28 November 2010

အိမ်စွဲသူများ


“ရှင်ရောက်နေတဲ့နိုင်ငံကလူတွေဟာ ယဉ်ကျေးပြီး ရှင့်အပေါ်ကြင်နာပေမယ့် အပြင်လူပါလားဆိုတာ ရှင်စတင်သဘောပေါက်လာမယ်။ ဘာတွေဟာ ရှင့်အတွက် ပြဿနာတွေဆိုတာ သူတို့ တကယ်နားမလည်ဘူးလို့ ရှင်သိလာမယ်။ နောက်တော့ ရှင်ဟာ မေးခွန်းတွေ စမေးပြီ။ တနည်းအားဖြင့်တော့ ဒါတွေဟာ ဖုံးကွယ်ထားတဲ့ ဝေဖန်အပြစ်တင်မှုတွေပါပဲ။ ရှင့်ကိုယ်တိုင်လည်း ယဉ်ကျေးမှုဓလေ့နဲ့ ပက်သက်ပြီး အပြစ်တင်နေပါလားဆိုတာ ခံစားလာနိုင်တယ်။ ရှင့်ရဲ့ စိတ်တည်ငြိမ်မှုတွေ စတင်ဆုံးရှုံးလာပြီ။ ဟာသဓာတ်တွေ ပျောက်လာပြီ။” လို့ အင်္ဂလန်အနောက်ပိုင်းတက္ကသိုလ်တစ်ခုမှာ ယဉ်ကျေးမှုအချင်းချင်း နှီးနွယ်ခြင်းဘာသာရပ်ကို သင်ကြားနေတဲ့ ဆရာမ ရေဘက်ကာဖောင်း (Rebecca Fong)က စိတ်ဆင်းရဲနာကျင်မှုအဆင့်နဲ့ ပက်သက်ပြီး ပြောပါတယ်။

ဒီစကားကိုကြားကြားချင်းပဲ အမြဲတစေ ရယ်စရာလေးတွေ ပြောပြတတ်ပြီး ကြည်လင်ပျော်ရွှင်တဲ့ မမဆွိကို ကျွန်မ မြင်ယောင်မိပါတယ်။ “မှတ်မိတာကတော့ MRT ပေါ်က တစိမ်းဆန်တဲ့ စလုံးလူမျိုးတွေရဲ့ အေးစက်စက် စက်ရုပ်မျက်နှာတွေ။ အဲဒီမျက်နှာတွေကြည့်ပြီး အထီးကျန်သလိုလို၊ သိမ်ငယ်သလိုလိုခံစားရလို့ လန့်တောင်ပြေးချင်တယ်။နောက် MRT က တီတီတီ door is closing ဆိုတဲ့ အသံ။ အဲဒီအသံကိုကြားတိုင်းကို ငိုချင်နေတော့တာ မှတ်မိတယ်။”လို့ ဟာသဓာတ်ပျောက်ခဲ့တဲ့ အချိန်လေးတစ်ခုအကြောင်းကို မမဆွိက ပြောပါတယ်။ 

အမှန်ပါပဲ ဒီအဆင့်ဟာ တိုင်းတစ်ပါးယဉ်ကျေးမှုနှင့် ရုတ်တရက်ထိတွေ့ရာမှ ဖြစ်ပေါ်လာတဲ့ စိတ်နေသားမကျမှုမှာ အဆိုးဆုံးအခြေအနေဖြစ်လို့ အိမ်လွမ်းနာ၊ အထီးကျန်တာ၊ ဖိအားတွေများလာတာ၊သည်းမခံနိုင်လာတာ၊ ပျင်းရိတာ၊ အိပ်ချိန်များသွားတတ်တာ၊ အအိပ်ပျက်လာတာ၊ ယုံကြည်မှုလျော့လာတာ၊ အကူအညီမဲ့ ခံစားမှုတွေ၊ အသက်မပါတဲ့အကြည့်တွေ ဖြစ်နေတာ။ အစားတွေ အလွန်အမင်းစားဖြစ်တာ၊ အရက်သောက်လွန်းတာ၊ ကိုယ်အလေးချိန်တက်လာတာ၊ အိမ်ရှင်နိုင်ငံသားတွေကို အေးစက်စက်ဖြစ်နေတာ၊ အိမ်ရှင်နိုင်ငံသားတွေကို ရန်လိုတတ်တာ၊ ကိုယ့်နိုင်ငံကိုသာ စံထားပြီး အရာအားလုံးကို အဓိပ္ပါယ်ဖွင့်နေမိတာတို့ ဖြစ်တတ်ပါတယ်။ 


 artist:Nyein Chan Su

ကျွန်မပတ်ဝန်းကျင်မှာတော့ ဒီပြေးလမ်းကို ဖြတ်သန်းကြသူတွေရဲ့ ရင်ခုန်သံဟာ စည်းချက် သိပ်မကွာလှပါဘူး။ “ရောက်ရောက်ချင်းကတော့ အသက်အရွယ်အရ ငယ်ရွယ်သေးတာရော အပြောင်းအလဲအသစ် ပတ်ဝန်းကျင်သစ်နဲ့ အတွေ့အကြုံအသစ်တွေကြားမှာ ဂုဏ်ယူတာလိုလို ဘာလိုလို ဖြစ်လိုက်သေးတယ်... နောက်တော့လဲ တော်တော်လေးကို ငြီးငွေ့လာတယ် ... ဘ၀အတွက် ဘာဆို ဘာမှ အဓိပ္ပါယ်မရှိသလိုပဲ ခံစားရတယ်... ကိုယ့်ကိုယ်ကို မနည်းနှစ်သိမ့်ပြီး ပျော်သလိုနေလိုက်တော့တယ် ...လို့ စင်္ကာပူက ညီမလေးနှင်းဟေမာက ပြောပါတယ်။

