုင်းမျက်မှန်တပ်ထားတဲ့ သူဟာ အောက်တန်းကျ ရိုင်းပျသူဖြစ်ပါတယ်။ကျွန်မရဲ့ နာမည် ၊ လိပ်စာ၊ အသက်တို့ကို မေးကာ သူ့ရဲ့ မှတ်စုစာအုပ်မှာ တစ်ခုချင်းချရေးပြီးတော့ ရုတ်တရက် ပြုံးဖြဲဖြဲ လုပ်ရင်း “ ဒီလိုမျိုး ဘယ်နှစ်ကြိမ် လုပ်ဖူးလဲ ” လို့ စမေးပါတယ်။ သူ့စိတ်ထဲမှာ ဘာရှိတယ်ဆိုတာ တွေးမိပြီး ကျွန်မ တုန်ခိုက်လာပါတယ်။ ဘာပြောရမယ်ဆိုတာ အခြေခံကျကျ မတွေးနိုင်အောင်ပါပဲ။ ကျွန်မ ပြန်မဖြေခဲ့ဘူးဆိုရင် သူ ကျွန်မကို ထောင်ထဲ အရောက်ပို့တော့မှာ ၊ ပြင်းထန်တဲ့ ပြစ်မှုကြီးတွေ လက်ခံရတော့မယ်ဆိုတာ သံသယဖြစ်စရာ မလိုပါဘူး။

ဒီလိုအခြေအနေက လွတ်ဖို့ ထုတ်ဖော်ပြောရတော့မယ်ဆိုတာ ကျွန်မ သဘောပေါက်ပါရဲ့။ ဖြေရှင်းနည်းတွေကို သေလုမတတ် စဉ်းစားပေမယ့် နှင်းထုထဲ ပျောက်ဆုံးနေသလို ခံစားလာရပါတယ်။ ဒီလောက်ကြောက်စရာကောင်းတဲ့ အတွေ့အကြုံကို ဘယ်တုန်းကမှ ကျွန်မ မရခဲ့ဘူးလည်းနောက်ဆုံးမှာ တစ်ခုခုတော့ပြောနိုင်ခဲ့လေရဲ့။ အသံဟာ ပုံပန်းမကျ ကြွတ်ဆတ်ပြတ်တောင်းလို့ ကျွန်မပြောတာမှ ဟုတ်ရဲ့လားတောင် ထင်စရာပါ။ ဒါပေမယ့် စကားစပြီးနောက်ပိုင်း အားပါးတရ ပိုင်ပိုင်နိုင်နိုင် ဆက်ပြောမိလေတာ။

“ရှင် ကျွန်မကို အကျဉ်းခန်းထဲ ထည့်လို့ မရဘူး။ ကျွန်မက မဆိုးဘူး။ အသက်က နှစ်ဆယ့်လေးပဲ ရှိသေးတယ်။ မိဘတွေကို တရိုတသေပြုစုနေတာ။ ဒီလောကမှာရှိတဲ့ အချစ်တွေအားလုံးနဲ့ သူတို့ကို စောက်ရှောက်ခဲ့တယ်။ ဒါ မှားတယ် ဆိုလို့ရမလား။ လူတွေ ကျွန်မကို လက်ညှိုးထိုး ကဲ့ရဲ့အောင်လည်း ဘာတစ်ခုမှ မလုပ်ခဲ့ဖူးဘူး…

မိဇုနိုစံက လူကောင်းလေး။ သူ့ ဂုဏ်သတင်းကျော်ကြားအောင် မကြာခင်ပဲ သူ လုပ်နိုင်တော့မယ်ဆိုတာ ကျွန် သေချာသိနေတယ်။ သူမျက်နှာပျက် အရှက်ရစေမယ့် အဖြစ်မျိုး မလိချင်ဘူး။ ရေအတူကူးမယ်လို့ လူတစ်ယောက်ကို သူ ကတိပေးခဲ့တာ။ ကျွန်မသူ့ကို တခြားသူတွေလိုပဲ ဝတ်စားပြီး သွားစေချင်တာ။ ဒါနဲ့ ပတ်သက်ပြီး ဘာမှားလို့လဲ။ ကျွန်မက အရူးပါ။ အရူး။ ဒါပေမယ့် ကျွန်မ သူ့ကို အဆင့်မြင့်တဲ့ လူတစ်ယောက်ဖြစ်အောင် လုပ်ပေးမယ် ။ သူ့ကို ရှင်စစ်ဆေးနေတဲ့ လက်ဆောင်ပေးမယ်…
သူက မျိုးကောင်းရိုးကောင်းကနေ ဆင်းသက်လာတာ။ တခြားလူတွေနဲ့ မတူဘူး။ သူသာ လောကကြီးထဲကို ကောင်းကောင်းမွန်မွန် ဝင်ရောက်နိုင်မယ်ဆိုရင် ကျွန်မ ဘာဖြစ်ဖြစ် ဂရုမစိုက်ဘူး။ကျွန်မ ပျော်နိုင်တယ်။ ကျွန်မ သူ့ကို ကူညီရမယ်…

