29 August 2010

နတ်သမီးပုံပြင်ရဲ့ အခြားတစ်ဖက် (Robert Coover's Briar Rose )


ဆွတ်ပျံ့သင်းထုံသောဇာတ်သိမ်းကိုမှ ကြိုလင့်တတ်တဲ့ကျွန်မကို လဲပြိုစေခဲ့သော ရောဘတ်ကူးဗား (Robert Coover) ရဲ့ Briar Rose ။ မေ့ဖျောက်ဖို့ ခက်ခဲ့ပြီ။ ခါးသက်နာကျင်ဖွယ် ပကတိသဘောများ။ ဖြစ်ရပ်မှန်ကို တင်ပြသလို ဆင်တူရိုးမှား အခြေအနေများ။ လက်သင့်ခံဖို့ ခက်ခဲလည်း ဒီပုံပြင်စာအုပ်ကို ကျွန်မ လက်မလွှတ်နိုင်တော့ဘူး။

လက်တွေ့သဘာဝ သဘောတရားတွေ ခင်းကျင်းထားလို့ စာမျက်နှာတိုင်းဟာ ကြမ်းရှနာကျင်စေတယ် ။ ဒါပေမယ့် ပထမစာမျက်နှာမှာပဲ သရော်စာဖတ်လိုက်ရသလို စွဲဆောင်နိုင်ပါတယ်။

(He is surprised to discover how easy it is. The branches part like thighs, the silky petals caress his cheeks. Pg 1)

ဒီနောက်တော့ ကူးဗားဟာ အိပ်ပျော်နေတဲ့ အလှလေး (sleeping beauty) ဆိုတဲ့ ဒဏ္ဍါရီပုံပြင်ကတစ်ဆင့် အိပ်မက်နဲ့ လိုလားမှုတွေရဲ့ သဘောတွေကို ဖြစ်ရပ်မှန်ပုံပြင်ထဲ ထည့်ယက်ပါတော့တယ်။ ကူးဗားက ရက်စက်တာလား။ ဘဝဖြစ်ရပ်မှန်တွေကပဲ ဒီလိုခင်းကျင်းခံရမြဲလား။ မင်းသားလေးအနမ်းနဲ့ နိုးထမှ ကျိန်စာပြေမယ့် မနှင်းဆီလေးရဲ့ ကြမ္မာက မကောင်းလှပါဘူး။

(She dreams, as she has often dreamt, of abandonment and betrayal, of lost hope, of the self gone astray from the body, the body forsaking the unlikely self. Pg -2)

အားလုံးကို အိပ်မက်လိုလို နောက်ခံသံတစ်ခုနဲ့ ချယ်လှယ်ထားပါတယ်။မူလပုံပြင်နဲ့ သံစဉ်တူပေမယ့် မတရားကျင့်ခံရ့ခြင်း၊ ကလေးမွေးခြင်း၊ မယားပြိုင်ထားခြင်း (အနောက်တိုင်းဓလေ့အရ မယားငယ်ထားခြင်း) ၊ ဆင်းရဲဒုက္ခရောက်ခြင်းတို့နဲ့ ပုံပြင်တွေကို အသေးစိတ်ခြယ်မှုန်းလိုက်တဲ့အခါ တုန်လှုပ်ကြေကွဲစရာ ကောင်းလွန်းလှပါတယ်။

ဖြစ်ရပ်မှန်တိုင်းဟာ ဒီသဘောအတိုင်းလား။ ကျွန်မရဲ့ စောဒကတက်လိုစိတ်ကို ကူးဗားက ကြိုတင်တွက်ချက်နိုင်ပြန်ပါတယ်။မနှင်းဆီလေး၊ ဆူးခြုံတောကို ဖြတ်ပြီး သူမဆီလာဖို့ ကြိုးစားနေတဲ့ မင်းသားလေး(တွေ)၊ သူတို့ဆီက ထွက်လာတဲ့ အတွေးများ၊ အိပ်မက်လိုလို နောက်ခံစကားပြောနဲ့ sleeping beauty ကို version ပေါင်း မြောက်မြားစွာရအောင် ပုံဖော်နိုင်ပါတယ်။

ပုံပြင်တစ်ပုဒ်က နောက်တစ်ပုဒ်ကို ပြန်ဖြည်တဲ့ဟန်၊ ရှုပ်ထွေးအောင် စီစဉ်ထားတဲ့ ဇာတ်လမ်းတည်ဆောက်ပုံဟာ မူးယစ်စေပေမယ့် နောက်တစ်ပုဒ်က ဘာဖြစ်ဦးမှာလဲဆိုကာ ဆွဲဆောင်နိုင်နေပြန်ပါတယ်။ ကူးဗားက မူလပုံပြင်ကို ရိုးရာမပျက်အောင် ထိန်းသိမ်းထားချင်ယောင်လည်း ဆောင်ပါတယ်။