ဒီအဆင့်မှာ ခြေပစ်လက်ပစ်အားငယ်နေတာ ကျွန်မ တစ်ယောက်တည်းမဟုတ်ဘူးလို့ သိရတာ အနည်းငယ် စိတ်သက်သာရစေတာ အမှန်ပါ။ တကယ်ပဲ ဘဝတူတွေ များလှပါတယ်။ “စရောက်တုန်းကတော့ ရည်ရွယ်ချက်တခုနဲ့အတူမို့ လူကငိုဖို့ရီဖို့မေ့ပြီး ထုံပေပေနဲ့ပေါ့..နောက်တော့ နေ့ဘက်တွေမှာ မာရေကျောရေမျက်နှာပေးနဲ့... ညဘက်ရောက်ရင် ကြိတ်ကြိတ်ငိုရနဲ့ နေသားကိုကျလို့..ခုတော့လည်း စက်ရုပ်လူသားကိုဖြစ်လို့…”လို့ ဒူဘိုင်းက မမအမရာက ဆိုပါတယ်။ 

ဒါဟာ ကိုယ်ရွေးခဲ့တဲ့ လမ်းပဲ ကိုယ့်ဘာသာ ကိုယ်ရင်စီးခံလေလို့ မပြောစေချင်ပါဘူး။ “ကုသိုလ်၊ပညာ၊ဥစ္စာရဖို့ သင့်ရာဒေသ အမြဲနေ”ဆိုတဲ့ ဆိုရိုးနဲ့လည်း လာမရိုက်စေချင်ပါဘူး။ာနေစွန့်ငှက်တွေပဲဆိုပြီး လက်ညှိုးမထိုးစေချင်ပါဦး။ အခွင့်မသာလို့ ပျံသန်းကြရပေမယ့် ကျွန်မရဲ့ နှလုံးသားဟာ အသိုက်အိမ်မှာ ရှိနေဆဲဖြစ်ပါတယ်။ ဒါကြောင့်ပဲ ဝိညာဉ်နဲ့ အတောင်ပံထပ်တူမကျတိုင်း ကျွန်မတို့ ပင်ပန်းဆင်းရဲခဲ့ကြတာ။



“ရှင့်ကိုယ်ပိုင်ယဉ်ကျေးမှုဟာ အရမ်းမြတ်နိုးစရာကောင်းတယ်လို့ စတင်တွေးကောင်းတွေးလာပါပြီ။ ရှင်ကိုယ်တိုင်မသိပဲနဲ့တောင် ရှင့်ကိုယ်ပိုင်ယဉ်ကျေးမှုကို အလွန်အကျူးစံထားတာ ၊ အိမ်မှာ ရှိတဲ့ အရာတိုင်းဟာ နှစ်သက်ပျော်ရွှင်ဖွယ်ကောင်းကြောင်း စိတ်ကူးယဉ်တွေးပြီး ညွတ်နူးတာတွေ ဖြစ်လာနိုင်ပါတယ်။ ဒီအဆင့်မှာ အိမ်မှာဆို ဘယ်လိုဆိုကာ အတွေးတွေလည်း ချဲ့ကားတော့တာပါပဲ။” လို့ ရေဘက်ကာက ဆက်လက်ရှင်းပြပါတယ်။ 

ဒီစကားဟာ ကျွန်မအတွက်တော့ မမှားပါဘူး။ ရယ်စရာအကောင်းဆုံး ဥပမာတစ်ခုကို ပြောပြနိုင်ပါတယ်။ မြန်မာပြည်က ကားမှတ်တိုင်တစ်ခုမှာ ဆယ့်ငါးမိနစ်မကရပ်နေတာကို သည်းခံနိုင်ပေမယ့် ဒီနိုင်ငံက ရထားတစ်စင်းနဲ့တစ်စင်းကြား နှစ်မိနစ်ခြားအချိန်ကို ကြာတယ်လို့ ယူဆနေတတ်ပါတယ်။ ရုံးသွားချိန် ရထားရဲ့ အလယ်မှာလူတွေချောင်နေပေမယ့် တံခါးပေါက်မှာ လူတွေစုပြုံနေတာမို့ ဝင်မရတတ်တဲ့ အခါမျိုးမှာလည်း လူရှင်းပေးမယ့် ကျွန်မ မနှစ်လိုခဲ့တဲ့ မြန်မာပြည်က ကားစပယ်ယာတွေကို သတိရတတ်ပါတယ်။ ဒီလိုအတွေးဟာ မတရားဘူးဆိုတာ သိပေမယ့် ထိန်းချုပ်လို့ မတားဆီးနိုင်ခဲ့ပါဘူး။ အမေ့အိမ်ကို ချစ်ဆဲမို့ အမှန်တွေရဲ့ အဝေးမှာ ကျွန်မ ပုန်းနေခဲ့တယ်လေ။ 

“ဖြစ်နေတဲ့ တကယ့်အန္တာရယ်က ကျွန်မတို့ကိုယ်တိုင်မသိဘဲနဲ့ ကျွန်မတို့ဓလေ့ရဲ့ အတွေးအခေါ် ယုံကြည်မှုတွေကြားမှာ အကျဉ်းကျနေကြတာ ဖြစ်ပါတယ်။ကျွန်မတို့ဓလေ့ကိုသာ ကမ္ဘာကြီးမှာ ဗဟိုပြု ရှိနေတယ်လို့မြင်ကြတယ်။ ပြီးတော့ တခြားယဉ်ကျေးမှုတွေကို စဉ်းစားတဲ့အခါ ကျွန်မတို့လုပ်နည်းကိုင်နည်းတွေဟာ သူတို့ထက် သာလွန်တယ်လို့ ရည်ရွယ်တွေးမိတတ်ပါတယ်။ ကျွန်မတို့ကိုယ်တိုင် မသိဘဲနဲ့တောင် ကိုယ့်ယဉ်ကျေးမှုကို ဗဟိုပြုစံထားတဲ့လူတွေအဖြစ် မွေးဖွားလာကြတယ်။ ဒါကြောင့် တခြားယဉ်ကျေးမှုကို နားလည်ဖို့ကြိုးစားတိုင်း ဒါဟာ အကြီးဆုံးအဟန့်အတားဖြစ်လာတော့တာပဲ။” လို့ ရေဘက်ကာက ပြောပြန်လေတာ။ 

သူမဆိုတာတွေဟာ အမှန်ပဲလား။ ဆိုက်ပရပ်စ်က ကိုအယ်ကို က သူ့အတွေ့အကြုံကို “ဒီနိုင်ငံကိုရောက်တော့ ပထမ တစ်ရက် နှစ်ရက်လောက် ပျော်လိုက်တာ ပြောမနေနဲ့ဗျ ။ နောက်တစ်နေ့မှာ အလုပ်စလုပ်ရတယ်။ အဲဒီမှာ စိတ်ညစ်လာစေမယ့် ပြဿနာတွေ စတော့တာဘဲဗျ ။ မတူတာတွေ မတူတာတွေပေါင်း များစွာတွေနဲ့ပေါ့ဗျ။.လက်ခံတတ်တဲ့ အမြင် မရှိခဲ့သေး ။ မတွေးမိခဲ့သေးလို့လေ ....” လို့ ဆိုလေရဲ့။ 