ကျွန်မကို ထောင်ထဲ မပို့နဲ့။ အခုထက်ထိ ဘာအမှားမှ ကျွန်မ မလုပ်သေးဘူး။ ကျွန်မရဲ့ ဆင်းရဲ့တဲ့ မိဘတွေကို အတတ်နိုင်ဆုံး ပြုစုလုပ်ကျွေးနေတာ။… ဟင့်အင်း။ ကျွန်မကို ရှင် ထောင်ထဲ သွင်းလို့ မရဘူး။ ရှင် မတတ်နိုင်ဘူး။ အသက်နှစ်ဆယ့်လေးနှစ်အထိ ကျွန်မ ခက်ခက်ခဲခဲ ကြိုးစားခဲ့ရတယ်။ ဒီတစ်ကြိမ်လေး နေရာလွဲသွားတဲ့ လက်ကြောင့် နုံအတဲ့ အမှားသေးသေးလေး လုပ်မိရုံနဲ့ ကျွန်မရဲ့ တစ်ဘဝတစ်ခုလုံး ၊ ဒီနှစ်ဆယ့်လေးနှစ်လုံးကို ရှင် မဖျက်ဆီးနိုင်ဘူး…

မှားတယ်။ ကျွန်မဘဝမှာ တစ်ကြိမ်လေး အစဉ်းစားလွတ်ပြီး ညာလက်က နှစ်ဆယ့်လေးလက်မလောက် ရွေ့သွားရုံနဲ့ ကျွန်မကို သူခိုးလို့ ဘာလို့ ရှင် တွေးရတာလဲ။ ဒါ လွန်လွန်းတယ်။ တကယ့်ကို လွန်တယ်။ စက္ကန့် အနည်းငယ်တွင်းမှာ တစ်ခါလေး လွဲချော်သွားတာ… ကျွန်မက ငယ်ငယ်လေးပဲ ရှိသေးတယ်။ရှေ့မှာ တစ်ဘဝလုံး လျှောက်ရဦးမယ်။ ကျွန်မရှေ့မှာ ပုံကြမ်းဆွဲထားသလိုမျိုး မြင်နိုင်တယ်။ ခုအချိန်ထိ ကျွန်မ ဖြတ်သန်းလာတဲ့ ဘဝမျိုး။ တစ်ပုံစံတည်းပဲ။ ထပ်တူညီပဲ။ ကျွန်မ လုံးဝ မပြောင်းလဲသေးဘူး။ ကျွန်မက မနေ့က ဆကိနိုနဲ့ အတူတူပဲ…

ဒါအိမာရု(ဆိုင်ရှင်) ရဲ့ ဒီအသုံးမကျတဲ့ ရေကူးဝတ်စုံက ကျွန်မကို ဘယ်လိုလုပ် ဒုက္ခရောက်စေမှာလဲ။ လူတွေဆီက ယန်း တစ်ထောင် နှစ်ထောင်ငွေညှစ်တောင်းနေတဲ့ လူလိမ်လူညစ်တွေ အများကြီးပဲ။ မဟုတ်ဘူး။ ဒီထက်ပိုဆိုးတာ… ယန်းအမြောက်အများတောင်းနေတာ။ ဒါနဲ့တောင် သူတို့တွေက ဒီအတွက်နဲ့လေးစားခံရသေးတယ်။မဟုတ်ဘူးလား။ထောင်ဆိုတာ ဘယ်သူတွေအတွက်လဲ။ ဆင်းရဲသားတွေသာ ထောင်ကို သွားရတာ။ သူခိုးတွေအတွက် ဝမ်းနည်းမိတယ်... 