အဆက်မပြတ်နှိပ်စက်ညှင်းပန်းခံရတဲ့အကြားက မနှင်းဆီလေးရဲ့ မျှော်လင့်ချက်လေး ပွင့်လန်းနေတာ သနားချစ်ခင်စရာလေးရယ်။ မင်းသားလေးရောက်လာပြီး ဇာတ်သိမ်းတိုင်းဟာ မကောင်းလွန်းတာမို့ ပျော်ရွှင်စွာ အဆုံးသတ်လေသတည်းဆိုတဲ့ နိဂုံးကို ဆုတောင်းမိလောက်အောင် ဖြစ်ရပါတယ်။

ဒါပေမယ့် အမှန်တရားတွေ စိုက်ပျိုးထားတဲ့ စာလုံးတိုင်းဟာ ပကတိမှောင်လွန်းချည့်။ ပုံပြင်တိုလေးတိုင်းရဲ့ အဆုံးသတ်မှာ လက်ခံလိုက်ရတာ နာကျင်ခြင်းတွေ ။ ဒီလိုကြောက်ရွံ့ဖွယ်ကောင်းတဲ့ သီကုံးချက်တွေဟာ ပြင်ပမိန်းမတွေရဲ့ နှိပ်စက်ညှင်းပန်းခံရမှုနဲ့ ပုံပြင်ထဲက မင်းသမီးလေးတွေရဲ့ ရွှေပေါ်မြတင်ခံရမှု ဆိုတဲ့ တံတိုင်းကြီးကို ကွဲအက်သွားစေတာ။

ဒါတွေဟာ ညိုညိုမှိုင်းမှိုင်းဇာတ်သိမ်းအတွက် အလင်းရောင်တစ်စ ဖောက်ထည့်ပေးထားခြင်းလား။ သေချာတာက ကျွန်မ Sleeping beauty မဖြစ်ချင်တော့ဘူး။ ဒါပေမယ့် ပကတိအမှန်တရားကို မတော်လှန်ရဲပြန်ဘူး။ စာအုပ်ကပေးတဲ့ မျက်မှောက်ဘဝဟာ ကျွန်မကို သွေးကြောင်စေပြီ။ လောကကြီးကိုလည်း မဝံ့မရဲကြည့်ဖြစ်ပြီ။ စာကြောင်းတိုင်းလိုလိုက ကျွန်မကို ရင်အခုန် ရပ်စေပြီ။

(It just doesn’t sound right, Rose says. Real stories aren’t like that. Real princes aren’t. Pg. 51)

(No, she insists from the doorway, backing away .You can’t do that. That’s not how stories are. Pg.64)

ဒီစာအုပ်ဖတ်နေစဉ်မှာ သက်ပြင်းဘယ်နှစ်ခါချခဲ့သလဲ ဆိုတာ မမှတ်မိတော့ပါဘူး။ ဒါပေမယ့် ကျွန်မ မျက်နှာမလွှဲနိုင်ခဲ့ဘူး။ ပုံပြင်တိုလေးတွေ ဖတ်ရတိုင်းမှာ အမှန်တရားက တဖြည်းဖြည်းနီးကပ်လာနေပေမယ့် အသိတရားက လက်မခံ ။ မဖြစ်နိုင်ဘူး ထင်နေပြန်ပေမယ့် နောက်ဆုံးကျ ခါးသက်စွာ လိုက်ခံလိုက်ရပြန်။ ဒီသံသရာလည်စေတဲ့ ခံစားမှုတွေဟာ Briar Rose အပေါ် ကျရှုံးရခြင်း အကြောင်းရင်းများ ဖြစ်ပါတယ်။

( တကယ့်ဇာတ်လမ်းဆိုတာ ဒီလိုမဟုတ်ဘူး။ မင်းသားစစ်တွေဆိုတာ ဒီလို မဟုတ်ဘူး။)
စာအုပ်ကပေးတဲ့ အထပ်ထပ်ပဲ့တင်သံ။

စာအုပ်ဖတ်ပြီးသွားတဲ့အခါ ရင်ထဲက ထွက်ကျလာတဲ့ မေးခွန်းက ရိုးရိုးလေးပါပဲ။ မနှင်းဆီလေး တကယ်နိုးထချင်ရဲ့လား ။ ပျော်ရွှင်စွာ ပေါင်းသင်းနေထိုင်ကြလေသတည်းဆိုတာ ဖြစ်နိုင်ရဲ့လား…။