ဘာဖြစ်လို့ ဒီအဆင့်ဟာ အခက်ခဲဆုံးဖြစ်ရတာလဲ ဆိုတာကို ရေဘတ်ကာက “တကယ်က မကြာခဏဆိုသလိုပဲ အစားအစာ ၊ ဗိသုကာလက်ရာ၊ တေးသီးချင်းတွေနဲ့ သဘာဝကျကျ သက်တောင့်သက်သာဖြစ်ဖို့ ကျွန်မတို့ သင်ကြားနိုင်ပါတယ်။ ဒါပေမယ့် မမြင်နိုင်တဲ့ ပြဿနာတွေ အများကြီးကျန်နေပါသေးတယ်။ ဆိုလိုတာက ကျွန်မတို့ရဲ့ ငုပ်နေတဲ့အတွေးအခေါ်တွေပါ။ ဒီအတွေးတွေဟာ နိုင်ငံရေး၊ဘာသာရေး၊စီးပွားရေးနဲ့ လူမှုရေးတွေ ဖြစ်နိုင်ပါတယ်။ သူတို့ဟာ ကျွန်မတို့ရဲ့ အသွေးအသားမှာ စွဲကပ်ခိုင်မြဲနေလွန်းလို့ ရှိနေမှန်းတောင် မသိနိုင်ကြပါဘူး။ 

ဒီလို ကိုယ့်ယဉ်ကျေးမှုကို ဗဟိုပြုစံထားပြီးသာ ကျွန်မတို့ရဲ့ ယုံကြည်မှုတွေ အမှားအမှန်ဆုံးဖြတ်ချက်တွေနဲ့ စံတစ်ခုကို တည်ထောင်ကြတယ်။ ပြီးတော့ တစ်ခြားယဉ်ကျေးမှုတွေက ကျွန်မတို့နည်းအတိုင်း လုပ်ကိုင်ရင် “အို ... ဟုတ်တယ်” လို့ ချက်ချင်းပဲ တန်ဖိုးဖြတ်ကြပြီး ကျွန်မတို့နဲ့ မတူတဲ့နည်းတွေကြောင့် သူတို့လုပ်တာ မှားနေတယ်လို့ ဆုံးဖြတ်ကြပြန်ပါတယ်။ 

ကျွန်မတို့အများစုကCulture Shock ဆိုရင် ဝေးလံတဲ့ဒေသကို ရောက်လို့ဖြစ်တဲ့ ရေခြားမြေခြားကြောင့် စိတ်မကျန်းမာခြင်းလို့ တွေးမိတတ်ကြပါတယ်။ ဒါပေမယ့် တကယ်တော့ ရေခြားမြေကြားတစ်ခုတည်းနဲ့ ဆက်စပ်နေတာ မဟုတ်ပါဘူး။ ဒါဟာ ကျွန်မတို့ ဘဝမှာ အမြဲဖြတ်သန်းနေကျ အကူးအပြောင်းမျိုးလိုပါပဲ။” လို့ သူမက အကျယ်တဝင့်ရှင်းပြပါတယ်။ ဒါပေမယ့် သိပ်ရိုးရှင်းတဲ့ အကူးအပြောင်းတော့ မဟုတ်ဘူးရယ်။ 

“မတူတဲ့ဓလေ့တွေ ကိုလိုက်ညှိ၊ မသိသေးတာကိုသင်၊ ကိုယ်အပေါ် တုန့်ပြန်လာတဲ့ မမျှော်မှန်းထားတဲ့ တုန့်ပြန်မှုတွေကိုရင်ဆိုင်ရင်း ကျွန်မကတော့ ၈ နှစ် ၉နှစ်လောက်အထိ ညတိုင်းလိုလို မြန်မာပြည်နဲ့ မိတ်ဆွေတွေကို အိပ်မက်မက်တယ်။”လို့ ဂျာမဏီနိုင်ငံမှာ နေထိုင်တဲ့ မမရှင်လေးက သူ့အတွေ့အကြုံကို ပြောပြပါတယ်။ 

ကျွန်မတို့ရဲ့ ဘက်လိုက်တတ်တဲ့နှလုံးသားဟာ အမှန်ကို လက်ခံဖို့ နှောင့်နှေးလေ အိမ်လွမ်းနာဟာ ကြာမြင့်လေလို့ ဖျောင်းဖျလည်း ကျွန်မရဲ့အမြင်တွေဟာ မြူတွေခြားသလိုဝါးနေဆဲဖြစ်ပါတယ်။ ကျွန်မလိုပဲ အင်္ဂလန်နိုင်ငံသူ ဒီဗန်ခရိုန်(Devon Krohn) က  “ကျွန်မ နိုင်ငံခြားကို သွားခဲ့တုန်းဟာ အင်္ဂလန်မြေကို လွမ်းနာ စခံစားရရပါတယ်။ ဒါဟာ ကျွန်မပြန်လာတဲ့ အကြောင်း တစ်စိတ်တစ်ပိုင်းပါပဲ။ အင်္ဂလိပ်အဖွဲ့အစည်းထဲက နေ့စဉ်လူမှုဘဝထဲမှာ ရှိတဲ့ယဉ်ကျေးမှုကို ကျွန်မ လွမ်းနေခဲ့ပါတယ်။ ဆိုပါတော့ ကုန်မျိုးစုံဆိုင်ထဲမှာ၊ စာတိုက်မှာ၊ လူတွေ တွေ့ကြတဲ့အခါ ကျေးဇူးတင်ပါတယ်။ သွားပါတော့မယ်။ ဒီလိုမျိုး လူတစ်ယောက်က တခြားလူတစ်ဦးကို အသိအမှတ်ပြုပုံလေးကိုမျှပဲ တမ်းတနေခဲ့ပါတယ်။” လို့ သူမရဲ့ ခံစားမှုကို ဖွင့်အံပါတယ်။ 