သူခိုးတွေဟာ အန္တာရယ်မပြုတဲ့ လူတစ်ချို့ပါပဲ။ လူတွေဆီ သွားရောက်လိမ်လည်ဖို့ အားနည်းလွန်း ၊ ရိုးသားလွန်းတယ်။ ဒါကြောင့် သူတို့ဟာ ချောင်ထဲ ရောက်သွားပြီး နှစ်ယန်း သုံးယန်းလောက် တန်တာတစ်ခုခုကို ခိုးမိလို့ ထောင်ထဲမှာ ငါးနှစ် ဆယ်နှစ် နဲ့ အဆုံးသတ်သွားရတာ။ ဘုရား…ကယ်ပါ။ ဒါဟာ မတော်တရော်တွေလေ  ... ရူးမိုက်တာ။ ကျွန်မ ဆိုလိုချင်တာ… တကယ့်ကို ရူးကြလို့ ..”

အဲဒီအချိန်တုန်းက ကျွန်မ စိတ်မနှံ့ဖြစ်ခဲ့သလားလို့တောင် တွေးမိပါတယ်။ ရဲသားမျက်နှာဟာ ဖျော့တော့ပြီး မှင်သက်စွာ ကျွန်မကို ကြည့်နေခဲ့လေတာ။ ရုတ်တရက်ပဲ ကျွန်မ သူ့ကို နှစ်သက်လာပြီး ကစဉ့်ကလျားမျက်ရည်တွေကြားက ပြုံးပြဖို့ အားထုတ်ခဲ့ပါတယ်။ ကျွန်မကို အရူးလို့ သူ တကယ်တွေးခဲ့မှာပါ။ ဗုံးတစ်လုံးကို ကိုင်တွယ်ထားရသလိုပုံစံမျိုးနဲ့ ဗဟိုရဲစခန်းဆီ ကျွန်မကို လိုက်ပို့ခဲ့ပါတယ်။ အဲဒီညက အကျဉ်းခန်းမှာ အထိန်းသိန်းခံခဲ့ရပါတယ်။ နောက်တစ်နေ့မနက်မှာ ကျွန်မကို ခေါ်ထုတ်ဖို့ အဖေ ရောက်လာပြီး ကျွန်မ လွတ်မြောက်ခဲ့ပါပြီ။ တစ်လမ်းလုံးမှာ အဖေပြောသမျှဟာ ကျွန်မ ဟိုမှာ အရိုက်ခံခဲ့ရလား ဆိုတာပဲဖြစ်ပြီး တကယ့်ကို မဝံ့မရဲမေးခဲ့တာပါ။ တစ်လမ်းလုံး နောက်ထပ်ဘာမှ မပြောတော့ပါဘူး။

အဲဒီညနေက သတင်းစာကို မြင်တဲ့အခါမှာတော့ အလွန်အမင်း အရှက်ရခဲ့မိပါတယ်။ ခေါင်းကြီးပိုင်းမှာ “ရဲရဲတောက်မိန့်ခွန်းပြောခဲ့တဲ့ အကျင့်ပျက် လက်ဝဲဝါဒီမိန်းမ ”ဆိုတဲ့ ကျွန်မရဲ့သတင်းရယ်။ ဒါဟာ ဂုဏ်သရေပျက်ခြင်းရဲ့ အဆုံးမဟုတ်သေးပါဘူး။ အိမ်နီးချင်းတွေဟာ အိမ်နားမှာ အမှိုက်လာပစ်ကြပါတယ်။ အစမှာ ဘာအဓိပ္ပါယ်လဲဆိုတာကို ကျွန်မ မသိခဲ့ပါဘူး။ ဒါပေမယ့်သိပ်မကြာခင်ပဲ ကျွန်မ ဘယ်လို လုပ်နေလဲ ဆိုတာ၊ ကျွန်မကို ရိပ်ကနဲမြင်ရဖို့ သူတို့ကြိုးစားနေကြတယ်ဆိုတာ သဘောပေါက်လာခဲ့ပါတယ်။ တဖြည်းဖြည်းနဲ့ ကျွန်မရဲ့ သေးသေးမွှားမွှားခုခံပြောဆိုမှုဟာ ဘယ်လောက်လေးနက် ပြင်းထန်တယ်ဆိုတာ စတင်နားလည်လာပါတယ်။ အချိန်မဆိုင်းဘဲ ကျွန်မကို အကျဉ်းခန်းထဲ ခေါ်ဆောင်ခြင်းခံရနိုင်သလို အခွင့်သာရင် အနီးက ဝါးရုံတောဆီ ကျွန်မ သွားပြီး တည်တည်ငြိမ်ငြိမ်နဲ့ ကြိုးဆွဲချမိနိုင်ရဲ့။