ကျွန်မ သိချင်လွန်းလှပါတယ်။…။




စာကြွင်း : (စာရေးသူရဲ့ deconstruction စာရေးဟန်ကြောင့် ဒီစာအုပ်ဟာ postmodernism နဲ့ metafiction (http://en.wikipedia.org/wiki/Metafiction ) ပရိသတ်တွေအကြား ရေပန်းစားပါတယ်။

22 August 2010

“မီးတစ်စ”



အံ့သြတုန်လှုပ်မှုကို လွယ်ပိုးထားဆဲ မကျေနပ်ခြင်းတရားခံက ဖုံးအုပ်လိုက်တဲ့အခါ ကျွန်မ သည်းမခံနိုင်တော့ပါ။ ကမ္ဘာမီးလောင်တာထက် အရေးပါတဲ့ ကိုယ့်ဦးထိပ်မှာ စွဲတဲ့ဒီမီးကို မသက်ဆိုင်သလို ဘယ်မှာနေနိုင်ပါ့မလဲ။“ စဉ်းစားပါဦး ။ စဉ်းစားပါဦး ” လို့ သူမလေးကို အခါခါတိုးလျှိုးခဲ့ပြီးပြီ။

သူမ…။ ကျွန်မရဲ့ အချစ်ဆုံးသူငယ်ချင်း။ ရိုးသားပွင့်လင်း အပြစ်ကင်းစင်သူလေး။ အခု သူမရဲ့လက်တွဲဖော်အဖြစ် ရွေးချယ်မယ့်သူက...။ကြောက်ရွံ့စရာ သူ့ပုံရိပ်တွေ။ တစ်ချိန်တုန်းကတော့ ရယ်ခဲ့တာပေါ့။“ အလိုလေး…ယောက်ျားလေးတဲ့လား ။ မယုံနိုင်စရာ...”

ပုံစံအမျိုးမျိုးနဲ့ ရိုက်ထားတဲ့ဓာတ်ပုံတွေမှာ မိန်းကလေးတွေပင် မကြံစည်တတ်တဲ့ ကိုယ်နေဟန်တွေ။ ထိုင်လျက်ဆို ဒူးလေးကို ပိုက်လို့။ ရပ်လျက်ဆို ခါးလေးကို နွဲ့လို့။အပြုံးကလည်း မြူသလိုလို။ အခုတော့ မမြင်ဝံ့စရာ ဖြစ်နေပြီ။ အမှန်တကယ်ပင် သူ ယောက်ျားဖြစ်ခြင်း ။မိန်းမလျာဖြစ်ခြင်းတို့ဟာ ကျွန်မရဲ့ဘဝမှာ အရေးပါလာလိမ့်မယ်လို့အနည်းငယ်မျှပင် မထင်မိခဲ့ပါ။ ဒါပေမယ့် သူငယ်ချင်းလေးက သူ့ကို ချစ်သူအဖြစ်ရွေးချယ်လိုက်တဲ့ အခါမှာတော့ ကျွန်မ အရှင်လတ်လတ်မြေမြိုလေပြီ။

“ဘုရား..ဘုရား....နွေ... နင့်မှာ ဘာအသိဥာဏ်မှ မရှိတော့ဘူးလား။ သူက gay လေ” ကျွန်မ အံ့သြသွေးပျက်နေပေမယ့် သူမလေးက တည်ငြိမ်လျှက်သာ။ “သူက အစ်မတွေ ကြားမှာ ကြီးတာလေ ။ အဲလို နွဲ့နွဲ့လေးပဲလို့ ငါပြောခဲ့ပြီးသားပဲ” ဦးခေါင်းထက်ကို မိုးကြိုးဆယ်စင်းအပစ်ခံရတယ် ဆိုတာ ဒါမျိုးလားလို့ပင် ကျွန်မ ထင်မြင်မိခဲ့တာ။

ခက်တယ်။မိန်းကလေးတွေ ချစ်မိတဲ့အခါ ဆင်ခြင်တုံတရားတွေ ဘယ်ကို လွင့်စင်သွားလဲ။ နှာခေါင်းသာမပါရင် ဆိုတဲ့ ရက်စက်လွန်းတဲ့စကားပုံပေါ်လာတာ ဘာဆန်းလို့လဲကွယ်။ အသိပညာရှိလှပါတယ်ဆိုတဲ့ သူငယ်ချင်းလေးရဲ့ ဆုံးဖြတ်ပိုင်းခြားနိုင်စွမ်းဟာ ဇကောလောက်ပင် နက်သေးရဲ့လား။ ကျွန်မ ငိုချင်ပြီ။ သူငယ်ချင်းလေးနဲ့ ရန်မဖြစ်ချင်ပေမယ့် သူမလေး ငရဲတွင်းထဲ ဆင်းမယ့်အဖြစ်ကို လက်ပိုက်မကြည့်နိုင်ဘူးလေ။

