20 June 2010

“နားလည်မှူ ကမ်းပါး ”


အငြိုးတလက်လက် ပြာပူမိုးတွေအောက် ခေါင်းငုံ့ကာ ရပ်နေသူပါ။
ရင်ကွဲနာကျ အငွေ့ဖြစ်သွားလည်း ဟာသ ပဲတဲ့လား။
.
.
.
ရှိပါစေ။

သိမ်ငယ်သူကိုမှု
ပြက်ရယ်ပြုတတ်လည်း  ဝဋ့်ကြွေးတွေ ကြိုးစားဖြေမယ်။

ဒါပေမယ့်လည်း အပြန်ကို မျှော်မိတဲ့ ပုထုဇဉ်ရယ်လေ။

နတ်ဒေဝါတွေရေ... မကြားတော့ဘူးလား။
ဘာကြောင့်အခါခါသတ်ချင်ရတာလဲလို့  ခနဲ့မဆိုရက်လည်း မတော်ဘူးထင်တယ်နော်။

ရက်စက်လွန်းလှရဲ့...
“ နားလည်ပါတယ် ” ဆိုတဲ့ စကား  တစ်ခွန်းလေးပါးဖို့  ဒီလောက်တောင် ခက်သလားကွယ်...။


photo credits:www.nhm.ac.uk


04 June 2010

ကျိန်စာပုံပြင်


ကာလတစ်ခုမှာ အရိပ်ငယ်လေးဟာ တုန်ခါနေတဲ့ အသံလှိုင်းကို လက်ခံရမိတယ်တဲ့။ ချင်းမှာပဲ အရိပ်ကလေးဟာ ဒီအသံကို ဆယ်ယူရမယ်လို့ ချင်ခြင်းဖြစ်မိတယ်တဲ့လေ။ ဂန္တဝင်ပုံပြင်တွေနဲ့ မနှိုင်းသာအောင် နိဒါန်းအစမှာပင် ခမ်းနားခြင်းကင်းကွာလို့ ကြားနာချင်သူမဲ့မှန်းသိလည်း ရှေ့ဆက်ပြောခွင့်ပြုပါဦး။

အရိပ်ဆိုတာ Cinderella လေးလို ကူညီစောင့်မမယ့် နတ်သမီးလည်း မရှိဘူး။ မနှင်းဖြူလေးလို ချစ်စဖွယ်မကောင်းတာမို့ တိုင်ပင်ဖော်သူငယ်ချင်းလည်း မရှိဘူး။ ဒါပေမယ့် ရေသူမလေးပုံပြင်ထဲကလို မတန်မဆကြေးနဲ့ ပေးကာလဲလှယ်တတ်တဲ့ စုန်းအဘွားအိုလိုမျိုး အကြားအမြင်ဆရာတစ်ယောက်တော့ အနားမှာ ရှိပါသတဲ့။ သူက မှောက်ထားတဲ့ ကဒ်ပြားစက်ဝိုင်းကြီးထဲက လေးခုကို ယူခိုင်းပြီး “ တန်ဖိုးကိုတော့ နောက်မှဖြတ်တာပေါ့ ” ဆိုလေရဲ့။ စိတ်ဇောထန်နေတဲ့ အရိပ်ကလေးက မစဉ်းမစားဘဲ ခေါင်းငြိမ့်ပြီး ပထမဆုံးကဒ်ကို လှမ်းယူလိုက်တာပေါ့။

တဲ့။
Spring by Claude Monet

“ဒါ မင်းသွားရမယ့်အချိန် နွေဦးနဲ့ မြေပုံအညွှန်းပဲ ” လို့ အကြားအမြင်ဆရာက ပြောလေရဲ့။ အရိပ်ကလေးက လက်မခံနိုင်ဘူးတဲ့။ “ခုမှ ဆောင်းဦးပေါက်ပဲ ရှိသေးတာ နွေဦးရောက်အောင် မစောင့်နိုင်ပါဘူး။” ဆိုတဲ့ စိတ်အတွေးနဲ့ လှည့်ထွက်ခဲ့တယ်တဲ့လေ။

ငြောင့်တံသင်းကြွယ်ဝတဲ့ တောတောင်လမ်းမှာ အရိပ်လေးဟာ အသံလာရာမှန်းပြီး မဆုတ်မနစ် လျှောက်တယ်တဲ့ကွယ်။ စေ့စေ့ကြည့်တတ်ရင် ဆူးချက်တွေအပြည့်ရိုက်နှက်ခံထားရတဲ့ အရိပ်ကလေးကို မြင်နိုင်မှာ တကယ်ပါ။