ကျွန်မတို့ရဲ့ ဆိုင်ကို ရက်အနည်းငယ် ပိတ်ခဲ့ပါတယ်။မိဇုနိုစံဆီက စာမရခင်အထိပါ။ စာထဲမှာ ဒီလို ရေးထားပါတယ်။

“ ဒီကမ္ဘာပေါ်က တခြားသူတွေထက်ပိုပြီး မင်းကို ယုံခဲ့တယ် ဆကိနို။ဒါပေမယ့် မင်းမှာ မှန်ကန်တဲ့ ကြီးပြင်းမှု ချို့တဲ့နေတယ်။ မင်းဟာ ရိုးသားတဲ့ မိန်းမပါ။ ဒါပေမယ့် တစ်ချို့အချက်တွေမှာ မင်းက သမာဓိ မတည်ဘူး။ မင်းရဲ့ ဒီအပိုင်းကိုပြုပြင်ပေးဖို့ ကြိုးစားပေမယ့် မစွမ်းနိုင်ခဲ့ဘူး။ အစိတ်အပိုင်းတိုင်းဟာ ပညာရည်ပြည့်နေရမယ်။


အဲဒီနေ့က သူငယ်ချင်းနဲ့ ရေသွားကူးခဲ့တယ်။ ကမ်းခြေပေါ်မှာ ရည်မှန်းချက်အကြောင်း အချိန်ကြာ ပြောဖြစ်ကြတယ်။ နောက်ဆုံးမှာ အောင်မြင်ရမယ်လို့ သေချာယုံကြည်မိကြတယ်။ ကျေးဇူးပြုပြီး အခုအချိန်ကစ ကောင်ကောင်းမွန်မွန်နေပါ။ မင်းရဲ့ပြစ်မှု အတွက် ဘယ်လောက်သေးငယ်တဲ့ နည်းတွေနဲ့ပဲဖြစ်ဖြစ်  လူ့အဖွဲ့အစည်းကို ပြေရာပြေကြောင်းပြောပြီးတောင်းပန်ဖို့ ကြိုးစားပါ။ ကျွန်တော်တို့ဟာ မကောင်းမှုကိုသာ ရှုတ်ချတာပါ။ အပြစ်လုပ်သူကို မဟုတ်ပါဘူး။

မိဇုနို ဆဘုရို

စာကြွင်း။ မင်းဖတ်ပြီးနောက် ဒီစာကိုရော စာအိတ်ကိုပါ သေသေချာချာ မီးရှိုံ့လိုက်ပါ။”

ဒါဟာ သူ့စာမှာရေးထားသမျှ အားလုံးပါပဲ။ သူ့မိဘဟာ တစ်ချိန်တုန်းက ကြွယ်ဝခဲ့တယ်ဆိုတာ ကျွန်မ မေ့လျော့မိတယ် ထင်ပါရဲ့။ ရက်တွေ ကုန်သွားပါတယ်။ ကျွန်မဟာ အပ်တွေစိုက်ထားတဲ့ပြင်ညီပေါ်မှာနေထိုင်နေရသလို ခံစားခဲ့ရပါတယ်။ အခု ဆောင်းတွင်းရောက်ပါတော့မယ်လေ။


ဒီညနေမှာ အဖေက ဖျာခြောက်ချပ်ခင်းထားတဲ့ ကျွန်မတို့အခန်းဟာ မှုန်ဝါးနေလို့ သူစိတ်မသက်သာဘူး ဆိုကာ ဝပ် ၅၀ မီးသီးနဲ့ လဲလှယ်လိုက်ပါတယ်။ အလင်းသစ်အောက်မှာ ကျွန်မတို့ ညစာစားခဲ့ကြတာပေါ့။ အမေက သိပ်လင်းလွန်းတယ်လို့ အဆက်မပြတ်ပြောနေပြီး တူကိုင်ထားတဲ့လက်နဲ့ နဖူးလေးကို အလင်းကာပုံဟာ ကြည်နူးဖွယ် ကောင်းလွန်းလှရဲ့။ ကျွန်မ အဖေ့ကို ဆာကေး ငှဲ့ပေးခဲ့ပါတယ်။ ကျွန်မတို့ ရှာဖွေနေတဲ့ ပျော်ရွှင်မှုဆိုတာမျိုးကို ပိုလင်းတဲ့ မီးသီးတပ်လိုက်ရုံနဲ့လည်း ရနိုင်ပါလားလို့ ကျွန်မကိုယ်ကျွန်မ စိတ်ပိုင်းဆိုင်ရာအရ သိမ်းသွင်းစည်းရုံးဖို့ ကြိုးစားမိလေတာ။