ယောက်ျားလေးအချင်းချင်း ပေါ်ပေါ်ထင်ထင်စိတ်ဝင်စားသူများ။ မိန်းကလေးအချင်းချင်း ပွင့်ပွင့်လင်းလင်းချစ်မြတ်နိုးသူများကို ငယ်စဉ်ကစ ယနေ့ထက်တိုင် စိတ်နှင့်ပင် မကဲ့ရဲ့ဘူးကြောင်း ဘုရားအဆူဆူရှေ့တွေလည်း ကျိန်ဆိုနိုင်သလို ကျွန်မဖက်က သက်သေလိုက်နိုင်သူများ အများအပြားရှိပါတယ်။

မိန်းကလေးစိတ်သာ ဖြစ်တည်နေတဲ့ မောင်ဝမ်းကွဲလေးရဲ့ ဘဝအမှန်အတိုင်း လွတ်လွတ်လပ်လပ် နေနိုင်ရေးအတွက် တစ်မျိုးလုံးနဲ့ တိုက်ပွဲဝင်ခဲ့သူမှာ ကျွန်မဖြစ်သလို ထိုမောင်လေး ယောက်ျားလေးအချင်းချင်း တွဲနိုင်ရေး ၊ အတူနေနိုင်ရေးအတွက် အားလုံးနဲ့ စကားစစ်ထိုးခဲ့သူမှာလည်း ကျွန်မသာ ဖြစ်ပါတယ်။




ဒါပေမယ့် ယောက်ျားချင်းသာ စိတ်ဝင်စားတတ်သူဖြစ်ပါလျှက် လူ့သိက္ခာကို ဗန်းပြကာ သူတို့ရဲ့နာမည်တစ်ခုအတွက် ဖြူစင်သောမိန်းကလေးများကို လှည့်စားယုတ်မာသူများကို ဘယ်လိုနည်းနဲ့ သည်းခံနိုင်ပါ့မလဲကွယ်။အချစ်ဟာ ဦးနှောက်ကို သေစေပြီလား။ အမြင်တွေကို တိမ်စွဲစေသလား။ သူမလေးက ငြိမ်းအေးလွန်းပေမယ့် သူမရဲ့အချစ်ဟာ ကျွန်မကိုသတ်နေတာ။ သူငယ်ချင်းလေးကို စဉ်းလဲသူရဲ့ လက်ထဲ ပစ်မထားရက်သူနိုင်သူသာ ရင်ကွဲရတဲ့ ဘဝပါကွယ်။

ကျွန်မ ဘယ်လိုရှုင်းပြရမှာလဲ။ဘယ်လို ဖြေရှင်းရမှာလဲ။ အဲဒီကောက်ကျစ်သူရဲ့ မျက်လုံးအစုံကို တည့်တည့်ကြည့်ကာ “ရှင့်စရိုက်မှန် gay ဖြစ်နေတာကို လူသိမှာစိုးတာနဲ့ သူ့ကို မချစ်ဘဲ ခုတုံးမလုပ်ပါနဲ့” လို့ တောင်းပန်ရတော့မှာလား။ ဒါပေမယ့် စကားဖွင့်မဆိုလဲ ကျွန်မရဲ့ ကျရှုံးခန်းကို သိနေတဲ့သူ့ပုံစံက အော့နှလုံးနာစရာ။ ပုံစံက ကိုယ့်လူကို နိုင်အောင်ထိန်းလေဆိုတဲ့ ဟန်။ မထီတရီ။ ဘဝင်မြင့်နေတဲ့အသွင်။ ရိုက်ချင်စရာ။

သူငယ်ချင်းလေးရယ်။ မိတ်ဆွေကောင်းဖြစ်ဖို့ ငါ အတတ်နိုင်ဆုံးကြိုးစားနေဆဲပါ။ ရှေ့မျက်နှာ နောက်ထားကာ မောင်ဝမ်းကွဲလေးကို အကူအညီတောင်းခဲ့သေးတာ။ သူတို့အချင်းချင်းပြောရင် ပိုအဆင်ပြေလိမ့်လို့လည်း မျှော်လင့်ခဲ့မိတာ။ “မမ မဖြစ်နိုင်ဘူး… အဲလိုသွေးကြောင်တဲ့ကောင်တွေက သေခါးနီးတောင် closet ထဲက ထွက်မှာမဟုတ်ဘူး” ဆိုတဲ့ မောင်လေးရဲ့အပြောမှာ ကျွန်မရဲ့ ကောက်ရိုးတမျှင် ပြတ်ကြွေပြီလေ။