ဒါပေမယ့် ကျွန်မတို့ အားလုံးသိတဲ့အတိုင်း လောကမှာ ဘယ်အရာမှ မမြဲပါဘူး။ အထူးသဖြင့် ကျွန်မတို့ဟာ အာရုံသစ်တွေနဲ့ စက္ကန့်တံနဲ့အမျှ ရွေ့လျားနေတဲ့ လူသားများ မဟုတ်ပါလား။ အသစ်ကို သာတောင့်သာယာလက်ခံနိုင်ဖို့ ဒဏ်ရာပေါင်များစွာကို ရင်းကာ တစ်ချို့သူများက ပြောင်းလဲနိုင်ကြလေပြီ။ စကားစပ်မိလို့ မေးပါရစေ။ နှလုံးသားတစ်ခု ပြောင်းလဲခန်းဟာ လွယ်ကူတယ်လို့ ရှင်ထင်ပါသလား။ 

“ရောက်ပြီး ဆောင်းဝင်ခါစတုန်းကတော့ နေမမြင်ရလို့ စိတ်ဓာတ်ကျသလို ဖြစ်ဖူးသေးတယ်... ခုတော့လဲ ဆောင်းပြီးရင် နွေလာမှာ သိနေတော့ အေးဆေးပါပဲ” လို့ အင်္ဂလန်နိုင်ငံက မမေလေးက ပြောသလို “အခုတစ်ခေါက်တော့ အသက်ကြောင့်လားမသိဘူး။ အရင်လောက် အထီးကျန်သလို မခံစားဖြစ်တော့ဘူး။ အားလုံး(လူ+ပစ္စည်း)တွေနဲ့ သဟဇာတ ဖြစ်အောင် နေဖြစ်တယ်။ လွမ်းပေမယ့် မငိုတတ်တော့ဘူး။”လို့ ဂျပန်က မမလသာညက ဆိုပါတယ်။ 

ဒီလိုပါပဲလေ။ ဒီလိုပဲ ဖြစ်သင့်တယ် မဟုတ်ပါလား။ “အခုတော့ အလုပ်ထဲမှာ ၅ နှစ်နီးပါး... ဒီမှာရောက်နေတာ ၁၀ နှစ် ကျော်ရှိခဲ့ပြီ....Second Home လို့ လဲ ကျေကျေနပ်နပ် သဘောထားနိုင်လာပါပြီ... ဒီလိုမှလဲ စိတ်ချမ်းသာရာရမယ် မဟုတ်လား...” စင်္ကာပူနိုင်ငံက မမသက်ဝေက အပြုံးနဲ့ဆိုပါတယ်။ 

“အဲဒီတုန်းက နေ့ခင်းဖက် ကျောင်းတက် ညနေဖက် အလုပ်လုပ် နေရတဲ့ အချိန်မို့ ၃ နှစ် ကို မြန်မြန် ကုန်ဖို့ မှန်းတယ်။ ကျောင်းပြီးလို့ အလုပ်ဝင်တဲ့ အချိန်ကျတော့ အတော်လေး နေသားကျသွားပြီ။ အခု ၁၀ နှစ်ကျော်လာတော့ နိုင်ငံခြားရောက်နေတယ် ဆိုတာတောင် တခါတလေ သတိမရတော့ဘူး။” စင်္ကာပူနိုင်ငံက ကိုဇက်တီကလည်း ထောက်ခံပါတယ်။  ဒီအဆင့်ဟာ တခြားယဉ်ကျေးမှုကို လက်ခံနိုင်တဲ့ဖြစ်စဉ် (Adjustment Phase) လို့ ရေဘက်ကာက ဆက်ရှင်းပြလေတာ။  


(ဆက်ရန်)


Ref: အိမ်ပြေးသူများရဲ့ အသံ
BBC : Who on earth are we

အိမ်ပြေးသူများဆောင်းပါးမှာ အသံလေးများကို စေတနာထား မျှဝေသွားတဲ့သူများကို အထူးကျေးဇူးတင်ပါကြောင်းနဲ့ အသံလေးများအား စောင့်မျှော်လျှက်...
မေတ္တာများဖြင့်
မယ့်ကိုး

21 November 2010

အိမ်ပြေးသူများ



“ကျွန်တော့်အသက် ၁၈ နှစ်လောက်တုန်းက ရည်ရွယ်ချက်က နိုင်ငံခြားရပ်ခြားမှာပညာသင်ဖို့ပါ။ ကျွန်တော် လန်ဒန်ကိုလာဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ရောက်စက အသက် ၁၉ နှစ်ဝန်းကျင်ပါ။ အံ့သြစရာကောင်းတာက လေဆိပ်ကနေစတဲ့ ခရီးပါ။ အချိန်က အောက်တိုဘာ နေ့လယ်၊ မိုးဖွဲဖွဲရွာနေပြီး ဘတ်စ်ကားထဲကနေ မဲနေတဲ့ခေါင်းမိုးစွန်းတွေကို မိုးဖွဲဖွဲကြားက ကျွန်တော် ကြည့်နေခဲ့တယ်။ အဲဒါ အရမ်းကို ထူးဆန်းတယ်လို့ ထင်ခဲ့ပါတယ်။ ” ဒီစကားတွေကို ပါကစ္စတန်နိုင်ငံကို စွန့်ခွာပြီး အင်္ဂလန်မှာ အခြေချနေထိုင်နေတဲ့ မာမူးဂျမာလ် (Mahmoud Jamal)က ပြောခဲ့တာ ဖြစ်ပါတယ်။ 