ဆွတ်ဆွတ်ဖြူနေတဲ့ နှင်းတွေကြားမှာ ချမ်းလွန်းလို့ ခိုက်ခိုက်တုန်နေတဲ့ အရိပ်ကလေးဟာ ဆင်းရဲဒုက္ခတွေကို အံ့တုရင်း “ မညည်းညူနဲ့တော့ အသံလေးရေ… နာကျင်ခြင်းတွေ လွင့်စင်သွားမယ့်နေ့ ရောက်လာတော့မှာ ” လို့လည်း ရယ်စဖွယ် ရေရွတ်နေတတ်သေးတာ။ ဇာတ်ကတော့ ဇာတ်မျောပါရယ်။

ဒါပေမယ့် တယူသန်အရိပ်ကလေးဆီကို နောက်ဆုံးတော့ ကံတရားကပါ လိုက်ပါလာရတယ်လေ။

ဈေးပြင်ကနားတစ်နေရာမှာ အဘွားအိုတစ်ယောက်က အရိပ်ကလေးကို သစ်ရွက်လေးတစ်ရွက် လက်ဆောင်ပေးခဲ့တာပေါ့။ ဉာဏ်နုံ့တဲ့ အရိပ်ကလေးဟာ သစ်ရွက်ကလေးကို ဘယ်လို သုံးရမယ်မှန်း မသိခဲ့ပါဘူး။ ညဥ့်ဦးယံအခါရောက်တဲ့အခါ သစ်ရွက်ကလေးထဲက လင်းရောင်ခြည်တွေ ဖြာထွက်လာမှ အဘွားအိုရဲ့ကျေးဇူးကို အထွတ်အမြတ်ထားမိတယ်လေ။

ဋီကာချဲ့ပြောတယ်လို့ မှတ်ချက်ပေးချင်လောက်အောင် သစ်ရွက်ကလေးဟာ မြစ်ရေယဉ်ကို ဖြတ်တဲ့အခါမှာ လှေတစ်စင်းဖြစ်သလို မိုးကြိုးမုန်တိုင်းကျတဲ့အခါမှလည်း အမိုးအကာလေး ဖြစ်လာခဲ့တာ။ ဌာနန္တရ မကျွမ်းကျင်တဲ့ အရိပ်ကလေးအတွက် သစ်ရွက်ငယ်ဟာ အားထားကိုးကွယ်ရာအစစ်ဖြစ်ခဲ့ပေမယ့် တစ်ချိန်မှာတော့ အရိပ်ကလေး လမ်းပျောက်သွားခဲ့ပါပြီ။

မောပန်းနာကျင်ရမှန်းမသိလောက်အောင် သောကတွေအပြည့်နဲ့ အသံလားရာဆီ လျှောက်နေခဲ့တဲ့ အရိပ်ကလေးဟာ အကြားအမြင်ဆရာရဲ့ လမ်းညွှန်ကဒ်ပြားလေးတွေကို သတိပြန်ရပြီလေ။

ဍ ။ ဎ ။








Café Terrace at Night byVincent van Gogh


တမေ့တလျော့
နဲ့အသံတိုးလေးကိုသာ အာရုံစိုက်ခရီးနှင်ခဲ့တဲ့ အရိပ်ကလေးဟာ ဒီရပ်ဝန်းတွေကို ကျော်ဖြတ်ခဲ့လား ။ မရောက်သေးဘူးလားဆိုတာ ဇဝေဇဝါဖြစ်နေပါပြီ။ ထစ်ချုန်းရွာနေတဲ့ မိုးရေတွေကြားမှာ ချိနဲ့နဲ့အရိပ်ကလေးဟာ ဘယ်ကိုလှမ်းရမှန်းမသိဖြစ်နေပါပြီ။ ဒယီးဒယိုင်သစ်ရွက်ငယ်ကို မှီခိုရင်း နွမ်းနွမ်းနယ်အရိပ်ကလေးဟာ အရုပ်ကြိုးပြတ်ဖြစ်နေပါပြီ။ ဓမ္မဓိဋ္ဌာန်ကျကျ ဆင်ခြင်နိုင်စွမ်းမဲ့ အရိပ်ကလေးဟာ တစ်စွန်းတစ်စကြားရတဲ့ အသံလားရာဆီ သောကအပြည့်နဲ့ မျှော်ကြည့်နေမိပါပြီ။