ဘယ်လို ရှေ့ဆက်လှုပ်ရှားရပါ့။ နေထိထိုင်သာအောင် ကြိုးစားလည်း စိတ်ကူးတွေကို ချူပ်ကိုင်လို့ မရမက တွယ်ကပ်နေတာ။ “ဆက်မပြောနဲ့တော့။တော်ကြာ ကိုယ့်အလွန်ဖြစ်နေမယ်” တဲ့ ... လူရင်းတွေက နားချလေပြီ။ဒါပေမယ့် ကိုယ့်ဂုဏ်သိက္ခာထက် သူငယ်ချင်းလေးရဲ့ဘဝက မနှိုင်းဆနိုင်အောင် အရေးပါတယ် မဟုတ်လားလေ။ ချောက်နက်ကြားက ဆူးပြွန်းတဲ့ လမ်းမှာ သူမလေး လျှောက်မယ့်အရေးကို ဘယ်လိုမျက်နှာလွှဲ နေနိုင်ပါ့မလဲကွယ်။

အချိန်ရေစီးမှာ အလိုက်သင့်မျောပါရင်း မျှော်လင့်ချက်လေးကို ကျွန်မ လက်မလွှတ်နိုင်သေးပါ။ ဦးနှောဏ်မှာ အတွေးသိုက်ဆောက်လို့ လွတ်မြောက်နိုင်မယ့် လမ်းစကို ကြံဆနေဆဲ။ ပြီးတော့ ဗျာပါဒတွေရဲ့ နယ်ချဲ့မှု ကလည်း ဆပွားနေဆဲ။လေညှာကကျွန်မ ဆက်လက်ပူပန်နေဆဲရယ်။ ညောင်ဦးကမ်းပါးပြိုလို့ စမ္ပာနဂိုရ်က နွားမ ပေါင်ကျိုးနိုင်သေးရင် ကျွန်မတို့က သူငယ်ချင်း အရင်းကြီးတွေ မဟုတ်လားကွယ်။ကျွန်မ ဘယ်လို အသက်ဖြောင့်ဖြောင့်ရှုနိုင်တော့မှာလဲ။အချိန်တစ်မျှင်တိုင်း ကျွန်မ နှလုံးသွေးတွေ ပြာဖြစ်နေပြီ။ ခက်တယ် သူငယ်ချင်းလေးရယ်။ နင့်လက်ထပ်ပွဲမတိုင်ခင် ငါသေသွားနိုင်တယ် သိလား။

ကျေးဇူးပြုပြီး အကြံပေးပါနော်လို့ အဘယ်တန်ခိုးရှင်ကို အကူအညီတောင်းရတော့မလဲ။ သူငယ်ချင်းလေးရဲ့ အိပ်မက်တွေကို ခြောက်ခြားစေမယ့် တစ္ဆေတစ်ကောင်ရဲ့ လက်က ဘယ်လိုကယ်တင်ရမလဲ။ သောကတွေကို အပြင်းအထန် ဖိနှိပ်တိုက်ထုတ်ပေမယ့် ကြောက်လန့်ခြင်းတွေဟာ စိတ်ကူးကို ချူပ်ကိုင်လို့ မရမက တွယ်ကပ်နေပြီ။ နာကျင်မှုတွေ တနင့်တပိုးနဲ့ ကျွန်မ လွင့်စင်နေဆဲဖြစ်ပါတယ်။

သံယောဇဉ်ဆိုတာ...။




15 August 2010

“ခက်ရာခက်ဆစ် မျှော်လင့်သောမြစ်”




သူ့ဆီက ကျွန်မအလိုချင်ဆုံးအရာမှာ ယောက်ျားကောင်းတစ်ယောက်ရဲ့ ကတိစကား မဟုတ်ပါ။ ယိုင်နဲ့တိမ်းညွတ်မှုတွေ ကင်းစင်ကာ တည်တံ့ခိုင်ခံ့တဲ့ ချစ်သူတစ်ဦးရဲ့ ချစ်ခြင်းမေတ္တာသာ ဖြစ်ပါတယ်။
……………………………………………………………………………………………………………………