ဒီဖြစ်ရပ်ဟာ တိုင်းတစ်ပါးယဉ်ကျေးမှုနှင့် ရုတ်တရက်ထိတွေ့ရာမှ ဖြစ်ပေါ်လာတဲ့ စိတ်နေသားမကျမှု (Culture Shock) ရဲ့ ပထမအဆင့်ပါ။ အဲဒီအဆင့်ကို ပျားရည်ဆမ်းဖြစ်စဉ် (The honeymoon stage/Honeymoon Phase)လို့ သတ်မှတ်ကြပါတယ်။ ဒီအခိုက်မှာ အရာရာတိုင်းဟာ အသစ်တွေ ဖြစ်လို့ ယဉ်ကျေးမှုခြားနားတာကအစ ဆွဲဆောင်နိုင်နေပါတယ်။ စိတ်လှုပ်ရှားတက်ကြွပြီး စူးစမ်းနေတဲ့ အချိန်ကာလလည်း ဖြစ်ပါတယ်။ 


 photo credit:www.cottontimer.com


ဒီကာလမှာ အိမ်ကိုတောင် မေ့နေနိုင်တယ်လို့ ဆိုကြပါလေတာ။  တမူထူးခြားကာ ဒီအဆင့်မှာတင် အိမ်လွမ်းနာကျတဲ့သူတွေလည်း ရှိပါလိမ့်မယ်။ ကျွန်မနဲ့ အနီးစပ်ဆုံးဥပမာကတော့  ကျွန်မရဲ့ သူငယ်ချင်း အထွေးလေးပဲ ဖြစ်ပါတယ်။ သူမကတော့ ဒီပျားရည်ဆမ်းအဆင့်မှာတင် ငိုလို့ချည်းနေခဲ့တာ။ ဘာဖြစ်လို့ တစ်ရပ်တစ်ကျေးမှာ လာပြီး အလုပ်လာလုပ်မိပါလိမ့်လို့ တွေးလိုက် ငိုလိုက် ၊ အိမ်ကို ဖုန်းဆက်လိုက် ဖြစ်နေခဲ့ပါတယ်။ 

ကျွန်မကတော့ စင်္ကာပူဆိုတဲ့ ဒီကျွန်းကို ရောက်စခဏမှာတော့ ပျော်ရွှင်ခဲ့ပါရဲ့။ သန့်ရှင်းတဲ့ ပတ်ဝန်းကျင်၊ ကောင်းမွန်တဲ့ လမ်းပန်းဆက်သွယ်ရေး နဲ့ တာဝန်ယူကူညီစောင့်ရှောက်တဲ့ အစ်မအရင်းက အနားမှာ ရှိနေတာမို့ အရာရာဟာ ကျေနပ်စရာကောင်းနေခဲ့ပါတယ်။ စတင်အခြေချတာက အမျိုးသားနေ့မှာဖြစ်လို့ တိုက်တာတွေမှာ အလံတွေ တလွင့်လွင့်နဲ့ တက်ကြွနေတဲ့ လူတွေကလည်း ငေးမောစရာချည်းရယ်။ 

ဒါပေမယ့် ရက်သတ္တပါတ်ပေါင်းများစွာ ကြာပြီးတဲ့နောက်မှာတော့ စိတ်ဓာတ်ကျတဲ့ ဒုတိယအဆင့်ကို ရောက်ပြီလေ။ ယဉ်ကျေးမှု ခြားနားခြင်းဟာ အကျိုးသက်ရောက်မှု ရှိလာပြီ။ စိတ်ရှုပ်၊ အထီးကျန်၊ မိဝေးဖဝေး၊ ချစ်သူတွေရဲ့ အဝေးမှာ ရင်ထဲက အက်ကြောင်းက စတင်ပေါ်လာပြီ။ ဒီအဆင့်ကို စိတ်ဆင်းရဲနာကျင်မှုဖြစ်စဉ် (The Distress Stage/ Negotiation Phase) လို့လည်း သုံးနှုန်းကြပါတယ်။ 

ဒီအက်ကြောင်းစပေါ်လာတဲ့အခါ ကျွန်မဟာ ရာသီဥတုအစ အပြစ်မြင်နေမိလေရဲ့။ သူငယ်ချင်းအထွေးက ဒီနိုင်ငံရာသီဥတုဟာ သူ့လူတွေလိုပဲ ဟိတ်ကြီးဟန်ကြီးနိုင်တယ်လို့ ပြောပါတယ်။ နေပူပူမှာ မိုးခြိမ်းသံတွေ တရကြမ်းနဲ့ ခြိမ်းခြောက်တတ်ပေမယ့် မိုးလည်း မရွာဘူးလို့ ဆိုလေတာ။ ကျွန်မကတော့ ဒီကျွန်းရဲ့ ရာသီဥတုမှာ သက်တောင့်သာယာရှိနေခဲ့တာ မိုးတွေ မရွာခင်အထိပေါ့။ ဥတုရာသီ တစ်မျိုးတည်းသာရှိတဲ့ ဒီအရပ်မှာ အောက်တိုဘာလကစလို့ အဆက်မပြတ်မိုးရွာပြီလေ။ 

ဆောင်းရာသီချစ်သူ ကျွန်မက ချမ်းတတ်လွန်းသူပါဆိုရင် အံ့သြစရာများ ဖြစ်နေမလား။ ရုံးမှာ လေအေးစက်က ကျွန်မ ဦးထိပ်တည့်တည့်မှာ ရှိတယ်။ ရထားပေါ်မှာ ၊ ဘတ်စ်ကားထဲမှာ ချမ်းလွန်းလို့ ကျွန်မ ခိုက်ခိုက်တုန်နေခဲ့ပါတယ်။ နွေးနွေးထွေးထွေးရှိသူတွေကို မြင်တိုင်း ကျွန်မတစ်ယောက်တည်း ချမ်းနေတာလားလို့ တွေးမိလေတာ။ ဒီကျွန်းမှာ ရှိသမျှလေအေးစက်တွေကို လိုက်ပိတ်ချင်ခဲ့မိတာပေါ့။ အေးစက်တဲ့လေထုကြားမှာ အသက်ရှုကျပ်ကာ ချမ်းလွန်းလို့ ဖျားတော့မှာလားလို့လည်း အမြဲသံသယဖြစ်နေခဲ့။ 