နက်ရှိုင်းတဲ့ တောမြိုင်၊ နောက်ကျိနေတဲ့ လမ်းတွေ ၊ နင့်နင့်သီးသီးကြမ်းရှနေတဲ့ ဥတုရာသီဟာ အရိပ်လေးရဲ့ သမုဒယပမာဏကို စမ်းသပ်နေကြတာပေါ့။ ပဋိညာဉ်ဝန်ခံစကားမထားခဲ့ပေမယ့် အသံသဲ့သဲ့အပေါ်ချည်မိတဲ့ နှောင်ကြိုးမြဲသွားပြီဖြစ်တဲ့ အရိပ်ကလေးဟာ ကြံ့ခိုင်မှု နွမ်းနွမ်းပါးပါးနဲ့ပဲ ရှေ့ဆက်သွားတယ်တဲ့လေ။

ပြဿဒါးနေ့ရက်တွေ အဆုပ်လိုက်လွင့်လာကြားက ပွတ်ကာသီကာလွတ်မြောက်နေတဲ့ အရိပ်ကလေးရဲ့ အသက်နဲ့ခန္ဓာလည်း မြဲနေခဲ့ပါတယ်။ ဖြစ်ရိုးဖြစ်စဉ်ပြဋ္ဌာန်းထားပြီးသား ကျိန်စာတစ်ခုရယ်လေ။ ဗီဇနာ သုံးရာလောက် ခရီးပေါက်ခဲ့ပြီးနောက်တော့ အသံလေးကို ပီပီသသကြားရလေတော့တာ။

ဘယ်သူတွေ ဘယ်လိုလှောင်ပြောင်ပေမယ့် ဘဒ္ဒကမ္ဘာရဲ့ အရူးနှမ်းဆုံးသူအတွက်လည်း ကောက်ရိုးမျှင်တစ်စ ကျလာသေးတာပဲနော်။ မှောင်ရိပ်အလွန်မှာ သံညင်းလေးနဲ့ အရိပ်ကလေး မျက်နှာချင်းဆိုင်ခွင့်ရခဲ့လေပြီ။

ယောင်နနဖြစ်နေတဲ့ အရိပ်ကလေးဟာ နှုတ်ဆက်ချင်ပေမယ့် အသံလေးက သူ့ကို မျက်ကွယ်ပြုနေတဲ့အခါ အပြုံးတစ်စပင် မဖန်တီးနိုင်တော့ဘူး။ ရွှင်ရွှင်ပြပြခွန်းချိုဆိုချင်ပေမယ့် အရိပ်တစ်ခုသာမို့ “ နေကောင်းလား” ဆိုတဲ့ အသံတစ်စပင် မဖြစ်ထွန်းခဲ့ပါဘူး။ လှိုက်လှိုက်လှဲလှဲ အားပေးချင်ပေမယ့် ကူညီနိုင်မယ့်အခွင့်ကို ဖန်တီးနိုင်တဲ့အရိပ်လည်း မဟုတ်ဘူးလေ။

ဝမ်းနည်းခြင်း အပြန်းအထန်ရိုက်ခတ်လို့ အရိပ်ကလေးဟာ မျက်ရည်တစိမ့်စိမ့်ကျလာတယ်။ သက်စွန့့််ကြိုးစားခဲ့ပေမယ့် ကိုယ့်အခြေအနေကိုယ် နားမလည်ခဲ့တဲ့ အရိပ်မိုက်ရဲ့ ရင်ကွဲချိန်ပေါ့။ ဟက်တက်ပဲ့ကျိုးသွားတဲ့ နှလုံးသားအကြေအမွတွေနဲ့အတူ အရိပ်ကလေး ကတိမ်းကပါးလဲပြိုသွားပြီလေ။

ကြီးအက္ခရာပါတဲ့ ကဒ်ပြားလေးဟာ မျက်စိရှေ့မှောက်လွင့်ကျလာပေမယ့် အရိပ်ကလေးအနေနဲ့ အနက်ဖော်နိုင်စွမ်း မရှိတော့ပါဘူး။ အရိပ်ကလေး လွတ်မြောက်သွားပြီတဲ့လေ။ .... ။


Woman in an Armchair oil painting by Pablo Picasso


( ဆရာမမေငြိမ်း tag တဲ့ က မှ အ အဆုံး အက္ခရာစာစီစာကုံးကို ကြိုးစားပန်းစား ဖြေထားတာဖြစ်ပါတယ်။ ဃ ၊ဍ ၊ ဎ ၊ ဠ စကားလုံးတွေကို မလွှဲမရှောင်သာလို့ tarot cards အဖြစ်ဖန်တီးလိုက်ရတာကို ချစ်တဲ့ဆရာမ ခွင့်လွှတ်ပါလို့ :D)