ခက်တာက မောင်ကျွန်မကို လိုအပ်သလားလို့ ထင်ယောင်မှားနေမိတာဖြစ်ပါတယ်။ဘယ်လိုလုပ်ရမလဲ။ကျွန်မ ထွက်ပြေးဖို့ကြိုးစားတိုင်း ဒီကြိုးတစ်ချောင်းက လာလာတားနေတယ်လေ။“ မရူးစမ်းပါနဲ့ အသက်ရာ …ဒါတွေဟာ ခဏလေးပဲဆိုတာ သိတယ် မဟုတ်လား”တဲ့။

ခဏလေး။
ခဏလေးဟုတ်လား။
အဲဒီခဏလေးအတွင်းမှာ ကျွန်မ ဘယ်နှစ်ခါအသဲကွဲပြီးပြီလဲ ဆိုတာ မောင်မသိ။ မောင်နားမလည်။ မောင် ဘယ်လို ကိုယ်ချင်းစာမှာလဲလေ။ “ခဏလေး” လို့ ပြောတဲ့ မောင့်ရဲ့စန်းလာဂ်တက်နေတဲ့ သက်တမ်းဟာ ဘယ်ကာလအထိလဲ။တစ်နှစ်လား။ နှစ်နှစ်လား။

တစ်သက်ထက်မက ကြာမြဲနိုင်တယ်ဆိုတာ လူတိုင်းအသိရယ်။ဖြစ်နိုင်မယ်ဆိုရင် စကြာဝဠာအနန္တက ကျော်ကြာမှုအားလုံးကို မောင့်ထံမှာသာ သိုမှီးပေးချင်သူပါ။ ဒါပေမယ့် အဲဒီကျော်ကြားမှုဒဏ်ကို ကျွန်မ ကြံ့ကြံ့မခံနိုင်ဘူးလေ။ ကျွန်မရဲ့ နှလုံးသားအလွှာဟာ ထင်မှတ်ထားတာထက် ပိုမိုပါးလွှာနေပါတယ်။

ဒါဟာ ဝဋ်ကျွေးပဲ ထင်ပါရဲ့။
ကျွန်မမှာ နောက်ထပ်ရင်ကွဲရမယ့် အရေးတွေကို မြင်ကာ မတ်မတ်ပင် မရပ်နိုင်တော့ပါ။ ကျွန်မရဲ့ အကုသိုလ်ကံဟာ ဒီလောက်တောင်ကြီးသလားကွယ်။ တရေးနိုးမှာပင် ပြန်အိပ်လို့မရ။ ဒီအချိန်ကျမှ ဖုန်းဆက်တတ်တဲ့ မိန်းကလေးတစ်ချို့ရဲ့ အကြောင်းကို မောင့်ဆီက ကြားရပြီးကတည်းက။

“ဒီမှာ အမျိုးသမီးလေး… ဘာမှ နှိုင်းယှဉ်စရာမလိုဘူး။ ကိုယ်ဟာ မင်းရင်ထဲက ချစ်သူ။ သူတို့အတွက်တော့ ကိုယ်က အရုပ်တစ်ရုပ်ပဲ။ ဒီအရုပ်ကလေးကို ကစားရတာ ငြီးငွေ့သွားရင် နောက်တစ်ရုပ်ကို မျက်စိကျမှာပဲ” မောင်ပြောတဲ့ တရားသဘောတွေဟာ နားလည်ပြီးသားပေမယ့် သိမှတ်မှုက တခြား။ ရရှိခံစားနေရတာက တခြား။ တကွဲတပြားစီရယ်။

ကျွန်မထက် အစစအရာရာ ပြည့်စုံသာလွန်တဲ့ မိန်းကလေးများရဲ့ ပွင့်လင်းရဲတင်းသော စွဲဆောင်မှုတွေကို မဆိုလိုပါ။ ကျွန်မ ရင်မဆိုင်နိုင်ပဲ မောင့်ဆီက ထွက်ပြေးချင်စိတ်တွေ ပိုမိုသည်းထန်လာအောင် စွမ်းဆောင်နိုင်တာက ထိုမိန်းကလေးများရဲ့ နူးညံ့သိမ်မွေ့သော နှလုံးသားများသာ။

ကျွန်မက သူတို့လောက် မောင့်အပေါ်မှာ နှစ်သက်မြတ်နိုးမှုမရှိဘူးလို့များ မောင်တွေးမိမလားရယ်လို့ စိုးရိမ်အားငယ်ကာ။ ဒါပေမယ့် ကံကောင်းတယ်လို့ သတ်မှတ်ရမလား။ ကံဆိုးတတ်လို့ ဆိုနိုင်သလား။ အံ့ဖွယ်ရာဖြစ်လောက်အောင် မောင်က နားလည်ခဲ့တယ်လေ။