ဟင့်အင်း။ ကျွန်မ နာမကျန်းလို့ မဖြစ်ဘူး။ အိမ်လွမ်းလို့ မဖြစ်ဘူး။ ကျွန်မ အိမ်မပြန်နိုင်သေးဘူး။ အိမ်မှာရှင်သန်ဖို့ အခွင့်မရှိဘူး။ ကျွန်မ ဆက်လက် အိပ်မက်မက်ရဦးမှာ။ လူု့ဘုံအလယ်မှာ ရပ်တည်နိုင်ဖို့ ကြိုးစားရဦးမှာ။ ဘာပဲဖြစ်ဖြစ်။ ကျွန်မအရှုံးမပေးနိုင်ဘူး။ ဖြစ်ရပ်မှန်ကတော့ ဘယ်လိုပင် ကြိုးစားနှလုံးသွင်းပေမယ့် ကျွန်မ ယိုင်လဲတော့မလို ဖြစ်တယ်။ အခါခါ အားနည်းတိုင်း ကိုယ့်ကိုယ်ကိုယ်မုန်းကာ တော်ရာမှာ မပျော်နိုင်တော့ဘူး။ ဒီလိုနဲ့ ကျွန်မ မာကျောချင်ယောင်ဆောင်ခဲ့ပြီလေ။ မြန်မာပြည်မှာ ရိုင်းပျတဲ့ ကားစပယ်ယာကို ခွန်းတုံ့မပြန်နိုင်ခဲ့တဲ့ကျွန်မ ရုံးက အထက်အရာရှိကိုတော့ ပြန်လှန်အော်နေခဲ့မိတာ။ အစ်မတစ်ယောက်က သိပ်မတင်းပါနဲ့လို့ ဆုံးမတဲ့အခါမှ ကျွန်မ ပြေလျှော့သွားခဲ့တာရယ်။ ဒါပေမယ့် ကျွန်မ ရင်ထဲက နာကျင်မှုအစိုင်အခဲဟာ မကျေပျက်နိုင်သေးပါဘူး။ 

ဒါပေမယ့် အင်္ဂလန်ရောက်ခဲ့တဲ့ မာမူးကတော့ ဒီဒုတိယအဆင့်ကို အေးအေးဆေးဆေးပဲ ဖြတ်သန်းနိုင်ခဲ့ပါတယ်။ သူက “ဒါပေမယ့် သိပ်မကြာခင်ပဲ ကျွန်တော့်နေရာကို ရှာတွေ့အောင် စီစဉ်နိုင်ခဲ့ပါတယ်။ နေစရာနေရာ နဲ့ လန်ဒန်မြို့ထဲမှာ စအလုပ်လုပ်ဖို့လည်း စီမံနိုင်ခဲ့ပါတယ်။ စိတ်ဝင်စရာကောင်းတာက အခုအချိန်မှာ သိပ်ထင်ရှားနေပေမယ့် ကျွန်တော်က ခြားနားတဲ့ လူတစ်ယောက်ပါလား ဆိုတာ အရင်ကမသိခဲ့ဘူး။ တစ်ချိန်တည်းမှာပဲ ဘာဖြစ်လို့မှန်းမသိဘူး။ ဒီလူမျိုးရေးကိစ္စဟာ ကျွန်တော့်ဘဝမှာ ရင်ဆိုင်တွေ့ခဲ့ရတဲ့ ရေးကြီးခွင်ကျယ် ကိစ္စတစ်ခု မဖြစ်ခဲ့ဘူး။ ” လို့ ဆက်ပြောပါတယ်။ 

မာမူးလိုပဲ လူမျိုးရေးခွဲခြားခံရတယ်လို့ ကျွန်မလည်း မခံစားခဲ့ရပါ။ ကျွန်မရဲ့သည်းခံနိုင်စွမ်းမကြီးပေမယ့် လျစ်လျူရှုနိုင်စွမ်း ပြင်းတယ် ထင်ပါရဲ့။ နိုင်ငံခြားသားတွေဟာ ဒီနိုင်ငံသားတွေက အတော်လေး မောက်မာကြောင်း ပြောကြပေမယ့် မြန်မာပြည်က ကားစပယ်ယာရဲ့ အဆူအငေါက်ကို ခံနေကျ ကျွန်မအတွက်တော့ ဒီအရေးဟာ ပန်းနဲ့ ကြဲပေါက်သလိုလောက်မျှသာ တင်စားနိုင်ပါတယ်။ ဒါပေမယ့် အဝေးရပ်မြေက အားငယ်မှုစက်ဝန်းမှာ ကျွန်မ စတင်နစ်ခဲ့ပါပြီ။ ဘယ်သူ့ကိုမှ အရေးမစိုက်ပါဘူးလို့ ဟန်ဆောင်လည်း သိမ်ငယ်စိတ်က ရင်မှာပျိုးခဲ့ပြီ။ မာမူးက သူဟာ ခြားနားတဲ့ လူတစ်ယောက်ဆိုတာ မသိခဲ့ဘူးလို့ ဆိုပေမယ့် ကျွန်မကတော့ အပြင်လူလို့ ဆိုတဲ့ ခံစားချက်ကို ရင်ဝယ်ပိုက်ပြီး မိုးကိုပဲ အပြစ်ဖွဲ့ငြိုးမိပြီ။ 

ဘယ်လို အသက်ရှုရမလဲ ဆိုတာ မေ့နေခဲ့တာ။ မိုးစက်တွေကို ငရဲမီးတွေလို့ မြင်ကာ  မိုးရေတွေထဲကြားမှာ ကျွန်မ အရည်ပျော်နေခဲ့တယ်။ ဟုတ်ပါတယ်။ ရှစ်ခွင်တိုင်း မှုန်မှိုင်းနေခြင်း အကြောင်းရင်းက ကျွန်မရဲ့ ရင်တွင်းပူကြောင့်သာ ငွေ့ရည်ဖွဲ့ပြီး မိုးအဖြစ်ရွာကျလာလို့သာ။ မယုံဘူးလား။ အိမ်လွမ်းနာနဲ့ ကျွန်မရဲ့ စိတ်တွေလည်း ကယောင်ချောက်ခြားဖြစ်ခဲ့ပြီလေ။ ဒီသောကပရိဒေဝတွေဟာ ဒီမျှနဲ့ မရပ်ခဲ့ပါဘူး။ တိုင်းတစ်ပါးယဉ်ကျေးမှုနှင့် ရုတ်တရက်ထိတွေ့ရာမှ ဖြစ်ပေါ်လာတဲ့ စိတ်နေသားမကျမှုတွေက လှေကားအဆင့်ဆင့်မှာ ကျွန်မကို စောင့်ကြိုနေကြတယ်လေ။ 

ဒီလိုနဲ့ ရင်ဘတ်ထဲက စကားလုံးတွေ ပေါက်ကွဲလွင့်စင်လာခဲ့တာ။ အဲဒီိတုန်းက blog မှာ zawgyi one font နဲ့ မြန်မာလို ဘယ်လိုရိုက်ရမယ်ဆိုတာ မသိသေးတဲ့အချိန်… ဒီစာမျက်နှာ မှာ ပထမဆုံးရေးခဲ့တဲ့ စာလေးပေါ့။

'In the Rain'

Rain. Rain. Rain.
December rain.