တကယ်လည်း အဆုံးမှာ စိတ်ဆင်းရဲပင်ပန်းမှုတွေကို ကျွန်မ မခံစားရတော့ပါဘူး။ ဆန့်ကျင်ဘက် အနေနဲ့ အညတရမီးအိမ်လေးအောက်မှာ ကျွန်မတို့ မိသားစုဟာ မှော်မီးအိမ်လိုပဲလို့တောင် တွေးမိပါတယ်။ အဲဒီလို ခံစားပြီး “ ကဲ … ရှင် သဘောပါရင်… ကျွန်မတို့ကို တစ်ချက်လောက်ကြည့်ပါ။ ကျွန်မမိဘနဲ့ ကျွန်မဟာ အတော်လေး စိတ်ဝင်စားဖို့ ကောင်းတဲ့ မိသားစုဖြစ်အောင်တော့ လုပ်နိုင်တယ်လေ” လို့ ပြောပါဦးမယ်။

အတန်ငယ်ပျော်ရွှင်မှုဟာ ကျွန်မရဲ့နှလုံးသားမှာ အရည်တည်လာပါတယ်။ ဒါကို တခြားသူတွေ သိစေချင်ပါတယ် … ပန်းခြံထဲမှာ ကျည်ကျည်ကျာကျာမြည်နေတဲ့ ပိုးမွှားငယ်လေးတွေက အစပေါ့ ။ … ။ 

မယ့်ကိုး

image credits: shutterstock.com

pasania*

( Magic Lantern by Dazai Osamu, translated into English by Tomone Matsumoto)

ပိတောက်ပွင့်သစ် မဂ္ဂဇင်း ။ စက်တင်ဘာ၊ ၂၀၁၁။

06 May 2010

အသွင်တူချစ်တာ သဘာဝတစ်ခုလား!



ပညာရှင်တွေ ပင်ပင်ပန်းပန်း သုတေသနလုပ်ထားတဲ့ အရာကို ကျွန်မလည်း တလေးတစား ဘာသာပြန်ချင်ပေမယ့် စာရေးပျင်းသူမို့ မအားတာ အကြောင်းရှာနေရင်း ကြာလွန်းနေခဲ့တာကြောင့် ပုံလေးတစ်ချို့ကို မျှဝေလိုက်ပါတယ်။ 
( တစ်နေ့တော့ ကျွန်မ အကျယ်ရေးဖြစ်ဦးမယ်လို့ မျှော်လင့်ပါတယ်။ )





A pair of St. Croix ewes.



Two male giraffes in Kenya.





Black Swans, Cygnus atratus


two male Mallards, Anas platyrhynchos





Bonobo




အသွင်ညီ၊ အရောင်တူမှ ( လိင်တူ) ချစ်သူများ။ နွေးထွေးစာနာသူများ။ စာဖတ်ချင်သူများ အတွက်...


စကားမစပ် ။...။ ချစ်ခြင်းတစ်ခုကို ဆက်ရေးပါလို့ tag ခဲ့တဲ့ ဦးလူထွင်း (မရေးရင် ချစ်ခြင်းနှင့် ရှုးရှုးပေါက်ခြင်း ဆိုပြီး ရေးပစ်မယ်လို့ လည်း ခြိမ်းခြောက်ခဲ့ပါတယ် :D ) ၊ညီမလေး ငုဇာနဲ့ ချစ်ခြင်းတစ်ခုကို ဆက်ရေးသင့်မသင့် စစ်တမ်းကောက်တုန်းက အားပေးခဲ့တဲ့သူများအားလုံးကို ကျွန်မ ဆက်ရေးပါမယ်လို့ လေးစားစွာ အကြောင်းကြားပါတယ်။ စာလာဖတ်သူအားလုံးကို အထူးကျေးဇူးတင်ပါတယ်ရှင်။ =)


ချစ်ခြင်းတစ်ခု
၁-ချစ်ခြင်းနှင့် တွေ့ဆုံခြင်း
၂-ချစ်ခြင်းနှင့် ကျွမ်းဝင်ခြင်း
၃-ချစ်ခြင်းနှင့် ဖွဲ့ နှောင်ခြင်း
၎-ချစ်ခြင်းနှင့် ခိုက်မိခြင်း