“သူတို့ ချစ်တာ ကိုယ့်ကို အပေါ်ယံကြည့်ပြီး ချစ်တာပါ။ အသက်လောက် ဘယ်သူကမှ ကိုယ့်အပေါ် အရှိအတိုင်းမြင်ပြီး ချစ်နိုင်တာ မဟုတ်ဘူး” တဲ့။ မောင်ဘယ်လိုပဲ နှစ်သိမ့်ပေမယ့် ကျွန်မရဲ့ ဝမ်းနည်းနာကျင်မှုတွေက ပြယ်လွင့်မသွားပါ။
“ မဖြစ်နိုင်တာ မောင်ကလဲ …. သူတို့ ချစ်မှာပါ။ မောင်က ဒီလောက် ချစ်ဖို့ကောင်းတာ”။ မောင်က သဘောတကျ ရယ်မောကာ။ “ ဒီမှာ ဒေါ်အသက်ကလေး။ ခင်ဗျားရည်းစားကို ခြောက်ပြစ်ကင်း သဲလဲစင်များ အောက်မေ့နေသလား” တဲ့။

မောင် သူတော်စင်မဟုတ်ဘူးဆိုတာ ကျွန်မ သိပါတယ်။ ဒါပေမယ့် ချို့ယွင်းချက်နာကင်းတဲ့ လူရယ်လို့ ရှိလို့လားကွယ်။ ရင်ထဲက အပူလှိုင်းတွေဟာ စက္ကန့်နဲ့အမျှ ကျယ်ပြန့်ပြင်းထန်လာနေပြီ ဖြစ်ပါတယ်။ နှုတ်နည်းဆွံ့အသူမို့ တီတီတာတာတွေဆိုလို့ မချွဲနွဲ့တတ်။ မိုးခြိမ်းသံတွေနဲ့ ပြိုကျလာတတ်တဲ့ တာဝန်တွေအကြားမှာ မောင့်အရိပ်လေးကိုပင် မျှော်ငေးခွင့်နည်းပါး။

ကျေးဇူးပြုပြီး နားချပေးပါ။ ညှိနှိုင်းဖျောင်းဖြပေးပါ။
ကျွန်မရဲ့သောကတွေဟာ သိပ်ကို လွန်ကဲနေပြီလားဆိုတာ။ အမျိုးစုံလင်တဲ့ ဆက်သွယ်မှုနည်းစနစ်တွေကတဆင့် အချိန်မလပ်ရောက်လာတတ်တဲ့ သူတို့ရဲ့ ချစ်ခြင်းတရား နူးညံ့လှပမှုများ၊ ကြည်နူးမွေ့လျော်ဖွယ် တန်ဆာခြယ်ထားတဲ့ အထင်ကရ တိုက်ဆိုင်မှုများ၊ ကယုကယင် ရင်ခုန်စေတဲ့ လွမ်းမောစရာ ကိုယ်ရောင်ပြမှုများ။

ပြောပါဦး မောင်ရယ်။
မောင် ဘယ်လို နှလုံးသားနဲ့များ ဥပေက္ခာ ပြုထားသလဲကွယ်။ မောင့်ရဲ့ ကိုယ်ကျင့်သိက္ခာကို မယုံကြည်လို့ မဟုတ်ပါဘူး။ ကျွန်မကိုယ်တိုင်က သိမ်ငယ်အားနည်းလွန်းတာ ထင်ပါရဲ့။ “ကျွန်မကို ထားခဲ့ပါတော့ မောင်ရယ်။ ကျွန်မက မောင့်ကိုပျော်ရွှင်မှုတွေ ဆောင်ကြဉ်းပေးနိုင်တဲ့ မိန်းမ မဟုတ်ပါဘူး”

ဒီလို ပြောလိုက်တိုင်း မောင် ဆူပွက်ပေါက်ကွဲတတ်တာ သိပေမယ့် မခံမရပ်နိုင်အောင် နာကျင်လာတော့လည်း ပွင့်အံမိတော့တာ။ တကယ်လည်း ဆက်လက်သည်းခံနိုင်စွမ်း မရှိတော့ပါ။မောင့်ဆီကို တိုးလည်း မသွားရဲ။ ကျောလည်း မခိုင်းနိုင်နဲ့ ကျွန်မရဲ့ နှလုံးသားတွေဟာ လမ်းခုလတ်မှာ မွမွကြေကာ အားပြတ်နေပြီ ဖြစ်ပါတယ်။ ကျွန်မ မျက်မမြင်၊နားမကြား ဖြစ်နေရင်လည်း ကောင်းသားလေ။ မောင့်ရဲ့စန်းဇာတာ အရှိန်လျော့သွားတဲ့အထိပေါ့။