I've never seen snow in here.
There is the rain all over the space. But there is the flame in my heart.

I've burnt in the rain.
The raindrops are arrows for me.

But I've never hurt anymore.
My skin is thicker than that you can see.

I cover my mind with the wound.
I am alone in the dark rain.
I stand with the pain.

You can think me as a stranger.
You can never understand what I talk.

However I cry aloud, you never HEAR me.
(19/12/2007)




Ref: BBC : Who on earth are we?
Culture Shock by a article of British-German Association

(စာကြွင်း။ ချစ်ခင်လေးစားရတဲ့ စာဖတ်သူများရဲ့ ရေခြားမြေခြား စတင်ရောက်ရှိခိုက်ခံစားချက်များကို ဝေမျှပေးမယ်ဆိုရင် အထူးကျေးဇူးတင်ပါတယ်ရှင်။ အသံလေးများအား ကျေးဇူးတင် စောင့်မျှော်လျက်...

မေတ္တာများဖြင့်...
မယ့်ကိုး )


05 November 2010

“ရှောင်တိမ်းနေဆဲ ကောလဟာလ”



မရင့်ရော်သေးတဲ့ ရာသီစက်ဝန်းတစ်ခုမှာ တောင်ကြားများအကြားမှာ အရိပ်ဖြူတွေကို လှည့်လည်ချောင်းမြောင်းနေသူ လူသတ်သမားဟာ အရူးရဲ့ ခြေရာကို သတိထားမိသွားတယ်တဲ့လေ။ အမည်းပုပ်ပုပ်နိဒါန်းဟာ ဇာတာမှိန်တဲ့နေ့မှာ အစပျိုးတာပေါ့။ နီတိတွေ မကျွမ်းဝင်တဲ့ အရူးပေမယ့် “မင်္ဂလာပါ” “ကျန်းမာရဲ့နော်” လို့ ပဋိသန္ဓာရစကားဆိုမိလေရဲ့။ဒီလို ခရီးသွားဟန်လွှဲ အားနာပြုံးတဲ့အခိုက်မှာပဲ လူသတ်သမားက အရူးရဲ့ နှလုံးသားဟာ ဆေးဖက်မဝင်ဘူးဆိုတာ ကံကြီးသီလို့ နားလည်သွားပါသတဲ့။

လူသတ်သမားရဲ့ ပုံတူကောက်ကြောင်းကို ဒေါသစုတ်ချက်နဲ့ ခြယ်ထားတာ မဟုတ်ရပါဘူး။ သူ့မူလ မျက်နှာဖုံးပင်ကိုကပင် အဆိပ်ပြင်းနဲ့ ထုံးမွှမ်းထားတာရယ်။ ကိုယ်ကျိုးကျန်ဖို့အတွက် လူသတ်သမားဟာ အခမ်းအနားနဲ့ ထောင်ချောက်တွေဆင်တယ်။ ဆူးပြွန်းတောင်မို့ သားကောင်ရှားလွန်းသလို အဆင့်မြင့်လူသတ်နည်းတွေကလည်း ကြိုးရှုပ်ထွေးလို့ လွတ်ကုန်ကြပြန်ရော။

ဒါပေမယ့် သဘောထားတင်းမာတဲ့ လူသတ်သမားဟာ အရှုံးမပေးတတ်သူပါ။ “အစီအစဉ်ဆွဲပြီးသား ငါ့အိပ်မက်တွေက ရွှေနဲ့ထုဆစ်ထားတာ” လို့ ဝံ့ကြွားတတ်တယ်။ အရူးက ရယ်တယ်။ ဒါပေမယ့် ကြင်နာစွာပဲ ရပ်ကြည့်မိသတဲ့။ ပူလောင်နေတဲ့ လူသတ်သမားကို ငေးရင်း “သနားပါတယ်” လို့တောင် ထုတ်ဖော် ညည်းတွားမိသေးတာ။ လူသတ်သမားက ဓားကိုင်ထားပေမယ့် စေတနာမပျက်နိုင်ဘူး။ ဒုက္ခသည်တွေဟာ ကိုယ့်ကျိန်စာကို မမြင်သလို အရူးကလည်း လူသတ်သမားဟာ နေမကောင်းလို့နေမှာ လို့ ပြေရာပြေကြောင်း တွေးနေသတဲ့လေ။ ချော်လဲသွားတော့လည်း နာများသွားလားလို့ ကြောင့်ကြစိတ်နဲ့ ထူမိပြန်သေးသတဲ့။ အဆိုးဆုံးက သူ့လမ်းကြောင်းမှာ အန္တာရယ်ကင်းရဲ့လားလို့ ကင်းလှည့်ပေးတတ်ပြန်တာပေါ့။

ဟုတ်ကဲ့။ အရူးရယ်လေ။ တွယ်ငြိမိသူ ဆင်ခြင်ဥာဏ်မဲ့သူရယ်ပါ။ လူသတ်သမားအနား မကြောက်မရွံ့တိုးသွားရင်း ကိုယ်စားပင်ပန်းနေတတ်တယ်။ လူသတ်သမားက သရုပ်ဆောင်ကောင်း လွန်းတာမို့ ကြံဖန်ရင်နာရင်း မျက်ရည်စိုစွတ်နေတတ်တယ်။ မဲပြာပုံပြင်တွေထဲကလို အရူးဟာ လူသတ်သမားကို အမြင်မှန်ရပြီး သူတော်ကောင်းဖြစ်ဖို့ မမျှော်လင့်ပါဘူး။ လိုရာကို အမြန်ခရီးပေါက်ပြီး သားကောင်ကို ပွေ့ပိုက်လို့ ပျော်စေချင်တာ။ အရူးဟာ အိပ်မက်တံတိုင်းအပြင်ဖက်မှာ တိမ်တွေ ယက်တယ်။ လူသတ်သမားအတွက် ယာဉ်လုပ်ပေးဦးမယ် ဆိုပဲ။