မောင့် အပြုံးတွေက ကျွန်မတစ်ဦးတည်းအတွက် မူပိုင်မဟုတ်တော့တဲ့နောက်မှာ… ကျွန်မ ဘယ်လိုစွမ်းအားနဲ့ ခက်ခက်ခဲခဲ အသက်ရှုနေရလဲ ဆိုတာ မောင် ယောင်ယမ်းပြီးတောင် တွေးကြည့်မိရဲ့လားကွယ်။ သဝန်တိုတာ မဟုတ်ရပါဘူး မောင်ရယ်။ ကျွန်မရဲ့ ခံနိုင်ရည်ဟာ ဆိုးဆိုးရွားရွားကို နိမ့်ကျပါးလျနေပြီ ဖြစ်ပါတယ်။

ဟောဒီမှာ။
ရှိုက်သံတွေ။
မောင်ဘယ်တော့မှ မကြားနိုင်။
မောင်ဘယ်တော့မှ နားမလည်နိုင်။
မောင်ဘယ်တော့မှ လက်မခံနိုင်။

နောက်ကြောင်းပြန်အတွေးတွေ ယှက်ဖွဲ့လို့ နာကျင်မှုတွေကို ရင်ဝယ်ပိုက်ကာ တိမ်တွေညိုရင်တောင် ကတိမ်းကယိမ်းနဲ့ ငိုချင်နေမိတဲ့ မိန်းမတစ်ယောက်ရဲ့ အဖြစ်တွေ။ မောင်ဘယ်လို ယုံကြည်နိုင်မလဲနော်။

ကျွန်မက သက်မဲ့ရုပ်တုမဟုတ်ဘူးလေ။ ဒဏ်ရာဝနေတဲ့ နှလုံးသားဆီကိုပဲ အိပ်မက်ဆိုးတွေက တဖြုတ်ဖြုတ်ကြွေဆင်းလာနေရာ။ မရေမတွက်နိုင်တဲ့ ဝေဒနာအစိုင်အခဲတွေရဲ့ နင်းခြေမှုအောင်မှာ အသက်ရှုသံလေးပင် တစ်စထက်တစ်စ ယိုယွင်းယိုင်နဲ့ကာ။ ခြောက်ခြားမှုတွေကို မှီတွယ်ရင်း ငိုညည်းသံတွေအတွက် ထားစရာနေရာပင် မရှိတော့ဘူးကွယ်။

ဒီလိုနဲ့…. နေ့စဉ်ရက်စက် စိုရိမ်ခြင်းအပူပြင်းထဲမှာ စုံးစုံးမြုပ်ရင်း ကျွန်မ ယဉ်ယဉ်လေးရူးတော့မယ် မောင်ရဲ့။ တစိမ်းသူတွေ ဘယ်လိုပင် အားပေးပေမယ့် ပြိုလဲခြင်းများစွာနဲ့ ရှင်သန်နေထိုင်လို့ မဖြစ်တော့တာမို့ ရင်ကွဲနာနဲ့ပဲ တရားဝင်ပြောရတော့မှာ။မျက်ရည်တွေရဲ့ ဖိအားပေးမှုနဲ့ ကြေကွဲမှုမနိုင်ဝန်တွေကို ဒီထက်ပိုပြီး မထမ်းနိုင်တော့ဘူးလေ။

ကျွန်မကို အမှိုက်တစ်စလို စွန့်ပစ်လိုက်ပါတော့လေ။ ဘုန်းကံခြင်းမမျှလို့ လမ်းခွဲရတယ်လို့ သဘောထားပါကွယ်။
ကျေးဇူးပြုပြီး ပြောလိုက်ပါတော့နော်။
ကျွန်မမျက်ဝန်းတွေကို စေ့စေ့ကြည့်ပြီး မချစ်တော့ဘူးလို့သာ ပြောလိုက်ပါ မောင်ရယ်။



Moon River
Credit & Copyright: Jay Ouellet
……………………………………………………………………………………………………………………

သူ့ဆီက ကျွန်မအလိုချင်ဆုံးအရာမှာ ယောက်ျားကောင်းတစ်ယောက်ရဲ့ ကတိစကား မဟုတ်ပါ။ ယိုင်နဲ့တိမ်းညွတ်မှုတွေ ကင်းစင်ကာ တည်တံ့ခိုင်ခံ့တဲ့ ချစ်သူတစ်ဦးရဲ့ ချစ်ခြင်းမေတ္တာသာ ဖြစ်ပါတယ်။

……………………………………………………………………………………………………………………

မယ်ကိုး