ဒီလို ယောက်ယက်ခတ်နေတဲ့ အရူးကို လူသတ်သမားက သတိပြုမိသွားပြီရယ်။ ဘဝက တိုလွန်းတာမို့ တိုက်ခိုက်ခန်းတွေက ခပ်မြန်မြန်ပဲ ရောက်လာတယ်လေ။ လူသတ်သမားဟာ သွေးဆာနေပြီမို့ အရူးရဲ့ ဝိညာဉ်ကို စီးပြီးသွားရင် လွင်ပြင်ကို ရောက်နိုင်မယ်လို့ လိမ်လည်တယ်။ ပထမတော့ အရူးက ငြင်းတယ်။ “ အသက်ကို ချမ်းသာပေးပါ။ ငါအသက်ရှင်ချင်သေးတယ်။ မင်းအတွက် ယာဉ်ပျံကြီး ပြီးတော့မှာ” လို့ ရို့ရို့ကျိုးကျိုးဆိုပါတယ်။

အရူးဟာ သေရမှာကို သိပ်ကြောက်တာရယ်။ “င့ါမျက်လုံးတွေကို သေသေချာချာကြည့်ပါဦး။ ငါဟာ မင်းလို လူပါပဲ။” လို့ စာနာစိတ်ကို မျှားယူတယ်။ ဒါပေမယ့် အရူးမိုက်ရဲ့ ဇာတ်သိမ်းချိန်ရယ်လေ။ သတိနဲ့ ရှောင်တိမ်းလည်း ထက်မြရက်စက်တဲ့ဓားက အရူးနှလုံးသားကို ထွင်းဖောက်လိုက်ပြီလေ။…။မိုးတွေရွာတဲ့အခါ သွေးချောင်းစီးတယ်။အနီရောင်ပန်းတွ ပွင့်ကြတယ်။ ဘယ်သူမှ မငိုကြပါဘူး။

မျက်နှာဖုံးတပ်ထားတဲ့ လူအများ သက်သေရှိခဲ့ပေမယ့် ဒီလူသတ်မှုဟာ လူထုရှေ့မှောက် မပေါက်ကြားခဲ့ပါဘူး။ အင်တာနက်မှာ ပျံ့နှံ့မသွားခဲ့ဘူး။ တရားခံဟာ ဥာဏ်ကြွယ်သူမို့ သတင်းအဖြစ်တောင် အကျုံးမဝင်ခဲ့ဘူး။ ဘုရားကျောင်းက ခေါင်းလောင်းတွေ မြည်ကြပေမယ့် ခုံသမာဓိတွေလည်း မသိမမူခဲ့ဘူး။ မြေကမ္ဘာသက်သေရှိပေမယ့် တောင်တွေကလည်း မှတ်ချက်မပေးကြဘူး။

အသုဘအခမ်းအနားကို လူသတ်သမားက ပြုံးပြုံးလေးဆင်နွှဲတယ်။ ဒီအခိုက်မှာပဲ ယာဉ်က မြေမှ ကြွတယ်။ အရူးထက် ခေါင်းတစ်လုံးသာတဲ့ လူသတ်သမားဟာ ယာဉ်ကို ဘယ်လိုတက်ရမယ်ဆိုတာကိုတော့ နားမလည်ဘူးတဲ့။ ကံလို့ပဲ ပြောရဦးမလား ။ ဘာပဲဖြစ်ဖြစ် သူ့ခြေလှမ်းတွေဟာ   အဆင်ချောညီညာ ပါတယ်။

ဖြစ်ရပ်မှန်ကတော့ စုန်းအတတ်သိပြန်တဲ့ လူသတ်သမားဟာ အရူးကို ဖုတ်သွင်းပြီး ယာဉ်ကို ကြိုးဆွဲခိုင်းတာပေါ့။ အရူးဟာ မူလအစမှာ သူပြန်လည်ရှင်သန်ထမြောက်တယ် ထင်ပြီး အပျော်လွန်နေပေမယ့် ခရီးဆုံးတဲ့အခါ ဘဝမှန်ကို သိသွားပြီရယ်။ “မင်းလည်း သားကောင်ရပြီပဲ။ ထပ်မနှိပ်စက်ပါနဲ့တော့။ ငါ့ကို လွတ်ငြိမ်းချမ်းသာခွင့်ပေးပါ” လို့ တိုးလျှိုးတယ်။

ဒါပေမယ့် ဘယ်လိုပင်တောင်းပန်လည်း လောဘမသတ်နိုင်တဲ့ လူသတ်သမားဟာ အရူးကို အကျဉ်းချထားဆဲပဲ။ အရိပ်တွေကို နင်းပြီး ကောင်းကင်ဘုံရောက်သွားလည်း လူသတ်သမားဟာ အရူးတစ္ဆေကို ဆက်လက်အသုံးချဖို့ နည်းလမ်းရှိသေးတယ်တဲ့လေ။


ဒီလိုနဲ့ ပုံပြင်တစ်ခုကို ပုဒ်မချလိုက်ရပါပြီ။ ထုံးတမ်းစဉ်လာဖြစ်စဉ်အတိုင်း ကယ်တင်ရှင်တွေ ရောက်တာ နောက်ကျနေပါဦးမယ်။ အရူးဟာ သွေးစုပ်ဖုတ်ကောင်လို သွင်ပြင်မထင်ရှားပေမယ့် မျက်ရည်စတွေကိုမြင်ရင် အဖြေသိပါလိမ့်မယ်။ အတောင်ပံခတ်သံကြားရင် မျက်နှာလွှဲနေလိုက်ပါ။ မကျွတ်လွတ်သော ဖြူရော်ရော် တစ္ဆေတစ်ကောင်ကို တွေ့ရင် မရယ်မိဖို့ မေတ္တာရပ်ခံပါတယ်။

စာနာပေးမယ်လို့ မျှော်လင့်ရင်း သင် မှတ်သားခဲ့တဲ့ “ ပုထုဇဉ်နော ဥမ္နတကော ..” ဆိုတဲ့ ရှေးစကားဟာ သစ္စာလို့ ပြောချင်ပါတယ်။ သတိပြုပြီး ပြုံးရယ်ပါ။ အဖြူရောင်အလံ ကိုင်ဆောင်ထားလည်း သတ်ဖြတ်ခံရတတ်ပါတယ်။ အနေအထိုင်ဆင်ခြင်ပါ။ လူသတ်သမားဟာ သင့်အနားမှာ လှည့်လည်နေပါတယ်။...။


မယ့်ကိုး